Libellés

vendredi 23 mars 2018

** * ဖဦးထုပ် ဎရေမှုတ် ၂၆ သို့ ** *

ဂျန်နဝါရီညများ
ဖဦးထုပ် ဎရေမှုတ် ၂၆ သို့


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဖဎ ၂၆

ဖ ဆိုတာက
ဖဦးထုပ် အက္ခရာ
ဎ ဆိုတာက
ဎရေမှုတ် အက္ခရာ
ဗမာစာ တတ်သူတိုင်း သိကြမှာပါ။

အဲ ဒါပေမယ့်
ဖဎ ၂၆ ဆိုရင်
ဖဦးထုပ် ဎရေမှုတ် ၂၆ ဆိုလိုက်ရင်တော့
ဘာလဲဟ ဆိုပြီး ဖြစ်ကြသူတွေ များမှာပါ၊
အဲဒီ့ ဖဎ ၂၆ ဆိုတာက့ မောင်ရင်ငတေရဲ့ ဆယ်တန်း ရပီတာ ခုံနံပတ် ပါ။

ဆယ်တန်း ဖရက်ရှာဘဝ ထီလာ ထ (တစ်) မှာ
ဖြေဆိုခဲ့တဲ့ ခုံနံပတ်ကတော့ အရှုံးမို့လား မသိပါဘူး၊
ပြန်လည်ခံစား စဉ်းစားကြည့်တာ ဘယ်လိုမှ မမှတ်မိတော့ပါဘူး၊
ပြန်တွေးကြည့်တိုင်း အသည်းနှလုံးထဲမှာရော ဦးဏှေက်ထဲမှာပါ ပျောက်ကွယ်သွားပြီထင်ပါရဲ့။

လွန်ခဲ့တဲ့ ၃၇ နှစ်က အဲဒီ ဖဦးထုပ် ဎရေမှုတ် ၂၆ နဲ့ ဆယ်တန်း အောင်ခဲ့တာမို့ အဲဒီ နံပတ်ကိုတော့ 
အခုထိတိုင် မှတ်မိနေတယ် ဆိုရပါမယ်၊ တခြား နံပတ်တွေက မောင်ရင်ငတေ့အတွက် အောင်မြင်မှု
ဆိုတာထက် ဆုံးရှုံးမှုတွေက ပိုများခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အခု မောင်ရင်ငတေရေးမှာက အဲဒီတုန်းက အကြောင်းဟောင်းတွေ ရေးမှာမဟုတ်ပါဘူး၊ 
အဲဒီလို အမှတ်တရနေရာကို အမှတ်မထင် ပြန်လည်ရောက်ရှိ သွားဖြစ်ခဲ့တဲ့ လမ်းအကြောင်းကိုသာ 
အဓိကထားပြီး ရေးချင်တာပါ၊ ပေတရာလမ်းမထက်မှာ ပျော်တတ်ပါတဲ့ မောင်ရင်ငတေရဲ့ ပေတရာ 
လမ်းမများပေါ် ခရီးသွားခဲ့ခြင်း အကြောင်းတွေထဲက သာမန်မှတ်တမ်း တခု အဖြစ်သာပါ။


ရေနံချောင်း -ရှင်ပင်စာကြို-စလေ                                                            (ဓါတ်ပုံ မရငတ)

ဒီ ခရီးစဉ်ကတော့ နည်းနည်းတော့ ထူးခြားပါတယ်၊ မူလက အချိန်ရရင် ရသလိုသွားဖို့ ထည့်ရေးဆွဲ
ထားတဲ့ ခရီးတခုပါ၊ သို့ပေမယ့် အချိန်မရတော့ဘူး ထင်လို့ ဖျက်သိမ်းဖို့ ကြံရွယ်ထားတဲ့ အဲဒီခရီးကို
မမျှော်လင့်ပါဘဲ မမျှော်လင့်တဲ့ လမ်းကြောင်းကနေ ရောက်ခဲ့တာပါ၊ မောင်ရင်ငတေက နယ်မြေသစ်
ရောက်ဖူးချင်သလို နယ်မြေဟောင်းတွေကိုလည်း အလွမ်းပြေအဖြစ် ဘယ်သို့မဆို သွားဖို့ အသင့်ပါ၊ 
သို့သော်လည်း လိုက်ပို့သူများဘက်ကလည်း အစဉ်ပြေပြေနဲ့ လိုက်ပို့လာချင်အောင် ထည့်တွက်ရပါ 
သေးတယ်၊ သူတို့ရဲ့ စေတနာတွေ ပိုထွက်လာအောင် အပြောကောင်းကောင်းတော့ လိုတာပေါ့။

အဲဒါနဲ့ ဂျန်နဝါရီညများ (သို့မဟုတ်) သောင်ရင်းသံလွင် စစ်တောင်းမှ ဧရာဝတီသို့ ခရီးစဉ်တွေထဲက 
ဧရာကမ်းနဘေးက အညာမြေ ရေနံချောင်း-စလေ နေ့ချင်းပြန် ခရီးစဉ် “ဖဦးထုပ် ဎရေမှုတ် ၂၆ သို့” 
အမည်ပေးဖြစ်ခဲ့တဲ့ နေ့စဉ်မှတ်တမ်း ခရီးသွားဒိုင်ယာရီ စာစုတခု ရေးဖို့ ဖြစ်လာခဲ့တာပါ။

မမျှော်လင့်ခဲ့တဲ့ လမ်းကြောင်းလို့ ဆိုရတာက မူလကသွားချင်တယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားတဲ့
လူအများ ပုံမှန်သွားကြတဲ့ ရေနံချောင်း-ဂွေးချို-မိုလာ-စလေ လမ်းအတိုင်း မဟုတ်ပါဘဲ ရေနံချောင်း
-ရှင်ပင်စာကြို-စလေ တောလမ်းကျေးလက်လမ်းက သွားဖြစ်ခဲ့တာပါ၊ မသွားဖြစ်တော့ပါဘူးလို့တွေး
စိတ်လျှော့ထားပြီးကာမှ သွားဖြစ် ရောက်ဖြစ်ခဲ့တာပါ၊ သွားဖြစ်သွားအောင် တိုက်တွန်း နှိုးဆော်ခဲ့တဲ့
မောင်ရင်ငတေရဲ့အဒေါ်နဲ့ဦးလေး၊ တနည်းအားဖြင့် ပြောရရင်တော့ ဓါတ်မြေစလေမှာ နှစ်ပေါင်းများ 
စွာ အလုပ်လုပ်ကိုင်နေထိုင်ကြဖူးတဲ့ စလေသူစလေသား အဟောင်းကြီးတွေပေါ့၊ သူတို့ကြောင့်သာ 
စလေတောကျောင်းသို့ ပြန်ရောက်ခဲ့ရတာမို့ ဒီနေရာကနေ ကျေးဇူးမှတ်တမ်း ရေးထိုးလိုက်ပါတယ်။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဖဦးထုပ် ဎရေမှုတ် ၂၆ ဖြစ်ပေါ်လာတဲ့ နေရာကတော့ မထင်မရှား သိသောသူ နည်းပါးလှတဲ့ စလေ 
(အ-ထ-က) ဆိုတဲ့ တောစာသင်ကျောင်း တကျောင်းပါ၊ တည်ရှိရာကို အလွယ်ဆုံး လူသိအများဆုံး 
နေရာနဲ့ တွဲယှဉ်ပြောရမယ်ဆိုရင်တော့ စလေဦးပုည ရုပ်စုံကျောင်း ပရဝဏ်နဲ့ ကျောင်းနောက်ဘက် 
တဆက်တစပ်တည်းလို တည်ရှိနေတယ်ပြောရင် ခန့်မှန်းနိုင်ကြမှာပါ၊ ကျောင်းနှစ်ကျောင်းရဲ့နောက် 
ကွက်လပ်ကြီးကတော့ မောင်ရင်ငတေတို့ ကျောင်းသားဘဝက ကျောင်းအားကစားကွင်းကြီး ဖြစ်ခဲ့ 
တာပေါ့၊ ဒီကနေ့တော့ အဲ မြေကွက်လပ်ကြီး တိုးတက်သွားသလား ဆုတ်ယုတ်သွားသလား အရင် 
အတိုင်းပဲလာ့း့ ဘာဖြစ် နေပါသလဲ မောင်ရင်ငတေ မမေးရဲလို့ မမေးခဲ့မိပါဘူး၊ အချိန်မရတာမို့
ကျောင်းနောက်ဘက်သို့လည်း သွားမကြည့် ဖြစ်ခဲ့ပါဘူး၊ ကျောင်းရှေ့မှာတော့ ခဏဆင်း မှတ်တမ်း 
တင်ရင်းနဲ့ အဲဒီတုန်းက စီးကရက်ခိုးခိုးသောက်ခဲ့တဲ့ ကွမ်းယာဆိုင်လေးများ ရှိများရှိနေသေးသလား 
ရှာမိပါသေးတယ်၊ ဈေးဆိုင်လေးတွေ များလာပေမယ့် ပြောင်းလဲမှု များစွာတော့ မရှိပါဘူး၊ ဟိုအရင်
တုန်းကလိုသာပါ၊ ကျောင်းဆင်းတက်ချိန်လောက်ကလွဲလို့ တိတ်ဆိတ်အေးချမ်း နေဆဲပါ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)


ခုလို တယောက်တည်း ဒီခရီးမှတ်တမ်း ဒိုင်ယာရီစာစုကို ရေးနေရင်း ကျောင်းရှေ့မှတ်တမ်းပုံများကို 
ပြန်ကြည့်မိတော့ လွန်ခဲ့တဲ့ခြောက်နှစ်ကျော်ကျော်လောက်က ရေးတို့ထားခဲ့ဖူးတဲ့ မောင်ရင်ငတေရဲ့ 
မီနီဘိုင်အိုအတိုအစများ အပိုင်း (၆) “““စလေ (အ ထ က) နဲ့   ဓါတ်မြေစေတနာညကျောင်း””” မှာ 

ရေးထားခဲ့ဖူးတာလေးတွေကို အောက်ပါအတိုင်း ပြန်လည်တည်းဖြတ် ဖြတ်ညှပ်ကပ် လိုက်ပါတယ်။

** * ဆယ်တန်း ဘယ်မြို့က အောင်လာပါသလဲ မေးတဲ့သူတွေ ရှိတဲ့အခါ မောင်ရင်ငတေကလည်း 
ခပ်ရွဲ့ရွဲ့နဲ့သာ ဆယ်တန်းအောင်တဲ့ ခုံနံပါတ်ကို ပြောဖြစ်တာ များပါတယ်၊ အတော်များများကတော့ 
ကြားဖူးမှာတောင် မဟုတ်ပါဘူး၊ ကျုပ်ခုံနံပါတ်က (ဖဎ ၂၆) ပါတဲ့၊ အခုတောင်မှ စာရိုက်တာမှာ အဲဒီ 
ဎရေမှုတ် ဘယ်နေရာမှာလည်း အတော်ရှာယူရပါတယ်၊ အမှတ်စဉ်ကလည်း (၂၆) နော်၊ စလေ (အ 
ထ က) ကျောင်းမှာ အဲဒီနှစ်က ဆယ်တန်းကျောင်းသား အားလုံး စုစုပေါင်းမှ လေးဆယ်နီးပါးသာ ရှိ 
မယ် ထင်ပါတယ်၊ ဒါတောင် မောင်ရင်ငတေတို့လို နှစ်ကျ ရပီတာ ဆယ့်သုံးလေးယောက်နဲ့ ပေါင်းမှ 
ရှိတာပါ၊ ပုံမှန် (အ ထ က) ကျောင်းတကျောင်းရဲ့ စာသင်ခန်းတခန်းမှာ ကျောင်းသား ခြောက်ဆယ် 
ကျော် ခွန်နှဆယ်လောက်ပေါင်းပြီး စာသင်လာခဲ့ရတာက စလေရောက်မှ နိုင်ငံခြားစံချိန်မှီ စာသင်ရ 
တော့သလိုပါ၊ စုစုပေါင်းမှ ဆယ်တန်း တခန်းထဲသာရှိတဲ့ ကျောင်းမှာ၊ အခန်းရဲ့တဝက်မရှိတဲ့ ခုံတန်း 
လျားလေး လေးငါးခြောက်ခုမှာ မောင်ရင်ငတေတို့အဖွဲ့လေးငါးယောက်က ကျောင်းပြေးဖြစ်အောင် 
ပြေးကြတာ မှတ်မိပါသေးတယ်၊ စလေလို ရွာသာသာမြို့မျိုးမှာ ကျောင်းပြေးတော့ ဘယ်ပြေးရမလဲ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

စဉ်းစားကြည့်ကြပါ၊ ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်ဖို့ ဆိုတာကလည်း အရင် ရှိခဲ့ဖူးတဲ့ ယိုင်နဲ့နဲ့ နဲ့ 
ရုံအိုအိုကလည်း မောင်ရင်ငတေတို့မရောက်ခင် တနှစ်က လေတိုက်လို့ ပြိုသွားတယ်တဲ့၊ အဲဒီတော့ 
တိုင်ပင်ကြပြီး ချောက်မြို့မှာ ရုပ်ရှင်သွားကြည့်တာထက် ကျောင်းအနောက်ဘက်ကယာခင်းတွေထဲ 
လေ့လာရေးခရီး ထွက်ကြမယ်လို့ဆိုပြီး မြို့ခံကျောင်းတော်သား အေးကိုကို ခေါင်းဆောင်တင်ပြီး ချီ 
တက်ကြပါတော့တယ်၊ နောက်တကြိမ်မှာတော့ မြို့ခံကျောင်းသား သူဌေးသားတယောက် သူ့အဖေ 
အလစ် လန်ရိုဗာကား မောင်းချလာပြီး လယ်ကသင်းတွေကြား ဇီးပင်တွေကြား လှည်းလမ်းကြောင်း 
တလျှောက် လျှောက်မောင်းခဲ့တာကိုလည်း ခပ်ရေးရေး မှတ်မိသေးပေမယ့် ကားပိုင်ရှင် သူဌေးသား 
အမည်ကိုတော့ မောင်ရင်ငတေ မေ့နေပါပြီ၊ ဆောရီးပါ သူငယ်ချင်းရေ။

မောင်ရင်ငတေ့အတွက်တော့ ခုနေပြန်တွေးရင် တော်တော်တန်ဖိုးရှိတဲ့ ဖီးလ်ဆင်းတဲ့ အတွေ့ကြုံမျိုး 
လို့သာဆိုချင်ပါတယ်၊ ခေတ်မီတိုးတက်တဲ့ ပညာရေးစနစ်မျိုးမှာဆိုရင် ကျောင်းခန်းထဲမှာ တချိန်လုံး 
အချိန်ကုန်မနေဘဲ ဒါမျိုးတွေကို သေချာစနစ်တကျစီစဉ်ပေးရမှာ မဟုတ်လား၊ ခုတော့ ဘယ်လူကြီး 
တွေဆီကို ခွင့်ပြုဖို့ အစီရင်ခံစာတွေ မတင်ဘဲ ကိုယ်ဒူးကိုယ်ချွန် လုပ်လိုက်တော့ ကျောင်းရုံးခန်းကို 
ရောက်တော့တာပေါ့၊ ပဲခင်း နှမ်းခင်း ပဲစဉ်းငုံခင်းတွေ ကြားထဲမှာ လျှောက်ခဲ့တာတွေ တွေ့တဲ့ ဇီးပင် 
တွေက ဇီးသီးတွေ ခူးစားကြတာတွေ အခုတော့ အိပ်မက်တခုလိုသာပါ၊ အဲဒီ ဇီးသီးဟာ စလေမြို့ရဲ့ 
နာမည်အကြီးဆုံး တခုဖြစ်တဲ့ အစေ့လွတ် စလေဇီးသီးပါ၊ ရှေ့သို့ တံဆိပ် စလေ ဇီးယို ဇီးပေါင်းထုပ် 
ဆိုတာက မပါမပြီးတဲ့ စလေပြန် လက်ဆောင်ပေါ့။ ** *

ဖေ့စ်ဘုတ်ခ် အစဦး ၂၀၁၀ ၁၁ ခုနှစ်များက မောင်ရင်ငတေရဲ့ မီနီဘိုင်အို အတိုအစများ အပိုင်း (၆) 
“““ စလေ (အထက) နဲ့   ဓါတ်မြေစေတနာညကျောင်း””” အဖြစ် ရေးခဲ့ဖူးတဲ့ စာစု အတိုအစပါ။

အဲဒီတုန်းက မောင်ရင်ငတေတို့ သူငယ်ချင်းအဖွဲ့က တခြားမြို့ကပြောင်းလာတဲ့သူတွေ များပါတယ်၊ 
စလေရောက် မြို့ကြီးသားတွေပေါ့၊ တယောက်က ကျောက်ပန်းတောင်းသား၊ နောက်တယောက်က 
မြင်းခြံ၊ နောက်တယောက်က ရန်ကုန် ကိုးမိုင်ခွဲက ထင်ပါရဲ့၊ အဲဒီ မြင်းခြံသား တကယ်တော့ သူက 
တောင်သာ ဝဲလောင်သားပါ၊ အဲဒီဝဲလောင်သားတယောက်တော့ ဘယ်ရောက်ဘယ်ပေါက် နေပြီလဲ 
မသိ အဆက်သွယ် မရတော့တာ အခုထိပါ။


ကျောက်ပန်းတောင်းသားနဲ့ကတော့ မောင်ရင်ငတေ စလေက ထွက်ခွာလာပြီး နောက်ပိုင်းမှာလည်း 
ကျောက်ပန်းတောင်း ရောက်တိုင်းလိုလို တွေ့ဖြစ် ဆုံဖြစ် သောက်ဖြစ် ကြပါသေးတယ်၊ ၁၇ နှစ်ကြာ 
ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၈ ဂျန်နဝါရီမှာ မောင်ရင်ငတေထီလာမြေကို ပြန်လည်ခြေချမိတော့ တည်းခို 
ရာက ကျောင်းပန်းတောင်းဆက်တွေပါ၊


အဲသလိုနဲ့ လိုက်စုံစမ်းခိုင်းတော့ သူ့ဖုန်းနံပတ် ရလာပါတယ်၊ အဲဒါနဲ့လှမ်းဆက်တော့ မောင်ရင်ငတေ့ 
အသံကို မမှတ်မိပါဘူး၊ ကြာခဲ့ပြီကိုး၊ နောက်တော့မှ စလေအကြောင်း ညကျောင်းအကြောင်း တွေနဲ့ 
ကျောက်ပန်းတောင်းလမ်းမများမှာ စွတ်ကျယ်အင်္ကျီ ပုခုံးပေါ်တင် ခပ်ထွေထွေနဲ့ သွားခဲ့လာခဲ့တာကို 
ပြန်ပြောင်းပြောမှ မောင်ရင်ငတေ့ကို မှတ်မိလာပါတယ်၊ သူကတော့ ကျောက်ပန်းတောင်း တခွင်မှာ 
နာမည်ကြီးနေတဲ့ ကျောင်းဆရာ ကျူရှင်ဆရာကြီး ဖြစ်နေပါပြီ၊ မောင်ရင်ငတေကတော့ အခုထိတိုင်
ဟိုအရင်လို လတ်လျားလတ်လျား ဖြစ်နေဆဲဆိုတော့ ကျောက်ပန်းတောင်းသားကြီးကတော့ အရင် 
လိုသာ ပြုံးစိစိနဲ့ ကြည့်နေပါတယ်၊ သူနဲ့ ဖိုးပါကြီးစားသောက်ဆိုင်မှာ တခဏထိုင် စကားပြောခွင့်ရခဲ့ 
ပါတယ်၊ နောက်တခေါက်တော့ မင်းဆိုင်ကယ်စီး ဘုံဆိုင်တခုသွားထိုင် တဝကြီး စကားတွေပြောကြ 
ရအောင်ဆိုတော့ ခွေးမသား ငါမသောက်တော့ဘူး ပြောပါတယ်၊ အေး မင်းမသောက် 
ငါ့ကိုတိုက်ပေါ့ ဆိုလိုက်တော့ အေးကွာ မင်းသာ လာခဲ့ပါလို့ ဆွေးမြေ့တဲ့ လေသံနဲ့ ပြောပါတယ်။


ဓါတ်မြေ (စလေ)                                                                                (ဓါတ်ပုံ မရငတ)

** * ဓါတ်မြေ (စလေ) ဆိုတာကတော့ ပထဝီဘာသာမှာ သင်ရတဲ့ ရွှေပြည်ကြီးရှိ စက်ရုံ စာရင်းမှာ 
ပါတဲ့ ဓါတ်မြေသြဇာ စက်ရုံပေါ့၊ မောင်ရင်ငတေ့အဒေါ်က မောင်ရင်ငတေ့ကို ဆယ်တန်း အောင်မြင် 
ခဲ့အောင် ကျောင်းခေါ်ထားတာပေါ့၊ အဲဒီမှာ ဆယ်တန်းစာမေးပွဲ အောင်ခဲ့တာမှာ စက်ရုံဝန်ထမ်းတွေ 
ဦးစီးတဲ့ စေတနာညကျောင်းရဲ့ ကျေးဇူးလည်းပါခဲ့တာပေါ့၊ စလေမှာ ကျူရှင်ကျောင်းဆိုတာ မရှိလေ 
တော့ မရှိမဖြစ်ကျူရှင်အစား ဓါတ်မြေ (စလေ) စေတနာညကျောင်း ဖြစ်ပေါ်လာခဲ့တာထင်ပါတယ်။

အဲတုန်းက စလေ (အထက) ဆိုတာက ကျောင်းခွဲအဆင့်မျှသာ ရှိပါသေးတယ်၊ ဆယ်တန်းစာမေးပွဲ
ဖြေတာတောင် မောင်ရင်ငတေတို့ဖြေတဲ့နှစ်ကြမှ ကိုယ့်ကျောင်းမှာ ကိုယ်ဖြေခဲ့ရတာပါ၊ အရင်နှစ်က
အထိ ချောက်မြို့ကကျောင်းတွေမှာ ကပ်ရပ်သွား ဖြေကြရတာမျိုးပါ၊ ဖဦးထုပ် ဎရေမှုတ် ၂၆ ဆိုတာ 
ကတော့ မကွေးတိုင်းကို ကိုယ်စားပြုတဲ့ သင်္ကေတ ဖန်ခါးသီး (ဖဦးထုပ်) ဖြစ်ပြီး (ဎရေမှုတ်)
ကတော့  စာစစ်ကျောင်းအသစ် စာစစ်ဋ္ဌာနအသစ် စလေ (အထက) ကို ကိုယ်စားပြုပါတယ်တဲ့၊
ဟုတ်မဟုတ် မှန်မမှန်ကိုတော့ အဲဒီခေတ်က ပညာရေးဝန်ကြီးဆီမှာ စုံစမ်းမေးမြန်းကြပါရန်။

အောင်စာရင်း ထွက်တော့ ဂုဏ်ထူးတဘာသာ ရှားရှားပါးပါး ပါလာခဲ့လေတော့ အဲဒီ ညကျောင်း ဆု 
ပေးပွဲမှာ အဲဒီခေတ် ခေတ်ပေါ်ပစ္စည်းဖြစ်တဲ့ နိုင်ငံခြားဖြစ် ဂက်စ်မီးခြစ်လေး တလုံး မှတ်မှတ်ရရ ရခဲ့ 
တာပါ၊ မကြာခင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်လာတော့မယ့် မောင်ရင်ငတေ့အတွက် တရားဝင် 
လိုင်စင်ရ ဂက်စ်မီးခြစ်လေးပါ၊ ဘဝရဲ့ အမှတ်တရ တခုပါ။ ** * 


ဂွေးချို လမ်းဆုံ                                                                                  (Photo Google)

မောင်ရင်ငတေရဲ့ ဖဦးထုပ် ဎရေမှုတ် ၂၆ ဖြစ်တည်ရာ ဒေသခံတွေ အခေါ် စလေမြို့၊ အစိုးရရုံးတွေ
ကတော့ ချောက်မြို့နယ် စလေမြို့လို့သာ သုံးတာပါ၊ ရွာမက မြို့မကျ အဆင့်သာပါ၊ အဲဒီ စလေမြို့ 
သို့ ပုံမှန်လမ်းကသွားမယ်ဆိုခဲ့ရင် ချောက် ကျောက်ပန်းတောင်း ရေနံချောင်း သုံးလမ်းဆုံရာ ဂွေးချို 
ရွာက ချောက်သို့သွားရာ လမ်းခွဲအတိုင်း ဆယ့်နှစ်မိုင် နီးပါးသွားရင် မိုလာလမ်းခွဲကို ရောက်ပါတယ်၊ 
မိုလာလမ်းခွဲကနေ နောက်ထပ် ရှစ်မိုင်သွားရင် စလေရွှေမြို့တော်ကို ရောက်ပါပြီ၊ မိုလာနဲ့ချောက်က
ခြောက်မိုင်သာသာခန့်သာ ဝေးပါတော့တယ်။

မိုလာဆိုတာက ဗမာစကားတော့ ဟုတ်ဟန်မတူပါဘူး၊ Fertilizer Factory (1) (Sale) စက်ရုံတည်
အပြီး စက်ရုံသွားရာ စလေလမ်းခွဲကို တိုးချဲ့ဖောက်လုပ်အပြီး စက်ရုံနဲ့ပတ်သက်တဲ့ မိုလာကုမ္ပဏီရဲ့ 
အမည်ကို အစွဲပြုပြီး ခေါ်ခဲ့ကြတယ် ဆိုပါတယ်၊ Mollar Combustibles & Services ဆိုတဲ့ ချောဆီ 
လောင်စာဆီ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း တခုတော့ ပြင်သစ်ပြည်မှာ ရှိပါတယ်၊ Mollar လမ်းဆုံ 
မှာ မူလက ရွာရယ်လို့ သီးသန့်ခဲ့ရှိတယ် မထင်မိပါဘူး၊ အခုထိလည်း အိမ်ခြေအနည်းငယ်နဲ့ ရွာငယ် 
လေးတရွာ အဖြစ်သာ တည်ရှိနေဆဲပါ။


Fertilizer Factory (1) (Sale) စလေ-မိုလာ လမ်းဆုံ                                    (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ ဖဎ ၂၆ ခေတ်ကာလ ၁၉၈၀-၈၁ တုန်းက စလေအသွား စလေအပြန် အဲဒီ မိုလာ
လမ်းဆုံလမ်းခွမှာ တမေ့တမောထိုင် ကားစောင့်ခဲ့ရဖူးတာတွေကို ဒီတသက် မေ့မရနိုင်ပါဘူး၊ မိုလာ 
လမ်းဆုံမှာတင် စောင့်ရတာလားဆို၊ မကပါဘူး၊ ထီလာ အနောက်ဂိတ်ကနေ ကျောက်ပန်းတောင်း၊ 
ကျောက်ပန်းတောင်းကမှ ဂွေးချိုလမ်းဆုံ၊ အဲဒီကနေမိုလာ၊ မိုလာမှ စလေရောက်၊ အဆင့်ဆင့် ကား 
စောင့်စီးခဲ့ရတာမျိုးပါ၊ မနက်အစောကြီးထွက်လာတောင် စလေသို့ မမှောင်ခင်ရောက်ဖို့ မလွယ်ခဲ့တဲ့
မဆလခေတ် ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်းခေတ်ရဲ့ ခရီးသွားလာမှုပါ၊ ကိုယ်ပိုင်ကားဆိုတဲ့ 
ဖယ်မလီယာတွေ ဘာညာတွေကလည်း မြို့ပေါ် ဟန်ရေးပြ မောင်းတာလောက် ရှိသေးတာပါ။

အဲသလို မိုင်ကိုးဆယ် သာသာ ခရီးကို အဆင့်ဆင့် ပြောင်းစီးရသလို စီးရတော့လည်း သက်တောင့်
သက်သာလေး စီးရမယ်များ မထင်လိုက်ကြပါနဲ့၊ ခုခေတ်လို အဝေးပြေး ဇိမ်ခံကား အဲယားကွန်းတွေ 
မှန်လုံတွေ အံဇာတုံးတွေ ဟိုက်ဂျက်တွေ မရှိပါဘူး၊ ဟိုင်းလက်တို့ ဒိုင်နာတို့မှာ နောက်က တွယ်စီးရ
တာမျိုး ခေါင်မိုးပေါ်တက် စီးရတာမျိုးပါ၊ အကောင်းဆုံး ဆိုရမယ့် အဝေးပြေး ဟီးနိုးကားကြီးတွေက 
တနေ့တစီးလောက် ထွက်ပြီး ဟိုနားဒီနား လူတင်ချင်တာမျိုး မဟုတ်ပါဘူး၊ မောင်ရင်ငတေကတော့  
ပိုက်ဆံသိပ်မပေးရတဲ့ ကုန်ကားကြီးတွေကို တားစီးလေ့ရှိခဲ့ပါတယ်၊ တခါတလေများဆို ကုန်းလမ်းပို့
ဆောင်ရေး (က-ပ-ရ) ကားဆရာကြီးများက ကားခ မယူတဲ့ပြင် မောင်ရင်ငတေကို တခွက်တဖလား
သောက်တတ်ဖို့ သင်တန်းပို့ချခဲ့ကြပါသေးတယ်၊ မှတ်မိနေသေးတာတော့ လက်ပံပျားကြက်ကြော်နဲ့
မြေပဲထမင်းသုပ်နီနီကိုစား ဗိုက်လေးလေး ခပ်ထွေထွေ အိပ်ငိုက်ရင်း ကုန်ကားနောက်ဘက် ပဲအိတ်
နှမ်းအိတ် ယူရီးယားအိတ်တွေပေါ် (တခါတလေတယောက်တည်းပေါ့) လှဲလျောင်းရင်း နေပူကျဲကျဲ 
ရဲ့အောက် အနောက်မှာတရိပ်ရိပ်ကျန်ခဲ့တဲ့ ပေတရာလမ်းမကွေ့ကောက်ကောက် တမျှော်တခေါ်ကို 
ကြည့်ရင်း တောင်စဉ်ရေမရ အတွေးပွားများခဲ့တဲ့ မောင်ရင်ငတေဖြစ်လာမယ့် အကောင်ရဲ့ ခေတ်ဦး 
ကာလ ခရီးသွားခြင်း အနုပညာတွေကို ခုထိတိုင် မှတ်မိသတိယ နေဆဲပါ။

ဒီကနေ့မှာတော့ ဟိုနားဒီနားမဟုတ် မှန်လုံ အဆင့်မြင့် အဲယားကွန်း ကားကြီးတွေနဲ့ စလေ-ရန်ကုန်
မိုင် သုံးရာ့ရှစ်ဆယ် စလေ-မန်း မိုင် တရာ့ခွန်နှဆယ် ခရီးတွေကို နေ့စဉ် တိုက်ရိုက်ပြေးဆွဲ ပို့ဆောင် 
နေကြပြီ ဖြစ်တာမို့ မောင်ရင်ငတေတို့ထက်တော့ ကံကောင်းကြတယ် ပြောရပါမယ်။


ရေနံချောင်း-ရှင်ပင်စာကြို-စလေ လမ်းခွဲ အစ                                              (ဓါတ်ပုံ မရငတ)

ရေနံချောင်းက စထွက်တော့ နေ့လည် ထမင်းစားပြီးချိန်ပါ။

အမှန်ကတော့ မောင်ရင်ငတေတို့ ညီကိုဝမ်းကွဲ နှစ်ယောက်နဲ့ ဦးလေးအငယ် နှစ်ယောက်တို့ ဂွေးချို
လမ်းဆုံဘက် ဧဧဆေးဆေးစကားပြောရင်း မောင်းသွားကြမယ်၊ အချိန်ရရင်ရသလို ပုပ္ပါးတောင်ခြေ 
အနောက်ဘက်ခြမ်း ဗျတ္တပန်းဆက်လမ်းဘက်အထိ သွားကြမယ်၊ စလေကို အချိန်ရရင်ဝင်ကြမယ်။

လမ်းတလျှောက် တမာနံ့ထနောင်းနံ့ ကုက္ကိုနံ့ ဘာညာနံ့တွေကို ခံစားမယ်၊ ပြီးရင်အမှန်အကန်ရမယ့်
ထရေချို ထရေခါး ထန်းပင်တွေအကြား ခဏတဖြုတ် ထိုင်ရင်း အညာမြေရဲ့အလှ အညာလေရဲ့ရနံ့
ခံစားမယ်ပေါ့လေ၊ မောင်ရင်ငတေရဲ့ စိတ်ကူးထဲကအိပ်မက် အစီအစဉ်ပေါ့။

ဒါပေမယ့် အဲဒီစိတ်ကူး အစီအစဉ်ကြီးကပျက်ပြီး စလေကို ရှင်ပင်စာကြိုလမ်းကနေ သွားလို့ရတယ်၊ 
သွားကြရအောင်လို့ ဦးလေးနဲ့ အဒေါ် စလေသူစလေသား အဟောင်းကြီးတွေက နှိုးဆော်လိုက်တာ 
ကြောင့် အဲဒီ တောကျေးလက်လမ်း စစ်စစ်ကို သွားဖြစ်ခဲ့တာပါ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဂျန်နဝါရီညများအတွင်း သွားဖြစ်ခဲ့တဲ့ လမ်းကြောတွေထဲမှာလည်း အားရကျေနပ်တဲ့ လမ်းကြောဖြစ်
ခဲ့ပါတယ်၊ ဒီထက်ပို ဧဧဆေးဆေး သွားဖြစ်ခဲ့ရင် ပိုလို့ကျေနပ်ဖွယ်ရာ ကောင်းမှာသေချာလှပါတယ်။

လမ်းအနေအထားကိုတော့ ဒီလို နဂိုရည်မပျက် ဒီထက်နည်းနည်းပိုပြီး ချောမွေ့အောင်လုပ်ပြီး ဧရာ 
မြစ်နဲ့ ဧရာ ကမ်းအလှကို ပိုမိုမြင်တွေ့ခွင့် ရနိုင်အောင် လုပ်ပေးနိုင်ခဲ့ရင် တစုံတရာတော့ အကျိုးရှိမှာ
သေချာလှပါတယ်၊ ပင်လယ်ထက်လှတဲ့ မြစ်အလှကို ဖော်ဆောင်နိုင်မယ့် နေရာတွေပါ၊ အဲလိုနေရာ
အဲလိုအခြေအနေ သဲတွေသောင်တွေ ထွန်းနေတဲ့ မြစ်ပြင်ကျယ်မျိုးက ရှားပါးလှမှာ သေချာပါတယ်။

အဲဒီလို နေရာတွေက ဧရာဝတီတကြောမှာ မြောက်များစွာ ရှိနေမှာကလည်း သေချာပါတယ်၊ ပုဂံရဲ့
ရှေးဟောင်းအလှနဲ့ မကျေနပ်နိုင်သေးတဲ့သူတွေကို ဧရာဝတီရဲ့သဘာဝမြစ်အလှ သဲသောင်တွေကို
ကြည့်ရင်းနဲ့ ကြွေဆင်းသွားအောင် အပိုဆာဒါးတွေမပါ လုပ်ပြဆိုပါက လုပ်ပြခွင့် ရချင်ပါသေးတယ်။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ရေနံချောင်း-ရှင်ပင်စာကြို-စလေ တောကျေးလက်လမ်းက တကယ့်ကို ကျေးလက်လမ်းပါ၊  ဂူဂဲလ် 
မြေပုံပေါ်မှာတော့ လမ်းအဆင့် သတ်မှတ်ထားခြင်း မရှိသေးတဲ့ မြေသားလမ်း လူသွားလမ်း အဆင့် 
သာ ရှိနေပါသေးတယ်၊ ဒါကြောင့် ရေနံချောင်း-ရှင်ပင်စာကြို ကျေးလက်လမ်း လမ်းအရှည် မည်မျှရှိ 
တယ်ကို မောင်ရင်ငတေ သေချာမသိနိုင်ပါဘူး၊ ခန့်မှန်းအားဖြင့်တော့ မိုင်အစိတ်ကျော် သုံးဆယ်ခန့် 
ရှိလိမ့်မယ်ထင်ပါတယ်၊ သွားတဲ့လမ်းကတော့ ရေနံချောင်းကနေ မြောက်ဘက်အထွက် ပင်းချောင်း 
တံတားကိုဖြတ် သုံးဆယ့်ခြောက်ရွာအကျော်ကနေ ဘယ်ဘက်ကို ခွဲထွက်သွားတဲ့ လမ်းကနေ သွား 
ရတာပါ၊ ပထမ အနောက်ဘက် ဧရာဝတီဆီသို့ ဦးတည်သွားရပြီး ဧရာဝတီကမ်းနဲ့ မနီးမဝေး မလှမ်း 
မကမ်းကနေ မြောက်ဘက်သို့ သွားတဲ့လမ်းပါ၊ ဧရာဝတီနဲ့ အနီးကပ်များ မြင်တွေ့ရလေမလားထင်မိ
ခဲ့ပေမယ့် မောင်ရင်ငတေ့တွက်ကိန်း လွဲခဲ့ပါတယ်၊ ဧရာဝတီနဲ့က နီးပါတယ် ဆိုပေမယ့် ရံဖန်ရံခါသာ
လှမ်းမြင်တွေ့ရတဲ့ အနေအထားမျှပါ၊ အကယ်၍သာ ဒီလမ်းကို တိုးချဲ့ဖို့ မောင်ရင်ငတေ အကြံပေးရ 
မယ်ဆိုရင်တော့ သဲထွန်းသောင်ထွန်းနေတဲ့ မြစ်ဧရာ အလှကို မြင်သာတဲ့ နေရာတွေက လမ်းကြော
တွေကို ရွေးချယ်စေချင်မိတာပါ၊ အပြောကတော့ လွယ်တာပေါ့လေ ဆိုနိုင်ပါတယ်။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

အခုလည်း ဒီလမ်းက မြစ်ကမ်းနဲ့ မနီးမဝေးမှာပါ၊ ချောင်းခြောက်တွေဖြတ်ရင် မြစ်ကိုလှမ်းမြင်ရတတ်
ပါတယ်၊ သို့သော် လမ်းနဲ့ မြစ်ကြား ရွာလေးတွေ လူနေအိမ်ခြေတွေက ကြားခံနေတော့ မြစ်အလှကို 
မတွေ့မြင်ရပါဘူး၊ ရွှေပြည်တော်သားတွေရဲ့ ရိုးရာဓလေ့ကလည်း မြစ်တွေချောင်းတွေကို ကျောပေး 
အိမ်ဆောက်တတ်တဲ့ ဓလေ့က အရိုးစွဲလာခဲ့လေတော့ မြစ်ကမ်းအလှတွေဟာ အိမ်နောက်ဖေးတွေ 
နောက်ကွယ်မှာ ပျောက်ကွယ်နေလေ့ ရှိပါတယ်၊ ပြောင်းလဲချင်ရင် ဒါတွေကစ ပြောင်းလဲကြဖို့တော့
မောင်ရင်ငတေလည်း ကျယ်ကျယ်မပြောရဲပါဘူး၊ မျိုးချစ်ကိုယ်တော်တွေရဲ့ ရန်က လွယ်ဘူးလေ။

ချောင်းခြောက်လေးတွေကလည်း တော်တော်လေးကို များပါတယ်၊ မိုးတွင်းကာလ ရေကျလေ့ ရှိတဲ့
ချောင်းတွေ ဘယ်နှချောင်းရှိပြီး ဘယ်လောက်များများ ဘယ်လောက်ကြာကြာ ကျတတ်သလဲတော့ 
မသိပါဘူး၊ တချို့ချောင်းခြောက်တွေက ခပ်သေးသေးပါ၊ ဘာမှမဟုတ်ဘူး ထင်ရပေမယ့် ချောင်းရေ 
တကယ်ကျရင် ကူးဖို့ မစဉ်းစားပါနဲ့ မလွယ်ပါဘူး ပြောကြပါတယ်။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဟိုရင်တုန်းက ဒီ မြင်းခြံ-ပုဂံ-ညောင်ဦး-ချောက် လမ်းတွေက ချောင်းခြောက်တွေ ချောင်းရေကျတာ 
နာမည်ကြီးပါတယ်၊ တကြိမ်မှာတော့ မောင်ရင်ငတေတို့ကား ပထမချောင်း ချောင်းရေကျစမှာ ဖြတ် 
ကူးလို့ရသေးလို့ ဖြတ်ကူးခဲ့ပြီး နောက်တချောင်းမှာတော့ ရေများနေလို့ ကူးလို့မရတော့ပါဘူး၊ ဒေသ
ခံတွေ မေးကြည့်တော့ ဒီပုံစံအတိုင်းဆို ရေကျတာများလို့ စောင့်ရမှာကြာလိမ့်မယ်လို့ ပြောပါတယ်။

ဒါနဲ့ နောက်ဘက်ပြန်လှည်ဖို့ ကြံရွယ်တော့ သွားမနေနဲ့ အပိုဖြစ်မယ်၊ ဒီချောင်းမှကျရင် ဟိုချောင်းက 
ပိုဆိုးမှာ၊ ပြောတဲ့သူကြည့်တော့ အတည်ပြောနေပုံ၊ ကိုယ့်ကို ဂျင်းတော့မထည့်တန်ကောင်းလောက် 
ပါဘူး တွေးကြပြီး၊ ဘာလုပ်ကြမလဲ၊ ဘာမှလုပ်မရ၊ ရှေ့ချောင်းကလည်းကျ နောက်ချောင်းကလည်း 
ကျ အလယ်မှာ ပိတ်မိနေပြီး ရှေ့တိုးမရ နောက်ဆုတ်မရ ညအိပ်ခဲ့ရတဲ့ အဖြစ်ပါ၊ မောင်ရင်ငတေရဲ့ 
ကိုယ်တွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပေါ့လေ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဒါပေမယ့် မောင်ရင်ငတေ့ တို့ကတော့
အဲလို အချိန်မျိုးမှ ပို၍ ပို၍ ပျော်တတ်သူများမို့လို့ စိတ်မညစ်ရုံမျှမက အနီးအနား တဲလေးတွေဆီသို့
သွားပြီး ရသမျှတောင်းရမ်းစားသောက်ရင်း ချောင်းရေဆုတ်ချိန်ကိုစောင့် ရှေ့ခရီးဆက်တာကို ပျော် 
ခဲ့ကြသူတွေပါ၊ အခုတော့ ပုံမှန် ရေကျတတ်တဲ့ ချောင်းတွေလည်း ဥတုရာသီ မမှန်လေတော့ ကား 
ဆရာတွေလည်း ဘယ်လို မိုးလေဝသကြည့်ပြီး ဒီချောင်းခြောက်တွေကို ဖြတ်သန်းနေကြသလဲ မသိ 
နိုင်တော့ပါ၊ ခုတခေါက် မောင်ရင်ငတေသွားတော့ ချောင်းကျတတ်တဲ့ မိုးတွင်းကာလ မဟုတ်ပေလို့ 
အဲသလို ဖြစ်ရပ်မျိုး မကြုံတွေ့ခဲ့ရပါဘူး၊ ဒါပေမယ့် မောင်ရင်ငတေက အဲဒါမျိုး ထပ်ကြုံချင်တာလေ။

ဒီရွာလေးတွေဟာ အိမ်ခြေ တရာနှစ်ရာခန့်နဲ့ နေထိုင်သူ တထောင် နှစ်ထောင်ခန့်သာ ရှိတဲ့ ရွာလေး 
တွေက အများစုပါ၊ တချို့ရွာလေးတွေဆို အိမ်ခြေ သုံးလေးဆယ်တောင် ရှိဟန် မတူပါဘူး၊ ဟိုအရင် 
ကာလများကတော့ မိုးများကာလတွေမှာ မကြာခဏဆိုသလို ရေကျတတ်တဲ့ချောင်းခြောက်တွေက 
သွားလာရေးအတွက် သဘာဝအတားအဆီးတွေအဖြစ် တည်ရှိခဲ့ပါတယ်၊ တာဝန်ရှိသူများကလည်း 
လက်ပိုက်ကြည့်ရုံမှတပါး ဘာမှလုပ်တတ်ဟန်မတူပါဘူး၊ အဲဒါကြောင့်လည်း တော်တော်များများက 
ဒီလမ်းတွေကိုရွေးချယ် သွားဖို့လက်တွန့်ခဲ့ကြတာ နေမှပါ၊ ဒေသခံတွေကတော့ ဧရာဝတီမြစ်ကြီးကို 
သာ အားကိုးအားထား ပြုခဲ့ရမယ် ဆိုတာက ဗေဒင်သွား မမေးပါနဲ့ အမှန်ပါ။

(ဒီစာပိုဒ်ကို ရေးတင်နေတဲ့ချိန် ၁၉ နာရီ ၁၈ မိနစ်မှာ မောင်ရင်ငတေရဲ့ ခရီးသွားခြင်း လက်ဦးဆရာ 
ဖြစ်သူ ဦးလေးတယောက်ကတော့ လောကကြီးကို နှုတ်ဆက်လက်ပြ ခရီးထွက်သွားပါပြီ ဆိုတာကို 
ကြားသိလိုက်ရပါတယ်၊ မောင်ရင်ငတေကို ပုပ္ပားတောင်မကြီးကို လိုက်ပို့ပေးခဲ့သူ မန်းစက်တော်ရာ 
ကို ကြိမ်ဖန်များစွာ ခေါ်ဆောင်ခဲ့သူ တခြားတခြားသော အရပ်ဒေသများကိုလည်း အတူခေါ်ဆောင် 
ခဲ့သူ့ အခုတော့ သူသွားပြီတဲ့ မောင်ရင်ငတေ တာဝန်မကျေခဲ့ရင် ခွင့်လွှတ်ပါ ခင်ဗျာ။)
(((၁၃ ရက် မတ်လ ၂၀၁၈ ခုနှစ် အဂါင်္နေ့)))


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

တွေ့ခဲ့ရသမျှ မှတ်တမ်းတင်ရာမှာ ပါဝင်ခဲ့တဲ့
လမ်းနဘေးက ကျေးရွာ အမည်တွေကတော့
ဂျုပ္ပင် ပင်းဝ ချောင်းဝ အိုးဘို ဆားလယ်ကျွန်း
ကျောက်ရဲ ရွာသစ် ပဲတိုးချောင်း မဲရွာ တောင်သူကြွယ်
တောင်ဘလူ ဝင်္ကဘာ စလင်းတောင် မဟာသေခဲလှဘုရား
(ပခန်းငယ်-ကျောက်ရဲ-ကျောက်ချော လမ်းခွဲ) ငခန်းငယ်ရွာ
ရွာငယ်ကန် ဥယျာဉ်ရွာ (ရှင်ပင်စာကြိုလှဘုရား)
ပြီးရင် စလေ ရွှေမြို့တော်ကြီးသို့ ရောက်ရှိလာပါပြီ။

လမ်းနဘေး အနီးအနားမှာတော့ ထန်းပင်မြင်မြင့် တအုပ်တမတွေနဲ့ ဒီဒေသ ဒီကာလမှာ စိုက်ပျိုးနေ
ကျဖြစ်တဲ့ ရာသီစာပင် (ကြက်သွန်နီခင်းတွေ ထင်ပါတယ်) စိုက်ခင်းတွေကို တွေ့ရှိရပါတယ်၊ အများ
အားဖြင့်တော့ ပဲစဉ်းငုံ မြေပဲ ပဲပင်မျိုးစုံ အခင်းတွေနဲ့ ဝါခင်း နှမ်းခင်းတွေကို တွေ့ခဲ့ရပါတယ်။

ပိုးသတ်ဆေး ပေါင်းသတ်ဆေး အပင်အားတိုးဆေး ကြော်ငြာ ဒီဇိုင်းမျိုးစုံ လမ်းဘေးသစ်ပင် ပင်စည် 
တွေမှာ ဝေဝေဆာဆာ တွေမြင်ခဲ့ရတာကြောင့် ဟိုးအရင်တချိန်တုန်းက မောင်ရင်ငတေလုပ်ခဲ့ဖူးတဲ့ 
အီတိုဂရို့ အပင်အားတိုး ပိုးသတ်ဆေး အရောင်း မြှင့်တင်စဉ်ကာလ သွားခဲ့ လာခဲ့တာတွေကိုလည်း 
ကြားဖြတ် သတိယမိရပါသေးတယ်။


ဆားလယ်ရွာမှ ရှေးဘုရားစေတီ ပုထိုးဟောင်းများ                                        (ဓါတ်ပုံ မရငတ)

ပင်းချောင်းထိပ်ကနေ ပင်းဝ ချောင်းဝ တို့ကို ဖြတ်သန်း ဆားလယ်ရွာထိ ခြောက်မိုင်ခန့်ဝေးပါတယ်၊
ဆားလယ်ကျေးရွာအုပ်စုမှာတော့ ရှေးဘုရားစေတီ ပုထိုးဟောင်းတွေကို ကြိုကြားကြိုကြား တွေ့မြင် 
ခဲ့ရပါတယ်၊ ဘယ်ခေတ်ဘယ်ခါကလည်း မောင်ရင်ငတေ သေချာမသိပါဘူး၊ ပုဂံခေတ်လယ် ခေတ်
နှောင်းပိုင်း သမိုင်းတွေမှာ စလေအရပ်က တစိတ်တဒေသအဖြစ် ပါဝင်ခဲ့တာက သေချာလှပါတယ်။

ဆားလယ်အကြောင်း ရေးထားတဲ့ သတင်းတပုဒ်မှာတော့ ဒီဒေသက ဘုရားစေတီ ဟောင်းတွေဟာ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာခန့် ပုဂံခေတ်နှောင်းပိုင်းက ဖြစ်ကြောင်း တချို့စေတီတွေကတော့ ပင်းယ 
အင်းဝခေတ်က ဖြစ်နိုင်ကြောင်း နံရံဆေးရေးပန်းချီတွေလည်း ကျန်ရှိနေသေးကြောင်း သွားရေးလာ
ရေး ခက်ခဲမှုကြောင့် လူမသိသူမသိ ပျက်စီးသွားရတဲ့ စေတီတွေလည်း ရှိနေပါကြောင်း ရေးထားတာ
ဖတ်ရပါတယ်၊ မောင်ရင်ငတေ့ ကားလမ်းပေါ်က မှတ်တမ်းပုံအရ ပြောနိုင်တာကတော့ ရှေးဟောင်း
စေတီများ အနည်းဆုံး အနှစ် သုံးလေးရာက စေတီများ ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။

တချို့ကတော့ ဒီနေရာ ဆားလယ် (ဆလယ်) အပါအဝင် စလေနယ် အနီးတဝိုက်ကို ပုဂံ မဟုတ်တဲ့ 
ပုဂံ (သို့မဟုတ်) ပုဂံ ကဲ့သို့သော ပုဂံလို့ တင်စားခေါ်ကြတာတွေ ရှိပါတယ်၊ သို့သော်လည်း ဒီစေတီ 
တွေကို ပြုပြင် အထိမ်းသိမ်း လွန်ခဲ့တာတွေ များလှတာကြောင့် ဒီစေတီတွေ သမိုင်း ရာဇဝင်တွေက 
အရောအထွေး များခဲ့ရပြီး အတိအကျ ပြောဖို့ ခက်ခဲလှတယ် ဆိုနိုင်ပါတယ်။


မဟာသေခဲလှဘုရား                                                                           (ဓါတ်ပုံ မရငတ)

မဟာသေခဲလှဘုရားနားရောက်တော့ ကားရပ် ခဏနားကြပါတယ်၊ ဘုရားပေါ်သို့တော့ မရောက်ခဲ့ 
ပါဘူး၊ အချိန် မရလို့ ဆိုကြပါတော့၊ ဒီ အနီးတဝိုက်မှာ နာမည်ပိုကြီးတဲ့ ရှင်ပင်စာကြိုလှ ဘုရားကြမှ 
ဝင်ကြရအောင် ပြောလာလို့ပါ၊ မောင်ရင်ငတေကတော့ ထုံးစံအတိုင်း ရောက်တဲ့အရပ်မှာ မှတ်တမ်း 
တင်ဖို့ကြည့်တော့ ဘုရားနဲ့ မျက်နှာချင်းဆိုင်မှာ ထန်းပင်မြင့်မြင့်ကြီးတွေ့တာနဲ့ အဝေးကနေ ဆွဲရိုက်
ရင်း  ထန်းပင်တွေအောက်သို့ ရောက်သွားပါတယ်။

ဒီလောက်လှပတဲ့ သဘာဝအလှတွေ အများကြီး ကျန်နေသေးတဲ့နေရာမှာ ထုံးစံအတိုင်း တွေ့ရတာ
ကတော့ မကြာခင်ကမှ ပြီးသွားဟန်ရှိတဲ့ ဘုရားပွဲလက်ကျန် ရောင်စုံ ပလတ်စတစ်တွေပါ၊ ထန်းပင်
တွေကြား ရွှေအိုရောင် နေဝင်ဆည်းဆာအောက် အညာလေနုအေးအေး ခပ်သွဲ့သွဲ့ကြောင့် ဟိုမှဒီသို့
တလူလူလွင့်နေတဲ့ ပလတ်စတစ်စလေးတွေကိုလည်း လက်လွတ်မခံ မှတ်တမ်းတင်ရပါသေးတယ်၊
မှတ်တမ်းပုံတော့ သက်ဆိုင်ရာကို အားနာမိတာကြောင့် မဖေါ်ပြတော့ပါဘူး ခင်ဗျာ။

မဟာသေခဲလှဘုရားလို့ အများက ပြောကြပေမယ့် မူလတကယ်ကတော့ သေခဲလှ နာခဲလှ အိုခဲလှ 
ဆိုတဲ့ ရှေးဟောင်းစေတီသုံးဆူ တည်ရှိရာ နေရာပါ၊  သီပေါမင်းခေတ်မှာ တည်တယ် ဆိုကြပါတယ်၊ 
 နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတွေ ကျင်းပလေ့ရှိတဲ့ ဘုရားသုံးဆူ ပါ၊ သို့ပေမယ့် သေခဲလှ နာခဲလှ အိုခဲလှ 
ဘုရားသုံးဆူမှာ သေခဲလှနဲ့ နာခဲလှ ဘုရား နှစ်ဆူသာ လက်ရှိ ရှိပါတော့တယ် ဆိုပါတယ်။



ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ပခန်းငယ်ရွာလေး ကျော်လာတော့ ဆိုင်ကယ်တွေ ကားတွေ အတွေ့ရများလာပါပြီ၊ ရေစကြိုမြို့နယ် 
မှာလည်း လူသိများတဲ့ ပခန်းကြီးနဲ့ ပခန်းငယ်ရွာဆိုတာ ရှိပါသေးတယ်၊ စလေ မြို့နားက ပခန်းငယ် 
ကိုတော့ သိသောသူ နည်းပါးလှတာ အမှန်ပါ၊ သို့သော်လည်း ဒီ စလေ ပခန်းငယ်ရဲ့ ရှေးဟောင်း 
သမိုင်းကလည်း မသေးလှတာမို့လို့ နောက်တခေါက်များ ဒီလမ်းရောက်ခဲ့ရင် ဒီစေတီပုထိုးဟောင်း 
တွေကြား သေသေချာချာ သွားကြည့်ချင်ပါသေးတယ်။

ရှင်ပင်စာကြိုလှမရောက်ခင်ထိ လမ်းတွေကတော့ လှည်းလမ်းထက်နည်းနည်းသာတဲ့ မြေသားလမ်း 
သာပါ၊ မောင်ရင်ငတေရောက်ခဲ့တဲ့ ဧရာဝတီ အနောက်ဘက်ခြမ်းက မလွန်-လက်ပံရွာ လမ်းနဲ့ ယှဉ် 
ပြောရရင်တော့ ဒီလမ်းက ရှေးသဘာဝ တရွာနဲ့ တရွာ ဆက်သွယ် သွားလာခဲ့ကြတဲ့ လမ်းမျိုးဖြစ်ပြီး 
လက်ပံရွာလမ်းကတော့ စစ်တပ်မြေကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြေသား လမ်းသစ်မို့ တွေ့မြင် 
ရတာ များစွာ ကွာခြားလှပါတယ်၊ ရှင်ပင်စာကြိုလမ်းက သဘာဝနဲ့ ပိုနီးစပ်လို့ သဘောကျမိတာပါ။

ကမ်းနားတလျောက် ရွာစဉ်ဆက်ကတော့ ပြတ်တယ်လို့ မရှိလှပါဘူး၊ ခပ်သေးသေး ရွာလေးတွေမှာ 
နေထိုင်ကြသူက တထောင် ထောင့်ငါးရာသာသာလောက်သာပါ၊ ဆိုင်ကယ်ခေတ် ဖြစ်နေလေတော့ 
ဖုန်တထောင်းထောင်းကြားမှာ ဆိုင်ကယ်သံ တဖွတ်ဖွတ်နဲ့ သွားရေးတော့ သာနေဟန် တူပါတယ်။

ဆိုင်ကယ် ဟန်းဖုန်းခေတ်မို့ ထင်ပါရဲ့၊ စက်ဘီး လေထိုးကျွတ်ဖာ ဆိုင်ကလေးတွေအစား ဆိုင်ကယ် 
အပိုပစ္စည်း အရောင်းဆိုင်၊ တယ်လီနော အမ်ပီတီ အူရဒူး အရောင်းဆိုင်တွေက နေရာအများအပြား 
စားသောက်ဆိုင်နဲ့ ဓါတ်ဆီဆိုင်တွေကြားမှာ နေရာယူထားနေပါပြီ၊ တရုတ်ဆိုင်ကယ်တဖွတ်ဖွတ်သံ 
ကြားမှာ အိုင်ဖုန်း X တွေ ဆမ်ဆောင်း 9 တွေနဲ့ စင်ကာပူကို ကျော်တက်ဖို့ ပြင်ဆင် နေကြပါပြီ။

တကယ်တော့ ဒီနယ်မြေက ရွှေပြည်ကြီးရဲ့အလယ်ပိုင်းမှာ တည်ရှိပေမယ့် ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း
အကျဆုံး ချင်းရိုင်ခရိုင်က မယ့်ဆိုင်တို့ ရွှေတြိဂံတို့ထက် လက္တီတွဒ် တတန်းထဲလောက်မှာ တည်ရှိပါ 
တယ်၊ ဒါပေမယ့် မိုးခေါင်ရေရှားသလို ဖုန်ထူလှတဲ့ နေရာတွေပါ၊ ဒီလမ်းဒီဖုန်တွေနဲ့ နေ့စဉ် နပန်းလုံး 
နေကြသူတွေကတော့ ဘယ်လိုနေကြသလဲ ဘယ်လောက်ခံနိုင်ရည် ရှိနေကြသလဲ မောင်ရင်ငတေ 
မေးမကြည့်ရဲပေမယ့် တခဏမျှဖြတ်သန်းခဲ့တဲ့ မောင်ရင်ငတေအတွက် အသက်ရှုရတာ ဆိုးဝါးလွန်း 
လှပါတယ်၊ သူတို့ကတော့ သူတို့ဘဝ သူတို့အခက်ခဲတွေကြားမှာ ရောင့်ရဲစွာ နေသားကျဟန် တူပါ 
တယ်၊ မောင်ရင်ငတေလည်း လွန်ခဲ့တဲ့ အနှစ် သုံးလေးဆယ်ထဲက ဒီလမ်းမျိုးများစွာကို ကြိမ်ဖန်များ 
စွာ သွားဖူးခဲ့ပါတယ်၊ နေလည်း နေခဲ့ဖူးပါတယ်။

သို့သော်လည်း ဒီလမ်း ဒီခရီးတွေကို နေ့စဉ် ကိစ္စအမျိုးမျိုးနဲ့ ဖြတ်သန်းသွားလာနေရသူတွေအတွက် 
ရိုးနေပါပြီလို့ ပြောကြတာထက် တစုံတခု ပို၍ပြောချင်စိတ် မောင်ရင်ငတေမှာ ရှိနေပါတယ်၊ အပြော
သာရှိတဲ့ မောင်ရင်ငတေ့အတွက် စိတ်ထဲ ခံစားရရုံမှတပါး ဘာမှ မတတ်နိုင်ပါဘူး။


ရှင်ပင်စာကြိုလှ                                                                                  (ဓါတ်ပုံ မရငတ)


ပခန်းငယ်ကနေ ဆက်ထွက်လာတော့ သိပ်မကြာခင်မှာ ရှင်ပင်စာကြိုဘုရားရှိရာ ဥယျာဉ်ရွာလမ်းဆုံ
ရောက်လာပါပြီ၊ ရှင်ပင်စာကြိုလှနဲ့ စလေက လေးမိုင်မျှသာ ဝေးပါတော့တယ်၊ လမ်းကတော့ အသင့်

အတင့် ကောင်းမွန်ပြီး ရှေးကတ္တရာလမ်းဟောင်း ခပ်ပါးပါးကို စတင် တွေ့မြင်ရပါပြီ၊ လမ်းဆုံကနေမှ 
ဘုရားဝင်းထဲကို နည်းနည်းဝင်လိုက်တာနဲ့ သစ်ပင်သစ်ရိပ်တွေရဲ့ အေးမြမှုကို ခံစားလိုက်ရပါတယ်။


ရှင်ပင်စာကြိုလှ                                                                                  (ဓါတ်ပုံ မရငတ)

ဒီနေရာက ခုခေတ်မှာ ကျေးရွာအဆင့်သာ ရှိတော့ပေမယ့် သမိုင်းဟောင်းကြီးကြီး ရှိခဲ့ဖူးတဲ့နေရာပါ၊ 
၁၀၅၇ ခုနှစ်မှာ မွန်တို့ရဲ့ သထုံပြည်က ပြန်ရောက်လာတဲ့ ပုဂံဘုရင် အနော်ရထာကို နရပတိစည်သူ 
သွားကြိုတဲ့နေရာလို့ ဆိုကြပါတယ်၊ အဲဒီနောက် နရပတိစည်သူ ပုဂံဘုရင်ဖြစ်လာတော့ အမှတ်တရ 
အဖြစ် ရှင်ပင်စာကြိုဘုရားကို ၁၁၇၄ ခုနှစ် ဝန်းကျင် နောက်ပိုင်းမှာ တည်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း အနော်ရထာ သထုံက ပြန်လာတာနဲ့ ရှင်ပင်စာကြို ဘုရား တည်တဲ့ချိန် ၁၁၇၄ ခုနှစ် 
က နှစ်ပေါင်း ၁၂၀ နီးပါး ကွာဟနေပါတယ်၊ နရပတိစည်သူ မွေးတဲ့ ခုနှစ်ကလည်း မှတ်တမ်းတွေမှာ 
အမျိုးမျိုး ကွဲပြားနေပါတယ်၊ ဇာတာတော်ပုံ ဦးကုလား တွင်းသင်း မှန်နန်းနဲ့ တတ်သိပညာရှင်များရဲ့ 
ရာဇဝင်စာအုပ်များမှာတော့ (၁၁၄၈/၁၁၄၆/၁၁၃၂/၁၁၃၈/၁၁၅၀) အကွဲကွဲအပြားပြားပါ၊ နန်းသက် 
နှစ်ကတော့ မှတ်တမ်း အားလုံးမှာ (၁၁၇၄-၁၂၁၀) ဝန်းကျင်မို့ သိပ်မကွာလှပါဘူး၊ ဒါကြောင့် သထုံ 
ပန် အနော်ရထာကို သွားကြိုသူက နရပတိစည်သူ မဖြစ်နိုင်ဘဲ သူအဖေ နရသူ သို့မဟုတ် သူ့အဖိုး 
အလောင်စည်သူသာ ဖြစ်ဖို့ များပါတယ်။

ဘယ်လိုဖြစ်ဖြစ် အဲဒီ နရပတိစည်သူမင်းဟာ ဒီကနေ့ နှစ်ဆယ့်တစ်ရာစုပုဂံမှာ ထင်ရှားနေဆဲဖြစ်တဲ့
စူဠာမဏိ (၁၁၈၃) ကန်တော့ပလ္လင် (၁၂၀၃) တို့ကို တည်ခဲ့သူမို့ ရှင်ပင်စာကြိုလှ သမိုင်းနဲ့ စည်သူ 
(၂) ခေါ် နရပတိစည်သူရဲ့ ပုဂံသမိုင်းက အများကြီး ဆက်စပ်နေမှာ အမှန်ပါ။




ရှင်ပင်စာကြိုလှ                                                                                  (ဓါတ်ပုံ မရငတ)

ရှင်ပင်စာကြိုလှ ဘုရားပရဝဏ်ကတော့ ညနေစောင်းမို့ ထင်ပါရဲ့၊ အေးချမ်းငြိမ်သက်လို့ နေပါတယ်၊
မောင်ရင်ငတေကတော့ ဘုရားစေတီသမိုင်းထက် ဘေးပတ်ပတ်လည်မှာ တွေ့တဲ့ ဇရပ်ဟောင်းတွေ 
တိုင်လုံးတွေများစွာနဲ့ သစ်သားစောင်းတန်းကြီးရှည်ကို ပိုစိတ်ဝင်စားမိတာ အမှန်ပါ။

တိုင်အလုံးရေပေါင်း ဘယ်လောက်ရှိလဲလို့ မေးကြည့်တဲ့အခါ မောင်ရင်ငတေ့ ဦးလေးက့ မင်း
"ရေကြည့်လေ" တဲ့၊ ဒီလောက်များပြားတဲ့ တိုင်လုံးတွေကို လိုက်ရေဖို့ကတော့ အမှန်တကယ် ဘယ် 
လွယ်ပါ့မလဲ၊ အမှန်ကတော့ ဗမာ့ရိုးရာ အလွယ်မှတ်နည်းနဲ့ ရေကြည့်လေ လို့ မှတ်သားကြတာ ဖြစ် 
ပါတယ်တဲ့၊ (ရေ=၄) (ကြည့်=၂) (လေ=၄) စုစုပေါင်း ၄၂၄ တိုင်တိတိ ရှိပါတယ်တဲ့၊ ရွှေဗမာတွေရဲ့ 
ဂဏန်းသင်္ချာ အလွယ်မှတ်နည်းပါ။

သို့သော်လည်း ဒီ စုစုပေါင်း ၄၂၄ တိုင် ဆိုတာက စောင်းတန်းမှာရှိတဲ့ တိုင်တွေတင်လား စေတီပတ် 
ပတ်လည်က တိုင်တွေရောပါလား အားလုံးပေါင်းလားဆိုတာကို သည်းသည်းကွဲကွဲ သေသေချာချာ
သိရအောင် မောင်ရင်ငတေ အင်တာနက်မှာ ရှာဖွေသေးပေမယ့် မတွေ့မိပါဘူး။



ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                           (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ စလေ မြို့ထဲသို့ ရောက်ရှိလာခဲ့ပါပြီ၊ မြို့က ခပ်ကျဉ်းကျဉ်း ဘာမှ သိပ်ပြောင်းလဲမှု မတွေ့ရ 
ပါဘူး၊ ဈေးရှေ့ မရောက်ခင် ရှေ့သို့မှာ ခဏရပ် စလေဇီးသီး လေးငါးဆယ်ထုပ် ဝင်ဝယ်ကြပါတယ်။
ဇီးသီးရောင်းတဲ့အိမ်ဆိုင် ဇီးသီးတံဆိပ် ဇီးသီးအရသာတို့ကလည်း ဟိုးအရင့်အရင်အတိုင်း မပြောင်း 
မလဲ တည်ရှိနေဆဲပါ၊ ဈေးအနီးအိမ်တွေရဲ့ အရောင်တွေကလည်း အရင်လို စိမ်းပြာရောင်များ ချယ် 
ကာသထား နေကြဆဲပါ၊ တကယ်ကို လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကာလ ပြန်ရောက်သွားသလိုပါ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                           (ဓါတ်ပုံ မရငတ)

ပုဂံရဲ့ အခြားတဘက်က စလေ
ပုဂံခေတ် ကာလတွေထဲက တည်ရှိခဲ့တဲ့ စလေ
ပုဂံမြို့နဲ့ သိပ်မဝေးလှတဲ့ ၂၂ မိုင်သာ ဝေးတဲ့ စလေ
ပုဂံလို အာနန္ဒာတွေ သဗိညုတွေ နာမည်ကြီးတွေ မရှိတဲ့ စလေ။

သည် စလေ့ သည် စလေနဲ့ အနီးတဝိုက်မှာတော့ သမိုင်းတန်းဖိုး ကြီးစွာ ရှိနေတာကတော့ 
အသေအချာပါ၊ စလေကျောင်းတက် စလေမြို့မှာနေခဲ့ဖူးလေတဲ့ မောင်ရင်ငတေ့ အတိတ်သမိုင်းကို 
မောင်ရင်ငတေ ချစ်မြတ်နိုးနေမှာကလည်း အသေအချာပါ။

သိပ်မကြာခင်မှာ စလေ (အထက) ကျောင်းရှေ့ကို ရောက်လာပါပြီ၊ ညနေစောင်းမို့ ကျောင်းတံခါးဝ 
ပိတ်ထားပြီး ကျောင်းသားကျောင်းသူများလည်း မရှိပါဘူး၊ ကျောင်းရှေ့ခဏရပ် မှတ်တမ်းတင် ဟိုဒီ
ငေးပြီး ဦးပုညရဲ့ ရုပ်စုံကျောင်းသို့ ခဏ ဝင်ပါတယ်၊ ဒီလောက်သာပါ။

ဒီနေရာကို လွန်ခဲ့သော အနှစ် ၂၀ ဝန်းကျင်ခန့်က အပင်အားတိုး ပိုးသတ်ဆေးဖြန့်ချီရင်းနဲ့ တခေါက် 
ရောက်ခဲ့သေးပေမယ့် ခံစားရတဲ့ ဖီလင် အမျိုးအစားက အခုနဲ့တော့ အတော်ကြီးကို ကွဲပြားပါတယ်၊ 
ဘယ်လို ကွဲပြားခြားနားပါသလဲ ဆိုတာတော့ အသက်အရွယ် နှလုံးသားတွေပေါ်မှာ မူတည်ပါမယ်။


ရုပ်စုံကျောင်း                                                                                     (ဓါတ်ပုံ မရငတ)

စလေနဲ့ ပတ်သက်ပြီး
လူသိများ ထင်ရှားတာ
အဓိက လေးခု ရှိပါတယ်။
့

နံပတ်တစ်ကတော့ ဒီကနေ နိုင်ငံတကာကပါ သိနေပြီဖြစ်တဲ့ တိုးရစ်တွေ လာတဲ့ အဲဒီ ရုပ်စုံကျောင်း
ကြီးပါ၊ နှစ်ကတော့ မြင်ကွန်း မြင်းခုံတိုင်တို့ရဲ့ နံမည်ကျော် အခါတော်ပေး ကဗျာဆရာ စာရေးဆရာ
ပြဇာတ်ဆရာ ဗေဒင်ဆရာကြီး စလေ ဦးပုည ဖြစ်ပါတယ်၊ သုံးကတော့ ဇီးသီးတကာ့ ဇီးသီးတွေထဲမှ
အစေ့ မရှိပါဘူးလို့ နာမည်ကျော်ကြားလှတဲ့ စလေဇီးသီးပါ၊ နံပတ်လေးကတော့ မကြာခင်ဖျက်သိမ်း 
တော့မလားလို့ ထင်ကြေးပေးနေကြတဲ့ စလေ ဓါတ်မြေသြဇာ စက်ရုံကြီးပါ၊ အဲဒီ စက်ရုံ စတည်ခဲ့စဉ် 
တည်းက စက်ရုံမှာ အလုပ်လုပ်ရင်း စလေသူ စလေသား ဖြစ်သွားကြတဲ့ မောင်ရင်ငတေရဲ့ ဦးလေး
ဒေါ်လေးတွေကြောင့် မောင်ရင်ငတေလည်း စလေမြို့မှာ နေခဲ့ဖူးလေသည် ဆိုရပါမယ်။

ဒီ စလေမြို့ကို အရင်တုန်းကတော့
Sa-Le သို့မဟုတ် Sale လို့ စာလုံးပေါင်းကြပါတယ်၊
အခုတော့ Sa Lay လို့ ပြောင်းပေါင်းတာမျိုး တွေ့ရပါတယ်။

ဘယ်လိုပေါင်းပေါင်း
Sa-Le ဖြစ်ဖြစ် Sale ဖြစ်ဖြစ်
Sa Lay ဖြစ်ဖြစ် စလေကတော့ စလေ သာပါ။

သို့ပေမယ့် Sale စာလုံးပေါင်းနဲ့ မြို့ငယ်လေးတွေက အင်္ဂလန်ပြည်မှာတမြို့ သြစတြေးလျှားနိုင်ငံမှာ 
တမြို့ တည်ရှိပြီး Salay အမည်နဲ့မြို့တမြို့က ဖိလစ်ပိုင်တောင်ပိုင်း Mindanao ကျွန်းမှာ တည်ရှိနေ 
တာမို့ ဂူဂဲလ်မြေပုံမှာ စလေ ရွှေမြို့တော်ကြီးကို ရှာဖို့ နည်းနည်း ခက်နေပါသေးတယ်။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ကျောင်းရှေ့က ဆက်ထွက်လာပြီး မောင်ရင်ငတေ တနှစ်တာခိုနားဖူးခဲ့တဲ့ မောင်ရင်ငတေ့ ဦးလေးနဲ့
အဒေါ် မိသားစုတို့ နှစ်ကာလများစွာ နေထိုင်ခဲ့ရာ စက်ရုံ ဝန်ထမ်းအိမ်ယာဝင်းထဲကို တပတ်ဝင်ပတ် 
ကြည့်ကြပါတယ်၊ စက်ရုံကြီးတောင် ဘဝပြောင်းလု နီးနေချိန်မှာ ဝန်ထမ်းအိမ်ယာ ဝင်းကြီးကလည်း 
ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လူနေအိမ်ယာရယ်လို့ ပြောရခက်လုလုပါ၊ ဘာပြောပြော လွမ်းမောဘွယ်ရာ
အတိတ်နေရာသို့ တခဏ ပြန်ရောက်ခဲ့ရတာကို ကျေနပ်ပါပြီ။

စက်ရုံအနားက အကြော်ဆိုင်မှာ အကြော်ဝင်စားကြပြီး ပြန်ထွက်လာတော့ ညမိုးချုပ် မှောင်နေပါပြီ၊ 
ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေသလို ကားပေါ်ပါလာသူတွေလည်း သူ့အတွေးနဲ့သူ ငြိမ်သက် 
တိတ်ဆိတ်စွာနဲ့ ပေါ့လေ။


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)

ဒီ ၂၀၁၈ စာသင်နှစ်မှာတော့ စလေ (အထက) ကျောင်း စာစစ်ဌာနမှာ ဆယ်တန်း စာမေးပွဲ ဝင်ဖြေ 
သူပေါင်း ၁၄၀၀ ကျော် ရှိတယ် ဆိုတာကြောင့် မောင်ရင်ငတေတို့ ၁၉၈၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အဆ 
ပေါင်းများစွာ ကွာခြားသွားခဲ့ပါပြီ၊ ဖဦးထုပ် ဎရေမှုတ်အားလုံး အောင်မြင်မှုကြီးကြီးတွေ ရကြပါစေလို့ 
ဆုတောင်းပေးရင်း မောင်ရင်ငတေရဲ့ ဖဦးထုပ် ဎရေမှုတ် ၂၆ သို့ စာစုလေးကို နိဂုံးချုပ်ပါပြီ။

ကျေးဇူးစကား

** * ဂျန်နဝါရီညများ ** * (သို့မဟုတ်)
သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများ
** * ဖဦးထုပ် ဎရေမှုတ် ၂၆ သို့ ** *  (သို့မဟုတ်)
** * ရေနံချောင်းမှ စလေသို့ ဧရာဝတီ ကမ်းနားလမ်းမှသွားခြင်း ** *  စာစု
ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသော့

ဒီခရီး ဒီလမ်းကို သွားဖြစ်အောင် တိုက်တွန်းနှိုးဆော်ခဲ့သောသူများ
ကားစိုက် လူစိုက် ပိုက်ဆံစိုက်၍ လိုက်ပို့ ကျွေးမွေး ဧည့်ခံခဲ့ကြသောသူများ
အားလုံးအားလုံးအား ကျေးဇူးကျေးဇူး အထူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါကြောင်း။

မောင်ရင်ငတေ
၁၇၀၁၂၀၁၈-၁၄၀၃၂၀၁၈-၀၇၀၉၂၀၁၈


ဖဦးထုပ် ဎရေမှုတ် ၂၆ သို့                                                                     (ဓါတ်ပုံ မရငတ)


** * ဖဦးထုပ် ဎရေမှုတ် ၂၆ သို့ ** *

ဂျန်နဝါရီညများ

သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများ



Aucun commentaire:

Enregistrer un commentaire