ဒေါင်းအသဲတခြမ်း ရောင်းရန်ကျန်ရှိ
နိုင်ငံခြားမှာနေလို့ ဥရောပခရီးတွေသွားနေလို့
အနောက်တိုင်းစကားတွေပြောနေလို့
အထင်တော့မကြီးလိုက်ကြပါနဲ့ … ခင်ဗျာ၊ ။
မဲပေးပိုင်ခွင့်မရှိသေးဘူး ရွေးကောက်ပွဲဝင်လို့မရဘူး
ထမင်းစားဖို့ အလုပ်ကြမ်းလုပ်ဖို့ ဆယ်နှစ်တာ
နေထိုင်ခွင့် တေပိုင်ခွင့် လေပိုင်ခွင့် ယာယီလက်မှတ်နဲ့ပါ၊ ။
မကြိုးစားဘူးလို့မထင်ပါနဲ့ ငွေမရှာတာတခုတည်းပါ၊
လေများတာ အသေစားတာ အရည်များမှန်သမျှ
မကျီးဖျော်ရည် ဇီးဖျော်ရည် စပျစ်ဖျော်ရည် အသေကြိုက်တာ
တောရေးတောင်ရေး အရေးမှန်သမျှ
ဒို့အရေးသမားတွေနဲ့
လေထန်ဝေဖန်နေရရင် အနေဆင်းရဲ အစားဆင်းရဲ
အသောက်မဆင်းရဲမခြင်း ဆင်းရဲခြင်းဒုက္ခမှန်သမျှ
လားလားမှမမှု ရန်သူဟူသမျှ အမြစ်ကလှန် ခြေမှုန်းမယ် ကြုံးဝါး၊ ။
လီနင်၊ စတာလင်၊ ချေ၊ ကားလ်၊ လင်ကွန်း၊ ဂျော့၊ ကင်း၊ ကလင်တန်
ဒလိုင်း၊ ဗားကလပ်၊ မန်ဒဲလား၊ ကဒါဖီ၊ ဆဒမ် နဲ့
မြန်မာပြည်ဖြစ် ဆရာရော အကာကော အဟောင်းရော အကောင်းကော
ရေးထားတဲ့သတင်း ရောထားတဲ့ပလင်း ပေါများတဲ့အတင်း
အကုန် တကျွတ်ကျွတ်ဝါးစား သူမတတ်တာမရှိ
ပညာရှိ၊ ပညာရှင်၊ ပညာသင်ပါမကျန် သူအာတွေ့သမျှ လက်ချာရိုက်၊ ။
ကျောင်းတုံးက နံရံကပ်စာစောင် အောက်ဆုံးဒေါင့်ဆုံးနားကတောင်
တခါဖူးမှပါဘူးတာ မရှိခဲ့ပေမယ့် ကဗျာ၊ စကားပြေ၊ ကာတွန်း၊ ဓါတ်ပုံ
ဟင်းချက်နည်းတောင်ပါရဲ့ ဘာတခုမှချန်ထားတာမရှိ
သူမလုပ်တာ ဘာမျှမရှိ သူတတ်သူသိ
သတင်းထောက်အလုပ်လောက် အပျင်းပြေခဏ မလုပ်ချင်ဘူးတဲ့
အွန်လိုင်း အီးမေးလ် ဘလောက်ခ် နောက်ဆုံး ဖွဘုတ်မှာတကုပ်ကုပ်
တနေကုန် အလုပ်ရှုတ်၊
။
၂၀၁၂ မှာ ပြီးမယ့် ကမ္ဘာကြီးအကြောင်း ဥရောပငွေဈေး
မြစ်ဆုံနဲ့တရုတ်ကြီး အရှုပ်ကြီးအကြံကြီးတဲ့ … ကန်
အတွေးခေါင်ခိုက်အောင် သူစဉ်းစားနေတုန်း …………၊ ။
၂၀၁၂ မြန်မာပြည်ကြီးရဲ့ အပြောင်း
ဝင်သူတွေဝင်ကြ ပြင်သူတွေပြင်ကြ
အိပ်ယာလိပ်သူ သေတ္တာပိတ်သူ
စတုတ္ထမဏ္ဍိုင်ကနေ သုခမြို့တော် တည်ထောင်မယ်လို့
ကြံသူကြံ မှန်သူမှန် လန်သူလန်
အမြဲတမ်းရန်သူမရှိသူတွေ ရန်ငါစည်းပြတ်သူတွေ
ကြံဖန်ပြီးပွသူတွေ ရှိတာတွေရောင်းတုတ်ထားသူတွေ
ပရိုပိုဆယ်ရေးစားသူတွေ ပီအိပ်ဒီတွေ အမ်အက်စ်စီတွေ
ဗွီစီဒီတွေ ဒီဗွီဘီတွေ ဘီဘီစီတွေ ခိုးကူးတွေ ဗြောင်ကူးတွေ
အသစ်ထောင်တဲ့သူတွေ အဟောင်းပြန်ပြောင်းသူတွေ နာမည်ပြောင်းတဲ့သူတွေ
ဖြီးဖြန်းသမားတွေ အမြီးရမ်းသွားတဲ့သူတွေ ခေါင်းကျက်ခေါင်းစားသူတွေ
ညှပ်စိတွေ တတ်သိတွေ ဗဟုတွေ လေးလုံးတွေ သုံးလုံးတွေ နှစ်ပွင့်တွေ
တပွင့်တွေ
တရစ်ပြီးတရစ် တက်သွားသူတွေ ဘာမှမသိသူတွေ ပြည်သူတွေ ပြည်တွင်းတွေ
ပြည်ပတွေ တူတာတွေပေါင်းလုပ် ….၊ ။
ပေါင်းလုပ်ဖို့ သူ့မှာဘာမှမရှိ ငွေမရှိ ယာမရှိ
လက်မှတ်မရှိ အဖွဲ့မရှိ အမေရိကန်အင်္ဂလန် ပီပီမရှိ
ရွာကလှမ်းမှာရန် မေမေ့မှာ ဘာမှမရှိ
ဖျာတချပ် စောင်တထည် ဗန်ဒါသီးတံဆိပ် ကွန်ပြူတာတလုံး
ဒေါင်းအသဲတခြမ်း ရောင်းရန်ကျန်ရှိ၊ ။။။။။။။
ဇီးရိုးလေးလုံးမျိုးဆက် ၁၃၀၁၂၀၁၂၊
ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) http://www.kaungkin.com/jupgrade/index.php/%E1%80%80%E1%80%97%E1%80%BA%E1%80%AC/701-2012-01-21-23-25-56
21 January 2012
http://www.kaungkin.com/index.php?option=com_content&view=article&id=701:2012-01-21-23-25-56&catid=34:2009-04-17-00-31-18&Itemid=77
21 January 2012
မိုးမခမီဒီယာ http://moemaka.com/archives/24612 ဇွန် ၁၈၊ ၂၀၁၂
Aucun commentaire:
Publier un commentaire