Libellés

mardi 6 novembre 2018

** * ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ ** *

ငါ့ ရင်ထဲမှာ ဧရာဝတီ
ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ


ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ                                                  (Photo Google)      

ချစ်ရပါသော
ဧရာဝတီရေ
မင်းလည်း ခုတလော အမျိုးစုံ သတင်းတွေကြား
နစ်မျောရင်း မွန်းကြပ်လို့ နေမယ် ထင်မိတယ်ကွာ။

လက်မှတ်ထိုးပွဲတွေ ခြိမ့်ခြိမ့်သည်း ကျင့်ပသံတွေလည်း ကြားနေရတယ်၊
လက်မှတ်ထိုးပွဲတွေပြီးရင် လက်သီးထိုးပွဲတွေတော့ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ဘယ်လိုဖြစ်ဖြစ့့်
ငါတို့ကတော့ အဝေးကကောင်ဆိုတော့ သတင်းတွေ အတင်းတွေ နားစွင့်ရုံပေါ့ကွာ၊
ဘာအဖွဲ့ ညာအဖွဲ့ဆိုတာတွေကိုလည်း ဘယ်သောအခါမှ ဝင်ထားဖူးတာ မဟုတ်ဘူးလေ၊
ထင်ရာမြင်ရာလေးတွေကို အွန်လိုင်းပေါ် ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဖတ်မှတ် ရေးတာတော့ ရှိတာပေါ့။
အဲဒီတော့ အားနေတဲ့အချိန် အစဉ်ပြေရင့့်
ရောက်ဖူးဖူး မရောက်ဖူးဖူး ခရီးသွားချင်တဲ့ ရောဂါကြောင့် ခရီးတွေတော့ သွားဖြစ်တယ်ပေါ့။

သွားဖြစ်တဲ့ ခရီးတွေမှာ တွေ့ခဲ့ကြုံခဲ့ရ တိုက်ဆိုင်မိခဲ့ရတာလေးတွေကို
မင်းတို့ကို လွမ်းမိတာကြောင့် အလွမ်းပြေ အတိုအစ စာလေးတွေ ရေးမိရတာပေါ့။


တောင်တန်းတွေပေါ်က စီးဆင်းလာတဲ့ စမ်းချောင်းလေးများ                           (ဓါတ်ပုံ မရငတ)

နေရတာက မြို့ကြီးပြကြီး ဆင်ခြေဖုံးမှာ ဆိုတော့လည်း
ရွာလေးတွေ တောတွေ တောင်တွေ မြစ်တွေ ချောင်းတွေ
အနားရောက်ရင် စိတ်ချမ်းသာမိရတာပေါ့ကွာ၊ မဟုတ်လား။

လူတိုင်း လူတိုင်းကတော့ တောတောင်ရေမြေ သဘာဝဆန်တာတွေကို ကြိုက်ကြတာပါကွာ၊
ဒါပေမယ့် ငါ့ဝမ်းပူဆာ မနေသာလို့ စားရေးသောက်ရေး နေရေးထိုင်ရေးတွက် လုပ်ကြကိုင်ကြရာက
အဲဒီကနေ တဆင့်တက်ပြီး လိုအင်ဆန္ဒတွေက ပိုကဲလာလို့ သဘာဝကို သဘာဝမဆန်တော့အောင် 
သဘာဝပျက်စီးအောင် လုပ်လာကြတဲ့သူတွေ တချို့ ရှိလာရတာပေါ့။

အဲလို လူမျိုးတွေ ပိုများမလာအောင်တော့ လုပ်ရမှာ ပြောရမှာ
မင်းတို့ ငါတို့မှာ တတ်နိုင်သလောက် တားစီးကြဖို့ တာဝန်ရှိကြတာပေါ့ကွာ။


တောင်တန်းတွေပေါ်က စီးဆင်းလာတဲ့ စမ်းချောင်းလေးများ                           (ဓါတ်ပုံ မရငတ)

ငါ အခု တခေါက် ရောက်ခဲ့တာက
ငါ ရောက်ခဲ့ဖူးတဲ့ နေရာတွေမှာ အထူးခြားဆုံး ဒေသလို့ ပြောရင်
ရတယ်ကွ၊ Pyrenees Mountains ပီရေနေးဆိုတဲ့ တောင်တန်းပေါ့။

ပြင်သစ်လို Pyrénées လို့ရေးပြီး
စပိန်လိုတော့ Pirineos ကာတာလန်စကားနဲ့ဆိုရင် Pirineus လို့ ရေးတာကွ။

ထူးခြားတာတွေကတော့
ပြင်သစ်နဲ့ စပိန်ဆိုတဲ့ ဥရောပ နိုင်ငံကြီးနှစ်ခုကို ပိုင်းခြားထားတဲ့ တောင်တန်း၊
အတ္တလန်တစ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ရဲ့ အလယ်မှာ ရှိနေတဲ့တောင်တန်း၊

ဒီတောင်တန်းရဲ့ အလယ်ခေါင် မကျတကျ
တောင်ကြားတွေထဲမှာ အန်ဒိုရာဆိုတဲ့ နိုင်ငံလေးတနိုင်ငံ ရှိနေတာ၊
မင်းတို့ဆီက ချင်းပြည်နယ်မှာလိုဘဲ တတောင်ခြားသွားရင် စကားတွေ မတူတာမျိုးတွေ၊
နောက်ပြီး တောင်ကျချောင်းလေးတွေ စမ်းချောင်းလေးတွေက စမ်းရေစီးသံတွေ ညံနေတဲ့နေရာ။


ပီရေနေးတောင်တန်းတွေကြား တည်းခိုရာအခန်းက (ဓါတ်ပုံ မရငတ)

ပြောချင်တာက အဲဒီ ညံနေတဲ့ စမ်းရေစီးသံတွေကို၊
အဲဒီ စမ်းရေစီးသံကတော့ ဘာ ညံနေသလဲ မမေးနဲ့ကွ၊
ငါ ရောက်သွားတဲ့ ညမှာ ပေါ့၊ ငါလည်း တော်တော်နဲ့ အိပ်မပျော်ဘူး၊
ငါနဲ့ အတူလာတဲ့ သူတွေကတော့ အခန်း တံခါးပိတ် တခူးခူး တခေါခေါ ဖြစ်နေကြပြီပေါ့။

ငါကတော့
ကွန်ပြူတာလေးဖွင့် ဖေ့စ်ဘုတ်ခ် ဖွင့်ကြည့်  
တနေကုန် ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ ကူးထည့်၊
ပြီးတော့ သန်းခေါင်ချိန်က ရောက်လုနေပြီ၊
ဒါပေမယ့် အိပ်လို့က မပျော်ဖြစ်တော့

ဒီတော့ ငါလည်း အိပ်မရတဲ့ အတူတူ မထူးဘူးဆိုပြီ့း့
ငါတို့တည်းတဲ့ အိမ်ခန်းရဲ့ ဧည့်ခန်းကနေ ဝရံတာထွက်ထိုင့့်
အခွန်ကောက်တာ မရှိတဲ့ နိုင်ငံဆိုတော့ ဈေးပေါပေါနဲ့ ဝယ်လာတဲ့
နိုင်ငံခြားအရက် မက္ကစီကိုကလာတဲ့ Tequila တကီလာ အရက်ပုလင်းလေးဖွင့့်
တပုလင်းမှ ငါးယူရိုကျော်ပေးရတာ ဥရောပ ဘယ်နေရာမှာမှ မရနိုင်တဲ့ဈေး နော့ 
ပြောရင် ယုံမှာ မဟုတ်ဘူး၊ စီးကရက်ဈေးကလည်း တကာတွန်းမှ ယူရို ၃၀ ကျော်ကွ။

တပက်နှစ်ပက် ငှဲ့သောက်ရင့်း့
စီးကရက်လေးမီးညှိ ရှိုက်ခါဖွာရင့်း့
စမ်းရေစီးသံတွေကို နားထောင်ရင့်း့

ညရဲ့အလှ ညရဲ့သဘာဝ (လသာည မဟုတ်ပေမယ့် လမ်းမီးရောင်တွေအောက်မှာ)
တောကြီးတောင်ကြီးရဲ့ လတ်ဆတ်တဲ့ အနံ့တွေ လေအေးအေးတွေကို ခံစားနေမိတာပေါ့ကွာ။

အခန်းတံခါးတွေ ပိတ်ထားရင် အသံလုံနေလို့ ဘာမှ မကြားရပေမယ့်၊
ဝရံတာ ထွက်ထိုင်တော့ကွာ တိတ်ဆိတ်နေတဲ့ ပါတ်ဝန်းကျင် အမှောင်ထုကြားထဲမှာ။

အဲဒီ တောင်ကျချောင်းပေါ့ ချောင်းသာသာ မြစ်ဆီက
ရေစီးသံတွေက တော်တော်ကို ကျယ်ကျယ် ကြားနေရတယ်ကွ။

ငါလည်း အေးအေးနဲ့ ကွေးပြီး စမ်းရေစီးသံတွေကို
စာသားမပါတဲ့ သီချင်းတပုဒ်လို နားထောင် နေမိတာပေါ့ကွာ၊
Tequila တကီလာလေးလည်း တပက်နှစ်ပက်လောက် အချမ်းလုံရုံပေါ့။

ဧရာဝတီရေ့
မင်းက ငါ့ကို ဇိမ်ခံတယ်လို့တော့ မစွပ်စွဲပါနဲ့ကွာ၊
ငါတို့ ဆင်းရဲသားတွေလည်း တခါတလေတော့ နှပ်ချင်တာပေါ့ နော့။

မင်းကွာ သေချာ နားထောင် ကြည့်၊
အဲဒါတွေ ငါ အပိုပြောတာ မဟုတ်ဘူးနော်၊
အဲလို တိတ်ဆိတ် အချိန်မှာ  အဲလို စမ်းရေစီးသံတွေကို နားထောင်ကြည့်။

ငါသာ ဗမာစာကို ကောင်းကောင်းရေးတတ်ခဲ့ရင်
မြင့်မောင်မောင်တို့ ငြိမ်းကျော်တို့ မောင်သာရတို့
မင်းလူတို့ မောင်သာပြည့်တို့ ထိုင်ငိုသွားလောက်တယ်။

တောင်တန်းတွေက
လေးဖက်လေးတန် ကာရံထားတော့
ပြန်ရိုက်ခတ်လာတဲ့ အဲဒီ ရေစီးသံတွေက တစတစ
ညဥ့်နက်လာလေ ပိုလို့ပိုလို့ ကျယ်လာလေ ထင်ရတယ်ကွ။

နွေဦးရာသီဆိုတော့ အပူချိန်တွေ မြင့်တက်လာတာကြောင့် တောင်တန်းတွေပေါ်က
ဆီးနှင်းတွေ အရည်ပျော်ပြီး လာချိန် နှင်းပျော်ရေတွေ အဆက်မပြတ် စီးဆင်းချိန်ပေါ့။

အဲလို ချောင်းသာသာ မြောင်းသာသာ
တောင်တန်းပေါ်က စမ်းရေတွေက မြင့်ရာကနိမ့်ရာကို စီးဆင်း
မြစ်ဆိုတာတွေနဲ့ ပေါင်းဆုံ နောက်ဆုံးတော့ ပင်လယ်တွေ သမုဒ္ဒရာတွေနဲ့ ပေါင်းဆုံပေါ့ကွာ။

သဘာဝပေါ့၊
အဲလို မြစ်ချောင်းတွေရဲ့
သဘာဝ အစတည်ရာ နေရာအနီးမှာ
အဲဒီ သဘာဝကို တွေးရင်း တွေးရင်းနဲ့ ညလည်း အတော်နက်ခဲ့တာပေါ့။

နောက်တော့ ငါလည်း မခံစားနိုင်တော့တာနဲ့ အိပ်ချင်တာလည်း ပါတာ ပေါ့ကွာ၊
လက်ကျန် ဖန်ခွက်ကိုမော့ အိပ်ရတော့တာပေါ့၊ ဒါတောင်မှ အိပ်မက်ထဲမှာ ပါလာသေးတယ်နော်၊
အချစ်အကြောင်းတွေတော့ မဟုတ်ပါဘူးကွာ၊ စမ်းရေစီးသံတွေကြားမှာ ပေါ်လာတဲ့အသံတွေပေါ့။

တမလွန်ဘဝက ငါ့ရဲ့အဖေနဲ့ ငါ့သူငယ်ချင်းတချို့ရဲ့ အသံတွေပေါ့၊
ငြိမ်းချမ်းသာယာတဲ့ အချိန်နဲ့ နေရာမှာ အိပ်မက်မက်တော့
သူတို့တွေရဲ့ အသံတွေကလည်း ငြိမ်းချမ်းသော သာယာသော အသံတွေပေါ့ ကွာ။


ပီရေနေးတောင်တန်းတွေကြား တည်းခိုရာ စခန်းက မြင်ရတဲ့ လွမ်းစရာမြင်ကွင်း    (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ညက မအိပ်ခင် တွေးရင်း အိပ်မက်ထဲထိလည်း ဆက်တွေးရင်းနဲ့ အိပ်ပျော် သွားခဲ့တာပေါ့၊
မနက်ကြီး လင်းရင် ညက အသံကြားရာဆီ တပတ်လောက် ပတ်ကြည့်ဦးမှ စဉ်းစားထားတဲ့ အတိုင်း
အောက်ဆင်း အနီးအနားမှာ တပတ်ပတ် လမ်းလျှောက်တာပေါ့၊ ငါတို့ရောက်နေတာ တည်းခိုကြရာ 
နေရာက တကယ့်ကို တောင်တွေကြားမှာကွာ၊ ပတ်ပတ်လည် တောင်တွေပေါ့၊ ဆောင်းဆိုရင်တော့ 
လေအေးတွေတိုက် လေစိမ်းတွေကတိုက် သူတို့ဘယ်လိုနေကြမလဲ မသိဘူး၊ အခု နွေဦးမှာတောင် 
အေးစိမ့်စိမ့် လေကြောင့် အတော်တော့ အေးသကွာ။

နွေဦးနေကတော့ ရာသီဥတုသာယာနေလို့ ထင်ပါရဲ့ကွာ ခပ်စောစော ထွက်လာလို့ တော်ပါသေးရဲ့၊
ငါလည်း ဟိုလျှောက် ဒီလျှောက် လျှောက်ရင်း တောင်တန်းမြင့်မြင့်ကြီးတွေကို ဟိုငေးဒီငေး ငေးရင်း
ဖတ်ထား မှတ်ထားဖူးတာလေးတွေ ပြန်တွေးရင်းပေါ့ကွာ၊ အန်ဒိုရာ မနက်ခင်းကတော့ ငြိမ်သက်စွာ 
လှပနေတာပေါ့၊ မနေ့ညနေက အန်ဒိုရာမြို့တော်လေးထဲမှာ လူတော်တော်များများ တွေ့ခဲ့ရပေမယ့် 
ဒီနေ့ မနက်ခင်းစော နေတာရယ် ငါတို့ရဲ့ တည်းခိုရာက မြို့ပြင် ရပ်ကွက်မှာ ဖြစ်နေတာရယ်ကြောင့် 
လူကတော့ အတော်ရှင်းသကွ၊ တလမ်းလုံး ငါ တယောက်တည်း ဆိုပါတော့ကွာ၊ ငါလည်း သိပ်ဝေး 
ဝေးတော့ မလျှောက်ဖြစ်ခဲ့ပါဘူး၊ ဆက်လျှောက်ရင်လည်း လမ်းက မရှိသလောက်လေ၊ ငါတို့ တည်း 
ခိုရာရဲ့ အနောက်ဘက် တလမ်းကျော်ရင် တောင်ခါးပန်း နံရံကြီးသာ ရှိတော့တာလေ၊ တက်လို့ရတဲ့ 
လမ်း ရှိကောင်း ရှိနိုင်ပေမယ့် ရှေ့ခရီးက ဆက်ရဦးမှာမို့ တည်းခိုရာသို့ ပြန်ခဲ့ရတာပေါ့ကွာ။


ပီရေနေးတောင်တန်းတွေကြား တည်းခိုရာ စခန်းက မြင်ရတဲ့ လွမ်းစရာမြင်ကွင်း    (ဓါတ်ပုံ မရငတ)

ဥရောပ တိုးရစ်လောကက ကြီးမားကျယ်ပြန့်သလို ရှုပ်လည်း ရှုပ်လှတယ်ကွ၊
ခွဲခြား သတ်မှတ်ထားကြတာလည်း နယ်ပယ်တွေ များလှတယ် ဆိုပါတော့ကွာ။

အဲဒီမှာ ရှေးဟောင်းတို့ ယဉ်ကျေးမှုတို့ သမိုင်းတို့
ဘာညာတို့ ထားလိုက်တော့၊ ငါ ဖတ် မှတ် ထားသလောက်ထဲမှာ ပါတာ ပြောမယ်၊
့

1။ Tourisme Noir 2။ Tourisme Vert 3။ Tourisme Bleu 4။ Tourisme Blanc ဆိုပြီး
ပြင်သစ်တွေ အရောင်နဲ့ တင်စား သတ်မှတ်ထားကြတဲ့ တိုးရစ်လောက လေးမျိုး ရှိတယ်ကွ။

Tourisme Noir (Dark) ဆိုတာကတော့ ထားလိုက်တော့၊
သူက ကြောက်စရာကောင်းတဲ့ နေရာတွေ သချိုင်းတွေ စစ်ဒဏ်ခံခဲ့ရတဲ့ နေရာတွေ၊
အဲဒီ နေရာတွေက ငါတို့ ဗမာတွေထဲ စိတ်ဝင်စားသူ နည်းပါတယ်၊ ငါလည်း ပါတာပေါ့၊
ကြောက်တတ်တာက မွေးရာပါလေကွာ၊ သွားချင်သူ ရှိရင်တော့ လိုက်ပို့ ဖြစ်ပါတယ်ကွာ။

Tourisme Bleu ဆိုတာက ပင်လယ်ပြာပြာပေါ့ ကွာ၊
ပင်လယ်ကမ်းခြေ ရှိရာ နေရာတွေ၊ လူ တော်တော်များများ သွားချင်ကြတဲ့ နေရာပေါ့။

Tourisme Vert ဆိုတာက အစိမ်း စိမ်းလန်းစိုပြေတဲ့ နေရာတွေကို ဆိုလိုတာပေါ့၊
တောတွေ တောင်တွေ သစ်ပင်တွေ သစ်တောတွေ စိမ်းစိမ်းစိုစို ရှိနေတဲ့ နေရာတွေပေါ့။

Tourisme Blanc ဆိုတာကိုတော့
Tourisme de Neige လို့လည်း ခေါ်ကြတယ်၊
အဖြူရောင် နှင်းများနဲ့ လုပ်စားကိုင်စားကြတဲ့ ခရီးသွားလောက ပေါ့။

အခု အန်ဒိုရာရဲ့ တိုးရစ်ဇမ် ဆိုတာကလည်း အဲဒါကို အခြေခံတာပေါ့၊
ရေခဲတောင်တွေကို အခြေခံတာပေါ့၊ Tourisme Vert စိမ်းလန်းစိုပြေခြင်းကတော့ တွဲပါတာပေါ့။

အထင်မသေးနဲ့ မောင်ရေ၊
အန်ဒိုရာဆိုတာ ပေ ငါးထောင် တသောင်း မြင့်တဲ့ တော်ပေါ်ဒေသ၊
တနိုင်ငံလုံး အကျယ်အဝန်းက စတုရန်း ကီလိုမီတာ ငါးရာ မပြည့်ဘူး၊
မင်းတို့ ငါတို့ရဲ့ မဟာရန်ုကုန် ရွှေမြို့တော်ဟောင်းလောက်မှ မကျယ်ဘူး၊
တနိုင်ငံလုံး လူဦးရေက ရှစ်သောင်းခွဲကျော် ကိုးသောင်း၊ တသိန်း မပြည့်ဘူး။

အေး လေ့ ဒါပေမယ့်
တနှစ်ပတ်လည် အန်ဒိုရာမြေကို လာလည်ကြသူတွေက ဆယ်သန်းကျော် ဆယ့်တသန်း၊
ဟာ့ ဟဟ ဟ၊ လာလည်ကြသူတွေက ကုန်းကြောင်းချီ လာကြရတာ၊ ပင်လယ်မရှိတဲ့ မြေ နိုင်ငံ။

တနိုင်ငံလုံး မီးရထားလမ်း တပေ တမီတာမှ မရှိဘူး၊
တနိုင်ငံလုံး လေယာဉ်ပျံကွင်း တကွင်းမှ မရှိဘူး၊ အဲလို နိုင်ငံ ကွာ၊
ရဟတ်ယာဉ်ကတော့ တိုက်ခေါင်မိုးပေါ်တောင် ဆင်းနေကြတော့ မင်း ထည့်မတွက်နဲ့ လေ။


Pirineus (ca) Pirineos (es) Pyrénées (fr)                                           (Photo Google)

အဲဒီ ငါအခုရောက်နေတဲ့ ပီရေနေးဆိုတဲ့တောင်တန်းက ပျမ်းမျှခြင်း အမြင့်ပေက ငါးထောင်လောက် 
ရှိမယ် ထင်တယ်၊ အမြင့်ဆုံးတောင် Pic d'Aneto တောင်ကတော့ အမြင့်ပေ တသောင်း တထောင် 
ကျော်ရှိတယ်တဲ့၊ မင်းရဲ့အချစ်ဆုံးသော ရောင်းရင်းကြီး ခါကာဘိုရာဇီထက် ထက်ဝက်နီးပါးလောက် 
နိမ့်တာပေါ့ကွာ၊ ခါကာဘိုရာဇီက ပေ တသောင်း ကိုးထောင်ကျော် မြင့်တယ် ဆိုကြတယ်မှလား။

အဲဒီပီရေနေးတောင်တန်းကြီးရဲ့ အနောက်ဘက်ဆုံး Cabo Higuer (Cape Higuer) အငူစွန်းကနေ
အရှေ့ဘက်ဆုံး Cabo de Creus (Cap de Creus) အငူ အထိကို ကားလမ်းအတိုင်း သွားရင်တော့
ကီလိုမီတာ ငါးရာနီးပါး ရှိတယ် ဆိုကြတယ်၊ အဖြောင့်တိုင်းရင် လေးရာ ကီလိုမီတာလောက် ရှိမယ်၊ 
အဲဒီလို အတိုင်းအထွာတွေက တိတိကျကျတော့ ဘယ်လိုမှပြောလို့ မဖြစ်နိုင်ဘူးလို့ ငါ ထင်မိတယ်၊
ခေတ်ကာလ တိုင်းတာတဲ့လူ နည်းစနစ် ကွာခြားချက်တွေ ရှိမှာ သေချာတယ်ပေါ့။

မင်းတို့နေတဲ့ ရွှေပြည်တော်ကြီးနဲ့ ငါရောက်နေတဲ့ ပြင်သစ်ပြည်ရဲ့ အကွားအဝေးကို အီဖယ်မျှော်စင် 
ပေါ်မှာ ရေးထားတာရှိတယ်၊ ငါတို့ရောက်ခါစ လေးငါးနှစ်ကတော့ ကီလိုမီတာ ၈၈၉၈ ကွာဝေးတယ် 
ဆိုပြီး ရေးထားတယ်၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ငါသတိထားလိုက်မိတဲ့ အချိန်မှာတော့ အလံပုံက
ပြောင်းသွားသလို အကွာအဝေးလည်း ၈၉၉၈ ကီလိုမီတာ ဖြစ်သွားတယ်ကွာ၊ ဘယ်လိုမျိုး ကရိယာ
တွေနဲ့များ တိုင်းကြတာကြသလဲတော့ ငါလည်းမသိဘူးကွာ။

အဲဒါ ငါတခါ မိုးမခမှာ ရေးဘူးတယ်ကွ၊ နှစ် ၈၅၀ ပြည့် နော့ထ်ရ်ဒမ်ဘုရားကျောင်း ခေါင်းစဉ်နဲ့ပေါ့၊

ရော့ အဲဒီမှာ http://moemaka.com/archives/30185 
http://www.maungyinngatay.com/2018/06/blog-post_26.html 
မင်းဖတ်ကြည့်ဝေဖန်ပါဦး။


နွေဦးရာသီ နှင်းပျော်ရေတို့ စီးဆင်းနေတဲ့ မြောင်းသေးသေးကစ                       (ဓါတ်ပုံ မရငတ)

အဲဒီ ပီရေနေး တောင်တန်းတွေပေါ် ငါရောက်သွားခဲ့တာ နွေဦးရာသီဆိုတော့ နှင်းများများတော့ မရှိ 
တော့ဘူးပေါ့၊ အပင်တွေကတော့ စိမ်းလန်းစိုပြေတဲ့ အရွက်တွေ အဖူးတွေ အပွင့်တွေနဲ့ပေါ့ကွာ၊ နှင်း 
ခဲတွေ ပျော်ရာကနေ တိုးခွေ့စီးဆင်းလာတဲ့ စမ်းရေတွေကတော့ နေရာအနှံ့အများအပြားမှာ မြောင်း 
သာသာ ချောင်းသာသာ ပုံစံမျိုးလေးတွေ တွေ့ရတာပေါ့ ကွာ။

တောင်ပေါ်ကနေ မြင့်ရာကနေနိမ့်ရာသို့ သူ့လမ်းသူရှာပြီး စီးဆင်းလာတဲ့ နှင်းပျော် ရေအေးတွေဟာ 
တခုနဲ့တခု ပေါင်းတွေ့ဆုံခဲ့ပြီးနောက် မြောင်းသေးသေး ချောင်းသေးသေးလေးတွေ ဖြစ်လာတာပေါ့၊ 
Riu Valira ဆိုတဲ့ မြစ်ကြီးမဟာပေါ့ကွာ၊ သူတို့ အန်ဒိုရာအတိုင်းအတာနဲ့တော့ မြစ်ကြီးဧရာပေါ့ကွာ၊ 
မနေ့ညက ငါကြားခဲ့ရဲ့ စမ်းရေစီးသံ ပိုင်ရှင် မြစ်ကြီးမဟာ ပေါ့ကွာ။

ဒီအန်ဒိုရာဆိုတဲ့ နိုင်ငံကျဉ်းကျဉ်းလေးမှာတော့ အရှည်ဆုံး မြစ်တစင်း ပေါ့ကွာ၊ Riu Valira ဗာလီရာ
မြစ်ပေါ့၊ အရှည်ဆုံး အကြီးဆုံးလို့ ဆိုပေမယ့် ပြောရင် မင်းတို့ ရီကြလိမ့်မယ်၊ ဟာ့ဟ၊ သေချာတယ်၊
သူတို့တွေရဲ့ အရှည်ဆုံးမြစ်ရဲ့အရှည်က ၃၅ ကီလိုမီတာ ၂၂ မိုင်သာ ဆိုတော့ကွာ မင်းတို့ ရီမှာပေါ့၊
အရှည်ကတော့ ထားပါတော့၊ အကျယ်ကကော၊ သိချင်သေးလား၊ မရီနဲ့နော်၊ ငါ ပြောမယ်။

မြစ် ချောင်းတွေရဲ့ အကျယ်ကို တိတိကျကျပြောလို့ မရနိုင်ဘူး ဆိုတာကတော့ မင်းလည်း သိမှာပါ၊ 
ငါတွေ့ခဲ့သလောက် အကျယ်ဆုံး နေရာမှာ ပေငါးဆယ် ခြောက်ဆယ်လောက်၊ ကျဉ်းရင် ပေအစိတ် 
သုံးဆယ်လောက် ရှိတာကွာ၊ အဲဒါကြောင့် မင်းတို့ကို ပြောရင် ရီကြမှာ ဆိုတာ။


Gran Valira ဂရန်းဗာလီရာ မြစ်မင်းမဟာ                                                  (ဓါတ်ပုံ မရငတ)

တကယ့်ကို မြစ်ပိစိလေးပါကွာ၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း ခဲတပစ်တောင် မရှိတတ်ပါဘူး၊
နွေရာသီဆိုတော့ နှင်းပျော်ရေတွေ တော်တော်များများ ရေစီးသံ ခပ်ကြမ်းကြမ်းနဲ့ စီးတယ်ပေါ့။
ငါတို့ မင်းတို့ဆီက ရွှေစက်တော်က မန်းချောင်းလို ရေက ကြည်လင်ပြီး ရေအောက်က ကျောက်တုံး 
လေးတွေကိုပါ မြင်နေရတာမျိုးကွ၊ မြစ်ဆိုပြီး မော်တော်လေးတွေ လှေကလေးတွေ သွားဖို့ မပြောနဲ့၊ 
စက္ကူလှေလောက်တောင်မှ သွားလို့မှ ရပါ့မလားဘဲ၊ ရေဆူးကလည်း အဲလောက်နက်တာ ဟာ့ ဟ။

မင်းသေချာ စဉ်းစားကြည့်လေကွာ၊
ဒီလို နိုင်ငံပိစိလေးက မြစ်ပိစိလေးကို သူတို့က ဒီလိုထားတာကွ၊
ဒီလိုထားတယ်ဆိုလို့ တခမ်းတနားလား ဆိုတော့လည်း မဟုတ်ဘူးကွ။

သူတို့ဟာသူတို့ သက်ဆိုင်ရာ တာဝန်ခံသူတွေက
လုပ်ရိုးလုပ်စဉ်အတိုင်း ထိမ်းထိမ်းသိမ်းသိမ်း စောင့်ရှောက်ထားတာမျိုးပါ၊
တကူးတကကြီး ဘာလုပ်ရမယ် ညာလုပ်ရမယ် မဟုတ်ဘူး၊ လုပ်စရာ ရှိတာကို လုပ်သင့်သလောက် 
တာဝန်ခံသူက လုပ်သွားတာပါကွာ၊ အဲဒါကို ငါက နှိုင်းယှဉ်ပြောချင်တာ၊ သူတို့က သူတို့ ပိုင်ဆိုင်တဲ့ 
အဲဒီ မြစ်ပိစိလေးကို အရေးထားတတ်ကြပုံ မြစ်ပိစိလေးကို သူတို့ တန်ဖိုးထားတတ်ကြပုံတွေကိုပေါ့။



Gran Valira ဂရန်းဗာလီရာ မြစ်မင်းမဟာ                                                 (Photo CorailK)

မြောက်ဖျားစွန်းမှာ ချောင်းဖျားခံလာတဲ့ Riu Valira del Nord ခေါ် စမ်းရေချောင်း သေးသေးလေးနဲ့
အရှေ့ဘက်က စီးဆင်းလာတဲ့ Riu Valira d'Orient မြစ်လေးနဲ့ ပေါင်းဆုံခဲ့ပြီး အန်ဒိုရာမြို့တော်နား
ဖြတ်သန်းစီးဆင်းသွားခိုက်မှ အန်ဒိုရာသားတွေက Gran Valira ဂရန်းဗာလီရာ မြစ်မင်းမဟာ ဆိုပြီး
သူတို့ဟာသူတို့ တင်စား ခေါ်ဝေါ်ခဲ့ကြတာပေါ့ ကွာ။

မင်းရဲ့ အတိုင်းအတာနဲ့ ဆိုရင်တော့ စဉ်းစားသာ ကြည့်ကြရောပေါ့၊
မင်းက အရှည် ၂၁၇၀ ကီလိုမီတာ မိုင်နဲ့ဆိုရင် ၁၃၄၈ မိုင် ရှည်တယ်လို့ ရေးကြတယ်လေ၊
မင်းရဲ့အကျယ်ကလည်း မြစ်ကြီးနားနားမှာတင် ကိုက်ငါးရာလောက် ကျယ်နေပြီလို့ ဆိုကြတယ်။

ဗန်းမော်မြို့နားရောက်လာတော့ မင်းရဲ့အကျယ်က နှစ်မိုင်နီးပါ ကျယ်လာတယ်လို့ ရေးထားတာကို
ငါ ဖတ်ဖူးတယ်၊ (မြစ်တမြစ်ရဲ့ အကျယ်က ဘယ်လောက် အတိုင်းအတာထိ ကျယ်သင့်သလဲ အဲဒါ
ငါ သိချင်မိတာပါ၊) ဗန်းမော်အနီး ဆင်ဘိုရွာမှာရှိတဲ့ ပထမမြစ်ကျဉ်းက ကိုက်ငါးဆယ်ဘဲ ကျယ်တာ။

မင်းရဲ့ အကျဉ်းဆုံးသော နေရာလို့ ပြောကြတယ်၊ မင်းရဲ့ မြစ်ကျဉ်းသုံးခုက မြစ်ကြီးနားနဲ့ ရွှေဘိုမြို့
ကြားမှာရှိတာနော်၊  စတုတ္ထမြစ်ကျဉ်းကတော့ ငါ ခဏခဏ ရောက်ခဲ့ဖူးတဲ့ ပြည်မြို့နားမှာပေါ့ကွာ။

ငါတို့ရဲ့ သမိုင်းမှာ
မင်းနဲ့ မပတ်သက်ခဲ့သူ
ရာဇဝင်ထဲက ဘုရင်တွေ
ငါတို့လို သာမန်ကောင်တွေရောပေါ့၊
ဘယ်သူတွေများ ရှိခဲ့လို့လဲ။

ငါတို့ ရွှေပြည်တော်သားတွေရဲ့
၆၀ ရာခိုင်နှုန်းကျော်က မင်းနဲ့ ပတ်သက်ခဲ့တဲ့သူတွေ မဟုတ်လား၊
မင်းရဲ့ ရေကိုသောက် မင်းရဲ့ရေကိုချိုး မင်းနဲ့ ခရီးတွေ သွားခဲ့ကြသူတွေချည်းပါ။

သူတို့တောင်မှ သူတို့ မြစ်ပိစိလေးကို
ဒီလို တန်ဘိုးထားတတ်ကြရင် ….. ငါတို့က
ငါတို့ရဲ့ ချစ်လှစွာသော မင်းကို ဘယ်လိုမျိုး ဘယ်လောက်နဲ့ တန်ဘိုးဖြတ်နိုင်မှာလဲ။

အေးကွာ ဒါပေမယ့် ….. ကွာ ….. ဧရာဝတီရေ …..
မင်းတို့ ချင်းတွင်းတို့ကို မပြောနဲ့ မေခတို့ မလိခတို့ကို ထည့်မပြောနဲ့ကွာ။

တခြားလူမသိသူမသိ ဒေသခံတွေလောက်သာသိကြတဲ့
တန်ဖိုးဖြတ် မရနိုင်တဲ့ ချောင်းကလေးတွေ မြောင်းကလေးတွေ အများကြီး ရှိနေတာကွ။



ဘော်လခဲမြို့ကို ဖြတ်သန်းသွားတဲ့ “ပွန် စမ်းချောင်း                    (Photo Candle Light YNG)

ရေနံချောင်းက ငါ့ရဲ့ညီမဝမ်းကွဲတော်တယောက် 
ကယားပြည်နယ်ကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း

အမှတ်တရ ငါ့ဆီ ဖေ့စ်ဘွတ်ခ်ကတဆင့်
ဟိုတလောက ပို့လာတာ၊ ဓါတ်ပုံလေး တပုံ။

“ ပွန်ချောင်း” တဲ့၊ 
ဘော်လခဲမြို့နားမှာ ရိုက်ထားတာတဲ့။
ဂူဂဲလ်မြေပုံမှာတော့ ပွန်ချောင်းကို Nam Pawn River လို့ 
အမည်ရေးထားတာ တွေ့တယ်ကွ။

ရှမ်းပြည်မှာ မြစ်ဖျားခံ
ကယားပြည် ဘော်လခဲမြို့ကို ဖြတ်သန်းပြီး
ဖားဆောင်းမြို့နားမှာ သံလွင်နဲ့ ပေါင်းဆုံတဲ့ 
ချောင်းတချောင်း သို့မဟုတ် မြစ်လေးတမြစ် ပေါ့ကွာ။

ငါ့လို ကြားတောင်မှ မကြားဘူးသူတွေ များပြားလှမယ်လို့ ထင်တယ်၊
မိုင် ဘယ်လောက်ရှည်တာလည်း ဆိုတာကတော့ ထုံးစံအတိုင်းရှာလို့ 
မလွယ်ဘူးပေါ့။

ငါ့စိတ်ထင် ဂူဂဲလ်မြေပုံအရဆိုရင် တောင်ကြီး လွိုင်လင် ကားလမ်းပေါ်က
မိုင်းပွန်မြို့နားကနေ ဖားဆောင်းထိ စီးဆင်းလာတာ တွေ့ရလို့ မိုင် ၂၀၀ ဝန်းကျင်တော့
ရှည်မယ် ထင်တယ်၊ မိုင်ပွန်မြို့ အမည်နဲ့ ပွန်ချောင်း အမည်ကို ဆက်စပ် ယူလို့ ရမလား မသိဘူး၊
အဲဒါ ငါ့ဖာသာ ယူဆ ပြောတာနော်၊ တချို့ မြို့သမိုင်းတွေ ဖတ်ရရင် အဲလို ပါတာ များလွန်းလို့လေ။

အင်တာနက်မှတ်တမ်း
အတိုအစတွေမှာတော့
Nampun
Pawn Chaung
Nam Pawn River located in Kayah
ဘာညာနဲ့ ရေးထားတာမျိုး တွေ့ရတယ်လေ။

တချို့က ကီလိုမီတာ ၃၀
တချို့က ၁၀ မိုင် လောက်သာ  
တနေရာမှာတော့ ၁၆၀ မိုင် (၂၆၀ ကီလိုမီတာ)
ဆိုပြီး ရေးကြတာတွေ တွေ့ရတော့ ပွန်ချောင်းက
တချောင်းတည်း ရှိတာ မဟုတ် လောက်တော့ဘူး၊
နောက်ထပ် ပွန်ချောင်း ဘယ်နှစ်ချောင်း လောက် ရှိမလဲ၊
သေသေချာချာ သိသူ ရှိမရှိ မသေချာဘူးပေါ့ကွာ၊ ဟုတ်လား၊
ရေကြောင်း ထိမ်းသိမ်းရေး ဌာနမှာတောင် သိကြရဲ့လား မသိဘူးကွာ။

ဂူဂဲလ်မြေပုံမှာတော့ ငါ ရှာတွေ့တာက
Nam Pawn အမည်နဲ့ ပွန်ချောင်း နှစ်ချောင်း
ဘော်လခဲမြို့ရဲ့ အောက်နားမှာ လာဆုံကြတာကို တွေ့ရတယ်။

အဲလို ကယားပြည်နယ်မှာရှိတဲ့ မထင်ရှားလှတဲ့
ချောင်းလေးတွေ မြစ်လေးတွေမှာရော ဘာတွေဖြစ်နေပြီလဲ၊
သဘာဝဆန်တာတွေ ဘယ်လောက်များများ ပျက်စီးနေပြီးခဲ့ပြီလဲ၊
လူအများစုက နာမည်ကြီးတဲ့ မြစ်ဆုံလောက် အားသန်နေကြတာကိုး။

ငါတို့ဆီမှာ သဘာဝက အလကားရထားတဲ့
အဲလို တန်ဘိုးထားစရာတွေ များလွန်းလှလို့လားတော့ မသိပါဘူးကွာ၊
အခြေခံ အချက်အလက်တွေတောင်မှ မှတ်တမ်းမှတ်ရာ နည်းပါးလွန်းသကွာ။

နောက်ပြီးတော့ သူတို့လို သူတို့ရဲ့ ပိစိမြစ်ကလေးကို
သပ်သပ်ရပ်ရပ် သေသေသပ်သပ် ထိမ်းသိမ်း ထားတာမျိုး
မှတ်တမ်းတင်ထားတာမျိုးတွေကို ငါတို့ဆီမှာ မတွေ့ရတာကို အားမရတာကွ။


မြင်းခြံ-ညောင်ဦး ကားလမ်းမကြီးပေါ်မှ အမည်မသိ သဲချောင်း                          (ဓါတ်ပုံ မရငတ)

ဒီ ၂၀၁၈ ဂျန်နဝါရီမှာ ငါရောက်ခဲ့တာကို ဖြည့်ရေးချင်တယ်ကွာ၊
ချောင်းက ရေအပြည့် မရှိပေမယ့် ကျယ်တော့ အတော်လေးကျယ်တယ်၊
တံတားကလည်း ဆောက်ထားတာ သိပ်ပြီးတော့ ကြာသေးဟန် မတူဘူးကွ၊

တခါက ငါရောက်ခဲ့ဖူးတဲ့ ညအိပ်ခဲ့ဖူးတဲ့ ချောင်း သဲချောင်းပြင်ကျယ်ကြီးတခုပေါ့၊
မြင်းခြံကနေ ညောင်ဦးသွားတဲ့ ကားလမ်းမကြီးမှာ ရှိတယ်၊ အမည် မမှတ်မိတော့ဘူး၊
နာမည် သိချင်လို့ ဘာခေါ်သလဲ သိရအောင် ဂူဂဲလ်မြေပုံမှာ ဝင်ရှာတာ အမည် ရှာမရဘူးကွာ၊
အင်တာနက်ကိုသာ အားထားနေရတဲ့ ငါတို့အတွက်တော့ အမည် ရှာမရှာတဲ့ ချောင်းဖြစ်နေတာကွ။

တံတားမှာ အမည် ရေးထားမလားတော့ မသိဘူး၊
ငါက အဲဒီခရီးကို လိုင်းကားနဲ့ သွားခဲ့တာဆိုတော့ ခဏရပ်ပြီး စနည်းနာခွင့် မရလိုက်ဖူးပေါ့ကွာ၊

ဒေသခံတွေ ခေါ်တဲ့ အခေါ်တော့ ရှိမှာပေါ့၊
အဲလို အခေါ်တွေကလည်း ကိုယ့်ရွာနား ဖြတ်သွားချိန်မှာ
ရွာအမည် အစွဲပြု ခေါ်လိုက်ကြတာမျိုးတွေသာ အတွေ့ရများလှတယ်၊
တကယ်တော့ ဒေသခံတွေအခေါ်ကို သက်ဆိုင်ရာက အတည်ပြုသတ်မှတ် ပေးရမှာ မဟုတ်လား။
ကားပေါ်က မြင်ခဲ့ရတာ အတော် သာယာလှပနေသေးတယ်၊
အရင်တုန်းကတော့ တံတားမရှိ ချောင်းရေကျပြီး ငါတို့အဖွဲ့ ပိတ်မိနေပြီး တညအိပ်ခဲ့ရတဲ့ နေရာပေါ့၊
နောက်တခေါက်တော့ သီးသန့်သွားပြီး ချောင်းနားတဝိုက်မှာ မှတ်တမ်းတင်ဖို့ စဉ်းစားထားတယ်ကွ။

ချောင်းဟိုဘက်ကမ်း ဒီဘက်ကမ်း အနီးစပ်ဆုံး ရွာအမည်တွေကတော့ ထနောင်းတိုင်နဲ့ ကံပြားတဲ့၊
မြေပုံမှာ တွေ့ရတာတော့ အဲဒီ သဲချောင်းကြီးရဲ့ ချောင်းဖျားစတည်ရာက တောင်သာဝဲလောင်ရွာနား 
ဆိုတော့ ဝဲလောင်ချောင်းများ ခေါ်မလား မသိဘူးကွာ၊ ဝဲလောင် ဆီမီးကန်ဆိုတာ ငါ့ဘော်ဒါ အရင်း 
တယောက်ရှိတော့ အရင်တုန်းက ငါ သုံးလေးခေါက် ရောက်ဖူးခဲ့တာပေါ့။

အဲလိုပဲ N'Mai Hka မေခနဲ့ Mali Hka မလိခတို့ကော ဘယ်လောက်ရှည်သလဲ၊
မလိခကတော့ အရှည် ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ရှည်တယ်လို့ ဖတ်ရတယ်၊
မေခအရှည်က ခန့်မှန်းခြေ ၄၈၀ ကီလိုမီတာ လို့တော့ တွေ့တယ်၊ တိတိကျကျတော့ မဟုတ်ဘူး၊

အရှည် အသာထားကွာ၊ မေခ မလိခ ပြောသာပြောနေကြတာ၊
မေခက အရှေ့ဘက်ကလား မလိခက အရှေ့ဘက်ကလား ဘယ်သူ့မေးမေး ဝေဝေဝါးဝါးကွ၊
ငါ့လာမေးလည်း ဒီအတိုင်း ဝါးတားတားပါ၊ ငါတို့ဆီမှာက အဲလို မင်းလည်း သိပါတယ် ကွာ ဟာ့ဟ။

မြစ်တမြစ် ချောင်းတချောင်းရဲ့
အရှည် အကျယ် ဘယ်ကစလို့ ဘယ်မှာဆုံးတယ် ဆိုတာမျိုးထက်
မြစ်တမြစ် ချောင်းတချောင်းရဲ့ အမည် စာလုံးပေါင်းတွေကိုသာ ပိုအလေးထား နေကြသလိုပါ။

မင်းရဲ့ နာမည်ကိုလည်း စာလုံးတွေ ပေါင်းကြတာ
Irrawaddy လို့ ပေါင်းပေါင်း Ayeyarwaddy လို့ ပေါင်းပေါင်း
ဘယ်လိုဖြစ်ဖြစ် ပေါင်းချင်သလိုသာပေါင်း သင်္သကရိုက် ဘာသာက ဆင်းလာ ဆင်းလာ
ဒီကနေ့ အနီးစပ်ဆုံး အသံထွက်နေကြတာက “ဧရာဝတီ” ဆိုတဲ့ အသံသာ ထွက်လာမှာပါ။

အသံထွက်နဲ့ စာလုံးပေါင်း ဆိုတာတွေက
သူ့ဒေသ သူ့အသံတွေနဲ့ ပေါင်းကြ ထွက်ကြတာမျိုးလို့ ငါ ထင်တယ်ကွာ၊ သန်ရာသန်ရာပေါ့၊
ဒီ ဥရောပ ဘာသာစကားတွေမှာ ပိုဆိုးသေး၊ အဲဒီအတွက် အငြင်းပွားနေလို့ အကျိုးမထူးပါဘူး။

အဲဒါတွေ ထားပါတော့ကွာ၊ မင်းရဲ့ အသက်ကလည်း
နှစ် သန်းပေါင်း လေးဆယ် လောက်ရှိပြီလို့ ရေးကြတာကို တနေရာမှာ ဖတ်လိုက်ရတယ်၊
ဒါပေမယ့် ငါ့ရဲ့ မျက်လုံးတွေထဲမှာတော့ မင်းဟာ နုပျိုနေဆဲ တက်ကြွနေဆဲ လန်းဆန်းနေဆဲပါကွာ။

မင်းကို ဒီလောက် ဖျက်လိုဖျက်စီး လုပ်ခဲ့ကြသူတွေ များလှတာတောင်မှ
မင်းဟာ အမြဲတမ့်း့
့
ငါ ငယ်ငယ်က မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေအတိုင်း မပြောင်းလဲသေးဘူး ထင်မိတယ်၊
ကိုယ့် ငါးချဉ်ကို ကိုယ်ကိုယ်တိုင် ချဉ်ရတာပေါ့၊ ဒါ အပြစ်တော့ မဟုတ်ပါဘူး နော့။


ပီရေနေးတောင်တန်းတွေကြားက ရေပင်လယ် Pantà de la Baells                  (Photo CorailK)    

ဧရာဝတီရေ …..
တကယ်တော့ ကမ္ဘာမှာ
မင်းတို့ရဲ့ မေခတို့ မလိခတို့
အန်ဒိုရာက မြစ်ကလေးတွေကို White River လို့
တင်စားပြီး ခေါ်နေကြတာကွ၊ သဘာဝတွေ အများကြီး ကျန်နေသေးတာကို ပြောချင်တာဖြစ်မယ်၊
ထင်တယ်၊ အဲလိုမျိုး နေရာတွေကို စိတ်ဝင်စားသူတွေ ပုံစံအမျိုးမျိုး ရှိနေတာပေါ့။

မေခ မလိခတဝိုက်မှာ နိုင်ငံခြားသားတွေ အပန်းဖြေ ဇိမ်ခံဖို့
လုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ ဟော်တယ်လုပ်ငန်းတွေ ရှိလာနေပြီး မဟုတ်လား။

အဲဒီလိုမျိုးမှာ လက်ဝါးကြီးအုပ် ဝါးမျိုချင်သူတွေ ပါသလို
သဘာဝအလှကို တကယ်တမ်း ချစ်မြတ်နိုးသူတွေလည်း ပါပါတယ်၊
ဒါမျိုးတွေ ခွဲခြားစီစစ်တတ်ဖို့ကတော့ ဒေသခံတွေမှာလည်း တာဝန်ရှိတာပေါ့ကွာ။

ကဲ ထားပါတော့ကွာ၊
ငါရဲ့ ပီရေနေးအကြောင်း
နိဂုံးချုပ်ဖို့ ပြန်ဆက်ကြရအောင်၊
အန်ဒိုရာကိုသွားတဲ့ အမြန်လမ်းမကြီးက ကားနှစ်စီးသာ သွားနိုင်တဲ့ နှစ်လမ်းသွားလမ်းပေါ့၊
ငါတို့ သွားခဲ့တဲ့လမ်းက စပိန် ကာတာလန်တို့ရဲ့မြေ ဘာဆီလိုနားက အန်ဒိုရာသို့ သွားနေတာ။ 
     
အန်ဒိုရာ ဆိုတာက့
ပီရေနေးတောင်တွေပေါ်မှာ ရှိတာဆိုတော့
ကားလမ်းက တဖြေးဖြေးနဲ့ တောင်တွေကို ပတ်ပြီး တက်လာရင်း
တနေရာရောက်တော့ ဘွားကနဲ တွေ့ခဲ့ရတာက ရေအိုင်ကြီး တအိုင်ပေါ့။

တောင်တန်းတွေကြား စိမ်းလန်းတဲ့ တောတွေကြားမှာ
စိမ်းမြနေတဲ့ ရေအိုင်ကြီးကို ရုတ်တရက် တွေ့လိုက်ရတော့
ကားပေါ်ပါလာတဲ့သူတွေ ဝိုးကနဲ ဝါးကနဲ ဖြစ်ကုန်ကြတာပေါ့။

ငါတို့ လူတွေကလည်း
ရေတွေ တောတွေ တောင်တွေ မြင်လိုက်ရင်
မကြိုက်ကြတဲ့သူ မပျော်တဲ့သူ မရှိကြဘူး ထင်ပါတယ်။

အထူးသဖြင့် ပင်လယ်မမြင်ဖူးကြတဲ့ တောင်ပေါ်ကလူတွေက ပင်လယ်ကို
မြင်လိုက်ရရင် ပျော်ကြသလို ပင်လယ်ကလူက တောင်ပေါ်ရောက်ရင် ပျော်ကြစမြဲ မဟုတ်လား။

မြို့ကြီးသား တော်တော်များများကတော့
ပင်လယ်ဝေး တောင်တွေဝေးတဲ့နေရာတွေမှာ 
နေကြရတာများတော့ တောရောက်ရောက် တောင်ရောက်ရောက် ပျော်မိကြတာပေါ့။

အဲဒါ ငါတို့ တွေ့လိုက်ရတဲ့ ရေအိုင်ကြီးက
ကားလမ်းနဲ့ ယှဉ်ပြီး မိုင်တော်တော်များများ တွေ့ရတယ်၊
တကယ်တမ်းတော့ ရေအိုင်ကြီး ရေကန်ကြီး မဟုတ်ပါဘူး။

စပိန်အခေါ် El Llobregat ဆိုတဲ့
ရေအိုင်ကြီးလို ဖြစ်နေတဲ့ မြစ်တစင်းပါ၊
ခပ်လှမ်းလှမ်းက ငါတို့မြင်ရတော့ မြစ်ရေပြင်က စိမ်းမြကြည်လင် နေတာပေါ့။

El Llobregat ဆိုတဲ့ မြစ် သို့မဟုတ်
Embassament de Pantà de la Baells (Reservoir) ရေအိုင် သို့မဟုတ် တာတမံပေါ့ကွာ။

ပီရေနေး တောင်တန်းတွေပေါ်က စီးဆင်းလာတဲ့ စမ်းချောင်းလေးတွေ စုစည်းမိသွားရာ မှတဆင့်
မြစ် အလတ်စားတခု အရွယ် ဖြစ်လာတာပေါ့၊ အဲဒီမှာ သဘာဝအလျှောက် တောင်ကြားတွေထဲမှာ
ဆိုတော့ ရေအိုင်ကြီးသဖွယ် ဖြစ်လာတော့တာပေါ့၊ အဲဒါကိုမှ သက်ဆိုင်ရာ မြစ်ကြောင်း ထိမ်းသိမ်း
သူတွေက သဘာဝမပျက် ရေကာတာတွေလုပ် ဆည်တခုအဖြစ် အသွင်ပြောင်းလိုက်တာပေါ့။

အဲဒီ ရေအိုင်ထဲက ရေတွေက သေချာတယ်၊
ပီရေနေး တောင်တန်းတွေပေါ်က အရေပျော် စီးဆင်းလာတဲ့ နှင်းပျော်ရေတွေ ပေါ့ကွာ။


ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ                                                   (ဓါတ်ပုံ မရငတ)

အဲလို ပီရေနေးတောင်တန်းပေါ်က စီးဆင်းလာတဲ့
နှင်းပျော်ရေချောင်းလေးတွေ တခုပြီး တခု ပေါင်းဆုံကြပြီးနောက်
ချောင်းသေးသေးမှ ချောင်းကြီး မြောင်းကြီးတွေ မြစ်ကြီးတွေ ဖြစ်လာကြတာမျိုး မဟုတ်လား။

ဒါကြောင့် သူတို့တတွေက သူတို့ရဲ့ ဘာမဟုတ်တဲ့
စမ်းရေချောင်းလေးတွေကို တန်ဖိုးထားကြပါလို့ ပြောကြ ရေးကြတာပေါ့ကွာ။

တော်သေးပြီကွာ၊ 
အဲဒီအကြောင်းတွေ ကြုံလာခဲ့ရင် နောက်များမှ ဆက်ပြောကြတာပေါ့ နော့၊
မင်းတို့ဘဝ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း ရှိကြပါစေကွာ။
မင်းရဲ့ (မရငတ) ၁၇၀၆၂၀၁၄

မောင်ရင်ငတေ ၁၇၀၆၂၀၁၄
http://moemaka.com/archives/38263             ဇွန် ၁၈၊ ၂၀၁၄


ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ                                                   (ဓါတ်ပုံ မရငတ)

ပီရေနေး ကျေးဇူးမှတ်တမ်း

ပီရေနေးတောင်တန်းခရီးစဉ်ကို စိတ်ကူးစီစဉ်ပေးသူ 
မဒီးဒီးနဲ့ စိတ်ရှည်လက်ရှည် နေရာအနှံ့ ကားမောင်းပို့
ပေးသူ Frank တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။

ဒီ ပီရေနေးမှတ်တမ်း ရေးနေစဉ်မှာ
ရေးပြီးသား အပိုင်းအစလေးတွေကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ
နေ့စဉ်လိုလို တင်ဖြစ်ပါတယ်၊ အဲဒီအပိုင်းအစလေးတွေကို

ကဗျာဆရာ ခင်အောင်အေးက တွေ့ရှိပြီး
ပီရေနေးရဲ့ စမ်းရေစီးသံကို ခံစားပြီး ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါတယ်။

ရောက်တတ်ရာရာ ရေးနေတဲ့ အတိုအစများကနေ
မောင်ရင်ငတေ ဖြစ်လာအောင် ပထမဦးဆုံး တိုက်တွန်း နှိုးဆော်
တွန်းအားများပေးသွားတဲ့ ကဗျာဆရာ ကိုခင်အောင်အေးအား အထူး
ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။


ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ                                                   (ဓါတ်ပုံ မရငတ)

ပီရေနေး

ညထဲ စိတ်ခြေရာထပ်
ညံ့သက်တဲ့ တိုးညှင်သံသဲ့သဲ့  
အေးစိမ့်ခြင်းကို တကီလာ ၂ ပက်နဲ့ ကာရင်း
ကွယ်ကာထားနံရံတွေရဲ့ အပြင်ဖက်က ၀ရံတာကိုထွက်ကာ

သဘာဝအလှကို ငေးနေမိခိုက်
တောင်ကြားဆီက ပျံ့လွင့်လာပြီး
ငါ့ တစ်ကိုယ်လုံးကို ဖြတ်စီးသွားတဲ့ အဲ့ဒီ စမ်းရေသံ ... ။ ။

ခင်အောင်အေး
၂ ဇွန် ၂၀၁၄ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၁၀း၁၉ နာရီ

မောင်ရင်ငတေရဲ့ ငါ့ ရင်ထဲမှာ ဧရာဝတီ စာမူစုမှ
(ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ ကို ခံစား ရေးဖွဲ့ပါတယ်)

မောင်ရင်ငတေ ၁၇၀၆၂၀၁၄-၀၃၁၁၂၀၁၈
http://moemaka.com/archives/38263  ဇွန် ၁၈၊ ၂၀၁၄


ပီရေနေးတောင်တန်းပေါ်က စမ်းရေစီးသံ

ငါ့ ရင်ထဲမှာ ဧရာဝတီ



Aucun commentaire:

Enregistrer un commentaire