ခရီးသွားခြင်းအနုပညာ
(ပြင်သစ်ဆိုတာ)
ပါရီအကြောင်းကို
မပြောခင် ပါရီဆိုတာ ပြင်သစ်ပြည်ရဲ့ မြို့တော်ဆိုတော့ကာ ပြင်သစ်အကြောင်း
နည်းနည်းစ ပြောရမှာပေါ့၊ ပြင်သစ်ဆိုတဲ့ မြန်မာအခေါ်အဝေါ်ဟာ ဘယ်တုန်းက ဘယ်သူက စတင် ခေါ်ဝေါ်ခဲ့တယ်ဆိုတာကို
ဘယ်သူမှသေသေချာချာ မပြောနိုင်ဘူးလို့ ထင်ပါတယ်၊
မောင်ရင်ငတေ
ဖတ်ဖူးခဲ့တဲ့ စာတအုပ်ထဲမှာတော့ (မွန် သမိုင်း ပညာရှင်ကြီး နိုင်ပန်းလှ ရေးတယ်လို့ ထင်ပါတယ်၊) ပြင်သစ် လူမျိုးကို ပြင်သစ် အသံထွက်နဲ့
ဖရန်ဆေးဇ် ဖရန်ဆေ့စ် ပရန်သေ့စ် ပရန်သစ် ဆိုပြီး မွန်လို ခေါ်ကြရာမှ မြန်မာလို ပြင်သစ်ရယ်လို့
ခေါ်ဝေါ်လာတယ်လို့သာ နားလည်မှတ်ထားလိုက်မိပါတယ်၊
La France d'outre-mer (Photo Google)
အရှင်းဆုံး ပြောရရင်တော့
ပြင်သစ်ပြည်ကြီးဟာ မြန်မာပြည်ကြီးထက် ကျဉ်းပါတယ် သေးပါတယ်၊ ဥရောပ ကုန်းမြေပေါ်ရှိတဲ့ မေထရိုပိုလီတန် ပြင်သစ်နိုင်ငံဟာ ၂၁၁,၂၀၉ စတုရန်းမိုင် ကျယ်ဝန်းပြီး အိုဗာဆီး ပြင်သစ်ဒေသလေးတွေနဲ့ ပေါင်းလိုက်ရင်တောင်မှ ၂၆၀,၅၅၈ စတုရန်းမိုင်သာ ရှိပါတယ်၊ လူဦးရေစုစုပေါင်းက ၆၆ သန်းကျော်ခန့်ရှိပါတယ်၊ အဲဒီထဲမှာမှ
ပြင်သစ်စစ်စစ် ဘယ်လောက်ရှိသလဲ ဆိုတာကတော့ ပြင်သစ်လက်ရွေးစင် ဘောလုံးသမားတွေကို ကြည့်လိုက်တာနဲ့ သိနိုင်ကြပါတယ်၊ ခက်တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကာလက ထင်ရှားခဲ့တဲ့ နပိုလီယံကို မေးကြည့်ရင်လည်း သူကိုယ်သူ ပြင်သစ်စစ်စစ်လို့ ပြောနိုင်ပါ့မလားလို့ မောင်ရင်ငတေ တွေးမိရကြောင်းပါ၊ နပိုလီယံက ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ်ထဲက ကော်ဆီကာ ကျွန်းသားပါ၊ ကော်ဆီကာကျွန်း ဆိုတာက ယခုခေတ် အီတလီတို့ရဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ခန့်က တည်ရှိခဲ့တဲ့ ရောမအင်ပါယာ နယ်မြေထဲကပါ၊ အဲဒီလို သမိုင်းကို ပြန်လှန်ကြည့်တဲ့ အလုပ်ကတော့ မောင်ရင်ငတေရဲ့ အလုပ် မဟုတ်ပါဘူး၊ ကိုယ့် အလုပ်မဟုတ် ကိုယ်သေချာ မသိဘဲ ပြောမှားဆိုမှား ဖြစ်ခဲ့ရင် ပြေးပေါက်မှားမှာ စိုးရလို့ ဆက် မပြောတော့ပါဘူးနော်၊ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကနေ ပေါက်ဖွားလာတဲ့ သူတွေက နှစ်ဆယ့်တစ် ရာစုမှာတော့ ပြင်သစ်လူမျိုးစစ်စစ်တွေ ဖြစ်ကုန်ကြပြီပေါ့ဗျာ၊

La France (Photo
Google)
ပြင်သစ်ပြည်ရဲ့
တည်နေရာ အနေအထားဟာ ဥရောပရဲ့ အနောက်ဖက်စွန်း ရောက်နေပေမဲ့လည်း အဓိက အင်အားကြီး တိုင်းပြည်တွေနဲ့
နယ်နမိတ်ခြင်း ဆက်စပ်နေတာပါ၊ နေမဝင် အင်ပါယာကြီးနဲ့ ကလည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းပါ၊
ဂျာမဏီ အီတလီတို့ စပိန်ဘုရင့်နိုင်ငံတို့နဲ့လည်း အခုဆိုရင် ရထားလမ်းမတွေ အမြန်ကားလမ်းမကြီးတွေနဲ့
ဥဒဟိုဝင်ထွက် သွားလာနိုင်ပါတယ်၊ မြေထဲပင်လယ် အတ္တလန်တိတ်သမုဒ္ဒရာတို့ အင်္ဂလိပ်ရေလက်ကြားတို့
မြောက်ပင်လယ်တို့နဲ့ ဝိုင်းရံထားပါတယ်၊ မြောက်ဘက်မှာ ဘုရင့်တိုင်းပြည် နိုင်ငံငယ်တွေ
ဖြစ်ကြတဲ့ ဘယ်လ်ဂျီယမ် လူဇမ်ဘူးနဲ့ တောင်ပိုင်း စပိန်နယ်စပ်က အန်ဒိုရာနိုင်ငံရယ် ကမ္ဘာ့
အချမ်းသာဆုံး တိုင်းပြည်တပြည်လို့ သတ်မှတ်ထားကြတဲ့ ဆွစ်ဇာလန်တို့နဲ့လည်း နယ်စပ်ခြင်း
ဆက်စပ်နေပါတယ်၊ အတိတ်သမိုင်းများမှာ ခပ်စွာစွာ ရှိခဲ့ဖူးတဲ့ ငဇင်ကာတို့ရဲ့ ပေါ်တူဂီပြည်နဲ့
ဒတ်ခ်ျတိုင်းပြည်တို့နဲ့လည်း လက်တကမ်း အကွာမှာ တည်ရှိပါတယ်၊ ကုန်းမြေ ဆက်စပ်မှုများပြီး
သွားရေးလာရေး လွယ်ကူခဲ့တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ အခု ထိတိုင် ဝင်ထွက်သွားလာ
အခြေချ ပြောင်းရွေ့နေထိုင်မှုတွေ များပြားခဲ့လွန်းတော့ ယခုခေတ်မှာ ပြင်သစ်စစ်စစ်တွေ
ဆိုသူတွေက ပြင်သစ်အီတလီ ပြင်သစ်အင်္ဂလိပ် ပြင်သစ်စပိန် ပြင်သစ်ဂျာမန် ကပြားတွေလို့သာ
ပြောမယ်ဆို ပြောလို့ ရပါတယ်၊

Départements d'outre-mer -Territoires d'outre-mer (Photo Google)
ပင်လယ်ရပ်ခြား ပြင်သစ် ခရိုင်များပြည်နယ်များလို့
ခေါ်လို့ရနိုင်မယ့် Départements d'outre-mer -Territoires d'outre-mer (The French
Overseas Departments and Territories) ဆိုတာက ကာရေဘီယံ ပင်လယ်ထဲမှာ တည်ရှိတဲ့ ဂွါဒလု့(ပ်)
La Guadeloupe နဲ့ မာတီနစ် La Martinique အပါအဝင် အခြားသောကျွန်းပိစိလေးတွေရယ်၊ အာဖရိကတိုက်တောင်ဘက်စွန်းနဲ့ကပ်ရက်
အိန္ဒိယ သမုဒ္ဒရာထဲက La Réunion နဲ့ Mayotte လို့ခေါ်တဲ့ သာယာလှပတဲ့ ကျွန်းကလေးတွေမှာ မွေးဖွား
နေထိုင်တဲ့ ကျွန်းသူကျွန်းသား လူမည်းများကိုလည်း ပြင်သစ်နိုင်ငံသား စစ်စစ်တွေအဖြစ်
သတ်မှတ် ထားတာပါ၊ ပြင်သစ်နယ်တွေဖြစ်လို့
ယူရိုငွေကြေးဇုန်ထဲမှာ ပါဝင်ပေမဲ့ Schengen Visa Area ထဲ မှာတော့ မပါဝင်ပါဘူး၊ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Thierry Henry၊
Lilian Thuram၊ William Gallas တို့ဟာ ဂွါဒလု့(ပ်) လူမျိုးတွေ ဖြစ်ကြပါတယ်၊ အဲဒါကြောင့်မို့လို့တော့
ထင်ပါတယ်၊ ပြင်သစ်လူမျိုးတွေက ရုတ်တရက်ကြည့်ရင် သွေးကြီးကြသလို ထင်ရမြင်ရပေမဲ့ လူမျိုးရေးအရတော့
ခွဲခြားမှု အထင်သေးအမြင်သေးမှု အရမ်းကို နည်းပါးကြပါတယ်၊ ကျနော် မြန်မာလူမျိုးပါလို့
ပြောတဲ့ အခါတိုင်းမှာ သူတို့ကြည့်တဲ့ အကြည့် ဆက်ဆံတဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်ရခဲ
တွေ့ရခဲ ပါတယ်၊ မောင်ရင်ငတေတို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာ နေခဲ့တုန်းကတော့
အတော့ကို ဆိုးဝါးစွာ ခွဲခြားစွာ ဆက်ဆံခံခဲ့ရတာကို ကိုယ်တွေ့ မောင်ရင်ငတေ ကြုံခဲ့ရဖူးရကြောင်းပါ
ခင်ဗျာ၊
Départements d'outre-mer -Territoires d'outre-mer (Photo Google)
နောက်ပြီး မောင်ရင်ငတေ ရောက်ဖူးချင်တဲ့ ကမ္ဘာကျော် တဟီတီကျွန်းကလည်း ပစိဖိတ်သမုဒ္ဒရာ ထဲက ပြင်သစ်ပိုင် ဇိမ်ခံကျွန်းလေး တကျွန်းပါဘဲ၊
အဲဒီ ကျွန်းဆီကိုတော့ ခုထိ မသွားနိုင်သေးပါဘူး၊ မောင်ရင်ငတေ
သွားခဲ့တဲ့ခရီးတွေက ခြစ်ချုပ်ကုပ်ကပ်ပြီး စုထားတဲ့ ငွေစကလေးတွေနဲ့ လက်မှတ် ပေါပေါချောင်ချောင်
ဝယ်လို့ရတဲ့ အချိန်ရယ် ညအိပ် တည်းခိုလို့ရမယ့် ရွှေမြန်မာ တည်းခိုအိမ်တွေနဲ့ အဆက်အသွယ်ရမှသာ သွားလာနိုင်တာပါဗျာ၊ ကိုယ်ပိုင်စရိတ်နဲ့ သွားလာရလို့ စိတ်သွားတိုင်းတော့ ကိုယ်မပါပါဘူး၊ ငွေများများဝင်ဖို့ အလုပ်လည်း မလုပ်တတ်ဖူးလေ၊ ရနိုင်သမျှ ရောက်နိုင်သမျှတော့ သွားချင်နေတာပါဘဲ၊ ဥရောပကို စတင်ခြေချဖို့ ကြံစည်ချိန်ကထဲက ပြင်သစ်ပါရီအီဖယ်လ်သမိုင်းကို ကြိုက်နှစ်သက်လှတာရယ်၊ ဥရောပရဲ့ တဆက်တစပ်တည်းသော ကုန်းမြေကြီးပေါ်က သွားလမ်း လာလမ်း အလှမ်းသိပ်မဝေးလှတဲ့ သမိုင်းဝင်မြို့တွေ တိုင်းပြည်တွေကို အခွင့်သာရင် ရောက်အောင် သွားချင်တဲ့ ဆန္ဒတွေ ရှိခဲ့တာရယ်၊ ဒါတွေတချို့တဝက်တော့ ပြည့်ခဲ့ပါပြီ၊ နောက်ဆက်ပြီး သွားရနိုင် ဖို့ကိုတော့ ဘယ်သူ့ကိုတိုင်တည်ပြီး ဆုတောင်းရမှာပါလိမ့်၊ ကိုယ်ကိုတိုင်က သိပ်အစွမ်းအစ ရှိတာမှ မဟုတ်တာ မဟုတ်လား၊ ဖိတ်ခေါ်မယ့်သူ ပေါ်များ လာမလားလို့ပါဗျာ၊
(Photo
Google)
ပါရီမြို့ကို ခရစ်တော်
မပေါ်ခင်ကာလ ဘီစီလေးငါးထောင် ကတည်းက တည်ဆောက်ခဲ့ကြတယ်လို့ သမိုင်း မှတ်တမ်းများမှာ ဖော်ပြပါတယ်၊
မားဆေးလ်မြို့က ဘီစီ ၆၀၀ ခန့် ကတည်းက တည်ရှိခဲ့ပြီး ပါရီထက် စောတယ်လို့လည်း ဖတ်မိမှတ်မိပါတယ်၊ ဟိုဖတ် ဒီဖတ် ဆိုတော့လည်း ရောကုန်ပါပြီ၊
၁၂
ရာစု ပါရီမြို့တော်ကတော့ ယနေ့ခေတ် မြို့လည်ခေါင်မှာ တည်ရှိတဲ့ Notre-Dame de Paris
နော့ထ်ဒမ်ဘုရားကျောင်း ပါတ်ဝန်းကျင်တဝိုက်သာရှိသေးပါတယ်၊ အနော်ရထာတို့ ကျန်စစ်သားတို့ မင်းစောလူတို့ ခေတ်က
တည်ဆောက်ခဲ့တဲ့ ပုဂံဘုရား စေတီများနဲ့ သိပ်မကွာတဲ့ခေတ်ပါ၊ ခေတ်ပြိုင် နှိုင်းယှဉ်ကြည့်နိုင်ပါတယ်၊ ၁၂
ရာစု မတိုင်ခင်ကာလ ခပ်စောစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ ပါရီ
မြို့တော်ဟာ အခုထိတိုင် မြို့တော်ပါ၊ ပိုကြီးလာတဲ့ မြို့တော်ကြီးပါ၊ ဒီမြို့တော်ကြီးဟာ အမြဲတမ်း မြို့တော် ဖြစ်နေအုံးမှာပါ၊ ပြင်သစ်ပြည်ရဲ့ ပထမမြို့ ပါရီမြို့သားများနဲ့ ဒုတိယမြို့ကြီးများ ဖြစ်ကြတဲ့ Lyon လီယွန်မြို့ Marseille မားဆေးလ်မြို့ မြို့သားများဟာ အမြဲတမ်းလိုလို ပြိုင်ဖက်တွေသာ ဖြစ်
ခဲ့ကြပါတယ်၊ ဒီကနေ့
အထိတိုင် ဘောလုံးကန်တိုင်း ဘောလုံးသမားချင်းရော ပရိသတ်တွေပါ အမြဲ လိုလို ပြဿနာနဲ့ပါ၊ ဒါတောင် လီယွန်မြို့ကြီးက ပြင်သစ်ပြည် သမိုင်းမှာ ပြင်သစ်မြို့တော်ရယ်လို့ ဖြစ်ခဲ့ဖူးတယ် မောင်ရင်ငတေတော့ တခါမှ
မကြားဖူးပါဘူး၊ မောင်ရင်ငတေကဘဲ ဗဟုသုတနည်းလို့ မဖတ်ဖူးလို့လည်း ဖြစ်ရင်ဖြစ်မှာပါနော်၊
ပါရီမြို့တော်ကြီးမှာ
၁၈၆၀ ခုနှစ် လောက်ကစပြီး ဒီကနေ့ထိတိုင် ထူးထူးခြားခြား အပြောင်းအလဲ များများ မရှိခဲ့တဲ့ အမှတ် ၁ ကနေ အမှတ် ၂၀ အထိ ရပ်ကွက်ကြီး ၂၀ ရှိပါတယ်၊ အီဖယ်မျှော်စင် တည်ဆောက်ခြင်း
မပြုရသေးတဲ့ ခေတ်ကတိုင် ရပ်ကွက် ၂၀ ဆိုပြီးခွဲခြားထားခဲ့တာ ဖြစ်ပါတယ၊်
(Photo Google)
၇၅ နဲ့ စတဲ့ စာတိုက်သေတ္တာ
နံပတ်ကတော့ ပါရီမြို့ရဲ့ နံပတ်ဘဲ ဖြစ်ပါတယ်၊ ဒီ ရပ်ကွက် ၂၀ မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်ပြီး
ပါရီမေထရိုပိုလီတန် ဧရိယာမှာတော့ လူဦးရေ ၁၂ သန်းကျော် ရှိပါတယ်၊ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့
ငါးပုံတစ်ပုံလောက် နေထိုင်နေတယ်လို့ ဆိုနိုင်ပါတယ်၊ အဲဒီထဲ မှာ နိုင်ငံရပ်ခြားမှာ မွေးဖွားခဲ့ပြီး
ပြင်သစ်နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူခဲ့သူတွေက သုံးပုံတစ်ပုံခန့်
ရှိနေပါတယ်၊ ပါရီမြို့တော်ကြီးမှာ နိုင်ငံခြားသားတွေ ဘယ်လောက်များမများ လူမျိုးဘယ်လောက်
စုံမစုံဆိုတာ သေချာမသိပေမယ့် မောင်ရင်ငတေ မတွေ့ဖူးသော လူမျိုး မတွေ့ဖူးသော နိုင်ငံသား
မရှိသလောက် ရှားသွားတာကတော့ ပါရီမြို့တော်ကို ရောက်ခဲ့မှပါ၊ မောင်ရင်ငတေတို့နေတဲ့ ပါရီမြို့
တောင်ဘက်အစွန်းကျကျကနေ မြေအောက်ရထား စီးပြီးသွားခဲ့တာဟာ မြောက်ဘက်စွန်း ဂိတ်ဆုံး ဘူတာဘက်ကို
ရောက်သွားခဲ့ရင်ဖြင့် တရုတ်ပြည်ကနေ အိန္ဒိယတိုက်ကို ရောက်သွားလေသလား အာရပ် အာဖရိကကိုများ ရောက်သွားလေတာလားလို့ကို စိတ်ထဲမှာ အမြဲလိုလို ထင်မြင်မိရကြောင်း ပါဗျာ၊ အဲဒီတော့ကာ ရထားပေါ်မှာ ကြားရတဲ့ စကားသံတွေကလည်း လူမျိုးပေါင်းစုံရဲ့
ကွိကွိကွကွ အသံတွေက စုံတကာစိလို့ နေပါတော့တယ်၊
(Photo Google)
အီဖယ်မျှော်စင်
တည်ဆောက်ပြီးတဲ့ ၁၈၉၀ ကျော်ခုနှစ်များက ပါရီမြို့ရဲ့ အဓိကကျတဲ့နေရာ အဓိက အဆောက်ဦးများကတော့
ဒီနေ့ခေတ် မောင်ရင်ငတေတို့ရဲ့ နေ့များအထိ မပြောင်းမလဲ တည်ရှိလို့ နေတာကို ဒီပုံတွေမှာ
ထင်ထင်ရှားရှားကို တွေ့ရှိရမှာပါ၊ ဒါကြောင့် မောင်ရင်ငတေရဲ့ ပြင်သစ်လူမျိုး မိတ်ဆွေတယောက်
အပြောကတော့ သူ အီဖယ်လ်မျှော်စင်ပေါ် မရောက်တာ ကြာပြီ ဖြစ်ကြောင်း သူ့ဘဝ သက်တမ်းငါးဆယ်မှာ
တခေါက်သာ ရောက်ဖူးကြောင်း ဒါတောင် သူ ကျောင်းသားဘဝက လေ့လာရေးခရီးအဖြစ် ကျောင်းအစီအစဉ်နဲ့
ရောက်ခဲ့တာဖြစ်ကြောင်း ခုထိ ဘာတခုမှ အပြောင်းလဲ မရှိလို့ သွားရမှာ ပျင်းလှကြောင်း စီးပွားရေးသမားတွေ
ဂွင်ဖန် လုပ်စားနေတာသာ ဖြစ်ကြောင်းတွေ ပြောပြနေလို့ မောင်ရင်ငတေကတော့ ပါးစပ်ပိတ် အသာလေးသာ
နားထောင် နေလိုက်ရကြောင်းပါ ခင်ဗျာ၊ လူဘဲနော် အမျိုးမျိုး ရှိတာပေါ့ မဟုတ်လား၊ လွတ်လပ်စွာ
ကွဲလွဲခြင်းပေါ့၊
(Photo Google)
မောင်ရင်ငတေ ၀၁၁၀၂၀၁၂ (စာပြင်ရက်စွဲ ၁၅၀၈၂၀၁၄)
** ခရီးသွားခြင်းအနုပညာ ** *
မောင်ရင်ငတေ ဥရောပတဝှန်းရောက်ရာပေါက်ရာ သွားခဲ့လာခဲ့လည်ပတ်ခဲ့တာတွေကို ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်က
စပြီးတော့ ရောက်တတ်ရာရာ အတိုအစများ ဆိုပြီး ခေါင်းစဉ်ပေးလို့ ရေးထားခဲ့ ပါတယ်၊ အဲဒါတွေကို ၂၀၁၂ ခုနှစ်မှာ မိုးမခအွန်လိုင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့ပါတယ်၊
အဲဒီလိုကနေ စာစုလေးတွေက တော်တော်လေး များပြားလာတော့
အခုလို ခေါင်းစဉ်အသစ်တပ်ပြီး အကြောင်းအရာ တူတာလေးတွေကို ခွဲခြားချင်လာလို့ အခုလို ခွဲထုတ်လိုက်ရပါတယ်၊
ပါရီမြို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကိုတော့ **
ပါရီပုံရိပ်များ * လို့ ခေါင်းစဉ်တပ်လိုက်ပြီး
ပြင်သစ်ပြည်အကြောင်း ရေးသားခဲ့တာတွေကိုတော့ ** ခရီးသွားခြင်းအနုပညာ
(ပြင်သစ်ဆိုတာ)*
ဥရောပရဲ့ အကြောင်းတွေကိုတော့ ** ခရီးသွားခြင်းအနုပညာ (ပါရီ-ရှန်ဂန်အစုန်အဆန်) * အမည်
ပေးလိုက်ပါတယ်၊ တခြားတခြားသော စာစုလေးတွေကိုလည်း တူရာတူရာကိုစုပြီးတော့ အမည်ပေး ထားလိုက်ရကြောင်းပါ၊
မောင်ရင်ငတေ ၂၇၁၀၂၀၁၅