အတွေးစတစ ** ** * နယ်စည်းမခြား အတွေးများ
ပကျော့ရဲ့
မိုတောင်ဂိတ်ဝရောက် မရငတ (Photo KCorail)
မောင်ရင်ငတေတယောက်
ဒီတခေါက် ထိုင်းနိုင်ငံခေါ် စီယမ်ခေါ် ယိုးဒယားခေါ် ယပက်လက် တို့ရဲ့ နိုင်ငံတော်ကြီးမှာ
ရက်ပေါင်း လေးဆယ်ကျော် ဆက်တိုက် နေထိုင် ဖြစ်ခဲ့ပါတယ်၊
အရင့်အရင် ထိုင်းမြေကြီးကို
ရောက်ခဲ့ဖူးတဲ့ အခေါက်တွေမှာက ခရီးတွေသွားဖြစ်ခဲ့ပေမယ့်လည်း ဒီ တခေါက်မှာတော့ အကြောင်းသင့်ပြီး
နေရာတော်တော်များများ ထိုင်း ရွှေပြည်ကြီးအတွင်း သွားဖြစ် ရောက်ဖြစ်ခဲ့ပါတယ်၊ ထိုင်းနိုင်ငံအတွင်းမှာ
ခရီးသွားရတာ ခက်ခဲလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊
ဒါပေမယ့် မောင်ရင်ငတေ့အတွက်
ထိုင်းမြေကြီးကို မနင်းဖြစ်တာက နှစ်တော်တော်ကြာနေတာရယ် တတ်ထားတဲ့ ယပက်လက် စကားတွေကလည်း လေးငါးဆယ်လုံးလောက်ကလွဲလို့ ပီသအောင်လို့ မပြောနိုင်တော့တာကြောင့်ရယ်
တယောက်တည်းသွားရတဲ့ ခရီးတချို့မှာ အထနှေးတဲ့ အဖြစ်တချို့ ရှိခဲ့ရပါတယ်၊
အသပြာ ကြေးပြားစေ့
ပေါပေါများများ သုံးနိုင်တဲ့ကောင် မဟုတ်တဲ့ မောင်ရင်ငတေဆိုတဲ့ကောင်ကို
ချစ်ခင်စွာ ကြိုဆိုဧည့်ခံကြတဲ့
သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများရဲ့ ကောင်းမှုကြောင့်သာ
ဒီလိုခရီးတွေကို ရက်တိုတိုအတွင်းမှာ
သွားဖြစ်ရောက်ဖြစ်ခဲ့ ရတာပါ။
အထူးသဖြင့် ရောက်ခဲ့ရတဲ့
နေရာတွေကတော့ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်မဟာနဲ့ ထိတွေ့နေတဲ့ နေရာ ဝင်ပေါက် ထွက်ပေါက်တွေရှိရာ
ဒေသတွေဆီကိုပါ၊
အဲဒီ အပေါက်တွေကို
ဘာလို့သွားရတာလဲ လို့ မေးလာသူများ ရှိလာရင် ...... ... အဖြေကတော့ ရှင်းလှပါတယ်၊ သွားချင်လွန်းလို့
သွားခဲ့တာပါ၊ တခြားအကြောင်း ဘာမှမရှိပါဘူး၊ မောင်ရင်ငတေရဲ့ ငါးဆယ်သားအရွယ်ဘဝမှာ စိတ်အဝင်စားဆုံးအရာ
ဘာလဲဆိုတော့ မြစ်ဆုံ ချောင်းဆုံ လမ်းဆုံတွေ သာလို့ ပြောရမှာပါ၊ အဲဒီမှာ ကန့်သတ်ချက်တွေ
များပြားလွန်းလှတဲ့ နယ်နမိတ်ဆုံရာ ဒေသတွေကို သွားချင် ရောက်ဖူးချင်ရတာကလည်း ရင်ထဲမှာ
ချဉ်ခြင်းတပ် နေသလိုပါ၊
နယ်နမိတ်စည်းတွေ ဘာကြောင့်
ကန့်သတ်ထားရသလဲ ဆိုတာကို သိချင်တာ မဟုတ်ပါဘူး၊
နယ်နမိတ် ကန့်သတ်ချက်တွေ
မရှိပါဘဲ လွတ်လပ်ခြင်း များစွာနဲ့ .. … …
…. ….. … .. . … … . .
ကမ္ဘာဦး အစက လူသားများလို
သွားချင်ရာ သွားလို့ရတဲ့ အခွင့်အရေးမျိုးကို
တမ်းတမိရပြီး သွာချင်မိရတာကတော့
အမှန်တကယ်ပါ၊
သွားပေါ့ သွားချင်ရင်
သွားပေါ့၊ လွယ်လွယ်လေး ဘာများခက်လို့တုန်း၊
ပြောကြသူတွေ ရှိပါတယ်၊
ဟုတ်ပါတယ် မှန်ပါတယ်၊ လွယ်လွယ်လေးပါ၊
************** ဖြတ်ကနဲ ခုန်ကူးသွား ..... ... ... . …. . …. . . . …. . . …. . … . .. ….
တချက် ခုန် လိုက်တာနဲ့
ရောက်နိုင်ပါတယ်၊
မလွယ်တာက... .
.... .... ..... စာရွက်ပေါ်မှာ ရေးထားကြတဲ့ ဥပဒေပါ၊
အဲဒီ ဥပဒေဆိုတဲ့ အကောင်ကို
မောင်ရင်ငတေက ကြောက်တာ၊
ဆွဲချင်ရင်ဆွဲ ဆန့်ချင်ရင်ဆန့်
လိုသလို ဆန့်ကြ ဆွဲကြတဲ့ အဲဒီ အကောင်ကြီးကို ကြောက်တာ၊
မောင်ရင်ငတေရဲ့ အရိုးဆွေးနေတဲ့
အကြောက်တရား ပါ၊
ဒါ မောင်ရင်ငတေရဲ့
အမှား လား . …… မဟုတ်လောက်ပါဘူး နော်၊
တကယ်ကတော့ အဲဒီ တောတောင်ရေမြေတွေက
တဆက်တည်းတစပ်တည်းပါ၊ အဲဒီတောတောင် ရေမြေတွေမှာ ပေါက်ဖွားကြီးပြင်း လာကြသူတွေကော ရေကြည်ရာ
မြက်နုရာ အရပ်တွေကို ရှာဖွေ ကြရင်း ရောက်လာကြသူတွေကော လမ်းမှားလို့ မျက်စေ့လည် ရောက်လာကြသူတွေဟာ
ဟိုဘက် တောကော ဒီဘက်တောင်မှာ ဆိုသလို အစဉ်ပြေသလိုသာ နေထိုင်ခဲ့ကြတယ်ဆိုတာကို ဘယ်သူမှ
ငြင်းနိုင်ကြမယ် မထင်ပါဘူး။
အဲသလို နယ်စည်းတွေတား
ဂိတ်တွေထားခဲ့ကြတာမျိုးက အရင့်အရင် ရှင်ဘုရင်တွေ ကြီးစိုးကြတဲ့ ခေတ်တွေတုန်းကတည်းက
ရှိခဲ့ပါတယ်… ဆိုပေမယ့်လည်း . … ….…… ရှာဖွေ ဖတ်ကြည့်မိတော့မှ
၁၉ ရာစုနောက်ပိုင်းရောက်ပြီး
ကမ္ဘာစစ်ကြီးတွေဖြစ်လာ တင်းကျပ်တဲ့အတားအဆီးတွေထား ဥပဒေ အမျိုးမျိုးကို အာဏာပိုင်စိုးသူတွေက
သူတို့အာဏာထိခိုက်မှာကို စိုးရိမ်ကြတာက ခပ်များများဖြစ်ပြီး လိုသလို ဆွဲဆန့်နိုင်တဲ့
လက်ရေးဥပဒေတွေ ထုတ်ကြရေးကြပြီး သူတို့ကိုယ် သူတို့သာ အဓိကထား ကာကွယ်ခဲ့ကြရာက မောင်ရင်ငတေတို့လို
သာမန် ခရီးသွားချင်သူတွေ အတွက် အတားအဆီးတွေ အခက်အခဲတွေ ဖြစ်အောင် ဖန်တီးထားသလို ဖြစ်လာတယ်လို့သာ
မောင်ရင်ငတေ ယူဆပါတယ်၊
ဒီလို ယူဆချက်များကိုလည်း
မောင်ရင်ငတေ ရေးသမျှတွေထဲမှာ အဆင်သင့်ရင် သင့်သလို အမြဲ ရေးသားမိပါတယ်၊ ဖတ်ဖူးသူများကတော့
အပ်ကြောင်းထပ်နေပြီ ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် ဒါပေမယ့်
ပေါ့ . ….. . ….. … အဲသလို ….. .. .. … အတားဆီးတွေကို နည်းမျိုးစုံနဲ့ . …
ပိတ်ဆို့ တားဆီးသူတွေက ဘယ်လိုပင် တားဆီးနေပါလေ့စေ . … .. .. …. . . ..
စီးဆင်းလာတဲ့ ရေတွေကို ဘာနဲ့များ တားဆီးနိုင်ကြမှာလဲ . … . ….
ဒါ မောင်ရင်ငတေရဲ့
အမေး မဟုတ်ဘူးနော်၊
လူအများ မေးလေ့မေးထ
ရှိပြီးသားပါ၊
ဒီကနေ့ မောင်ရင်ငတေတို့ရဲ့
ပါရီဆိုတာ အဖြူ အမည်း အဝါ ကပ္ပလီ ဇူလူး အက်စကီးမိုး ကျွန်းကြို ကျွန်းကြားက ကျွန်းသားကျွန်းသူတွေပါ
မကျန် လူမျိုးစုံ ရောထွေးလုံးထွေးလို့ နေကြတဲ့ နေရာတခု ဖြစ်နေပါပြီ၊ ကိုယ့်ကိုယ်ကိုပြင်သစ်ပါလို့
ပြောနေကြသူတွေ ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံရတဲ့ အနေအထား ဖြစ်နေပါပြီ၊ ဒီ လူတွေဟာ
ဘယ်ကနေ ရောက်လာကြလဲ၊ ဘယ်လိုရောက်လာကြလဲ၊ မောင်ရင်ငတေ ပြောချင်တာ ဒါပါ၊ နယ်နမိတ်ဆိုတဲ့
အတားအဆီးတွေကို ရနိုင်သလို ဖြတ်ကျော်ပြီး ရောက်လာကြသူတွေသာပါ၊
ဒီကနေ့ ရေပန်းစားနေတဲ့
Boat People စကားလုံး၊
ဒီလူစားတွေရဲ့ . … . … .. … မူလအစက ဘယ်သူတွေလဲ ……. ???????? ????
ဒီကနေ့ ယူအက်စ်အေ
ဆိုတဲ့ နိုင်ငံကြီးကို ထူထောင်ခဲ့သူများလည်း Boat People တွေပါ . . ….
အဲဒီအချိန်က ဘိုးရင်းတွေ
အဲယားဘတ်စ်တွေ မရှိသေးဘူး လေ ဗျာ၊
သူတို့တတွေ ဘုတ်စီး
ပြေးခဲ့ကြတာ မဟုတ်လား၊
ဒါ နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီ၊ လူမျိုးတွေလည်း ရောထွေးနေပါပြီ၊
ငါက ပြင်သစ် ငါက အမေရိကန် . … နိုင်ငံတော့ နိုင်ငံသား .. ….
ပြင်သစ် အမေရိကန်
လူမျိုးတော့ မဟုတ်ဘူး ငါ့ အော်ရဂျင်နယ်က ဘာ .. ….
ဆိုတာ ကြာခဲ့ပါပြီ၊
အင်း သူတို့လည်း မမှားကြပါဘူး၊
အဲသလိုသာပါ၊ ဒီကနေ့
ဘန်ကောက်ကို ကြည့်ပါ၊ ထိုင်းတနိုင်ငံလုံးကို ကြည့်ပါ၊ မြောက်ဘက်စွန်း ရွှေကြိဂံဆုံချက်ကနေ
တောင်ဘက်စွန်း ရနောင်းကိုကျော်သွားပြီး ပီနန်မလက္ကာ စင်ကာပူယာအထိ ရွှေဇာတိသားတွေကို တွေ့မြင်ရမှာပါ၊
မောင်ရင်ငတေ ရောက်ခဲ့သမျှ
နေရာတွေမှာ ရွှေတွေရဲ့ မျက်နှာ ရွှေတွေရဲ့ စကားသံ မတွေ့ရတဲ့ မကြားရတဲ့ နေရာမရှိပါဘူး၊
ထိုင်းနိုင်ငံ အနောက်ခြမ်းတကြောမှာ ရွှေမရှိတဲ့ နေရာများ ရှိနေပါသေး သလား၊ ရှိခဲ့ရင်လည်း လုပ်ကိုင်စားလို့ မကောင်းတဲ့ နေရာတွေသာ ဖြစ်မှာပါ၊
တခုတော့ ရှိပါတယ်၊
မိမိကိုယ်ကို ရွှေဗမာ မဟုတ်ဘူးလို့ ပြောချင်သူ တချို့နဲ့ ရွှေတိုင်းရင်းသားသာ ဖြစ်ကြောင်း
ပြောချင်သူတွေက လွဲလို့ပေါ့ ဗျာ၊ ဒါက ထိုင်းရဲ့ အနောက်ဘက်တကြောပါ … . … ….
အရှေ့ဘက်တကြောမှာကော
. … …… အရှေ့မြောက်ဘက်တကြော . .. … …. တောင်ဘက်
. ..
အားလုံး . .. ..
.. .. …. .. .. .. .. …… ဒီကနေ့ ဖြစ်နေပုံတွေက အတူတူပါ။
အင်း သူတို့လည်း မမှားကြပါဘူး၊
အဲတော့ နယ်စပ်ဆိုတာ
နယ်နမိတ်ဆိုတာ ပြဿနာတွေတော့ တထွေးကြီးပေါ့ ဗျာ၊
အရင်ရောက်လာသူတွေက
(သူတို့အား သာ နေသ၍ပေါ့) နောက်မှနောက်မှ ရောက်လာသူတွေကို ကျူးကျော်သူဆိုပြီး တားကြဆီးကြတာက
အမှန်တရား ဖြစ်နေတာကိုး၊
အင်း သူတို့လည်း မမှားကြပါဘူး၊
တောတွေတောင်တွေခြား
နေထိုင်ကြလို့ . ….. အသားအရောင် မကွဲပြား မခြားနားသူတွေလည်း
စကားလေး နည်းနည်းခြားသွားရင်
ရန်သူထင်နေကြလေတော့ . … … .
အသားလေး ခြား . …
… … စကားလေး ခြား … ….. ကနေ ဘာသာလေးများ ခြား သွား ခဲ့ ကြ ရင်
တော့ . .. ….. .
…. . .. . . . . . . . . . . . . . … … . . . . . .. . . . .. . . .. . . . . . …
. … ……….
အင်း သူတို့လည်း မမှားကြပါဘူး၊
အဲဒီ ဝင်ပေါက်ထွက်ပေါက်တွေက
မောင်ရင်ငတေ့စိတ်မှာ အထူး စိတ်ဝင်စားစရာ ကောင်းနေတာမို့
အခွင့်သာရင် သာသလို
သွားကြည့်နေမိ ရတာပါ၊
အဲဒီမှာ ဘာခံစားရသလဲ
. …. …. မေးခွန်း . …. …. ဒီမေးခွန်းကို တခြားသောသူတွေက ဘယ်လို
ဖြေကြမလဲ . ...
.. မောင်ရင်ငတေကကော ဘယ်လိုခံစားရသလဲ … ခံစားချက် ….. တူကြမှာတော့
မဟုတ်ပါဘူး၊ တူလည်းမတူနိုင်ပါဘူး၊
အခြေအနေခြင်းမှ မတူကြတာလေ၊
မောင်ရင်ငတေ လက်ရှိနေနေတာက
ရှန်ဂန်ဗီဇာဧရိယာမှာ . …. ရှန်ဂန်မှာမှ ….
သွားရေးလာရေး အလွယ်ဆုံးနေရာမှာ နေနေတာ . … … ဒီတော့ တရေးနိုးထသွား လွယ်တယ်၊ တညအိပ်သွားသွား
နေ့ချင်းပြန်သွားသွား ရတယ်၊ ဘာမှ အထူးပြင်ဆင်နေစရာ မလိုဘူး၊ တနိုင်ငံကတနိုင်ငံကို ဈေးဝယ်
ကျောင်းသွား ရုံးတက် လုပ်နေကြတာ၊
အဲလို သွားလို့ရတာ
လွယ်တာ ကို မောင်ရင်ငတေ သိပ်ကြိုက်ပါတယ်၊
ရှန်ဂန်ဗီဇာ ဧရိယာမျိုးကို
အကျယ်ပြန့်ကြီး ကျယ်ပြန့်လာပြီး တကမ္ဘာလုံး အတိုင်းအတာထိ
ဖြစ်လာတာမျိုးကို
လိုချင်ပါတယ် မြင်ချင်ပါတယ်၊
သို့သော်လည်း . . … . …. ဤသို့သော သို့သော်လည်းက တကယ်ကိုပါ၊
ဖြစ်မလာဖို့က များသထက်
များလာလို့ နေပြန်ပါပြီ၊
မောင်ရင်ငတေတို့ရဲ့
ဥရောပရဲ့ ရှန်ဂန်ဗီဇာဧရိယာ ဆိုတာကတောင် ကျယ်လာဖို့ထက်
ပြန်လည်ပြီး ကျဉ်းမြောင်းမသွားဖို့ကိုတောင်မှ
ဆုတောင်းရမလို ဖြစ်နေပါပြီ၊
အင်း သူတို့ အားလုံး
မမှားကြပါဘူး၊
မှားတာကတော့ မောင်ရင်ငတေ
ဖြစ်နေမှာပါ၊
အားအားလျားလျား လတ်လျားလတ်လျား
တောင်စဉ်ပြီး ရေမရ
ပိုက်ဆံမရှာချင် အတွေးနယ်ချဲ့ချင်
နေတာကိုး ….. . . . .. …
နယ်ချဲ့ နယ်ချဲ့ နယ်ချဲ့
ဆိုကြတဲ့ သူတွေထဲမှာ
အတွေး နယ်ချဲ့ တာ
တောင် . .. ….. မကောင်းပါဘူး ဗျာ၊ ။ ။ ။။ ။။။။
မောင်ရင်ငတေ ၀၅၀၅၂၀၁၅
Aucun commentaire:
Publier un commentaire