ငါမရှိတော့တဲ့နောက်
ငါ့ရင်ခွင်ထဲမှာ ငါဆိုတာမရှိတော့တဲ့နောက်
သုံးစွဲလို့မရနိုင်တော့တဲ့
ဘီယာဘူး အခွံတွေကျန်ရှိမယ်ဆေးလိပ်တို အစီခံတွေကျန်ရှိမယ်
အရက်ပုလင်း အလွတ်တွေကျန်ရှိမယ်
ထမင်းလုံး စားလက်စတွေကျန်ရှိမယ်
စာအုပ် ဖွင့်လျှက်သားတွေကျန်ရှိမယ်
ကဗျာ အကျိုးအပျက်တွေကျန်ရှိမယ်
စကားလုံး တဝက်တပျက်တွေကျန်ရှိမယ်
သီချင်းတီလုံး အဟောင်းနွမ်းတွေကျန်ရှိမယ်
ကြေမွနေတဲ့ ဒေါင်းအသည်းတခြမ်းကျန်ရှိမယ်
သုံးလို့မရတော့တဲ့ မှတ်ပုံတင်ဟောင်းနွမ်းနွမ်းတခုကျန်ခဲ့မယ်
သက်တမ်းမကုန်သေးတဲ့ အမြဲတမ်းနေထိုင်ခွင့်ကဒ်တခုကျန်ခဲ့မယ်မရေးဖြစ်တာကြာပြီဖြစ်တဲ့ ဒိုင်ယာရီအဟောင်းတအုပ်ကျန်ခဲ့မယ်
တိုလီမိုလီထည့်ထားတဲ့ ကျောပိုးအိတ်တပတ်ရစ်တလုံးကျန်ခဲ့မယ်
အကြွေးဝယ်လို့ရသေးတဲ့ ဘဏ်ကဒ်သေးသေးတကဒ်ကျန်ခဲ့မယ်
သုံးလို့ရိုက်လို့ရသေးတဲ့ ဆိုနီအယ်လ်ဖာကင်မရာတလုံးကျန်ခဲ့မယ်
ဖေ့ဘုတ်ခ်ပေါ်မှာတင်ထားတဲ့ မှတ်စုဓါတ်ပုံစာတချို့ကျန်ခဲ့မယ်
အချက်အလက်တွေမှတ်ထားတဲ့ တထောင်ဂျီဂါဟတ်ဒ်ဒစ်တချပ်ကျန်ခဲ့မယ်
နေမပူမိုးမရွာဆောင်းနေကျဖြစ်တဲ့ မြို့အမည်တွေရေးထားတဲ့ဦးထုပ်တွေကျန်ခဲ့မယ်
ငါ့ကိုအရမ်းသည်းညည်းခံခဲ့တဲ့ ငါ့မိတ်ဆွေရောင်းရင်းတချို့ကျန်ခဲ့မယ်၊
အဲဒီအချိန်မှာ
ငါဆိုတဲ့ငါကတော့ စကြဝဠာတနေရာမှာ
မတွေ့ရတာကြာပြီဖြစ်တဲ့
ငါ့သူငယ်ချင်းဟောင်းတချို့နဲ့
စကားလက်ဆုံကျနေပြီပေါ့၊
(ဂျင်းဘောင်းဘီအိတ်ကပ်ထဲက ဂလက်ဆီဟမ်းဖုန်းလေးတော့ ငါနဲ့အတူ ယူသွားခွင့်ပြုပါ)၊ ။။။။။
နိုင်ဦးညို(ဖိုးဇီးရိုး)
၂၅၀၇၂၀၁၂
Aucun commentaire:
Publier un commentaire