ပါရီအီဖယ်အချိုးအစား
၁၈၈၉ ခုနှစ်မှာ ပြင်သစ်ပြည်
ပါရီမြို့မှာရှိတဲ့ အီဖယ်မျှော်စင်ကြီးကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းမှာ အီဖယ်မျှော်စင်ကြီးရဲ့
အနုပညာ လက်ရာမြောက်မှု ဗိသုကာပညာ ပြည့်ဝမှု လှပခံ့ငြားမှုများကြောင့် တခြား တခြားသော နိုင်ငံများမှ
အီဖယ်မျှော်စင်ကို ကြိုက်နှစ်သက်ကြသော သူများက သူတို့ အရပ် သူတို့ ဒေသတွေမှာလည်း အီဖယ်မျှော်စင်
ပုံစံတူများကို ဆောက်လုပ်လာခဲ့ကြပါတယ်၊ မူရင်းပါရီရဲ့ အီဖယ်က ၃၂၄ မီတာ မြင့်ပြီး လေးဘက်လေးတန်
အောက်ခြေတိုင်များက လွဲလို့ သံမဏိများနဲ့သာ
ဖွဲ့စည်းတည်ဆောက်
ထားတာပါ၊ မူလပထမ တည်ဆောက်ခဲ့စဉ်က ယာယီသဘောနဲ့ ပြပွဲကာလမှာ ဖြစ်ပေါ်တိုးတက်လာနေတဲ့ သံမဏိနဲ့
စက်မှုနည်းပညာကို ပြသဖို့သာ ရည်ရွယ်ခဲ့ပေမယ့် ပြပွဲ စတင် ခဲ့ပြီး တလအတွင်းမှာ ပါရီအီဖယ်ပေါ်ကို
အခကြေးငွေပေးပြီး တက်ရောက် လေ့လာခဲ့ကြသူတွေက မမျှော်လင့်လောက်အောင်ဘဲ များပြားခဲ့တာကြောင့်
ဒီကနေ့ ခေတ်ထိ နှစ်ပေါင်း ၁၂၀ ကျော်ကြာထိ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်၊ ဒီမျှော်စင်ပေါ်တက်ဖူးချင်တဲ့သူတွေ
များပြားလွန်းလို့ တနှစ်ပတ်လုံးမှာ ပိတ်ရက်မရှိ ဖွင့်ထားပါတယ်၊ မျှော်စင်ထိပ် အပေါ်ဆုံး
သုံးထပ်အထိ တက်ရောက်ချင်တယ် ဆိုရင် တယောက်ကို ၁၄ ယူရို ပေးရမှာဖြစ်ပြီး အခုလို ဥရောပရဲ့
နွေရာသီကာလ မျှော်စင်ပေါ်တက်ရဖို့ကို တန်းစီနေသူတွေ မျှော်စင်အောက်မှာ များပြားစွာ တွေ့မြင်ရမှာ
ဖြစ်ကြောင်းပါ၊ စောင့်ဆိုင်းရချိန်က တနာရီကျော် နှစ်နာရီမက ကြာနိုင်ကြောင်းပါ၊ မျှော်စင်မှာ
အထပ်သုံးထပ် ပါဝင်ပြီး ၅၇ မီတာမြင့်တဲ့ ပထမထပ်မှာ လူပေါင်း ၂၅၀၀ ခန့် ဆန့်ပါတယ်၊ ဒုတိယထပ်ကတော့
၁၁၅ မီတာ အမြင့်မှာရှိပြီး လူ ၁၆၀၀ ကျော်ခန့် ဆန့်ပါတယ်၊ ၂၇၆ မီတာ မြင့်ပြီး ၃၅၀ စတုရန်းမီတာ
ကျယ်တဲ့ တတိယအထပ်မှာ လူလေးရာခန့် ဆန့်ပါတယ်၊ ကောလဟာလ သတင်းတွေအရ ပါရီအီဖယ်ရဲ့ တတိယထပ်
အပိုင်းကို ရုရှား ခရိုဏီလက်သစ် တယောက်ဆီမှာ ရောင်းချထားတယ် ဆိုတာပါ၊ သက်ဆိုင်ရာ မြို့တော်ဝန်
ကတော့ အကြောက်အကန် မမှန်ကန်ကြောင်း ငြင်းဆို ထားပါတယ်တဲ့၊ ထုံးစံပါပဲပေါ့နော်၊ ရုရှားက
ခရိုဏီလက်သစ်တွေဟာ ပါရီအီဖယ်ကို ဝယ်နိုင်တာ မဝယ်နိုင်တာကို သေသေချာချာ မသိနိုင်ပေမဲ့
ယူရို သုံးဆယ်တန် ရှန်ပိန်တပုလင်းကို ယူရို ခုနှစ်ရာ ရှစ်ရာ လူအထင်ကြီး ခံရမလားဆိုပြီး
ပေးဝယ် သောက်နေတာကိုတော့
လက်တွေ့ရောင်းချရသူ ရွှေပြည်တော်သားတဦးက ပြောဆိုရှင်းပြခဲ့တာကို
မှတ်မှတ်သားသား ဖြစ်မိရပါတယ်၊
(မှတ်ချက် ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အီဖယ်မျှော်စင် ထိပ်ဆုံးသို့ တက်ချင်ရင်တော့ ၁၅ ယူရိုခွဲ ပေးတက်ရတော့မှာ ဖြစ်ကြောင်းပါ၊ ဒီမျှော်စင်ကြီးပေါ်ကို လူတွေလူတွေ တက်နေကြတာ ဘယ်နှစ်သန်း ရှိခဲ့ပြီဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်၊ မောင်ရင်ငတေ တွေ့ရတာတော့ အတက် ဓါတ်လှေခါးမှာ ရေးထားတာ လူ ၅၆ ယောက် ဆန့်ပါတယ်တဲ့၊ တခါတက် ၅၆ ယောက် အမြောက် ၁၅ ယူရို ဆိုတော့ကာ အကြမ်းဖျင်းအားဖြင့် ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ တွက်သာတွက်ကြည့်ကြပါတော့၊ တနေကုန် လေးဘက်လေးတန်က ဓါတ်လှေခါးတွေ တလှည့်ဆီ ဆင်းလိုက်တက်လိုက် လုပ်နေတာကိုတော့ မြင်သာပါတယ် ခင်ဗျာ၊)
(မှတ်ချက် ၂၀၁၅ နှစ်ဆန်းပိုင်းကစပြီး အီဖယ်မျှော်စင် ထိပ်ဆုံးသို့ တက်ချင်ရင်တော့ ၁၅ ယူရိုခွဲ ပေးတက်ရတော့မှာ ဖြစ်ကြောင်းပါ၊ ဒီမျှော်စင်ကြီးပေါ်ကို လူတွေလူတွေ တက်နေကြတာ ဘယ်နှစ်သန်း ရှိခဲ့ပြီဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်၊ မောင်ရင်ငတေ တွေ့ရတာတော့ အတက် ဓါတ်လှေခါးမှာ ရေးထားတာ လူ ၅၆ ယောက် ဆန့်ပါတယ်တဲ့၊ တခါတက် ၅၆ ယောက် အမြောက် ၁၅ ယူရို ဆိုတော့ကာ အကြမ်းဖျင်းအားဖြင့် ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ တွက်သာတွက်ကြည့်ကြပါတော့၊ တနေကုန် လေးဘက်လေးတန်က ဓါတ်လှေခါးတွေ တလှည့်ဆီ ဆင်းလိုက်တက်လိုက် လုပ်နေတာကိုတော့ မြင်သာပါတယ် ခင်ဗျာ၊)
La drôle de dame de fer ပါရီမြို့ကအီဖယ်မျှော်စင်
ပါရီအီဖယ်မျှော်စင်ဟာ တည်ဆောက်ပြီးစီးခဲ့တဲ့ အချိန်ကစလို့ နောက်နှစ်ပေါင်း လေးဆယ် ၁၉၃၀ ခုနှစ်ထိတိုင်အောင် ကမ္ဘာ့မှာ အမြင့်မားဆုံး အဆောက်အဦတခု ဖြစ်ခဲ့တာပါ၊ အီဖယ်မျှော်စင်ပေါ်ကို ရောက်ခဲ့ဖူးသူ အရေအတွက်ကတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ သန်းသုံးရာပြည့်မယ်လို့ တွက်ထား ကြပါတယ်၊ အခုထိတော့ သန်း ၂၅၀ ကျော်ခဲ့ပြီလို့ မှတ်တမ်းများမှာ ရေးသားထားပါတယ်၊ သုံးလေး ငါးခေါက် တက်ရောက်ဖူးသူတွေ အီဖယ်မှာ အလုပ်လုပ်နေသူတွေရဲ့စာရင်းပါ အဲဒီမှတ်တမ်းများမှာ ပါဝင်နေတာလားကတော့ မှတ်တမ်းရေးသူများတောင်မှ သိပါလေစ၊
ပါရီမြို့ကအီဖယ်မျှော်စင်ထိပ်ဖျား
တကမ္ဘာလုံးမှာ အီဖယ်မျှော်စင်ပုံတူ
အခု ၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်၊ တချို့သော မျှော်စင်များ ကတော့ ထပ်တူထပ်မျှ ပုံစံရော
အချိုးအစားပါ တူအောင် ဆောက်လုပ်ထားကြပြီး တချို့ကတော့ ဆောက်လုပ်ပုံ နည်းစနစ်သာ တူညီကြတာပါ၊
ကမ္ဘာပေါ်မှာ အဲဒီလိုမျိုး အီဖယ်မျှော်စင် ပုံစံတူများ ရှိနေသလို ပါရီမြို့နဲ့ အမည်တူ
မှည့်ခေါ်ထားတဲ့ မြို့ကလေးများလည်း ၃၀ ကျော်ခန့် ရှိပါတယ်တဲ့၊ အများအားဖြင့်တော့ အမေရိကန်ပြည်မှာ
ရှိကြပါတယ်၊ အမေရိကန်နိုင်ငံ တဝှန်းမှာ ပါရီမြို့ အမည် မှည့်ခေါ်ထားကြခြင်းကတော့ အဲဒီခေတ်ကာလက
အမေရိကကို ပြောင်းရွှေ့ အခြေဆိုက် နေထိုင်ခဲ့ ကြသူတွေ အများစုက ဥရောပတိုက်သား အင်္ဂလိပ်တွေ
ပြင်သစ်တွေ ဂျာမန်တွေ ဒတ်ခ်ျလူမျိုးတွေ အများစုပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဥရောပကုန်းမကြီးပေါ်က
အမေရိကမြေကို ပြောင်းရွှေ့ခဲ့ပြီး အခြေစိုက် နေထိုင်ကြခဲ့သောသူတွေဟာ မိမိရောက်ရှိနေထိုင်ရာ
နယ်မြေဒေသသစ်တွေကို အမည် မှည့်ခေါ်ကြရာမှာ မူလလက်ဟောင်း မိမိနေထိုင်ခဲ့ရာ ဒေသတွေကို
သတိတရ ဖြစ်ပြီးတော့ အဲဒီလို ပါရီမြို့ ဆိုပြီးတော့ အမှတ်ရ မှည့်ခေါ်ခဲ့ကြတာကြောင့် ဒီကနေ့
အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တိုင်း မှာလိုလို ပါရီမြို့နဲ့ အမည်တူမြို့များ ပေါ်ထွန်းလာခဲ့ရခြင်းပါ၊
Eiffel
tower, Michigan, USA
အမေရိကန်ပြည်နဲ့ ကနေဒါနယ်စပ်
အနီးက Michigan ပြည်နယ်မှာ ရှိတဲ့ Paris Township လို့ခေါ် ဆိုကြတဲ့ မြို့ကလေးမှာတော့
လူဦးရေ ၅၀၀ ကျော်သာ နေထိုင်ပါတယ်၊ အဲဒီ မြို့ကလေးမှာလည်း ပေနှစ်ဆယ်မျှသာ မြင့်မားတဲ့
အီဖယ်တာဝါ သေးသေးလေးတခု ရှိနေပါတယ်၊ ၁၉၈၀ ခုနှစ် နောက် ပိုင်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်၊
ဒီ မျှော်စင်ပိစိလေးက မောင်ရင်ငတေ စိတ်မှာတော့ အချိုးအစား ကျန လှပတယ်လို့
တွေးမိပါတယ်၊
København
Zoo tårn
ဒိန်းမတ်နိုင်ငံ မြို့တော်
ကိုပင်ဟေဂင်မှာလည်း အီဖယ်မျှော်စင်တခု ရှိပါတယ်၊ ပါရီကအီဖယ်နဲ့တော့ သိပ်တော့မတူပေမယ့်
အီဖယ်ပုံတူ အုပ်စုစာရင်းထဲမှာ ပါဝင်ပါတယ်၊ ၁၈၅၉ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့တဲ့ ဥရောပမှာ
ရှေးအကျဆုံးသော ကိုပင်ဟေဂင် တိရစ္ဆာန်ရုံဝန်းထဲမှာ ရှိပါတယ်၊ Copenhagen Zoo Tower လို့
ခေါ်ဆိုကြတဲ့ အမြင့်ပေ ၁၄၇ ပေရှိတဲ့ ထိုမျှော်စင်ကြီးကို ၁၉၀၅ ခုနှစ်မှာ ဆောက် လုပ်ခဲ့ပြီး
သစ်သားနဲ့ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်တခု ဖြစ်ပါတယ်၊ မောင်ရင်ငတေ မျက်လုံးထဲမှာတော့
အီဖယ်ပုံတူတွေထဲမှာ ရုပ်အဆိုးဆုံးပုံစံမကျဆုံးလို့သာ ထင်မိပါတယ်၊ ဒိန်းမတ်
ပြည်မှာနေတဲ့ ဒိန်းမတ်သူ
ဒိန်းမတ်သားတွေကလည်း သဘောတူနိုင်လိမ့်မယ်လို့ ထင်မိကြောင်းပါ၊ ပါရီအီဖယ်နဲ့က အောက်ခြေပိုင်းတော့
တူညီပါတယ်လို့ ဆိုကြပါတယ်၊ အဲဒီမျှော်စင်ရဲ့ ထူးခြားချက် ကတော့ မျှော်စင်တခုလုံးကို
သစ်သားနဲ့ ဖွဲ့စည်းတည်ဆောက် ထားခြင်းပါ၊ အဲဒီမျှော်စင် တည်ရှိရာ တိရစ္ဆာန်ရုံကို နှစ်စဉ်နှစ်တိုင်း
လာရောက်လည်ပတ်သူပေါင်း တသန်းကျော် ရှိပါတယ်တဲ့၊ ဒိန်းမတ် နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက်
အရေးကြီးတဲ့ နေရာဒေသတခု ဖြစ်ပြီး တိရစ္ဆာန်မျိုးကွဲပေါင်း ၂၅၀ လောက်နဲ့ အကောင်ရေ သုံးထောင့်ငါးရာကျော်
ရှိပါတယ်၊
Eiffel
Tower, Window of the World, Shenzhen,China
ပါရီအီဖယ်နဲ့ လုံးဝနီးပါးမျှ
ပုံစံတူအောင် တည်ဆောက်ထားတဲ့ မျှော်စင်ကတော့ တရုတ်ပြည်မကြီး ဘက်အခြမ်း ဟောင်ကောင်မြို့
အနီးက Shenzhen မြို့မှာ ရှိပါတယ်၊ အဲဒီဒေသဟာ စက်မှုဇုံတွေနဲ့ စည်းကားလာခဲ့ပြီးနောက်
ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့ဆိုပြီး Window of the World အပန်းဖြေ ဥယျာဉ်ကြီးကို
ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်က ထင်ပေါ်ကျော်ကြားတဲ့ အဆောက်အဦး ၁၃၀ ကျော်ကို ထည့်သွင်း
တည်ဆောက်ခဲ့ပါတယ်၊ အဲဒီ အရပ်ဒေသမှာ မူလလက်ဟောင်း အထိမ်း အမှတ်အဖြစ် ပြသစရာတွေ များများစားစား
မရှိလို့များလားလို့ မောင်ရင်ငတေ တွေးနေမိရပါတယ်၊ ပါရီအီဖယ်နဲ့ ပုံစံတူရုံမျှမက ပါရီအီဖယ်အနီးအနားမှာ
တည်ရှိနေတဲ့ အခြားအဆောက်အဦများကိုပါ ထည့်သွင်း ဆောက်လုပ်ထားခြင်းပါ၊ အချိုးအစားကတော့
ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးရှိပြီး အမြင့်ပေ သုံးရာ့ငါးဆယ်လေးပေ ရှိပါတယ်၊ အခြား
ကျော်ကြားထင်ရှားတဲ့ နေရာပုံစံတူများကတော့ အီဂျစ်ရဲ့ ပိရမစ်များ အိန္ဒိယ တပ်ခ်ျမဟာ အပါအဝင်
တခြား ကမ္ဘာအရပ်ရပ်က ထင်ရှားတာတွေ အကုန်နီးပါး ပါဝင်ပြီး ထူးထူးခြားခြား တွေ့ရတာကတော့
မောင်ရင်ငတေတို့ရဲ့ ရွှေမြို့တော်ဟောင်းက နှစ်ပေါင်း ၂၆၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့
ရွှေတိဂုံဘုရား ပုံစံတူပါ ပါရှိကြောင်းပါ၊
Eiffel
Tower of Tiandu City Community, Hangzhou, China
တရုတ်ပြည်မှာ အခြားသော
ပုံတူ အီဖယ်မျှော်စင်များလည်း ရှိပါသေးတယ်၊ ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ လောက်အကွာမှာ
Hangzhou ခေါ်တဲ့ တရုတ် ရှေးဟောင်း မြို့ကြီးတမြို့ ရှိပါတယ်၊ ၁၃ ရာစု အကုန်ပိုင်းက
Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) ရောက်ရှိခဲ့တဲ့ မြို့လို့ ဆိုကြပါတယ်၊ အဲဒီ ရှေးဟောင်းမြို့ရဲ့
မြို့စွန်မှာ Tiandu Cheng ရပ်ကွက်သစ်ကြီး တခုရှိပါတယ်၊ အဲဒီရပ်ကွက်သစ်ကို ပါရီမြို့က
နာမည်ကျော် အဆောက်အဦ ပုံစံတူတွေ သာမက လမ်းတွေ တိုက်တွေ ပန်းခြံလေးတွေ ကစားကွင်းလေးတွေကအစ
ပုံစံတူတွေ ဖန်တီးထားပါတယ်၊ မိတ်အင်ချိုင်းနားဆိုတာက ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းတွေသာမက
မြို့တမြို့ကိုပါ ပုံစံတူ ဖန်တီးထား နိုင်ခြင်းပါ ခင်ဗျာ၊ ဝမ်းနည်း ရမှာလား ဝမ်းသာရမှာလား
ဆိုတာကတော့ တကယ့်ကို ပါရီဇီယန် ပါရီမြို့သားစစ်စစ် တယောက်နဲ့ တွေ့ရရင်တော့ မောင်ရင်ငတေ
မေးကြည့်လိုက်ပါအုံးမယ်၊ အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူး၊ ဘာလို့လည်းဆိုတော့ ခပ်တည်တည်နဲ့
ပါရီဇီယန်ယောင် ဆောင်ထားတဲ့သူတွေက မောင်ရင်ငတေ တို့လို ကောင်မျိုးတွေ ပိုများနေတာ မဟုတ်ပါလား၊
ပါရီဇီယန် စစ်စစ် ဆိုတာကလည်း မန္တလေးသား စစ်စစ် ဆိုတာထက်တောင် ရှားပါးကုန် ဖြစ်နေပါပြီ၊
Tiandu
Cheng, Sky Capital City in the far suburban outskirts of Hangzhou
အဲဒီ Tiandu
Cheng ရပ်ကွက်ကြီး သို့မဟုတ် မြို့လေးတမြို့လောက် အရွယ်အစားရှိတဲ့ နေရာမှာ ၃၅၄ ပေ အမြင့်ရှိတဲ့ (Shenzhen အီဖယ်ကလည်း ဒီအမြင့်ပါဘဲ)
အီဖယ်မျှော်စင်အပါအဝင် ပါရီမြို့ ပုံတူကို ၂၀၀၇ ခုနှစ်က စတည်ခဲ့တာပါ၊ ရှန်ဟဲမြို့ကနေ
နေ့ချင်းပြန်ခရီး သွားလည်လို့ ရပါတယ်တဲ့၊ ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ကြီးရဲ့
ချမ်းသာကြွယ်ဝမှုနဲ့ အရှိန်အဝါကြီးမား လာမှုကို ပြသနိုင်ဖို့ရယ်နဲ့ ချမ်းသာတဲ့ တရုတ်
လူတန်းစားတွေ မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့အထိ သွားစရာမလိုပါဘဲနဲ့ လုပ်ရင်းကိုင်ရင်း
နေရင်းထိုင်ရင်း ဥရောပ လူနေမှုစရိုက်ကို သိရှိနိုင်စေရန်လို့ ဒီလို တရုတ်ပါရီ စီမံကိန်းကို
ဆောက်လုပ်တဲ့ လုပ်ငန်းရှင်ကြီးက ရှင်းပြထားတာကိုလည်း မှတ်သား ဘွယ်ရာ သိရှိရပါတယ်ဗျာ၊
ဘယ်လိုဘဲဖြစ်ဖြစ် မောင်ရင်ငတေတို့လည်း ရှန်ဟဲမြို့ကို ရောက်ရှိခဲ့ရင် မသွားမဖြစ်သွားရမယ့်
တနေရာလို့ သတ်မှတ်ထားရမှာပေါ့နော်၊ အဲ တရုတ်ပါရီမြို့လေးမှာ လူဦးရေ တသောင်းလောက် ချောင်ချောင်ချိချိ
နေနိုင်ပါတယ်တဲ့၊ တရုတ် လူငယ်ကလေးတွေရဲ့ ပေါ်ပြူလာ ဟန်းနီးမွန်း အိပ်မက် နေရာတနေရာလည်း
ဖြစ်နေပါပြီ၊ အဲဒီ တရုတ် ပါရီမြို့လေးနဲ့ မနီးမဝေးမှာဘဲ လစ်တဲလ် လန်ဒန်ခေါ် Thames
Town ဆိုတဲ့ မြို့လေးကိုလည်း တည်လို့ပြီးပါပြီ၊ အီတလီစတိုင်လ် ဂျာမန်စတိုင်လ် မြို့တွေလည်း
ရှိနေပါပြီလို့ ဆိုကြတဲ့အပြင် နောက်များမကြာခင်တော့ လစ်တဲလ် ဆယ့်ကိုးလမ်းတို့ လစ်တဲလ်
မောင့်လက်ပဒေါင်းတို့လို နေရာပုံတူတွေလည်း မပေါ်လာနိုင်ဘူးဆိုပြီး
အင်္ဂလန်ဘလက်ပူးအီဖယ်
Blackpool Tower
၁၈၈၉ ခု မတ်လ ၃၁ ရက်နေ့မှာ
တရားဝင် စတင်ဖွင့်ခဲ့တဲ့ အီဖယ်မျှော်စင် ဖွင့်ပွဲနဲ့အတူ တပြိုက်နက် ပြုလုပ်ခဲ့တဲ့ Exposition
Universelle de Paris ပွဲတော်ကိုလာရောက်ကြည့်ရှုခဲ့တဲ့ အင်္ဂလန်နိုင်ငံက Blackpool မြို့တော်ဝန်နဲ့အဖွဲ့ဟာ Blackpool မြို့ကို ပြန်ရောက်ပြီးတဲ့ အခါမှာ Blackpool
Tower ကို အီဖယ်မျှော်စင်နဲ့ တူအောင် ဆောက်လုပ်ခဲ့ပြီး ၁၈၉၄ ခုနှစ်မှာ အပြီးသတ် နိုင်ခဲ့ပါတယ်၊
ပါရီက အီဖယ်မျှော်စင်နဲ့ အဓိက ခြားနားချက်ကတော့ ဘလက်ပူးမျှော်စင်က အောက်အခံအဆောက်အဦး
တခုပေါ်မှာ ထပ်တင်ဆောက်ထားတာဖြစ်ပြီး ပါရီအီဖယ်ရဲ့ ထက်ဝက်ခန့် ၅၁၈ ပေကျော် မြင့်မားပြီး
ပါရီအီဖယ် အထက်ပိုင်းကိုဖြတ်ပြီး ဆောက်ထားတဲ့ပုံပါ၊ ဘလက်ပူးအီဖယ်က ဘလက်ပူးအပန်းဖြေ
ဥယျာဉ်ကြီးထဲမှာ တည်ရှိပါတယ်၊ ဘလက်ပူးမြို့ဆိုတာက အင်္ဂလန်ပြည်ရဲ့ အနောက်မြောက်ဒေသ လီဗာပူးမြို့
မန်ချက်စတာမြို့ တို့နဲ့ မိုင်သုံးဆယ်ကျော် လေးဆယ်သာ ကွာဝေးပြီး အိုင်းရစ်ပင်လယ် ကမ်းခြေက
သာယာလှပတဲ့ အပန်းဖြေ မြို့လေး တမြို့ပါ၊ ခရီးသွား လုပ်ငန်းတွေ အပေါ်မှာ အဓိက မှီခိုအားထားနေတဲ့
မြို့တမြို့ ဖြစ်သော်လည်း အခုအခါမှာတော့ တစတစကျဆင်းနေတဲ့ ဘလက်ပူး ခရီးသွားလုပ်ငန်းကို
ပြန်လည်မြှင့်တင်ဖို့ လုပ်နေရပါတယ်တဲ့၊ သူတို့တွေရဲ့ ကျဆင်းနေတဲ့ ခရီးသွား လုပ်ငန်းဆိုတာ
တနှစ်ကိုခရီးသည် ၁၇ သန်းကျော် လာနေတာကနေ ကျဆင်းလာတာကို ပြောတာ ဆိုတာကို သတိပြုမိဖို့ကိုတော့
လိုပါတယ်၊ လာမယ့် ၂၀၁၄ ခုနှစ်မှာ နှစ်ပေါင်း ၁၂၀ ပြည့်တော့မယ့် ဘလက်ပူးအီဖယ်နဲ့အတူ
အဲဒါကြီးကို လာရောက်ကြည့်ရှုကြမယ့် ခရီးသွားဦးရေ တိုးပွားလာအောင် သက်ဆိုင်ရာ ဘလက်ပူးအာဏာပိုင်များ
ဘယ်လိုလုပ်ကိုင်ကြမလဲဆိုတာက စိတ်ဝင်စားဘွယ်ရာပါ၊ မောင်ရင်ငတေတို့ရဲ့ ရန်ကုန်မြို့တော်
အဟောင်းကြီးကို စင်ကာပူထက် ပိုကျော်အောင် လုပ်ချင်တဲ့ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိပုဂ္ဂိုလ်ကြီးများကိုလည်း
မောင်ရင်ငတေ စရိတ်အကုန်အကျခံပြီး
လေ့လာရေးခရီးများ
ပို့ပေးချင်မိတာကတော့ စိတ်ကူးယဉ် တခုထက် ပိုမိုမိပါတယ်၊
Blackpool
Tower Theme park
(ဓါတ်ပုံများကို အင်တာနက်
ဂူဂဲလ်မှ ရှာဖွေထားခြင်းပါ)
(ဒုတိယပိုင်းဆက်ပါမည်) မောင်ရင်ငတေ ၂၃၀၈၂၀၁၃
Aucun commentaire:
Publier un commentaire