Libellés

mardi 7 août 2018

** * လက်ဝဲကမ်းပါး (၁) ** *

ပါရီပုံရိပ်များ
လက်ဝဲကမ်းပါး (၁) (ပါရီမြို့မှာ တနေ့တာ) (တတိယနေ့ ပထမပိုင်း)


Rive Gauche de la Seine à Paris                                                        (ဓါတ်ပုံ မရငတ)

Rive Gauche
လက်ဝဲကမ်းပါး
ပါရီ စဲန်းမြစ်ရဲ့ လက်ဝဲကမ်းပါး

အင်္ဂလိပ်လိုတော့ Left Bank
ပြင်သစ်လို Rive Gauche de la Seine à Paris
အတိုကောက်နဲ့ ပြောကြရရင်တော့ Rive Gauche
စဲန်းမြစ်ရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိတဲ့ လက်ဝဲကမ်းပါး။

စဲန်းမြစ်ဟာ ပါရီမြို့တော်ကို အရှေ့တောင်ကနေ အနောက်တောင်ဘက်သို့ ဂငယ်ကွေ့ ကွေ့ဝိုက်ပြီး 
အနောက်မြောက်ဘက် မြောက်ပင်လယ်အနီး အင်္ဂလိပ်ရေလက်ကြားဆီသို့ ပြောင်းပြန်စီးဆင်းသွား 
တာပါ၊ စဲန်းမြစ်ရေ စီးဆင်းသွားရာဘက်သို့ မျက်နှာမူပြီး မြောက်ဘက်ကမ်းဘက်ကို လက်ယာကမ်း 
တောင်ဘက်ကမ်းဘက်ကို လက်ဝဲကမ်းဆိုပြီး တင်စား သတ်မှတ် ခေါ်ခဲ့ကြတာပါ။

ပါရီအကြောင်း ပါရီပုံရိပ်များအကြောင်း ရေးမယ်ဆိုရင်
ဒီနေရာတဝိုက် အကြောင်းလည်း မရေးမဖြစ် ရေးရမှာပါ။


"Paris 'Learned to Think' on the Left Bank"                                       (ဓါတ်ပုံ မရငတ)

ပါရီမြို့တော်ရဲ့
အဓိက တိုးရစ် လမ်းကြောကို ရေးဆွဲမယ်ဆိုရင်
နံပတ်တစ် အဖြစ် ပြောရမယ့် အီဖယ် မျှော်စင်က
လက်ဝဲကမ်းပါး အနောက်စွန်းနားမှာ တည်ရှိပါတယ်။

နံပတ်နှစ် အောင်မြင်ရေး မုခ်ဦးနဲ့ ရှောင်ဇေလီဇေ လမ်းမ
နံပတ်သုံး ကွန်းကော့ ကျောက်တိုင်နဲ့ လုဗ်ရ် နန်းတော်ပြတိုက်
နံပတ်လေး တောင်ပေါ် ဘုရားကျောင်းတို့က လက်ယာကမ်းပါး ဘက်ခြမ်းမှာ တည်ရှိကြပါတယ်။

နံပတ်ငါး နော်ထ်ရ်ဒမ် ဘုရားကျောင်းကတော့ ကမ်းပါးနှစ်ခုအကြား စဲန်းမြစ်လယ်က ကျွန်းပေါ်မှာ
တည်ရှိပြီး နံပတ်ခြောက် ဖြစ်တဲ့ ဗားဆိုင်း နန်းတော်ဟောင်းကြီးကတော့ မြို့ပြင် ခပ်လှမ်းလှမ်းမှာ
တည်ရှိပါတယ်။

အဲဒီ လက်ဝဲကမ်းပါး ရပ်ကွက်တွေက ပြင်သစ် ဖရန့် တိုင်းပြည်ရဲ့
သမိုင်းကြောင်းတွေ ပြောရင် မပါမဖြစ် ဆိုပေမယ့်လည်း ဒီကနေ့
ပါရီ တိုးရစ်လမ်းကြောင်းမှာတော့ ဒုတိယ ဦးစားပေး အဆင့်မှာသာ ရပ်တည်နေပါတယ်။

အဲဒီ လက်ဝဲကမ်းပါးကို လည်ပတ်ချင်တယ် ဆိုရင်တော့
ပါရီ နှစ်ညအိပ် ခရီးလောက်နဲ့ ရောက်ဖို့ မလွယ်လှပါဘူး၊
ရောက်ရင်လည်း အဖျားခပ်လောက်သာ ရောက်နိုင်မှာပါ။

နှစ်ညအိပ်နဲ့ဆိုရင် အီဖယ် လုဗ်ရ် အပါအဝင် အဓိကလေးငါးနေရာလောက်သာ ရောက်နိုင်မှာဖြစ်ပြီး 
ဗားဆိုင်းတောင် မနည်း အချိန်လု သွားမှ ရောက်မှာပါ၊ ဒါကြောင့် အထူးတလည် တောင်းဆိုလာသူ 
များမှသာ မောင်ရင်ငတေလည်း လိုက်ပို့ ဖြစ်ပါတယ်။

ဒီ လက်ဝဲကမ်းပါး ဆိုတာက ပါရီ သမိုင်းဟောင်း အကြောင်းပြောရင် မပါမဖြစ် ပါဝင် ရမှာပါ၊ ပါရီသူ 
ပါရီသား ပါရီဇီယမ်တွေရဲ့အကြောင်း ပြင်သစ် ဘုရင်များရဲ့အကြောင်း ပြင်သစ် နိုင်ငံရေး ပညာရေး 
ယဉ်ကျေးမှု အနုပညာ စာပေ အတွေးအခေါ်တွေရဲ့ အကြောင်းပြောရင် မပါမဖြစ် ပါဝင်ရမယ့်နေရာ 
တနေရာပါ၊ တိုးရစ်လမ်းကြောမှာ ဒုတိယ ဦးစားပေးအဆင့်မှာသာ ရှိပေမယ့် အချိန်လေးရရင်တော့
သွားသင့် သွားထိုက် ရောက်သင့် ရောက်ထိုက်တဲ့ နေရာပါ။


"Paris 'Learned to Think' on the Left Bank."                                        (ဓါတ်ပုံ မရငတ)

ပါရီမြို့ စဲန်းမြစ်မြောက်ဘက် လက်ဝဲ ကမ်းပါးမှာ ရပ်ကွက်ကြီး ခြောက်ကွက် ရှိပါတယ်၊
အမှတ် (၅) (၆) (၇) (၁၃) (၁၄) (၁၅) ဆိုပြီး ရပ်ကွက်ကြီး ခြောက်ကွက် တည်ရှိပါတယ်။

ပါရီမြို့မှာ တရားဝင်အဖြစ် တည်ရှိတဲ့ ရပ်ကွက်ကြီး နှစ်ဆယ် သို့မဟုတ် မြို့နယ် နှစ်ဆယ်ကို
နံပတ်တွေနဲ့ မှည့်ခေါ်ထားတာပါ၊ သို့သော်လည်း ဟိုးရှေးကာလထဲက ခေါ်လာခဲ့တဲ့ အခေါ်အဝေါ်
အဟောင်းတွေနဲ့ နှုတ်ကျိုးနေသော ပါရီဇီယမ် ဖရန်ဆေးဇ်တွေလည်း အများအပြား ရှိကြပါတယ်။

မောင်ရင်ငတေ ရေးမယ့်
Rive Gauche ခေါ် လက်ဝဲကမ်းပါးမှာ
အဲလို အခေါ်အဝေါ်ဟောင်းတွေနဲ့ ခေါ်တဲ့
ရပ်ကွက်အဟောင်းကြီး သုံးခု ပါဝင်ပါတယ်။

အဲဒီ အဓိက ရပ်ကွက်ဟောင်းကြီး သုံးခုကတော့
Professeurs တွေ Étudiants တွေ ကျက်စား နေထိုင်ခဲ့ကြတဲ့ Quartier Latin 
Intellectuels တွေ ကျက်စား နေထိုင်ခဲ့ကြတဲ့ Quartier Saint-Germain-des-Prés
Artistes တွေ Musiciens တွေ ကျက်စား နေထိုင်ခဲ့ကြတဲ့ Quartier du Montparnasse တို့ပါ။

(အဲဒီလို အကြမ်းအားဖြင့် ခွဲခြားပြောပေမယ့် အားလုံးဟာ ရောထွေးပေါင်းစပ် နေထိုင်ခဲ့ကြတာပါ)၊
အဲဒီ ရပ်ကွက်တွေနဲ့ ဆက်စပ်နေတဲ့ ရပ်ကွက်လေးတွေ ရှိသေးပေမယ့် သိပ် နာမည်မကြီးလှပါဘူး။

လမ်းမကြီးတွေ အမည်နဲ့ ပြောရမယ်ဆိုရင်တော့
Boulevard Saint-Michel စဲန့် မီရှဲလ် လမ်းမကြီး
Boulevard Saint-Germain စဲန့် ဂျာမန်း လမ်းမကြီး
Boulevard du Montparnasse မွန့်ပါးနပ်စ် လမ်းမကြီး တို့က အဓိကပါ။

စဲန့် ဂျာမန်းနဲ့ မွန့် ပါးနပ်စ် လမ်းမကြီးတွေက အရှေ့အနောက် ဖောက်ထားတာပါ၊
စဲန့် မီရှဲလ် လမ်းမကြီးကတော့ တောင်က မြောက်ဆီသို့ ဖောက်လုပ်ထားတာဖြစ်ပြီး
စဲန့် ဂျာမန်းနဲ့ မွန့် ပါးနပ်စ် လမ်းမကြီးတွေကို ဆက်သွယ် ပေးထားတာ ဖြစ်ပါတယ်။

ဒီ လမ်းမကြီးတွေနဲ့
ဒီ ရပ်ကွက်ဟောင်းကြီး သုံးခုက အကြောင်းတွေကို ဒီနေရာမှာ တထိုင်တည်း ပြောဖို့ကတော့ မဖြစ် 
နိုင်ပါဘူး၊ ဘာလို့ဆိုတော့ ဒီနေရာက ဘုရားကျောင်းတွေ ကျောင်းတွေတက္ကသိုလ်တွေ စာအုပ်ဆိုင် 
တွေ စာပုံနှိပ်စက်တွေ ကဖေးဆိုင်တွေ စားပွဲရုံတွေ ဘားတွေ အိမ်ခန်း စတူဒီယိုတွေ ဂယ်လာရီတွေ 
ရုပ်တုတွေ သချိုင်းကုန်းတွေ သမိုင်းတလျှောက် သူ့နည်းသူ့ဟန်နဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ မြောက် 
များစွာသော နေရာတွေ တည်ရှိရာ နေရာ ဖြစ်နေလို့ပါ။

အဲဒါကြောင့် လာရောက် လည်ပတ်သူတွေ ဦးစားပေး သွားချင်ရာ ဆန္ဒများကို မေးမြန်းပြီး နောက်မှ
မောင်ရင်ငတေ ပို့ပေးနိုင်မယ့် လမ်းကြောင်းကို အစဉ်ပြေသလို ရေးဆွဲ ဖြစ်မြဲပါ၊ အဲဒီ လမ်းကြောမှာ
ပါဝင်မယ့် နေရာတွေကို တခုချင်းအကျယ်ချဲ့ပြီးတော့ ဒီ လက်ဝဲကမ်းပါး စာစုမှာ မရေးဖွဲ့တော့ပါဘူး၊
တခုချင်းကိုတော့ နောင်များမှ အစဉ်ပြေသလို အာရုံလာရင် လာသလို အကျယ်ချဲ့ ရေးပါဦးမယ်။


"Paris 'Learned to Think' on the Left Bank"                                         (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေဆီသို့ ရောက်လာကြသူတွေရဲ့ ဝါသနာပါရာ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ အတွက်
သူတို့သွားလိုရာရောက်ဖို့ လမ်းကြောသုံးလေးခုကို ဒီနေရာမှာ ရေးချင်မိတာပါ၊ အားလုံးရဲ့ ဆန္ဒများ
ကိုတော့ သူတို့ အချိန်ရသလောက် ဖြည့်ဆည်းပေးရတာမို့လို့ တခါနဲ့တခါ လမ်းကြောက မတူညီမှာ 
ကတော့ အမှန်ပါ၊ အခြေအနေအရ တည်းခိုရာနေရာနဲ့ သွားသင့်တဲ့ လမ်းကြောကို ရွေးချယ်ရတာ 
မျိုးပါ၊ တချို့ကတော့ သူတို့ သိထားပြီးသား ရောက်ဖူးချင်တဲ့ သမိုင်းဟောင်းထဲမှာ ပါဝင်ခဲ့တဲ့ နေရာ 
တွေကို ပြောလာတာကြောင့် မောင်ရင်ငတေ လမ်းကြောင်းပြောင်းဆွဲပေးရတာမျိုးလည်း ရှိပါတယ်။

ပုံမှန်အားဖြင့် မောင်ရင်ငတေ လိုက်ပို့နေကျ လမ်းကြောင်းအတိုင်း ရေးထားတာလေးတွေကို အခြေ 
ခံပြီး ဒီ လက်ဝဲကမ်းပါး လည်ပတ်ခြင်း စာစုကို ရေးချင်ပါတယ်၊ သွားနေကျ လမ်းကြောင်းကနေမှ 
လာလည်ကြသူတွေရဲ့ တောင်းဆိုမှုကြောင့် လမ်းကြောင်းလွှဲ သွားရတာမျိုးတွေကိုလည်း ထည့်ရေး 
ပါမယ်၊ သို့သော်လည်း ထည့်ရေးရမှာ များပြားလှတာကြောင့် တတ်နိုင်သလောက် ချုပ်ရေးပါ့မယ်။

အဲဒီ လမ်းကြောကို သွားမယ်ဆိုခဲ့ရင် လမ်းကြောင်းက အမျိုးမျိုး ရှိပါတယ်၊ မောင်ရင်ငတေကတော့
မေထရိုလိုင်း အမှတ် (၇) Place Monge ဘူတာလေးကနေ သွားဖြစ်တာများပါတယ်၊ ဘာလို့လည်း 
ဆိုတော့ မောင်ရင်ငတေနေတဲ့အိမ်က မေထရို (၇) လိုင်း အဆုံးနားမှာ ရှိတာရယ် ကိုယ်သွားနေကြ
လမ်းမို့လို့ အကျင့်ပါနေတာရယ်ကြောင့်ပါ၊ တခြားလမ်းတွေကလည်း သွားမယ်ဆို ရပါတယ်။

ဘယ်လမ်းကြောကသွားသွား ဒီရပ်ကွက်ထဲမှာ အမြင့်ဆုံးအဆောက်အဦး တခုဖြစ်တဲ့ Panthéon နဲ့ 
ပါရီမြို့ရဲ့ ပထမဦး တက္ကသီလာ ကျောင်းတော်ကြီးအဖြစ် ထင်ရှားတဲ့ Université Paris-Sorbonne 
ကိုတော့ မရောက်မဖြစ် ရောက်ကြရမှာပါ။


Quartier Latin (Latin Quarter)                                                           (Photo Google)

Place Monge ဘူတာက အမှတ် () ရပ်ကွက် သို့မဟုတ် လက်ဝဲကမ်းပါးက ရပ်ကွက်ဟောင်းကြီး
သုံးကွက်ထဲက Quartier Latin (Latin Quarter) လက်တင် ကွာတာနဲ့ အနီးဆုံးမှာ ရှိပါတယ်၊ အဲဒီ 
လက်တင်ကွာတာကို တချို့တွေက Quartier Étudiant ကျောင်းသားရပ်ကွက်လို့ ခေါ်ကြပါတယ်။

အဲလို ကျောင်းသားရပ်ကွက်လို့ အမည်မတွင်ခဲ့ပါဘဲ Quartier Latin ကာတီယေးလက်တင့့်
လက်တင်ကွာတာ လက်တင်ရပ်ကွက်လို့ အမည်တွင်ခဲ့ရတာက ဟိုးရှေးရှေးက အင်္ဂလိပ်ပြင်သစ်စာ
တွေထက် လက်တင်လို့ တတ်မှ လူရာဝင်သလို ကျောင်းတွေကလည်း လက်တင်လိုသာ ဦးစားပေး
သင်ကြားတာကြောင့် ဖြစ်တယ် ဆိုကြပါတယ်။

အမှန်တကယ်လည်း ကျောင်းသား ကျောင်းဆရာများ အစဉ်အဆက် ကျင်လည်ခဲ့ကြတဲ့ နေရာတခု 
ပါ၊ နှစ်တရာနှစ်ရာ မဟုတ်ပါဘူး၊ အေဒီ ငါးရာခုနှစ်ဝန်းကျင်ထဲက သမိုင်းမှတ်တမ်း ထင်ထင်ရှားရှား 
ရှိခဲ့တယ်လို့ ဆိုပါတယ်၊ ကျောင်းမှတကျောင်းထဲ မဟုတ်ပါဘူး၊ ကျောင်းပေါင်းစုံလို့သာ ပြောရမှာပါ။

အနီးစပ်ဆုံး ပြောရမယ် ဆိုရင်တော့ ကမာရွတ် လှည်းတန်းလမ်းဆုံ လှိုင်သမိုင်းဝင်း အင်းယားလမ်း 
တက္ကသိုလ်ရိပ်သာလမ်း ဝန်းကျင်ကဲ့သို့သောနေရာမျိုး ခပ်ဆန်ဆန်ပါ၊ သို့သော်လည်း မဟာရန်ကုန်
တက္ကသိုလ်ကဲ့သို့ ခြံကြီးဝင်းကြီး သစ်ပင်ကြီးတွေနဲ့ အုံ့ဆိုင်းမှိုင်းညို့ သာယာလှပမှု မရှိပါဘူး၊ ပါရီမြို့ 
ခါးလယ် လူနေရပ်ကွက်တွေကြားက ကျောင်းဆောင်တိုက်တန်းလျား ပုံစံမျိုးမို့ တော်ရုံတန်ရုံ ဖီလင် 
မလာတတ် မခံစားတတ်သူများကို မောင်ရင်ငတေ လိုက်ပို့လေ့ မရှိပါဘူး။



Roman Amphithéâtre "Arènes de Lutèce"                                           (ဓါတ်ပုံ မရငတ)

Place Monge ဘူတာထွက်ပေါက်တခုက Roman Amphithéâtre ရောမခေတ်ပွဲကြည့်စင်ဟောင်း
တခုရဲ့ အောက်တည့်တည့်မှာပါ၊ အကြီးကြီးတော့ မဟုတ်ပါဘူး၊ အေဒီ (တစ်) ရာစု ခေတ်က တည် 
ဆောက်ခဲ့တယ်ဆိုတဲ့ အဲဒီ Arènes de Lutèce ပွဲကြည့်စင်ဟောင်းက ဒီကနေ့မှာ အပန်းဖြေ ပန်းခြံ 
သို့မဟုတ် အပျင်းပြေကစားကြဖို့ကစားကွင်း သို့တည်းမဟုတ် ရပ်ကွက်ပွဲတော်လေးတွေ ကျင့်ပကြ 
ရာ နေရာတခု ဖြစ်သွားခဲ့ပါပြီ၊ အချိန်ရရင် ရသလို ဒီနေရာလေးဝင်ကြည့် ခဏထိုင်ဖြစ် ပါတယ်။

အချိန်သိပ်မရသူများအတွက်ရယ် မောင်ရင်ငတေ သွားနေကြမို့ရယ် ဒီ Place Monge ဘူတာကနေ 
သွားဖြစ်နေပေမယ့်လည်း တခြားဘူတာတွေက သွားရင်လည်း ရပါတယ်၊ ဒီဘူတာကသွားရင်တော့ 
လမ်းကြော အတည့်ဆုံးနဲ့ အတိုဆုံးချုပ်ပြီး သွားလို့ ရနိုင်တာမို့ သွားဖြစ် နေရခြင်းပါ၊ တခါတလေမှာ 
လာလည်တဲ့သူ အချိန်ပေးနိုင်လို့ အဲဒီနား လမ်းကြို လမ်းကြားလျှောက် ပါရီဇီယမ်ထုံးစံ ကဖေးဘား 
လေးတွေမှာထိုင် တောကီပွားကြတာမျိုးတော့ ရှိပါတယ်၊ အဲလိုမျိုး ဆိုလာရင်တော့ ထိုင်ချင်တဲ့ဆိုင် 
ထိုင်လို့ကောင်းမယ့် နေရာ လမ်းကြောပြောင်း ဆွဲရတာမျိုးလည်း ရှိတတ်ပါတယ်။


Quartier Latin (Latin Quarter)                                                           (Photo Google)

Place Monge ကျော်ပြီး ရှေ့တဘူတာ Jussieu မှာ ဆင်းလည်း ရပါတယ်၊ Jussieu ဘူတာအနီးမှာ 
လည်း ကျောင်းတွေအများကြီးပါ၊ Jussieu အမည်တွင်ရခြင်းက ရုက္ခဗေဒပညာရှင်မိသားစု Famille 
de Jussieu ကို အစွဲပြုခေါ်ဝေါ်ခြင်းပါ၊ ဘူတာနဲ့ မလှမ်းမကမ်းမှာလည်း ရုက္ခဗေဒဆိုင်ရာ သင်တန်း 
ကျောင်း Jardin de l'École de Botanique နဲ့ Jardin des Plantes ရုက္ခဗေဒ ပန်းဥယျာဉ်ကြီးတခု 
ရှိပြီး Muséum National d'Histoire Naturelle သဘာဝ သမိုင်းပြတိုက် တခုလည်း ရှိပါတယ်။

ကနေ့ ၂၀၁၈ ခုနှစ်မှာ Campus de Jussieu ဖြစ်သွားပြီဖြစ်တဲ့ ဆေးပညာနဲ့ သိပ္ပံပညာ သုတေသန
ကျောင်း Université Pierre-et-Marie-Curie (Paris VI) ကတော့ Jussieu ဘူတာ ဂိတ်ဝင်ပေါက် 
တည့်တည့်မှာ တည်ရှိပါတယ်၊ စဲန့်ဂျာမန်းလမ်းမကြီး အရှေ့ဘက်စွန်းလက်တင်ကွာတာ ရပ်ကွက် 
အရှေ့စွန်းမှာ တည်ရှိတဲ့ ကျောင်းပါ၊ ကျောင်းသားပေါင်း သုံသောင်းခွဲလောက် လက်ခံသင်ကြားနိုင်
သလို ကျောင်းဝင်းတဝင်းလုံးမှာလည်း အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာမျိုးပါ။

Place Monge မရောက်ခင် Censier-Daubenton ဘူတာကလည်း သွားချင်ရင် သွားလို့ ရပါတယ်၊
အဲဒီ ဘူတာ သုံးခုစလုံးက မေထရို နံပတ် (၇) လိုင်းပေါ်မှာ တည်ရှိတာပါ၊ နံပတ် (၁၀) လိုင်းပေါ်က 
Maubert-Mutualité နဲ့ Cluny-La Sorbonne ဘူတာတွေကသွားလည်း ရပါတယ်၊ မောင်ရင်ငတေ့ 
အတွေ့အကြုံအရ ပါရီမြို့ပေါ်မှာလည်မယ်ဆိုရင် တခြားမြို့တွေထက် အချိန်ပိုပေးရသလို သွားစရာ
ကြည့်စရာတွေလည်းပိုများပြီး လမ်းကြောဆွဲရတာလည်း ပိုရှုပ်ထွေးလှတာကြောင့် လာလည်သူများ 
ဦးစားပေး သွားချင်ရာကို မေးပြီးမှ လမ်းကြောင်းရှာသွားတာ အကောင်းဆုံးပါ၊ ဆယ်ညအိပ် ငါးနိုင်ငံ 
ဥရောပခရီးစဉ်တွေနဲ့ သွားကြသူများကတော့ ဒီနေရာမျိုးတွေ ပါလေ့မရှိ ရောက်လေ့မရှိပါဘူး။




Rue Mouffetard                                                                               (Photo Google)

Place Monge ဘူတာက ဘယ်ဘက် ကုန်းတက်လမ်းလေးအတိုင်း တက်သွားရင်တော့ သိပ်မကြာ 
ခင်မှာ ကဖေး ဘားဆိုင်လေးတွေနဲ့ လူစည်ကားနေတဲ့ ကွက်လပ် ရင်ပြင်လေးတခုကို တွေ့ရပါမယ်၊ 
Censier-Daubenton ဘူတာက သွားရင်တော့ အဲဒီ Place de la Contrescarpe ရင်ပြင် မရောက် 
ခင်မှာ ဈေးဆိုင်တန်း ကဖေးဘားတွေနဲ့ လူစည်ကားတဲ့ လမ်းကျဉ်းလေးတွေကို အရင်ဖြတ်ရပါမယ်။

ဒီ လမ်းလေးတွေထဲမှာ လူအစည်ဆုံးကတော့ Rue Mouffetard ဆိုတဲ့ လမ်းကျဉ်းလေး တလမ်းပါ၊
နာမည်ကျော် အမေရိကန် စာရေးဆရာသတင်းထောက် Ernest Hemingway ဟဲမင်းဝေး (၁၈၉၉-
၁၉၆၁) ၁၉၂၀ ခုနှစ်ကျော် ကာလများက ကျက်စားခဲ့ရာ နေရာတွေထဲက တနေရာပါ။

The Old Man and the Sea ပင်လယ်ပြာနဲ့တံငါအို စာအုပ်ရေးသူ အာန်နက်စ် ဟဲမင်းဝေးကိုတော့ 
ဗမာစာဖတ်သူများ စာရေးဆရာများ ကောင်းကောင်းကြီး သိကြပါတယ်၊ စာရေးဆရာ ကျော်အောင် 
ဘာသာပြန်တဲ့ A Moveable Feast (Paris est une Fête) ပါရီရုပ်ပုံလွှာ စာအုပ်မှာ ဟဲမင်းဝေးဟာ 
၁၉၂၀ ကျော်ခုနှစ်များက သူဖြတ်သန်းသွားခဲ့ဖူးတဲ့ ပါရီ ပေတရာလမ်းမများ အကြောင်းကို သတိတ 
ရနဲ့ ရေးဖွဲ့ခဲ့ပါတယ်၊ အဲဒီ စာအုပ်ဟာ သူရေးခဲ့တဲ့ တခြားစာအုပ်များလောက် ပြောစမှတ် မတွင်ခဲ့ပေ
မယ့်လည်း ပါရီ ပေတရာ လမ်းမကြီးများပေါ်က လူ့စရိုက်တွေကို ဖော်ပြနိုင်ခဲ့တဲ့ စာအုပ်တအုပ်ပါ။

စာရေးဆရာ ကျော်အောင် ဘာသာပြန်တဲ့ ပါရီရုပ်ပုံလွှာ အပြင် သူတို့ဖြတ်သန်းခဲ့တဲ့ ပါရီအကြောင်း 
အတွေ့အကြုံတွေကို ရေးကြတဲ့ စာရေးဆရာ ပန်းချီလှတင်ထွန်း (ဝင်းပ) ရဲ့ ပါရီ ပန်းချီခရီးသည်တို့ 
သံအမတ်ကြီး ဦးသက်ထွန်းရဲ့ ကင်းဝန်ခြေရာတို့ စာရေးဆရာ နေဝင်းမြင့်ရဲ့ ပါရီနွေဦးတို့လို့ ပါရီမြို့ 
အကြောင်းရေးထားတဲ့ ဗမာစာအုပ်တွေ လေးငါးအုပ်မျှမက ရှိပါတယ်၊ သို့သော်လည်း အဲဒီစာအုပ် 
တွေက ပါရီအကြောင်းထက် ပြင်သစ်အကြောင်းကို လွှမ်းခြုံရေးထားတာတွေပါ၊ ဟဲမင်းဝေးရေးတာ 
ကတော့ ပါရီ ပေတရာလမ်းများအကြောင်းကို ပိုဇောင်းပေး ရေးထားတာမျိုးပါ။



74 Rue Cardinal Lemoine                                                                (Photo Google)

အဲဒီစာအုပ်ထဲမှာ ဟဲမင်းဝေးကြီး နေထိုင်ခဲ့တယ်ဆိုတဲ့ 74 Rue Cardinal Lemoine တိုက်ခန်းလေး 
က အဲဒီ Place de la Contrescarpe ရင်ပြင်ထိပ်မှာ တည်ရှိပါတယ်၊ ဟဲမင်းဝေး နေခဲ့တဲ့ Cardinal 
Lemoine ကာဒီနယ် လေမွိုမ်း လမ်းလေးက ဒီကနေ့ထိလည်း ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး၊ အဲဒီ 
တိုက်ခန်း တတိယထပ်မှာ ပထမဆုံးကြိမ် ပါရီမြေကို ရောက်လာတဲ့ ဟဲမင်းဝေးဟာ သူ့ရဲ့ပထမဇနီး 
အမေရိကန်သူ Hadley Richardson (၁၈၉၁-၁၉၇၉) နဲ့အတူ ၁၉၂၂-၂၃ မှာ နေထိုင်သွားပါတယ်။

ဟဲမင်းဝေးဟာ အမေရိကန်ပြည်ကနေ ပါရီမြို့ ရောက်လာတော့ အသက် ၂၀ ကျော်ကျော်လေးသာ 
ရှိသေးတာမို့ အတော်ငယ်သေးတယ် ပြောရပါမယ်၊ (မောင်ရင်ငတေတို့က ၃၅ နီးမှ ရောက်လာတာ 
မို့လို့ အိုကာနီးမှ ရောက်ခဲ့ရသူသာပါ)၊ အသက်ငယ်ငယ် မိန်းမရကာစ အမေရိကန်လူငယ်ခြေတက် 
တယောက်နဲ့ အာဆီယံသား လူကြီးခြေကျ မောင်ရင်ငတေနဲ့ နှိုင်းပြောလို့ မရနိုင်ပါဘူး။

အဲဒါကြောင့် ဟဲမင်းဝေး ပြောခဲ့သလို ပါရီမြို့ကြီးဟာ ပြောင်း၍ ရွှေ့၍ ရနိုင်သော စားသောက်ပွဲကြီး 
တခုနဲ့ တူတယ် ဆိုတာမျိုးကတော့ မောင်ရင်ငတေတို့ ဘဝမျိုးနဲ့ မအပ်စပ်လှပါဘူး၊ မောင်ရင်ငတေ 
တို့ခေတ် ရွှေ့ပြောင်းအခြေစိုက်တွေ များပြားလှတဲ့ ခေတ်သစ်ပါရီမြို့ကြီးက အနေကျပ်အသေကျပ် 
အကုန်ကျပ်တဲ့ခေတ် ဖြစ်သွားပါပြီ၊ ကိုယ်တိုင်ချက် အိမ်ဟင်းအိမ်ထမင်း အားထားစားရကြတဲ့အချိန်
ဖြစ်သွားပါပြီ၊ ဒါတွေဒီနေရာ ထည့်ပြောရင် ရှုပ်ကုန်မှာမို့ မပြောတော့ပါဘူး မစ္စတာ ဟဲမင်းဝေး ရယ်။

ဆိုင်တွေလူတွေနဲ့ ဒီကနေ့ထိ ရှုပ်ရှက်ခပ်နေတဲ့ လမ်းကတော့ Rue Mouffetard လမ်းကျဉ်းလေးပါ၊
ဟဲမင်းဝေးရဲ့ ပါရီရုပ်ပုံလွှာခေတ်မှာ အဲဒီ ရူ မူဖ်တာ လမ်းကျဉ်းလေးဟာ သာမန်ပါရီသူပါရီသားတွေ
အတွက် အရေးပါတဲ့ နေရာဖြစ်ခဲ့သလို နှစ်တရာနီးပါးမျှကြာပြီးတဲ့နောက် ဒီကနေ့ မောင်ရင်ငတေရဲ့ 
ပါရီပုံရိပ်များခေတ် ၂၀၀၀ ခုနှစ်များမှာတော့ ပါရီ Hemingway Way မှာထင်ရှားတဲ့ နေရာတနေရာ 
ဖစ်လာခဲ့ပါပြီ၊ ရူ မူဖ်တာ လမ်းကျဉ်းလေးက ဟဲမင်းဝေးရဲ့ဘုံဆိုင် Café des Amateurs ကဖေး ဒေ
ဇာမေတာ ဆိုင်လေးမှာ ထိုင်ဖူးချင်လို့ မောင်ရင်ငတေ ရှာသေးပေမယ့် မတွေ့ရှိတော့ပါဘူး၊ ဒီကနေ့
ခေတ်ရဲ့ လိုအပ်ချက်အရ ဆူရှီရှော့ပ်လား ချိုင်းနိ့စ်ဖုဒ်လား ဖြစ်သွားဟန် တူပါတယ်။

ဟဲမင်းဝေးရဲ့ ခေတ်ကာလထဲက အမေရိကန် အင်္ဂလစ်ရှ် အိုင်းရစ် မက်စီကန် အက်စ်ပန်ညော ဆိုင် 
လေးတွေနဲ့ စည်ကားခဲ့တဲ့ ရူမူဖ်တာ လမ်းကျဉ်းလေးက ဒီကနေ့ ပါရီပုံရိပ်များခေတ်မှာတော့ ပို၍ပို၍ 
အင်တာနေရှင်နယ်လမ်း ဖြစ်လို့လာနေပါပြီ၊ မောင်ရင်ငတေ့ စိတ်ကူးထဲမှာ Contrescarpe ရင်ပြင်နဲ့
ရူ မူဖ်တာ လမ်းဒေါင့်တနေရာ ပါရီမုန့်ဟင်းခါး ဆိုင်သစ်လေးမှာဝင်ထိုင် မုန့်ဟင်းရည်နဲ့ ပဲကြော်လေး
တပွဲမှာ ဝိုင်ဖြူလေး တခွက်မော့ရင်း လမ်းသွားလမ်းလာတွေကို ငေးမောရင့်း့ စိတ်ကူးမိတာပါ။

ဟဲမင်းဝေးကြီးကတော့ အဲဒီလမ်းလေးတွေအတိုင်း နေ့စဉ်လျှောက်ရင်း တွေးရင်းတောရင်း ငေးရင်း 
မောရင်းတွေ့တဲ့ ကဖေးဘားတွေဝင်ထိုင် Saint James ရမ်တခွက်မှာသောက်ရင်း သို့တည်းမဟုတ် 
ဝိုင်ဖြူတပိုင်းမှာ ကမာဖြူနဲ့မြည်းရင်း လူပေါင်းစုံနဲ့တွေ့ထိ လူ့လောကကြီးအကြောင်း စာတွေရေးဖြစ် 
မှတ်တမ်းတွေ ရေးဖြစ်ခဲ့တယ် ထင်ပါတယ်။

ဟဲမင်းဝေးကြီး နေထိုင်သွားခဲ့တဲ့ ၁၉၂၀ ခုနှစ်ခေတ်ကာလများမှာ လက်ဝဲကမ်းပါး စဲန်းမြစ်နဘေးက
အခုလို မဟုတ်သေးပါဘူး၊ လှေတွေ လှည်းတွေ ဈေးဆိုင်တန်းတွေ ကုန်စိမ်းကုန်ခြောက် ဈေးရုံကြီး
တွေကြား လူစိမ်းလူကျက်မျိုးစုံနဲ့ နေ့စဉ်နဲ့အမျှ ရှုပ်ထွေးပွေလီ ပွက်လောရိုက်နေတဲ့ နေရာတခုပါတဲ့၊ 
လက်ဝဲ လက်ယာကမ်းပါး အနီးဝန်းကျင်က ထိုစဉ်အခါက ပါရီမြို့ရဲ့ ကီလီဈေးလို့ ပြောမယ်ဆိုရင် 
မမှားလောက်ပါဘူး၊ မောင်ရင်ငတေတို့ခေတ်နဲ့ တခြားစီပါ။



Contrescarpe ကွန်ထရီစကဖ်ရင်ပြင်                                                       (ဓါတ်ပုံ မရငတ)

Contrescarpe ကွန်ထရီစကဖ်ရင်ပြင် အမှတ် ၇၄ ကာဒီနယ်လေမွိုမ်း လမ်းလေးအတိုင်း ဆင်းသွား 
ခဲ့မယ်ဆိုရင် သိပ်မဝေးတဝေးမှာ အိုင်းရစ် မော်ဒန်ဝတ္တုရေးဆရာ ကဗျာဆရာ James Joyce ဂျိမ်းစ် 
ဂျွိုက် (၁၈၈၂-၁၉၄၁) နေခဲ့ဖူးတဲ့အိမ် ရှိပါတယ်။

ဂျိမ်းစ်ဂျွိုက် တိုက်ခန်းကျော်ပြီး စဲန်းမြစ်ဘက်သို့ တည့်တည့်ဆင်းမသွားဘဲ ဘယ်ဘက်လမ်း ခပ်ပြေ 
ပြေ လမ်းလေးအတိုင်း ဆက်တက် သွားရင်တော့ Quartier de la Sorbonne လို့လည်း ခေါ်ကြတဲ့ 
ဆော်ဘွန်းရပ်ကွက်သို့ ရောက်လာပါပြီ၊ ၁၂ ရာစုခေတ် ပါရီမြို့တော်ရဲ့ မြို့ရိုးဟောင်း Enceinte de 
Philippe Auguste (King Philip II Wall) အတွင်းသို့ ဝင်ရောက်လာခြင်းပါ၊ အခုတော့ တပိုင်းတစ 
စီသာ ကျန်ရစ်တော့တဲ့ တံတိုင်းထုထည်က မသေးလှတာမို့ သူ့ခေတ်သူ့အခါက တော်တန်ရုံ ရန်သူ
ဝင်ရောက်ဖို့ မလွယ်ဟန် ရှိပါတယ်၊ ဒါကြောင့်လည်း ဗိုက်ကင်းတွေ ပါရီကိုဖျက်စီးဖို့ မကြံရွယ်တော့
ပါဘဲ အင်္ဂလန်ဘက် လှည့်သွားကြဟန် တူပါတယ်၊ အဲဒီ ပါရီမြို့တော်ရဲ့ ခေတ်အဆက်ဆက် မြို့ရိုး 
အဟောင်းကြီး လေးငါးခြောက်ထပ် အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ရေးချင်ပါသေးတယ်။


Enceinte de Philippe Auguste                                                            (ဓါတ်ပုံ မရငတ)

ဒီကနေ့ ခေတ်ထိ ပါရီမြို့မှာ မြို့ရိုး ခြောက်ထပ်မျှ ရှိခဲ့ပါပြီ၊ ငါးရာစုလောက်ကစပြီး ပါရီဟာ တစတစ 
ကြီးထွားကျယ်ပြန့်လာသလို မြို့တော်ရဲ့ အတွင်းစည်းကို ကာကွယ်ဖို့ မြို့ရိုးတွေကို တည်ဆောက်ခဲ့ 
ကြခြင်းပါ၊ ဒီ မြို့ရိုး City Walls of Paris King Philippe Auguste ကတော့ တတိယမြောက် မြို့ရိုး
တခုပါ၊ ဒီကနေ့ခေတ်စကားအရတော့ Périphérique (သို့) Ring Road (သို့) Beltway မြို့တမြို့ရဲ့
စည်း မြို့တမြို့ အပြင်ဘက် မြို့ပတ်လမ်းလိုမျိုး သာပါ၊ ခေတ်အခြေအနေအရ မလိုအပ်တော့တာမို့
ခေတ်သစ် မြို့ပတ်လမ်းတွေမှာတော့ မြို့ရိုးဆိုတာကြီးတွေ အုတ်တံတိုင်း ဆိုတာကြီးတွေ မရှိတော့ 
မကာရံတော့ပေမယ့် မြို့တမြို့ ဧရိယာကို မြို့ပတ်လမ်းနဲ့ ယေဘူယျ သတ်မှတ်လာကြတဲ့ ခေတ်သို့ 
ပြောင်းလဲ ရောက်ရှိလာခဲ့ပါပြီ။

အဲဒါကြောင့်မို့ ဒီလို မြို့ရိုးတံတိုင်းဟောင်းတွေက နောင်မှာ ထပ်ရှိလာဖို့ အကြောင်း မရှိတော့ပါဘူး၊
အဲတော့ ကျန်ရှိတာလေးတွေကို တတ်နိုင်သမျှ ထိမ်းသိမ်းနေကြတာ ကောင်းတဲ့ လုပ်ရပ်များသာပါ၊
ခုတလောမှာ လူပြောများနေတဲ့ သရပါဂိတ် သရပါတံခါးနဲ့ ဂျပန်မြက် ရေလောင်းတဲ့ကိစ္စက စဉ်းစား 
စရာတွေ ပြောစရာတွေ မြောက်များစွာ ရှိပါတယ်၊ မောင်ရင်ငတေက ပညာတတ် မဟုတ်လေတော့ 
ပညာရှိ စကားနဲ့ မပြောတတ်ပါဘူး၊ အဲလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေကို နရင်းသာ ဖြတ်အုပ်ချင်မိတာပါ။


Église Saint-Étienne-du-Mont et Lycée Henri-IV                                   (ဓါတ်ပုံ မရငတ)

မြို့ရိုးအဟောင်းတွင်းမှာ စတွေ့ရမှာကတော့ နာမည်ကျော် အထက်တန်းကျောင်း Lycée Henri-IV
အောင်လီ (၄) ပါ၊ မျက်စောင်းထိုး ရင်ပြင်မှာတော့ Saint-Étienne-du-Mont ဘုရားကျောင်း တည် 
ရှိပါတယ်၊ သမိုင်းဝင် စာကြည့်တိုက် Bibliothèque Sainte-Geneviève တခုလည်း ရှိပါတယ်၊ အဲဒီ 
အဆောက်အဦးတွေသမိုင်းက တခုနဲ့တခု ဆက်စပ်ပတ်သက်နေတာပါ၊ အသေးစိတ်ပြောဖို့ကတော့
မောင်ရင်ငတေ့အတွက် မလွယ်လှတာမို့ ဒီနေရာမှာ မပြောတော့ပါဘူး။

ဒီအဆောက်အဦးတွေရဲ့ သမိုင်းအစက အေဒီလေးငါးရာစုကပင်စတင်ခဲ့ပြီး ၁၇၀၀ ပြည့်နှစ်ဝန်းကျင်
နောက်ပိုင်းမှာ ဘာသာရေးကျောင်းတွေအဖြစ် ထင်ရှားလာပြီးနောက် သိပ္ပံဝိဇ္ဇာ စာသင်ကျောင်းများ 
တက္ကသိုလ်ကျောင်းအဖြစ် အသွင်ပြောင်းလာခဲ့တာပါ၊ ဘုရားကျောင်း ဘာသာရေးကျောင်းတွေကမှ
အဆင့်ဆင့် သင်ကြားရေး အုပ်ချုပ်ရေး နည်းစနစ်တွေ ပြောင်းလဲ လာခဲ့တယ် ပြောရပါမယ်။



Lycée Henri-IV et Lycée Louis-le-Grand                                             (ဓါတ်ပုံ မရငတ)

ဒီ Lycée Henri-IV အောင်လီ (၄) ကျောင်းနဲ့ ပြိုင်ဘက် ကျောင်းတကျောင်းလည်း  ရှိပါသေးတယ်၊
သိပ်မဝေးလှပါဘူး၊ အဲဒီ အမှတ် (၅) ရပ်ကွက် လက်တင်ရပ်ကွက်ထဲမှာပါ၊ Lycée Louis-le-Grand
ခေါ်ပါတယ်၊ Henri-IV ကျောင်းထက်စောပြီး ဖွဲစည်းပုံ ပြင်ခဲ့တဲ့ကျောင်းပါ၊ နာမည်လည်း ပိုကြီးဟန် 
တူပါတယ်၊ ပါရီပြင်သစ်မှာတော့ နာမည်အကြီးဆုံး သမိုင်းအကြီးဆုံး ကျောင်းတွေလို့ ပြောရပါမယ်၊ 
နောက်တကျောင်းကတော့ စဲန့်မီရှဲလ်လမ်းမကြီးရဲ့ တဘက်ခြမ်း (၆) ရပ်ကွက်မှာ တည်ရှိတဲ့ Lycée 
Saint-Louis ကျောင်းပါ၊ ပထမ နှစ်ကျောင်းထက် နောက်ကျပြီး ၁၈၂၀ ခုနှစ်မှ ဖွင့်လှစ်ခဲ့တာပါ။

Henri-IV ကျောင်းက သင်္ချာ ရူပ ဓာတု စက်မှု သမိုင်း စီးပွားရေး ဘာသာတွေရှိသလို စာပေရေးရာ 
Literary ဦးစားပေး သင်တာတွေ များတာကြောင့် ဒီကျောင်းထွက်တွေက အများအားဖြင့် စာသမား
ပေသမား အနုပညာသမား အတွေးအခေါ်သမားတွေ ပိုများပါတယ်၊ အဲသလို သမားတွေအကြားမှာ 
ထူးခြားသူတယောက်က လက်ရှိ ပြင်သစ်သမ္မတ Emmanuel Macron (၁၉၇၇-****) ပါ၊ သူက ဒီ 
Henri-IV ကျောင်းထွက် တဦးပါ။

Louis-le-Grand ကျောင်းက ပြင်သစ်ရဲ့ နံပတ်တစ် ကျောင်းတကျောင်းဖြစ်တာနဲ့အညီ နာမည်ကြီး 
တွေလည်း အများအပြားပါ၊ ၁၅၆၃ ခုနှစ်မှာ Collège de Clermont အမည်နဲ့ စတင်ခဲ့ပြီး ၁၆၈၂ မှာ
Louis XIV le Grand လူဝီ (၁၄) ဘုရင်ကို ဂုဏ်ပြု အမည်ပြောင်းခဲ့တဲ့ ကျောင်းပါ။

Henri-IV ကျောင်းကဲ့သို့ သိပ္ပံ ဝိဇ္ဇာ သင်တဲ့ ကျောင်းတကျောင်းပါ၊
Voltaire (၁၆၉၄-၁၇၇၈) Victor Hugo (၁၈၀၂-၁၈၈၅) Jean-Paul Sartre (၁၉၀၅-၁၉၈၀) တို့လို
ခေတ်အဆက်ဆက် နာမည်ကြီးများ ထွက်တဲ့ကျောင်းပါ၊ ထူးခြားတာက ဒီ ကျောင်းထွက်တွေထဲမှာ

ပြင်သစ် သမ္မတ သုံးယောက်

Georges Pompidou (၁၉၁၁-၁၉၇၄)
Giscard d’Estaing (၁၉၂၆-****)
Jacques Chirac (၁၉၃၂-****) တို့နဲ့ 
ဝန်ကြီးချုပ် ကိုးယောက် ပါဝင်နေတာပါ။

အဲဒီ ကျောင်းထွက်တွေမှာ အဲလို ဆရာ့ ဆရာကြီးတွေ ဖြစ်လာကြသူတွေ အများအပြား ရှိခဲ့ပေမယ့်
ပါရီမြို့ကို ဖြတ်သန်းသွားသူများထဲက နာမည်ကျော် ပန်းချီ ပန်းပု စာပေ အနုပညာရှင် အတော်များ 
များကတော့ ဒီ ကျောင်းကြီး သုံးကျောင်းထဲ ရောက်ဖူးကြသူများ ဟုတ်ဟန် မတူပါဘူး။

သို့သော့့်
ဒီလို ကျောင်း ကောင်းကောင်းလေးတွေအောင် Grandes Écoles ခေါ်တဲ့ တက္ကသိုလ် ကြီးကြီးတွေ 
သို့ရောက် ဘွဲ့ဘွဲ့လွန်တွေ ရကြပြီး ဝန်ကြီး ဝန်ကလေးတွေ ဖြစ်သွားကြသူတွေ အများကြီးမို့ ဒီလိုမျိုး 
ကျောင်း တက်ရခြင်းကို ဂုဏ်ယူနေကြသူ လူတန်းစားတွေလည်း ခပ်များများ ရှိကြပါတယ်၊ ကုန်ကျ 
ငွေဘယ်လောက်ရှိမလဲ မောင်ရင်ငတေ မတွက်ကြည့်မိပါဘူး၊ စိတ်ဝင်စားသူများ တွက်ကြည့်ကြပါ။

သို့သော်လည်း ဒီလိုကျောင်းမျိုးကို မတက်နိုင်ကြသူမကပ်နိုင်ကြသူတွေ ကိုယ့်အိမ်ကိုယ့်လမ်းထဲက 
သာမန်ကျောင်းတက် ကျူရှင်တွေ ကျူသေတွေမယူ ပုံမှန်လေး အလိုက်သင့် ထိုက်သင့်တဲ့ အိုင်ကျူ 
ရှိခဲ့ရင် ဘွဲ့လေးတခုရ အလုပ်လေးတခုရ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်တာမို့ ဒီလိုနာမည်ကြီး 
သမိုင်းကြီး ကျောင်းကြီးမျိုးကို စိတ်မဝင်စား နာမည်ကိုမှ မကြားဖူးသူ ဖရန်ဆေးဇ်တွေလည်း အများ 
ကြီးမှ အများကြီး ရှိကြပါတယ်။

မောင်ရင်ငတေတို့ခေတ် နှစ်ထောင်ခုနှစ်များမှာ တောထဲတောင်ထဲမှာ မှိုချိုး မျှစ်ချိုးရင်းနဲ့ ဒုက္ခသည်
စခန်းများကိုဖြတ်သန်း မျက်စေ့လည် လမ်းမှားပြီး အနောက်တိုင်းကို ရောက်လာခဲ့ကြတဲ့ ရွှေ့ပြောင်း
အခြေချ ဗမာ မွန် ကရင် နီ နက် မိသားစုတွေကို မောင်ရင်ငတေ တွေ့ဖူးကြုံဖူး ပါတယ်။

မိဘတွေက မူလတန်းအောက်ဆင့်လောက်သာ ကျောင်းတက်လာဖူးသူတွေ အများစုပါ၊ အဲ့ 
သားသမီးတွေကတော့ ကံကောင်းထောက်မပြီး အသက် ငယ်ငယ်လေးတွေနဲ့ ရောက်လာကြတော့ 
ပညာသင်ခွင့် ရကြပြီး နီးစပ်ရာကျောင်းတွေမှာ တက်ကြရတာပါ၊ အဲ့ ဒါပေမယ့် အောင်လီ 
(၄) လို ကျောင်း ကောင်းကောင်းကြီးတွေမှာတော့ တက်ခွင့် ဘယ်ရကြပါမလဲ လေ၊ သို့သော်လည်း
ရပ်ကွက်ကျောင်းတက် ထူးထူးချွန်ချွန် အဆင့်မီကြတာကတော့ မောင်ရင်ငတေ့ မျက်မြင်ရှိပါတယ်၊ 
ကျောင်းကောင်းဖြစ်ဖို့ထက် သင်ကြားရေးစနစ် ကောင်းမွန်ရင် ဘယ်ကျောင်းတက်တက် သိပ်မကွာ 
လှပါဘူးကွာလို့ မောင်ရင်ငတေ့ကို ပြင်သစ်တောသားကြီး တယောက်က ပြောဖူးပါတယ်။


ပါရီပုံရိပ်များ "လက်ဝဲကမ်းပါး" စာစု (၁)


ထားပါတော့၊ ဒါတွေက မောင်ရင်ငတေ ပြောလိုရင်း မဟုတ်ပါဘူး၊
လက်ဝဲကမ်းပါး Hemingway Way ဟဲမင်းဝေး ဝေးလ် ကိုသာ အဓိက ပြောလိုရင်းပါ။

ဒါပေမယ့်လည့်း့
ဒီ့

ပါရီပုံရိပ်များ
လက်ဝဲကမ်းပါး စာစု အပိုင်း (၁) ကို
ဒီ နေရာမှာ တခဏ ရပ်နားပါဦးမယ်၊
ဘာကြောင့်ဆိုတော့ ရေးရမှာ ဟုန်သွား ပျင်းသွားတာရယ်
ပြင်သစ်ပြည်တွင်း ခရီးတခု ထွက်ဖို့ ဖန်လာတာကြောင့်ရယ်ကြောင့်ပါ။

ဒီစာစုကို (ပါရီမြို့မှာ တနေ့တာ) (တတိယနေ့ ပထမပိုင်း) အဖြစ် ဆက်စပ်ဖတ်ရှုနိုင်ပါကြောင်း။

ရေးထားပြီးသား အတိုအစတွေတော့ ရှိနေသေးတာမို့ 
မကြာခင် လက်ဝဲကမ်းပါး စာစု အပိုင်း (၂) ဆက်ရေးဖို့ ကြိုးစားပါမယ်၊ စောင့်မျှော်ကြပါရန်။

မောင်ရင်ငတေ ၁၇၀၈၂၀၁၈

ပါရီပုံရိပ်များ "လက်ဝဲကမ်းပါး" စာစု (၁)

                                   (ပါရီမြို့မှာ တနေ့တာ) (တတိယနေ့ ပထမပိုင်း)                               

                                                                           


Aucun commentaire:

Enregistrer un commentaire