နှစ်ဆယ်ကျော်အလွမ်း (မြို့ရွာတောတောင်ရေမြေ)
ယိုးဒယားမြေ (နှစ်)
Maw-daung Pass
မောင်ရင်ငတေ ရောက်ခဲ့ဖူးတဲ့
နေရာဒေသ မြို့ရွာတောတောင်ရေမြေတွေရဲ့ ပုံရိပ်တွေကို ခပ်ပါးပါး
ခပ်တိုတိုလေးတွေကို
မှတ်တမ်းပုံလေးတွေနဲ့တွဲပြီး တင်ထားချင်စိတ်တွေရှိတာ ကြာပါပြီ၊ ဘယ်လိုပုံ ဘယ်လိုမျိုး
လုပ်ရမယ်မသိတာနဲ့ ကြာနေခဲ့တာပါ၊
အရင်တလကျော် နှစ်လလောက်ကစပြီး ဥရောပ ခရီးအတို အပိုင်းအစလေးတွေ
ရေးဖြစ်ခဲ့ရင်း ယိုးဒယားကို သွားခဲ့တာလေးတွေကိုပါ ရေးစမ်းကြည့် တာပါ၊
အပိုင်းအစ တစ်
အနေနဲ့ ပကျော့မြို့နားက ရွမ်မြစ်ဝလေးရဲ့ လှပမှုကို ခံစားရသမျှ ရေးခဲ့ပြီး အဲဒီ ပကျော့ခေါ်
Prachuap Khiri Khan နယ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ မို့ဒေါင်တောင်ကြားလမ်း Maw-daung Pass ကို
ရောက်ရှိခဲ့စဉ် တွေ့ရှိခဲ့ရတာလေးတွေကို ဆက်လက် ရေးသားလိုက်တာပါ၊
တနင်္သာရီတောင်စဉ်တန်းများဆီသို့ (Photo KC Noémie)
ထိုင်းနိုင်ငံတောင်ပိုင်း
မလေးကျွန်းဆွယ်သို့သွားရာလမ်း တနင်္သာရီတောင်တန်းတွေရဲ့ အရှေ့ဘက်
အခြမ်းက အကျဉ်မြောင်းဆုံးသော
ထိုင်းပိုင်နက် နယ်မြေထဲမှာ တည်ရှိပါတယ်၊
မြေပုံတွေမှာ ကြည့်မယ်ဆိုရင် တနင်္သာရီတိုင်းရဲ့အရှေ့ကို
ချွန်ထွက်နေတဲ့ အစွယ်အငူလေးပေါ့လို့ လွယ်လွယ်ပြောရင် ရနိုင်ပါတယ်၊
ဘန်ကောက် သို့မဟုတ်
ဘီကေကေ သို့မဟုတ် ခရွန်ထေ့ မြို့ကနေ ၂၇၈ ကီလိုမီတာ ဝေးပါတယ်၊
ဒါကြောင့်မို့လို့ တနင်္သာရီတောင်တန်းပေါ်က
မိုတောင်နယ်ခြားဂိတ်နဲ့ ခြောက်မိုင်ကျော်
ခုနှစ်မိုင်မျှသာဝေးပြီး
တနင်္သာရီမြို့နဲ့ မိုင်ရှစ်ဆယ် မြိတ်မြို့နဲ့က မိုင်တရာ့သုံးလေးဆယ် ကီလိုမီတာ
အားဖြင့် နှစ်ရာအောက်မျှသာကွာဝေးပါတဲ့
လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တာမို့ ကမ္ဘာတခြမ်း
ဆီမှာ နေခဲ့ရသလို
ဖြစ်နေကြတာပါ၊
Maw-daung
Pass (မို့ဒေါင် သို့မဟုတ် မိုတောင် သို့မဟုတ် မောတောင်) (Photo KC Noémie)
မောင်ရင်ငတေကတော့
အဲဒီလိုမျိုး နယ်စပ်ဒေသ ဆုံပွိုင့်တွေ ချက်ပွိုင့်တွေကို စိတ်ဝင်စားမိလို့သာ မရောက်ရောက်အောင်
သွားရောက်လည်ပတ်ခဲ့တာပါ၊
ရောက်လေရာအရပ်သွားလေရာခရီးတွေမှာ ဒီလိုနေရာမျိုးတွေကို
စိတ်ဝင်စားလို့ ဦးစားပေးသွားမိတာပါ၊
မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း ဆိုတာကို စီးပွားရေးလုပ်ဖို့
သွားရောက်ခြင်း မဟုတ်ပါဘူး၊ စီးပွားရေးကိုလုပ်စားဖို့ ဝါသနာမပါသလို မောင်ရင်ငတေက ဘာစီးပွားရေးမှ
အောင်မြင်အောင် လုပ်တတ်သူတဦးလည်း မဟုတ်ပါဘူး၊
မူရင်း ဒီတောင်စဉ်တောင်တန်းဒေသသားတွေ
အပူအပင်မရှိ အပိတ်အပင်အတားအဆီးမရှိ သွားလာခြင်း
သွားလာနိုင်ခွင့်
ရစေချင်တာတော့ စိတ်ထဲမှာရှိပြီး မောင်ရင်ငတေတို့လို တောတွေ တောင်တွေပေါ်
ရောက်ဖူးချင်သူများလည်း
အစဉ်ပြေပြေ အလွယ်တကူ သွားလာခွင့် ရစေချင်တာပါ၊
အမြန်လမ်းမ ဆိုတာကြီးတွေ ဖြူးပြူးနေအောင်
တည်ဆောက်ဖို့ထက် လက်ရှိ ရှိရင်းစွဲလမ်းကလေးတွေကို ရာသီမရွေး ကာလမရွေး တောတောင်သဘာဝတွေ
အရှိအတိုင်း ခံစားရဖို့ကိုတော့ မပျက်စီးစေလိုပါဘူး၊
တနင်္သာရီမှ
ထိုင်းပင်လယ်ကွေ့ဆီသို့ (Photo KC Noémie)
အဲဒီ မို့ဒေါင် သို့မဟုတ်
မိုတောင် သို့မဟုတ် မောတောင် Check Point ခေါ် နယ်စပ်ကုန်သွယ်ရေး
စခန်း တည်ရှိရာ Maw-daung
Pass က တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီ မြို့နယ်တွင်းမှာပါ၊
မြိတ်မြို့ကနေ တနင်္သာရီ
ညောင်ပင်ကွင်း ကြိမ်ချောင်း သဲဖြူ ရွာကလေးတွေကို ဖြတ်သန်းပြီးတော့
ဖောက်လုပ်ထားတဲ့ လမ်းက
မြေလမ်းတပိုင်း ကတ္တရာလမ်းတပိုင်း ခင်းပြီးလို့ မြိတ် မောတောင်ကို ငါးနာရီခန့် မောင်းသွားရင်
ထိုင်းမြေကြီး အဝင်ဝကို ရောက်ပါပြီလို့ ဒီလမ်းကို မကြာခင်က ရောက်ဖူးခဲ့သူက ပြောပါတယ်၊
အဲဒီ မို့ဒေါင် တောင်ကြားလမ်းကနေ ခွန်ထိုင်းတို့ရဲ့ မြို့တော် ဘီကေကေကို ဆက်သွားချင်တယ်
ဆိုခဲ့ရင်တော့ သုံးနာရီကျော်မျှသာ ကြာမှာပါ ခင်ဗျာ၊
အဲဒီ လမ်းခရီးလောက်ကို တောင်ပတ် မြောက်ပတ်နဲ့
မိုင်ပေါင်းများစွာ သို့တည်းမဟုတ် ကောင်းကင်ပြင်ကနေ ပျံသန်းသွားခဲ့ရ တာမျိုးတွေ နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီ၊
ခရီးသွားခြင်းကို အနုပညာတခုကဲ့သို့ သဘောထားချင်တဲ့ မောင်ရင်ငတေလို လူစားမျိုးတွေ
အတွက်ကတော့ အတားအဆီးမဲ့ သွားနိုင်ခွင့်ကို တောင်းဆိုချင် တာကတော့ မမှားနိုင်ပါဘူး၊
လွတ်လပ်ခြင်းအပြည့်နဲ့ ခရီးသွားခြင်း အနုပညာကို ဖန်တီးနိုင်ကြပါစေ၊
မောင်ရင်ငတေ ၂၈၀၅၂၀၁၅