Libellés

Archives du blog

jeudi 31 mai 2018

** * CONIFA World Football Cup 2018 ** *



VIVA World Cup (သို့မဟုတ်)
CONIFA World Football Cup 2018




CONIFA World Football Cup London 2018

VIVA World Cup (သို့မဟုတ်) CONIFA World Football Cup London 2018

များမကြာခင် ရုရှားနိုင်ငံမှာ ၂၁ ကြိမ်မြောက်အဖြစ် ကျင့်ပတော့မယ့် FIFA ကမ္ဘာ့ဖလား ဘောလုံးပွဲ 
သတင်းတွေဖတ်မိရင်း မောင်ရင်ငတေ ဖတ်မိမှတ်မိဖူးသော VIVA World Cup အကြောင်းလေးကို 
မှတ်ထားသမျှ အတိုချုပ် ပြန်စုဆောင်း မျှဝေလိုက်တာပါ။

အဲဒီ FIFA မဟုတ်တဲ့
VIVA World Cup ကို
သိသောသူ နည်းပါးမှာ အမှန်ပါ။

၂၀၀၆-၂၀၁၂ ခုနှစ်များအတွင်း ငါးကြိမ်ငါးခါမျှ ကျင့်ပနိုင်ခဲ့ပြီးနောက်
၂၀၁၄ ခုနှစ်မှာတော့ CONIFA World Football Cup အမည်ပြောင်း ကျင့်ပခဲ့ရပါတယ်။
CONIFA ရဲ့ နာမည် အရှည်ကတော့
Confederation of Independent Football Associations ပါ၊
ရုံးထိုင်ရာကတော့ ဆွီဒင်နိုင်ငံ မြောက်ဖျားက Luleå ဆိုတဲ့ မြို့လေးမှာပါ။

CONIFA World Football Cup ကွန်နီဖာ ကမ္ဘာ့ဖလား ဆိုတဲ့အတိုင်း ပါဝင်တဲ့ အသင်းများကတော့
ကမ္ဘာ့နိုင်ငံများပါ၊ သို့သော်လည်း ဒီကနေ့ ကမ္ဘာ့မြေပုံပေါ်မှာတော့ တွေ့မြင်ရဖို့ မလွယ်ပါဘူး၊ အများ 
အားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်လွတ်လပ်ခွင့် တောင်းဆိုနေကြဆဲ နယ်မြေဒေသတွေကနေ
ထွက်ခွာလာခဲ့ကြသူအဝေးရောက်များ တနည်းအားဖြင့် ပြည်ပြေးများနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတွေ
နိုင်ငံမဲ့ မြေနေရာမဲ့များရဲ့ အသင်းတွေ ဖြစ်ပါတယ်။

အဝေးရောက်အာရှသားများဖြစ်ကြတဲ့ သီရိလင်္ကာတမိလ်များရဲ့ Tamil Eelam National Football 
Team, တိဘက်လူမျိုးတွေရဲ့ Tibet National Football Team, Punjab နယ်သား ပန်ချာပီတွေရဲ့
Panjab Football Team စတဲ့အသင်းတွေ ပါဝင်သလို မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးမှာ အချင်း 
ပွားများနေကြတဲ့ Rohingya People တို့ရဲ့ ဘောလုံးအသင်းလည်း စတင်ပါဝင် လာနေပါပြီ။

အဲဒီလို မနေ့တနေ့ကမှ ဖွဲ့စည်းခဲ့တဲ့အသင်းတွေ ပါဝင်သလို ဂျပန်ရောက် Zainichi Koreans များနဲ့ 
၁၉၆၁ ခုနှစ်ကစလို့ ဂျပန်ပြည်မှာ မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး တရားဝင်ဘောလုံးကန်နေခဲ့တဲ့ FC Korea 
ကဲ့သို့ အသင်းမျိုးလည်း CONIFA ဘောလုံးအဖွဲ့မှာ ပါဝင်ပါတယ်၊ စုစုပေါင်း အာရှအသင်း ၁၁ သင်း 
ရှိပါတယ်။

ဥရောပဒေသမှာတော့ စုစုပေါင်း ၂၅ သင်းရှိတယ် ဆိုပါတယ်၊ အာဖရိက ကိုယ်စားပြု ကိုးသင်း ရှိပြီး 
အမေရိကနဲ့ အိုးရှင်းနီးယားက နှစ်သင်းစီ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသိအမှတ်ပြုခံပြီးသား နိုင်ငံ နယ်မြေပေမယ့် နိုင်ငံတနိုင်ငံ အသင်းတသင်း 
အနေနဲ့ FIFA, UEFA တို့ အသိအမှတ်မပြု အဖွဲ့ဝင် မဟုတ်တဲ့ Monaco National Football Team 
အသင်းလို ပြင်သစ်တောင်ပိုင်း သူဌေးတွေရဲ့ မိုနာကိုမြို့နိုင်ငံ ကိုယ်စားပြု ဘောလုံးအသင်းမျိုးတွေ 
ည်း ဒီအဖွဲ့မှာ ပါဝင်ပါတယ်။

ပြင်သစ်ပြည်က ဒုတိယမြောက်အသင်းကတော့ ၂၀၁၄ ခုနှစ် ပထမအကြိမ် CONIFA World Cup 
ချန်ပီယံ County of Nice National Football Team အသင်း ဖြစ်ပါတယ်၊ သို့ပေမယ့် ၂၀၁၆ ခုနှစ် 
ပွဲမှာ အဲဒီ နိ့စ်အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိတော့ပါဘူး။

CONIFA2014 ပထမအကြိမ်ပြိုင်ပွဲကိုတော့ Sámi People ကိုယ်စားပြု Sápmi National Football 
Team အသင်းကို အိမ်ရှင်အဖြစ်သတ်မှတ်ပြီး ဟိုးမူလလက်ဟောင်း Sápmi Region နယ်မြေထဲမှာ
ပါဝင်ခဲ့တဲ့ ဒီကနေ့ ဆွီဒင်နိုင်ငံ Östersund (Staare) မြို့လေးမှာ ကျင့်ပခဲ့တာပါ။

လက်ရှိ ချန်ပီယံ ၂၀၁၆ ချန်ပီယံ အသင်းကတော့ Abkhazia National Football Team အသင်းပါ၊
ဆိုဗီယက်ဟောင်း ဂျော်ဂျီယာနိုင်ငံနားက Republic of Abkhazia ကိုယ်စားပြု အသင်းပါ၊ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် အငြင်းပွားမှုတွေ ရှိနေဆဲ နယ်မြေပါ၊ သို့သော် CONIFA 2016 ပွဲကို
မြို့တော် Sukhumi ကွင်းမှာ အိမ်ရှင်စစ်စစ်အဖြစ် လက်ခံကျင့်ပနိုင်တဲ့ မြေပိုင်ရှင် အသင်းပါ။

တတိယအကြိမ်မြောက် CONIFAWorld Football Cup 2018 ဘောလုံးပွဲကို မေလ ၃၁ ရက်နေ့မှာ 
ကျင့်ပမှာ ဖြစ်ပါတယ်၊ အဖွဲ့ဝင် ၄၇ သင်း ရှိတဲ့ထဲက ၁၆ သင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိ လာခဲ့ 
တာဖြစ်ပြီး ဖိုင်နယ်ပွဲနေ့ကတော့ ရုရှားကမ္ဘာ့ဖလားပွဲ စမကန်ခင် လေးရက်အလို ဂျွန်လ ကိုးရက်နေ့ 
ဖြစ်ပါတယ်။ အကြို ကမ္ဘာ့ ဖလား အသေးစား ပွဲပေါ့လေ။

တတိယအကြိမ်မြောက် CONIFA 2018 အိမ်ရှင်အသင်းက Barawa Football Team ပါ၊ Barawa 
ဆိုတာက အာဖရိက ဆိုမာလီယာနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ တမြို့ရဲ့အမည်ပါ၊ အိမ်ရှင်သင်းဆို 
ပေမယ့်လည်း အဝေးရောက်ဆိုမာလီဟောင်းများက ယူနိုက်တက်ကင်းဒမ်းမှာ အများအပြားရောက်
ရှိနေတာဖြစ်လို့ လန်ဒန်မြို့မှာ ကန်ကြဖို့ စီစဉ်ထားပါတယ်။

ဒီနှစ်မှာ ပါဝင်ကြမယ့် အသင်းတွေက

၁။ အိမ်ရှင် ဆိုမာလီယာ Barawa
၂။ ဥရောပ အရှေ့တောင်ပိုင်းက လက်ရှိ ချန်ပီယံ Abkhazia
၃။ ပန်ချာပီတွေရဲ့ Panjab
၎။ အီတလီမြောက်ပိုင်းဒေသ Padania
၅။ မြေထဲပင်လယ်ထဲက de facto နိုင်ငံ Northern Cyprus
၆။ ရူမေးနီးယားနိုင်ငံ အလယ်ခေါင်က Székely Land
၇။ ဂျပန်ရောက် Zainichi Koreans တွေရဲ့ FC Korea (United Koreans in Japan)
၈။ အိုင်းရစ်ပင်လယ်ထဲက သူဌေးကျွန်း Isle of Man ကျွန်းသားတွေရဲ့ Ellan Vannin
၉။ ဟန်ဂေရီ မြောက်ပိုင်းသားတွေရဲ့ အက်ဖ်စီ Felvidék (နှုတ်ထွက်)
   (ဟန်ဂေရီ ယူကရိန်းနယ်စပ်က Kárpátalja အသင်းနဲ့ အစားထိုး)
၁၀။ သီရိလင်္ကာ ဂျက်ဖနာသား တိုက်ဂါးဟောင်းတွေရဲ့ Tamil Eelam
၁၁။ ဥရောပ အရှေ့တောင်ပိုင်းက Western Armenia
၁၂။ ပစိဖိတ်သမုဒ္ဒရာ အလယ်ခေါင်က Republic of Kiribati (နှုတ်ထွက်)
     (ပစိဖိတ်သမုဒ္ဒရာ အလယ်ခေါင်က Tuvalu အသင်းနဲ့ အစားထိုး)
၁၃။ ကမ္ဘာ့အမြင့်ဆုံး တောင်ပေါ်သားတွေရဲ့ Tibet FA
၁၄။ အာဖရိက ဇမ်ဘာဘွေက Matabeleland
၁၅။ အယ်ဂျီးရီးယား မြောက်ပိုင်းက Kabylia
၁၆။ အမေရိကား အနောက်မြောက်ခြမ်းက Cascadia တို့ ဖြစ်ကြပါတယ်။

ဘောလုံး အဆင့်အတန်းကတော့ အပျော်တမ်းသမားအများစုနဲ့ ဖွဲ့စည်းထားတာမို့ သိပ်မမြင့်မားလှ 
ပေမယ့် ပြိုင်ပွဲ ကျင့်ပနေပုံကတော့ အဆင့်မြင့်ပွဲကြီး တခုလို စနစ်တကျ ကျင့်ပနေတာ ဖြစ်ပါတယ်၊ 
ထိုင်ခုံလက်မှတ်တွေကို အွန်လိုင်းကနေဝယ်လို့ ရပါတယ်၊ လက်မှတ်တစောင် ဆယ်ပေါင်ကျော်ခန့် 
ဆိုတော့ ဈေးမကြီးလှပါဘူး။

မောင်ရင်ငတေ စိတ်ဝင်စားမိရခြင်း အကြောင်းရင်းကတော့ ဘောလုံးအဆင့်အတန်း မြင့်မားတာ 
မမြင့်မားတာထက် ပြိုင်ပွဲတပွဲ ပြုလုပ်ကြပုံရယ် ဝင်ရောက် ယှဉ်ပြိုင်ကြရတဲ့ အသင်းတွေရဲ့ လက်ရှိ 
နယ်မြေ အနေအထားတွေကိုရယ်ပါ၊ စိတ်ရှိတိုင်းလုပ်ဖို့ မလွယ်လှတဲ့ ကိစ္စမျိုးမို့ပါ။

မေလ ၃၁ ရက်နေ့မှာ ဖွင့်ပွဲ ကန်ပြီး ဂျွန် ၀၉ ရက်နေ့မှာ ဖိုင်နယ် ဗိုလ်လုကြမှာ ဖြစ်ပါတယ်၊ ဖွင့်ပွဲနေ့ 
ကန်ကြမယ့် ဘောလုံးကွင်းတွေက လန်ဒန် ဆင်ခြေဖုံးမှာ တည်ရှိတဲ့ Gander Green Lane ကွင်းနဲ့ 
Hayes Lane ကွင်းတို့ ဖြစ်ကြပါတယ်၊ ဖိုင်နယ်ပွဲကိုတော့ Queen Elizabeth II Stadium မှာ ကန် 
မှာပါ၊ ပွဲကြည့်ပရိသတ် လေးငါးထောင်မျှသာဆန့်တဲ့ ကွင်းတွေ ဖြစ်ပေမယ့် မနေ့တနေ့ကမှ စကန်ခဲ့ 
ကတဲ့ ကွင်းတွေ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်တရာလောက် ကတည်းက တည်ရှိခဲ့တဲ့ ကွင်းတွေပါ။

၂၀၂၀ ခုနှစ် စတုတ္ထအကြိမ်ပွဲကို ဘယ်မှာ လုပ်ဖြစ်မယ် မသိသေးပေမယ့် ပါရီမြို့ကနေ သွားရလွယ် 
ကူတဲ့နေရာ မောင်ရင်ငတေရဲ့ စားအိမ်သောက်အိမ်တွေနဲ့နီးတဲ့ နေရာဆိုရင်တော့ သွားကြည့်ချင်ပါ 
သေးတယ်၊ တိဗက်လားမားတွေ တာမူလ်တိုက်ဂါးအဟောင်းတွေတောင် ဝင်ပြိုင်နေကြတဲ့ပွဲ ဖြစ်လို့  
များမကြာခင်မှာ ဘိုင်ယန်-ချင်း ယူနိုက်တက်တို့ ဖို့ဝိန်း-ကရင် အက်ဖ်စီတို့ ဖရန့်ဖွတ်-ဘားမား တို့လို 
အသင်းသစ်တွေ ပါဝင်လာနိုင်ကြ ပါစေလို့ မျှော်လင့်ရင်း ရုရှား ကမ္ဘာ့ ဖလား၂၀၁၈ အကြို CONIFA 
World Football Cup 2018 ဘောလုံး ပွဲတော်ကြီးကို မှတ်တမ်းတင်လိုက်မိရကြောင်းပါ။

မောင်ရင်ငတေ ၃၁၀၅၂၀၁၈








Aucun commentaire:

Enregistrer un commentaire