ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ၊ ဒီဇင်ဘာသို့ ရောက်ပြီ၊
ညတာကလည်း ပို၍ပို၍ ပို၍ ရှည်လာချေပြီ။
ဆောင်း၏ သရုပ်သဏ္ဍာန်လည်း တဖြေးဖြေး ပီပြင်လို့ လာချေပြီ၊
အအေးဓါတ်တွေလည်း ကမ္ဘာအနှံ့ လွှမ်းခြုံနေမည်ကတော့ အမှန်ပင်
ဖြစ်မည်။
နေထိုင်နေသည့် ၁၉၃၀ ခုနှစ် မော်ဒယ် အိမ်အိုလေးက အအေးဓါတ်ကို
မလုံတလုံ အံတု နေသည်၊
ညနေ ငါးနာရီ မတိုင်ခင်က ပျောက်ကွယ်သွားတဲ့ အလင်းရောင်သည်
နောက်တနေ့ မနက် ရှစ်နာရီ
ကျော်သည့်တိုင် မပီပြင် ဝိုးတဝါးသာ ရှိနေဆဲ ဖြစ်သည်။
လာသော ဒီဇင်ဘာ လေက အေးစက်စက် စိမ့်နေလေသည်။
ဒီ ဒီဇင်ဘာသည် အေး၍ စိမ့်နေသည်၊
ထို ဒီဇင်ဘာများအတိုင်း အေး၍ စိမ့်နေသည်။
ဒီဇင်ဘာ
ဒီ ဒီဇင်ဘာကို
ထို ဒီဇင်ဘာများကို
နှစ်တနှစ်၏ နောက်ဆုံးလဟု သတ်မှတ်ထားကြသည်။
နှစ်တနှစ်၏ နောက်ဆုံးလ ဆိုတော့
ပြက္ခဒိန်တွေလည်း အသစ်လဲရတော့မည်၊
သို့သော် ဟိုယခင်ကလို ဝယ်စရာတော့ မလိုတော့ပါ။
ပြက္ခဒိန်တွေ ဝယ်စရာ လိုခြင်း မလိုခြင်းက
အငြင်းပွားစရာ ကိစ္စတခု မဟုတ်သော်လည်း
ကိစ္စအဖြစ် သေချာတာကတော့ နှစ်တနှစ်သို့
ကူးပြောင်းတော့မှာ ဖြစ်ပေသည်။
နှစ်တနှစ်သို့ ကူးပြောင်းပြီးသော် အသက် တနှစ်
တိုးတော့မည် မှာလည်း မုချအမှန်ပင် ဖြစ်လေသည်။
လူသက်
နတ်သက်
မပြောပါနှင့်
ဖေ့စ်ဘုတ်ခ်သက်ပင်
ဆယ်နှစ် တိုင်တော့မည်။
ကိုယ့်အသက်ကိုတော့
ငါးဆယ်သား ပြည့်ထဲက
ရပ်ဆိုင်း ထားချင်ခဲ့သည်၊ ထားခဲ့သည်။
အခုတော့ ဒီတနှစ်တော့
ပလပ်စ်ဝမ်းမှ ပလပ်စ် ဖွိုက်သို့
ရောက်ရှိလေတော့မည်။
ကိုခင်ဝမ်းကြီးကတော့
ဒီဇင်ဘာကို ဤသို့ ပြောသွားသည်။
လာပါ ဒီဇင်ဘာ ကြိုပါတယ်ကွယ်တဲ့၊
တဆောင်းသစ်ပြန်ပြီ တဆောင်းသစ်ပြန်ပြီတဲ့၊
မမျှော်လင့်တဲ့ တချိန်မှာ မျှော်လင့်ခြင်းတွေ ဆုံးရှုံးတဲ့အခါတဲ့။
သြော် ဒီဇင်ဘာ ကြိုပါတယ်၊
ကြိုပါသည် ကွယ် ဒီဇင်ဘာရယ်။
ဒီဇင်ဘာရယ်၊
ကြိုခဲ့တာကလည်း အခုမှ မဟုတ်ပါဘူး။
၁၉၈၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၁၉၉၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၂၀၀၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၂၀၁၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၂၀၂၀ ဒီဇင်ဘာ ရောက်ရင်လည်း ကြိုဦးမှာပါ။
မမျှော်လင့်တဲ့ တချိန်မှာ
မျှော်လင့်ခြင်းတွေ ဆုံးရှုံးတဲ့အခါမှာလည်း။
ကြိုဦးမှာပါ။
ကြိုရဦးမှာပါ။
ကြိုနေဦးမှာပါ။
ဒီဇင်ဘာရယ်။။
မောင်ရင်ငတေ ၀၁၁၂၂၀၁၈
မောင်ရင်ငတေ
ဒီဇင်ဘာအတွေး
Aucun commentaire:
Publier un commentaire