Libellés

mardi 26 juin 2018

** * နော့ထ်ရ်ဒမ် စဲန်းမြစ်နဲ့ ပါရီမြို့လယ် ** *

ပါရီ ပုံရိပ်များ
နော့ထ်ရ်ဒမ် စဲန်းမြစ်နဲ့ ပါရီမြို့လယ်


« Via Viatores Quaerit »
« Je suis la Voie qui Cherche des Voyageurs »
« I am the Way which Seeks Travelers  »                                           (ဓါတ်ပုံ မရငတ)

Notre-Dame
(သို့) Our Lady
Our Lady of Paris
Notre-Dame de Paris
နော့ထ်ရ်ဒမ် ဘုရားကျောင်း
နာမည် အပြည့်အစုံက Cathédrale Notre-Dame de Paris
ပါရီနဲ့ ပြင်သစ်သမိုင်းနဲ့ တွဲဖက်ပြီး ကြားဖူးသူ များလှတဲ့ ဘုရားကျောင်း၊
ကာသိုလစ်ဘာသာ ခရစ်ယန်ဘာသာဝင်မှမဟုတ် လူမျိုးစုံတို့ လာကြတဲ့ ဘုရားကျောင်း၊
ပါရီ ပြင်သစ် ဥရောပ ဗိသုကာ အနုပညာ သမိုင်း ရာဇဝင်တွေမှာ မပါမဖြစ် ဘုရားကျောင်း၊
ဒီကနေ့ ပါရီကို ရောက်လာကြသူ တိုးရစ်တွေ မရောက်မဖြစ် ရောက်ကြရမယ့် ဘုရားကျောင်း၊
အေဒီ (၁၁၆၃-၂၀၁၃) အနှစ် ရှစ်ရာ့ငါးဆယ် ပြည့်ခဲ့ပါပြီ။

၁၁၆၃ ခုနှစ်မှာ စတင်ပြီး တည်ဆောက်ခဲ့သော Notre-Dame de Paris (သို့) Our Lady of Paris 
နော့ထ်ရ်ဒမ် ဘုရားကျောင်းဟာ အေဒီ ၁၂ ရာစု ဥရောပအနောက်ပိုင်း ဒေသတွေမှာ ပေါ်ထွန်းခဲ့တဲ့ 
(Architecture Gothique) ဗိသုကာပညာ လက်ရာတွေထဲမှာ အကောင်းဆုံးနဲ့ အထင်ရှားဆုံးသော 
အဆောက်အဦးတခု ဖြစ်ပါတယ်၊ ဒီ ဘုရားကျောင်းကြီး တည်ဆောက်ခဲ့တာ လာမယ့်နှစ် ၂၀၁၃ မှာ 
နှစ်ပေါင်း ၈၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်၊ ဒီပွဲတော်ကြီးကို ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေတာတော့ 
ကြာလှပါပြီ၊ ကမ္ဘာ့ ရိုမန် ကာသိုလစ် ဘုရားကျောင်းတွေထဲမှာတော့ အကြီးကျယ်ဆုံး အခမ်းနားဆုံး 
အထင်ရှားဆုံး လူသိအများဆုံး ဘုရားကျောင်းကြီးတခုပါ၊ တနှစ်တနှစ်မှာဧည့်ဦးရေ ၁၄ သန်းကျော် 
လာရောက်ကြည့်ရှု လည်ပတ်ကြတယ်လို့ ဆိုပါတယ်၊ နေ့စဉ်နဲ့အမျှတော့ ဘုရားကျောင်းကြီးရှေ့မှာ 
တွေ့နေရတဲ့ လူအုပ်ကြီးကတော့ မနည်းမနောလှပါဘူး၊ မောင်ရင်ငတေ ဆီကို အလည်လာတဲ့ ဧည့် 
မှန်သမျှကိုလည်း မရောက်မရှိ ရလေအောင် အမြဲရောက်အောင် အဓိကထား ပို့ပေးရတဲ့ နေရာတခု 
ဖြစ်တာကတော့ အသေအချာပါ။


La Cathédrale Notre-Dame de Paris                                                   (ဓါတ်ပုံ မရငတ)

နော့ထ်ရ်ဒမ်ဘုရားကျောင်းဟာ ပါရီမြို့လယ်ကို ဂငယ်ပုံ ဝေ့ဝိုက်ကာဖြတ်စီးဆင်းသွားတဲ့ La Seine  
စဲန်းမြစ်လယ်ခေါင်မှာတည်ရှိတဲ့ သဘာဝကျွန်း Île de la Cité ပေါ်မှာ ရှိပါတယ်၊ Louis VII (Louis 
le Jeune) လူဝီ (၁၁၂၀-၁၁၈၀) ဘုရင်ကြီးရဲ့ လက်ထက်မှာ မူလလက်ဟောင်း Saint Stephen 
ဘုရားကျောင်း အဆောက်အဦးကို ဖျက်သိမ်းခဲ့ပြီး နော့ထရ်ဒမ် ကျောင်းကို အေဒီ ၁၁၆၃ ခုနှစ်တွင်း 
စတင်၍ တဆင့်ပြီးတဆင့် တည်ဆောက်ခဲ့တာမှာ အနှစ် ၁၈၀ ခန့်အကြာ ၁၃၄၅ ခုနှစ်ရောက်မှသာ 
ဒီကနေ့ မြင်တွေ့နေရတဲ့အတိုင်း ပြီးစီးခဲ့ပါတယ်လို့ ဆိုကြပါတယ်၊ ၆၉ မီတာ (၂၂၆ ပေ) အမြင့်ရှိတဲ့ 
ဘုရားကျောင်း မျှော်စင်အပေါ်သို့ တက်ကြည့်မယ် ဆိုရင်တော့ ဓါတ်လှေခါး မရှိပါဘူး၊ ဝင်ကြေးငွေ 
တယောက်ကို ယူရိုခွဲ ပေးရမှာ ဖြစ်ပြီး လှေခါးထစ်ပေါင်း ၄၂၂ ထစ် (တချို့ကိုယ်တိုင် ရေတွက်ဖူး 
သူများ အပြောအရ အထစ် ၄၀၀ မရှိဘူးလို့ ပြောကြပါတယ်၊ ဘာကို ယုံရမလည်းတော့ မသိပါဘူး
တက်ရမှာ ဖြစ်ပါတယ်၊ အချိန်တနာရီခန့်မျှ ကြာမြင့်မှာဖြစ်ပြီး အိမ်သာလည်း မရှိပါဘူး၊ မျှော်စင်ပေါ် 
ရောက်သွားပြီးရင်တော့ စဲန်းမြစ်ကြောင်း တလျှောက် တောက်လျှောက်တွေ့ရမယ့် ပါရီမြို့တော်ကြီး 
လှပပုံကို တွေ့ရတာနဲ့တင်တန်ပါတယ်လို့ ပြောကြတာပါ၊ တန်မတန်ကတော့ ကိုယ်တိုင်လာရောက် 
ကြည့်ရှု့ဖူးတဲ့သူတွေ သိကြမှာပါ၊ ပါရီမြို့နဲ့စဲန်းမြစ် စဲန်းမြစ်ရဲ့ ရေလယ်ကျွန်းပေါ်ကဒီဘုရားကျောင်း 
သမိုင်းတွေကတော့ တဆက်တစပ်တည်းပါ၊ ဒီသုံးခုပေါင်းတဲ့ သမိုင်းအစဟာ ပါရီသမိုင်း အစသာပါ၊ 
ဒါကိုလည်း ပြင်သစ်ပြည်ရဲ့ သမိုင်းအစလို့ ပြောဆိုနိုင်ပါတယ်။


La Cathédrale Notre-Dame de Paris                                                   (ဓါတ်ပုံ မရငတ)

ပြင်သစ်သမိုင်း မဟုတ်သေးတဲ့ ပါရီမြို့ရဲ့ သမိုင်းအစကို ခရစ်တော် မပေါ်မီ ဘီစီသက္ကရာဇ်တွေကစ 
ပြောကြပေမယ့် သေချာတာတခုက အဲဒီအချိန်မှာ ဒီကနေ့ပါရီဟာ ဇနပုဒ်အဆင့်သာသာ ရှိနေဦးမှာ 
အမှန်ပါ၊ အဲဒီ ကြေးခေတ် သံခေတ်တွေမှာ CelticTribes ဆဲလ်တစ်အနွယ်ဝင် Parisii လူမျိုးစုတွေ 
စတင် အခြေချ နေထိုင်ခဲ့ရာက Paris ပါရီ အမည်တွင်လာခဲ့တယ် ဆိုပါတယ်။

ဘုရားကျောင်း တည်ဆောက်ထားတဲ့ ဗိသုကာပညာရပ် ဘုရားကျောင်းရဲ့ပတ်ပတ်လည်မှာ ထုဆစ် 
ထားတဲ့ ရုပ်တုတွေ ဘုရားကျောင်းအတွင်းမှာရှိတဲ့ သမိုင်းဝင်ဘာသာရေးဆိုင်ရာ အနုပညာလက်ရာ 
တွေကိုတော့ မောင်ရင်ငတေရဲ့ ရှိသမျှသော ဉာဏ်လေး တထွာတမိုက်နဲ့ ဗဟုသုတနဲ့ မမီနိုင်တော့ 
ဘယ်လိုမှရှင်းလို့ မပြတတ်ပါဘူး၊ တတ်သမျှမှတ်သမျှ ရှင်းရမယ်ဆိုရင်လည်း တထောင့်တညထက် 
ပို၍ ကြာသွားနိုင်ပါတယ်၊ ဒီ ဘုရားကျောင်းကြီး စတင် မတည်ဆောက်ခင် ပါရီမြို့က ပြင်သစ်ဘုရင်
တွေရဲ့ နန်းမြို့မဟုတ်ပါဘူး၊ Clovis I ဘုရင်ရဲ့ ရှေးဟောင်း ဖရန့်နိုင်ငံတော် Mérovingiens ခေတ် 
(၄၈၁-၇၅၁)၊ Charlemagne (Charles I) ဘုရင်ရဲ့ ပထမဖရန့်အင်ပါယာ Carolingiens မင်းဆက်
ခေတ် (၇၅၁-၉၈၇) ကုန်ဆုံးခါနီးထိ အဓိက ထီးနန်းစိုက်ခဲ့ရာ မြို့တော်ကြီးရယ်လို့ တည်တည်တံ့တံ့ 
မရှိပါဘဲ ပါရီကလည်း သာမန် နန်းမြို့အဆင့်လောက် ဖြစ်တလှည့် မဖြစ်တလှည့်နဲ့သာ တည်ရှိနေခဲ့ 
ဟန်တူပါတယ်၊ တောအစပ်မှာ ရဲတိုက်အိမ်ကြီးတလုံးဆောက် ထီးနန်းစိုက်တဲ့ အဆင့် ထင်ပါရဲ့။

ပြင်သစ်ရဲ့ ပထမဆုံးဘုရင်အဖြစ် Clovis I ကလိုဗီးစ် (တစ်) (၄၆၆-၅၁၁) ကို သတ်မှတ်ထားကြပြီး
နောက်ဆုံး ဘုရင်ကတော့ Napoléon III နပိုလီယန် (သုံး) (၁၈၀၈-၁၈၇၃) ဖြစ်ပါတယ်၊ ကလိုဗီးစ်
အဖေ Childéric I ရှီလ်ဒေရစ် (တစ်) ကိုလည်း ဘုရင်လို့ ပြောကြပေမယ့် နယ်တနယ်လောက်သာ 
စားရတဲ့ ဘုရင်ငယ်အဆင့်သာ ပြင်သစ်သမိုင်းဆရာတွေက စာတွေပေါ်မှာ ရေးသားသတ်မှတ်ခဲ့ကြ 
ဟန်တူပါတယ်၊ ကလိုဗီးစ်ရဲ့ မွေးရပ်ကို အတိအကျ မပြောနိုင်ပေမယ့် သူ့အဖေ နန်းစိုက်ရာ နယ်က 
ပြင်သစ်အရှေ့မြောက်ပိုင်း ဒီကနေ့ ဘယ်လ်ဂျီယံ မြေထဲမှာ ပါဝင်နေတဲ့ Tournai မို့လို့ ကလိုဗီးစ်ကို 
လည်း တူရ်နေမှာ မွေးခဲ့သူလို့ ယူဆကြပါတယ်၊ ၄၈၁ ခုနှစ်မှာ တူရ်နေနယ်စား ဖြစ်လာပြီး Bataille 
de Soissons စစ်ပွဲကို ၄၈၆ ခုနှစ်မှာ အနိုင်ရခဲ့ပြီး စဲန်းမြစ်ဝှမ်းကို ပိုင်စိုးခဲ့ရာက ပါရီနယ်သို့ ရောက်ရှိ 
လာခဲ့သူပါ၊ ဆက်လက်ပြီး ပြင်သစ်အလယ်ပိုင်းတောင်ပိုင်းဒေသများကို အောင်နိုင်ခဲ့ပြီး အေဒီ ၅၀၀
မှာတော့ ပါရီမြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ် ဒီကနေ့မှာ Cathédrale Notre-Dame de 
Paris  ဖြစ်လာမယ့် Cathédrale Saint-Étienne ဘုရားကျောင်းကို အေဒီ ၅၅၀ ခုနှစ်များမှာအစပျိုး 
တည်ဆောက်ခဲ့ကြတယ် ဆိုပါတယ်။

သို့သော်လည်း ကလိုဗီးစ်ရဲ့ ခေတ်ဟောင်းပါရီမြို့တော်ကြီးက ခြောက်ခွန်ရှစ်ကိုး ရာစုများမှာတော့ 
သိသိသာသာ ကြီးထွားခဲ့ခြင်း ရှိဟန် မတူပါဘူး၊ သူ့နောက်ပိုင်း ဆက်ခံခဲ့တဲ့ မင်းများရဲ့ နန်းစိုက်ရာ 
ကလည်း ပါရီဝန်းကျင် နေရာအနှံ့အပြားမှာ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီကနေ့ ပါရီနဲ့ ကီလိုမီတာ
တရာ တရာ့ငါးဆယ် နှစ်ရာလောက်အတွင်းမှာ ဖရန့်မင်းတွေ မင်းညီမင်းသားတွေရဲ့ Chàteau ခေါ်
ရဲတိုက်နေအိမ်ကြီးတွေ အများအပြား တည်ရှိခဲ့တာ ဖြစ်နိုင်ပါတယ်။

ကလိုဗီးစ်ဘုရင်ရဲ့ Mérovingiens (၄၈၁-၇၅၁) မင်းဆက် ခေတ်ကုန်ပြီး Charlemagne ရှားလ်မန်း 
နဲ့သူ့အဖေ Pépin le bref ဘုရင်တို့ရဲ့ Carolingiens (၇၅၁-၉၈၇) မင်းဆက်သို့ ရောက်ရှိလာခဲ့ပါပြီ၊
သို့သော် အစောပိုင်း အလယ်ခေတ် (သို့) ခြောက်ခွန်ရှစ်ကိုး ရာစုများမှာ ပါရီမြို့ အပါအဝင် ပြင်သစ် 
ဥရောပရဲ့ အမှောင်ခေတ်ကြီးက ရှားလ်မန်း ဘုရင်ကြီး နောက်ပိုင်းမှာ တစတစ အလင်းပြန်ရ လာခဲ့ 
သော်လည်း ၁၀ ရာစုကုန်တဲ့ထိ ပြောင်ပြောင်ရောင်ရောင် မရှိလာသေးပါဘူး၊ ရှားလ်မန်း ဘုရင်ကြီး
နန်းသက် ၄၆ နှစ် (၇၆၈-၈၁၄) အတွင်း စစ်ပွဲကြီးပေါင်း ရာနဲ့ချီပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့်
ရှားလ်မန်းရဲ့ ပြင်သစ်အင်ပါယာဟာ အနောက်ဥရောပဒေသ အကုန်နီးပါးမျှပါဝင်လာခဲ့သလို ရောမ 
မြို့မှာ ဘိသိက်ခံနိုင်ခဲ့တဲ့ ဖရန့်ဘုရင်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

ရှားလ်မန်းလည်း Roi des Francs ဖရန့်လူမျိုးတို့၏ ဘုရင်အဖြစ်မှ Empereur d'Occident ဥရောပ 
အနောက်ခြမ်း အင်ပါယာ ဘုရင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်၊ သို့သော်လည်း ရှားလ်မန်းဘုရင်
နန်းတော်က ပါရီမှာ မရှိပါဘူး၊ ဒီကနေ့ ဂျာမဏီနယ်မှာပါဝင်နေတဲ့ Aix-la-Chapelle (Aachen) မြို့ 
ကိုသာ သူ့ခေတ် တခေတ်လုံးမှာ မြို့တော်အဖြစ် သတ်မှတ်ခဲ့တယ် ဆိုပါတယ်၊ ဒီနေ့ခေတ်မှာတော့
ရှားလ်မန်းဘုရင်ကြီးရဲ့ Aachen အာဟွန်မြို့တော်ကြီးဟာ ဘယ်လ်ဂျီယံ နယ်သာလန် ဂျာမဏီ သုံး 
နိုင်ငံ ဆုံချက် နယ်စပ်မြို့လေးတမြို့ အဖြစ်သာ ရပ်တည်နေပါပြီ။


Charlemagne (Charles I) ရှားလ်မန်း (၇၄၂-၈၁၄)                                     (ဓါတ်ပုံ မရငတ)

အဲဒီလို ခေတ်သစ် ပထမ ပြင်သစ်နိုင်ငံတော်ကို ထူထောင်ခဲ့သူ ဖရန့် ပြင်သစ်တို့ရဲ့ အနော်ရထာလို့
ဆိုနိုင်တဲ့ Charlemagne (Charles I) ရှားလ်မန်း (၇၄၂-၈၁၄) လက်ထက်ထိ တိုင်အောင် ပါရီဟာ 
မြို့တော်ပြန်ဖြစ်မလာခဲ့သလို ရှားလ်မန်းနောက်ပိုင်း မြောက်ပင်လယ်ကနေ စဲန်းမြစ်ကြောင်းအတိုင်း
ပါရီအထိ ဝင်ရောက်လာတဲ့ ဗိုက်ကင်းတွေကြောင့်လည်း Early Middle Ages ခေတ် ပြင်သစ်ဘုရင် 
တွေရဲ့ အာဏာစက်က ခပ်သေးသေးသာ ရှိခဲ့ဟန် တူပါတယ်၊ ကိုးရာစုနှစ်များအတွင်းမှာ ဗိုက်ကင်း 
ကြီးတွေ အကြိမ်ကြိမ် ရောက်လာပြီး မီးရှို့ ဖျက်စီးမှုများကြောင့် ပါရီဟာ မြို့တော်ကြီး မဖြစ်လာတာ 
ကြီးထွားနိုင်သလောက် ကြီးထွားခွင့် မရခဲ့တာမျိုးလည်း ဖြစ်ဟန် တူပါတယ်။

ရှားလ်မန်းရဲ့ နန်းသက် ၄၆ နှစ်တာမျှ စုစည်းခဲ့တဲ့ အင်ပါယာကြီးလည်း သူမရှိတော့တဲ့နောက် သား 
Louis I ပထမလူဝီ (၇၇၈-၈၄၀) အဲဒီနောက် ရှားလ်မန်း မျိုးဆက် မြေးမြစ် လူဝီဘုရင်များ (နှစ်-သုံး 
လေး-ငါး) တို့ ခေတ်တွေမှာ ရှားလ်မန်းရဲ့ Empire Romain d'Occident အနောက် ရိုမန်အင်ပါယာ 
ကြီးလည်း တစစီဖြစ်သလောက် ပြိုကွဲသွားခဲ့ပါတော့တယ်၊ ထိုအတူ ရှားလ်မန်းတို့ရဲ့ Carolingiens 
(၇၅၁-၉၈၇) မင်းဆက်လည်း အဆုံးသတ်ခဲ့ ရပါတယ်။

ဒါပေမယ့်လည်း ပါရီမြို့ကို ရှားလ်မန်းတို့က မြို့တော်အဖြစ် မသတ်မှတ်ခဲ့ပေမယ့် ပြင်သစ်သမိုင်းထဲ 
မှာတော့ သမိုင်း ဆရာတွေက ရှားလ်မန်းကို Royaume des Francs (Empire Carolingien) ဖရန့် 
ပင်သစ်နိုင်ငံကို ဦးစွာတည်ထောင်သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်၊ အဲဒါကြောင့် ထင်ပါတယ်၊ 
ရှားလ်မန်းဘုရင်ဟာ ရိုမန်ကာသိုလစ်ဘာသာ ပြန်လည်ထွန်းကားလာစေပြီး ဘုရားကျောင်း အများ 
အပြား တည်ဆောက်စေခဲ့သူ ဖြစ်တာကြောင့် ပါရီနော့ထ်ရ်ဒမ်ကို တည်စေသူ မဟုတ်ခဲ့သော်လည်း 
ပါရီအစ စဲန်းမြစ်ရေလယ်ကျွန်းပေါ်က နော့ထ်ရ်ဒမ်ဘုရားကျောင်းပရဝဏ်မှာ ရှားလ်မန်းရဲ့ ရုပ်တုကို 
ထင်ထင်ရှားရှားနဲ့ တွေ့မြင်နေရခြင်း ဖြစ်မှာပါ၊ ဒီကြေးရုပ်တုကို ၁၈၇၈ ခုနှစ်မှာ ထုဆစ်ခဲ့တာ ဖြစ်ပြီး 
ပန်းပုဆရာများကတော့ Louis Rochet, Charles Rochet ညီအကိုနှစ်ယောက် ဖြစ်ပါတယ်။


Palais de la Cité                                                                               (ဓါတ်ပုံ မရငတ)

အမှန်က (၇၄၂-၈၁၄) ရှားလ်မန်းခေတ်က အနော်ရထာရဲ့ (၁၀၄၄-၁၀၇၇) ခေတ်ထက် အများကြီး 
(အနှစ်သုံးရာခန့်) စောပါတယ်၊ အနော်ရထာအရင် စုက္ကတေး ကျဉ်စိုး ကျောင်းဖြူမင်းတို့မတိုင်မီ ပုဂံ 
အစောပိုင်း ပျဉ်ပြား တန်နက် စလေငခွေး သိန်ခို ညောင်ဦးစော မင်းတို့ရဲ့ ခေတ်က ၈၄၉ ခုနှစ်မှ စ 
တင်ခဲ့တာပါ၊ ဒါကြောင့် ပြင်သစ်နယ်မှာ ရှားလ်မန်း Carolingiens (၇၅၁-၉၈၇) တို့ ကြီးစိုးနေချိန်က 
အနော်ရထာ မတိုင်ခင် ပထမ မြန်မာနိုင်ငံတော်ကြီး ပျိုးထောင်နေချိန်လို့ ယေဘူယျ ပြောနိုင်မှာပါ။

ရှားလ်မန်းတို့ခေတ်ကုန်ဆုံးပြီး ဆယ်ရာစုနှစ် ကုန်ခါနီးမှာတော့ ပါရီဟာ တဖန်အသက် ပြန်ဝင်လာခဲ့ 
ပြီ၊း ၉၈၇ ခုနှစ်မှာ Hugues Capet (၉၄၁-၉၉၆) Dynastie Capétiens မင်းဆက်သစ်ကို ထူထောင် 
ဘုရင် ဖြစ်လာတော့မှ ဒီကနေ ပါရီမြို့ စဲန်းမြစ်လယ်က ကျွန်းပေါ်မှာ Palais de la Cité နန်းတော် 
ကို တည်ဆောက်နေထိုင်ခဲ့ရာမှ ပါရီဟာ နန်းတော်မြို့အဖြစ် ဒုတိယအကြိမ် ဖြစ်လာခဲ့ပါတယ်၊ ဒီနေ့
ခေတ်မှာတော့ Palais de Justice (Conciergerie) အဖြစ် လူသိများတဲ့ နန်းတော်ပါ၊ ပါရီကို ပထမ 
ဦးဆုံး မြို့တော် သတ်မှတ်ခဲ့တဲ့ ကလိုဗီးစ် (တစ်) ရဲ့ နေအိမ် နန်းတော်ကလည်း ဒီနေရာမှာပါ။

Hugues Capet ကာပေ့ဘုရင်ရဲ့ Capétiens ကာပေ့(စီ)ရှန် မင်းဆက်သစ်ခေတ် အေဒီ တထောင် 
မှာတော့ ပါရီဇီယမ်တို့ရဲ့အားက အတော်အသင့် တောင့်တင်းလာခဲ့ပြီး အိမ်နီးနားချင်းတွေကလည်း 
လေးစားလာရသလို ပါရီမြို့ကြီးကို အဖက်ဖက်က မွမ်းမံချယ်သ လာနိုင်ခဲ့ကြပါတယ်။

ကိုးရာစုအတွင်း ပါရီမြို့ကို မီးလာလာရှို့ခဲ့တဲ့ Duché de Normandie နော်မန်ဒီနယ်စားနဲ့ အဖွဲ့သား
တွေလည်း ပါရီကို မရနိုင်မှန်းသိလာတော့ အင်္ဂလန်ကမ်းသို့သွား တိုက်ခိုက်ခဲ့ကြရာက ၁၀၆၆ ခုနှစ်
မှာတော့ စစ်အောင်နိုင်ခဲ့ပြီး Guillaume le Conquérant (William the Conqueror) ခေါ် William 
I (ပြင်သစ်လိုတော့ Guillaume I ပေါ့) ဝီလျှံ (တစ်) (၁၀၂၈-၁၀၈၇) အင်္ဂလိပ်ဘုရင် ဖြစ်သွားခဲ့ပါပြီ၊
ဝီလျှံ (တစ်) မျိုးဆက်တွေဟာ Anne အန်း ဘုရင်မ (၁၆၆၅-၁၇၁၄) ထိတိုင်အောင် အင်္ဂလန်မြေကို 
စဉ်ဆက်မပြတ်သလောက် အုပ်စိုးနိုင်ခဲ့တယ် ဆိုပါတယ်။

Normands Vikings နော်မန် ဗိုက်ကင်းတွေရယ် Français Parisiens ဖရန့် ပြင်သစ် ပါရီဇီယန်တွေ 
ရယ် Anglo-Saxons Germaniques အန်ဂလို ဆက်ဇွန် ဂျာမနစ်တွေရယ် ဆက်စပ် ပတ်သက်မှုက 
သမိုင်းတလျှောက် ရှုပ်ထွေးလှတာမို့ ပြောရ ရှင်းရ မလွယ်ပါဘူး၊ ဒါက ဥရောပ အနောက်နဲ့ မြောက် 
ပိုင်းသားတွေ ဆက်စပ်မှုသာပါ၊ ပြင်သစ်နဲ့ တောင်ပိုင်းသား စပိန်အီတလီတွေနဲ့ ဆက်စပ်မှု၊ ဥရောပ 
အရှေ့တောင်ပိုင်း အရှေ့မြောက်ပိုင်းသားတွေရဲ့ ဆက်စပ်ပတ်သက်မှု အများကြီးမို့ မောင်ရင်ငတေ 
စိတ်ဝင်စား ရေးမှတ်ထားတာလေးတွေကိုတော့ နောက်ပိုင်းမှ ဆက်စပ်လာရင် ထည့်ရေးပါဦးမယ်။

ဆယ့်တစ်ရာစု နောက်ပိုင်းကာလ ဖရန့် ပြင်သစ် ပါရီမြို့တော် အခြေအနေတွေက့
Louis VII le Jeune လူဝီ (ခွန်နှစ်) (၁၁၂၀-၁၁၈၀) ၁၁၃၇ ခုနှစ်မှာ ဘုရင်ဖြစ်လာခဲ့ပြီး နော့ထ်ရ်ဒမ် 
ဘုရားကျောင်းကို ၁၁၆၃ ခုနှစ် တည်ဆောက်ခဲ့ရာမှာ အုတ်မြစ်ချသူတဦးအဖြစ် ပါဝင်ခဲ့ပါတယ်၊ ပါရီ
စတင်ခဲ့ပြီး နှစ်တရာ့ခြောက်ဆယ်ကျော်မှာ ဒီဘုရားကျောင်းသစ် ပေါ်ပေါက်လာခဲ့တာပါ၊ ပါရီမြို့ကြီး
ကလည်း ပြင်သစ်ဘုရင်များရဲ့ နေပြည်တော်အဖြစ် အတန်ငယ် ကြီးမားလာပြီ ဖြစ်ပါတယ်။


La Cathédrale Notre-Dame de Paris                                                   (ဓါတ်ပုံ မရငတ)

နော့ထရ်ဒမ် ဘုရားကျောင်းက ပုဂံမြို့မှာ အနော်ရထာ ဘုရင် တည်ဆောက်ခဲ့တဲ့ ရွှေဆံတော်စေတီ 
(အေဒီ ၁၀၅၇) လောကနန္ဒာ (အေဒီ ၁၀၅၉) ရွှေစည်းခုံ (အေဒီ ၁၀၆၀) တို့ထက် နှစ်တရာကျော်မျှ 
နောက်ကျပြီးမှ စတင် တည်ဆောက်ခဲ့တဲ့ အဆောက်အဦး ဘုရားကျောင်းပါ။

မောင်ရင်ငတေ့အနေနဲ့ နော့ထရ်ဒမ်ကြီးကို အဆောက်အဦးတခုလို့သာမြင်တဲ့အမြင်နဲ့ မြင်ကြည့်ရင် 
ကျန်စစ်သားမင်း အေဒီ ၁၀၉၀ နဲ့ ၁၁၀၅ ခုနှစ်ကြားမှာတည်ခဲ့တဲ့ အာနန္ဒာဘုရား၊ အလောင်းစည်သူ 
၁၁၄၄ ခုနှစ်များမှာ တည်ခဲ့တဲ့ သဗ္ဗညုဘုရား၊ နရသူ ခေါ် ကုလားကျမင်း ၁၁၆၇ ခုနှစ်မှာ တည်ခဲ့တဲ့ 
ဓမ္မရံကြီး ဘုရားတွေကို အမြဲလို ပြေးမြင်မိရပါတယ်၊ ဘာလို့ဆိုတော့ ဘုရားကျောင်းစေတီ အပေါင်း 
အဆောက်အဦးနဲ့ ဗိသုကာ အနုပညာပါ ပါကြလို့ပါ၊ ပါရီ နော့ထရ်ဒမ်နဲ့ တခေတ်တည်း ပြောရမှာပါ၊ 
အာနန္ဒာကတော့မှတ်တမ်းများအရ နှစ်ခြောက်ဆယ်ခန့်မျှ စောပါတယ်၊ နရပတိစည်သူရဲ့ စူဠာမဏိ 
(၁၁၈၃) ကန်တော့ပလ္လင် (၁၂၀၃) နားတောင်းများမင်းရဲ့ ထီးလိုမင်းလို (၁၂၀၈) ဘုရားတို့ကတော့ 
ပါရီ နော့ထရ်ဒမ်နဲ့ နှစ်သုံးလေးဆယ် နောက်ကျပါတယ်။

အရှေ့တိုင်းနဲ့ အနောက်တိုင်း ဘုရားကျောင်း အဆောက်အဦးတွေ ကြီးကျယ်ခန်းနားမှုမျိုးတွေ မတူ 
ပေမယ့် အဲဒီခေတ်ကာလ လူအားနဲ့သာ အဓိကထားတည်ဆောက်ခဲ့ကြတာကတော့ အံ့ချီးဘွယ်ရာ 
ထပ်တူထပ်မျှလို့သာ ပြောချင်ပါတယ်၊ သဘာဝကရတဲ့ မြေအုတ်နဲ့ ဘုရားစေတီများ တည်ကြသလို 
ကျောက်တုံးတွေ ပေါပေါများများရတဲ့ အရပ်မှာလည်း ဘုရားကျောင်းတွေကို ကျောက်တုံးနဲ့ တည်ခဲ့ 
ကတာမျိုးပါ၊ မီတာ လေးငါးခြောက်ဆယ်အမြင့် အဆောက်အဦတွေကို စက်ပစ္စည်းမပါ လူနဲ့ ရှိတာ 
လေးနဲ့ ရအောင် လုပ်ခဲ့ကြတဲ့ လူသားတွေပါ၊ လုပ်အားပေးတို့ ပေါ်တာတို့တော့ မပါလောက်ပါဘူး။

ကွာခြားတာကတော့ မောင်ရင်ငတေတို့ ရွှေပုဂံပြည်ကြီးမှာသာ ဘုရားစေတီကြီးများ စုပြုံလို့ရှိနေပြီး
ဒီဥရောပဒေသမှာတော့ မြို့ကြီးတမြို့ ဘုရားကျောင်းကြီး တကျောင်းသာ အများအားဖြင့် ရှိနေခြင်း 
ပါ၊ ပြင်သစ်ပြည်မှာ မြို့ကြီးတမြို့ ဘုရားကျောင်းကြီးတကျောင်းသာ သိသိသာသာ ထင်ထင်ရှားရှား 
ရှိပြီး အားလုံးလိုလိုဟာ နော့ထရ်ဒမ်နဲ့ ခေတ်ပြိုင် ပြောလို့ရမယ့် ၁၂ ရာစု နှောင်းပိုင်း ကာလတွေမှာ 
စတင်တည်ဆောက်ခဲ့ကြတာပါ၊ ပြင်သစ် အပါအဝင် ဥရောပမှာက ဘုရားကျောင်းတွေအပြင် လူနေ 
အိမ် ရဲတိုက်နန်းတော်ကြီးတွေကို ပိုက်ဆံရှိရင်ရှိသလို ဆောက်ခဲ့ကြတာမို့လို့ နေရာတိုင်းမှာ ရဲတိုက် 
အကြီးအသေး ဆိုဒ်မျိုးစုံ ဒီဇိုင်းမျိုးစုံကို ဒီနေ့ တွေ့မြင်နေရတာပါ၊ ရွှေပြည်ကြီးမှာတော့ ဘုရားစေတီ
တွေသာများပြီး ရဲတိုက် နန်းတော်တွေတောင် ကြီးကြီးမားမား ခိုင်ခိုင်ခံ့ခံ့ မတည်ဆောက်ခဲ့ကြပါဘူး၊
ဝါး သစ်သားနဲ့သာ အသုံးပြု တည်ဆောက်ခဲ့ကြလို့ ရေရှည်မခံတာလည်း ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ၁၆ ရာစုအလယ် ၁၅၅၀ ခုနှစ်လောက်ထိ ပြင်သစ်ဘုရင်များဟာ ဘုရင်များရဲ့ ထုံးစံ
အမဲလေးလိုက် လိုက်၊ စစ်လေးတိုက်လိုက်နဲ့သာ အနေများခဲ့ကြဟန်ရှိပြီး ပါရီမြို့ အပြင်နယ်တွေက 
ရဲတိုက်ကြီးတွေမှာသာ နေထိုင်ကြဖို့ စိတ်အားထက်သန်ခဲ့ကြဟန် တူပါတယ်၊ ပါရီမြို့တော်ကတော့ 
သိသိသာသာကြီး ပြောင်းလဲမသွားသေးပါဘူး၊ ဘုရားကျောင်းလို ဘာသာရေး အဆောက်အဦးတွေ
ရဲတိုက်လို လူနေအိမ် နန်းတော်ကြီးတွေနဲ့ လူမှုရေး အဆောက်အဦးလေးတွေသာ ရှိပါသေးတယ်။
ဒီကနေ့ မြင်တွေ့နေရတဲ့ နော့ထရ်ဒမ် အဆောက်အဦးကြီးကတော့ တမင်းပြီးတမင်း တက်လာတိုင်း
ဆက်လက်ပြုပြင် တည်ဆောက်လာခဲ့ကြတာမှာ ကာပေ့(စီ)ရှန်ခေတ်ကုန်ပြီး Valois ဗားလွားခေတ် 
(၁၃၂၈-၁၅၈၉) ခုနှစ် အရောက် ပထမဦးဆုံး ဘုရင်ဖြစ်တဲ့ Philippe VI ဖိလစ် (၆) (၁၂၉၃-၁၃၅၀) 
ဘုရင် နန်း တက်လာပြီး ၁၃၄၅ ခုနှစ်မှာမှ အဆုံးသတ် နိုင်ခဲ့ပါတယ်တဲ့။


La Cathédrale Notre-Dame de Paris                                                   (ဓါတ်ပုံ မရငတ)

အခု ရေးလက်စ ပါရီရဲ့ အစသမိုင်းကို
အတိုချုပ် ပြောရမယ် ဆိုလာရင်တော့

မူလ ပါရီ မြို့တော် အစခေတ်
၁။ ကလိုဗီးစ် ဘုရင်ရဲ့ Mérovingiens မေရိုးဗန်းဂျီးယန်းခေတ် (၄၈၁-၇၅၁)

ပါရီ မြို့တော် မဟုတ်တဲ့ခေတ်
၂။ ရှားလ်မန်းဘုရင်ရဲ့ Carolingiens ကာရိုလန်ဂျီးယန်းခေတ် (၇၅၁-၉၈၇)

ဒုတိယအကြိမ် ပါရီမြို့တော်ခေတ် (နော့ထရ်ဒမ်ခေတ်)
၃။ ကာပေ့ ဘုရင်ရဲ့ Capétiens ကာပေ့(စီ)ရှန် မင်းဆက်ခေတ် (၉၈၇-၁၃၂၈)
ဒီခေတ် သုံးခေတ်မှာ ပါရီမြို့ဟာ ပေါ်လိုက် ပျောက်လိုက်နဲ့ တဖြေးဖြေးချင်း ကြီးထွားလာခဲ့တာပါ။

Capétiens ကာပေ့(စီ)ရှန် မင်းဆက်က ခွဲထွက်လာတဲ့ Capétiens Valois ကာပေ့(စီ)ရှန် ဗားလွား 
ခေတ် (၁၃၂၈-၁၅၈၉) ဖိလစ် (၆) (၁၂၉၃-၁၃၅၀) နောက်ပိုင်း ဖရန့်ပြင်သစ်နိုင်ငံဟာ ပိုမို ကြီးထွား 
လာခဲ့ပါပြီ၊ သို့သော် ပါရီဟာ နန်းမြို့တော်စစ်စစ်ဘဝသို့ မရောက်ရှိသေးပါဘူး၊ စဲန်းမြစ်ကမ်းတဝိုက် 
ပါရီ ရဲတိုက်များမှာ နန်းစိုက်ထားတယ် ဆိုပေမယ့် ချောက်ကပ်ကပ် အဆင့်သာ ရှိနေဆဲပါ။

မြို့တော်ကြီး ဖြစ်လာဖို့ မလွယ်ခဲ့တဲ့ အကြောင်းတရားက ဖြစ်ပေါ်လာတယ် ဆိုရမှာပါ၊
ကာပေ့(စီ)ရှန် ဗားလွားခေတ် အစဦးတည်းက စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက မပြီးမပြတ် ဆက်လက်၍ 
တိုက်ခိုက်နေကြရတာ နှစ်များစွာပါ၊ ပြင်သစ်-အင်္ဂလိပ် နှစ်တရာစစ်ပွဲအဖြစ် နာမည်ကျော်ခဲ့ပါတယ်၊ 
နော်မန်ဗိုက်ကင်းတွေ အင်္ဂလိပ်ဘုရင်ဖြစ်သွားပြီး အင်အားတောင့်တင်းလာတော့ အေးအေးမနေနိုင် 
ကြပါဘဲ မူလလက်ဟောင်းပါရီမြို့ကို လာရန်ရှာခဲ့တယ်လို့သာ မောင်ရင်ငတေ တွက်ဆမိရပါတယ်၊ 
အာဏာလေးများရလာရင် အာဏာကို ပိုမက်လာကြတာက အာဏာရများရဲ့ ဓမ္မတာသာပါ။

အဲဒီ Guerre de Cent Ans ပြင်သစ်-အင်္ဂလိပ် နှစ်တရာစစ်ပွဲ (၁၃၃၇-၁၄၅၃) (တကယ်တော့ ၁၁၆
နှစ် စစ်ပွဲ) ကာလ Charles VII ရှားလ် (ခွန်နှစ်) (၁၄၀၃-၁၄၆၁) ပြင်သစ်ဘုရင် ဖြစ်လာချိန် ၁၄၂၂
ခုနှစ်နောက်မှာ ဒီ နော့ထ်ရ်ဒမ် ပါရီ ဖရန့် ပြင်သစ် သမိုင်းမှာ ထူးခြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဖေအင်္ဂလန်ဘုရင် Henry V of England (၁၃၈၆-၁၄၂၂) ၃၁ သြဂတ်စ်လမှာ သေဆုံးပြီးနောက် 
ကိုးလသားနဲ့ အင်္ဂလိပ် ဘုရင်ဖြစ်လာသူက Henry VI ဟန်နရီ (ခြောက်) (၁၄၂၁-၁၄၇၁) ပါ၊ သိပ် 
မကြာခင် အောက်တိုဘာ ၂၁ ရက် နေ့မှာ ပြင်သစ်ဘုရင် Charles VI de France ရှားလ် (ခြောက်) 
(၁၃၆၈-၁၄၂၂) သေပါတယ်၊ အဲဒီ ပြင်သစ်ဘုရင်ရှားလ် (ခြောက်) ဆိုသူက အင်္ဂလိပ်ဘုရင်ဖြစ်လာ 
သူ ဟန်နရီ (ခြောက်) အမေ Catherine de Valois (၁၄၀၁-၁၄၃၇) ရဲ့ အဖေရင်းမို့လို့ အဖိုးစစ်စစ် 
တော်စပ်သူပါ၊ အင်္ဂလန်ဘုရင်သေလို့ နန်းတွင်းထဲမှာ အဖေဘုရင်နဲ့အတူ နေထိုင်နေသူ ဘုရင့်သား 
အင်္ဂလန်နန်းကို ဆက်ခံခွင့် ရရှိလာတာကတော့ ရှင်းပါတယ်။

သို့သော် အမေဖြစ်သူ အင်္ဂလိပ် ဘုရင့်မိဖုရားရဲ့ အဖေက ပြင်သစ် ဘုရင် ဖြစ်နေတာက ပြဿနာပါ၊
အဖိုး ပြင်သစ်ဘုရင်ရဲ့ နန်းမွေကို ဆက်ခံခွင့် ရှိတယ်လို့ ဘာညာ ဥပဒေတွေကို အကြောင်းပြ ကြပြီး
၁၄၃၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ ပါရီမြို့က နော့ထ်ရ်ဒမ်ဘုရားကျောင်းမှာ အင်္ဂလန်ဘုရင် 
ဟန်နရီ (ခြောက်) ကို ပြင်သစ်ဘုရင်အဖြစ် တရားဝင်အောင် သူ့ရဲ့ ဦးကြီးတော်စပ်သူ ကျောင်းထိုင် 
ဘုန်းကြီးက ဘိသိက်သွန်းလို့ ပြင်သစ်ဘုရင် ဖြစ်လာစေခဲ့ပါတယ်တဲ့၊ ဘယ်လိုများ တရားဝင်လည်း 
တော့ မောင်ရင်ငတေ နားမလည်လှပါဘူး၊ ပြင်သစ်ဘုရင်ကလည်း ပါရီမှာ ငုတ်တုတ်ကြီးရှိနေတာမို့ 
ပါ၊ နှစ်တရာစစ်ကလည်း ဖြစ်လျှက်ကြီး တန်းလန်းပါ။

သို့သော်လည်း အဲဒီ ပြင်သစ်-အင်္ဂလိပ်နှစ်တရာစစ် (၁၃၃၇-၁၄၅၃) နှောင်းပိုင်းကာလမှာ လူသိများ
ထင်ရှားလာသူကတော့ နာမည်ကျော် Jeanne d'Arc (Joan of Arc) ယန်းဒါ့ခ် (၁၄၁၂-၁၄၃၁) သို့ 
မဟုတ် အာဇာနည်ဂျုံး ပါ၊ ဒီ ပြင်သစ်-အင်္ဂလိပ် နန်းတွင်းအရှုပ်အထွေး စစ်ပွဲကြီးနဲ့ ယန်းဒါ့ခ် ခေါ်တဲ့ 
အာဇာနည်ဂျုံး အကြောင်းကတော့ ရှုပ်ထွေးပွေလီလှတဲ့ သမိုင်းဝင် ဒဏ္ဍာရီဇာတ်လမ်းကြီး တခုမို့လို့ 
ဒီနေရာမှာ ဖော်ပြဖို့ မလွယ်ပါဘူး၊ တိုက်ဆိုင်လာပါကလည်း ခပ်ပါးပါးသာ ရေးနိုင်မှာပါ။

အဲဒီလို နှစ်တရာစစ်အတွင်း အဖိုးပြင်သစ်ဘုရင် အဖေအင်္ဂလိပ်ဘုရင် တပြိုင်နက်တည်း သေရာက 
နန်းမွေ ဆက်ခံခွင့် ရှိပါတယ်ဆိုပြီး ရှုပ်ထွေးခဲ့ကြတဲ့ ရာဇဝင် စာရွက်များပေါ်က သမိုင်းမှတ်တမ်းမှာ 
ဦးလေးဖြစ်သူ ရှားလ် (၇) (၁၄၂၂-၁၄၆၁) ပြင်သစ်ဘုရင်ကြီးအဖြစ် ရှိနေပါသော်လည်း တူဖြစ်သူ 
အင်္ဂလိပ်ဘုရင် ဟန်နရီ (၆) ပြင်သစ်ဘုရင်အဖြစ် နော့ထ်ရ်ဒမ်မှာ ဘိသိက်ခံခွင့် ရခဲ့တာက ထူးဆန်း
လှပါတယ်လို့ ထင်ရပေမယ့် မထူးဆန်းပါဘူး ပြောချင်ရင်တော့ ဂျုန်း အော့ဖ် အတ်ခ် (သို့) ယန်းဒါ့ခ် 
(သို့) အာဇာနည် ဂျုံး အကြောင်း ခပ်ပါးပါးလေး သိထားဖို့တော့ လိုပါလိမ့်မယ်။

အဖေ အဖိုးတွေခေတ် ဖြစ်လာခဲ့တဲ့ နှစ်တရာ ရန်ပွဲလည်း ဦးလေးနဲ့ တူ ဘုရင်ခေတ် ၁၄၅၃ ခုနှစ်မှာ 
အဆုံးသတ် ငြိမ်းချမ်းရေး ယာယီရခဲ့ကြတယ် ထင်ပါတယ်၊ အင်္ဂလိပ်သမိုင်း ပြင်သစ်သမိုင်းမှာတော့ 
အငြင်းပွားဖွယ်ရာ ဘုရင်နှစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ကြသူတွေပါ။

ပြင်သစ်-အင်္ဂလိပ် နှစ်တရာစစ် (၁၃၃၇-၁၄၅၃)
အဖိုး ပြင်သစ်ဘုရင် Charles VI de France ရှားလ် (၆) (၁၃၆၈-၁၄၂၂)
အဖေ အင်္ဂလန်ဘုရင် Henry V of England ဟန်နရီ () (၁၃၈၆-၁၄၂၂) 
အမေ အင်္ဂလန်မိဖုရား Catherine de Valois ကက်သရင်း (၁၄၀၁-၁၄၃၇)
ဦးလေး ပြင်သစ်ဘုရင် Charles VII de France ရှားလ် (၇) (၁၄၀၃-၁၄၆၁)
မြေး သား တူ အင်္ဂလန်ဘုရင် Henry VI of England ဟန်နရီ (၆) (၁၄၂၁-၁၄၇၁)
Jeanne d'Arc ယန်းဒါ့ခ် (Joan of Arc ဂျုန်း အော့ဖ် အတ်ခ်) (၁၄၁၂-၁၄၃၁)

မောင်ရင်ငတေကတော့ အလွယ်သမားပီပီ အဲဒီလိုသာ မှတ်တမ်းတို့ ထားလိုက်ရပါတယ် ရှုပ်လည်း 
ရှုပ်လှပါတဲ့ မင်းဆွေမင်းမျိုးများ ရယ်လို့သာ၊ နောင်ကာလများမှာ စပိန်တို့ အီတလီတို့ သြစတြီးယား 
တို့က မင်းမျိုးနွယ်တွေနဲ့ ပိုမိုလို့ ဇာတ်လမ်းရှုပ်လာမယ့် ဖရန့်ပြင်သစ် ဘုရင့် ဆွေတော်မျိုးတော်တွေ 
ရဲ့ သမိုင်းကတော့ ဥရောပမှာ အရှုပ်ထွေးဆုံးလို့သာ မောင်ရင်ငတေ ဆိုလိုက်ချင်ပါတယ်။

အဲဒီလို နော့ထ်ရ်ဒမ် ဘုရားကျောင်းကြီးရဲ့ သမိုင်းမှာ အစဉ်အလာ မဟုတ်တဲ့ မင်းတပါး ဘိသိက်ခံ 
ခဲ့တဲ့ သမိုင်း တည်ရှိခဲ့ပြီး ဘိသိက်ခံသူကလည်း ပြင်သစ် ဖရန့်တွေရဲ့ အစဉ်အဆက် ပြိုင်ဖက်ကြီး 
အင်္ဂလိပ်ဘုရင် ဖြစ်နေတာက ထူးခြားမှတ်တမ်း တခု ဖြစ်ခဲ့ပါတယ်။

အစဉ်အလာအရ ပြင်သစ်ဘုရင်များကို ဘိသိက်ခံခဲ့ကြတာက အဲဒီ နော့ထ်ရ်ဒမ် ဘုရားကျောင်းကြီး 
မဟုတ်ပါဘူး၊ ရှန်ပိန်နယ် Reims မြို့က ဘုရားကျောင်းကြီးမှာသာ အစဉ်အဆက် နန်းခံခဲ့ကြတာပါ၊ 
Cathédrale Notre-Dame de Reims ဘုရားကျောင်းသစ်ကိုတော့ ၁၂၁၁ ခုနှစ်မှာ အသစ်ပြုပြင် 
တည်ဆောက်ခဲ့ကြပြီး ပြင်သစ်ဘုရင်တွေရဲ့ ဘိသိက်ခံရာအဖြစ် အစဉ်အဆက် တည်ရှိခဲ့ပါတယ်။



La Cathédrale Notre-Dame de Paris                                                   (ဓါတ်ပုံ မရငတ)

နှစ်တရာ စစ်ပွဲလွန် ကာလလွန် ၁၅၀၀ ပြည့်နှစ် ဝန်းကျင်ရောက်လာတော့ ပါရီ ဖရန့် တိုင်းပြည်ဟာ 
ပိုမိုအေးချမ်းဖွင့်ဖြိုး တိုးတက်ထွန်းကားစ ပြုလာတယ် ပြောရမှာပါ၊ ဥရောပရဲ့ အမှောင်ခေတ်လည်း 
ကုန်ခဲ့ပြီး ဖရန့်ပြည်မှာလည်း ဖရန်ဆေးဇ်တို့ရဲ့ Renaissance Française ခေတ် ရောက်ရှိလာပါပြီ။

ပါရီမြို့ကြီးကတော့ မြို့တော် ဖြစ်ပြီလားဆိုတော့ မြို့တော်ကြီး စစ်စစ် ဖြစ်မလာသေးပါဘူး၊
Louis XI လူဝီ (၁၁) (၁၄၂၃-၁၄၈၃) နန်းသက် ၂၂ နှစ် Charles VIII ရှားလ် (၈) (၁၄၇၀-၁၄၉၈) 
နန်းသက် ၁၅ နှစ် Louis XII လူဝီ (၁၂) (၁၄၆၂-၁၅၁၅) နန်းသက် ၁၇ နှစ် တို့တတွေလည်း ပါရီရဲ့ 
အနောက်ဘက် ကီလိုမီတာ တရာ့ငါးဆယ် နှစ်ရာကျော်ဝေးတဲ့ လွားမြစ်ကမ်းရိုးတလျှောက် နေအိမ် 
ရဲတိုက်ကြီးများ တည်ဆောက်ပြီး တောပျော်များအဖြစ်သာ နေနေကြဆဲပါ၊ Châteaux de la Loire 
လွားမြစ်ရိုးမှ ရဲတိုက်များအဖြစ် ဒီကနေ့ တိုးရစ်လောကမှာ နာမည်ကျော်တဲ့ ရဲတိုက်နေအိမ်များပါ။

တရက် တလ ၁၅၁၅ ခုနှစ်မှာ ဗားလွားမင်း ၁၃ ဆက်အနက် ကိုးဆက်မြောက်အဖြစ် နန်းရလာခဲ့တဲ့
ကော့ညှက်နယ်သား François I ဖရန်ဆွာ (၁) (၁၄၉၄-၁၅၄၇) လက်ထက်မှာတော့ ပါရီမြို့ကြီးကို
ပြုပြင်တည်ဆောက် အခြေချ နန်းမြို့တည်ဖို့ စတင် ကြံစည်လာပါတယ်၊ ဒီကနေ့ မိုနာလီဇာ ဗီးနပ်စ်
တို့နဲ့ နာမည်ကြီးနေတဲ့ Musée du Louvre ပြတိုက်ကြီး ဖြစ်လာမယ့် Palais du Louvre နန်းတော် 
သစ်ကြီးကို ၁၅၄၁ ခုနှစ်မှာ ဖရန်ဆွာ (၁) စတင်တည်ခဲ့ပြီး ပြင်သစ်ပြည်ရဲ့ နန်းစိုက်ရာမြို့တော်ကြီး 
ဖြစ်လာအောင် ကြံစည်ခဲ့တယ် ဆိုပါတယ်၊ လုဗ်ရ်ပြတိုက် လုဗ်ရ်နန်းတော်နဲ့ ခေတ်သစ်ပါရီမြို့တော်
အကြောင်း မှတ်ထားသမျှကိုတော့ စာစုတခုဖြစ်အောင် အတော် ကြိုးစားရဦးမှာပါ။



La Cathédrale Notre-Dame de Paris                                                   (Photo Google)

ပါရီ ခေတ်သစ်သမိုင်းကို ၁၁ ရာစုဆန်းမှာ အဲဒီလို စတင်ခဲ့တယ် ဆိုကြပြီး
ဘုရား ကျောင်းတည်ရာ စဲန်းမြစ်လယ်က ရေလယ်ကျွန်းလေးက ကနဦးပါရီရဲ့ ဘူမိနက်သန် နေရာ 
ပါ၊ အနယ်နယ် အရပ်ရပ်က ရောင်းဝယ်ဖောက်ကားသူတွေ ရေကြည်ရာ မြက်နုရာ ရှာတွေကြသော 
သူတွေ စဲန်းမြစ်ကြောင်းအတိုင်း စုန်ဆန်တက်ဆင်းရင်း နေလို့ထိုင်လို့ ကောင်းမွန်ရာ ပါရီမြေမှာလာ 
သောင်တင်ခဲ့ကြရာက ပါရီဟာ မြို့ပြအဖွဲ့အစည်းအဖြစ် တစတစကြီးထွားလာခဲ့တာမျိုးပါ၊ မြို့ပြအစ 
စဲန်းမြစ်လယ် အဓိက အချက်အချာမှာ လူနေအိမ်ဆောက် နန်းတော်ဆောက် နေထိုင်ခဲ့ကြတာပါ။

စဲန်းမြစ်လယ်မှာ ကျွန်းလေးနှစ်ကျွန်းရှိပြီး Île de la Cité ကျွန်းပေါ်ရှိလို့ Palais de la Cité လို့ ခေါ်
ခဲ့ကြဟန် တူပါတယ်၊ နော့ထ်ရ်ဒမ် ဘုရားကျောင်းကိုလည်း ဒီကျွန်းလေးပေါ်မှာ တည်ဆောက်ခဲ့ကြ 
တာမို့ ပါရီရဲ့ ဘူမိနက်သန် နေရာမှန်ပါ၊ ဟိုးအရင် လှည်းခေတ် လှေခေတ်တုန်းက အဓိကကျလှတဲ့ 
ရေဆိပ်ကမ်း ဖြစ်ခဲ့တာလည်း ဒီနေရာမှာပါ၊ အနောက်စွန်းမှာ နန်းတော်တည်ခဲ့ပြီး အရှေ့စွန်းမှာ ဘု
ရားကျောင်း တည်ခဲ့တာပါ၊ လူနေအိမ်ခြေရယ်လို့ သိပ်မရှိပါဘူး။

ဒီဘုရားကျောင်းကြီးရဲ့ ဘာသာရေးယဉ်ကျေးမှု အနုပညာလက်ရာများကတော့ များပြားလှပါတယ်၊
မောင်ရင်ငတေလည်း အဲဒါမျိုးတွေ နားမလည်ပါဘူး၊ ဖတ်ရမှာလည်း ပျင်းလှတာမို့ မဖတ်ဖြစ်ပါဘူး၊
မောင်ရင်ငတေတို့ ဟိုးရှေးခပ်ငယ်ငယ် ကြားဖူးနားဝရှိခဲ့တာတခုက *နော်တာဒမ်က ခါးကုန်းကြီး** 
ဆိုတာပါ၊ ခါးကုန်းကြီ့း့ သူဘယ်သူလဲ ဘာလဲဆိုတာကို သေချာ မောင်ရင်ငတေ မသိပါဘူး၊  
ခါးကုန်းအဖိုးကြီး၊ ကျောမှာ ဘုကြီးနဲ့၊ ကုန်းကုန်းကုန်းကုန်း မြင်လိုက်တာနဲ့ ကြောက်စရာ ဆိုတာကို 
မှတ်မိနေတာပါ၊ ရေးသူပြင်သစ် Victor Hugo ဗစ်တာဟျူးဂိုး (၁၈၀၂-၁၈၈၅) ဘာညာဆိုတာတော့ 
နာမည်လောက်သာ သိတာပါ။

၁၈၃၁ ခုနှစ်မှာ ထုတ်ဖြေန့်ချီခဲ့တဲ့ Notre-Dame de Paris (The Hunchback of Notre-Dame)
စာအုပ်ကို ဗစ်တာဟျူးဂိုး ရေးခဲ့တယ် ဆိုပါတယ်၊ စာအရေးကောင်းလွန်လွန်းပြီး အာဏာပိုင်တွေကို 
မကြိုက်လို့ ကိုယ့်ကိုကိုယ် ပြည်နှင်ဒဏ်ပေး တိုင်းပြည်ကစွန့်ခွာထွက်ပြေးခဲ့တဲ့ ကမ္ဘာကျော်ပြည်ပြေး 
ကဗျာဆရာ ဝတ္ထုရေးဆရာ ပြဇာတ်ရေး ဆရာကြီး ဗစ်တာဟျူးဂိုး ဆိုတာကို အခုမှသာ သိတာပါ 
ခင်ဗျာ၊ ဂျာမန် ပြည်ပြေးက ပြင်သစ်ကိုပြေး၊ ပြင်သစ် ပြည်ပြေးက အင်္ဂလန်ပြေး၊ အင်္ဂလိပ် ပြည်ပြေး 
က ဂျာမဏီပြေး ပြည်ပြေးဆိုတာက ခေတ်တိုင်းမှာလို ရှိနေခဲ့တာပါ။


Le Point Zéro des Routes de France                                                   (ဓါတ်ပုံ မရငတ)

ပါရီမြို့တော်အစ နော့ထ်ရ်ဒမ်ရဲ့အစ၊ ဖရန့် ဖရန်ဆေးဇ် ပရန်သေးဇ် ပရန်သစ် ပြင်သစ်တို့ရဲ့ သမိုင်း 
စ လယ် ဆုံးကတော့ မြောက်များလှစွာသော ပညာရှင်ကြီးငယ်တို့ ဘာသာစုံနဲ့ ရေးထားကြတာတွေ 
ရှိပြီးသားပါ၊ မောင်ရင်ငတေကတော့ ကိုယ်သိချင်တဲ့ အပိုင်းလေးဖတ် ကိုယ်မှတ်ချင်တဲ့ အပိုင်းလေး 
မှတ်ပြီး အလွယ်ဆုံးနည်းနဲ့ ချရေးနေမိတာပါ၊ အဲ့ ဒီနေရာမှာ နော့ထ်ရ်ဒမ်နဲ့ ပတ်သက်လို့ 
မောင်ရင်ငတေ မှတ်ထားတာလေး ထည့်ရေးချင်တာလေး တခုတော့ ရှိပါသေးတယ်။

ပါရီမြို့တော် သမိုင်းကြောင်းဟာ နော့ထ်ရ်ဒမ်ဘုရားကျောင်းရဲ့ သမိုင်းကြောင်းနဲ့ အမြဲယှဉ်တွဲပြောမှ 
ပြီးပြည့်စုံတာပါ၊ ဘုရားကျောင်းတည်ရာနေရာက ပါရီမြို့ရဲ့ မြို့လယ်ခေါင်တည့်တည့် ဖြစ်ရုံသာမက
နိုင်ငံတနိုင်ငံ မြို့တမြို့ရဲ့ ခရီးမိုင် အကွာအဝေးတွေကို တိုင်းတာရာမှာ Point Zéro ဗဟိုချက်အဖြစ် 
သတ်မှတ်ထားတဲ့ နေရာကလည်း ဒီဘုရားကျောင်းကြီး မျက်နှာစာ ရှေ့တည့်တည့်မှာပါ၊ ပြင်သစ်ရဲ့ 
ဗဟိုချက် Point Zéro လို့ တရားဝင် သတ်မှတ်ထားပေမယ့် ပြင်သစ်ပြည်ရဲ့ အလယ်တည့်တည့်မှာ 
တည်ရှိတာတော့ မဟုတ်ပါဘူး၊ ပါရီရဲ့ ဗဟိုလို့သာ ပြောရမှာပါ။

Point Zéro ဗဟိုချက်လို့ ဆိုပေမယ့် နိုင်ငံတနိုင်ငံ မြို့တမြို့ ရွာတရွာရဲ့ အလယ်တည့်တည့်နေရာမှ 
သတ်မှတ်ရမယ် မဟုတ်ပါဘူး၊ မြို့စတည်စဉ် အထင်ကရ နေရာမျိုးတွေကို ရွေးချယ် သတ်မှတ်လေ့ 
ရှိဟန်တူပါတယ်၊ ဒီနေရာမှာကြုံတုန်း နည်းနည်းထည့်ရေးချင်တာလေး ရေးပါဦးမယ်၊ ရွှေပြည်တော်
မျှော်လေတိုင်းမှိုင်းရီနဲ့ ပတ်သက်လို့ နည်းနည်းလေး ရေးချင်တာပါ။


PARIS - RANGOON 8898 Km (2007)  8998 Km (2012)                         (ဓါတ်ပုံ မရငတ)

ပါရီမြို့ အီဖယ်မျှော်စင်ထိပ်ဖျားမှာ ပါရီမြို့တော်နဲ့ နိုင်ငံတကာမြို့တော်တွေရဲ့ အကွာအဝေးကို ရေး
သားထားတာတွေ ရှိပါတယ်၊ ပါရီ-ဘန်ကောက် ပါရီ-နယူးယောက် ပါရီ-ကွာလာလမ်ပူ စသဖြင့်ပေါ့၊
(အီဖယ်မျှော်စင် ထိပ်ဖျားမှာ ရေးထားတာ ဆိုပေမယ့် Point Zéro ကတော့ နော့ထ်ရ်ဒမ် ရှေ့မှာပါ၊)
အဲဒီမှာ့ ပါရီ-ရန်ကုန် အကွာအဝေးကိုလည်း မှတ်တမ်းတင်ထားတာ  တွေ့မြင်နိုင်ပါတယ်။

သို့သော် ထူးခြားတာလေး ပြောချင်တာကတော့
အရင် ၂၀၀၇ တုန်းကထိ ပါရီကနေ ရန်ကုန် အကွာအဝေးကို
၈၈၉၈ ကီလိုမီတာ (၅၅၂၈ မိုင်၊ ၄၈၀၄ နော်တီကယ်မိုင်) ကွာဝေးပါတယ်လို့
မှတ်သားထားရာကနေ သိပ်မကြာခင် မနေ့တနေ့က အီဖယ်တာဝါပေါ် ရောက်တော့
၈၉၉၈ ကီလိုမီတာ လို့ ပြောင်းလဲသတ်မှတ် ရေးထိုးထားတာကို မောင်ရင်ငတေ တွေ့မြင်
မှတ်တမ်းတင်ခဲ့ပါတယ်၊ ဘယ်လိုကဘယ်လို နည်းစံနစ်တွေ ပြောင်းလဲ တိုးတက်သွားလို့
ပါရီနဲ့ ရန်ကုန် ကီလိုမီတာ တရာ တိတိ ပို၍ ဝေးကွာသွားရကြောင်း နားမလည်နိုင်တာပါ ခင်ဗျာ။

တခြားမြို့ကြီးများ ချက်ပြည်ထောင်စုရဲ့ ပရပ်ဂ်မြို့ကို ၈၉၀ ကီလိုမီတာ တာဂျစ်ကစ္စတန်ရဲ့ ဒူချန်ဘီ 
ကို ၅၃၀၂ ကီလိုမီတာ နီပေါက ကတ္တမန်ဒူကို ၇၂၅၅ ကီလိုမီတာ တွေက မပြောင်းမလဲ တည်ရှိခဲ့ပြီး 
ရွှေပြည်တော်ရဲ့ မဟာရန်ဂွန်းမြို့တော်ကြီးက ဘာကြောင့် ကီလိုမီတာတရာ ပိုလို့ ဝေးသွားရတာလဲ
မောင်ရင်ငတေ စဉ်းစားခန်းလေး ဝင်လာမိတာပါ။

မောင်ရင်ငတေတို့ ရွှေနိုင်ငံတော်ကြီး ဗဟိုချက် နေရာကတော့ အခုအခါ ဘယ်ဒေသကို ပြောင်းရွှေ့ 
သွားပြီလဲတော့ မသိပါဘူးခင်ဗျာ၊ ဘယ်မြို့ ဘယ်နေရာဘယ်ဒေသမှာ သတ်မှတ်ထားတာကိုလည်း 
မောင်ရင်ငတေ တခါဖူးမျှ မဖတ်မိဘူးကြောင်း မကြားဘူးကြောင်းပါ၊ အကယ်၍များ မောင်ရင်ငတေ 
ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် သတ်မှတ်ခွင့်များ ရမယ်များဆိုခဲ့ရင်တော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား 
ရင်ပြင်တနေရာရာ သို့မဟုတ် ပုဂံရွှေစည်းခုံစေတီက ကျန်စစ်သားမင်းရဲ့ အရိန္ဒမာလှံချက် နေရာကို 
သတ်မှတ်ရင်များ ကောင်းလေမလား၊ သို့မဟုတ် ဆူးလေဘုရားလေလား၊ စဉ်းစားတာပါ၊ ဒါပေမယ့် 
မောင်ရင်ငတေလို ဘာမဟုတ်ညာမဟုတ်အဆင့် အကောင်မျိုးက အဲလိုအကြံပြုလို့ လူတကာ ဟား 
တိုက်တာ ခံရမှာလည်း စိုးပါတယ်၊ ရွှေဗမာ ပညာရှင် တချို့ကတော့ ရွှေပြည်တော် မဟာရန်ကုန်ရဲ့  
ကမ်းနားလမ်း ကြေးနန်းရုံး စာတိုက်ကြီးကနေ ပြည်လမ်း ခြောက်မိုင်ခွဲတို့ ရှစ်မိုင်လမ်းဆုံတို့ ကိုးမိုင် 
ဆယ်မိုင်ကုန်းတို့ သတ်မှတ်ထားတာဖြစ်လို့ ကြေးနန်းရုံကြီးရှေ့ဟာ ရွှေပြည်တော်ရဲ့ ဇီးရိုးပွိုင့် ဖြစ်ပါ 
ကြောင်း အဆိုပြုကြတာကိုလည်း ထည့်စဉ်းစားကြရမှာပါ။

တကယ်တော့ ဒါတွေကို မောင်ရင်ငတေ သိလို့ တတ်လို့ တော်လို့ ရေးနေတာ မဟုတ်ပါဘူး၊
မှတ်ဥာဏ်ကောင်းလွန်းလို့ အလွတ်ကျက် အလွတ်ရနေလို့ ရေးနေတာမျိုးလည်း မဟုတ်ပါဘူး၊
ကျောင်းသားဘဝထဲက သမိုင်းတွေ ပထဝီဝင်တွေ မြန်မာစာတွေမှာလည်း အောင်မှတ်ရရုံလေးပါ။

နိုင်ငံရပ်ခြားနေပြီး နိုင်ငံရပ်ခြားအကြောင်းတွေကို ရေးချင်ရာ ခပ်တည်တည်ရေးနေပေမယ့် နိုင်ငံရပ်
ခြားဘာသာစကားတွေကို ထမင်းစားရေသောက်အဆင့်ထက် လက်တလုံးလောက် ပိုမတတ်ပါဘူး၊
ဘဝမှာ ဘယ် ကျောင်းကြီး ကျောင်းကောင်းမှလည်း အဆင့်မြင့်မြင့် တခါဖူးမျှ မတက်ခဲ့ဖူးပါဘူး။

သားရေး သမီးရေးမရှိ၊ လက်ကြောကလည်းမတင်း၊ ပိုက်ဆံများများ ရှာရတာလည်း ဝါသနာကမပါ၊ 
ကုသိုလ်ကံထောက်မလို့ ဒီကနေ့ အင်တာနက် ခေတ်ကြီးကို နောက်နားတနေရာက တရွတ်တိုက်နဲ့
လိုက်ရင်း ဝါသနာလေးပါလို့ရယ် အချိန်တွေ ပိုနေလို့ရယ် ဖတ်ထားမှတ်ထားလေးတွေ ရှိနေလို့ရယ်၊
အရင်ခေတ်ကလို ဖတ်မှတ်တာက စက္ကူဖြူနဲ့ မဟုတ် ပေတံတွေ ခဲတံတွေ ဘောပန်န်တွေနဲ့ မဟုတ်
ကွန်ပြူတာရယ် ကီးဘုတ်ရယ် မောက်စ်ရယ် ကိုင်ဆွဲပြီး ရှာဖွေ ဖတ်သမျှကို Copy n Paste လုပ်ပြီး
အလွယ်နည်းနဲ့ ဂူဂဲလ်ကြည့် ကူးချ ရေးတယ် လုပ်လိုက်တာပါ၊ အချက်အလက်များကလည်း ဟိုက 
ဒီက လိုက်ရှာကူးချထားတာမို့လို့ အကယ်၍ မှားခဲ့ရင်တောင်မှ မောင်ရင်ငတေ မျက်စေ့လျှမ်းလို့သာ 
မှတ်ယူကြပါ၊ ဒါကြောင့် အမှားအယွင်းများ တွေ့ရှိပါက ခွင့်လွှတ်တော်မူကြပါရန် ခင်ဗျား။


La Cathédrale Notre-Dame de Paris                                                   (Photo Google)

Cathédrale Notre-Dame de Paris နော့ထ်ရ်ဒမ် ဘုရားကျောင်းကြီ့း့
စတင် ဆောက်လုပ်ခဲ့တဲ့ နှစ် ၈၅၀ ပြည့်တဲ့ ပွဲတော်ကြီးကို ၁၂ ဒီဇင်ဘာ ၂၀၁၂ ကနေ ၂၄ နိုဝင်ဘာ 
၂၀၁၃ ထိ တနှစ်နီးပါးကြာ ကျင်းပပြုလုပ်မှာလို့ ဆိုပါတယ်၊  ဘာတွေများဘယ်လို ကျင့်ပမလဲတော့ 
သေချာ မသိပါဘူး၊ အဓိကကတော့ ဘုရားကျောင်း မျှော်စင် ထိပ်ပေါ်က ခေါင်းလောင်း အသစ်တွေ 
တပ်ဆင်မှာ ဖြစ်ပါတယ်၊ ၈၅၀ ပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းအသစ် နှစ်မျိုးထုတ်ဝေမယ်၊ 
လူမျိုးပေါင်းစုံ ပါဝင်ကြတဲ့ ဂီတအဖွဲ့တွေနဲ့ သီဆိုတီးခတ် ပူဇော်ကြမယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ 
ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ သမိုင်းအဆက်ဆက်ရဲ့ ပြပွဲတွေ ရှိမယ်ပေါ့လေ၊ အနှစ် ၈၅၀ ကနေ 
နောက်ထပ် ကမ္ဘာကြီး တည်ရှိနေသ၍ ကတော့ ဒီ နော့ထ်ရ်ဒမ်ခေါ် အာဝါလေဒီ ဘုရားကျောင်းကြီး
တည်ရှိနေလိမ့်မယ်လို့ ယုံကြည်နေကြသူတွေလည်း များလှကြောင်းပါ။

နော်မန်ဗိုက်ကင်းတို့ လာမီးရှို့ဖျက်ဆီးခဲ့တဲ့ စဲန်မြစ်ကမ်းနဘေးကပါရီမြို့ကြီးလည်း မပျက်စီးသွားဘဲ 
ကမ္ဘာသိ မြို့တော်ကြီး ဖြစ်လာပြီး နော့ထ်ရ်ဒမ် ဘုရားကျောင်းလည်း ၂၀၁၃ ခုနှစ်က နှစ် ၈၅၀ ပြည့် 
ပွဲတော်ကြီး ကျင့်ပခဲ့ကြသလို စဲန်းမြစ်ဝက နော်မန်တို့ရဲ့ ဆိပ်ကမ်း မြို့တော်သစ်ကြီး Le Havre မြို့ 
လည်း ၂၀၀၇ ခုနှစ်မှာ နှစ်ငါးရာ ပြည့်ခဲ့ပါပြီ၊ ပါရီရယ် စဲန်းမြစ်ရယ်ကတော့ ကမ္ဘာတည်သ၍ တည်ရှိ 
နေမှာ အသေအချာပါ ခင်ဗျာ။

၂၁၀၂ ခုနှစ်က ရေးဖြစ်ခဲ့တဲ့ နော့ထ်ရ်ဒမ် စဲန်းမြစ်နဲ့ ပါရီမြို့လယ် သမိုင်းအကြောင်းကို့
၂၀၁၈ နှစ် ဂျူလိုင်လမှာ့ နိဂုံးချုပ် ရေးသားလိုက်ရကြောင်းပါ။

ကျေးဇူး အထူး တင်ရှိပါတယ်၊                                                                                             
မောင်ရင်ငတေ ၀၁၁၂၂၀၁၂

http://moemaka.com/archives/30185    ဒီဇင်ဘာ ၁၄၊ ၂၀၁၂

၂၀၁၂ ခုနှစ် ဒီဇင်ဘာက ရေးခဲ့ပြီး မိုးမခ အွန်လိုင်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့
နှစ် ၈၅၀ ပြည့် ပါရီ နော့ထ်ရ်ဒမ် ဘုရားကျောင်း စာစုလေးကို
မနေ့ည ၁၂ ရက် ဂျွန်လ ၂၀၁၈ ညက ဧည့်လိုက်ပို့ဖြစ်ရင်း ရောက်ရှိခဲ့ရာက
လမိုင်းပြန်ကပ်လာလို့ စိတ်ကူးပေါ်တာလေးတွေ မှတ်ထားမိတာလေးတွေကို
ထပ်ဖြည့် ပြင်ဆင်ပြီး နော့ထ်ရ်ဒမ် စဲန်းမြစ်နဲ့ ပါရီမြို့လယ်သမိုင်း
စာစု အဖြစ် ရေးသား လိုက်ရကြောင်းပါ ခင်ဗျား။
မောင်ရင်ငတေ ၀၁၁၂၂၀၁၂-၀၂၀၇၂၀၁၈

ပါရီ ပုံရိပ်များ

နော့ထ်ရ်ဒမ် စဲန်းမြစ်နဲ့ ပါရီမြို့လယ်သမိုင်း






Aucun commentaire:

Enregistrer un commentaire