စပျစ်ဝိုင်
စပျစ်ဝိုင်နယ်မြေများကို
ဖြတ်သန်းခြင်း
** ဘဝထဲကလူသား ** * စပျစ်သီးခူးသမား ** * စာစုရဲ့ နောက်ဆက်တွဲ
* ** စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း ** ** စာစုများ ** ** *
မောင်ရင်ငတေ ကိုယ်တိုင် ခံစား ရေးသား မှတ်တမ်းတင်သည်၊
** ဘဝထဲကလူသား ** * စပျစ်သီးခူးသမား ** * စာစုရဲ့ နောက်ဆက်တွဲ
(တစ်)
ရှန်ပိန်နယ်ကို ဖြတ်သန်းခဲ့ခြင်း Vignoble de Champagne
ရှန်ပိန်မာစတာကြီး Dom Pérignon နှင့် (ဓါတ်ပုံ မရငတ) (Photo Nyan Win Paris)
ပြင်သစ်ပြည်ရောက်ရင် မသိမရှိ မဖြစ်တာတွေ အများကြီး အများကြီး ရှိပါတယ်၊
အတွေးအခေါ် စာကဗျာ ပန်းချီပန်းပုအနုပညာ
အဆောက်အဦးဗိသုကာ တည်ဆောက်မှု
အနုပညာ သမိုင်းကြောင်းနောက်ခံ ဘုရင်စနစ် လူ့အခွင့်အရေး တော်လှန်ရေး နိုင်ငံရေး
စီးပွားရေး ကြီးပွားရေး စိုက်ရေးပျိုးရေး စားရေးသောက်ရေး ကဖေး ဘား စားသောက်ဆိုင်
ရှေးရိုးအစဉ်အလာ ထိမ်းသိမ်းမှု အတတ်ပညာ တီထွင်ဆန်းသစ်မှု အစစအရာရာ
လေ့လာချင်စရာ အကြောင်းအရာတွေက များစွာ များစွာပါ၊
အဲဒီထဲမှာ အစားအသောက်နဲ့ စိုက်ရေးပျိုးရေး ကဏ္ဍတွေမှာ မပါမဖြစ် ထိပ်တန်းတနေရာ
ကနေ ပါဝင်နေတာက ဝိုင် ကော့ညက်နဲ့ ရှန်ပိန် ဆိုတာတွေပါ၊
ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်လို့ ဘယ်သူတွေက ဘယ်လိုပင်ဆိုဆို … ..
အဲဒီအရာတွေက လူ့လောက လူ့ယဉ်ကျေးမှု နေ့စဉ်ဘဝမှာ မရှိမဖြစ် ဆိုသလို ပါဝင်နေမြဲပါ၊

အထူးအဖြင့်တော့ သူတို့ အနောက်တိုင်းသားတွေ အတွက်ပေါ့၊
စပျစ်ခူးသမားဟောင်း မောင်ရင်ငတေကတော့
နေ့စဉ် ဆေးဖြစ်ဝါးဖြစ် ဝိုင်နီလေး
တခွက်နှစ်ခွက်ကို အပျင်းပြေ သောက်မိတိုင်း စပျစ်ဝိုင် စိုက်ပျိုးခင်းတွေရှိရာကို
အတွေးစိတ်ကူးနဲ့ ရောက်ဖြစ်နေကြပါ၊
အဲဒီ အတွေမျိုးတွေက မောင်ရင်ငတေတင်လား .. ……. မဟုတ်နိုင်ပါဘူး၊
နေ့စဉ် ဝိုင်သောက်သုံးမှု စစ်တမ်းတခုမှာ ဖတ်ရှုခဲ့ဖူးတာလေး ထည့်ပြောရရင် ဒီကနေ့
စာရင်းဇယားတွေအရ အများဆုံး ဝိုင် သောက်သုံးကြသူများဟာ အီတလီ ဗာတီကန်က
ဘုန်းတော်ကြီးများ ဖြစ်ကြပါတယ် တဲ့၊ ဒါကြောင့် သူတို့တတွေလည်း နေ့စဉ် စိတ်ကူးနဲ့
ဝိုင်စိုက်ခင်းထဲ ရောက်ချင်ရောက်နေကြမှာပါ၊

အဲသလို အတွေးစိတ်ကူးတွေထဲက
စပျစ်ရှန်ပိန် စိုက်ခင်းတွေရှိရာဆီသို့ ဒီတခေါက်
ခရီးထွက်ရင်းနဲ့ ရောက်ဖြစ်ခဲ့တာပါ၊ အဲဒီ စိုက်ခင်းတွေက မောင်ရင်ငတေအတွက်
ရင်းနှီးပြီးသာလို့လည်း ပြောနိုင်ပါ တယ်၊
သက္ကရာဇ် နှစ်ထောင့် သုံးလေးငါးခုနှစ်များဆီက စပျစ်ခူးသမားဘဝနဲ့ ရောက်ရှိခဲ့ဖူးတဲ့
နေရာ ဒေသတွေပါ၊ စပျစ်စိုက်ခင်းတွေဆီကိုသာမက နာမည်ကျော် Moët & Chandon ရှန်ပိန်
လုပ်ငန်းရဲ့ ရုံးချုပ်နဲ့ ပြတိုက် ရှိရာသို့လည်း ရောက်ခဲ့ပါတယ်၊
၂၈ ကီလိုမီတာ ရှည်လျှားပါတယ်ဆိုတဲ့ ဝိုင်လှိုဏ်ဥမင် မြေတိုက်ခန်းကြီးထဲကိုတော့
အချိန်နောက်ကျသွားလို့ ဝင်ချိန်မရခဲ့ပါဘူး၊

La Maison Moët & Chandon
(ဓါတ်ပုံ မရငတ)
Epernay အေပီရ်နေးမြို့ အခြေစိုက် Moët & Chandon ရှန်ပိန်လုပ်ငန်းကို စတင်
တည်ထောင်ခဲ့သူ ဂျာမန် နွယ်ဖွား Claude Moët (1683–1760) နဲ့ မြေးဖြစ်တဲ့သူ Jean-Rémy
Moët (1758–1841) တို့ရဲ့ ရုပ်တုတွေကိုတော့ Moët & Chandon လုပ်ငန်း တည်ရှိရာ
အဆောက်အဦး ဝင်းထဲမှာ စိုက်ထူထားတာကို မတွေ့မြင်မိရပါဘူး၊
Pierre Dom Pérignon
(1639-1715) (ဓါတ်ပုံ မရငတ)
ခြံထောင့် တနေရာမှာ စိုက်ထူထားရှိတဲ့ ရုပ်ထုကတော့ သူတို့ရဲ့ နာမည်ကျော် ရှန်ပိန်
အမည်လည်း ဖြစ်သလို ရှန်ပိန်ချက်လုပ်ခြင်းနည်းပညာများကို မြှင့်တင်ပေးသွားခဲ့သူ
ဘုန်းတော်ကြီး Pierre Dom Pérignon (1639-1715) ရဲ့ ပုံတူ ရုပ်တုပါ၊
ဒီဘုန်းတော်ကြီးရဲ့ ရှန်ပိန်ချက်လုပ်ခြင်း ဖော့ဆို့ဆို့ခြင်း ပုလင်းသွပ်ခြင်း စပျစ်အမျိုးအစား
စပျစ်စိုက်ပျိုးခြင်း နည်းပညာတွေကြောင့် နှစ်ပေါင်းများစွာခံနိုင်တဲ့ တန်ဖိုးကြီး နှစ်ချို့
ရှန်ပိန်လုပ်နည်းစနစ်တွေ တိုးတက်ထွန်းကားလာတာပါ၊
လွယ်လွယ်နဲ့ ပြောရရင် Œnologie ခေါ်ကြတဲ့ ဝိုင်ဗေဒ ဘာသာရပ်ပေါ့၊
အဲဒီ ဘာသာရပ်ကတော့ လူသိနည်းတဲ့ ဘာသာရပ် ဖြစ်သလို မောင်ရင်ငတေတို့ရဲ့
ရွှေပြည်တော်သားတွေထဲမှာတော့ ဒီဘာသာရပ်နဲ့ ကျောင်းပြီးတယ်ဆိုပြီး မကြားမိဖူးသေးပါဘူး၊
မောင်ရင်ငတေကလည်း ဝိုင်ကိုသာ ချဉ်ချဉ်တူးတူး သောက်တတ်တာ ဖြစ်ပေမယ့်
ဝိုင်ဗေဒကိုတော့ နကန်းတလုံး နားမလည်ကြောင်းပါ၊
ဝိုင်ဗေဒဘာလဲဆိုတာ မသိပေမယ့် Master of Wine ဆိုတာကြီးကိုတော့
ရည်မှန်းလို့
ရနိုင်ပါတယ်၊ ပြင်သစ်မှာတော့မဟုတ်ပါဘူး၊ အင်္ဂလန်က လန်ဒန်မှာ Institute of Masters of
Wine ဆိုတာရှိပြီး ဝိုင်ကိုယ်တွေ့ ဖြစ်ရပ်မှန်တွေ သိနားလည်မယ် ဆိုခဲ့ရင် အဖွဲ့ဝင်ဖြစ်နိုင်
Masters of Wine ဖြစ်နိုင်ပါတယ်၊
မောင်ရင်ငတေ့အတွက် ခက်နေတာက မောင်ရင်ငတေ အမှန်တကယ် သောက်သုံး
ဖူးတာက ဈေးခပ်ပေါပေါ ဝိုင်တွေပါ၊ ဈေးနှုန်းမြင့်မားလှတဲ့ ခရိုဏီဝိုင်တွေ အကြောင်းကိုတော့
မောင်ရင်ငတေ ဝင်ရောက် ဒူးတိုက် မဆွေးနွေးနိုင်ကြောင်းပါ၊
ဒါပေမယ့် မောင်ရင်ငတေတို့လို ကောင်တွေ သောက်သုံးနေကြ နံပတ်ဝမ်းအဆင့်
လက်ရွေးစင်ဝိုင်တွေရဲ့ ဝိုင်ဗေဒနဲ့ ဈေးကွက် တည်ရှိပုံ အကြောင်းတွေကိုတော့
မောင်ရင်ငတေ ဒူးတိုက်တင်မကပါဘဲ ခေါင်းပါတိုက်ပြီး ဆွေးနွေးနိုင်ကြောင်းပါ ခင်ဗျာ၊

မိုအေ့တ် တည်ထောင်သူ Claude Moët (1683–1760) နဲ့
သူရဲ့ မြေးဖြစ်တဲ့သူ
Jean-Rémy Moët တို့ မြေးအဖိုးတတွေဟာ သူတို့ခေတ်က အုပ်စိုးသူဘုရင်များဖြစ်ကြတဲ့

Louis XV လူဝီ ၁၅ (၁၇၁၀-၁၇၇၄) Napoléon Bonaparte နပိုလီယံဘိုနာပတ်
(၁၇၆၉-၁၈၂၁) တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ စီးပွားဖက်များ ဖြစ်ခဲ့ကြသူတွေပါ၊
ဘုရင့် ဆွေတော်မျိုးတော်တွေရဲ့ ဝိုင်းဝန်းချီးမြောက်မှုတွေကြောင့် မိုအေ့တ်
ရှန်ပိန်လုပ်ငန်းကြီးကလည်း ပိုမိုကြီးပွား တိုးတက်ခဲ့တယ်ဆိုရင် မမှားပါဘူး၊
ပြင်သစ်ဘုရင် အသိုင်းအဝိုင်း မကပါဘူး၊ ကမ္ဘာတဝှမ်းက သုံးနိုင်ဖြုန်းနိုင်တဲ့ ရှင်ဘုရင်
အသိုင်းအဝိုင်းရဲ့ ဖြုန်းအား တွေကြောင့် မိုအေ့တ် ရှန်ပိန်လုပ်ငန်းကြီးက အဆမတန်
ကြီးထွားလာတာပါ၊
မင်းတုန်းတို့ သီပေါတို့ ရွှေပြည်တော်က မင်းကိုယ်စားလှယ် သံကြီးတမန်ကြီး
ကင်းဝန်မင်းကြီးတောင်မှ မိုအေ့တ်ရဲ့ ရှန်ပိန် မြည်းစမ်းသွားဖူးလိမ့်မယ်လို့ မောင်ရင်ငတေ
ယုံကြည်ထင်မိရကြောင်းပါ၊

Epernay စပျစ်ရွာ
သို့မဟုတ် ရှန်ပိန်ရွာ အဝင်ဝက စပျစ်ခင်းများ (ဓါတ်ပုံ မရငတ)
စပျစ်ရာသီ မစခင်ဆိုတော့ မတ်လဆန်းဆိုတော့ စပျစ်ခင်းများကလည်း ဒီလိုမျိုး
လွမ်းစရာကောင်း နေပြန်ပါရော၊ အရွက်တွေ အညွှန့်တွေ စိမ်းစိမ်းစိုစို မတက်ခင်မှာ
ငုတ်တိုင်တွေပြန်စိုက် သံကြိုးတွေ ပြန်ချည်နှောင် နေတုန်းကပေါ့၊
မနှစ် ၂၀၁၄ မတ်လမှာ သူငယ်ချင်းတယောက်ကောင်းမှုနဲ့ ဒီနယ်ကို
ဖြတ်သန်းသွားခွင့် ရရှိခဲ့စဉ်က
အလွမ်းပြေ ခဏနားနေခိုက် မှတ်တမ်းတင်ခဲ့တာပါ၊
စပျစ်ခူးတဲ့ရာသီ သြဂတ်စ်ကုန် စက်တင်ဘာလဆန်း ဆိုရင်တော့ စိမ်းမှောင်နေတဲ့
စပျစ်ခင်းတွေကို တွေ့မြင်ရမှာပါ၊

အရိုးဂေါက်ဂက်ပုံစံ ဒီစပျစ်ခင်းတွေကြား လမ်းလျှောက် မှတ်တမ်းတင်ရင်း မောင်ရင်ငတေ
ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူးပါတဲ့ စပျစ်သမိုင်း မှတ်တမ်းထဲက စကားတခွန်းကို ပြန်လည်လို့
သတိရမိလာပါတယ်၊
Epernay စပျစ်ရွာ
သို့မဟုတ် ရှန်ပိန်ရွာ အဝင်ဝက စပျစ်ခင်းများ (ဓါတ်ပုံ မရငတ)
ပြင်သစ်စစ်ဘုရင်ကြီး Napoléon Bonaparte နဲ့ ရုရှားအင်ပါယာကြီးတို့ရဲ့ စစ်ရေး အားပြိုင်မှုနောက် .. . . . . . . . . . . . . …… . ……. .. . …… . . . ………….. . . . . …. .. . . .. .. …. . . ……. …..
နပိုလီယံဘုရင် စစ်ရှုံးအပြီးမှာတော့ စစ်နိုင်သူ ရုရှားနဲ့ အပေါင်းအပါ
စစ်သားတွေက
စစ်နိုင်သူတွေရဲ့ အကျင့်အတိုင်း မိုအေ့တ်တို့ရဲ့ စပျစ်ခင်းများအလုပ်ရုံများကို ဖျက်နိုင်သမျှ
ဖျက်စီးခဲ့ကြပြီး သိုလှောင် ထားရှိသမျှသော ရှန်ပိန် ပုလင်းပေါင်း လေးငါးခြောက်သိန်းကို
အလကား သောက်သုံးသွားခဲ့ကြလို့ . .. . . .. . . . . .. .. ... . . ..
. .. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ....
အဲဒီလို မသထာရေစာ သောက်သုံးသွားခဲ့ကြတာကို …. .. …. ….. . Jean-Rémy
Moët ပြောခဲ့တဲ့ မှတ်ချက်စကားကတော့ . . . . . . . . . . . . . . . . . . . ဒီလိုပါ . . . . . . . . . .. . . . …. . . … …..

. . ….. . …. အဲဒီကောင်တွေ
ရုရှားစစ်သားတွေ ငါ့ရှန်ပိန်တွေ အခု အလကား
သောက်သွားပေမယ့် သိပ်ကြိုက်သွားလို့ နောင်တချိန်မှာ ပြန်လာ ဝယ်သောက်ရလိမ့်မယ်၊
ငါ့ ရှန်ပိန်တွေရဲ့ အကောင်းဆုံး အရောင်း မြှင့်တင်ရေးသမားတွေ ဖြစ်လာလိမ့်မယ်
ဆိုတာပါ၊ အလွန်တရာမှ မှန်ပါပေတယ် ခင်ဗျာ၊

ပြင်သစ်လူမျိုးတွေ နှစ်ဆယ်အစိတ်ပေးသောက်တဲ့ ရှန်ပိန် (မောင်ရင်ငတေကတော့
လုံးဝမကြိုက်၍ တခါဘူးမျှ ဝယ်မသောက်ဖူးပါ ခင်ဗျ) အမျိုးအစားတွေကို ခပ်အအ ခေတ်ပျက်
ဆိုဗီယက်ပျက် ရုရှား ခရိုဏီဆိုတဲ့ သကောင်သားတွေကတော့ ယူရိုငါးရာ တထောင်ပေး၍
သောက်ကြသူတွေရှိကြောင်းပါ ခင်ဗျာ၊
အဲလို သောက်သုံးကြသူတွေ များလာတာမို့ ရှန်ပိန်ဈေးကွက်က ပြောင်းလဲလို့ လာပါတယ်၊

ရှန်ပိန်စီးပွားရေး ဈေးကွက်ကတော့
အတော်လေးကို ရှုပ်ထွေးသလို အကျိုးအမြတ်က
ရရှိရင်လည်း မြိုးမြိုးမြက်မြက်လေး ရှိကြဟန်တူပါတယ်၊
အဲဒါကြောင့် ပိုပိုလျှံလျှံ ရှိကြတဲ့ ဝင်ငွေကောင်းကြသူများ Brad Pitt, Angelina Jolie, David
Beckham, Cliff Richard, Johnny Depp,Sting, Madonna, Olivia Newton-John တို့လို
နာမည်ကြီး အဆိုတော် ရုပ်ရှင်သရုပ်ဆောင် အားကစားသမားများစွာ တို့တွေလည်း

စီးပွားဖြစ် စပျစ်ဝိုင် ထုတ်လုပ်မှုတွေထဲမှာ ပါဝင် ရင်းနှီးကြသလို တချို့တွေကတော့
စပျစ်စိုက်ခင်းတွေကြား ခြံကြီးဝင်းကြီးတွေကို အပန်းဖြေဖို့နားနေဖို့ ဝယ်ယူထားကြပါတယ်၊
အမြတ်ရတဲ့ အချိန်မှာတော့ ပြန်ရောင်းထုတ်ကြတာပေါ့၊

မောင်ရင်ငတေကတော့ အဲဒီလိုစပျစ်ခင်းတွေကြား
ရောက်ဖြစ်တဲ့အခါတိုင်းမှာ
ရှန်ပိန်ရယ်ဝိုင်ရယ်မှ မဟုတ်ပါဘူး၊ ဘယ် စပျစ်ခင်းမဆို စိတ်ဝင်စားမိ ရတာပါ၊
ခူးခဲ့ဖူးတာက ရှန်ပိန်ချက်တဲ့ စပျစ်ခင်းမှာ၊

ကြိုက်နှစ်သက်တာက ဝိုင်မှဝိုင်
ဆိုတော့ကာ
ဘယ်စပျစ်ခင်းကို မဆို သံယောဇဉ် ကြီးမိနေတာလား မသိပါဘူး၊

စပျစ်သီးတွေ
စိမ်းစိမ်းနီနီ မည်းမည်းဖြူဖြူ (ဓါတ်ပုံ မရငတ)
ဝိုင် ရှန်ပိန်
ကော့ညက်ချက်လုပ်တဲ့ စပျစ်သီးတွေက စိမ်းစိမ်းနီနီမည်းမည်း စားကြည့်
လိုက်ရင်တော့ ဖန်တွတ်တွတ်အရသာ
အတူတူသာပါ၊ စပျစ်နီမှ ဝိုင်နီ စပျစ်ဖြူရင် ဝိုင်ဖြူ (သို့) ရှန်ပိန် မဟုတ်ပါဘူး၊
မောင်ရင်ငတေတို့
ခူးခဲ့ရတာ အများစုက ခပ်မည်းမည်း စပျစ်နီတွေသာပါ၊ ချက်လုပ်ပုံ
အဆင့်ဆင့်နဲ့ နည်းစနစ်တွေ ကွာဟပြီး ရှန်ပိန် ဝိုင် ကော့ညှက် မျိုးကွဲသွားတာပါ၊

မောင်ရင်ငတေ စပျစ်ခူးခဲ့တဲ့ ရွာကလေးပါ၊
စပျစ်ခူးခဲ့စဉ်ကတော့ စိုပြေသာယာလှတဲ့
အမှန်တကယ် ပတ်ဝန်းကျင်ရဲ့ အလှအပကို မခံစားနိုင်ခဲ့ရပါဘူး၊ ရာသီဥတု မကောင်းတာရော
အချိန် မရတာရော အလုပ်ပင်ပန်းတာရောနဲ့ တဝက်တပျက်သာ တကယ့်သဘာဝအလှတွေကို
ခံစားခဲ့ရတာပါ၊
ဒီတော့ အခုနေများ သွားနေပါလား ဆိုလာရင်တော့လည်း နေနိုင်လိမ့်မယ် မထင်ပါဘူး၊

မြို့ပြရဲ့ ကျေးကျွန် တွေပီပီ မြို့ပြကနေ ခွာလို့လည်းမဖြစ်ပါဘူး၊
ဌာနေသမားတွေတောင်မှ
မနေနိုင်ကြပါဘဲ အိမ်တလုံးလူတယောက် မရှိပါဘဲ အိမ်အလွတ်တွေများစွာ ရှိနေတဲ့
ရွာကလေးတွေပါ၊
Vignoble de Montagne de Reims (Photo Google)

အခုတခေါက် အဲဒီ ရွာကလေးတွေဘက်သို့
မောင်ရင်ငတေ ပြန်လည်ရောက်ရှိခဲ့တဲ့ချိန်က
စပျစ်ခင်း စိမ်းစိမ်းတွေကို မတွေ့နိုင်သေးတဲ့အချိန်မို့လို့
ဂူဂဲလ်ကနေ စပျစ်ခင်းစိမ်းစိမ်းတွေရဲ့
အလှကိုရှာဖွေပြီး မှတ်တမ်းတင်လိုက်ရခြင်းပါ၊
၂၀၀၇ ခုနှစ် မတိုင်မီက မောင်ရင်ငတေရဲ့ ကိုယ်တွေ့ စပျစ်ခူးမှတ်တမ်းများကို
၂၀၁၂ ခုနှစ်မှာ မိုးမခ အွန်လိုင်းမှာ ရေးသားခဲ့ပြီး အခု ၂၀၁၅ ခုနှစ် မတ်လမှာ
** ဘဝထဲကလူသား ** * စပျစ်သီးခူးသမား ** * စာစုရဲ့ နောက်ဆက်တွဲ အမှတ်(တစ်)
**
** ရှန်ပိန်နယ်ကို ဖြတ်သန်းခဲ့ခြင်း စာစုကို ဖြည့်စွက် ရေးသားလိုက်ရခြင်းပါ၊

ဆက်လက်ပြီးတော့ အခြားသော ရောက်ခဲ့ဖူးတဲ့ စပျစ်ခင်းများ အကြောင်းကိုလည်း ပြီးဆုံးအောင် ကြိုးစားရေးသားနေဆဲပါ ခင်ဗျား၊
အားလုံးကို
ကျေးဇူးအထူးတင်ပါတယ်၊
မောင်ရင်ငတေ ၁၂၀၃၂၀၁၅
Aucun commentaire:
Publier un commentaire