Libellés

jeudi 13 décembre 2018

Sous le Pont D. Luís I တံတားအောက်မှာ




Sous le Pont D. Luís I                                                                     (ဓါတ်ပုံ မရငတ)

တံတားအောက်မှာ  
(Sous
le Pont D. Luís I)

တံတားအောက်မှာ
  ညဥ့်ရဲ့ဂီတနဲ့အတူ၊
ငါ့နှလုံးသားထက်၌
  မင်းရဲ့ အချစ်များစွာဖြင့်၊ ။။            

Sous
le Pont
  Avec la
Musique de Nuit
Dans
Mon Coeur
  Avec
Ton Amour ၊ ။။။ ။။

Under the Bridge
  With
Night’s Music
In my Heart
  With
Your Love ၊ ။။။ ။။

(မရငတ)
၁၀၁၂၂၀၁၅
(MaYaNgaTa)
10122015

www.maungyinngatay.com/2015/12/ponte-de-d-luis.html
မောင်ရင်ငတေ ၁၂၁၂၂၀၁၈
(ဒုတိယအကြိမ် တင်ဆက်သည်)

Sous le Pont D. Luís I                                                                     

Sous le Pont D. Luís I                                                                     

mardi 11 décembre 2018

** * သူတို့ နှုတ်ဆက်ကြလေပြီ ** *

ပါရီပုံရိပ်များ
သူတို့ နှုတ်ဆက်ကြလေပြီ နှင့် ခရမ်းရောင်လိုင်း အလွမ်းပြေ


MF 77 (သို့မဟုတ်) Metro Fer 1977

မောင်ရင်ငတေ ပါရီမြေသို့ စတင်ခြေချခဲ့စဉ်ထဲက ရင်းနှီးခဲ့ကြတဲ့ သူတို့တွေ၊
သူတို့တွေ ဆိုပေမယ့် သက်ရှိ လူသားတွေတော့ မဟုတ်ကြပါဘူး၊ ၁၉၇၇ ခုနှစ်များက
ပါရီ အန်ဒါဂရောင်း မေထရို သံလမ်းများပေါ်မှာ စတင် တာဝန် ထမ်းဆောင် ခဲ့ကြသူများပါ။

၁၉၇၇ ခုနှစ်မှာ တီထွင် တည်ဆောက်ခဲ့လို့ Metro Fer 1977 (MF 77) ခေါ်ပါတယ်၊
ပန်းရောင်လိုင်း (M7) ခရမ်းရောင်လိုင်း (M8) အပြာနုရောင်လိုင်း (M13) တို့မှာ ပြေးဆွဲခဲ့တဲ့
ရထားတွဲတွေပါ၊ ၁၉၇၈ စက်တင်ဘာလမှာ ပထမဆုံး သံလမ်းပေါ်ရောက်ရှိ အလုပ်ဝင်ခဲ့ကြတဲ့
သူတို့တွေနဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်က မောင်ရင်ငတေ စပြီး ရင်းနှီးခဲ့တာပါ၊ အပြာနုရောင်လိုင်းနဲ့ကတော့
မောင်ရင်ငတေ ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ရပေမယ့် ပန်းရောင်လိုင်း (M7) ခရမ်းရောင်လိုင်း (M8) 
တိုရဲ့ အပြာရောင်ရင့်ရင့် ထိုင်ခုံတွေက မောင်ရင်ငတေနဲ့ ဒီကနေ့ထိ ထိတွေ့နေရဆဲပါ။

၁၆ လိုင်းသော ပါရီ မြေအောက်မေထရို ရထားလိုင်းတွေထဲမှာ မောင်ရင်ငတေနဲ့ အရင်းနှီးဆုံး လိုင်း 
နှစ်လိုင်းလို့ ပြောရပါမယ်၊ ပါရီသက်တမ်းတလျှောက် မောင်ရင်ငတေ ရွှေပြောင်း နေထိုင်တာလည်း
ပန်းရောင်နဲ့ ခရမ်းရောင်လိုင်း ဘူတာတွေ နားမှာသာပါ။

အဲဒါကြောင့် ဒီလိုင်း နှစ်လိုင်းမှာ အသုံးပြုနေတဲ့ ရထားစင်းရေ (၇၂+၅၈) ၁၃၀ စင်း၊ တွဲပေါင်း ၆၅၀၊ 
ပါရှိတဲ့ အပြာရောင်ရင့်ရင့် ထိုင်ခုံတွေ အားလုံးလိုလိုဟာ မောင်ရင်ငတေ မထိုင်ဖူးဘူးတဲ့ခုံ ရှိနိုင်မယ် 
မထင်မိပါဘူး၊ အဲဒါကြောင့် ပါရီပုံရိပ်များဆိုပြီး မောင်ရင်ငတေ ရေးနေတဲ့ စာစုတွေထဲမှာ အမှတ်တရ 
အဖြစ် “ခရမ်းရောင်လိုင်း အလွမ်းပြေ” စာစုကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲမှာ ရေးဖြစ်ခဲ့ပါတယ်။

“ခရမ်းရောင်လိုင်း အလွမ်းပြေ” 
အခုတော့ သူတို့ တကယ် စတင် နှုတ်ဆက်ကြလေပြီ ပေါ့။

ဒီကနေ့ ၂၀၁၈ ဒီဇင်ဘာလလယ်ကစပြီး ဒီတွဲတွေရဲ့ အပေါ်ပိုင်းဘော်ဒီနဲ့ အတွင်းပိုင်းတွေကို မွမ်းမံ 
ပြင်ဆင်ပြီးသမျှ တစီးပြီးတစီး လဲလှယ်သုံးတော့မှာပါ၊ မောင်ရင်ငတေ ထိုင်ဖူးခဲ့တဲ့ ထိုင်ခုံ အပြာရောင် 
ရင့်ရင့်တွေအားလုံးနဲ့ မကြာခင်အပြီးအပိုင် လမ်းခွဲကြရတော့မှာမို့လို့ ဒီ ဒီဇင်ဘာ နယူးရီးယားအကြို
ရက်များမှ စတင်ပြီး ဧည့်သည်တွေကို လိုက်ပို့ရင်း ခုံပြာပြာတွေကို အမှတ်တယ မှတ်တမ်းတင်ရပါ 
ဦးမယ်၊ ဒါကြောင့် ခုံပြာပြာတွေ မောင်ရင်ငတေ့ ဖေ့စ်ဘုတ်ခ်မျက်နှာပြင်မှာ အများအပြားတက်လာ 
တာကို တွေ့ကြရရင် ခွင့်လွှတ်ကြပါလို့ ကြိုတင် ပြောထားချင်မိပါတယ်။

တွဲတွင်းတွဲပြင် သားသားနားနား မွမ်းမံပြင်ဆင်ထားတဲ့ ထိုင်ခုံတွေ ဘယ်လောက်ကောင်းကောင်းပါ၊
မောင်ရင်ငတေကတော့ မောင်ရင်ငတေထိုင်နေကျ ခုံတန်းပြာရင့်ရင်တွေကို လွမ်းမိနေမှာ အမှန်ပါ။

သို့သော်လည်း သူတို့လည်း ကြာကြာနေရမှာတော့ မဟုတ်ပါဘူး၊
သူတို့ထက် အများကြီးငယ် အများကြီး ခေတ်မီတဲ့ MF19 သို့မဟုတ် Metro Fer 2019 မော်ဒယ်မမ 
လေးတွေနဲ့ ၂၀၂၃ ခုနှစ်မှာ အစားထိုးဦးမှာမို့ အဲဒီကာလနောက်ပိုင်းမှာတော့ သူတို့တတွေ ဘယ်ဆီ
ဘယ်ဝယ် ရောက်လေမလဲ မသိ၊ ပင်စင်စားရမလား တရွာပြောင်းကြရလေမလား မသိနိုင်ပါဘူး။

ကံကြမ္မာ စေရာသို့သာ သွားကြရမှာပါ၊ မောင်ရင်ငတေလည်း ရှိနေဦးမလား မသိနိုင်ပါ၊
ဟိုအရင်တုန်းက မေးဖူးတဲ့ ဘုရားစောင်းတန်းထိပ်က စာကလေးဗေဒင် ကိန်းခမ်းအရကတော့
အသက် ၁၂၀ ကျော် ရှည်စေသောဝ် လို့ ပါခဲ့ပေမယ့့် ဒီလောက်ရှည်ရှည် မနေချင်ကြောင်းပါ။

မောင်ရင်ငတေ ၁၁၁၂၂၀၁၈


MF 77 RÉNOVÉ (သို့မဟုတ်) Metro Fer 1977




samedi 1 décembre 2018

** ဒီဇင်ဘာအတွေး ** *

မောင်ရင်ငတေအတွေးများ
ဒီဇင်ဘာအတွေး


ဒီဇင်ဘာအတွေး

ဒီဇင်ဘာ
ဒီဇင်ဘာသို့ ရောက်ပြီ၊
ညတာကလည်း ပို၍ပို၍ ပို၍ ရှည်လာချေပြီ။

ဆောင်း၏ သရုပ်သဏ္ဍာန်လည်း တဖြေးဖြေး ပီပြင်လို့ လာချေပြီ၊
အအေးဓါတ်တွေလည်း ကမ္ဘာအနှံ့ လွှမ်းခြုံနေမည်ကတော့ အမှန်ပင် ဖြစ်မည်၊
ရောက်ရှိနေသည့် အနောက် ဥရောပ ဆောင်းက ဒီတနှစ် ပိုပြင်းထန်မည့် သဘောရှိသည်၊
နေထိုင်နေသည့် ၁၉၃၀ ခုနှစ် မော်ဒယ် အိမ်အိုလေးက အအေးဓါတ်ကို မလုံတလုံ အံတုနေသည်၊
ညနေ ငါးနာရီ မတိုင်ခင်က ပျောက်ကွယ်သွားတဲ့ အလင်းရောင်သည် နောက်တနေ့ မနက် ရှစ်နာရီ
ကျော်သည့်တိုင် မပီပြင် ဝိုးတဝါးသာ ရှိနေဆဲ ဖြစ်သည်၊

အိမ်ပြူတင်းတံခါးတွေကို အလုံအခြုံ ပိတ်ထားသော်လည်း နံရံကြားက ထွင်းဖောက် တိုးခွေ့ ဝင်
လာသော လေက အေး၍ စိမ့်နေလေသည်။

ဒီ ဒီဇင်ဘာသည် အေး၍ စိမ့်နေသည်၊
ထို ဒီဇင်ဘာများအတိုင်း အေး၍ စိမ့်နေသည်။

ဒီဇင်ဘာ
ဒီ ဒီဇင်ဘာကို
ထို ဒီဇင်ဘာများကို
နှစ်တနှစ်၏ နောက်ဆုံးလဟု သတ်မှတ်ထားကြသည်။

နှစ်တနှစ်၏ နောက်ဆုံးလ ဆိုတော့
ပြက္ခဒိန်တွေလည်း အသစ်လဲရတော့မည်၊
သို့သော် ဟိုယခင်ကလို ဝယ်စရာတော့ မလိုတော့ပါ။

ပြက္ခဒိန်တွေ ဝယ်စရာ လိုခြင်း မလိုခြင်းက
အငြင်းပွားစရာ ကိစ္စတခု မဟုတ်သော်လည်း
ကိစ္စအဖြစ် သေချာတာကတော့ နှစ်တနှစ်သို့
ကူးပြောင်းတော့မှာ ဖြစ်ပေသည်။

နှစ်တနှစ်သို့ ကူးပြောင်းပြီးသော် အသက်တနှစ်
တိုးတော့မည် မှာလည်း မုချအမှန်ပင် ဖြစ်လေသည်။

လူသက်
နတ်သက်
မပြောပါနှင့်၊
ဖေ့စ်ဘုတ်ခ်သက်ပင်
ဆယ်နှစ် တိုင်တော့မည်။

ကိုယ့်အသက်ကိုတော့
ငါးဆယ်သား ပြည့်ထဲက
ရပ်ဆိုင်းထားချင်ခဲ့တာ၊ ထားခဲ့တာ။

အခုတော့
ဒီတနှစ်တော့
ပလပ်စ်ဝမ်းမှ
ပလပ်စ် ဖွိုက်သို့
ရောက်လေတော့မည်။

ကိုခင်ဝမ်းကြီးကတော့
ဒီဇင်ဘာကို ဤသို့ ပြောသွားသည်၊

လာပါ ဒီဇင်ဘာ ကြိုပါတယ်ကွယ်တဲ့၊
တဆောင်းသစ်ပြန်ပြီ တဆောင်းသစ်ပြန်ပြီတဲ့၊
မမျှော်လင့်တဲ့ တချိန်မှာ မျှော်လင့်ခြင်းတွေ ဆုံးရှုံးတဲ့အခါတဲ့။

သြော် ဒီဇင်ဘာ ကြိုပါတယ်၊
ဒီဇင်ဘာရယ် ကြိုပါတယ် ကွယ်။

ဒီဇင်ဘာရယ်၊
ကြိုခဲ့တာကလည်း အခုမှတော့ မဟုတ်ပါဘူး၊ ဒီဇင်ဘာရယ်။

၁၉၈၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၁၉၉၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၂၀၀၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊
၂၀၁၀ ဒီဇင်ဘာတုန်းကလည်း ကြိုခဲ့တယ်၊

၂၀၂၀ ဒီဇင်ဘာ ရောက်ရင်လည်း ကြိုဦးမှာပါ။

မမျှော်လင့်တဲ့ တချိန်မှာ
မျှော်လင့်ခြင်းတွေ ဆုံးရှုံးတဲ့အခါမှာလည်း

ကြိုဦးမှာပါ။
ကြိုရဦးမှာပါ။
ကြိုနေဦးမှာပါ။

ဒီဇင်ဘာရယ်။


(မရငတ) ၀၁၀၁၂၀၁၈

ဒီဇင်ဘာအတွေး