Libellés

Archives du blog

samedi 30 juin 2018

** * ငယ်နာမည်လေး ခပ်မေ့မေ့ ** *

မောင်ရင်ငတေ
ငယ်နာမည်လေး ခပ်မေ့မေ့


ငယ်နာမည်လေး ခပ်မေ့မေ့
(၁)
ကြားဖူးခဲ့သော သီချင်းတပုဒ် အမည်လား၊
ရေဒီယိုသီချင်းလား ကာလပေါ်သီချင်းလားတော့
မသိပါဘူး၊ ရေဒီယိုက ကြားဖူးခဲ့တယ် ထင်မိတာပါ။

သီချင်းအကြောင်းတော့ ရေးချင်တာ မဟုတ်ပါဘူး၊
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့စ်ဘုတ်ခ် တခွင် လိုက်မွှေမိရင်း
၈၈ ပြီးကတည်းက မတွေ့ဖြစ်ကြတော့တဲ့ သူငယ်ချင်း
တယောက်ကို တွေ့လိုက်ရလို့ မင်းငါ့ကို မှတ်မိလားလို့
မက်ဆင်ဂျာကနေ လှမ်းမေးမိလိုက်ပါတယ်။

အဲဒီတော့ သူက မင်းဘယ်သူလဲ ဘယ်ကလဲ ဘာလဲ ပေါ့၊
လှမ်း ပြန်မေးတယ်၊ ဟုတ်တော့လည်း ဟုတ်တယ်လေ၊
သူက နာမည်ရင်းနဲ့ အကောင့်ဖွင့် ထားတာကိုး၊ ဒါကြောင့်
သူနာမည်ကို မှတ်မိပြီး သူ့ ဖေ့စ်ဘုတ်ခ်မှာ လိုက်ကြည့်မိတော့
ဘော်ဒါဟောင်းကြီးမှန်း သေချာသွားတာမို့ လှမ်းမေးလိုက်ပေ
မယ့် (မရငတ) အမည်ကိုတော့ သူက မသိဘူး ဖြစ်နေတာပေါ့။

(မရငတ) ကတော့ နာမည်ရင်းလား ဆိုတော့ နာမည်ရင်း
မဟုတ်ဘူး၊ နာမည်ဝှက်လား ဆိုတော့လည်း နာမည်ဝှက်
မဟုတ်ပြန်ဘူး၊ ငယ်နာမည် ကျောင်းနာမည် မှတ်ပုံတင်ထဲက
နာမည် မဟုတ်တာပါ၊ ဒါပေမယ့် ဒီနာမည်ကို အသုံးပြုလာတာ
ဒီနှစ်ဆိုရင် အနှစ် သုံးဆယ် ရှိပြီ ဆိုတော့ (မရငတ) ကိုယ်တိုင်
ဒီနာမည်ကို ကိုယ့်နာမည်ရင်းလို့ ထင်နေမိတာ ကြာခဲ့ပါပြီမှလား။

အဲတော့ ငယ်နာမည်လေး ခပ်မေ့မေ့ စာသားကို သတိယမိ လိုက်တာပါ။
တကယ့် ငယ်နာမည် ကျောင်းနာမည် ကလည်း ဒီဘက် အနှစ် ၂၀
၃၀ ပိုင်းမှာ သိကျွမ်းခဲ့ရတဲ့ သူအများစုက သိကြတာမှ မဟုတ်တာ၊
ဆွေမျိုးတွေနဲ့ ငယ်ပေါင်းတွေလောက်သာ သိကြတဲ့ အမည်ဟောင်း
ဖြစ်ခဲ့ပြီလေ၊ ဖေ့စ်ဘုတ်ခ် လောကကြီး ရှင်သန်ဖွင့်ဖြိုးလာတဲ့ ဒီဘက်
သုံးလေးနှစ်မှာတော့ ငယ်ပေါင်းတွေနဲ့ ပြန်တွေ့ပေမယ့် အနေက ဝေး
နေဆဲလေ။

ကိုယ့်ငယ်နာမည်ရင်းကို ကိုယ်ပြန်တွေးကြည့်ရင်း ဘာလို့ ငါ့နာမည်က
ဒီလိုဖြစ်ရပါလိမ့် ဆိုပြီး ကိုယ်တိုင် အံ့သြစရာ ဖြစ်ရပြန်ပါတယ်၊ တခါ
လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးလောက်ကနေ အွန်လိုင်းမှာ တောက်တိုမယ်ရ
စာအတိုအစတွေ ရေးမိရင်း နာမည် နောက်တမျိုးကို သုံးမိရပြန်ပါတယ်။
ဘဝကလည်း မတည်ငြိမ်သလို နာမည်ကလည်း
မတည်ငြိမ်တာက အဆက်အစပ်များ ရှိနေသလား မသိပါဘူး။
မှတ်ပုံတင်ထဲမှာ ရေးထားလို့ တရားဝင် ဖြစ်နေတဲ့ (မရငတ) ရဲ့
ငယ်နာမည် အစ စာလုံးကလည်း အဲဒီခေတ်အခါက ခေတ်စားတဲ့
ဇော်တွေ ကျော်တွေ ရဲတွေ ဟိန်းတွေ မဟုတ်ပါဘဲ သင်း ဆိုတော့ကာ
ခပ်ကြမ်းကြမ်း နေလိုတဲ့ စရိုက်နဲ့က သိပ်မကိုက်သလို ဖြစ်ခဲ့ရတာရယ်
ငယ်ဘဝကလို အေးစက်စက် ကုပ်ချောင်းချောင်းလေး မနေချင်တဲ့
အရိုင်းစိတ်က လှုံ့ဆော်လာပြီး အခွင့်သာတာနဲ့ အမည်သစ်ကို ပေးဖို့
ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။


ငယ်နာမည်လေး ခပ်မေ့မေ့
(၂)
တကယ်တော့ နာမည်တလုံး ပြောင်းဖို့
ဆိုတာကလည်း လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလေ။

လူတယောက်ရဲ့ အများခေါ်နေကြ တွင်ပြီးသား နာမည်ကို
မုန့်ကျွေး အရက်တိုက်ပြီး ငါ့ နာမည် မောင်ခွေး ကနေ
Mr Dog လို့ ပြောင်းလိုက်ပြီးပြီ၊ မင်း ခေါ်တော့လို့ ဆိုပြီး
လွယ်လွယ်နဲ့ ပြောင်း ခေါ်ခိုင်းလို့ မရနိုင်ပါဘူး။

ကိတ်မုန့် တလုံးသာ ကုန်သွားမယ် အရက် တပုလင်းသာ
ပြောင်သွားမယ် မောင်ခွေးက မောင်ခွေ့း့ Mr Dog ဖြစ်
မလာနိုင်ပါဘူး။ နှုတ်ကျိုးနေကျ အတိုင်း ဟေ့ကောင် မောင်ခွေး
လို့သာ ခေါ်ကြမှာပါ။

(မရငတ) ရဲ့ ငယ်နာမည်ကလည့်း့
မိုင်ဖားသားမားသားတွေ စိတ်ကြိုက် လက်ရွေးစင် ပေးထားတာ
မို့လည်း တရားဝင် မှတ်ပုံတင်မှာ ပြောင်းပေးမှာ မဟုတ်ပါဘူး။

ဟိုတယောက်ကတော့ ပြောဖူးပါတယ် နာမည်လေးက လှတယ်တဲ့၊
ဒါကြောင့် စိတ်ဝင်စားခဲ့တာတဲ့၊ နည်းနည်းတော့ အပိုပြောသွားတာ
ထင်ပါရဲ့၊ (မရငတ) ကတော့ အဲဒါကို လှတာကြီးကို မကြိုက်ခဲ့တာပါ။

(မရငတ) ရဲ့ အမည်ပြောင်း စီမံချက် စိတ်ကူးကလည်း အိုင်ဒီ လို
စာရွက်ပေါ်မှာ ပြောင်းခြင်းထက် အပြင်လောကမှာ ပြောင်းလိုတာပါ၊
ရုံးတွေသွား တံဆိပ်တုံးထု လက်မှတ်ထိုးလို့ Mr Dog ဖြစ်လာလည်း
လမ်းထဲ ရပ်ကွက်ထဲ ပြန်ရောက်ရင် ဟေ့ မောင်ခွေး ဘယ်ကပြန်လာ
လဲ ကွ မေးခံရမှာ အသေအချာ ပါ။

အဲတော့
လူဟောင်းလောကမှာ ပြောင်းလို့မရရင် လူသစ်လောကမှာ ပြောင်း
လို့ ရရမှာပေါ့၊ ချစ်သူရည်းစားတွေတောင် အသစ်တယောက်ပြောင်း
ရင် ကိုကိုကနေ မောင်မောင် ပြောင်းခေါ်ခိုင်းကြသေးတာ မဟုတ်လား။

အဲဒီမှာ တနှစ်တကျောင်း ဆိုသလို ပြောင်းတက်နေရတဲ့ (မရငတ)၊
ကျောင်းသားသစ်တယောက် အနေနဲ့ နာမည်သစ် ပြောင်း ခေါ်ကြဖို့
ကြိုးစားသေးပေမယ့် နာမည်သစ် မရ နာမည်ပြောင်သာ ရဖို့ ကြုံခဲ့ရ
ပါတယ်။

၈၅ လောက်မှာ စာမေးပွဲတွေကျပြီး အပြင်လောကက လူတွေနဲ့
အဆက်အဆံ ပိုများလာပြီး ပန်းဆိုးတန်း ဘားလမ်း လွစ္စစ်လမ်း
ဗိုလ်အောင်ကျော်လမ်း ပလက်ဖောင်းများ ပေါ်မှာ ကျင်လည်ခဲ့ရ
ချိန်မှာ ငယ်နာမည်ကို စတင် အသုံးလျှော့ခဲ့ပါတယ်။

မိုင် နိမ်း အစ် မစ္စတာ ဒေါ့ ပေါ့၊
တွေ့ကြုံခဲ့ရတဲ့ သူတွေကလည်း တခါတွေ့တွေ ပါခဲ့သလို
အခုထိ ခင်မင်ရင်းနှီးနေဆဲ သူတွေလည်း ရှိခဲ့ပါတယ်။
နာမည်ကိုတော့ ဗိုလ်ရူး ရူးနေချိန်ဆိုတော့
ဗိုလ်နာမည် ပေးခဲ့တာပါ၊ ရောဘတ်တို့ ဂျင်မီတို့
မိုက်ကယ်တို့ထက် အသုံးနည်းတဲ့ နာမည်ကို ရွေးခဲ့တာပါ၊
ဗိုလ်အမည်တွေကလည်း သိပ်များများ ရွေးစရာ မရှိပါဘူး။

အဲဒါနဲ့ ၈၈ မတိုင်မီနဲ့ ၈၈ အပြီးမှာ သင်္ဘောတက်ဖို့ ကြိုးစားပေမယ့်
အခြေအနေအရ ရှိုးဂျော့နဲ့ ဘီကေကေကို ထွက်လာဖြစ်ခဲ့ ပါတယ်၊
အဲဒီက စ (မရငတ) ရဲ့ ငယ်နာမည်လေးက စာရွက်တွေ ပေါ်မှာ
တစတစ မှုန်ပြပြသာ ကျန်ခဲ့ပါတော့တယ်။


ငယ်နာမည်လေး ခပ်မေ့မေ့

(၃)


မောင်ရင်ငတေ ၂၇၀၃၂၀၁၈-၂၈၀၆၂၀၁၈

ငယ်နာမည်လေး ခပ်မေ့မေ့








Aucun commentaire:

Publier un commentaire