ရောက်တတ်ရာရာ အတိုအစများ
ဘလူးဂျင်းန်စ်ရဲ့ကောက်ကြောင်း
Blue Jeans
ဘလူးဂျင်းန်စ်
အပြာရောင် ဝတ်ထားလား တကယ်ပါဘဲ လှတယ် . . . . .…. ဒီ သီချင်းစာသား ရေးတဲ့သူကတော့
ဘယ်အဝတ်အစားကို ရည်ရွယ်ခဲ့သလဲ မသိပါဘူး၊ မောင်ရင်ငတေကတော့
ကိုယ့်အကြိုက်နဲ့ ကိုယ်
Blue Jeans ဆိုတာကိုသာ ပြေးမြင်မိလေ့ ရှိပါတယ်။
ပြင်သစ်လို Pantalon အင်္ဂလိပ်လို Trousers လို့ခေါ်ဝေါ်ကြတဲ့
ဘောင်းဘီတွေထဲမှာ ဒီကနေ့အထိ တိုင်အောင် စွဲမြဲစွာ မောင်ရင်ငတေ ဝတ်ဆင်မိရတာကတော့ Blue
Jeans ဘလူးဂျင်းန်စ် ဆိုတာပါ၊ အဲဒီလို ဘလူးဂျင်းန်စ်တွေထဲမှာမှ အမေရိကန်ရဲ့ ဘလူးဂျင်းန်စ်
Levi's 501 ကတော့ အသည်းစွဲပါ၊ မောင်ရင်ငတေ
ဆယ့်လေးငါးခြောက်နှစ်သားဘဝထဲက ဝတ်လာခဲ့သမျှသော ဘောင်းဘီတွေထဲမှာ ဖေးဗရိတ် အဖြစ်ဆုံးကတော့
အဲဒီ ဘလူးဂျင်းန်စ် Levi's 501 ပါ၊ 501 က မောင်ရင်ငတေတို့ ခေတ် ဘောင်ဘီဝတ်စ ကာလမှာ
အမှန်အကန်ရရှိဖို့ မလွယ်လှပါဘူး၊ ဘေထုတ်ထည် အဟောင်းတန်းက Levi's 501 Good Second
Hand တွေကလည်း လျှောဖွတ် မီးပူတိုက်ပြီး ဗိုလ်ချုပ်ဈေးက ဆိုင်ကြီး ဆိုင်ကောင်းတွေပေါ်ရောက်
ဈေးမြောက်ခဲ့တော့ မောင်ရင်ငတေတို့ လက်လှမ်း မမီခဲ့နိုင်ပါဘူး၊ ၈၄-၈၅ ဝန်းကျင်မှာတော့
သူငယ်ချင်းတယောက် ကောင်းမှုနဲ့ အသစ်နီးပါး ဖွိုက်အိုဝမ်းတထည် ဝတ်ခဲ့ရ ဖူးပါတယ်၊ နောက်ပိုင်းမှာတော့
တခြားဒီဇိုင်းမျိုးစုံကို စမ်းဝတ်ခဲ့ဖူးပေမယ့် စွဲမြဲစွာ ဝတ်နေမိတာက ဒီ
အမေရိကန်ဖြစ် ဖွိုက်အိုဝမ်း ပါ။
ဒါပေမယ့် . . . . . ……
ဥရောပ ဒီ အနောက်ဥရောပ၊ ပြင်သစ်ကို ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ
အမေရိကန်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်က မောင်ရင်ငတေ့အတွက် အတော်လေးကို မှေးမှိန်သွားခဲ့ပါတယ်လို့
ပြောရင် ရပါတယ်။
အသက်အရွယ်ကြောင့်လား အတွေ့အကြုံတွေကြောင့်လား ဖြတ်သန်း လာတာတွေကို
ငြီးငွေ့မိလာ ခဲ့လို့လားတော့ မသိပါဘူး၊ အမေရိကန်နဲ့ ပတ်သက်လာရင် စိတ်မပါခဲ့တာ ကြာပါပြီ၊
မောင်ရင်ငတေ တို့ရဲ့ ငယ်စဉ်က စီးကရက်ဆို အမေရိကန် မာလ်ဘိုရို၊ မီးခြစ်ဆို အမေရိကန်
ဇစ်ပို၊ မျက်မှန်ဆိုပါက အမေရိကန် ရေဘန် ဖြစ်ခဲ့သလို ဘောင်းဘီဆိုရင် အမေရိကန် ဂျင်းန်စ်ပန်
ဆိုပြီး ရူးခဲ့ကြဖူးပါတယ်၊ အဲဒီခေတ်ကိုဖြတ်သန်းလာတဲ့ လူတိုင်းလိုလိုပါ၊ ကမ္ဘာစစ်နှစ်ခုကြား
ကြီးပွားလာခဲ့တဲ့ အမေရိကန်ရဲ့ စီးပွားစနစ်သစ်နဲ့အတူ အဲဒီတံဆိပ်တွေဟာ အမေရိကန်စစ်သားတွေ
နာမည်ကြီးလာသလို ကြီးလာ ခဲ့တယ်ဆိုရင် မမှားပါဘူး၊ အမေရိကန် ဟောလီဝုဒ် ရုပ်ရှင် ဇာတ်ကားတွေကြောင့်လည်း
ပါပါတယ်၊ နာမည်ကျော်မင်းသား James Dean ဂျိမ်းဒင်းကြောင့် အဓိကလို့ ဆိုရမှာပါ၊ ၁၉၇၀
လွန် ကာလများ မှာတော့ ဟစ်ပီတွေရဲ့ အဝတ်အစားသဘွယ် ဖြစ်လာခဲ့တာကြောင့် သရုပ်ပျက် အဝတ်အစား
ဆိုပြီး
မောင်ရင်ငတေတို့ ဝတ်ရင် လူကြီးတွေက မကြိုက်ချင်ကြပါဘူး။
ဒါပေမယ့် အဲဒါတွေနဲ့ ခေတ်ပြိုင်လို့ ပြောရမယ့် အမေရိကန်ကြီးတွေရဲ့
လေဘာတီတွေ ဒီမိုကရေစီ
စာလုံးတွေကတော့ မောင်ရင်ငတေ့အတွက် အတော်လေးမှေးမှိန်သွားခဲ့ပါပြီ၊
မာလ်ဘိုရိုတို့ ဇစ်ပိုတို့
ကိုတော့ တခြားဟာတွေနဲ့ အစားထိုးလို့ရပြီး အစွဲအလမ်းရယ် သိပ်
မရှိတော့ပေမယ့်လည်း ရေဘန် မျက်မှန်ရယ် ဂျင်းန်စ်ပန်ရယ်က ဒီကနေ့ထိတိုင် အသုံးပြုဖြစ်နေဆဲပါ။
အမေရိကန် ကျောက်မီးသွေးတူးအလုပ်သမားတွေ သစ်ခုတ်သမားတွေ အလုပ်ကြမ်းလုပ်ရင်းနဲ့
စွဲစွဲ
မြဲမြဲ ဝတ်ဆင်ခဲ့ကြရာက လူသိများထင်ရှားလာတယ်လို့ ဆိုသူတွေက
ဆိုကြပါတယ်၊ တကယ်တော့ သူတို့ အမေရိကန်တွေက နောက်မှသာပါ။
ဒီနေရာမှာ Jeans .. ….. Blue Jeans ... ………. Denim စကားလုံးတွေရဲ့
မြစ်ဖျားခံရာက စိတ်ဝင် စားဖို့ ကောင်းလာပါပြီ၊ ဂျင်းန်စ်ဘောင်းဘီကို Denim ပိတ်စကနေ
ချုပ်လုပ်ထားတာပါ၊ ရွှေပြည်ကြီး မှာတော့ တခါက ဇင်စ ဇင်ချည်ထည်တွေ ခေတ် ရှိခဲ့ဖူးတာ မှတ်မိသူတွေ
ရှိမှာပါ။
Denim ကို ရွှေပြည်စကားနဲ့ ကျစ်လိမ်၍ အစင်းအစင်းဖြစ်အောင်
ရက်ထားသော အစ
ဇင်စ . . . . . . ….. . …. … … .. ဂျင်းစ လို့ ခေါ်ကြပါတယ်တဲ့၊
အဲဒီ ဗမာစကားနဲ့ ဇင်စ ဆိုတာက Denim နင်းမ် ကနေ လာတာလား၊
Jeans ကနေမှ ဇင် ဖြစ်လာသလား မောင်ရင်ငတေ မသိပါဘူး၊ စိတ်ဝင်စားမိပါတယ်။
de Nîmes မှသည် Denim
Denim . . . ..
. …. ဆိုတဲ့ စကားလုံး ဆင်းသက်လာပုံက စိတ်ဝင်စားစရာ တခုပါ၊
ပြင်သစ်တောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Nîmes မြို့နယ်မှာ
ရက်လုပ်တဲ့ အကြမ်းခံ ချည်ထည်တွေကို လူကြိုက်များလာတော့ အဲဒီ ပိတ်စ ဘယ်ကလာတာလဲ . .
…. … ….. မေးကြမြန်းကြရာက တဆင့် "Serge de Nîmes" "Serge from
Nîmes" .. . ...…. နင်းမ် ကလာတဲ့ ပိတ်စ …… "Denim" ဆိုပြီး ခေါ်ဝေါ်လာကြတာပါတဲ့
ခင်ဗျာ၊
Gênes = Jeans
Jeans … . . …… ဆိုတဲ့ စကားလုံး ဆင်းသက်လာပုံကလည်း တမျိုး
ထူးခြားပါတယ်၊
ဒီကနေ့ အီတလီမြောက်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းမှာ Genova
(Genoa) ဂျီနိုဗာအမည်ရတဲ့ ဆိုတဲ့ ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့လေး ရှိပါတယ်၊ အမေရိကကို
မတော်တဆ ရှာဖွေတွေ့ရှိခဲ့တဲ့ Christopher Columbus (1451-1506) ကိုလံဘတ်ရဲ့ မွေးဇာတိမြို့လေးအဖြစ်
လူသိများပါတယ်၊
အဲဒီ ကိုလံဘတ်ကြီးရဲ့ ဇာတိမြို့ Genova မြို့ကို ကိုရွှေပြင်သစ်တွေက
Gênes ဆိုပြီး စာလုံးပေါင်း ကြပါတယ်၊ အဲဒီ Gênes ရဲ့ ပြင်သစ်လို အသံထွက်က ဂျင်းန် ပါ။
ပထမဆုံး Denim ပိတ်စတွေကို ဘောင်းဘီအဖြစ် စတင်ချုပ်လုပ်ခဲ့တဲ့
အီတလီ Genova ဂျီနိုဗာမြို့
ကို ပြင်သစ်တွေအခေါ်က Gênes ဖြစ်နေတော့ ဂျင်းန်စ်မြို့မှ ဘောင်းဘီ
ဂျင်းန်စ် ဘောင်းဘီ Jeans အဖြစ် ခေါ်ဝေါ်လာခဲ့ကြတာပါတဲ့။
ပြင်သစ်အခေါ် အီတလီရဲ့မြို့ Genova ကနေ Jeans ဖြစ်လာပြီး ပြင်သစ် Nîmes မြို့ကနေ Denim
ဖြစ်လာခဲ့ပေမယ့် သက်တမ်း အရှည်ဆုံးနဲ့ နာမည် အကြီးဆုံး ဂျင်းန်စ်ဘောင်းဘီ
လုပ်ငန်းရှင်ကြီးက တော့ အသက် ၁၈ နှစ်သားမှာ အမေရိကားသို့ ရောက်သွားခဲ့တဲ့ ဂျာမဏီ ဘိုင်ယန်နယ်သား
ဂျာမန် ဂျူးကြီး Levi Strauss (Loeb Strauss) (1829-1902) ပါ။
အမေရိကန်ရောက်ဂျာမန်ဂျူးလေး Loeb Strauss ဟာ အမေရိကန်နိုင်ငံသားခံယူပြီး
Levi Strauss ဖြစ်လာပါတယ်၊ ၁၈၅၃ ခုနှစ်မှာ Levi Strauss & Co တည်ထောင်ခဲ့ပြီး အဝတ်အထည်တွေ
ပိတ်စ တွေ ကုန်ခြောက်ပစ္စည်းတွေ ရောင်းချခဲ့ပြီး ၁၈၇၃ ခုနှစ်မှာတော့ အမေရိကန်ရောက် ရုရှားဂျူးလူမျိုး
စက်ချုပ်သမား Jacob W. Davis ရဲ့ အကြံပြု ပူးပေါင်း ပါဝင်မှုနဲ့
Denim အစတွေနဲ့ ဘောင်းဘီချုပ် Levi Strauss တံဆိပ်တပ် ရောင်းချရာက ဒီကနေ့မှာတော့ လူတိုင်းလိုလို
ဝတ်လာနေကြပါပြီ။
Levi's နောက် ပေါ်လာတဲ့ Lee တို့ Wrangler တို့တွေ ရှိနေသေးပေမယ့်
မောင်ရင်ငတေတို့ စတင် ဝတ်ဆင် အားပေးခဲ့ဖူးတဲ့ OneNine PJ Commander တို့ကတော့ ဘယ်ရောက်ကုန်လဲ
မသိပါဘူး။
Levi's 501® ORIGINAL of MaYaNgaTa (ဓါတ်ပုံ မရငတ)
ဟိုတလောက ပါရီမြို့က ဒစ်စကောင့် ဈေးချရောင်းတဲ့ပွဲမှာ Levi's
501® ORIGINAL 1954 de la Collection Levi’s® Vintage Clothing ဆိုပြီး အော်ရဂျင်နယ်
အဟောင်းတထည်ကို ယူရို ၂၅၀ နဲ့ ဈေးခေါ်ရောင်းနေတာကို တွေ့တော့ ဝယ်ချင်စိတ်ပေါက်သွားခဲ့ပြီး
မောင်ရင်ငတေ ပိုက်ဆံအိပ် ပွတ် ကြည့်လိုက်မိပါသေးတယ်၊ နောက်မှ စိတ်ထိမ်းပြီး အသစ်စက်စက်
သုံးထည်စာလောက် ဈေးပေါက် နေတာကို ပြန်တွေးမိပြီးမှ မဝယ်ဖြစ်တော့ဘဲ ပြန်လှည့်ထွက်လာခဲ့ရပါတယ်။
အဲဒီ အကြမ်းခံ ရေစိမ်ခံ ဝတ်လို့ကောင်းတဲ့ Indigo Blue
Jeans မဲပြာရောင် Levi's 501 ကတော့
မောင်ရင်ငတေ့အတွက် တသက်တာ ယူနီဖောင်းအဖြစ် တည်ရှိနေမှာ အမှန်ပါ
ခင်ဗျာ။
Levi Strauss Haus (Birthplace of Levi Strauss) (Photo
Google)
ဂျင်းန်စ် ဖခင်ကြီး Levi Strauss ရဲ့ မွေးရာဇာတိ ဂျာမဏီ နိုင်ငံ
ဘိုင်ယန်ပြည်နယ်က Buttenheim မြို့လေးမှာ သူမွေးဖွားခဲ့ရာ အိမ်ကို ပြတိုက်အဖြစ် အသွင်ပြောင်းထားပါတယ်တဲ့၊
မောင်ရင်ငတေ ဒီ တခေါက် ဂျာမဏီ ရောက်ဖြစ်ခဲ့ရင်တော့ သွားရောက်လေ့လာ ကြည့်ရဦးမယ့် နေရာတခုပေါ့။
လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ Levi Strauss ရဲ့ ၁၈၈ နှစ်မြောက်
မွေးနေ့ အထိမ်းအမှတ် အဖြစ်
စုဆောင်းထားတဲ့ အတိုအစများကို ဖြတ်ညှပ်ကပ် ဖော်ပြလိုက်ရပါတယ်။
မောင်ရင်ငတေ ၁၂၀၂၂၀၁၇
Aucun commentaire:
Publier un commentaire