Libellés

dimanche 18 novembre 2018

** ပါရီ-လီယွန်-အာဗီညွှန်-မားဆေး ** *

ပြင်သစ်တခွင် ပုံရိပ်များ 
မြေထဲပင်လယ် (သို့မဟုတ်) 
ပင်လယ်ပြာပြာမိုးပြာပြာ ဆီသို့ 
ပါရီ-လီယွန်-အာဗီညွှန်-မားဆေး


ပါရီ-လီယွန်-အာဗီညွှန်-မားဆေး-နိ့စ်                                                          (မောင်ရင်ငတေ)
Paris-Lyon-Avignon-Marseille-Nice                                                      (မောင်ရင်ငတေ)

ခရီးတခုအစ နံနက်ခင်းကို ပြန်လည်ခံစားခြင်းပါ၊
သတင်းတွေဖတ်တော့ အစာမကြေဘူး၊ ရင်ခံနေတယ်၊
နံနက်ခင်းလေးကတော့ မိုးတိမ်တွေကြားထဲ သူဟာသူ လှပလို့နေလေတယ်။

အဲဒါနဲ့ သွားခဲဖူးတဲ့ ခရီးတခုရဲ့ စိမ်းလန်းစိုပြေတဲ့ ရှုမျှော်ခင်းတွေကို စိတ်ပြေလက်ပျောက်ပေါ့၊ ပြန် 
ကြည့်မိပါတယ်၊ လွန်ခဲ့တဲ့ ၂၀၁၅ ကိုးလဆန်းပိုင်းက သွားခဲ့တဲ့ ပြင်သစ်တောင်ပိုင်း ပါရီ လီယွန် နိစ့် 
ခရီးစဉ်က မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ ပုံတွေပါ၊ တနာရီ ကီလိုမီတာ သုံးရာကျော်နှုန်း ဒုန်းစိုင်းပြေးနေတဲ့ 
တီဂျီဗွီရထားပေါ်ကနေ ရုတ်တရက်ရိုက်ချက်များ ဖြစ်တာကြောင့် ပုံတွေက သိပ်ကောင်းလှမှာတော့ 
မဟုတ်ပါဘူး၊ ငါးနာရီကျော်ကြာခရီးမှာ တောက်လျှောက်ဆိုသလို မနားတမ်း မှတ်တမ်းတင်ခဲ့မိတာ 
မို့လို့ ပုံတွေက များပြားလှပါတယ်၊ အဲဒီထဲက ကောင်းနိုးရာရာ ရွေးချယ်ပြီး မှတ်တမ်းတင်တာပါ။

၂၀၁၅ ခုနှစ် ကိုးလဆန်းပိုင်းက မောင်ရင်ငတေသွားဖြစ်ခဲ့ပြီး ရေးခဲ့ဖူးတဲ့
ပါရီ-လီယွန်-အာဗီညွှန်-နိ့စ် ရထားစီး ခရီးမှတ်တမ်း ပုံရိပ်များ စာစုလေးပါ၊
အခုတခေါက် ၂၀၁၈ ခုနှစ် ၁၁ လပိုင်းကုန်မှာ သွားဖြစ်တဲ့ ပါရီ-လီယွန်-အာဗီညွှန်-မားဆေး ခရီးရဲ့
အတွေ့ အမြင်တွေနဲ့ အဟောင်း အသစ် ပေါင်းစပ်ကာ စာစုသစ်အဖြစ် တင်ပြလိုက်ရခြင်းပါ ခင်ဗျာ။

မောင်ရင်ငတေ ၀၈၀၉၂၀၁၅-၁၂၀၂၂၀၁၆-၂၄၁၁၂၀၁၈




မြေထဲပင်လယ် ပင်လယ်ပြာပြာ မိုးပြာပြာ                                                   (ဓါတ်ပုံ မရငတ)

သွားမယ့်ခရီးက ပြင်သစ်တောင်ပိုင်း မြေထဲပင်လယ် ပင်လယ်ပြာပြာ မိုးပြာပြာ ဆီသို့ပါ၊
Côte d'Azur (French Riviera) လို့ ခေါ်ကြတဲ့ မြေထဲပင်လယ် ကမ်းခြေ ဒေသများဆီသို့ပါ။

ပင်လယ်ပြာပြာ မိုးပြာပြာအောက် စိမ်းညို့နေတဲ့ တောအုပ်တွေနဲ့
ကမ်းရိုးတန်းကြောင့် Côte d'Azur ရယ်လို့ တင်စားခေါ်ဝေါ် ကြဟန်တူပါတယ်။

အဲဒီ ကမ်းခြေတလျှောက်မှာ ကမ္ဘာသိ မြို့တွေ တန်းစီလို့ ရှိပါတယ်၊
Marseille မားဆေး Toulon တူလွန် Saint-Tropez စဲန့် ထရိုပေ Cannes ကန်း Nice နိစ့် Monaco 
မိုနာကို Monte-Carlo မွန်တီကာလို Menton မွန်တွန် မြို့တွေပါ၊ အရှေ့ဘက်ကမ်း တကြောတည်း 
ကိုတော့ Riviera Ligure (Italian Riviera) လို့ ခေါ်ကြပါတယ်၊ Ventimiglia, Savona, Imperia, 
Genova အစရှိတဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း မြို့လေးတွေ တည်ရှိပါတယ်၊ အားလုံး မြေထဲ 
ပင်လယ်ပြာပြာ ကမ်းပေါ် မေးတင်ထားတဲ့ မြို့တွေပါ၊ အီတလီ ကမ်းခြေများက နာမည်သိပ်မကျော် 
ပေမယ့် ဧည့်လာများတာကိုတော့ မောင်ရင်ငတေ့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ရထား စထွက်တာ
ပါရီမြို့လယ် ဘူတာကြီး တဘူတာ ဖြစ်တဲ့
Paris-Gare-de-Lyon ဘူတာ က စထွက်တာ ဖြစ်ပြီး၊
ဒီတခေါက် ၂၀၁၈ ရထားစထွက်တဲ့ ဘူတာကတော့ ပါရီမြို့စွန် ဒစ္စနေလန်းအနီးက
Gare de Marne-la-Vallée-Chessy TGV ဘူတာလေးက ခရီး စတင်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက
မောင်ရင်ငတေ စီးနင်းလိုက်ပါလာတာက
ပါရီ-လီယွန်-အာဗီညွှန်-နိ့စ် iDTGV အမြန်ရထားပါ၊
ဒီတခေါက် ၂၀၁၈ မှာက ပါရီ-လီယွန်-အာဗီညွှန်-မားဆေး OuigoTGV နဲ့ပါ။

ဒီခရီး နှစ်ခုက ပါရီ-လီယွန်-အာဗီညွှန်အထိ ကီလိုမီတာ ခြောက်ရာကျော် ခွန်နှရာက
အတူတူ ဖြစ်ပြီး ခရီးဆုံးဘူတာ မားဆေးနဲ့ နိ့စ် ဘူတာတွေကလည်း သိပ်မဝေးလှသလို
ရေကြောမြေကြော တဆက်စပ်တည်းမို့လို့ ပေါင်းစပ်ပြီး စာစုတစုဖြစ်အောင် ရေးသားလိုက်ရခြင်းပါ။



OuigoTGV                                                                                       (ဓါတ်ပုံ မရငတ)      

iDTGV နဲ့ OuigoTGV အမည်တွေနဲ့ ပြေးဆွဲနေတဲ့ ရထားလိုင်း နှစ်ခုစလုံးက
နိုင်ငံတော်ပိုင် SNCF ပြင်သစ် မီးရထားဌာနက စီစဉ်ပြေးဆွဲ နေတဲ့ လိုင်းတွေသာပါ။

ထူးခြားတာက iDTGV ရထား လက်မှတ်များကို ဘူတာရုံတွေမှာ မရောင်းဘဲ အင်တာနက်အွန်လိုင်း
ကသာ ရောင်းချပေးတာပါ၊ ပုံမှန် TGV အမြန်ရထားလက်မှတ်များထက်တော့ ဈေးနှုန်း အနည်းငယ်
သက်သာပါတယ်၊ iDTGV နဲ့ TGV ဘာကွာပါသလဲ ဆိုရင်တော့ လက်မှတ်ရောင်းပုံကလွဲလို့ တခြား 
ဘာတခုမှ ကွာဟတာ မရှိဘူးထင်ပါတယ်၊ ရထားတွေလည်း ဒီရထားတွေပါ၊ အမြန်နှုန်းကလည်း ဒီ 
အမြန်နှုန်းအတိုင်း မောင်းတာပါ၊ လက်မှတ်ဈေး သက်သာတော့ စီးသူပိုများတာတခုပါ၊ နောက်ထပ် 
တီဂျီဗွီ အမြန်ရထားတွေကိုပဲ အသုံးပြု ပြေးဆွဲနေတဲ့ Ouigo ဆိုတာ ရှိပါသေးတယ်၊ ဈေးနှုန်းက ပိုမို 
သက်သာပါတယ်၊ ဒါပေမယ့် အဓိကသတိထားရမှာက Ouigo ရထားထွက်တဲ့ရပ်တဲ့ ဘူတာတွေက 
မြို့လယ်ခေါင်တွေမှာ မဟုတ်ပါဘူး၊ GareTGV လို့ခေါ်တဲ့ မြို့စွန်တော်တော်ကျတဲ့ နေရာတွေမှာပါ။

ဘတ်ဂျက်အဲယားလိုင်းတွေလို ဘတ်ဂျက်ရထားလိုင်းလို့ ပြောရင်ရမှာပါ၊ အကြောင်းမသိဘဲ ဝယ်မိ 
ကပြီး ရထားခလေယာဉ်ခထက် မြို့ထဲလာဖို့ တက္ကစီခ ထပ်ကုန်တာက ပိုများတတ်တာကြောင့် မိမိ
သွားလိုရာ တည်းခိုရာ နေထိုင်ရာနဲ့ ဘယ်လောက် ဝေးကွာပါသလဲဆိုတာကို ကြိုတင်လို့သတိထား
တွက်ချက်ပြီးမှ  ဝယ်ရမှာ ဖြစ်ပါတယ်၊ ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးတတ်လို့ပါ။




Gare de Marne-la-Vallée-Chessy TGV                                                 (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့ ဒီတခေါက် စီးဖြစ်တာက အဲဒီ OuigoTGV ဆိုတော့ကာ မြို့ပြင်မြို့စွန် ဘူတာကို 
သွားစီးခဲ့ရတာပါ၊ မိုင် ငါးရာ့သုံးဆယ်ကျော် ခရီးစဉ် အစအဆုံးကို သုံးနာရီခွဲကြာသာ စီးရမှာ ဖြစ်ပေ 
မယ့် ပါရီမြို့ပြင်က OuigoTGV ဘူတာသို့ မောင်ရင်ငတေတို့ အိမ်ကနေ တနာရီခွဲမျှ အချိန်ပေးသွား 
ရတာဖြစ်လို့ သိပ်တော့ မကိုက်လှပါဘူး၊ သို့သော် လိုင်းကားနဲ့ သွားရင် ဈေးတူတူလောက် ပေးရပြီး 
အချိန်နှစ်ဆကျော်မျှ ကြာမှာဖြစ်လို့ လိုင်းကားမစီးဖြစ်ဘဲ လိုင်းကားနဲ့ဈေးတူတဲ့ ပင်ပန်းသက်သာတဲ့ 
OuigoTGV ကို အားကိုးဖြစ် အသုံးပြုဖြစ်ခဲ့ ရခြင်းပါ။

ဒီတခေါက်မှာ OuigoTGV လက်မှတ်ဝယ်ဖြစ်တော့ OuigoTGV ရထား စတင်ထွက်မယ့် ပါရီဘူတာ 
Gare de Marne-la-Vallée-Chessy သို့ သွားရတာပါ၊ အဲဒီ ဘူတာက ပါရီ မြေအောက်ရထားလိုင်း 
RER A လိုင်း အရှေ့ဖျားစွန်းက ဂိတ်ဆုံး ဘူတာကြီး တခုပါ။

Marne-la-Vallée-Chessy-Parcs Disneyland ပါရီမြို့တွင်းသွား ဘူတာနဲ့ အဝေးပြေးအမြန်ရထား 
တွေအတွက် Marne-la-Vallée-Chessy-TGV ဆိုပြီး တွဲလျှက် တည်ဆောက်ထားတာပါ၊ ၁၉၉၂ ခု 
နှစ်မှာ စတင်ဖွင့်ခဲ့တဲ့ Disneyland Paris အတွက် သွားရေးလာရေး လွယ်ကူမှုရှိအောင် ရည်ရွယ်ပြီး 
တချိန်တည်း တပြိုင်တည်း တည်ဆောက်ခဲ့တဲ့ ဘူတာပါ။

၁၉၉၄ ခုနှစ်မှာတော့ ပြင်သစ် မီးရထား ဌာန SNCF ရဲ့ ခရီးဝေးသွား TGV ရထားတွေ ဆိုက်ရောက် 
ထွက်ခွာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ပြည်တွင်းမြို့ကြီးများ အတွက် OuiGo ပြည်ပအတွက် Eurostar 
တို့လို့ အမြန်ရထားတွေ ပြေးဆွဲခဲ့ပါတယ်၊ ပြင်သစ် နိုင်ငံသားတွေထက် နိုင်ငံတကာတိုးရစ်တွေ ပိုမို 
အသုံးပြုတဲ့ (၆၀ ရာခိုင်နှုန်းကျော်) ဘူတာကြီး တခုဖြစ် ရပ်တည်နေတာပါ။

၂၀၁၅ ခုနှစ်ကစီးခဲ့တဲ့ iDTGV ခရီးစဉ်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အကုန်မှာ ရပ်နားသွားပါပြီ၊
အခုတော့ ၂၀၁၈ မကြာသေးခင်ကစလို့ TGV inOui ဆိုပြီး လိုင်းအသစ် စီစဉ်ပြေးဆွဲလို့ နေပြန်ပါပြီ၊
မူလ လက်ဟောင်း TGV ခရီးစဉ်တွေကတော့ ရှိမြဲ ရှိနေဆဲ ဈေးကြီးမြဲ ကြီးနေဆဲပါ၊ ဒါကြောင့် TGV 
ဈေးကို မချဘဲ iDTGV တို့ TGV inOui တို့ Ouigo တို့လို့ ဈေးကစားပြီး ရောင်းတဲ့ လက်မှတ်ရောင်း 
နည်းစနစ်ကို ပြောင်းလဲ အသုံးချနေတယ်လို့သာ မောင်ရင်ငတေ ထင်မိပါတယ်၊ နာမည်သာကွာပြီး 
သွားတဲ့ ခရီးစဉ်၊ အသုံးပြုတဲ့ ရထားသံလမ်း၊ ပြေးဆွဲတဲ့ ရထားတွဲ၊ ရထားရဲ့ အမြန်နှုန်းတွေကတော့ 
ဘာမှ မကွာခြားလှပါဘူး၊ အတူတူလောက်သာပါ၊ အဓိကကွာတာက လက်မှတ်ဈေးနှုန်း၊ လက်မှတ် 
ရောင်းချပုံ စနစ်နဲ့ ရထား စတင်ထွက်ခွာတဲ့ ဘူတာတို့သာ ခြားနားနေတာပါ။

ခုလောလောဆယ်မှာတော့ OuigoTGV ခရီးစဉ်တွေ ပြေးဆွဲမှုက အောင်မြင်နေတယ် ပြောရပါမယ်၊
၂၀၁၃ ကစလို့ ပြေးဆွဲခဲ့တာ ၂၀၁၈ အကုန်မှာတော့ ပြင်သစ်ရဲ့ အရေးကြီး နာမည်ကြီး မြို့ကြီးတွေ 

Paris, Angoulême, Bordeaux
Paris, TGV Haute-Picardie, Tourcoing
Paris, Metz, Nancy, Strasbourg, Colmar
Paris, Le Mans, Angers, Rennes, Nantes
Paris, Champagne-Ardenne-TGV, Lorraine-TGV
Paris, Lyon, Valence, Avignon, Aix-en-Provence, Marseille, Nîmes, Montpellier

အားလုံးလိုလိုသို့ ချိတ်ဆက်မိခဲ့ပါပြီ၊ အင်တာနေရှင်နယ်အဖြစ် ဘယ်လ်ဂျီယံ နယ်သာလန် ဂျာမဏီ
မြို့ကြီးများသို့တော့ တောင်းဆိုမှုများ ရှိလာခဲ့ပေမယ့် ဒီကနေ့ထိတော့ မပြေးဆွဲသေးပါဘူး။

ပြင်သစ်ပြည် နာမည်ကြီး မြိုကြီးသုံးမြို့ Paris Lyon Marseille တို့ကို ဆက်သွယ်ထားတဲ့ ဒီလျှပ်စစ် 
ရထားလမ်းက ပြင်သစ်ပြည်ရဲ့ နံပတ်တစ် နံပတ်ဝမ်း အကောင်းဆုံး ရထားလမ်းလို့ ပြောမယ်ဆိုရင် 
ရပါတယ်၊ တနာရီ ကီလိုမီတာသုံးရာကျော် အရှိန်နှုန်းတင်ပြီး မောင်းနှင်နိုင်တဲ့ အမြန်ရထားတွေသာ 
သီးသန့်သွားတဲ့ ရထားလမ်းပိုင်းပါ၊ ပါရီကနေ မားဆေးအထိ ဒီ LGV အမြန်ရထားလမ်း လမ်းပိုင်းကို 
သုံးပိုင်း ခွဲခြား ထားပါတယ်။

ပြင်သစ်လို LGV ဆိုတာက High-Speed Rail အမြန် ရထားလမ်းပါ၊
ပါရီ-မားဆေး LGV အမြန်ရထားလမ်းပထမ လမ်းပိုင်းက LGV Sud-Est လမ်းပိုင်းပါ။

ဒီအပိုင်းက Paris မှ Lyon မြို့အထိ အပိုင်းပါ၊ ၄၀၉ ကီလိုမီတာ ရှည်ပါတယ်၊
ပါရီ Paris-Gare-de-Lyon ဘူတာမှ စထွက်ပြီး လီယွန် ဘူတာမှာ ဆုံးပါတယ်။

 
OuigoTGV                                                                                       (ဓါတ်ပုံ မရငတ)     

ပါရီက စထွက်တော့ မနက် ၁၀ နာရီ ၂၇ မိနစ် တိတိမှာပါ၊
ရထားက ပါရီရဲ့ အရှေ့တောင်ဘက်ဆီသို့ ဦးတည်ပြီး မောင်းနေပါတယ်၊
ဥရောပရဲ့ မနက်ပိုင်းနေဟာ အုံ့ဆိုင်းဆိုင်း မိုးသားအောက်မှာ နေပူတယ် ဆိုရုံလောက် သာပါ။
၂၀၁၅ ကိုးလပိုင်းက ရာသီဥတုနဲ့ အခု ၂၀၁၈ ခုနှစ် ၁၁ လပိုင်းက သိပ်ကွာတယ် ပြောလို့ မရပါဘူး။

ပြင်သစ် တပြည်လုံး ပြီးခဲ့တဲ့ ဆယ်ရက်တပတ် မတိုင်မီ ရက်တွေတုန်းက
နေ့စဉ်လို တမနက်လုံး မြူတွေဆိုင်း မှိုင်းမှုန် နေခင်းဆို မိုးလေးကတဖွဲဖွဲနဲ့
ဥရောပဆောင်း ရာသီဥတုက သိပ်သာသာယာယာ ရှိလှတယ် မဟုတ်ပါဘူး၊
ဒီတရက်နှစ်ရက်မှာ နေနည်းနည်းပွင့်လာပြီး ကောင်းကင်ပြာမှာလည်း တိမ်ဖြူတချို့ တွေ့ရပါတယ်။

ဒါပေမယ့်လို့ ရထားစထွက် မကြာပါဘူး၊ အပြောင်းမြန်တတ်တဲ့ ဥရောပ ရာသီဥတုက အစွမ်းပြပါပြီ၊ 
လင်းလိုက် မှောင်လိုက် အုံ့လိုက် မှိုင်းလိုက်နဲ့ နေသာတချက် မိုးအုံ့တချက်မို့ ရထားပြူတင်းမှန်သား 
မှုန်ဝါးဝါးမှ လမ်းတလျှောက် ရှုခင်းတွေကို သဲသဲကွဲကွဲ မတွေ့ခဲ့ရတော့ပါဘူး။



ပါရီ-လီယွန်-အာဗီညွှန်-မားဆေး-နိ့စ်                                                         (ဓါတ်ပုံ မရငတ)

ပါရီမြို့တော်က ရထားစထွက်လို့ နာရီဝက်ကျော်ကျော်လောက် ရှိလာရင်
မြို့ပြ အရိပ်အငွေ့တွေ လျော့နည်းလာပြီး စိုက်ခင်းပြင်ကျယ်များကို တွေ့ရှိလို့ လာပါပြီ။

ပြင်သစ်နိုင်ငံ အလယ်ပိုင်းဒေသ တော်တော်များများဟာ မြင့်မားမတ်စောက်လှတဲ့ တောင်ကုန်းတွေ
တောင်ထွဋ်တွေ သိပ်မရှိလှပေမယ့် နယ်သာလန်တို့ ဒိန်းမတ်တို့လို မြေပြန့် လွင်ပြင်တွေချည်းတော့ 
မဟုတ်ပါဘူး၊ ကုန်းမို့မို့ မနိမ့်မမြင့်မှာ စိုက်ခင်းတလှည့် တောအုပ်လေးတွေတလှည့် တွေ့မြင်ရမှာပါ၊
ဒီ LGV အမြန်ရထားလမ်းက မြို့ကြီး ပြကြီးတွေကို မနီးမဝေးက ရှောင်ကွင်း ဖောက်လုပ်ထားတာမို့
ပြောင်းခင်း ဂျုံခင်း ကြံခင်း တခြားသောစိုက်ခင်းလေးတွေနဲ့ ရွာသေးသေး မြို့သေးသေးတွေကိုသာ 
ရထားလမ်း နဘေးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

ပါရီမြို့တောင်ပိုင်း Gare de Combs-la-Ville-Quincy ဘူတာကို ရိပ်ကနဲကျော်လာတော့ ရထားက 
သိသိသာသာ အရှိန်တင်ပါတော့တယ်၊ LGV ခေါ်အမြန်လမ်းပိုင်းကို စတင်ပါပြီ၊ လီယွန်မရောက်ခင် 
အထိ ကြားဘူတာ Le Creusot TGV, Mâcon-Loché TGV နှစ်ဘူတာသာ ရှိပါတယ်၊ Le Creusot 
TGV ကို တနာရီသာသာခန့်မျှ မောင်းရပါတယ်၊ နောက်ထပ် နာရီဝက်ခန့် ဆက်သွားတော့ Mâcon-
Loché TGV ရောက်ပါပြီ၊ သို့သော်လည်း ဒီဘူတာ နှစ်ခုစလုံးမှာ OuigoTGV က မရပ်နားပါဘူး။

ပါရီ-လီယွန်ကားလမ်းပေါ်က အချက်အချာမြို့ကြီးတွေဖြစ်တဲ့ Auxerre တို့ Dijon မြို့တို့နဲ့ ခပ်လှမ်း 
လှမ်းမှာ ဒီ အမြန်ရထားလမ်းက ဖောက်ထားတာပါ၊ Mâcon မြို့လယ်နဲ့ကတော့ သိပ်မဝေးလှပါဘူး၊ 
Mâcon-Loché TGV ကနေ Lyon Saint-Exupéry TGV ဘူတာကို မိနစ်နှစ်ဆယ်မျှသာ မောင်းရပါ 
တယ်၊ ဒါကြောင့် ပါရီ-လီယွန် ကီလိုမီတာ ငါးရာနီးပါး ခရီးကို နှစ်နာရီခန့်မျှသာ ကြာပါတယ်။


Lyon Saint-Exupéry TGV                                                                   (ဓါတ်ပုံ မရငတ)

လီယွန်ဘူတာ ရောက်တော့ နာရီ ကြည့်မိ လိုက်တော့ ၁၂ နာရီ ၂၀ ရှိပါပြီ၊ ခရီးတဝက် ကျော်ခဲ့ပါပြီ၊
ခရီးဆုံမားဆေးဘူတာသို့ ဆိုက်ရောက်ချိန်ကတော့ မွန်းလွဲ ၂ နာရီ မထိုးခင် တမိနစ် အလိုမှသာပါ။

iDTGV အမြန်ရထားက ပြင်သစ်ပြည်ရဲ့ တတိယမြို့တော် လီယွန်မှာ ပထမအကြိမ် ရပ်နားပါတယ်၊
ဒါပေမယ့် မြို့လယ် ဘူတာတွေဖြစ်တဲ့ Lyon-Perrache တို့ Lyon-Part-Dieu တို့ကို မရောက်ပါဘူး၊  
မြို့ပြင်ဘက် ကီလိုမီတာနှစ်ဆယ်ခန့်အကွာမှာ LGV အမြန်ရထားလမ်းအတွက်ရည်ရွယ်ပြီး သီးသန့် 
အသစ်တည်ဆောက် ထားတဲ့ Lyon Saint-Exupéry TGV ဘူတာမှာသာ ခေတ္တခဏ ရပ်တာပါ။

၁၉၉၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Gare de Lyon-Saint-Exupéry TGV ဘူတာကြီးက ခန့်ညားပါ 
တယ်ပြောကြပေမယ့် မောင်ရင်ငတေကတော့ ဖြတ်သာသွားဖူး ဘူတာထဲသို့ မရောက်ဖူးသေးတော့ 
ဘယ်လောက် ကြီးကျယ်မလဲ မပြောတတ်ပါဘူး။

ပါရီက လီယွန်ကို ရထားနဲ့မသွားဘဲ ကားလမ်းကသွားချင်တယ် ဆိုရင်တော့ ပြင်သစ်ဟိုင်းဝေးလမ်း 
Autoroute A6 သို့မဟုတ် ဥရောပဟိုင်းဝေးလမ်း Europeanroute E15 အတိုင်းသွားရပါမယ်၊ အဲဒီ
E15 လမ်းမကြီးဆိုတာက စကော့တလန် အင်္ဂလန် ပြင်သစ် စပိန် လေးနိုင်ငံကို ဆက်သွယ်ထားတဲ့ 
ကီလိုမီတာ သုံးထောင်ခြောက်ရာကျော် ရှည်လျှားတဲ့ လမ်းမကြီးပါ၊ အဲဒီ ပြင်သစ်ဟိုင်းဝေးလမ်း A6 
(A7 လီယွန်-မားဆေး လမ်းပိုင်း အပါအဝင်) လမ်းမကို ပြင်သစ်တွေကတော့ Autoroute du Soleil 
(Highway of the Sun) ဆိုပြီး နာမည်လှလှ ပေးထားပါတယ်၊ တနှစ်တာ ရက်များမှာ နေမမြင်ရတဲ့ 
ရက်တွေ များပြားလှတဲ့ ပြင်သစ်မြောက်ပိုင်း ပါရီလိုဒေသမျိုးတွေဆီကနေ နေသာလှတဲ့ တောင်ပိုင်း 
ဒေသ မြေထဲပင်လယ်ဆီသို့ သွားရာလမ်းမို့လို့ ဒီအမည် ရှင်နေမင်းသို့ သွားရာလမ်း လို့ ခေါ်ကြဟန် 
တူပါတယ်၊ ဒီလို လမ်းအမည်မျိုး အီတလီနဲ့ ရူမေးနီးယားမှာလည်း ရှိတယ် ဆိုကြပါတယ်။

နှစ်နာရီခရီး အကြာမှာတော့ နာမည်ကျော် Rhône ရွန်မြစ်ကို ပထမအကြိမ် ဖြတ်ကျော်လာပါတယ်၊
၈၁၂ ကီလိုမီတာ ရှည်လျှားတဲ့ အဲဒီ ရွန်မြစ်ဟာ ဆွစ်ဇာလန်ပြည် ရေခဲတောင်တွေ ပေါ်က စတင်ပြီး 
မစ်ဖျားခံ စီးဆင်းလာတာပါ၊ သာယာလှပပါပေတယ် ဆိုတဲ့ နာမည်ကျော် ဂျီနီဗာ ရေကန်ကြီးကနေ 
တဆင့် ဒီနေရာကို ရောက်ရှိလာတာပါ၊ အဲဒီ ရွန်မြစ်နဲ့ Saône မြစ် တွေ့ဆုံဆည်းရာ မြစ်ဆုံကတော့ 
Lyon လီယွန်မြို့ရဲ့ လှပတဲ့ လူစည်ကားတဲ့ အချက်အချာ မြို့လယ် တနေရာပါ။

Auxerre Dijon Mâcon Lyon မြို့တွေကတော့ ဥရောပ အရှေ့တောင်ပိုင်း ဆွစ်ဇာလန် အီတလီတို့
တောင်ပိုင်းစပိန်သို့ သွားရာလမ်းမကြီးတွေပေါ်မှာ တည်ရှိတာကြောင့် မကြာခဏ ဖြတ်သန်းသွားဖူး 
တဲ့ မြို့တွေနယ်တွေပါ၊ သို့ပေမယ့် ဖြတ်သာသွားပေမယ့် ဟုတ်တိပတ်တိ မလည်ပတ်ဖူးပါဘူး၊ ခဏ
တဖြုတ်နား ထမင်းစား ရေသောက်ဖူးရုံ သာပါ၊ လီယွန်မြို့ကတော့ အေးအေးဆေးဆေး နှစ်ညအိပ် 
သုံးရက်ခရီးလောက်မှ လုံလောက်ပါမယ်၊ နောက်တခေါက် ဦးစားပေးသွားဖို့ စဉ်းစားထားပါမိတယ်၊ 
ပါရီ-လီယွန် Ouigo TGV အသွားအပြန် မီးရထားလက်မှတ်ဖိုးကလည်း စကော်တလန် စမ်းရေအေး 
ဝမ်းလီတာ တပုလင်းစာသာ ကျသင့်မှာမို့ အသောက်နည်းနည်းလျှော့ရင် သွားလို့ ရနိုင်ပါတယ်။

လီယွန် ဘူတာက ထွက်လာတော့ ပါရီ-မားဆေး အမြန်လမ်း ဒုတိယ လမ်းပိုင်း LGV Rhône-Alpes
ရောက်လာပါပြီ၊ Gare de Valence TGV အထိ ၁၁၅ ကီလိုမီတာ ဝေးတာမို့လို့ မိနစ် နှစ်ဆယ်ခန့်မျှ
သာ မောင်းရပါတယ်၊ မောင်ရင်ငတေတို့ ရထားကတော့ ဖြတ်သာသွားတယ် မနားပါဘူး။

ပါရီ-လီယွန်-အာဗီညွှန်-မားဆေး-နိ့စ်                                                         (ဓါတ်ပုံ မရငတ)

ဥရောပ ထုံးစံအတိုင်း ဘုရားကျောင်း ခေါင်မိုး ချွန်ချွန်လေးတွေနဲ့ ကျေးတောရွာလေးတွေကို ရထား
အမြန်နှုန်းကြောင့် ရိပ်ကနဲ ရိပ်ကနဲသာ အဝေးက လှမ်းမြင် တွေ့နေရခြင်းပါ၊ အိမ်ခေါင်မိုး အုတ်ကြွပ်
နီနီ တထပ်တိုက်ပုလေးများကတော့ ဥရောပတောင်ပိုင်း လီယွန်နယ်ဘက် ရောက်လာခြင်း အထိမ်း
အမှတ် သင်္ကေတတွေပါ၊ ဥရောပ မြောက်နဲ့တောင်ကို ကောင်းကင်ပေါ်ကနေ အလွယ်ခွဲခြားနိုင်တာ 
အဲဒီ အုတ်ကြွပ်နီ ခေါင်မိုးတွေနဲ့ သင်ပုန်းကျောက် ခေါင်မိုးမည်းတွေ ကွာဟမှုပါ။

မောင်ရင်ငတေတို့ရဲ့ ဒီ အပြာရောင် OuigoTGV အမြန် ဘတ်ဂျက် ရထားကြီးမှာက စားသောက်တွဲ
မပါရှိပါဘူး၊ ဒါကြောင့် ကြိုတင်စီမံလာတဲ့ Fried Chicken မရငတအကြော်နဲ့ လက်ဖက်ထမင်းကြမ်း 
ဘူးကိုဆွဲထုတ် အနီရောင် စပျစ်ရည်ကို တငုံမော့ရင်း နေ့ခင်းစာ ဝမ်းမီးကို ငြှိမ်းရပါတယ်၊ ကြိုတင်၍
မသိထားဘူးသာ ဆိုပါက ထမင်းတနပ် လျှော့စား ထုံး နှလုံးမူရမှာ အသေအချာပါ။

လီယွန်နယ်ကိုကျော်လာတော့ ရထားလမ်းက ရွန်မြစ်ကြောင်းအတိုင်း တောင်ဘက်ကို ဆက်လက်
စုန်ဆင်းလာပါတယ်၊ ဒါပေမယ့် ရွန်မြစ်နဘေးမှာက မြို့တွေရွာတွေက အဆက်မပြတ်တာမို့ ဒီ LGV 
အမြန်ရထားလမ်းက မြို့တွေနဲ့ခွာပြီး ဖောက်ထားတာဖြစ်လို့ ရွန်မြစ်ကြောင်းနဲ့ ကီလိုမီတာ နှစ်ဆယ် 
သုံးဆယ်လောက်ဝေးပြီး ရွန်မြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ ဖောက်လုပ်ထားတာပါ၊ ရထားပြူတင်းကနေ 
တောက်လျှောက်မြင်တွေ့ရမှာက စက်ရုံအလုပ်ရုံ မီးခိုးခေါင်းတိုင်တွေထက် ဝါဝါစိမ်းစိမ်း စိုက်ခင်းပျိုး 
ခင်းတွေကိုသာ မျက်စေ့တဆုံးမက မြင်တွေ့ရမှာပါ။



ပါရီ-လီယွန်-အာဗီညွှန်-မားဆေး-နိ့စ်                                                         (ဓါတ်ပုံ မရငတ)

ဒုတိယ လမ်းပိုင်း LGV Rhône-Alpes လို့ သတ်မှတ်ပိုင်းခြား ခေါ်ကြပေမယ့် မိနစ်ပိုင်းမျှသာ ကြာပါ 
တယ်၊ Valence သို့မဟုတ် Valentia သို့မဟုတ် Valença မြို့ကတော့ မကြီးမသေးနဲ့ ပြင်သစ်ပြည် 
တွင်းမှာ လူပြောသူပြောများလှတဲ့မြို့ မဟုတ်ပါဘူး၊ ဒီနယ်ဝန်းကျင်က ဟင်းသီးဟင်းရွက်အသီးအနှံ 
စိုက်လို့ပျိုးလို့ကောင်းတာတော့ နာမည်ကြီးပါတယ်၊ နာမည်ကြီး ခရမ်းရောင် လာဗန်ဒါ ပန်းခင်းတွေ 
ကို ဒီနယ်မှာ စတင်တွေ့နိုင်ပေမယ့် ရထားလမ်းဘေးမှာတော့ တွေ့ရှိရခြင်း မရှိပါဘူး။

ပြင်သစ်ပြည်ရဲ့ စပျစ်ခင်းတွေဟာ နာမည်ကျော်ပေမယ့် ဂျုံခင်းတွေလိုတော့ နေရာတကာမှာ တွေ့ရှိ
ရမှာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်ရှိ ဂျုံခင်းအများစုက ပြင်သစ်မြေကြီးတွေမှာ စိုက်ပျိုးတယ် ဆိုပါတယ်။

ပြောင်းခင်း မုယောစပါးခင်း ပန်းနှမ်းခင်းတွေ တခြား မောင်ရင်ငတေ အမည်မသိရှိတဲ့ သီးနှံစိုက်ခင်း 
တွေလည်း အများအပြားတွေ့မြင်ရပါတယ်၊ တကယ်တမ်း စာရင်းဇယားတွေအရလည်း အမေရိကန်
ရုရှား တရုတ် တို့လို့ မြေကြီးပေါများတဲ့ နိုင်ငံတွေပြီးရင် ပြင်သစ်က နံပတ်တစ်လို့ ပြောလို့ရပါတယ်။
တကယ်တော့လည်း ပြင်သစ်နိုင်ငံကို စိုက်ပျိုးရေးနိုင်ငံ တနိုင်ငံလို့ သတ်မှတ်ရင် ရပါတယ်၊ တနိုင်ငံ 
လုံး မြေကြီးရဲ့ ၅၅ ရာနှုန်းက စိုက်ပျိုးမြေတွေ ဖြစ်ပြီး ဂျုံ ပြောင်း သကြား စပျစ် (ဝိုင်) ဆီထွက်သီးနှံ 
စတာတွေ အဓိကစိုက်ပျိုးကြသလို နွားစားကျက် မြက်ခင်းပြင်ကျယ်ကြီးတွေကိုလည်း နေရာအနှံ့မှာ 
တွေ့မြင်ရပါမယ်၊ စားကျက်မြေ ကောင်းသလို နွားမွေးမြူရေး လုပ်ငန်းကလည်း ကောင်းလှတာမို့လို့ 
နို့ထွက်ပစ္စည်း အထွက်နှုန်းက ကမ္ဘာ့ ထိပ်ဆုံးတန်းမှာ ရှိပါတယ်၊ ရှန်ပိန်နဲ့ ကော့ညက်တို့ အပါအဝင် 
ဝိုင်ဖြူ နီ ပန်းရောင် ချက်လုပ်ဖို့အတွက် လိုအပ်ပါတဲ့ စပျစ်ပင်း စိုက်ခင်းတွေက တနိုင်ငံလုံးမှာလိုလို 
ဆိုပေမယ့် စပျစ်စိုက်ခင်းရာခိုင်နှုန်းက ပြင်သစ်တပြည်လုံး စိုက်ပျိုးမြေရဲ့ နှစ်ရာခိုင်နှုန်းသာသာ သာ
ရှိတာကြောင့် စပျစ်ခင်းတွေကို နေရာတကာမှာ မတွေ့မြင်ရပါဘူး၊ စပျစ်ခင်းတွေ အများစု ကလည်း 
လူအင်အားကို အခုထက်ထိတိုင် အဓိကအားထား အသုံးပြုရတဲ့ အပင် အမျိုးအစား ဖြစ်နေလို့လား 
မသိပါဘူး၊ ရွာကလေးတွေအနီး တောင်ကုန်းဆင်ခြေလျှောတွေမှာသာ အတွေ့ရများတာပါ။

လီယွန်မြို့နဲ့ Avignon အာဗီညွှန်မြို့ထိ လမ်းတလျှောက်မှာတော့ ရထားလမ်း ဝဲယာ ဘေးနှစ်ဘက်
စလုံးမှာ တောင်စဉ်တောင်တန်းတွေကို ခပ်ဝေးဝေးမှာ မှုန်ပြပြမြင်တွေ့ရလိုက် အနီးကပ်လာလိုက်နဲ့ 
မြင်တွေ့နေရ ပါတယ်၊ ရထားက မြောက်ကနေ တောင်ဘက်ကို ဦးတည်သွားနေပြီး မောင်ရင်ငတေ 
ထိုင်တာက ညာဘက်ခြမ်းမှာဖြစ်လို့ လှမ်းမြင်နေရတဲ့ တောင်တန်းတွေကတော့ Massif Central ရဲ့ 
တောင်တန်းတွေပါ၊ ပြင်သစ်ပြည်ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပေမယ့်လည်း Massif des Alpes, 
Massif du Jura နဲ့  Massif des Pyrénées တို့ အကြားမှာ တည်ရှိနေတဲ့အတွက် Massif Central
လို့ခေါ်ဆိုကြတယ် ထင်ပါတယ်၊ Puy de Sancy အမည်ခေါ်တွင်တဲ့ Massif Central ရဲ့ အမြင့်ဆုံး
တောင်ထွဋ်ကတော့ ၁၈၈၅ မီတာ မြင့်ပေမယ့် ရထားပေါ်ကနေ မမြင်တွေ့လိုက်ရပါဘူး။

အဲဒီလိုနဲ့
ပါရီ-မားဆေးရဲ့ တတိယလမ်းပိုင်း LGV Méditerranée သို့ ရောက်လာပါပြီ၊
Valence မြို့ကနေ Marseille မားဆေးထိ စုစုပေါင်း ကီလိုမီတာ ၂၅၀ ဝေးပါတယ်၊
ကြားမှာ Avignon TGV နဲ့ Aix-en-Provence TGV ဆိုပြီး တီဂျီဗွီ နှစ်ဘူတာ ရှိပါတယ်။

၂၀၁၅ ခုနှစ် Nice နိ့စ်သွားတုန်းက ဒီဘူတာ နှစ်ခုစလုံးမှာ iDTGV တခဏစီ ရပ်နား မားဆေးမြို့ကို
မြို့ပြင်က ဖြတ်သန်းပြီးမှ နိ့စ်ဘူတာမှာ ဂိတ်ဆုံးပါတယ်၊ ဒီတခေါက် ၂၀၁၈ ခုမှာတော့ Ouigo TGV
မားဆေး ဂိတ်ဆုံးရထားက သီးသန့်အမြန်လမ်းသစ် ဖောက်ပြီးသွားလို့ Aix-en-Provence ဘက်က 
မသွားတော့ဘဲ မားဆေး တိုက်ရိုက်ဆိုတော့ ပိုနီး ပိုမြန်သွားပါတယ်။

Valence မြို့နဲ့ အာဗီညွှန်မြို့အကြား ရွန်မြစ်ရိုး ဝဲယာတလျှောက်မှာတော့ ပြင်သစ်ရဲ့နာမည်ကြီးဝိုင် 
အမျိုးအစား တခုဖြစ်တဲ့ Côtes-du-Rhône ရဲ့ စပျစ်ခင်းများ ရှိတယ်ဆိုပြီး သိထားမိလို့ သတိထား
ကြည့်ပေမယ့်လည်း ရထားလမ်းနဘေးမှာတော့ စပျစ်စိုက်ခင်းနဲ့ တူတာ ရှာမတွေ့ခဲ့ပါဘူး၊ ရွန်မြစ်ရိုး
တလျှောက် သင်္ဘောနဲ့ စုန်ဆင်းမှသာ စပျစ်ခင်းတွေ တွေ့ရှိရမယ် ထင်ပါတယ်။

Côtes-du-Rhône စပျစ်ခင်းများကို အမှန်အကန် မြင်တွေ့ခွင့် ရခဲ့တဲ့ နေရာကတော့ အာဗီညွှန်မြို့မှ
Pont du Gard ဂါဒွန် ရေသွယ်တံတား ရှိရာသို့သွားတဲ့ တောလမ်းတလျှောက်မှာပါ၊ ဒါပေမယ့်လို့ ဒီ 
ရာသီက စပျစ်သီးခူးပြီးတဲ့ ရာသီဖြစ်နေလို့ ခြောက်သယောင်းအလှပျက်နေတဲ့ စပျစ်ခင်းများကိုသာ 
တွေ့မြင်ခွင့် ရခဲ့ပါတယ်၊ ဒါကြောင့် နောက်တခေါက်တော့ ခြေခင်းလက်ခင်းသာတဲ့ရာသီမှာ သွားပြီး 
အဲဒီ စပျစ်ခင်းများအကြောင်းကိုတော့ သီးသန့် စာစုတစုအဖြစ် ရေးချင်မိပါသေးတယ်။



Rhône ရွန်မြစ်                                                                                  (ဓါတ်ပုံ မရငတ)

အာဗီညွှန်မြို့အနားကို နီးလာတော့ LGV အမြန်ရထားလမ်းက ရွန်မြစ် ကွေ့ကွေ့ကောက်ကောက်ကို
လေးကြိမ်ခန့်မျှ ဖြတ်ကျော်တာမို့ Rhône ရွန်မြစ်က ရထားလမ်း ဘယ်ဘက်ရောက်လိုက် ညာဘက် 
ရောက်လိုက်နဲ့ပါ၊ ဒီ Rhône ရွန်မြစ်ကို တချို့ ဗမာစာတွေမှာ ရုန်းမြစ်လို့ ရေးကြတာ တွေ့ရပါတယ်၊ 
ပြင်သစ်လိုတော့ ရွန် သို့မဟုတ် ရွန်း လိုသာ မောင်ရင်ငတေ ကြားမိရလို့ ရွန် လိုက်ရခြင်းသာပါ။

အာဗီညွှန်ကို ကျော်သွားရင်တော့ မောင်ရင်ငတေတို့ရဲ့ ပါရီ-လီယွန်-အာဗီညွှန်-နိ့စ် ရထားလမ်းမက
အရှေ့တောင်ဘက်စွန်းဆီ ဦးတည်၍ ခုတ်မောင်းသွားပါတယ်၊ ရွန်မြစ်ကြောင်းအတိုင်း အာဗီညွှန်ရဲ့
တောင်ဘက်ကို ဆက်သွားရင်တော့ ပြင်သစ်ရဲ့ ဒုတိယ မြို့တော် မားဆေးမြို့ကို မရောက်ခင် လမ်း
တဝက်လောက်မှာ နာမည်ကျော် ဟော်လန်ပန်းချီဆရာကြီး ဗန်ဂိုး ပန်းချီကားများရေးဆွဲခဲ့ရာ Arles 
မြို့တည်ရှိပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေတို့ ရထားလမ်းကြောက Arles သို့မရောက်ဘဲ အရှေ့ 
ဘက်ဆီသို့ ခုတ်မောင်းသွားတာပါ၊ ပြင်သစ်မြေကို စနင်းချိန်များက Arles မြို့လယ်ကို ဖြတ်သန်းခဲ့
ဖူးပေမယ့် ဗန်ဂိုးရဲ့ ခြေရာဟောင်းများကိုတော့ အခွင့်မရလို့ မနင်းဖူးသေးပါဘူး။

၁၈၈၈ ခုနှစ်က ဗန်ဂိုး ရေးဆွဲခဲ့တဲ့ Nuit Étoilée sur le Rhône (Starry Night over the Rhone)
ပန်းချီကားထဲက ရွန်မြစ်ရဲ့ အပြာရောင်မြစ်ရေပြင်ကတော့ ရထားပေါ်ကနေ လျှပ်တပျက် မြင်တွေ့ရ 
ခဲ့တာတောင်မှ အတော်လေးကို စွဲမက်ဖွယ်ရာ ကောင်းလှတယ် ထင်မိပါတယ်။


Gare d’Avignon TGV                                                                         (ဓါတ်ပုံ မရငတ)

အာဗီညွှန်မြို့က ပြင်သစ်အရှေ့တောင်ပိုင်းရဲ့ စပိန်နဲ့ အီတလီတို့သို့ ရထားလမ်းခွဲရာမြို့လို့ ပြောရင် 
ရနိုင်ပါတယ်၊ လမ်းဆုံလမ်းခွမြို့ဖြစ်သလို ပြင်သစ် စပိန် အီတလီပြည်တို့ရဲ့ ဟိုလီရောမန်အင်ပါယာ 
ခေတ် သမိုင်းမှတ်တမ်းတွေမှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်ခဲ့တဲ့ ရှေးမြို့ဟောင်းတမြို့လည်း 
ဖစ်ပါတယ်၊ အဲဒီ အာဗီညွှန် အနီးတဝိုက် ဒေသက သမိုင်းကြောင်းကြီးတဲ့ နယ်မြေဖြစ်တာမို့ တရက်
နှစ်ရက် အချိန်ပေးရုံနဲ့ မလုံလောက်လို့ မောင်ရင်ငတေ သွားမယ် ချိန်ရင်း မသွားဖြစ်သေးတဲ့ နေရာ 
တနေရာ ဖြစ်နေဆဲပါ၊ ဖြတ်သာသွားတယ် မနားဖြစ်ခဲ့တဲ့ နေရာ ဒေသပါ၊ သွားမယ် အကြိမ်ကြိမ်ကြံ 
ရင်းနဲ့ လက်မှတ်ဝယ်ထားပြီးတာတောင် အကြောင်းအမျိုးမျိုးနဲ့ အစီစဉ်ပျက်ခဲ့တာပါ။

ဒီတခေါက်တော့ အဲဒီ နာမည်ကြီး ရှေးမြို့တော်ဟောင်း Avignon အာဗီညွှန်မှာ သမိုင်းလက်ရာများ 
ခြေရာများ ဘယ်လောက်များများ ကျန်နေသေးပါသလဲဆိုတာ မားဆေးအပြန် တညအိပ်သွားကြည့်
ဖို့ကို စီစဉ်ထားပြီးသားမို့ အာဗီညွှန်အကြောင်း အတိုအစများ ရေးရပါဦးမယ်။

ဒီနေရာကနေ အာဗီညွှန် တီဂျီဗွီ ဘူတာ အလွန်က
၂၀၁၅ ယခင်ခရီး ပါရီ-လီယွန်-အာဗီညွှန်-နိ့စ် လမ်းပိုင်းနဲ့
၂၀၁၈ ယခုခရီး ပါရီ-လီယွန်-အာဗီညွှန်-မားဆေး လမ်း စခွဲပါပြီ။

အဲဒီ လမ်းခွဲ နှစ်ခု အကြောင်း ပထမ အနေနဲ့ ၂၀၁၅ လမ်းကြောင်း
အာဗီညွှန်-နိ့စ် လမ်းခွဲ ပိုင်းကို အရင် ရေးသားထားတဲ့ အတိုင်းနီးပါး ပြန်လည်ဖော်ပြပါမယ်။

ဒုတိယပိုင်း အနေနဲ့ကတော့ အခုသွားတဲ့ ၂၀၁၈ လမ်းကြောင်း
အာဗီညွှန်-မားဆေး လမ်းစခွဲရာကနေ အတတ်နိုင်ဆုံး အတိုချုပ်ပြီး ဆက်လက် ရေးသားပါမယ်။

အာဗီညွှန်မြို့အောက်ဘက်နားမှာ ရွန်မြစ်ထဲသို့ပေါင်းဆုံစီးဝင်တဲ့ Durance မြစ်ရိုးအတိုင်း ရထားက 
အရှေ့ဆီသို့ ဦးတည်မောင်းပါတယ်၊ အရှေ့ဘက် ပြင်သစ် အဲလ်တောင်တန်းတွေဆီကနေ မြွေလိမ် 
မြွေကောက် စီးဆင်းလာတဲ့ Durance မြစ်ကခပ်သေးသေးမို့လို့ အာဗီညွှန် နိ့စ် ရထားလမ်းက လေး
ငါးကြိမ်မျှ တဝေါဝေါမြည်ပြီး မြစ်ကို ကျော်ဖြတ်သွားနေပါတယ်။


Vignoble de Provence                                                                      (ဓါတ်ပုံ မရငတ)

Aix-en-Provence ဘူတာက ထွက်လာပြီး Nice နိ့စ်မြို့ အထိ ရထား လမ်းနဘေး တဘက်တချက်
မှာတော့ မောင်ရင်ငတေ တလမ်းလုံး သတိထားပြီးကြည့်လာတဲ့ တွေ့ချင်နေမိရပါတဲ့ Vignoble de
Provence စပျစ်ခင်းတွေကို တော်တော်များများ တွေ့မြင် ရပါပြီ၊ ဒီဒေသရဲ့ ပူပြင်း ခြောက်သွေ့ပါတဲ့ 
စက်တင်ဘာကာလမှာ စပျစ်ခင်းတွေကြား စပျစ်သီးခူးနေကြသူများကို တွေ့လိုက်ရပြန်တော့ သူတို့ 
ခမျာ စပျစ်ရည် စေးကပ်ကပ်တွေနဲ့ ခူးရလက်ပေါက်ကပ်လှမှာကို မြင်ယောင်မိရပါတယ်၊ သူတို့တွေ
ကတော့ မောင်ရင်ငတေလို တခါတလေ စပျစ်ခူးရလို့ ပျော်နေတာလား ဒါမှမဟုတ် ထမင်းတလုတ် 
စားရဖို့ အတွက်သာ စိတ်တင်းကြိုးစား ခူးနေကြတာလားကတော့ အဝေးကနေ ခန့်မှန်းဖို့ မလွယ်ကူ 
လှပါဘူး၊ စက်တင်ဘာဆိုတာက စပျစ်သီးခူးကြတဲ့ရာသီပါ၊ စပျစ်ရည်ကို ကြိုက်နှစ်သက်တဲ့ စပျစ်ခူး 
သမားတယောက် ဖြစ်ခဲ့ဖူးတဲ့ မောင်ရင်ငတေ့အတွက် စပျစ်ခင်းတွေ မြင်တွေ့ရင် မနေနိုင် မထိုင်နိုင် 
ဖြစ်တတ်တဲ့ ရောဂါတမျိုး စွဲကပ်နေတယ် ထင်မိပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် စပျစ်ခူးခွင့်ကို 
ထပ်မံ မကြုံကြိုက်ခဲ့ရတော့ပေမယ့်လို့ ခူးခွင့်ရရင် ခူးချင်မိနေပါသေးတယ်။

Provence-Alpes-Côte d'Azur ဒေသက ထွက်ရှိတဲ့ ဝိုင်အမျိုးအစားကတော့ ဝိုင်အနီထက် ဝိုင်ဖြူ 
ဝိုင်ပန်းရောင်တွေ အထွက်များပါတယ်၊ Côtes du Rhône တို့လို ဝိုင်နီတွေ ထွက်ရှိပေမယ့် Vin de 
Cassis, Vins de Provence, Côtes-de-Provence တို့လို ဝိုင်ဖြူဝိုင်ပန်းရောင်တွေ အထွက်များတဲ့ 
နေရာဒေသပါ၊ ပူပြင်းတဲ့နေရောင်ခြည် ခြောက်သွေ့အေးမြတဲ့ မြေထဲပင်လယ် ရာသီဥတုအောက်မှာ 
တောင်တန်းတွေနားက ခပ်ပြန့်ပြန့်စပျစ်ခင်းတွေက ရထားလမ်းဘေး ကားလမ်းဘေးတလျှောက်မှာ 
လှပစွာတမျှော်တခေါ်ကြီး တွေ့ခဲ့ရပါတယ်၊ ဒီဒေသမှာ နှစ်စဉ် ဝိုင်ပုလင်း သန်းတရာ့ရှစ်ဆယ်နီးပါးမျှ 
ချက်လုပ်နေတာမှာ Vin Rosé ခေါ် ပန်းရောင်ဝိုင် ထုတ်လုပ်မှုက ရှစ်ဆယ်ရာနှုန်း ကျော်ပါတယ်တဲ့၊
ပြင်သစ် ပန်းရောင်ဝိုင် ဈေးကွက်ရဲ့ သုံးပုံတပုံကျော်ကိုလည်း အုပ်စီးထားသလို ကမ္ဘာ့ ဝိုင်ပန်းရောင် 
ဈေးကွက်ကိုလည်း ဦးဆောင်နေတဲ့ ဒေသပါ။

ဒီ Provence ဒေသမှာ တည်ရှိတယ်ဆိုတဲ့ Lavande ခရမ်းရောင် ပန်းစိုက်ခင်းများရဲ့ အလှကတော့ 
နာမည်ကြီးလှပေမယ့် ရထားလမ်းဘေးနှစ်ဘက်မှာတော့ မတွေ့မြင်ခဲ့ပါဘူး၊ တနှစ်တာပတ်လည်မှာ 
ရက်ပေါင်း သုံးရာလောက် နေအလင်းရောင်ရတဲ့ဒေသ ဆိုတော့လည်း အဲဒီလို လှပတဲ့ ပန်းခင်းတွေ 
စိုက်ခင်းတွေနဲ့ စိမ်းလန်းစိုပြေနေတာကတော့ သဘာဝတရားကြီးက ပေးအပ်ထားတဲ့ အရာတွေလို့ 
သာ ပြောရမှာပါ၊ အဲဒီလို အခွင့်အရေးတွေကို ကောင်းကောင်းကြီး အသုံးချတတ်ပါတဲ့ လူသားတွေ 
ရှိဖို့ကတော့ လိုအပ်မှာပေါ့နော်။

Aix-en-Provence TGV ဘူတာက ထွက်လာပြီး သိပ်ကြာကြာ မမောင်းလိုက်ရပါဘူး၊ မားဆေး မြို့ 
တော် မေထရိုပိုလီတန်နယ်နမိတ်ထဲ ရောက်ရှိလာခဲ့ပါပြီ၊ ဒီ iDTGV အမြန်ရထားက မားဆေးမြို့ထဲ 
မသွားဘဲ အရှေ့တောင်ဘက် မြေထဲပင်လယ် Côte d'Azur ကမ်းခြေဆီသို့ ဦးတည် ခုတ်မောင်းနေ 
ပါတယ်၊ အမြန် ရထားလမ်း သီးသန့် ဖောက်လုပ်နေတာ မပြီးစီးသေးလို့ မြို့လေးတွေ ရွာလေးတွေ 
တောဘူတာလေးတွေကို ဖြတ်သန်းသွားရတော့ ရထား အမြန်နှုန်းက အတော် လျော့ကျ သွားပါပြီ၊ 
မားဆေး ဆင်ခြေဖုံး အိမ်ယာများကြားကနေ ရထားက ဖြတ်သန်းသွားတာပါ။


မားဆေးမြို့ကြီးရဲ့ အစွန်အဖျား                                                               (ဓါတ်ပုံ မရငတ)

မားဆေးမြို့ကြီးရဲ့ အစွန်အဖျား ရထားလမ်းနဘေးက လူနေအိမ်ခြေများကို တွေ့မြင်လိုက်ရပါတော့ 
ဖျတ်ခနဲ မောင်ရင်ငတေ သတိရမိသွားတာတခု ရှိခဲ့ပါတယ်၊ အီတလီတွေ အာမေးနီးယန်းတွေ အပါ 
အဝင် မောင်ရင်ငတေတို့လို့ တတိယကမ္ဘာက ရွှေ့ပြောင်း အခြေစိုက်တွေ အများအပြား နေထိုင်ကြ 
တယ် ဆိုတာကိုပါ၊ အဲဒီ ရထားလမ်းနဘေးက အိမ်ကလေးတွေ ကြည့်ပြီး အတွေးပွားမိတာပါ။

Marseille မြို့အဝင် ပင်လယ်နဲ့ အတော်နီးနီးမှာ ရထားလမ်းက ဖောက်ထားတာဖြစ်လို့ မားဆေးမြို့ 
နာမည်ကျော် မြေထဲပင်လယ်သွား ဇိမ်ခံသင်္ဘောကြီးတွေကို တွေ့လိုက်ရသလို မားဆေးမြို့တော်ရဲ့ 
အမြင့်ဆုံးတောင်ကုန်းပေါ်က အေဒီ ဆယ့်ကိုးရာစုအလယ်ပိုင်း လက်ရာ Basilique Notre-Dame-
de-la-Garde ဘုရားကျောင်းကြီးကိုလည်း ခပ်ဝေးဝေးမှာ မျက်စိတမှိတ် မြင်တွေ့ခွင့် ရခဲ့ပါတယ်။

Marseille သို့မဟုတ် Massalía မြို့တော်ကြီး သက်တမ်းက ပါရီမြို့ထက် နှစ်ပေါင်းများစွာ စောခဲ့ပြီး 
ခရစ်တော်မပေါ်မီ ဘီစီခြောက်ရာစုကျော်ကာလထဲက သမိုင်းကြောင်း ကြီးခဲ့သလို ဂရိလူမျိုးတွေရဲ့ 
ကိုလိုနီ ဘဝနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတယ်လို့လည်း ဆိုကြပါတယ်၊ ဒါအပြင် အီဂျစ် ရောမ တူရကီ 
ဂျေရူဆလင်နဲ့ အာဖရိကန် မြောက်ပိုင်း ဒေသများရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း အဟောင်းတွေက 
မားဆေး ဆိပ်ကမ်းကိုဖြတ်ကျော် ဥရောပကုန်းမကြီး မြောက်ပိုင်း ဒေသဆီသို့ ရောက်ရှိခဲ့ပါတယ်လို့ 
ဆိုကြပါတယ်၊ မောင်ရင်ငတေတို့ခေတ် ဘောလုံးလောကမှာ နာမည်ကြီးသူများ ဖြစ်ကြတဲ့ အီတလီ 
နွယ်ဖွား Eric Cantona ကန်တိုနာ (၁၉၆၆-****) အယ်ဂျီရီးယားနွယ်ဖွား Zinedine Zidane ဇီဒန်း 
(၁၉၇၂-****) တို့ နှစ်ဦးက ရွှေ့ပြောင်း အခြေချ မားဆေး မြို့တော်ကြီးသား စစ်စစ်တွေပါ၊ အဲဒီလို 
ကြီးကျယ် ခမ်းနားလှပါတဲ့ မားဆေးမြို့တော် အကြောင်းကို နောက်များမှ ရေးပါဦးမယ်။


Vignoble de Provence                                                                      (ဓါတ်ပုံ မရငတ)

ရထားလမ်းနဘေးမှာ စပျစ်စိုက်ခင်းတွေကို အများအပြား တောက်လျှောက်ဆိုသလို တွေ့ရှိရတာက 
Toulon ဘူတာကိုကျော်လာခဲ့မှပါ၊ နာရီဝက်ကျော်ကျော် ရထားတရိပ်ရိပ် ပြေးနေတဲ့ကြားက တွေ့ရှိ 
ခဲ့ရတာပါ၊ စပျစ်ခင်းတွေက မြေပြင်ညီတွေမှာ စိုက်ထားတာပါ၊ ပုံမှန်အားဖြင့် တောင်စောင်းတွေမှာ 
စိုက်ထားတဲ့ စပျစ်စိုက်ခင်းတွေလောက်တော့ မောင်ရင်ငတေရဲ့မျက်စေ့ထဲမှာ မစွဲမက်လှပေမယ့်လို့ 
မလှပပါဘူးတော့ မပြောရက်သလို ပြောလို့လည်း မရပါဘူး၊ သူ့အလှနဲ့ သူပေါ့လေ။

Toulon မြို့အလွန်မှာ ရထားက မြောက်ဘက်ယွန်းယွန်းဆီသို့ ဦးတည်ပြီး မောင်းပါတယ်၊ ပင်လယ် 
ရေပြင်နဲ့ ဝေးပြီး တောင်တန်းတွေကြား စပျစ်ခင်းတွေကြားက ခုတ်မောင်းနေတာပါ၊ တနာရီသာသာ 
စပျစ်စိုက်ခင်းတွေကို အဆက်မပြတ် တွေ့မြင်ရပါတယ်၊ နောက်ရထားလမ်းက ညာဘက်ကို ချိုးကွေ့ 
လိုက်ပြီး အရှိန်လျော့ မောင်းပါတယ်၊ လူနေအိမ်ခြေ ခပ်စိတ်စိတ်တွေ့လာပြီး ဟော်တယ်တွေလည်း 
တလုံးပြီးတလုံး တွေ့လာရပါတယ်၊ အိမ်ကြီးအိမ်ကောင်းတွေ ပိုများများ တွေ့လာရတယ် ဆိုကြပါစို့။

ပင်လယ်နဲ့ တောင်တန်းတွေ ထိစပ်မှုကပိုမိုနီးကပ်လာတာမို့ မော်တော်ကားလမ်းတွေနဲ့ ရထားလမ်း
တွေလည်း ပိုမိုနီးကပ်စွာ ယှဉ်လိုက်ခွကျော်လိုက်နဲ့ အပန်းဖြေကမ်းခြေဒေသကို ရောက်လုလာပါပြီ။


Côte d'Azur                                                                                    (ဓါတ်ပုံ မရငတ)

Fréjus နဲ့ Saint-Raphaël မြို့လေးတွေအရောက်မှာတော့ ရထားလမ်းက ပင်လယ်ရေပြင်အနားသို့
အတော်လေးကို ချည်းကပ်လာပါပြီ၊ မြေထဲပင်လယ် ကမ်းခြေနဲ့ ပူးချည်ခွာချည် ယှဉ်ပြီး ဖောက်လုပ် 
ထားတာဖြစ်လို့ ပင်လယ်ရေပြင်ပြာပြာကို အနီးကပ်စတင် မြင်တွေ့ခွင့် ရကြပါပြီ၊ ခရီးသည် အများစု 
လည်း ခရီးဆုံး ရောက်တော့မှာဖြစ်လို့ မြေထဲပင်လယ် ရေပြင်ကြီးကိုကြည့်ပြီး အပြုံးမျက်နှာ ကိုယ်စီ
တွေ့မြင်နေရပါပြီ၊ ပင်လယ်ပြာပြာ မိုးတိမ်ပြာပြာဒေသကို ရောက်လာနေပြီ မဟုတ်ပါလား။

ရထားပြူတင်းကနေ လှမ်းမြင်နေရတဲ့ စပျစ်စိုက်ခင်းတွေ ပျောက်ကွယ်သွားအပြီး တခဏလေးမှာပဲ 
မြင်ကွင်းထဲမှာ ရေပြင်ကျယ်ပြာပြာကို မြင်တွေ့လိုက်ရတာမို့လို့ ရထားပေါ်ပါလာသူ အားလုံးလိုလိုပဲ 
လှုပ်လှုပ်ရွရွ ဖြစ်သွားကြတာကို မောင်ရင်ငတေ သတိထားမိလိုက်ပါတယ်။

ပါလာကြတဲ့ တယ်လီဖုန်းတွေထုတ် ကင်မရာတွေထုတ် မှတ်တမ်းတင်ကြဖို့ ပြင်ဆင်နေကြပါတယ်၊ 
မြင်ကွင်းကလည်း လှလွန်းတာကိုး၊ ပင်လယ်နဲ့ သဲသောင်ပြင်ရယ် တောင်တန်းတွေရယ် အကြားက 
ရထားလမ်းကားလမ်း လူသွားလမ်းတွေ ယှဉ်တွဲဖောက်ထားတာကိုက မထူးပေမယ့် ဆန်းနေတာပါ၊ 
မြေထဲပင်လယ်ရဲ့ ရေပြင်ပြာပြာက နာမည်ကျော်ကြားသလောက် တကယ်ကို လှပပါပေတယ်။

မောင်ရင်ငတေတို့ထက် တပတ်တရက် တမနက်စောလို့ ရောက်နှင့်နေကြသူများကတော့ ကမ်းခြေ 
တလျှောက် ပေါ့ပေါ့ပါးပါး အေးအေးလူလူ လမ်းလျှောက်နေကြသူများကလျှောက်လို့ သဲသောင်ပြင် 
ပေါ်မှာ နေပူစာလှုံနေကြသူများကလှုံလို့ ရေဆင်းစိမ်နေကြသူများကစိမ်လို့ မြေထဲပင်လယ်ရဲ့ချိုမြိန်
လှပတဲ့ အရသာကို ခံစားနေကြတာကို တွေ့နေရပါပြီ။


Côte d'Azur Bouddha Beach                                                              (ဓါတ်ပုံ မရငတ)

တဆက်တည်းမှာ ဆိုင်းဘုတ်တခုတွေ့လို့ မှတ်တမ်းတင်လိုက်ရပါသေးတယ်၊
Bouddha Beach ပါ တဲ့ ခင်ဗျား၊ တည်းခိုစရာနဲ့ စားသောက်ဆိုင် ကြော်ငြာ ထင်ပါရဲ့၊
မြေထဲပင်လယ် Côte d'Azur ရဲ့ နာမည်ကျော် လူသိများတဲ့ ဆိုင်တဆိုင်ပါတဲ့ ခင်ဗျာ။

ဒီကမ်းခြေဒေသကတော့ မြို့လေးတွေရွာလေးတွေ တဆက်စပ်တည်းလို တည်ရှိနေတာပါ၊ လှပတဲ့ 
ကမ်းခြေ သာယာတဲ့ ရာသီဥတုကြောင့် ပိုက်ဆံရှိသူတွေ နာမည်ကျော်ကြားသူတွေ အိမ်တွေခြံတွေ 
ဝယ်ပြီး ရင်းနှီး မြုပ်နှံ နေထိုင်ကြသလို မောင်ရင်ငတေတို့လို သာမန်ခရီးသွား လာရောက်လည်ပတ် 
ကြသူတွေလည်း တနေ့တခြား များပြားလာတာမို့ ကားလမ်းရထားလမ်းတလျှောက် လူနေအိမ်တွေ 
ဈေးတွေဆိုင်တွေ တည်းခိုစရာ ဟော်တယ်ကြီးငယ်တွေနဲ့ ခရီးသွားလုပ်ငန်း အထွန်းကားဆုံး နေရာ 
ဖြစ်လာတာကတော့ ထူးဆန်းထွေလာ မဟုတ်ပါဘူး။

အင်္ဂလိပ်တွေက French Riviera လို့ခေါ်ကြတဲ့ Côte d'Azur ကမ်းခြေမှာ အပန်းဖြေ သဲသောင်ပြင်
Beach ပေါင်း ထောင်ဂဏန်းမျှ ရှိနိုင်ပါတယ် ဆိုကြပါတယ်၊ ဘီလျှံနာကြီးများ ခရိုဏီသူဌေးကြီးများ 
ထင်ရှားကျော်ကြားလို့ လူမြင်ကွင်း မလာချင်သူများအတွက် ရှယ်သီးသန့်သဲသောင်ပြင်များ ရှိသလို 
မောင်ရင်ငတေတို့လို့ အာလူးကြော်တထုတ် ဘီယာတဗူးနဲ့ သူများတွေ ပျော်နေကြတာကို ထိုင်ငေး
ဖို့ရန် လာသူတွေအတွက်လည်း သဲသောင်ပြင်တွေ ရှိပါတယ်၊ အဲ အထူးစပါယ်ရှယ်သဘာဝအတိုင်း
ကမ္ဘာဦးအစကလို လွတ်လွတ်လပ်လပ် လုံးတီးမှ ကြိုက်သူများအတွက်လည်း သီးသန့်ရှိပါတယ်။

တချို့သော သဲသောင်ပြင်တွေက လေးငါးမိုင်မျှ ရှည်လျှားပြီး တချို့ကတော့ ပေလေးငါးရာလောက် 
ရှည်ပါတယ်၊ နာမည်ကျော် ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ပါဝင်ခဲ့တဲ့ သဲသောင်ပြင်များကတော့ ရုပ်ရှင်
ဇာတ်ဝင်ခန်းထဲကထက် လှပစွဲမက်ဖွယ် ပိုကောင်းပါတယ်ပြောရင် မလွန်လောက်ပါဘူး၊ တကယ်က 
မောင်ရင်ငတေကသာ ဒါမျိုး အတွေးပွား နေမိတာပါ၊ သူတို့တတွေ အဖြူကောင်တွေကတော့ ဒါမျိုး 
တွေးတာမျိုးလောက်ကတော့ ရိုးနေဟန်တူပါတယ်၊ သူတို့လုပ်ချင်ရာ စိတ်အားသန်ရာ ဝါသနာပါရာ 
လုပ်ရရင်ပြီးရော ပုံသဏ္ဍန်တွေသာ မြင်ရပါတယ်၊ ဆတ်ဆတ်ထိမခံနိုင်သေးတဲ့ ကိုယ့်သဘာဝကိုယ်
ဒီနေရာမှာ  မြင်တွေ့ရမှာပါ၊ သေချာတာတခုက အဲဒီ လုံးတီးဘိခ်ျ့တွေကို မောင်ရင်ငတေရောက်မှာ 
မဟုတ်သလို မသွားချင်လို့မဟုတ်သလို မသွားချင်လို့ မရောက်တာလည်း မဟုတ်ပါဘူး၊ အကယ်၍ 
ဖိတ်ခေါ်သူများ ရှိခဲ့ပါက သွားရောက် လေ့လာချင်မိပါသေးတယ် ခင်ဗျား။

Côte d'Azur                                                                                     (ဓါတ်ပုံ မရငတ)

အာဗီညွှန် မားဆေးနယ်ဘက်မှာ မြင်တွေ့ခဲ့ရတဲ့ ဖြူဝါဝါအရောင် ကျောက်တောင်တွေရဲ့အရောင်က
နီညိုညိုအရောင်တွေအဖြစ် ပြောင်းလဲပြီး တွေ့ရှိရပါတယ်၊ မောင်ရင်ငတေ အရင့်အရင် မြင်ဖူးခဲ့တာ
ပင်လယ်ကျောက်ဆောင် ကျောက်တောင်တွေ အများစုက ဒီလို နီနီညိုညိုရောင်တွေ မဟုတ်ဘူးဆို 
တာကတော့ သေချာလှပါတယ်၊ ဘူမိဗေဒကို နကန်းတလုံးမှနားမလည်တဲ့ မောင်ရင်ငတေအတွက်
ဘာလို့ ဝါတယ် ဖြူတယ် နီတယ် ညိုတယ်ဆိုတာ ခွဲခြားမသိပါဘူး၊ ကြည့်လို့ကောင်းတာ သိတာပါ။

ဒီလိုနဲ့ ပင်လယ်ပြင်ကို အလုအယက် ကြည့်နေကြစဉ်မှာ မောင်ရင်ငတေတို့ စီးနင်းလာတဲ့ ရထားက 
အရှိန်ကို သိသိသာသာ လျှော့ချလိုက်သလို အသံချဲ့စက်ကနေ ဘာသာ သုံးလေးမျိုးနဲ့ ကြေညာသံ 
ထွက်ပေါ်လာပါတယ်၊ ကြေညာချက်တွေကို နားလည်တာ မလည်တာ အပထား ခရီးသည်အားလုံး 
သဘောပေါက်လိုက်ကြတာက ခရီးဆုံး နိ့စ်ဘူတာ ရောက်ရှိပြီ ဆိုတာပါ၊ ဒီရထားရဲ့ တချို့သော တွဲ 
တွေကတော့ အီတလီနယ်စပ်မြို့ဖြစ်တဲ့ Vintimille ခေါ် Ventimiglia မြို့လေးဆီသို့ ဆက်လက်ပြီး 
ခရီးဆက်ချီတက် ရဦးမှာပါ၊ မောင်ရင်ငတေတို့ စီးလာတဲ့ နောက်ပိုင်းတွဲတွေကတော့ ခရီးစဉ် အဆုံး 
သတ်ပါပြီ၊ ခရီးသည်များလည်း ထုံးစံအတိုင်း အလုအယက် အထုတ်အပိုးလွယ် ဆင်းနေကြပါပြီ။


Gare  de Nice-Ville                                                                           (ဓါတ်ပုံ မရငတ)

ပါရီ လီယွန် အာဗီညွှန် နိ့စ် ခရီးစဉ်ရဲ့ ဂိတ်ဆုံးဘူတာဖြစ်တဲ့ Gare de Nice-Ville ဘူတာက သိပ်ပြီး
ကြီးကြီးမားမားမဟုတ်ပေမယ့် တနှစ်ကို ခရီးသည် ရှစ်သန်းကျော်ဝင်ထွက်နေတဲ့ ဘူတာကြီးတခုပါ၊
ဒီဒေသရဲ့ နာမည်ကျော်ကြားမှုက လာရောက်လည်ပတ်ကြသူ ဘယ်လောက်များတယ် မများတယ် 
ဆိုတာနဲ့တင် လက်ခံရမှာပါ၊ Nice-Ville ဘူတာအပြင် သူနဲ့မနီးမဝေးက လူသိများလှတဲ့ဘူတာတွေ 
ဖြစ်တဲ့ Marseille-Saint-Charles ဆယ့်နှစ်သန်း Monaco-Monte-Carlo ငါးသန်းခွဲကျော် Toulon 
လေးသန်းခွဲ Cannes လေးသန်း Saint-Raphaël နှစ်သန့်း့ အဲဒီလို တနှစ်တနှစ် ရောက်ရှိ 
လာကြတဲ့ ခရီးသည်တွေ အရေအတွက်ပါ၊ တခြားသောဒေသအတွင်း ဟိုနားသွားဒီနားသွား ရထား 
တွေနဲ့ ရောက်လာကြသူတွေ အများအပြား ကျန်ရှိပါသေးတယ်။

အဲဒါကြောင့့်
ကမ္ဘာ့အရပ်ရပ်က ခရီးသွားကြသူတွေ တနှစ်ပတ်လည်မှာ သန်းရှစ်ဆယ်ကျော် လာရောက်တယ်ဆို 
ကြပါတဲ့ ပြင်သစ်ပြည်ကြီးရဲ့ တတိယလူဝင်လူထွက်အများဆုံး (ခရီးသည် ဆယ့်နှစ်သန်း) လေဆိပ် 
ကြီးအဖြစ် ဒီ Aéroport de Nice-Côte d'Azur လေဆိပ်က ရပ်တည်နေတာပါ ဆိုရင်လည်း အံ့သြ 
စရာ မဟုတ်ပါဘူး၊ မားဆေးရဲ့ လေဆိပ် ရေဆိပ် ကုန်းဆိပ်တွေက တဆင့် ဒီနယ်မြေကို ဝင်လာကြ 
သူများနဲ့ တခြားသော ဘူတာလေး လေဆိပ်လေးတွေကိုပါ ပေါင်းတွက်ကြည့်လိုက်မယ်ဆိုရင်တော့
ပြင်သစ်ပြည်ကို လာကြသူများရဲ့ တဝက်ကျော်ကျော်က ဒီနယ်မြေကို ရောက်လာကြပါတယ် ဆိုရင် 
မမှားနိုင်ပါဘူး၊ ဒီ Côte d'Azur ကမ်းရိုးတန်း အပါအဝင် ကျန်တဲ့ စပိန် အီတလီ ဂရိနဲ့ ပြင်သစ်တို့ရဲ့ 
မြေထဲပင်လယ် ရေပြင်ပြာပြာဆီသို့ ရင်ခုန်ခြင်းများစွာနဲ့ ရောက်ရှိလာကြသူ အရေအတွက်ကတော့ 
အတိအကျ မှတ်တမ်းတင်ဖို့ရာ မလွယ်ကူလှတဲ့ ကိစ္စတခုသာပါ၊ မကြာသေးခင်က သတင်းထူးတခု 
အဖြစ် လူသိများခဲ့တဲ့ မြေထဲပင်လယ်ဖြတ် Boat People တွေရဲ့ ရင်ခုန်သံတွေနဲ့ကတော့ ဘယ်လို 
လုပ်တူနိုင်ပါ့မလဲလေ၊ သူတို့ကတော့ ပင်လယ်ပြာပြာ ရေပြာပြာကို မြင်မှမြင်ခဲ့ကြရဲ့လား မသိနိုင်ပါ။

မောင်ရင်ငတေရဲ့ ကီလိုမီတာ ကိုးရာ့သုံးဆယ် ငါးနာရီခွဲကျော်ကြာ ရထားစီး ခရီးစဉ် မှတ်တမ်းတင်
ရေးသားခြင်း ဤတွင် နိဂုံးချုပ် အဆုံးသတ် လိုက်ပါပြီ ခင်ဗျား၊ ဆက်လက်ပြီးတော့ ပြင်သစ်နယ်စပ် 
Menton ဘူတာကနေ ကိုးကီလိုမီတာသာသာဝေးတဲ့ အီတလီရဲ့ Ventimiglia ဘူတာကို တဆင့်ခံ 
ဖြတ်သန်းပြီး သွားခဲ့ရတဲ့ နိ့စ် မွန်တွန် ဂျီနိုဗာဆီသို့ မီးရထားဖြင့် ခရီးသွားခြင်း အနုပညာမှတ်တမ်းနဲ့ 
တကွ တခြားတခြားသော ကုန်းကြောင်းလေကြောင်းရေကြောင်း သွားဖူးတာလေးတွေကို ရေးသား 
ဖြစ်ဖို့ ကြိုးစားပါဦးမယ် ခင်ဗျာ။

ကျေးဇူး အထူး တင်ပါတယ်။
မောင်ရင်ငတေ ၂၀၀၂၂၀၁၆

ဒီနေရာမှာ မောင်ရင်ငတေရဲ့  ၂၀၁၅ ယခင် ခရီးစဉ်
ပါရီ-လီယွန်-အာဗီညွှန်-နိ့စ် အဆုံးသတ် လိုက်ပါပြီ။

၂၀၁၈ ယခု ခရီးစဉ် ပါရီ-လီယွန်-အာဗီညွှန်-မားဆေး
လမ်းကြောက အာဗီညွှန်-မားဆေး လမ်းပိုင်းအကြောင်းကို
ဒုတိယပိုင်း အနေနဲ့ အတိုချုပ် ဆက်လက် ရေးသားပါမယ်။












ပါရီ-လီယွန်-အာဗီညွှန်-နိ့စ်-မားဆေး                                                        (မောင်ရင်ငတေ)















Aucun commentaire:

Enregistrer un commentaire