Libellés

dimanche 7 octobre 2018

** * နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင် ** *

ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများ
နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင်


တကျပ် ပြား ကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင်                (ဓါတ်ပုံ မရငတ)

Hendaia-Hondarribia Navette Maritime
နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီး ဆိုပြီး ခေါင်းစဉ်တပ်လိုက်လို့
ဒေါ်လာတွေ ယူရိုတွေ သုံးလေးထောင် အကုန်အကျခံပြီး
တိုက်တိုင်းနစ် သင်္ဘောကြီးစီး၊ ခေါင်မိုးထပ်မှာ ဇိမ်ခံ နေစာလှုံရင်း  
ဘုတ်အုပ်လေး ဟိုလှန်ဒီလှန်ဖတ် ရှန်ပိန်လေး တငုံငုံ၊ သွားရတဲ့ ခရီမျိုးတော့ မဟုတ်ပါဘူး။

ခရီးသည် လေးငါးဆယ်ခန့် ဆန့်တဲ့ ခပ်သေးသေး ကူးတို့ မော်တော်လေးနဲ့ ဟိုတဘက်ကမ်းက 
နိုင်ငံရပ်ခြားသို့ ဆယ်မိနစ်မျှ မကြာတဲ့ တကျပ်ပြားကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးသာပါ။

ပြင်သစ်ဘက်ကမ်းကနေ စပိန်ကမ်းဘက်သို့
Hendaia-Hondarribia Navette Maritime
ဘုတ်သေးသေးလေးစီးပြီး ခွန်နှမိနစ် ရှစ်မိနစ်မျှကြာတဲ့ တကျပ် ပြား ကိုးဆယ်တန်
ခရီးကို နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင်ခြင်းလို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်မိလိုက်တာပါ။


တကျပ် ပြားကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင်                             (ဓါတ်ပုံ မရငတ)

ဥရောပတိုက်ရှိ တိုင်းပြည် အများစုဟာ နိုင်ငံဧရိယာတွေက ကျဉ်းမြောင်းသလို
လမ်းပမ်း ဆက်သွယ်ရေးက အစဉ်ပြေ ချောမွေ့တာများလို့ ကား ရထား လေယာဉ်တွေနဲ့
သွားလို့လာလို့ အင်မတန်မှ လွယ်ကူလှပြီး အချိန်တိုတို လျှင်မြန်စွာနဲ့ ရောက်ရှိနိုင်ပါတယ်။

ယူရိုငွေ လေးငါးခြောက်ဆယ် တရာလောက် အကုန်အကျခံပြီး နိုင်ငံ တနိုင်ငံကူး သွားလို့ရတဲ့ ပုံမှန် 
ကား ရထား လေယာဉ် ခရီးစဉ်များနဲ့ ခရီးသွားကြသူများရှိသလို ပိုက်ဆံပေါရင် ပေါကြသလို အထူး 
စပယ်ရှယ် ဇိမ်ခံသင်္ဘော ဇိမ်ခံမီးရထား ဇိမ်ခံကားတွေနဲ့ ခရီး သွားကြသူများလည်း ရှိပါတယ်။

တချို့ကတော့ ခရီးတခုလို သွားကြတာ မဟုတ်ဘဲ နေ့စဉ် သွားရိုးသွားစဉ်အတိုင်း တဖက် နိုင်ငံကူး 
ကျောင်းသွား အလုပ်သွား ရှော့်ပင်သွား ဘားသွား ရည်းစားနဲ့ချိန်းထား၍သွား သွားကြသူများလည်း 
ရှိပါတယ်၊ သူတို့တတွေကတော့ တပြားတချပ်မှ အပိုမကုန်ဘဲ ဟိုတဘက်ကမ်းသို့ တံတားလေးကူး 
လမ်းလေးလျှောက် စက်ဘီးလေးနင်း သို့တည်းမဟုတ် ပုံမှန် လပေး လက်မှတ်တွေနဲ့ ထရန်းဝေးလ် 
လေးစီး ဘတ်စ်ကားလေးစီးပြီး နယ်စပ်စည်း ဖြတ်ကူးလို့ သွားကြတာမျိုးပါ။

အဲဒီလိုမျိုး ကုန်းလမ်းခရီး ခြေလျှင်လမ်းလျှောက် လိုင်းကားစီး သွားပုံမျိုးတွေကို နှစ်သက်မိတာမို့လို့ 
မောင်ရင်ငတေ ကြုံရင်ကြုံသလို ရရင်ရသလို သွားဖူးပါတယ်၊ အဲလို သွားရတဲ့ အတွေ့အကြုံတွေကို  
မှတ်တမ်းများ ရေးလည်း ရေးဖူးပါတယ်၊ ရေးလည်း ရေးနေဆဲပါ။

နောက်ထပ်ရေးနိုင်ဖို့အတွက် မကြုံကြိုက် ကြုံကြိုက်အောင် ခရီးစဉ်ဆွဲတဲ့အခါမှာ ဦးစားပေး ရေးဆွဲ 
ပါတယ်၊ ဒါကြောင့် ဒီတခါခရီးစဉ်မှာ ဒီ “တကျပ် ပြားကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင်” 
စာစုရယ် “တူးယူရိုတန် ဥူစကာဒီ အိတ်စ်ပရက်” စာစုရယ် ရေးဖို့ ဖြစ်လာပါတယ်။


တကျပ် ပြား ကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင်                             (ဓါတ်ပုံ မရငတ)

တလူမျိုးနဲ့ တလူမျိုး တဒေသနဲ့ တဒေသ တမြေနဲ့ တမြေကို နယ်နမိတ်စည်းတွေ သတ်မှတ်ကြတာ
သဘာဝအတားအဆီးတွေဖြစ်တဲ့ ပင်လယ် မြစ် ချောင်းမြောင်း အင်းအိုင် တောင်တန်း တောင်ကုန်း
တွေကို အဓိကထားပြီး သတ်မှတ်လေ့ ရှိတာပါ၊ အဲဒါကြောင့် နယ်နမိတ် စည်းတွေဟာ သွားရလာရ 
ခက်ခဲတဲ့ သဘောဆောင်ပါတယ်၊ အဲဒီလို မြစ်ကူးချောင်းခြား သဘာဝ နယ်နမိတ် အတားအဆီးကို 
ဖြတ်ကျော်ဖို့ အလွယ်ဆုံးကတော့ ဥရောပလို့သာ ပြောရပါမယ်။

ဒီကနေ့ နိုင်ငံဒေသ နယ်မြေခွဲပေါင်း ၆၀ နီးပါးရှိတဲ့ ဥရောပမြေကြီးရဲ့ သဘာဝကြီးကိုက မြစ်ချောင်း
ကြီးတွေ တောင်တန်းကြီးတွေ ကာဆီးထားပေမယ့် သွားလမ်းသာတဲ့ အနေအထားမှာ ရှိပါတယ်လို့
ပြောလို့ ရပါတယ်၊ တောတောင်တွေက သိပ်မနက်လှသလို သဘာဝဘေးအန္တရာယ်လည်း နည်းပါး
တယ် ဆိုနိုင်တာကြောင့် ဆောင်းတွင်း ရေခဲကာလလောက်ကလွဲလို့ ရှေးယခင်ထဲက ကူးသန်းသွား
လာမှု ပိုမို လွယ်ကူ ပိုမို အရောက်အပေါက် များခဲ့ကြဟန် တူပါတယ်။

အဲဒီနေရာမှာ ပံ့ပိုးပေးနေတဲ့ အဓိက တခုက ဥရောပရဲ့ ရှန်ဂန်ဗီဇာ ဧရိယာ ဆိုတဲ့ သတ်မှတ်ချက်ပါ၊
အဲဒီ ရှန်ဂန်ဗီဇာကြောင့် နယ်နမိတ်စည်း တခုနဲ့တခုကို ကျော်ဖြတ်ကြရာမှာ ကြိုတင် တောင်းခံစရာ 
ဘာညာကိစ္စတွေ မရှိတာကြောင့် စိတ်ကူးပေါက်တာနဲ့ ခုထသွား ခုရောက်နိုင်ရခြင်းပါ၊ သဘာဝအရ 
အတားအဆီး ဖြတ်ကျော်ဖို့ လွယ်သလို လူတွေသတ်မှတ်ထားတဲ့ အတားအဆီး နည်းတာကလည်း
မောင်ရင်ငတေတို့လို အခြေခံ လူတန်းစားတွေအဖို့ ဟိုနေရာ ဒီနေရာ သွားနိုင်နေတာပါ။

ဒါပေမယ့်လည်း ဒီ “ဘုတ်စီးခရီးနှင် နဲ့ “ဥူစကာဒီအိတ်စ်ပရက် ခရီးစဉ် နှစ်ခုကို နိုင်ငံရပ်ခြားလို့ 
သုံးနှုန်းလိုက်ရတာကို တကယ်တော့ မောင်ရင်ငတေ မသုံးချင်မိပါဘူး၊ ဒီဒေသက ဒီကနေ့မှာ စပိန် 
ပိုင်နက် ပြင်သစ်ပိုင်နက်ရယ်လို့ မြေပုံပေါ်မှာ နယ်နမိတ်စည်းခြားနားထားပေမယ့် တကယ့်တကယ် 
ဌာနေသား ဆိုကြသူ ဥူစကာဒီများကတော့ လက်ခံကြမှာ မဟုတ်ပါဘူး၊ တကယ်ကတော့ ဒီရေမြေ 
တွေက ဥူစကာဒီများအတွက် ပိုင်းခြားထားမှု မရှိပါဘူး၊ တဆက်တစပ်ထဲသာပါ၊ ဒါကြောင့် ဒီကနေ့ 
ကမ္ဘာရွာခေတ်ကြီးမှာ ဒီအန်အေတွေ ဘာညာတွေမက ကြိုက်တာနဲ့  ကြိုက်သလိုသာ စစ်ကြည့်ကြ 
စမ်းပါ၊ ဖရန်ဆေးဇ် အေ့စ်စပန်ညော ဥူစကာဒီ အာဘေစေဒေ သွေးအားလုံး ရောနေမှာက သေချာ 
လှပါတယ်၊ မောင်ရင်ငတေရဲ့ သွေးမှာတောင် ဥူစကာဒီသွေး မပါလာဘူး မပြောနိုင်ပါဘူး။

ဒါကြောင့် မင်းကစပိန် ငါကပြင်သစ် သူတို့တွေက ဥူစကာဒီ သူတို့က ဟိုးအဝေးက လာသူတွေ မခွဲ 
မခြား အားလုံးအားလုံး ဒီဥူစကာဒီ နယ်မြေလေးမှာသာမက ကမ္ဘာအရပ်ရပ်မှာ လွတ်လပ် ငြိမ်းချမ်း 
သွားလာခွင့်ရှိစေချင်တာက မောင်ရင်ငတေ့ ဆန္ဒရင်းခံပါ၊ ဒါကြောင့် ဒီလိုလွတ်လပ်တဲ့ နယ်စပ်စည်း 
မျိုး နေရာတကာ ရှိနေစေချင်တာက မောင်ရင်ငတေ့ ဆန္ဒအမှန်ပါ။

မောင်ရင်ငတေတို့ရဲ့
မြဝတီ-မယ့်ဆောက်
တာချီလိတ်-မယ့်ဆိုင်
မူဆယ်-ရွှေလီ့
အဲလို အဲဒီလို နယ်စပ်စည်း နေရာမျိုးတွေမှာ အတားအဆီးတွေ လျှော့ချစေချင်မိတာပါ။

အရင်ထက်စာရင် ဟိုဘက်ဒီဘက် လွယ်လွယ်ကူကူ ကူးသန်းခွင့် ရနေပြီ ဆိုပေမယ့် နယ်မကျော်ရ 
ဘာညာသတ်မှတ်ချက်တွေ ရှိနေပါသေးတယ်၊ နိုင်ငံရေး လူမျိုးရေး လုံခြုံရေး ဘာညာအကြောင်းပြ 
ပိတ်ဆို့လာခဲ့တာ ကြာခဲ့ပါပြီ၊ ဘယ်လို ပိတ်ဆို့ပိတ်ဆို့ ဒေသခံတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ကျော် 
ဖြတ်လာခဲ့ကြတာလည်း လူတိုင်း အသိပါ၊ ဂလုပ်ဘယ်လိုက်ဇေးရှင်း ကမ္ဘာရွာကြီး စကား ကြီးကျယ် 
ပြောနေကြသူတွေက မသိချင်မမြင်ချင်ယောင်နဲ့ မှောင်ခိုအားပေးလုပ်နေခဲ့တာလည်း လူတိုင်းအသိ
ပါ၊ သိပ်တော့ မပြောရဲပါဘူး၊ အရှေ့ ပြောနေရင်းနဲ့ ဒီ အနောက်ဒေသက ရှန်ဂန်ဗီဇာတို့ ဘာညာတို့
တောင်မှ လှုပ်လီလှုပ်လဲ့ ဖြစ်ဖြစ် လာနေတာကြောင့် ကမ္ဘာရွာကြီး ဒီထက်အဆတရာ ငြိမ်းချမ်းပါစေ
သားလို့ မောင်ရင်ငတေ့ ကျေးဇူးရှင် ရှန်ဂန်ဗီဇာ ဧရိယာကြီးကိုတရင်း ဆုတောင်း နေမိရပါတယ်။


Txingudiko Badia (Baie de Chingoudy/Txingudi) (Bahía de Chingudi)     (ဓါတ်ပုံ မရငတ)

အဲဒီလို နယ်စပ်စည်းဖြတ်ကျော် နိုင်ငံတနိုင်ငံသို့ ကူးကြတာမှာ အရှားပါးဆုံးလို့ ပြောလို့ရနိုင်တာက 
ကူးတို့သင်္ဘော ကူးတို့လှေများနဲ့ ကူးကြတာမျိုးပါ၊ ရှိတော့ ရှိတယ်၊ ရှားပါးတယ်လို့ ပြောနိုင်ပါတယ်။

မောင်ရင်ငတေလည်း ကိုယ်သွားရမယ့်လမ်းကြောနဲ့ မကြုံကြိုက်လို့ မသွားဖြစ်ခဲ့ရပါဘူး၊ ပြီးခဲ့တဲ့နှစ် 
၂၀၁၇ ခုနှစ်တုန်းက မြစ်ကြောင်းကနေ နိုင်ငံကူးဖို့ ကြုံတော့ကြုံခဲ့ပါသေးတယ်၊ ဆလိုဗားကီးယားရဲ့ 
မြို့တော် ဘရာတီဆလာဗာကနေ သြစတြီးယားမြို့တော်ဗီယန်နာဆီသို့ ဒန်ညုမြစ်ကြောင်းအတိုင်း 
ကူးတို့သင်္ဘောစီး ဆန်တက်ဖို့ ခရီးပါ၊ ဒါပေမယ့် ကူးတို့သင်္ဘောခရီးစဉ်က တနှစ်ပတ်လည် မရှိပါဘဲ 
ကူးတို့ ခရီးစဉ် စတင်မယ့် မတ်လ နောက်ဆုံးပတ် မတိုင်ခင်လေး ဖြစ်နေလို့ ရေကြောင်းခရီးနဲ့ နိုင်ငံ 
ကူးခွင့် တခု ဆုံးရှုံးခဲ့ပါတယ်၊ တနာရီ လေးဆယ့်ငါးမိနစ်မျှ ကြာမယ့် မြစ်ကြောင်းခရီးကို ကူးတို့ခက 
ယူရိုအစိတ်မျှလောက်သာ ကျသင့်မှာမို့ အခွင့်ကောင်းတခု လက်လွတ်ဆုံးရှုံးခဲ့တယ် ဆိုရမှာပါ။

ဒီတကြိမ်မှာတော့ ကြိုတင်စိတ်ကူးရှာဖွေထားတဲ့ ကူးတို့လှေစီးနိုင်ငံကူးခရီးကို အောင်မြင်စွာပြုလုပ် 
နိုင်ခဲ့ပါတယ်၊ အောင်မြင်အောင် ပြုလုပ်နိုင်လို့ အထင်တော့ကြီးစရာ မရှိလှပါဘူး၊ ဒီခရီးက ရန်ကုန်-
ဒလ ရန်ကုန်-ဆိပ်ကြီးခနောင်တို ခရီးလောက်တောင်ကြာတဲ့ခရီး မဟုတ်ပါဘူး၊ စုစုပေါင်းမှ ရှစ်မိနစ်
လောက်သာ ကြာတာပါ၊ နိုင်ငံတခုကူးတဲ့ ကူးတို့ခရီး ဖြစ်နေလို့သာ ထူးခြားတယ် ဆိုချင်မိတာပါ။


Txingudiko Badia (Baie de Chingoudy/Txingudi) (Bahía de Chingudi)     (ဓါတ်ပုံ မရငတ)

တကျပ်ပြားကိုးဆယ်တန် နိင်ငံရပ်ခြားသို့ ဘုတ်စီးခရီးနှင်ဖို့ မောင်ရင်ငတေတို့ တည်းခိုရာမှ မနေ့က 
စီးခဲ့တဲ့အမှတ် (၈၁၆) ဘတ်စ်ကားနဲ့ Hendaye ဂိတ်ဆုံးသို့ရောက်အောင် သွားရပါတယ်၊ ကားဂိတ် 
ဆုံးရောက်တော့ ရေကန်ကြီးတကန်လိုဖြစ်နေတဲ့ Baie de Txingudi (Chingoudy) ကန်ပတ်လမ်း 
နဘေး ပန်းခြံထဲဖြတ်သန်း ကူးတို့ဆိပ် ရှိရာသို့ နာရီဝက်လောက် လမ်းလျှောက် သွားရပါတယ်။

တနင်္လာနေ့သာဆိုပေမယ့် ကျောင်းပိတ်အလုပ်ပိတ် ဗေကေးရှင်းရာသီ မကုန်သေးလို့ ထင်ပါတယ်၊ 
ကစားသူ နားနေသူ စက်ဘီးစီးသူ အားကစားလေ့ကျင့်သူ နေပူစာလှုံသူ ခွေးကျောင်းသူများနဲ့ စည် 
စည်ကားကား တွေ့ရပါတယ်၊ ဒီလမ်းကို လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က မောင်ရင်ငတေ တခေါက် 
လျှောက်ဖူးပါတယ်၊ ဘာမှအပြောင်းအလဲရှိတာ မတွေ့ရပါဘူး၊ စိမ်းလန်းစိုပြေနေတဲ့ အပင်ကြီးတွေနဲ့ 
ရေပြာပြာ ကမ်းခြေ အားလုံးဟာ အရင်အတိုင်းလိုပါ၊ လမ်းပေါ်လမ်းဘေးမှာတော့ ကားတွေ လူတွေ 
ပိုမိုများပြား ရှုပ်ထွေးလာတယ်လို့တော့ ထင်မိပါတယ်။

ဒီရပ်ရွာဒေသခံ ရှေးရိုးစွဲဥူစကာဒီကြီး တချို့ကတော့ ဒီဒေသမှာ လူတွေအရောက်အပေါက်များလာ
စည်ကားလာတာကို လက်မခံနိုင်ကြပါဘူး၊ အမြန်ဟိုင်းဝေး ကားလမ်းမကြီးတွေ တီဂျီဗွီအမြန်ရထား
လမ်းမကြီးတွေ ဖောက်လုပ်လာတာကိုလည်း မကြိုက်ကြပါဘူး၊ မူလသဘာဝပတ်ဝန်းကျင် ယိုယွင်း
ပျက်စီးမှုတွေ များလာကြောင်း အသံ ဆူညံမှုတွေ များလာကြောင်း ဆန့်ကျင် ပိုစတာတွေကို နေရာ
တော်တော်များများမှာ တွေ့မြင်ခဲ့ရပါတယ်။

ကမ်းနဘေးပန်းခြံလမ်းတလျှောက် ထိုင်လိုက်ထလိုက် ရိုက်လိုက်မှတ်လိုက် ဂဏာမငြိမ် လုပ်နေတဲ့ 
ကင်မရာတလုံး ဖုန်းတလုံးနဲ့ လက်ကားယား ခြေကားယား မောင်ရင်ငတေ့ကို ကန်စောင်း နေပူပူမှာ 
စာတအုပ်နဲ့ ထိုင်နေတဲ့ ဥူစကာဒီကြီးတယောက် ပေစောင်းစောင်းနဲ့ ဂျိုကြည့် ကြည့်နေတာ တွေ့လို့
မမြင်ချင်ယောင်ဆောင် ကိုယ်မှတ်တမ်းတင်ချင်တာလေး မြန်မြန်တင် ထွက်လာခဲ့ရပါသေးတယ်။



Txingudiko Badia (Baie de Chingoudy/Txingudi) (Bahía de Chingudi)     (ဓါတ်ပုံ မရငတ)

ဒီရေကန်လေးကို
ဥူစကာဒီလို Txingudiko Badia
စပိန်တွေက Bahía de Chingudi
ပြင်သစ်လိုတော့ Baie de Chingoudy/Txingudi ပါ၊ ချင်ကူဒီ ပင်လယ်အော် ပေါ့၊
ဒါပေမယ့် ပင်လယ်အော် ဆိုပေမယ့် ရေကန်သာသာ ကျယ်တာပါ၊ ရေကလည်း မနက်လှပါဘူး၊
တချို့ကတော့ Estuary of Bidasoa ဘီဒါဆိုအာ မြစ်ဝကျယ်လို့ ခေါ်ကြပါတယ်၊ အမှန်တော့လည်း
Bidasoa မြစ်နဲ့ တဆက်စပ်တည်း တည်ရှိနေတာပါ၊ မောင်ရင်ငတေကတော့ ရေကန်ကြီးတကန်လို
မြင်တွေ့ခဲ့ရတာကြောင့် ဘီဒါဆိုအာ သို့မဟုတ် ချင်ကူဒီ ရေကန်လို့သာ ခေါ်မိပါတယ်။

ဒီရေကန်ရဲ့ မြောက်ဘက်ကမ်းမှာ
ဥူစကာဒီလို Hendaia အန်ဒါရီယာ
ပြင်သစ်လို (Hendaye) (အွန်ဒိုင်ရ်) (ဟန်ဒါရီ)
စပိန်တွေကတော့ (Hendaya) (အန်ဒါယာ) လို့ အမည်ရတဲ့ ပြင်သစ်မြို့လေး တည်ရှိပါတယ်။

မောင်ရင်ငတေတော့ ကိုယ့်နားကကြားမိတဲ့အတိုင်း ဟန်ဒါရီလို့သာ လွယ်လွယ်မှတ်လိုက်မိပါတယ်၊
(သေချာတာ တခုက စပိန် ဥူစကာဒီ အသံထွက်တွေထက် ပြင်သစ် အသံထွက်က ပိုခက်ပါတယ်)၊
Hendaye ကမ်းခြေကတော့ ပြင်သစ်တောင်ပိုင်း ဖရန့် အတ္တလန်တစ် Côte d'Argent ငွေမှင်ရောင် 
ကမ်းခြေများ ဖြစ်ကြတဲ့ Hossegor, Capbreton, Anglet, Biarritz, Bidart, Saint-Jean-de-Luz, 
တို့ရဲ့ တောင်ဘက် အစွန်ဖျားဆုံးမှာ တည်ရှိတဲ့ ကမ်းခြေတခုပါ။


Hondarribia, Estuary of Río Bidasoa and Hendaia                                (ဓါတ်ပုံ မရငတ)

ဒီရေကန်တောင်ဘက်ကမ်း စပိန်မြေမှာတော့ Hondarribia ခေါ် Fontarrabie ခေါ် Fuenterrabía
ရှေးဟောင်းမြို့လေး တည်ရှိပါတယ်၊ ပြင်သစ်ဟန်ဒါရီမြို့က သိပ်ရှေးကျလှတဲ့ အဆောက်အဦးတွေ
မတွေ့ရပေမယ့် Hondarribia အွန်ဒါရီဘီရာ မြို့လေးကတော့ ဥူစကာဒီ ရှေးခေတ်ဟောင်း အောင်း
မေ့ဖွယ်ရာ လက်ရာတွေ အများအပြား ကျန်ရှိနေသေးတဲ့ မြို့လေးပါ။

တကယ်တော့ ဒီနေရာကို လမ်းကြုံရောက်ဖို့ ဆိုတာမျိုးက သိပ်မလွယ်ပါဘူး၊ လမ်း သိပ်မသင့်လှတဲ့ 
နရာတခုပါ၊ သို့သော်လည်း နာမည်ကျော်တဲ့ Biarritz, Saint-Jean-de-Luz တို့နဲ့အတူ စပိန်ကမ်း 
ခြေများသို့ ရောက်လာကြသူများက အချိန်ပိုလေးများ ရလာရင် ဘယ်နယ်မြေသစ်များသို့ သွားရရင် 
ကောင်းမလဲ ရှာဖွေခဲ့ကြရာက ဒီနေရာမျိုးလေးတွေသို့ လူအရောက်အပေါက်များလာခဲ့ပုံ ရပါတယ်။

တခါလာလည်း ပုဂံ့ တခါလာလည်း အင်းလေ့း့ မဂံချင်ကြသူများ မလေးချင်ကြသူများက 
သွားစရာနယ်မြေ တိုးချဲ့လာခဲ့ကြ ရောက်ခဲ့ကြရာက တစတစ စည်ကားလာတဲ့ သဘောပါ။

အဲဒီလိုနဲ့ တနေ့တခြား လူသိများလာတာမို့ တိုးရ်လုပ်ငန်းတွေကလည်း ဒီလမ်းကြောကို ထည့်သွင်း 
ရေးဆွဲလာကြပါတယ်၊ ပါရီ-ဘာဆီလိုနား-ပီရေနေး-အတ္တလန်တစ် ကမ်းခြေ တိုးရ်လမ်းကြောင်းများ
မှာ အချိန်ပိုရင် ဒီနေရာများမှာတထောက်နားဖို့ ထည့်သွင်းရေးဆွဲ လာခဲ့ကြပါတယ်၊ သို့သော်လည်း 
ဒီ Hendaia အန်ဒါရီယာကမ်းခြေနဲ့ Txingudiko Badia (Baie de Chingoudy/Txingudi) ရေကန် 
တဝိုက်ကတော့ ပိုမို ဂျောင်ကျလို့ အခုထိ ဧည့် အရောက်အပေါက် နည်းနေတုန်းပါ။



Navette Hendaye-Fontarrabie                                                            (ဓါတ်ပုံ မရငတ)

မနက်ပိုင်း ဒီရေကျချိန်ဖြစ်လို့ ကောနေတဲ့သောင်ထွန်းနေတဲ့ ကမ်းပတ်လမ်းကို နာရီဝက်ကျော်ခန့်မျှ
လျှောက် အပြီးမှာတော့ ကူးတို့ဆိပ်သို့ ရောက်လာခဲ့ပါပြီ၊ မောင်ရင်ငတေတို့ သွားရမယ့် ကူးတို့ဆိပ် 
ဟုတ်မဟုတ် သေချာမသေချာ ကြည့်ပြီး တန်းစီနေတဲ့ လူတန်းရှည်ကြီးနောက် ဝင်တန်းစီရပါတယ်၊
ကူးတို့မော်တော်စီးမယ်သူက ဒီလောက်များနေတာ တွေ့လိုက်ရတော့ နည်းနည်းတော့ အံသြသွားမိ 
ပါတယ်၊ မောင်ရင်ငတေ့စိတ်ထင် ဆယ်ယောက်ဆယ့်ငါးယောက်တော့ ရှိတန်ကောင်းပါရဲ့ တွေးနေ 
မိတာ တကယ် တန်းစီသူက ရာဂဏန်း နီးပါး ရှိနေပါတယ်၊ လူဖြူဖြူတွေကြားမှာ မောင်ရင်ငတေတို့ 
လို အာရှမျက်နှာနဲ့ သုံးလေးငါးယောက် လူမည်း တယောက်နှစ်ယောက်မျှသာ တွေ့ရပါတယ်။

ဖရန်ဆေးဇ် အေ့စ်စပန်ညောစကား အသံတွေကြားမှာ ဟောင်ဖွာဟောင်ဖွာ ပြောနေသူများကတော့ 
ဥူစကာဒီလူကြီးတွေသာ များပါတယ်၊ သူတို့ကတော့ ဟိုဘက်ကမ်းကူးလိုက် ဒီဘက်ကမ်းကူးလိုက် 
ဇိမ်ခံပင်စင်စားတွေ ဖြစ်ကြဟန်တူပါတယ်၊ မောင်ရင်ငတေ့ရှေ့နား သုံးလေးယောက်ကျော်မှာတော့ 
အင်္ဂလိပ် စကားပြော မိသားတစု ရွှတ်ရှက်ဒွတ်ဒက် ပြောနေကြပါတယ်။

ဒီနယ်မြေ ဒီဒေသကိုရောက်ရင် တွေ့ကြုံရမယ့် အခက်အခဲတခုကတော့ ဘာသာစကားနဲ့ လမ်းညွှန် 
ဆိုင်းဘုတ်တွေပါ၊ ဖရန်ဆေးဇ် အေ့စ်စပန်ညော ဥူစကာဒီအပြင် နောက်ထပ်စကား နှစ်မျိုး သုံးမျိုးရှိ 
နေသေးတဲ့ ဒီနယ်မြေမှာ တွေ့ရမယ့် လမ်းညွှန်ဆိုင်းဘုတ်တွေက အနည်းဆုံး သုံးဘာသာနဲ့ ရေးကြ 
တာပါ၊ ဒီနယ်မြေသား တိုးရစ်ဇမ်သမားတွေကတော့ အနည်းဆုံး လေးဘာသာ တတ်ကြတယ်ဆိုပါ 
တယ်၊ သူတို့တွေရဲ့ Euskara ခေါ် Basque ခေါ် ဒေသစကား၊ စပိန်စကား ပြင်သစ်စကား၊ ဒီစကား 
သုံးမျိုးမတတ်သူများအတွက်တော့ ထမင်းစားရေသောက် အင်္ဂလိပ်စကားနဲ့ပေါလေ၊ Euskara ခေါ် 
Basque ခေါ် ဥူစကာဒီစကားက စပိန်စကားနဲ့ မတူညီသလို ပြင်သစ်စကားနဲ့လည်း ဘာမှ မဆိုင်ပါ 
ဘူး၊ ပြင်သစ်စကားနဲ့ စပိန်စကားကမှ တူနေတာတွေ အများကြီး ရှိပါသေးတယ်၊ တော်သေးတာက 
အေဘီစီဒီကတော့အတူတူသာမို့ ရိပ်ဖမ်းသံဖမ်း နားလည်နိုင်ပါသေးတယ်၊ ဥရောပမှာ လမ်းမသိရင် 
မေးလို့ မရတတ်ပါဘူး၊ ဘာသာစကား အမျိုးမျိုး အသံထွက် အမျိုးမျိုး ကွဲပြားလွန်းတာကြောင့် မို့လို့
မောင်ရင်ငတေ မေးလေ့ မရှိပါဘူး၊ လမ်းညွှန် ဆိုင်းဘုတ်တွေဖတ် ဂူဂဲလ်မြေပုံကြည့် သွားလိုက်တာ
မျိုးက မေးမြန်းနေတာထက် သွားလိုရာခရီး ပိုအရောက်မြန်ပါတယ်။

တန်းစီရင်း နီးနီးနားနားမှတ်တမ်းတင်ရင်း အချိန်ဇယားဆိုင်းဘုတ် သွားဖတ်ကြည့်တော့ ပုံမှန်ဆိုရင်
နာရီဝက်တစီးထွက်ကြောင်း အခုလို လူများတဲ့ နွေပိတ်ရက်ရှည်တွေဆိုရင် ၁၅ မိနစ်တစီးရှိကြောင်း
ညသန်းခေါင်ထိ ပြေးဆွဲကြောင်း စက်ဘီးသမားများ လူခပေးရင် စက်ဘီးခပေးရန် မလိုအပ်ကြောင်း 
သို့သော် နွေရာသီမှာတော့ လူများလို့ စက်ဘီးခပြားငါးဆယ် ပေးရမှာဖြစ်ကြောင်း ရေးထားပါတယ်၊ 
ကူးတို့ကတော့ စပိန်ပိုင်တစီး ပြင်သစ်ပိုင်တစီးနဲ့ နှစ်စီးသာ ရှိပါတယ်။

လူများနေလို့ ပထမ ကူးတို့နဲ့ မလိုက်ရပါဘူး၊ ဒုတိယ တစီးလာမှ မောင်ရင်ငတေတို့ တက်ရပါတယ်၊
နိုင်ငံကူးမှာမို့ လိုရမယ်ရ ခရီးသွားစာအုပ် ယူသွားပေမယ့် ဘာဂိတ် ဘာအစစ်ဆေးမှမရှိ ယူနီဖောင်း 
ဝတ်ဆိုတာ အစအန မတွေ့ရပါဘဲ ကူးတို့မောင်းသူကသာ ကူးတို့ပေါ်တက်လို့ရပြီပြောလို့ တက်ကြ
ပါတယ်၊ ကူးတို့ကလည်း လူလေးဆယ်ကျော် ဆန့်တဲ့ သာမန်လှေကြီးတစင်း ပုံစံသာပါ၊ ပြင်သစ်ပိုင်
Bateau Marie-Louise ကို စီးရတာပါ၊ ဒီခရီး ထွက်မလာခင်ထဲက ယူကျူ့မှာ ကြည့်ထားပြီး ဖြစ်လို့
Marie-Louise ကူးတို့လှေလေးက မောင်ရင်ငတေနဲ့ ရင်းနှီးပြီးသားလို ဖြစ်နေပါတယ်၊ ကြိုတင် စိတ်
ကူး ရွေးချယ်ခဲ့တဲ့ ခရီးတခု စတင်ခဲ့ပါပြီ။



Estuary of Bidasoa and Hendaia                                                   (ဓါတ်ပုံ မရငတ)

လှေပေါ်ရောက် ရရာနေရာမှာထိုင်အပြီး ခဏနေ စထွက်ပါတယ်၊ လူကလည်း တန်းပြည့်လို့များလား 
မပြောတတ်ပါဘူး၊ ခဏနေတော့ ကူးတို့ခ လိုက်ကောက်ပါတယ်၊ တယောက် တယူရို ပြားကိုးဆယ် 
ပါ၊ ဘီကေကေ ကျောက်ဖရားမြစ်ကူး ကူးတို့ခက တယောက်သုံးဘတ်မျှသာကျသင့်တာမို့ ဈေးကြီး 
တယ်လို့ ပြောလို့ရပေမယ့် သူ့ဈေး သူ့ဒေသနဲ့ တန်ပါပေတယ် ဆိုကြပါစို့။

Marie-Louise ကူးတို့လေးက လှေဆိပ်မှာ ရပ်နားထားကြတဲ့ စပိဘုတ်လေးတွေ စက်လှေရွက်လှေ 
မျိုးစုံကြား ဘက်ဆုတ်ထွက်လာပြီး မြစ်ဝကျယ်ကို ဖြတ်ကူးပါတယ်၊ မိနစ်ပိုင်းမျှသာ ကြာမှာ ဖြစ်တာ 
ကြောင့် မောင်ရင်ငတေလည်း မှတ်တမ်းတင်ဖို့ ပြင်ပါတယ်၊ ဒါပေမယ့် လူအပြည့်မို့ မလှုပ်သာပါဘူး၊ 
သို့သော် မောင်ရင်ငတေ့ဘေးနား ထိုင်နေကြသူ အမေရိကန်မိသားစုကလည်း တယောက်တလှည့် 
မှတ်တမ်းပြုနေကြလို့ နည်းနည်းတော်ပါသေးတယ်။

ပင်လယ်ဝနဲ့ နီးနေပြီ ဆိုပေမယ့် ဘီဒါဆိုအာ မြစ်ရေပြင်က ရွှံ့နှစ်မရှိ နေရောင်အောက်မှာ ပြာလဲ့နေ
ပါတယ်၊ ငါးဖမ်းလုပ်ငန်း ထွန်းကားတဲ့နေရာ ဖြစ်ပေမယ့် ငါးဖမ်း လှေဆိပ်က မြစ်ဝအဝင်မှာမို့ ပြာလဲ့
နေတဲ့ ရေပြင်ထက်မှာ ဇိမ်ခံစီးရွက်လှေ စက်လှေလေးတွေက လှိုင်းအိအိအလှုပ် ယိမ်းနွဲ့နေပါတယ်၊ 
မိသားတစုလူတယောက် ဘုတ်တစီးများ ပိုင်ဆိုင်ကြလေသလား မပြောတတ်ပါဘူး၊ ရေပြင်တခုလုံး 
စပိဘုတ်မျိုးစုံနဲ့ ပြည့်နေပါတယ်၊ ဘီဒါဆိုအာ မြစ်ဝကိုတော့ ခပ်လှမ်းလှမ်းမှာ လှမ်းမြင်ရပါတယ်။


Bidasoa Estuary and the Cantabrian Sea                                             (ဓါတ်ပုံ မရငတ)

ဘီဒါဆိုအာ မြစ်ဝနား ရောက်ပြန်တော့ မနေ့က မြစ်ကမ်းဘေး ထိုင်ရင်း အတွေးထဲ ရောက်လာခဲ့တဲ့ 
နပိုလီယံကြီးက မောင်ရင်ငတေ့ခေါင်းထဲသို့ ရောက်လာပြန်ပါတယ်၊ မနေ့တုန်းက အချိန်မရခဲ့တော့ 
လို့ တပိုင်းတစ ရပ်ထားခဲ့ရတဲ့ နပိုလီယံခေတ် ဘီဒါဆိုအာ မြစ်ကြောင်းတိုက်ပွဲ အကြောင်းပါ။

ဘယ်နဲ့ ပြောတော့ ငြိမ်းချမ်းသာယာဝပြောရာ စစ်မဲ့ဤကမ္ဘာသမားဆိုပြီး စစ်ပွဲတွေအကြောင်းချည်း 
ချေးခြောက်ရေနှူး ပြောနေရတာတုန်း မပြောလိုက်ကြပါနဲ့ ခင်ဗျာ၊ ဥရောပဘယ်သွားသွား နပိုလီယံ 
ခြေမချဘူးတဲ့နေရာ နပိုလီယံနဲ့ ကင်းလွတ်တဲ့ မပတ်သက်တဲ့ နေရာ မရှိလောက်ဘူး ထင်ပါတယ်။

Guerres Napoléoniennes နပိုလီယံ စစ်ပွဲများကာလ (၁၈၀၃-၁၈၁၅) စုစုပေါင်း ၁၂ နှစ်ခွဲ အတွင်း 
စစ်ပွဲပေါင်းရာနဲ့ချီ (တိုက်ပွဲကြီး ၆၀ တိုက်ပွဲသေး ၃၀ ကျော်ခန့်) ရှိခဲ့တယ်လို့ ဆိုကြပါတယ်၊ ဥရောပ 
ကုန်းမကြီး အရှေ့အနောက်တောင်မြောက် နိုင်ငံဒေသစုံအပြင် မြောက်ပိုင်းအာဖရိက ဘယ်နေရာမှ 
မလွတ်သလို မြေထဲပင်လယ် မြောက်ပင်လယ် အတ္တလန်တစ် ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်
ကာရေဘီယံ ကျွန်းစုများ အိန္ဒိယသမုဒ္ဒယာ အနောက်ခြမ်း နေရာအနှံ့မှာပါ။

သူကိုယ်တိုင် ဦးစီးတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးငယ် အများကြီး ရှိခဲ့သလို သူကိုယ်တိုင်လည်း ရောက် 
အောင်သွားအားပေးခဲ့တဲ့ တိုက်ပွဲနေရာတွေလည်း အများကြီးပါ၊ ဒီကနေ့ခေတ် စစ်ဗိုလ်ချုပ်ကြီးတွေ 
လို စတိုင်လ်နဲ့မလိုင်နဲ့အခန့်သား ဟတ်စကီးလေးစီး မော်နီတာမျက်နှာပြင်ကြည့် ကော်လာခေါက်ရိုး 
မကျိုးဘဲ ပစ်မိန့်ပေးတဲ့ခေတ် မဟုတ်ပါဘူး၊ ကိုယ်တိုင် မိုင်ထောင်ချီ မြင်းစီးသွား ကိုယ်တိုင် ဓားခုတ် 
တိုက်ပွဲဝင်ခဲ့ရတဲ့ ခေတ်က စစ်ဗိုလ်ချုပ် နပိုလီယံလေးကို မောင်ရင်ငတေ သနားမိရပါတယ်။

မောင်ရင်ငတေပြောချင်တာက ဘီဒါဆာအိုမြစ်ကြောင်းတိုက်ပွဲ ဘယ်သို့ဘယ်ပုံ ဘာစစ်ပညာတွေနဲ့ 
တိုက်ကြတယ် မဟုတ်ပါဘူး၊ အဲဒီ တိုက်ပွဲနေ့ ၁၈၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မနက်ကြီး 
ပိုင်းမှာ အင်္ဂလိပ် ရေတပ် ကမ်းတက်တပ်သားတွေ မြစ်ကြောင်းအတိုင်း ချီတက်လာတော့ နပိုလီယံ 
ဒီနေရာမှာ မရှိပါဘူး၊ နပိုလီယံရဲ့ စပိန်တပ်တော်မှူး Jean-de-Dieu Soult ကတော့ ဘီဒါဆာအိုမြစ် 
ဖျားပိုင်း မာယာတောင်ကြား La Rhune တောင်ခါးပန်း စစ်စခန်းမှာပါ၊ အင်္ဂလိပ် မဟာမိတ်တပ်သား
သောင်းနဲ့ချီပြီး ဟိုအရင်တချိန်က လူဝီဘုရင် (၁၅) တို့ (၁၆) တို့ အောင်ပွဲခံခဲ့ရာ ဘီဒါဆာအို မြစ်ကို 
လွယ်လွယ်ကူကူ ဖြတ်ကူးပြီး ပြင်သစ်မြေထဲသို့ ဝင်ရောက်လာကြပုံ ပန်းချီကားကို မောင်ရင်ငတေ 
အမှတ်ရ မြင်ယောင်ရင်း နပိုလီယံ စစ်ဘာကြောင့် ရှုံးခဲ့ရပါသလဲ တွေးနေမိတာပါ။



Marie-Louise                                                                              (ဓါတ်ပုံ မရငတ)

အတွေးကြောရှည်ချင်ပေမယ့် စီးလာတဲ့ Marie-Louise ကူးတို့လှေလေးက စပိန်ကမ်းသို့ ကပ်နေပြီ 
မို့လို့ ဆင်းဖို့ ပြင်ရပါတော့တယ်၊ စပိန်ပြည်အနောက်မြောက်ဘက် အစွန်းထိပ်ဖျားက Hondarribia
(ပြင်သစ်လို Fontarrabie) (စပိန်လို Fuenterrabía) အွန်ဒါရီဘီရာ ခေါ်တဲ့မြို့လေးသို့ ခြေချမိပါပြီ။

Marie-Louise ကို နှုတ်ဆက် မှတ်တမ်းတင်ပြီး ကျောခိုင်းလို့ အွန်ဒါရီဘီရာ ကမ်းပေါ်သို့ လှေကား 
ထစ်များကနေ တဖြေးဖြေး တက်လာခဲ့ပါတယ်၊ မာရီ-လူဝီကတော့ ဟိုဘက်ကမ်းသို့ ပြန်ကူးကြမယ့် 
ခရီးသည်တွေကို စောင့်ရင်း ခေတ္တခဏနား ကျန်ရစ်ခဲ့ပါပြီ။

စပိန်တို့အခေါ် Fuenterrabía သို့မဟုတ် ဥူစကာဒီတို့ရဲ့ အွန်ဒါရီဘီရာမြို့ဆိုတာက တကယ်တော့  
စပိန်တို့အတွက် ဘာမဟုတ်တဲ့ အနောက်မြောက်ဖျားစွန်းက တံငါရွာလေးတရွာသာ ဖြစ်နိုင်ပေမယ့် 
လည်း ဒေသခံ ဥူစကာဒီတို့ အတွက်ကတော့ အဲဒီထက်ပို အရေးကြီးတယ်လို့ မောင်ရင်ငတေပြော 
လိုက်ရင် သိပ်များမယ် မထင်ပါဘူး၊ ဒေသခံတွေကိုယ်စား တွေးပြော ပြောမိတာပါ။

Monte Jaizquíbel တောင်တန်း နောက်ခံ Mar Cantábrico (Mer Cantabrique) ကန်တာဘရီကို 
ပင်လယ်ရေပြင်ပြာပြာကြား မူလလက်ဟောင်း တံငါရွာလေးကနေ တဖြေးဖြေးကြီးလာတဲ့ တောမြို့ 
ငယ်လေး တခုသာပါ၊ သို့သော်လည်း မြို့လေးက သေးသေးပေမယ့် သမိုင်းအဆက်ဆက် အင်္ဂလန် 
ပေါ်တူဂီ စပိန် ဖရန့် စစ်ဘုရင်တွေရဲ့ ရေတပ်အင်အား စစ်အင်အား ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ်မှာ
ကျရောက်နေတာကြောင့် မူလဒေသခံ ဥူစကာဒီတွေအတွက် ကံဆိုးခဲ့ရတယ် ပြောရပါမယ်၊ အဲလို 
သမိုင်း အလှည့်အပြောင်းတွေကို အသာထား မောင်ရင်ငတေကတော့ ကမ်းတက်ဖို့ ပြင်ရပါပြီ။
  

Hondarribia အွန်ဒါရီဘီရာ မှ လှိုက်လှဲစွာ ကြိုဆိုပါ၏                              (ဓါတ်ပုံ မရငတ)

ကြိုလှည့်တော့ စပိန်မြေ
ကြိုလှည့်တော့ ဥူစကာဒီ။

သို့သော်လည်း ကြိုလှည့်ပါ ပြောပေမယ့်
ကြိုဆိုရေး မုခ်ဦး မရှိ ဧည့်ခံရေး မဏ္ဍပ် မရှိ
စစ်ဆေးရေးအဖွဲ့ မရှိ လုံခြုံရေးကင်းအဖွဲ့ မရှိ
စပိန်မြေ ဖရန့်မြေ ဘာမြေညာမြေ ခွဲခြားထားခြင်း မရှိ
ဘာဆို ဘာတခုမှ မရှိပါဘူး၊ ဆိပ်ခံတံတားကို ကာရံထားတဲ့ လက်ရမ်းသက်သက်သာ ရှိပါတယ်။

သူတို့ဥူစကာဒီသားတွေ ကူးချင်သလိုကူး သန်းချင်သလိုသန်း မနက်ခင်းမှသည် ညသန်းကောင်ယံ 
အထိ ဒီအတိုင်း ဟာလာဟင်းလင်းသာ ဖြစ်ဟန် တူပါတယ်၊ ဥူစကာဒီ ဒေသခံ လူအုပ်ကြီးကတော့ 
ဆူညံဆူညံနဲ့ တိုးဝှေ့ထွက်သွားကြပါပြီ၊ မောင်ရင်ငတေကတော့ နောက်ချန်နေပြီး မှတ်တမ်းတင်နေ 
ပါသေးတယ်၊ ကိုယ့်အလုပ်က ဒါမှလား၊ ဒါတောင်မှ ပုံပြန်ရွေးတိုင်း စိတ်တိုင်းကျလှတာ မရှိပါဘူး။


စိမ်းစိမ်း ပြာပြာ နီနီ                                                                              (ဓါတ်ပုံ မရငတ)

ကမ်းနားဆိပ် အတက် ကားပါကင်နဲ့ သင်္ဘောကျင်း အသေးစားလေးအနီး ကွက်လပ်မှာတော့ လူသူ
သိပ်မတွေ့ရပါဘူး၊ ရင်ပြင်ကွက်လပ်လေးအကျော်မှာ မျဉ်းပြိုင်တန်းနေတဲ့ လမ်းကျဉ်းလေး သုံးလေး
လမ်းကို တွေ့ရပါတယ်၊ ပထမလမ်း ဒုတိယလမ်းက ဖက်ရှင်ဆိုင်လေးတွေ စတိုးဆိုင်လေးတွေ ရှိပြီး
တတိယလမ်းကတော့ လမ်းလယ် သစ်ပင်တန်းတွေနဲ့ လူစည်ကားနေတဲ့ စားသောက်ဆိုင်တန်းပါ။

နေ့လယ်ခင်းစာ စားတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ စားသောက်ဆိုင်တိုင်း နေမရာလွတ်မရှိ လူပြည့်နေ 
သလို နေရာရဖို့ တန်းစီနေသူများလည်း ရှိနေပါတယ်၊ မောင်ရင်ငတေကတော့ ဒီဆိုင်တွေရဲ့ အစား 
အစာတွေထက် ဆိုင်ခန်းဖွင့်ထားရာ မူလတံငါသည်တွေရဲ့ စိမ်းစိမ်း ပြာပြာ နီနီ နေအိမ်ဟောင်းတွေ 
ကိုသာ စိတ်ဝင်စားမိမှု ပိုနေမိတာက အမှန်အကန်ပါ၊ အိမ်တိုင်းအိမ်တိုင်းလိုလိုမှာ သစ်သား ဝရံတာ
တွေကိုတွေ့ရှိရပြီး စိမ်းစိမ်း ပြာပြာ နီနီ ဆေးရောင်ချယ်ထားကြပါတယ်၊ ဥူစကာဒီနယ်မြေ အရောင်
သူတို့တတွေရဲ့ သူတို့မျိုးကို သူတို့ချစ်တဲ့ သင်္ကေတ အရောင်လို့သာ ပြောရပါမယ်။


Beautiful Basque Style Houses with Colorful Shutters and Balconies       (ဓါတ်ပုံ မရငတ)

ကမ်းနားဆိပ်မှာစည်စည်ကားကားမရှိ ခြောက်ကပ်ကပ်ပေမယ့် စားသောက်တန်းမှာကတော့ နေရာ
လွတ်မရှိ ပြည့်နေတာမို့လို့ နေရာလွတ်ဆိုင်ကို ရှာဖွေရင်း လမ်းလယ်သစ်ပင်တန်းတွေနဲ့ လှပနေတဲ့
စားသောက်ဆိုင်တန်း သို့မဟုတ် စိမ်းပြာနီ အိမ်တန်းကို မှတ်တမ်းတင်ရပါတယ်။

ဥရောပ မြို့ကြီးမြို့ငယ်တွေမှာ မြို့လယ်မြို့ဟောင်း ရပ်ကွက်များက ဒီလိုမျိုး လူစည်ကားအောင်လို့
လုပ်ထားတတ်တာမို့ သိပ်ထူးဆန်းတယ်လို့ ပြောမရပါဘူး၊ မြို့ဟောင်း အလယ်မှာ ဘုရားကျောင်းနဲ့ 
မြို့တော်ခန်းမနဲ့ အုပ်ချုပ်ရေးရုံး ရှိမယ်၊ ဈေးဆိုင်တန်းလေးတွေရှိမယ်၊ ရထားလမ်းပေါက်ရင် ဘူတာ 
ရုံက မနီးမဝေးမှာ ရှိမယ်၊ ကားဂိတ်ကလည်း ဘူတာရုံ မလှမ်းမကမ်း ဘေးနားမှာ ရှိမယ်၊ ဒီကနေ့မှာ 
တော့ တိုးရစ်အင်ဖော်မေးရှင်းရုံး ရှိမယ်၊ တည်ခိုရာလေးတွေ ဘားတွေ စားသောက်ဆိုင်တွေရှိမယ်။

ဘာမှမထူးဆန်းပါဘူး၊ သို့သော် ဒီ အွန်ဒါရီဘီရာ မြို့ဟောင်းလေးကတော့ မောင်ရင်ငတေရဲ့ အမြင်
မှာတင် မနေ့ကရောက်ခဲ့တဲ့ စပိန်နယ်စပ်ဈေးလေးရယ် ပြင်သစ်ဘက်ခြမ်း ဥူစကာဒီ Pays Basque 
ဒေသရှိ ခေတ်သစ် ပြင်သစ်ယဉ်ကျေးမှု လွှမ်းမိုးနေရာ ဒေသများနဲ့ များစွာကွာနေတာကို သတိထား
မိပါတယ်၊ ဘယ်လောက်ကွာဟတယ် ရေရေရာရာ မပြောနိုင်ပေမယ့် ဒီ စိမ်းပြာနီနီ ဈေးဆိုင်တန်းရဲ့
ဆွဲဆောင်မှုက သိသိသာသာ ကွာခြားလှပါကြောင်းကိုသာ မောင်ရင်ငတေ ပြောချင်မိပါတယ်၊ ဘာ 
တွေ ဘယ်သို့ ဘယ်လို ကွာခြားတယ်ကတော့ မောင်ရင်ငတေလည်း ပြောမတတ်တော့ပါဘူး၊ မှတ် 
တမ်းပုံတွေ များစွာ ရိုက်လာပေမယ့် ဒီနေရာမှာ ပြည့်စုံအောင် မဖော်ပြနိုင်တာကိုတော့ ခွင့်လွှတ်ပါ။


Beautiful Basque Style Houses with Colorful Shutters and Balconies       (ဓါတ်ပုံ မရငတ)

နေရာလွတ်လေးရတော့ မောင်ရင်ငတေတို့ ဝင်ထိုင်ပါတယ်၊ မွန်းလွဲ တချက်တီးကျော် ရှိပြီမို့ ဝမ်းက
အတော်လေး ဟာနေပါပြီ၊ မောင်ရင်ငတေကတော့ စပိန်ရောက်ရင် ကိုယ်စားနေကျ (ကိုယ်သိသမျှ 
မှာ အကောင်းဆုံးပါ) စပိန်စာကိုသာ မှာမိပါတယ်၊ စပိန်စာမှာ မောင်ရင်ငတေတို့ အာနဲ့လျှာနဲ့ ညီတဲ့ 
အစာ သုံးလေးမျိုး ရှိပါတယ်၊ ငါး ပုဇွန် ဂဏန်း ကင်းမွန် ခရု ပေါများရာမို့ ပင်လယ်စာ မစားတတ်တဲ့ 
သူများအတွက် အနည်းငယ်အခက်ခဲ ရှိပါတယ်၊ သို့သော်ဒီဒေသက Iberian Peninsula ခေါ်ကြတဲ့
ဒေသထဲ ပါဝင်နေတာမို့ "Jamón Ibérico" "Iberian Ham" ဝက်ပေါင်ခြောက်က နာမည်ကြီး လှပါ 
တယ်၊ မောင်ရင်ငတေကတော့ ဧရာဝတီသားမို့လို့ ရေသတ္တဝါဆို ကြိုက်ပါတယ်၊ အဲဒါကြောင့် စပိန် 
အစားအစာမှာ နာမည်ကြီးတဲ့ Paella ကိုသာ စားလေ့ရှိပါတယ်၊ Paella ဆိုတာက အလွယ်ပြောရင်
ထမင်းနဲ့ ပြည်ကြီးငါးတွေ ပုဇွန်တွေ ခရုတွေ ဆနွင်းမှုန့်ခပ်ကဲကဲနဲ့ အမွှေးအကြိုင်တွေ ရောနယ်ချက် 
ထားတာပါ၊ ဆန်ထမင်း ပါတာကြောင့် မောင်ရင်ငတေ့ အတွက် ကီးကိုက်တဲ့ အစားအစာပါ၊ တခြား 
Gazpacho Andaluz တို့ Crema Catalana Barcelona တို့လို ဒေသအလိုက် နာမည်ကြီးတဲ့ အစာ 
တွေလည်း ရှိပါတယ်၊ ဆန်ဆီမပါ ငပိငံပြာရည် မပါနဲ့မို့ ဆာလို့သာ စားရသော်လည်း မတင်းတိမ်မှာ 
သေချာပါတယ်၊ သို့သော် စပိန်စာက ပြင်သစ်ထက်တော့ ဗမာပါးစပ်နဲ့ ပိုနီးတယ်လို့ ထင်ပါတယ်။



Paella Valènciana                                                                            (ဓါတ်ပုံ မရငတ)

Paella ရဲ့ မူရင်းကတော့ အရှေ့ဘက် မြေထဲပင်လယ်ကမ်းရိုးတန်း València နယ်မြေပါ၊ ဒါကြောင့် 
Paella Valènciana လို့လည်း ခေါ်ကြပါတယ်၊ ဘဲ ကြက် ယုန်သား ပဲသီးတွေနဲ့ ရောသမပြီးချက်တဲ့
ထမင်းပါ၊ ဒီနောက်တော့ ခရု ခရုညို ကင်းမွန် ပုဇွန် ပင်လယ်စာတွေနဲ့ Paella Mixta ဆိုပြီး စားလာ
ကြတာပါ၊ ပင်လယ်စာကြိုက်တဲ့ မောင်ရင်ငတေကတော့ Paella de Marisc ကို စားလေ့ ရှိပါတယ်၊
မပါမဖြစ်တာကတော့ Safran ခေါ်တဲ့ ဂရိဆနွင်းမှုန့် ဝါထိန်ထိန်ပါ၊ အဲဒီ Safran ကုံကုမံနံ့ မွှေးမွှေးနဲ့
အဝါရောင် စပိန်ထမင်းက မောင်ရင်ငတေ့အတွက် ဒန်ပေါက်ထမင်းထက် ပိုကြိုက်တဲ့အစာပါ၊ မစား
ဖူးသေးသောသူများ စားကြည့်ကြပါ၊ ကြိုက်သွားစေရပါမယ်၊ အာမခံပါတယ်။



San Pedro Kalea                                                                              (ဓါတ်ပုံ မရငတ)

သို့သော်လည်း ဒီ San Pedro Kalea ဈေးဆိုင်တန်းလမ်းက နာမည်ကြီးလာတာနဲ့အမျှ စားသောက် 
ဆိုင်တွေမှာ လူတွေပြည့်လာတာနဲ့အမျှ ဈေးနှုန်းတွေကလည်း တက်လာတယ် ထင်ပါတယ်၊ Paella 
တပွဲဈေးက စပိန်အတိုင်းအတာနဲ့ဆိုရင် ဈေးကြီးနေတယ် ပြောရပါမယ်၊ မောင်ရင်ငတေ စားဖူးပါတဲ့ 
တခြားစပိန်မြို့ဆိုင်တွေက ဒီထက်ပိုသက်သာတာ အမှန်ပါ၊ သို့သော်လည်း ဗိုက်ဆာနေပြီမို့ တခြား 
ရွေးစရာကလည်း မရှိတာနဲ့ Paella ပါအယ်လာတပွဲ ၁၅ ယူရို ပေးစားလာခဲ့ရပါတယ်၊ ပွဲကတော့ ပွဲ 
လတ်ပါ၊ ပါအယ်လာက ဥူစကာဒီဒေသထွက် Txakoli ဝိုင်ဖြူနဲ့ လိုက်ဖက်ပါတယ်လို့ ဆိုကြပေမယ့် 
မောင်ရင်ငတေကတော့ ရေဆာနေတာမို့ ဘီယာနဲ့သာ မျှောချ ဖြစ်ခဲ့ပါတယ်၊ ဥူစကာဒီ ဒေသထွက်
ဝိုင်ဖြူ Txakoli ထွက်ရှိရာ Getaria-Zarautz ကမ်းရိုးတန်းအနီးရှိ တောင်ကုန်းမို့မို့များပေါ် စပျစ်ခင်း 
တွေကြား လမ်းသလားဖို့ကိုတော့ နောက်တခေါက် ခရီးအဖြစ် ရေးမှတ်ခဲ့ပါတယ်။

စားသောက်ပြီးတော့ အချိန် သုံးနာရီလောက် လည်ပတ်ချိန် ရပါတယ်၊ အဲဒါနဲ့ မြေပုံကိုဖွင့် သွားသင့်
သွားလို့လည်းလွယ်တဲ့ လမ်းကြောရှာ အစာကြေရင်ချောင် လမ်းလျှောက်ကြအောင် ထွက်လာခဲ့ကြ 
ပါတယ်၊ သဲသောင်ပြင်များရှိရာ ပင်လယ်ပြင်ဘက်ကိုတော့ အချိန်ရမှ လျှောက်ကြတာပေါ့ဆိုပြီး မြို့ 
ဟောင်းဘက်သို့ဦးတည် ထွက်လာခဲ့ကြပါတယ်၊ ဘီဒါဆိုအာ မြစ်ဝ ပင်လယ်ပြင်ပြာပြာကို လှမ်းမြင်
နေရတဲ့ တောင်ကုန်း အတက်လမ်းအတိုင်း ငေးမောရင်း ခပ်ဖြေးဖြေး တက်လာခဲ့ကြပါတယ်။


Estuario de Bidasoa y Mar Cantábrico                                                (ဓါတ်ပုံ မရငတ)

သဘာဝတရားကြီးကတော့ နေရာတိုင်းအရာရာတိုင်းကို လှပစွာဖန်တီးပေးထားတယ် ထင်ပါတယ်၊ 
Mar Cantábrico ကန်တာဘရီကို ပင်လယ်ထဲသို့ စီးဝင်ပေါင်းစပ်သွားတဲ့ ဘီဒါဆိုအာ မြစ်ရေပြာပြာ
ရယ် အဖြူရောင် ရွက်လှေငယ်လေးများကို တွဲဖက်မြင်တွေ့ရတာက ရင်ကို ငြိမ်းအေးစေလှပါတယ်၊ 
ရှေးရှေးအခါက ရေကြောင်းအင်အား အကြိမ်ကြိမ်အစွမ်းပြခဲ့ကြရာ ဒီရေပြင်ပြာက အခုလို ငြိမ်သက်
တိတ်ဆိတ်စွာ လှပနေမှုမျိုးများ အဓွန့်ရှည်ပါစေသားလို့ မောင်ရင်ငတေ တွေးမိခဲ့ရပါတယ်။

ကန်တာဘရီကို ပင်လယ်ဝလို့ဆိုပေမယ့် ပင်လယ်ကူးသင်္ဘောဆိပ် မဟုတ်ပါဘဲ မူလလက်ဟောင်း 
တံငါလှေဆိပ်လေးသာရှိပြီး လူသွားလူလာ မများလှသေးတာကြောင့် သဘာဝအလှ ကျန်ရှိနေသေး 
တာ ထင်ပါတယ်၊ ဟုတ်လည်းဟုတ်လောက်ပါတယ်၊ စားသောက်ဆိုင်တန်းမှာသာ လူများစည်ကား
နေတာဖြစ်ပြီး ဒီမြို့ဟောင်းဘက် ရောက်လာတော့ လူက ခပ်ကျဲကျဲသာ ရှိပါတယ်။

တွေ့မြင်ခဲ့ရတဲ့ စိမ်းပြာနီ အိမ်လေးတွေကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ခေတ်ဟောင်းအိမ် တိုက်တန်းတွေ 
ကို တွေမြင်ရတော့ Un des Villages les Plus Pittoresques du Pays Basque လို့ သူတို့ စာရေး 
သူတွေ တင်စားရေးကြတာ မမှားပေဘူးလို့ တွေးမိရပါတော့တယ်၊ တကယ်လည်း လှပဆွဲဆောင်မှု 
ရှိတဲ့ ရွာလယ်အိမ်တန်းတွေပါ၊ လူဦးရေတသောင်းခွဲကျော် နေထိုင်ကြပေမယ့် အားလုံးက ဈေးဆိုင် 
တန်းတွေရှိရာ ရောက်ရှိနေကြဟန် တူပါတယ်၊ လမ်းတွေအိမ်တွေကတော့ အေးချမ်းငြိမ်သက်မှုများ
စွာနဲ့ တိတ်ဆိတ်လို့သာ နေပါတယ်၊ လမ်းပေါ် တွေ့ရသူတွေက ဟိုငေးဒီငေး တိုးရစ်များသာပါ။


Parador de Hondarribia သို့မဟုတ် Castillo de Carlos V                           (ဓါတ်ပုံ မရငတ)

မြို့ဟောင်းလယ်မှာတော့ Parador de Hondarribia သို့မဟုတ် Castillo de Carlos V ဆယ် ရာစု 
ခေတ် ခံတပ်ရဲတိုက်ဟောင်းကြီးနဲ့ Iglesia de Nuestra Señora ဘုရားကျောင်းကြီး တခုရှိပါတယ်၊ 
အဲဒီ နံရံမြင့်မြင့်ကြီးနဲ့ ရဲတိုက်ကြီးကို Sanche II de Navarre (Sancho II de Pamplona) (၉၃၈-
၉၉၄) ဘုရင် လက်ထက်မှာ စတင်တည်ဆောက်ခဲ့တယ် ဆိုပါတယ်၊ ဒီကနေ့မှာတော့ အွန်ဒါရီဘီရာ 
မြို့ရဲ့ နာမည်ကြီး အဆင့်မြင့် ဟော်တယ်နဲ့ စားသောက်ဆိုင်တွေ ဖြစ်သွားပါပြီ။

နပိုလီယံ ခေတ်တုန်းကတော့ ဒီ ရဲတိုက်ဟော်တယ်သို့ ရောက်ရှိလာခဲ့ဖူးပြီး တည်းခို သွားခဲ့ဖူးတယ် 
ဆိုပါတယ်၊ ဟိုးရှေးပြင်သစ်ဘုရင် လူဝီတွေ ရှာလ်းတွေ ဖရန်ဆွာတွေ ခေတ်အဆက်ဆက်မှာလည်း
ဆွေတော်မျိုးတော်တွေ တည်းခိုခဲ့ကြဖူးသလို ဒဏ္ဍာရီတွေလည်း မြောက်များစွာ ရှိခဲ့ပြီး သရဲခြောက် 
တယ်ဆိုတဲ့ ဇာတ်လမ်းတွေလည်း ရှိခဲ့ဖူးတယ်ဆိုတာကြောင့် မောင်ရင်ငတေတော့ မတည်းဝံ့ပါဘူး၊ 
သို့ပေမယ့် အဲဒီ ရဲတိုက်ဟောင်းရဲ့ သရဲဇာတ်လမ်းတွေကိုက စိတ်ဝင်စားဖွယ်ရာများ ဖြစ်နေလို့လား 
မသိပါဘူး၊ Parador de Hondarribia မှာလည်း သူ့မိတ်နဲ့သူ စည်စည်ကားကား ရှိနေတတ်မြဲပါ။

အဲဒီ ဆယ်ရာစုခေတ်က ကျောက်သားအဆောက်အဦးအဟောင်းကြီးဟာ  ဒီကနေ့ ၂၁ ရာစုကာလ 
နာမည်ကြီး ဟော်တယ်ကြီးတခုအဖြစ် အသွင်ပြောင်းခဲ့ပြီးနောက် အဆောက်အဦးထဲက လက်ကျန် 
ရှေးဟောင်း အမှတ်အသားတွေ ဘယ်လောက် ရှိနေသေးပါတယ်ပြောပြော ရှိသေးမရှိသေး ဆိုတာ 
တွေထက် အဲဒီရဲတိုက်ကြီးရဲ့ အနောက်မျက်နှာပြင်ကျယ်ကြီးကို ကြည့်ရင်းကနေ မောင်ရင်ငတေရဲ့ 
စိတ်ထဲမှာ သူတို့တတွေ အတိတ်က တော်တော် ကြီးကျယ်ခဲ့ပါလားလို့ အတွေးပေါက်မိရပါတယ်။


Au Cœur des Remparts d’Hondarribia, Le Quartier Historique                (ဓါတ်ပုံ မရငတ)

တချိန်ကကြီးကျယ်ခဲ့သော်လည်း ဒီကနေ့ တိတ်ဆိတ်နေတဲ့ မြို့ဟောင်းတမြို့လို့သာ ပြောရပါမယ်၊ 
တကယ်တော့ လူဦးရေ တသောင်းခွဲကျော်ရှိတဲ့ ဒီ Hondarribia မြို့က အဲဒီလောက် ငြိမ်သက်နေဖို့
မကောင်းပါဘူး၊ သို့သော်လည်း ဖြစ်နိုင်တာက ကျောင်းပိတ်ရုံးပိတ် ရက်ရှည်ကာလကြောင့်ရယ် နဂို 
မူလ စပိန်လူမျိုးတွေရဲ့ ဇိမ်ကျကျ နေတတ်မှုတွေကြောင့်ရယ် မြို့တွေရွာတွေပေါ်မှာထက် နေစာလှုံ 
ဇိမ်ယူလို့ ရတဲ့ နေရာတွေကို ရောက်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မြို့ဟောင်းဧရိယာက သိပ်တော့ ကျယ်လှတယ် မဟုတ်ပါဘူး၊ ဆယ့်လေးငါးမိနစ် ဟိုဘက်လျှောက် 
ဒီဘက်လျှောက် လျှောက်ရင်း ကျောက်တုံးတွေ ခင်းထားတဲ့ လမ်းဟောင်းတွေပေါ် လျှောက်ကြရပါ 
တယ်၊ အဲဒီလို ကျောက်တုံးတွေ ခင်းထားတဲ့ လမ်းတွေက ရှေးရှေးတုန်းကလမ်းတွေ ဖြစ်ကြပေမယ့် 
ခင်းထားတဲ့ ကျောက်တုံးတွေကတော့ ရှေးက အကြွင်းအကျန်တွေ ပါသလို အစားထိုးတွေလည်း ပါ 
ပါတယ်၊ ဒီကျောက်တုံးခင်းလမ်းမများက လမ်းလျှောက်သူများကို ဦးစားပေးပေမယ့် ကားများလည်း ဝ
င်ထွက်သွားခွင့် ပေးထားတာပါ၊ ဥရောပ မြို့ကြီးမြို့သေး အားလုံးလိုလိုရဲ့ မြို့လယ်လမ်း ခပ်ကျဉ်း 
ကျဉ်းတွေမှာ ကားတွေလည်း ခပ်ဖြေးဖြေး လူတွေလည်း ခပ်ဖြေးဖြေး ပလက်ဖောင်း စားပွဲခုံတွေမှာ 
စားသောက်နေသူများကလည်း ခပ်အေးအေး ဒီလိုသာ ရှောင်ကွင်းသွားကြရတာက မထူးဆန်းလှပါ 
ဘူးပြောရပါမယ်၊ မောင်ရင်ငတေတို့လို လာလည်ကြသူများကလည်း ဟုတ်သည်မဟုတ်သည် အပ 
ထား ကင်မရာတွေ ဖုန်းတွေနဲ့ ကိုယ်ပိုင်မီဒီယာတွေကနေ တိုက်ရိုက် မှတ်တမ်းလွှင့်သူများကလည်း
အများသားမှလား၊ အိမ်ရှင်ကလည်းစိတ်ရှည် ဧည့်သည်ကလည်း စိတ်ရှည်ရတဲ့ ခရီးသွားခေတ်ကိုး၊
ဧည့်လာများလို့ စီးပွားဖြစ် ဧည့်လာများလို့ ပျက်စီး ဆိုတာကတော့ အမြဲ ပဋိပက္ခ ဖြစ်နေမှာပါ။


Au Cœur des Remparts d’Hondarribia, Le Quartier Historique               (ဓါတ်ပုံ မရငတ)

မြို့လေး ခပ်ကျဉ်းကျဉ်းကို ဝိုင်းခတ်ထားတဲ့ ကျောက် မြို့ရိုးဟောင်းကြီးကတော့ အကောင်း ပကတိ
မဟုတ်တော့ပေမယ့် ထုကြီးထည်ကြီးနဲ့ နေရာ တော်တော်များများမှာ ကျန်ရှိနေသေးတာကို တွေ့ခဲ့ 
ရလေတော့ ဒီ အွန်ဒါရီဘီရာမြို့နဲ့ ဘီဒါဆိုအာ မြစ်ဝှမ်းက အင်္ဂလိပ် စပိန် ပြင်သစ် စစ်သမိုင်းတွေမှာ 
အရေးပါခဲ့လေတာကို ထောက်ခံချက် ပေးနေသလိုပါ။

ဘယ်သောအခါကမှ တိုင်းပြည်တပြည်အဖြစ် ရပ်တည်ခွင့် မရခဲ့တဲ့ နယ်တနယ်မှာ့
ဘုရင်တွေ မင်းတရားတွေ ထီးနန်းတွေ မရှိခဲ့တဲ့ ဒီကနေ့ တောမြို့အဆင့် မြို့တမြို့မှာ့
သူတို့ရဲ့ သမိုင်း သူတို့ ရေးထိုးခဲ့ဖူးပါတယ် ဆိုတာကို ထောက်ခံချက် ပေးနေသလိုသာပါ။

ဒီကနေ့ခေတ် စပိန်သမိုင်းပြင်သစ်သမိုင်းမှာ နောက်တန်းခပ်ကျကျအဆင့်မှာသာ လူသူသိပ်မသိဘဲ 
တည်ရှိနေတဲ့ နယ်စွန်နယ်ဖျားတောမြို့ဟောင်းလေးရဲ့ မြို့ရိုးဟောင်းကြီးကို တပတ်ပတ်ကြည့်ချင်မိ 
ပေမယ့် အချိန်မရတော့လို့ လေးဖက်လေးတန် ပြည့်အောင် ပတ်မကြည့် ဖြစ်ခဲ့ရပါဘူး။


Au Cœur des Remparts d’Hondarribia, Le Quartier Historique               (ဓါတ်ပုံ မရငတ)

မြို့ဟောင်း ဂိတ်တံခါးဝတခုနဲ့ တွဲလျှက်ရှိနေတဲ့ ရှေးအတိတ် တချိန်သောအခါက ဂိတ်မှူးအိမ် ဖြစ်ခဲ့ 
လေမလားမသိ ရဲတိုက်ခပ်သေးသေးပုံစံအိမ်က ပုဂ္ဂလိကပိုင်ဖြစ်နေပြီး ရောင်းချရန်ပါ ကြော်ငြာထား 
တာကို တွေ့မြင်ခဲ့ရလေတော့ သူတို့တွေရဲ့ အမွေဆက်ခံနိုင်ခွင့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်ခွင့်တွေက 
စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားဖွယ်ရာပါ။

ဘယ်လိုဖြစ်ဖြစ် Hondarribia မြို့ကို
Plus Beaux Villages du Pays Basque
More Interesting in Beauty, Heritage and Architecture
One of the Most Beautiful Towns of the Basque Country
Beautiful Basque Style Houses with Colorful Shutters and Balconies
အဲဒီလို ဘာညာတွေ တင်စား ရေးကြတာက အကြောင်းမဲ့ သက်သက်တော့ မဟုတ်လောက်ပါဘူး။

ဂျာနယ်လစ်တွေ ရီဗျူးရေးသူတွေ ဒေသခံတွေ ပိုင်ရှင်တွေ ပိုင်ရှင်တပည့်တွေ ရေးတာတွေတင်မက
ခေတ္တခဏ လာရောက် လည်ပတ်သူတွေရဲ့ ကွန်မန့်တွေ မှတ်ချက်တွေ ဘလောက်ခ်တွေ စာစုတွေ 
ထဲမှာ ရေးနေကြတာက ပိုက်ဆံရလို့ ဖားလျား ရေးတာမဟုတ်ဘူးလို့ မောင်ရင်ငတေ ထင်ပါတယ်။

ဥူစကာဒီ
ဥူစကာဒီ
လွတ်မြောက်ရေး
ကိုယ်ပိုင် အုပ်ချုပ်ရေး
ဘာညာတွေကိုတော့ မောင်ရင်ငတေ ဘာမှ သိပ်မပြောချင်ပါဘူး။

စပိန်မြေဘက်ခြမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥူစကာဒီသားတွေက လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု 
အဖြစ် စိတ်အားထက်သန်နေကြပေမယ့် ပြင်သစ်မြေပေါ်က ဥူစကာဒီသားတွေကတော့  ထင်ခဲ့သ 
လောက် သွေးပူမှု မရှိလို့ စိတ်ပျက်ရပါကြောင်း ပြောကြားသူတွေ ရှိနေပါတယ်။

ဒါပေမယ့် မောင်ရင်ငတေ့ ခေါင်းထဲ ရောက်နေတာက အာရှ အာဖရိက အမေရိက အစရှိတဲ့
ခပ်ဝေးဝေးက နိုင်ငံတွေကို မပြောချင်ပါဘူး၊ ဒီနေ့ မောင်ရင်ငတေ လွယ်လွယ် သွားလာခွင့် ရနေတဲ့
ဥရောပရှန်ဂန်နိုင်ငံ အီးယူနိုင်ငံတွေမှာ ကိုယ်ပိုင် စကား ကိုယ်ပိုင် အက္ခရာ ကိုယ်ပိုင် လူမျိုး မရှိပါတဲ့
ဘယ်လ်ဂျီယမ်တို့ လူဇမ်ဘူးတို့ ဆွစ်ဇာလန်တို့ လက်ချန်စတန်းတို့ အန်ဒိုရာတို့ မိုနာကိုတို့လို ဒေသ 
လေးတွေက နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေပြီး ဒီဥူစကာဒီတို့ ကာတာလန်တို့လို ကိုယ်ပိုင်သီးခြား
ဘာသာစကား သီးသန့် ရှိတဲ့ နေရာတွေက နိုင်ငံအဖြစ် ရပ်တည်ခွင့် မရပါသလဲ ဆိုတာကိုပါ။

အင်းးးးးးးးးးးးးးး ဒီလိုတွေးရင်း ဒီတခေါက် ဥူစကာဒီ ခရီးစဉ်ကို ဒီမှာ အဆုံးသတ်ပါတော့မယ်၊
ပြီးခဲ့တဲ့ ၂၀၁၅ ၁၆ ၁၇ ခုနှစ်များက သွားဖြစ်ခဲ့တဲ့ ဥူစကာဒီမြေ ဘီဘာလို ဂါနီကာ အီစလာ ခရီးစဉ် 
တွေကို အဆုံးသတ်မရေးဖြစ်ပါဘဲ ဒီနှစ်မှသွားဖြစ်ခဲ့တဲ့ ဒီခရီးစဉ် နှစ်ခုကို အဆုံးသတ် ရေးဖြစ်ခဲ့ပါပြီ၊
စိတ်ပါခဲ့ရင် အဲဒီနှစ်တွေက ခရီးတွေကိုလည်း အချောသပ် ရေးနိုင်အောင် ကြိုးစားပါဦးမယ်။

မောင်ရင်ငတေ့အတွက် တကျပ် ပြား ကိုးဆယ်နဲ့ နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင်ရင်း ရောက်ခဲ့ရတဲ့
အွန်ဒါရီဘီရာ မြို့ဟောင်းလေးကိုတော့ မေ့ပျောက်နိုင်မှာ မဟုတ်တာ သေချာလှပါတယ်။

မောင်ရင်ငတေ ၂၇၀၈၂၀၁၈-၀၇၀၉၂၀၁၈-၃၁၁၀၂၀၁၈

ပြင်သစ်တခွင် ပုံရိပ်များ

တကျပ် ပြား ကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင် 


မောင်ရင်ငတေ ၂၇၀၈၂၀၁၈-၀၇၀၉၂၀၁၈-၃၁၁၀၂၀၁၈

ပြင်သစ်တခွင် ပုံရိပ်များ

ငွေမှင်ရောင် ဖရန့်အတ္တလန်တစ် ကမ်းခြေများ

တကျပ် ပြား ကိုးဆယ်တန် နိုင်ငံရပ်ခြားသို့ ဘုတ်စီး ခရီးနှင်  



Aucun commentaire:

Enregistrer un commentaire