Libellés

Archives du blog

mercredi 23 mai 2018

** * နော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများ ** *


                            နော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများ                                            

နော်မန်ဒီ ဘရစ်တနီ ကမ်းခြေများ
နော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများ


နော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများ                                             (ဓါတ်ပုံ မရငတ)

ဒီစနေနေ့မှာ ရွှေပြည်တော်က ဧည့်သည်တော်တယောက် လိုက်ပို့ရင်း နေ့ချင်းပြန် ခရီးတခုကို စီစဉ်
ရေးဆွဲ သွားဖြစ်ခဲ့ပါတယ်၊ နာမည်ကျော် Étretat အေထရေတာ့ ချောက်ကမ်းပါးများဆီသို့ပါ၊ အမှန် 
ကတော့ တညအိပ် သွားဖို့ပါ၊ သို့သော် အနီးကပ်ပြီး စီစဉ်ဖြစ်တာကြောင့် အေထရေတာ့မြို့ကလေး 
မှာ တည်းခိုဖို့ အခန်းရှာတော့ ဖိုးစတား ဖွိုက်စတား အခန်းတွေသာ ရှိတော့တာကြောင့် နေ့ချင်းပြန် 
ခရီး ဖြစ်ခဲ့ပါတယ်၊ Étretat အေထရေတာ့ မြို့လေးက နော်မန်ဒီ ကမ်းခြေမှာ တည်ရှိပါတယ်။

ပါရီကနေနော်မန်ဒီကို နေ့ချင်းပြန်သော်လည်းကောင်း နားနားနေနေ တညအိပ်သော်လည်းကောင်း
သွားလို့ရတဲ့ခရီးတွေပါ၊ မောင်ရင်ငတေ လေးငါးခြောက်နေရာသို့ လေးငါးခြောက်ခေါက်မျှ သွားခဲ့ဖူး 
ပါတယ်၊ သွားခဲ့သမျှကိုလည်း တို့တိတို့တိ ရေးထားဖြစ်ခဲ့ပါတယ်၊ သို့သော်လည်း စာစု တခု ဖြစ်လာ 
အောင်တော့ တခါမှအဆုံးမသတ် မစုစည်းနိုင်ခဲ့ပါလို့ ဒီပြင်သစ်မြောက်ပိုင်း ကမ်းခြေများအကြောင်း 
နော်မန်တွေအကြောင်း အပြီးသတ် ရေးချင်စိတ် ပေါ်နေတာကတော့ ကြာပါပြီ။

ဒီတခေါက် နေ့ချင်းပြန် သွားဖြစ်ခဲ့တဲ့ Étretat “အေထရေတာ့ ချောက်ကမ်းပါးများဆီသို့” ခရီးစဉ်ကို
တော့ စာစုတခု ဖြစ်လာအောင် အဆုံးသတ် ရေးမယ်လို့ စိတ်ကူးပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေ့
ထုံးစံ ဘာအလုပ်တခုကိုမှ ပြီးမြောက်အောင် မလုပ်ဆောင်တတ်ပါဘဲ စိတ်ကူးပေါ်ရာ နောက်ဆီသို့ 
ရွက်လွှင့်လိုက်ပါ သွားတတ်တဲ့ ဉာဉ်ဆိုးကြီးကြောင့် ဆုံးခန်းမတိုင် ဖြစ်နေပါကလည်း ခွင့်လွှတ်ကြပါ
လို့သာ ကြိုတင် ပြောကြားထားချင်ပါတယ်။


Normandie သို့မဟုတ် Normaundie သို့မဟုတ် Normandy                         (ဓါတ်ပုံ မရငတ)

Étretat အေထရေတာ့ အကြောင်း မပြောခင်
မောင်ရင်ငတေရဲ့ အတိုချုပ်မှတ်စု နော်မန်ဒီအကြောင်းကို အရင် ပြောချင်ပါတယ်။

ပြင်သစ်တွေက Normandie
အင်္ဂလိပ်တွေက Normandy
နော်မန်တွေက Normaundie

နော်မန်ဒီ နော်မန်ဒီ နော်မန်ဒီ့
အဲဒီ အမည်ကို ပြောရင် လူတော်တော်များများ သိကြမှာပါ၊
ပါရီမြို့တော်ကနေ ကီလိုမီတာ သုံးရာကျော်လောက်ဝေးတဲ့ ကမ်းခြေများပါ၊
ပြင်သစ်ပြည် မြောက်ပိုင်းက သာယာ လှပတဲ့ ပင်လယ်ကမ်းခြေများ တည်ရှိရာ အရပ်ပါ။

အဲဒီ နော်မန်ဒီဒေသက ချောက်ကမ်းပါးကြီးတွေ သဲသောင်ကမ်းခြေတွေနဲ့ သာယာလှပပေတယ်လို့
ဆိုပေမယ့် မြောက်ပိုင်း ဥရောပဒေသရဲ့ထုံးစံ အအေးလည်းပို မိုးလည်းပို တတ်သလို နာမည်ကျော်     
English Channel အင်္ဂလိပ်ရေလက်ကြားကို တိုးဝှေ့ဖြတ်သန်း တိုက်ခိုက်လာတဲ့ မိုးသက်လေအေး
ခပ်ကြမ်းကြမ်းကြောင့် ရာသီဥတုက အပြောင်းလဲ မြန်တတ်သလို ကြမ်းတဲ့အထဲမှာ ပါပါတယ်။


D-Day, Omaha Beach, Normaundie                                                    (ဓါတ်ပုံ မရငတ)

ပြင်သစ်ပြည် မြောက်ပိုင်း ကမ်းရိုးတန်းကို အလွယ်နည်းနဲ့ ပိုင်းခြားပြောရရင်
(တစ်) Bretagne အင်္ဂလိပ်လို အသိများကြတာကတော့ Brittany ဘရစ်တနီ
(နှစ်) Normandie သို့မဟုတ် Normaundie သို့မဟုတ် Normandy နော်မန်ဒီ
(သုံး) Hauts-de-France လို့ အမည်ပြောင်းခေါ်ခဲ့တဲ့ Pas-de-Calais ကာလေကမ်းခြေဒေသတို့ပါ။

ဘရစ်တနီနယ်မြေက အနောက်မြောက်စွန်းမှာတည်ရှိပြီး ကာလေနယ်မြေက အရှေ့မြောက်စွန်းမှာ 
တည်ရှိပါတယ်၊ နော်မန်ဒီနယ်ကတော့ အလယ်ခေါင်မှာ တည်ရှိတာပါ၊ အဲဒီ နယ်တွေနဲ့ အင်္ဂလန်ကို 
ပြင်သစ်တွေက La Manche ခေါ်ကြတဲ့ English Channel အင်္ဂလိပ်ရေလက်ကြားက ပိုင်းခြားထား 
ပါတယ်၊ မောင်ရင်ငတေတို့ ဒီတခေါက်ရောက်ခဲ့တဲ့ အေထရေတာ့ မြို့လေးကတော့ နော်မန်ဒီကမ်း 
အရှေ့ခြမ်းမှာ တည်ရှိတဲ့ မြို့သေးသေးလေးပါ။

နော်မန်ဒီနယ် မြောက်ဘက်ခြမ်းတခြမ်းလုံးက ပြင်သစ်လို La Manche ခေါ် အင်္ဂလိပ်ရေလက်ကြား
ကမ်းရိုးတန်းကြီးပါ၊ အင်္ဂလန်ကမ်းဘက်ခြမ်းမှာတော့ Bournemouth,Southampton,Portsmouth
မြို့တွေ တည်ရှိပါတယ်၊ အဲဒီ ပင်လယ်ရေပြင်ကြီးကို သမိုင်းတလျှောက် ဟိုဘက်ကမ်း ဒီဘက်ကမ်း 
ဒေသခံများအပါအဝင် လူအမျိုးမျိုးက နာမည်များစွာ ပေးခဲ့ကြတာပါ၊ Mor Bretannek, Maunche, 
Mor Breizh, Mare Anglica, Mer de France, British Ocean, La Manche d’Angleterre, Mer 
Britannique, British Sea, British Channel နောက်ဆုံး ၁၈ ရာစု အစဦးပိုင်းလောက်ကစပြီးတော့ 
English Channel အဖြစ် အင်္ဂလိပ်နယ်ချဲ့တွေနဲ့အတူ လူသိများ ထင်ရှားလာခဲ့ပါတယ်။

နော်မန်ဒီ ကမ်းခြေအရှည်က စုစုပေါင်း ကီလိုမီတာ ခြောက်ရာကျော်မျှရှိတယ် ဆိုပါတယ်၊ ကမ်းခြေ 
တလျှောက် ဘာသာရေး လူမျိုးရေး လူမှုရေး စစ်ရေးရာတွေနဲ့ နာမည်ကြီးခဲ့တဲ့ သမိုင်းဝင်နေရာတွေ 
တော်တော်များများ ရှိပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားအောင် အဆုံးအဖြတ် ပေးခဲ့တယ်လို့ ဆိုနိုင်တဲ့ Jour-J ခေါ် D-Day 
Débarquement de Normandie နော်မန်ဒီကမ်းတက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြို့များကမ်းခြေများ 
ဖြစ်ကြတဲ့ Cherbourg, Sainte-Mère-Église, Vierville-sur-Mer, Utah Beach, Omaha Beach 
(Pointe Du Hoc) Gold Beach, Juno Beach, Sword Beach အစရှိတဲ့ (ဒီ-ဒေး) ကြောင့် နာမည် 
ကျော်ခဲ့တဲ့ ကမ်းခြေမြို့များထဲမှာ လူသိများ နာမည်ကြီးတာကတော့ Omaha Beach နဲ့ Pointe Du 
Hoc တို့ ဖြစ်ကြပါတယ်၊ နော်မန်ဒီ အနောက်ခြမ်း Basse-Normandie နယ်မှာ တည်ရှိတာပါ။


Normandie သို့မဟုတ် Normaundie သို့မဟုတ် Normandy                         (ဓါတ်ပုံ မရငတ)

နော်မန်ဒီကမ်းရိုးတန်း အလယ်နားလောက်မှာတော့ သဲသောင်ကမ်းစပ် ဇိမ်ခံမြို့လေးများ ဖြစ်ကြတဲ့ 
Luc-sur-Mer, Cabourg, Deauville, Trouville-sur-Mer, Honfleur စတဲ့ မြို့လေးများ ရှိပါတယ်၊ 
၁၈၀၀ ခုနှစ်လွန်ကာလများထဲက ဥရောပသူဌေးတွေ လာရောက်ကျင်လည်ကျက်စား အနေများကြ 
သလို ဒီကနေ့မှာတော့ မောင်ရင်ငတေတို့လို့ တညအိပ်နေ့ချင်းပြန် ခရီးသွားများနဲ့လည်း အမြဲလိုလို 
စည်ကားနေတတ်တဲ့ မြို့လေးတွေပါ၊ ဒီနေရာတွေရဲ့ အကြောင်းကို သီးသန့်စာစု တခုချင်းဆီ ရေးမှ 
သာလျှင် ပြီးပြည့်စုံနိုင်မှာပါ။

နော်မန်ဒီအနောက်စွန်းမှာ တည်ရှိတဲ့ Mont-Saint-Michel ဘုရားကျောင်းရှိတဲ့ ကျွန်းလေးကိုလည်း 
လူသိများပါတယ်၊ အဲဒီဘုရားကျောင်းက အနောက်ဘက်လွန်ရင်တော့ ဘရစ်တနီနယ်မြေ ဖြစ်သွား 
ပါပြီ၊ တကယ်တော့ အဲဒီ ဘုရားကျောင်းအနီးတဝိုက်က နော်မန်ဒီ ဓလေ့ထုံးစံတွေထက် ဘရစ်တနီ
ဓလေ့ထုံးစံတွေ ပိုမိုများတဲ့ နေရာဒေသလို့သာ မောင်ရင်ငတေ ထင်မြင်မိပါတယ်။

နော်မန်ဒီမြို့ကြီးများဖြစ်တဲ့ အုပ်ချုပ်ရေးမြို့တော် Rouen နဲ့ နိုင်ငံရေးမြို့တော် (မူဝါဒရေးရာ) Cean
တို့ကတော့ နော်မန်ဒီ ကမ်းခြေမှာ မတည်ရှိဘဲ ကုန်းတွင်းပိုင်း ခပ်လှမ်းလှမ်းမှာသာ တည်ရှိတာမို့လို့ 
မောင်ရင်ငတေ ပြောချင်တဲ့ နော်မန်ဒီ ကမ်းခြေများအကြောင်းမှာ အဲဒီမြို့ကြီးများရဲ့အကြောင်းတွေ 
သိပ်များများစားစား ပါဝင်မှာ မဟုတ်ပါဘူး။


နော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများ                                             (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့ ဒီတပတ်သွားဖြစ်ခဲ့တဲ့ Étretat အေထရေတာ့ဆိုတာကတော့ နော်မန်ဒီကမ်းခြေ
အရှေ့ခြမ်း Haute-Normandie အထက်နော်မန်ဒီနယ်မှာ တည်ရှိပါတယ်၊ နော်မန်ဒီနယ်ရဲ့ နာမည် 
အကြီးဆုံး နေရာတွေထဲက အလှပဆုံးနေရာ တနေရာ အဖြစ် ထင်ရှား ကျော်ကြားပါတယ်။

ပါရီ-အေထရေတာ့ခရီး နေ့ချင်းပြန်ဆိုရင်တော့ ကားစီးချိန် အသွားအပြန် ရှစ်နာရီခန့် ကြာမှာဖြစ်ပြီး
လည်ပတ်ချိန်ကတော့ အနည်းဆုံး ငါးနာရီတော့ ရမှာပါ၊ တညအိပ်လောက် အချိန်ယူသွားရင်တော့ 
အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ ထိုင်ငေး ထိုင်တွေးချိန် ရနိုင်မှာပါ။

မြင့်မားလှတဲ့ ကျောက်ကမ်းပါးကြီးပေါ်ကနေ မြူခိုးမှုန်တွေ အမြဲလိုလို မှိုင်းညို့နေတတ်တဲ့ ပင်လယ် 
ရေပြင်ကျယ်ကြီးကို ငုံ့၍ ကြည့်ရင်းဖြစ်စေ သို့တည်းမဟုတ် ကျောက်ကမ်းပါးအောက် ကျောက်စရစ် 
တုံးတွေပေါ်ထိုင်ရင်းက ကမ်းပါးစောက်ဖြူဖြူကို လည်တဆန့် မော့ကြည့်ရင်းဖြစ်စေ တွေးလို့ငေးလို့ 
အေးအေးဆေးဆေးနေလို့ ကောင်းတဲ့ နေရာတွေပါ၊ ရာသီဥတု မဆိုးလှရင်ပေါ့လေ။


ပါရီ အထွက် အေ (၁၃) အမြန်လမ်းမ                                                       (ဓါတ်ပုံ မရငတ)

ပါရီက စထွက်တော့ မနက် ခွန်နှနာရီခွဲပါ။
စီးရမယ့်ကားက ထုံးစံအတိုင်း FlixBus အစိမ်းရောင်လိုင်းကားကိုသာ အားပေးရပါတယ်၊ ပြည်တွင်း 
ခရီးစဉ်ပေမယ့် ပြင်သစ်လိုင်းကားတွေက အစဉ်မပြေပါဘူး၊ တိုက်ရိုက်မရောက်ပါဘူး၊ ဒါတောင်မှ ဒီ 
လိုင်းကားက တိုက်ရိုက်ခရီးစဉ် ပေါ်လာတာ သိပ်မကြာသေးပါဘူး၊ ရာသီချိန်သာ ပြေးဆွဲဟန် တူပါ 
တယ်၊ အရင်ကတော့ အနီးစပ်ဆုံး Le Havre မြို့ကို ကားနဲ့ ရထားနဲ့ တဆင့်ခံသွားမှ ရောက်တာပါ။

အဲဒါ့ကြောင့် ဥရောပရဲ့ နာမည်ကြီးတဲ့ နေရာမှန်သမျှ တောရောမြို့ပါမကျန်ဆိုသလို ရောက်ရှိနေပြီ
ဖြစ်တဲ့ ဂျာမန်အခြေစိုက် ယူရိုပီယမ်-ရှန်ဂန်သွား အစိမ်းရောင်လိုင်းကား FlixBus ကိုသာ အားပေးရ
ခြင်းပါ၊ ပါရီ-အေထရေတာ့က ကီလိုမီတာ ၂၃၀ ဝေးပါတယ်၊ စုစုပေါင်း ကြာမြင့်ချိန်က လေးနာရီလို့ 
ဆိုပါတယ်၊ ကိုယ့်ကားနဲ့ကိုယ်ဆိုရင် သုံးနာရီတောင် မကြာနိုင်ပေမယ့် လိုင်းကားဆိုတော့ အချိန်မှန်
ထွက် အချိန်မှန်ဆိုက်ရောက်ရင်ကို မဆိုးလှဘူး ဆိုရပါမယ်။

သို့သော်လည်း ဂိတ်ကစထွက်ချိန် တိကျပေမယ့် ဂိတ်တခါးဝမှာတင် တံခါးဖွင့်တဲ့ အော်တိုမက်တစ် 
ခလုတ်ပျက်နေလို့ လက်နဲ့ကုဒ်နံပတ်ကို နှိပ်နေရတာ စောင့်ရတာမို့ ဆယ့်ငါးမိနစ်ကျော်မျှ အချိန်ပုပ် 
သွားပါတယ်၊ ပါရီမြောက်ပိုင်း မေထရို လိုင်းအမှတ် () ဂိတ်ဆုံးဘူတာ Pont de Levallois-Metro 
ဂိတ်မှာ လူဝင်တင်လိုက်တော့ ကားပေါ်မှာနေရာလွတ်များ မရှိသလောက် ဖြစ်သွားပါပြီ၊ စနေမနက် 
မို့လို့ ရွာပြန်ကြသူများတယ် ထင်ပါရဲ့၊ တရုတ်လားဂျပန်လား ကိုးရီးယားလားမသိ အာရှသား ဆယ် 
ယောက်ခန့်နဲ့ ပြင်သစ်စကား မပြောကြတဲ့ လူဖြူ ဆယ်ယောက်လောက်တော့ ပါပါတယ်၊ အဲဒီ နယ် 
မြေကို အများအားဖြင့်တော့ တိုးရ်ကားတွေ ကိုယ်ပိုင်ကားတွေနဲ့ သွားကြတယ် ထင်ပါတယ်။


Autoroute A13 (E05) (Autoroute de Normandie)                                  (ဓါတ်ပုံ မရငတ)

ပါရီမြို့ပြင်ရောက်တော့ Autoroute A13 လမ်းမကြီးအတိုင်း အနောက်မြောက် ယွန်းယွန်းဆီသို့ ဦး
တည် သွားရပါတယ်၊ နော်မန်ဒီနယ်မြေသို့ သွားတဲ့လမ်းမို့လို့ မူလလမ်းအမည်ကလည်း Autoroute 
de Normandie လို့ပေးထားဟန် တူပါတယ်၊ ဒီလမ်းက ပြင်သစ်ပြည်ရဲ့ အမြန်လမ်းမကြီးတွေထဲမှာ 
ပထမဦးဆုံး ဖောက်လုပ်တဲ့ လမ်းလို့ ဆိုပါတယ်၊ ၁၉၄၀ ခုနှစ်များက ဖောက်လုပ်ခဲ့တာပါ၊ ဥရောပရဲ့ 
အမြန်လမ်းမ E5 လမ်းပိုင်းတပိုင်းပါ၊ ဒီကနေ့မှာတော့ အသွားအပြန် သုံးလမ်းစီနဲ့ ခြောက်လမ်းသွား
အဆင့်မြင့် အဆင့်တစ် အမြန်လမ်းမကြီး ဖြစ်နေပါပြီ၊ အဲဒီ အေ ဆယ့်သုံး လမ်းမကြီးက Seine မြစ် 
ကြောင်းအတိုင်း ယှဉ်လို့ ဖောက်ထားတာဖြစ်ပြီး စဲန်းမြစ်နဲ့ နီးသွားလိုက် ဝေးသွားလိုက် တချို့နေရာ 
တွေမှာတော့ စဲန်းမြစ်ပေါ်ကို ကျော်လိုက်ခွလိုက်နဲ့ ဖောက်လုပ်ထားတာပါ။

တချို့သော တောင်ခါးပန်းကွေ့တွေ သိသိသာသာနိမ့်ဆင်းသွားတဲ့ ချိုင့်ဝှမ်းတွေမှာ ဆောက်လက်စ 
တန်းလန်း ကွန်ကရစ်တံတားကြီးတွေကို မြင်ရပါတယ်၊ အမြန်လမ်းမကြီးကို အဲဒီလို ဖြောင့်သထက် 
ဖြောင့်လာအောင် ဖောက်လုပ်နေတော့ ခရီးတွင်လာအချိန်ကုန်သက်သာလာတာ မှန်ပေမယ့်လည်း 
မောင်ရင်ငတေတို့လို သွားရင်းလာရင်းနဲ့ ရသမျှလေး ဒေသန္တရဗဟုသုတ လိုလားသူများအတွက်က 
မကောင်းလှပါဘူး၊ လမ်းသွားရင် ဘေးဘီကြည့်ချင်တဲ့ မွေးရာပါ ဝါသနာက မကောင်းလှပါတကား။


Autoroute A13 (E05) (Autoroute de Normandie)                                  (ဓါတ်ပုံ မရငတ)

အေဆယ့်သုံး (အီး ငါး) အမြန်လမ်းမကြီးအတိုင်း Les Mureaux, Viaduc de Guerville, Mantes-
la-Jolie, Bonnières-sur-Seine မြို့နယ်တွေကိုကျော်ဖြတ်လာပြီး အေတဆယ့်သုံးလမ်းမနဲ့ D181 
လမ်းဆုံရာ La Heunière ကတော့ ပန်းချီဆရာ မိုးနေးရဲ့ နာမည်ကျော် Vernon (Giverny) လမ်းခွဲ
ပါ၊ ဒီနေရာကစပြီး Région Île-de-France ပါရီ မေထရိုပိုလီတန် ဧရိယာ ဂိတ်ဆုံးပါပြီ၊ ပါရီ ဘာရ်စီ 
ကားဂိတ်ကနေ ထွက်ခွာလာတာလည်း ကီလိုမီတာ တရာရှိပါပြီ၊ နော်မန်ဒီနယ်မြေထဲသို့ ဝင်ရောက် 
လာပါပြီ၊ နော်မန်ဒီပြည်နယ် အုပ်ချုပ်ရေး မြို့တော် Rouen ကိုတော့ ဒီနေရာကနေ ကီလိုမီတာ ၇၀ 
ဝေးပါသေးတယ်၊ အချိန်ကတော့ ကိုးနာရီ မိနစ် လေးဆယ်သာသာ ရှိပါပြီ။

ရာသီဥတုကတော့ မိုးလေး တစိမ့်စိမ့်တဖွဲဖွဲရွာနေတဲ့ ရာသီဥတုပါ၊ သဲသဲမည်းမည်း မရွာတာကိုသာ 
ကျေးဇူးတင်နေမိရပါတယ်၊ လက်မှတ်ဝယ်ပြီး သွားမယ်ဆုံးဖြတ်ပြီးဖြစ်လို့ မိုးရွာမယ် ဆိုပေမယ့် ခရီး
စဉ်ကို ရက်မရွှေ့ဘဲ ထွက်လာခဲ့ကြခြင်းပါ။


Saulterre, Sur La Trace des Vikings                                                   (ဓါတ်ပုံ မရငတ)

နော်မန်ဒီရဲ့မြို့တော် Rouen မရောက်ခင်လေးမှာတော့ လမ်းနဘေးမှာဆိုင်းဘုတ်တခုနဲ့ ခေတ်သစ် 
ပန်းပုလက်ရာ တခုကို တွေ့မြင်လိုက်တော့ မောင်ရင်ငတေလည်း အလွတ်မခံဘဲ မှတ်တမ်းတင်ရပါ 
တယ်၊ ရေးထားတာကတော့ Sur La Trace des Vikings ပါ၊ ဗိုက်ကင်းတို့ရဲ့ သွားရာလမ်းပေါ့လေ။

၁၉၉၀ ပြည့်နှစ်က ဒီနေရာမှာ စိုက်ထူခဲ့တယ် ဆိုပါတယ်၊ ဒီဆိုင်းဘုတ်ကို မြင်တော့ မောင်ရင်ငတေ 
ဖတ်မှတ်ထားဖူးတာလေးတွေ သတိရပြီး ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်သို့ ရေးတင်ဖြစ်လိုက်ပါတယ်။  

ဒီလိုပါ့

På Vikings Sti
På VikingsSporet
På Vikings Spåret
On the Vikings Track
Sur la Piste des Vikings
Sur la Trace des Vikings
On the Trail of the Vikings

ဟိုး လွန့်ခဲ့တဲ့ အနှစ် တထောင်ခန့်ကပေါ့၊
ပါရီအခြေစိုက် ပြင်သစ်ဘုရင်တွေ တန်ခိုးသြဇာ ထွားကြိုင်းလာပြီး
နယ်ပယ်ချဲ့ထွင်နေသခိုက်မှာ ပါရီနန်းမြို့နဲ့ ကီလိုမီတာ တရာ့သုံးဆယ်
(မိုင် ရှစ်ဆယ်ကျော်) မျှသာ ကွားဝေးတဲ့ အရပ်ဒေသကို အုပ်ချုပ်မင်းလုပ်
နေသူတွေကတော့ (သူတို့ဆရာ ပါရီဘုရင်ကိုတော့ ဦးခိုက်တော့ နေရတာပေါ့)
နော်မန်ဒီ နယ်စား စော်ဘွားများပေါ့၊ သူတို့တတွေ ဘယ် နယ်က လာခဲ့ကြပါသလဲ၊
ဘာလို့ နော်မန် နော့်မန်း နော်မန်ဒီ ဖြစ်လာကြသလဲ၊ ဆိုတာက မောင်ရင်ငတေ့အတွက်
စိတ်ဝင်းစားဘွယ်ရာ အကြောင်းအရာတခု ဖြစ်လာပါပြီ။


Saulterre, Sur La Trace des Vikings                                                   (ဓါတ်ပုံ မရငတ)

Sur La Trace des Vikings   
ဗိုက်ကင်းဟောင်းတွေရဲ့ မြေသို့ ရောက်လာပြီဆိုတဲ့ အထိမ်းအမှတ်ပါ၊
အီတလီမွေး ပြင်သစ်နိုင်ငံသား Georges Saulterre ရဲ့ ပန်းပုလက်ရာပါ။

အဲဒီမှာ မိတ်ဆွေတယောက်က စကင်ဒီနေးဗီးယန်း အနွယ်တွေလားလို့ မေးလာပါတယ်၊
ဟုတ်ပါတယ်၊ Nordic Countries သို့မဟုတ် Nordics, Norden လို့ ခေါ်ကြတဲ့ Scandinavia နိုင်ငံ 
များ ဖြစ်ကြတဲ့ Denmark, Norway, Sweden, Finland, Iceland, Faroe Islands အနွယ်တွေပါ၊
အဲဒီ စကင်ဒီနေးဗီးယန်းတွေကို Vikings ဗိုက်ကင်းလို့ ခေါ်ကြတာပါ။

မြောက်ပိုင်းသား တွေမို့ Normands, Norsemen, Norrœnir Menn, Northern Men လို့ ပြောကြ 
ရေးကြတာနေမှာပါ၊ အဲဒီ ဗိုက်ကင်းကြီးတွေ ဒီကနေ့ ပြင်သစ်မြောက်ပိုင်းမှာ အခြေချ နေထိုင်ကြရာ 
ကနေ Normands တွေနေတဲ့ အရပ်မို့ Normandie ဟု အမည်တွင်လာဟန် တူပါတယ်။

အဲဒီ ဗိုက်ကင်းကြီးတွေ လှေတွေစီးပြီး နယ်လှည့်စီးပွားရှာတဲ့ခေတ် Viking Age ဗိုက်ကင်းခေတ်က 
(၇၉၃-၁၀၆၆) ကာလမို့လို့ နှစ်ပေါင်း တထောင်ကျော်ကြာခဲ့ပါပြီ၊ အဲဒီ ဗိုက်ကင်းအဟောင်းကြီးတွေ 
လည်း နော်မန်ဒီသားစစ်စစ်ကြီးတွေဖြစ် အင်္ဂလိပ်စစ်စစ်ကြီးတွေ ဖြစ်နေကြပါပြီ။

ဗိုက်ကင်း အဟောင်းကြီးတွေ စားစရာ မရှိလို့ တောင်ပိုင်း ဆင်းပြေး လာခဲ့ပြီး သောင်တင်နေကြတဲ့ 
နေရာပေါ့ဗျာဟုသာ ရေးလိုက်မိပါတယ်၊ မောင်ရင်ငတေတို့ထက် နှစ်ပေါင်း တထောင်ကျော်စောတဲ့ 
ရွှေ့ပြောင်းအခြေချ လူသားများပေါ့လေ၊ အဲဒီ နော်မန်သားနော်မန်စား စော်ဘွားကြီးများနဲ့ အင်္ဂလိပ်
ဘုရင်များ ဘယ်သို့ ဘယ်ပုံ ဆက်စပ်နေကြတာကိုတော့ နောက်ပိုင်းမှာ ဆက်ရေးချင်ပါသေးတယ်။

အခုတော့ အေထရေတာ့သို့ အရင်ရောက်အောင် ရှေ့ခရီးဆက်ပါဦးမယ့့်
အဲဒီလိုနဲ့ ဗိုက်ကင်းဟောင်းတို့ရဲ့ လမ်းအတိုင်း ခရီးဆက်ခဲ့ရာက နော်မန်ဒီ မြို့တော်သို့ ရောက်ပါပြီ၊
Rouen မြို့လယ်မှာ လူအတင်အချလုပ်ပြီး ထွက်လာတော့ A150 နောက် A29 လမ်းမတွေအတိုင်း 
နာရီဝက်မျှဆက်မောင်းလာပြီးတော့ ခရိုင်လမ်းတခုသို့ ချိုးကွေ့ဝင်လာခဲ့ပါတယ်၊ အဲဒီ A150 နဲ့ A29 
တို့ကတော့ အမြန်လမ်းမကြီး Autoroute ဆိုပေမယ့် ဘယ်ညာ နှစ်လမ်းစီနဲ့ လေးလမ်းသွား အမြန် 
လမ်းမကြီးများသာ ဖြစ်ကြပါတယ်။

အေထရေတာ့သို့ သွားရာလမ်းက ဒီကနေ့အခေါ်အရ နော်မန်ဒီ ပြည်နယ်လို့သာ ခြုံငုံပြောရပေမယ့် 
အမှန်ကတော့ နော်မန်ဒီ အရှေ့ခြမ်းပါ၊ ၂၀၁၆ ခုနှစ် မတိုင်ခင်အထိ Haute-Normandie လို့ခေါ်တဲ့ 
အထက် နော်မန်ဒီ နယ်မြေထဲမှာ ပါဝင်တာပါ။

ဒီနယ်မြေက Eure မြစ်နဲ့ Seine မြစ်တို့ ဆုံတွေ့ရာ ချိုင့်ဝှမ်းလွင်ပြင်ဒေသဖြစ်ပြီး စိုက်ခင်းပျိုးခင်းတွေ 
မြောက်များစွာရှိတဲ့ဒေသ ဖြစ်ပါတယ်၊ အဓိကစိုက်ပျိုးကြတာကတော့ ပြင်သစ်ထုံးစံ ဂျုံမျိုးစုံခင်းတွေ
ပန်းနှမ်းခင်းတွေနဲ့ ဒီဒေသရဲ့ အဓိက ထွက်ကုန်ဖြစ်တဲ့ သကြားမုံလာခင်းတွေပါ၊ ဂျုံခင်းစိမ်းစိမ်းတွေ
Betterave Sucrière ခေါ် သကြားမုံလာခင်းစိမ်းစိမ်းတွေကြားထဲမှာ ပန်းနှမ်းခင်း ဝါဝါတွေကိုလည်း  
ဟိုတကွက် ဒီတကွက်နဲ့ လှပစွာ တွေ့ရှိရပါတယ်။


D926 Route d'Yvetot                                                                        (ဓါတ်ပုံ မရငတ)

ပြင်သစ်ပြည်ဟာ စိုက်ပျိုးရေး အင်အားကြီးနိုင်ငံလို့ပြောရင် မမှားနိုင်ပါဘူး၊ အဲဒါတွေကို သက်သေခံ 
နေတာကတော့ ကောက်ပဲသီးနှံ စိုက်ခင်းများကို နေရာအနှံ့ တွေ့မြင်နိုင်ခြင်းပါ၊ ဂျုံ ပြောင်း ပန်းနှမ်းနဲ့ 
သကြားမုံလာ အထွက်နှုန်းကတော့ ဥရောပမှာ နံပတ်တစ်ပါ။

စစ်ဘုရင်ကြီး နပိုလီယံ ၁၈၀၀ ပြည့်လွန် နှစ်များအတွင်းက ပိုလန် Silesia နယ်မြေကို ရောက်တုန်း 
သယ်ဆောင်လာတဲ့ Betterave Sucrière (Sugar Beet) မျိုးပင်တွေကို ပြင်သစ်အရှေ့မြောက်ပိုင်း 
ဒေသ ဒီနယ်မြေတကြောမှာ စိုက်ပျိုးခိုင်းခဲ့ သကြားချက်ခိုင်းခဲ့တယ်လို့ ဆိုကြပါတယ်၊ ဒီကနေ့ခေတ် 
မှာတော့  သကြားမုံလာ စိုက်ပျိုးမှု သကြားထုတ်လုပ်မှုမှာ ပြင်သစ်က ဥရောပ ထိပ်သီး ဖြစ်နေပါပြီ၊
ဒီနေရာမှာ နပိုလီယံကြီးရဲ့အကြောင်း မောင်ရင်ငတေ သိသလောက် အပေါ်ယံအကောင်းမြင် ပြော 
ချင်တာလေးတခု ရှိပါတယ်၊ အဲဒီ စစ်ဘုရင်ကြီးဟာ သူနာမည်ကြီး တန်ခိုးထွားခဲ့တဲ့ ဆယ့်ငါးနှစ်တာ
ကာလအတွင်းမှာ ဒီလိုဘာမဟုတ်ဘူးထင်ရတဲ့ သကြားမုံလာလိုကိစ္စလေးတွေ အများအပြား လုပ်ခဲ့
ခြင်းပါ၊ နပိုလီယံကြီး လောဘဇောတိုက် တိုက်ခဲ့တဲ့ စစ်ပွဲတွေရဲ့ အောင်မြင်ခြင်း ဆုံးရှုံးခဲ့ခြင်းတွေက
ဒီကနေ့ မောင်ရင်ငတေတို့အတွက် အကျိုးကျေးဇူး ဘာတွေများဘယ်လောက်များ ရခဲ့သလဲဆိုတာ 
မောင်ရင်ငတေ နားမလည်ပါဘူး၊ ဒါပေမယ့် အဲဒီ နပိုလီယံကြီးရဲ့ သကြားမုံလာကြီးကတော့ နေ့စဉ် 
မနက် နေ့လယ် ည တကယ့်ကိုအမှန်အကန် အကျိုးရှိလှပါတယ်ဆိုတာ မောင်ရင်ငတေ ငပိန်းတွေး 
တွေးရင်း ကျေနပ်မိရခြင်းပါ။

ကျေးဇူးတင်ပါတယ် နပိုလီယံကြီ့း့ ရေ့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ သကြားမုံလာကိုပေါ့၊
သကြားမုံလာပင်တွေ မြင်မိပြီး တွေးမိတွေးရာ တွေးနေရာကနေ ကားကဘယ်ညာ ယိမ်းထိုးသွားလို့
အတွေးပျက်သွားပြီး ဘယ်ရောက်ပြီလဲ ကြည့်မိပါတယ်၊ လမ်းက ခပ်ကျဉ်းကျဉ်းနဲ့ ကွေ့ကွေ့ကောက် 
ကောက်မို့ ကားက ခပ်ဖြေးဖြေးမောင်းသာ နေရတာပါ၊ မိုးမှုန်တွေကြောင့် လမ်းရှေ့ကို သိပ်ဝေးဝေး 
မမြင်ရလို့ထင်ပါရဲ့၊ လမ်းကကျဉ်း လမ်းဘေးသစ်ပင်တွေကကပ်နေ မိုးကသည်းလာပြန်တာကြောင့် 
ကားပြူတင်းပေါက်က အပြင်ကို မနည်းကို ကြည့်ရပါတယ်၊ လမ်းအမှတ် D926 (Route d'Yvetot) 
Bermonville မြို့လေး ကျော်လို့လာတော့ Fauville-en-Caux, နောက်တခါ D10, D11 Epreville, 
Mare Sausseuze လမ်းနဘေးက ဆိုင်းဘုတ်သေးသေးလေးတွေကို မိုးရေထဲမှာ ဝိုးတဝါးသာ တွေ့ 
မြင်ခွင့်ရပါတယ်၊ နေသာနေပူချိန်တွေမှာတော့ သာယာလှပနေမယ့် နေရာတွေပါ။


D10 Route de Goderville                                                                   (ဓါတ်ပုံ မရငတ)

ဒီလမ်းလေးတွေက တကယ့်ကို တောကျေးလက်လမ်းလေးတွေပါ၊ ကားနှစ်စီး ရှောင်သာရုံမျှသာ ရှိ
ပေမယ့် ကတ္တရာအပြည့်နဲ့ တောလမ်းလေးတွေပါ၊ လမ်းကတော့ ခပ်ကျဉ်းကျဉ်းပါ၊ တချို့နေရာတွေ 
မှာ အလယ်စည်းဖြူတောင်မှ ဆွဲမထားတဲ့ လမ်းလေးတွေပါ၊ တခါတခါလည်း လမ်းပေါ်ထိ သစ်ရွက် 
သစ်ခက် သစ်ကိုင်းကြီးတွေက အုပ်မိုးနေတာမျိုး တွေ့ခဲ့ရပါတယ်။

တနေရာမှာတော့ လမ်းကျဉ်းကျဉ်းမှာ ရှေ့ကမောင်းနေတဲ့ လယ်ထွန်စက်ကြီးကို ကျော်တက်ဖို့ ကြိုး 
စားပါတယ်၊ ထွန်စက် မောင်းနေသူကလည်း တော်တော်နဲ့ လမ်းချမပေးပါဘူး၊ မောင်ရင်ငတေတို့ရဲ့ 
တာမူလ် တိုက်ဂါးဟောင်း FlixBus ကားဆရာ ကိုဘသောင်းကလည်း အတင်း ကျော်တက်ပါတယ်၊ 
သို့ပေမယ့်လည်း နော်မန်ဒီသား ဗိုက်ကင်း အဟောင်းကြီးကလည်း ဘုကြည့်ကြည့်ပြီး လမ်းလေးအ 
နည်းငယ် ကျယ်လာတော့မှ ဘေးနည်းနည်း ချပေးပါတယ်၊ သူတို့ရပ်ရွာမှာလည်း အဲဒီလိုမျိုးတွေ ရှိ 
ကြောင်းပါ၊ မောင်ရင်ငတေကတော့ ခရီးသည်တွေကို ဘုဘောက် ပြောလာတဲ့ တိုက်ဂါးဟောင်းကြီး 
ဗိုက်ကင်းဟောင်းကြီးနဲ့တွေ့မှ ခံလိုက်ရတာ မြင်လိုက်ရတော့ ဝမ်းသာလိုက်တာကွာလို့ စိတ်ထဲပြော 
မိလိုက်ပါတယ်၊ ဥရောပကားဆရာတွေမှာလည်း သဘောကောင်းသူက ရှားပါးကုန် ဖြစ်လာနေပါပြီ၊ 
ကာစတန်မာ ဖတ်စ် ဆိုတာကြီးက ရာဇဝင်ထဲက ပုံပြင်ဖြစ်သွားခဲ့ပါပြီ။


D11 Route de Mentheville                                                                 (ဓါတ်ပုံ မရငတ)

လမ်းနဘေး သစ်ပင်အုပ်အုပ်လေးတွေ စိုက်ခင်းစိမ်းစိမ်းတွေကြား တိုက်ပုပုလေးတွေ လေးငါးဆယ် 
လုံး ဆယ့်ငါးလုံး တစုတစုနဲ့ ရွာခပ်သေးသေးလေးတွေကို ခပ်စိတ်စိတ်တွေ့ရပါတယ်၊ နေချင်စဘွယ် 
ကောင်းတဲ့ အရပ်ဒေသပါ၊ မိုးများများ လေကြမ်းကြမ်း တိုက်တတ်တာက လွဲရင်ပေါ့။

လမ်းလေးတွေက ကွေ့ကွေ့ ကောက်ကောက် ရှိတတ်ပေမယ့် အများအားဖြင့်ကတော့ စိုက်ခင်းတွေ
အများအပြား တမျှော်တခေါ် တွေ့ရှိနေရတဲ့ မြေပြန့်လွင်ပြင်ကျယ်ကြီးပါ၊ တောင်ကုန်းခပ်မို့မို့တောင် 
မြင်တွေ့ရခဲမယ့် နေရာ ထင်ပါတယ်၊ ဖြစ်လည်း ဖြစ်နိုင်ပါတယ်၊ ဥရောပရဲ့ Lowland Countries လို့
ခေါ်ကြတဲ့ ဘယ်လ်ဂျီယံ ဟော်လန် နယ်သာလန်တို့နဲ့ တကြောတည်း တမြေတည်း ဆက်စပ်နေတဲ့ 
နေရာဒေသမို့ ဒီလိုမျိုး တမျှော်တခေါ်ကြီး ညီညာ ပြန့်ပြူးနေတယ် ထင်ပါတယ်။

လမ်းအမှတ် D940 (Route de Fécamp) ပေါ်ရောက်လာတော့ လမ်းက အနည်းငယ် ပြန်၍ကျယ် 
လာပါတယ်၊ မောင်ရင်ငတေနားက ထိုင်လိုက်လာတဲ့သူ အမေးကြောင့် ကားဆရာ တိုက်ဂါးဟောင်း 
ကြီးက ရောက်တော့မှာဖြစ်ကြောင်း ဆယ်မိနစ်လောက်သာလိုတော့ကြောင်း ပြောလိုက်သံကို ကြား 
လိုက်ရတော့ မောင်ရင်ငတေလည်း ကားဆရာ တာမူလ်တိုက်ဂါးဟောင်းကြီးကို မေတ္တာပို့နေတာကို 
ရပ်လို့ ကားပေါ်ကဆင်းဖို့ ပြင်ဆင်လိုက်ရပါတယ်၊ အသွားရော အပြန်ပါ ဒီကား ဒီဒရိုင်ဘာနဲ့ ကြုံခဲ့ရ
ပြီး အပြန်လမ်းမှာ မောင်ရင်ငတေ့ကို ရစ်ပြန်တာမို့လို့ နောက်တခါ ဒီလမ်းလာရင် ဒီလူ အလုပ်ပြုတ် 
မပြုတ် အရင် စုံစမ်းရမယ့်ကိန်းပါ ခင်ဗျား။


Étretat                                                                                            (ဓါတ်ပုံ မရငတ)

အေထရေတာ့တော့ ရောက်လာပါပြီ၊ ကားဂိတ်ကတော့ သေးသေးလေးပါ၊ တကယ်တော့ ဂိတ်ရယ်
ဘာရယ် သီးသန့် ရှိတာမဟုတ်ပါဘူး၊ မြို့လယ် ဈေးဆိုင် ဘားဆိုင် စာသောက်ဆိုင်တန်းတွေဆုံရာ 
အလယ်ကွက်လပ်လေးမှာ ကားမှတ်တိုင် လုပ်ထားတာပါ၊ ဂိတ်ပုံစံအဆောက်အဦးလေးမှာ လူတွေ 
စုပြုံမိုးခိုနေတာ ကြည့်လိုက်တော့ အများသုံး အိမ်သာပါ၊ အိမ်သာ ကားဂိတ်လို့သာ အမည်တတ်လို့ 
ရပါလိမ့်မယ် ထင်ပါတယ်၊ မူလက အဝေးပြေး ဘတ်စ်ကား လိုင်းကား မရောက်ရာ ဒေသကိုး။

မိုးကစိုစိစိုစိနဲ့မို့ မောင်ရင်ငတေတောင်မှ စိတ်မပါတပါနဲ့ ကမ်းခြေရှိရာသို့ မြေပုံကြည့်လျှောက်လာခဲ့
ကြပါတယ်၊ မောင်ရင်ငတေတို့လိုရောက်လာကြသူ အယောက်သုံးဆယ်ကျော်လောက်တော့ ရှိမယ်
ထင်ပါတယ်၊ သူတို့တတွေလည်း ဟိုကြည့်ဒီကြည့် ထီးတွေဆောင်း မိုးကာခြုံလို့ ကုပ်ချောင်းချောင်း 
လေးတွေပေါ့၊ ဒါပေမယ့် ကမ်းခြေရယ် ပင်လယ်ပြင်ကြီးရယ် မတ်စောက်စောက် ချောက်ကမ်းပါးဖြူ 
ကြီးတွေကို ဘွားကနဲမြင်လိုက်ရတော့ အားလုံးလိုလိုရဲ့ မျက်နှာတွေဟာ အပျော်မျက်နှာတွေအဖြစ် 
ရုတ်တရက် ပြောင်းသွားကြတာကို တွေ့လိုက်ရပါတယ်။


Étretat                                                                                            (ဓါတ်ပုံ မရငတ)

တကယ်ပါ၊ အမှန်ပါ၊ မောင်ရင်ငတေလည်း အဲဒီလို ခံစားလိုက်ရပါတယ်၊ ညနေစောင်း ကားပေါ်ပြန်
ရောက်တဲ့အထိ ကမ်းခြေတလျှောက်ချောက်ကမ်းပါးကြီးတလျှောက် တက်လိုက်ဆင်းလိုက်နဲ့ မိုးရွာ 
တာလောက်ကို မမှုတော့ပါဘူး၊ အဲ့ အသင့်ပါလာတဲ့ ဗော်ဒဂါ ရေသန့်ဗူးလေးကို အသာဖွင့် 
တငုံငုံရင်း မိုးရွာခြင်းကို အံတုနိုင်ဖို့ အားယူမောင်းတင်ရတာမျိုးလေးတော့ ရှိတာပေါ့။

အဲဒီလို မိုးကလေးတဖွဲဖွဲ စိုစိုစွတ်စွတ်နဲ့ ရှိနေတာကလည်း ပတ်ဝန်းကျင်တခုလုံးကို စိမ်းနေတာတွေ 
ပိုစိမ်း ဖြူနေတာတွေပိုဖြူ ပြာနေတာတွေပိုပြာ ဝါနေတာတွေပိုဝါ သန့်နေတာတွေ ပိုလို့ သန့်လာစေ 
တယ်ထင်ရပြီး အရာရာတိုင်းဟာ လှနေပါတော့တယ်။

တကယ်ကတော့ အေထရေတာ့ဟာ ရာသီဥတုသာယာမယ် ဆိုရင်ပေါ့၊ တညအိပ်မက သုံးလေးည 
နားနားနေနေ ဖီလင်ယူပြီး နေသင့်တဲ့ နေရာပါ၊ ညအိပ်ဧည့်ကလည်း မများလှပါဘူး၊ ဆူညံမှုနည်းပါး 
တာမို့ အေးအေးဆေးဆေး အနားယူဖို့ ကောင်းတဲ့ နေရာမျိုးပါ၊ သို့သော်လည်း ဂျူလိုင် သြဂတ်စ်လို 
နွေရာသီ ကာလတွေမှာတောင် မိုးမပြတ်တတ်တဲ့ ဒေသမို့ မိုးကြောက်သူများအတွက်တော့ ဒီနေရာ 
ဒီအရပ်က သိပ်မအပ်စပ်လှပါဘူး၊ မိုးလေး ခပ်ဖွဲဖွဲလေး ရွာမယ် ခန့်မှန်းထားချိန်မှာ လေတိုက်နှုန်းက 
တနာရီ ကီလိုမီတာ အစိတ်သုံးဆယ်ကျော်လောက် တိုက်လာရင်တော့ မစားသာလှပါဘူး၊ အဲဒါဟာ
Normand သို့မဟုတ် Northern Men တွေရဲ့ တိုင်းပြည်ကြီးပါ၊ ဗိုက်ကင်းအဟောင်းကြီးတွေနေတဲ့ 
Normandie တိုင်းပြည်ပါ၊ ဗိုက်ကင်းနွယ်ဖွားတို့ရဲ့မွေးရပ်ဇာတိ Scandinavia စကင်ဒီနေးဗီးယားကို 
စွန့်ခွာပြီး အခြေချ နေထိုင်ခဲ့ကြရာ နော်မန်ဒီ တိုင်းပြည်ကြီးပါ။



Étretat                                                                                            (ဓါတ်ပုံ မရငတ)

နာမည်ကျော် ပေါင်မုန့်မစားကိတ်မုန့်စားသူကြီး မာရီအန်တွမ်းနက် တကူးတက အော်ဒါပေးမှာစားခဲ့ 
ရတဲ့ Les Huîtres de Normandie ခရုကမာ ပင်လယ်စာတွေ အများကြီးပေါတဲ့ နော်မန်ဒီ ရေပြင်နဲ့
နော်မန်ဒီ နယ်မြေကြီး၊ ဒီနယ်မြေရဲ့သမိုင်းက အဖက်ဖက်မှာကြီးမားတာမို့ တိုင်းပြည်ကြီး တပြည်အ
ဖြစ်သာ မောင်ရင်ငတေ သတ်မှတ်ပြောချင်ပါတော့တယ်၊ နေထိုင်သူလူဦးရေကလည်း သုံးသန်းခွဲမျှ 
ရှိတာမို့လို့ မနည်းလှပါဘူး၊ နော့မန်းလူမျိုးစစ်စစ် ဘယ်နှရာနှုန်းလောက် ကျန်ပါသေးလည်းကတော့ 
တိတိကျကျသိဖို့ မလွယ်ဘူး၊ နော်ဝေးမှာ ငါးသန်းကျော် ဆွီဒင်မှာ ဆယ်သန်း ဒိန်းမတ်နဲ့ ဖင်လန်မှာ 
ငါးသန်းခွဲကျော်စီသာ လူဦးရေရှိတာဖြစ်လို့ နော်မန်ဒီရဲ့နော်မန်လူဦးရေ သုံးသန်းခွဲက မနည်းလှဘူး 
ဆိုတာကိုသာ မောင်ရင်ငတေ ပြောချင်တာပါ။

သို့သော်လည်း ထူးဆန်းပါတယ် ပြောရမှာက နော်မန်ဒီ ကိုယ်ပိုင်အုပ်ချုပ်ရေး နော်မန်ဒီ ခွဲထွက်ရေး 
နော်မန်ဒီ တော်လှန်ရေး အသံတွေက အိမ်နားနီးချင်း ဘရစ်တာနီလောက်တောင်မှ မကြားရ တိတ် 
တိတ်ဆိတ်ဆိတ် ရှိနေခြင်းပါ၊ အင့်း့ နော်မန်ဒီနယ်သားတွေက ချမ်းသာနေသူများလှသကိုး၊ 
မောင်ရင်ငတေ့ အတွေးတွေကပဲ လွဲစောင်းလို့နေသလားတော့ မသိပါဘူး၊ ဆောရီးပါ ဗိုက်ကင်းကြီး 
တို့ရေ၊ ခွဲထွက်ကြမယ် ဆိုရင်လည်း ညှင်ညှင်သာသာလေးနဲ့ လူမသိသူမသိအောင့့် အဲ့ 
ရှန်ဂန်ဗီဇာကြီးကိုလည်း ထိမ်းထိမ်းသိမ်းသိမ်းလေးနဲ့ ဒီအတိုင်းလေးထားခဲ့လို့ မောင်ရင်ငတေတို့လို 
ငပိန်းကောင်တွေ ရှန်ဂန် ပေတရာလမ်းမပေါ် လွတ်လွတ်လပ်လပ်လေး လမ်းသလားခွင့်လေးတော့ 
ချန်ထားပေးပြီး ခွဲထွက်ချင်သလို ခွဲထွက် အုပ်ချုပ်ချင်သလို အုပ်ချုပ်ကြပါလို့ ပြောပါရစေ ဗိုက်ကင်း 
အဟောင်းကြီးတို့ရေ၊ ခင်ဗျားတို့ တိုင်းပြည်ကြီးက လှပလွန်းလို့ပါ ဗျာ။


Les Falaises à Étretat                                                                       (ဓါတ်ပုံ မရငတ)

အေထရေတာ့ အေထရေတာ့ တကယ်လည်း နာမည်ကြီး ကြီးလောက်ပါပေတယ်၊ တကယ်ပါ၊
ရာသီဥတုကဆိုးရွားပေမယ့် လှပလွန်းတဲ့ နေရာတခုအဖြစ် ရောက်ဖူးသူတိုင်းက ပြောကြရပါတယ်၊
တကြိမ်မက နောက်တကြိမ် နောက်တကြိမ် လာချင်အောင် ဆွဲဆောင်မှုရှိတာကတော့ အမှန်ပါ။

ဒီ Côte d'Albâtre ကမ်းခြေတလျှောက် အရှည် ကီလိုမီတာ ၁၃၀ အတွင်းမှာ တခြားသော ချောက် 
ကမ်းပါးကြီးတွေ ရှိသေးပေမယ့် အေထရေတာ့ ချောက်ကမ်းပါးရဲ့ အလှကို မမှီလို့လားတော့ မသိပါ 
ဘူး၊ အေထရေတာ့ကမ်းပါးဖြူတွေလောက် နာမည်မကြီးကြပါဘူး၊ ဒါပေမယ့် တကယ်တော့ တခြား
ကမ်းပါးကြီးတွေ ကမ်းခြေတွေလည်း သူ့အလှနဲ့သူ ရှိမှာကတော့ သေချာပါတယ်။

မူလက ဗိုက်ကင်းဟောင်း တံငါသည်များသာနေထိုင်ကြတဲ့ ရွာလေးကနေ ၁၉ ရာစု အစဦးမှာတော့ 
ဇိမ်ခံ ကမ်းခြေတခု ဖြစ်လာပါတယ်၊ အမြဲတမ်း နေထိုင်သူ လူဦးရေက ဒီကနေ့ ခေတ်ထိတိုင် ၁၅၀၀ 
ခန့်သာရှိပြီး ကာစီနိုရုံတရုံ စားသောက်ဆိုင်လေးငါးဆယ်နဲ့ တည်းခိုခန်း သုံးဆယ်ခန့်သာ ရှိပါတယ်၊ 
ဒါပေမယ့် ဒီကနေ့မှာ မောင်ရင်ငတေတို့လို ညအိပ်ညနေမဟုတ်ပေမယ့် မိုးရွာရွာနေပူပူ နေ့ချင်းပြန် 
လာလည်သူက အထူးများပြားလာတာကြောင့် တနှစ်ကို လူနှစ်သန်းခန့် ရှိနေပါပြီတဲ့၊ လူတယောက် 
တယူရို ဒီမြို့လေးရဲ့ ဘတ်ဂျက်ထဲ ရောက်လာရင်ကို အိုကေ နေပါပြီ၊ ကျောက်စရစ် ကမ်းခြေနဲ့ ပေ 
၂၅၀ ခန့်မြင့်မားတဲ့ ချောက်ကမ်းပါးဖြူတွေရဲ့ ဆွဲဆောင်မှုက ဒီလောက်ထိ အားကောင်းလှပါတယ်။



Étretat                                                                                          (ဓါတ်ပုံ မရငတ)

အေထရေတာ့မှာ လည်ဖို့ပတ်ဖို့က မြို့အနေနဲ့ ဘာမှထူးထူးခြားခြား မရှိပါဘူး၊ မြို့ကွက်လေးက ခပ် 
သေးသေးလေးပါ၊ တည်းခိုခန်း ဆိုင်ခန်း ရုံးခန်း အိမ်ခြေအနည်းငယ်သာ ရှိပါတယ်၊ မြို့လယ်လမ်းမ 
လေးငါးလမ်းကလွဲလို့ ကျန်တဲ့လမ်းတွေက ခြံဝန်းကျယ် အိမ်ဝန်းကျယ်တွေသာပါ။

မြို့လယ် တည်ရှိရာက ချောက်ကမ်းပါးစောက် နှစ်ခုအလယ် မြေနိမ့်ချိုင့်ဝှမ်းမှာပါ၊ ကားဂိတ်လေးက 
ဆိုင်တန်းလေးတွေကြား ဖြတ်လျောက်သွားရင် လေးငါးခြောက် မိနစ်နဲ့ ကမ်းခြေသို့ ရောက်ပါတယ်၊ 
သဲသောင်ကမ်းခြေ မဟုတ်ပါဘူး၊ ကျောက်စရစ်ခဲလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောက်စရစ်ကမ်းခြေ 
တခုပါ၊ နေမွန်းမတည့်ခင် မနက်ပိုင်းရောက်လာတယ်ဆိုရင် ကမ်းခြေ ညာဘက်ခြမ်း ဘုရားကျောင်း 
လေးရှိရာ ကမ်းပါးထက်ကို အရင် သွားသင့်ပါတယ်၊ ဘာကြောင့် သွားသင့်ပါသလဲ ဆိုတာကတော့
မနက်ပိုင်း ဒီရေတက်ချိန် ဘယ်ဘက်ချောက်ကမ်းပါးအောက် လှိုဏ်ဂူ ရေမြုပ်နေသေးလို့ပါ။

အဲဒီ ညာဘက်ခြမ်းကို ကမ်းခြေရင်ပြင်ကနေ လှေကားထစ်ကနေ တက်ရင်ရသလို ကတ္တရာလမ်းက 
နေလည်းတက်လို့ ရောက်ပါတယ်၊ ကမ်းခြေလှေကားထစ်က တက်လာရင် ဘုရားကျောင်းလေးနား 
တန်းရောက်ပါတယ်၊ အဲဒီနားမှာပဲ မိုးနေးပန်းခြံ ရှိပါတယ်၊ ဝင်ကြေးပေးရပါတယ်၊ ပန်းခြံထဲမှာတော့ 
မော်ဒန် ပန်းပုလက်ရာတွေနဲ့ ပြတိုက်ကလေး တခုရှိပါတယ်။ စိတ်ဝင်စားသူများ ဝင်ကြည့်ကြပါရန်။



La Chapelle Notre Dame de la Garde                                               (ဓါတ်ပုံ မရငတ)

အဲဒီကျောင်းလေးက ဘာကြီးကျယ်ခမ်းနားမှုမှရှိမနေတာကို မောင်ရင်ငတေ ကြိုက်နှစ်သက်မိရတာ 
ပါ၊ ရိုက်ကွင်း အင်မတန် လှပလွန်းပါတယ်၊ Falaise d’Amont ချောက်ကမ်းပါးရဲ့လှေကားထစ်တွေ 
တက်လာရင်းကနေ ဘုရားကျောင်း ခေါင်မိုးချွန်ချွန်ကို တဖြေးဖြေး မြင်ရတာကိုက လှတာပါ။

၁၈၅၆ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းလေးမှာ ပင်လယ်ပျော်များ ပင်လယ်သွားသူများ 
အတွက် အန္တရာယ်ရှင်း ဘေးကင်း ဆုလာတောင်းကြသူများရှိမှာ အမှန်ပါ၊ လေကြမ်းတိုက် မုန်တိုင်း 
ထန်တတ်တဲ့ အင်္ဂလိပ်ရေလက်ကြားရဲ့ သဘာဝဘေးအန္တရာယ်က ကင်းလွတ်ဝေးအောင်လည်း ဆု 
လာတောင်းကြသူများ ရှိမှာပါ။

ဒုတိယ ကမ္ဘာစစ်အတွင်းက နာဇီတွေ ဖျက်စီးပစ်ခဲ့လို့ ဒီကနေ့ တွေ့မြင်နေရတဲ့ ဘုရားကျောင်းလေး 
ကတော့ အသစ်ပြန်ပြင်ဆောက်ထားတဲ့ အဆောက်အဦးပါ၊ ဘုရားကျောင်းအနောက် ကားပါကင်နဲ့ 
ကပ်လျက်မှာ စိတ်ဝင်စားစရာ အထိမ်းအမှတ် လက်ရာတခုကို မြင်တွေ့နိုင်ပါသေးတယ်။


Oiseau Blanc, Monument Nungesser et Coli                                        (ဓါတ်ပုံ မရငတ)

ပြင်သစ်နဲ့ ကမ္ဘာ့ လေကြောင်းလောကအတွက် အထိမ်းအမှတ် လက်ရာတခုပါ၊
Monument Nungesser et Coli အမည်ရပါတယ်၊ Oiseau Blanc သို့မဟုတ် ငှက်ဖြူတို့ရဲ့ သမိုင်း 
မှတ်တိုင်တခုပါ၊ ဒီကနေ့ လေယာဉ်စီးခရီးနှင်နေကြသူများအတွက် သိထားသင့်တဲ့ သမိုင်းဝင်နေရာ
တနေရာဖြစ်ပါတယ်၊ လေယာဉ်လေကြောင်းသမိုင်းမှာ မေ့ထားမရတဲ့ တနေရာပါလို့ ဆိုကြပါတယ်။



Oiseau Blanc, Monument Nungesser et Coli                                        (ဓါတ်ပုံ မရငတ)

ပြင်သစ်လူမျိုး လေယာဉ်မှူးများဖြစ်ကြတဲ့ Charles Nungesser (၁၈၉၂-၁၉၂၇) နဲ့  François Coli 
(၁၈၈၁-၁၉၂၇) တို့နှစ်ယောက် သူတို့ရဲ့ Oiseau Blanc အမည်ပေးထားတဲ့ လေယာဉ်ငယ်ကလေး 
နဲ့အတူ ၁၉၂၇ ခုနှစ် မေလ ရှစ်ရက်နေ့ မနက်မှာ ဒီနေရာကနေ စတင်မောင်းနှင် ထွက်ခွာသွားခဲ့ကြ 
ပါတယ်တဲ့၊ ရည်ရွယ်ချက်ကတော့ မြောက်အတ္တလန်တစ် ရေပြင်ကျယ်ကြီးကို မရပ်မနား ဖြတ်သန်း 
နယူးယောက်မြို့သို့ အရောက်သွားဖို့ပါ၊ အဲဒီလို ပါရီကနယူးယောက်ကိုလေယာဉ်စီးပြီး ပထမဦးဆုံး 
ရောက်ဖူးသူများအဖြစ် ကမ္ဘာ့လေကြောင်းသမိုင်းမှာ မှတ်တမ်းဝင်ဖို့ကြိုးစားကြရင်းက မပြန်လမ်းသို့ 
ရောက်သွားကြသူများပါ၊ အဲဒီချိန်တုန်းကတော့ သူတို့နှစ်ယောက်ကို အရူးတွေပါလို့ ထင်ကြသူတွေ 
ရှိခဲ့ပါတယ်တဲ့၊ ခေတ်တိုင်း နေရာတိုင်းမှာတော့ နောက်ပြန်ဆွဲ ဝါဒီတွေ ရှိကြစမြဲပါ။

သို့သော်လည်း အတ္တလန်တစ် သမုဒ္ဒရာထဲ နှစ်ယောက်စီး လေယာဉ်ပိစိလေးနဲ့ အသက်ပါ ပေးသွား 
ကြသူတွေ မရှိတော့တဲ့နောက် အနှစ်ကိုးဆယ်ကျော်ခန့်ကြာ ဒီကနေ့ ၂၀၁၈ ခုနှစ်များမှာတော့ အေ 
၃၈၀ အဲယားဘတ်စ်ကြီးတွေနဲ့ ကမ္ဘာပတ်နိုင်တဲ့ ခေတ်ကို ရောက်ရှိလာနေပါပြီ။

မောင်ရင်ငတေကတော့ သူတို့နဲ့ သူတို့ရဲ့ Oiseau Blanc (White Bird) ကို နောက်ဆုံး အသက်ရှင်
လျှက်တွေ့ရခဲ့တဲ့ အထိမ်းအမှတ်နေရာကို တာဝန်ကျေအောင် မှတ်တမ်းပြုရုံသာပါ၊ ဘယ်လိုဖြစ်ဖြစ်၊ 
အဲဒီ ရှေးဦး နော်မန်ဒီရောက် ပိုင်းလော့နှစ်ယောက်ကို မောင်ရင်ငတေလေယာဉ်စီးတိုင်း ဂါဝရပြုချင် 
မိပါတယ်၊ သို့သော်လည်း တကယ်တမ်း လေယာဉ်ပေါ်သို့ရာက်ချိန်မှာ သူတို့အကြောင်း ခေါင်းထဲ
ပေါ်မလာတာကသာ များပါတယ်၊ အပြောနဲ့အလုပ် ထပ်တူညီဖို့က ခက်တယ်မှလား။



နော်မန်ဒီ နွား (ဓါတ်ပုံ မရငတ)

ဘုရားကျောင်းကနေ ချောက်ကမ်းပါးထိပ်တလျှောက် အတော်ဝေးဝေး မျက်စေ့တဆုံး မြင်တွေ့နေရ 
တဲ့ မြေကြီးလမ်းလေး ရှိပါတယ်၊ မောင်ရင်ငတေတို့ကတော့ အချိန် အရမ်းမရလို့ Falaise d’Amont 
ကမ်းပါးထိပ်အကျော် ခပ်လှမ်းလှမ်းထိသာ လျှောက်ဖြစ်ခဲ့ပါတယ်၊ အများစုက ဒီနေရာက လှည့်ပြန် 
ကြပေမယ့် ဌာနေတွေလား ဧည့်သည်တွေလားမသိ ဆက်လျှောက်နေသူတွေ ရှိပါတယ်။

ဒီနေရာမှာ မြင်ခဲ့ရတာ တခုကို ထည့်ရေးချင်ပါတယ်၊
အဲဒီ ဘုရားကျောင်းနဲ့ သိပ်မဝေးတဲ့နေရာမှာ တွေ့မြင်လိုက်ရတာက နော်မန်ဒီရဲ့ နွားညိုချောတွေပါ၊ 
နွားမြင်တော့ ဘာဆန်းလဲ မေးစရာ ရှိပါတယ်၊ မဆန်းတော့ မဆန်းပါဘူး၊ စားကျက် လွင်ပြင်ကြီးမှာ 
နို့စားနွားတွေ အသားစားနွားတွေ မွေးထားတာ ကားလမ်းတွေနဘေးမှာလည်း တွေ့နေကြပါ၊ အနီး 
ကပ် မြင်တွေ့ဖူးဖို့ကတော့ မောင်ရင်ငတေတိုလို့ မြို့ကြီးသားတွေအတွက် မလွယ်ပါဘူး။

သို့သော်လည်း တွေ့မြင်ရတဲ့ နော်မန်ဒီ နွားတွေက အကုန်လိုလို တောင့်တောင့်ဖြောင့်ဖြောင့် ညိုညို 
ချောချောတွေပါ၊ အသားအရေ ပြည့်ဖြိုး စိုပြေနေကြတဲ့ ကိုရွှေနထီးတွေ နမပျိုပျိုချောချောလေးတွေ 
မဒန်းပေါက်လေးတွေ သားသည်နမကြီးတွေ ချမ်းသာကြောင်း ကြည့်ရုံနဲ့ သိနိုင်ပါတယ် ခင်ဗျာ၊ နွား 
ဖြစ်ရတာတောင် ကံကောင်းဖို့က လိုပါသေးလား ရုတ်တရက်တွေးမိလို့ ရေးမိလိုက်ခြင်းပါ၊ နော်မန်ဒီ 
နယ်က နွားမွေးမြူရေး နို့စားနွားရော အသားစားနွားပါ ထွန်းကားရာ အရပ်တခုပါ။

ပြင်သစ်ကတော့ ဥရောပမှာ နွားအများဆုံး နေထိုင်ကြရာ တိုင်းပြည်ကြီးပေါ့ဗျာ၊ နွားဦးရေ စုစုပေါင်း
သန်း ၂၀ ကျော် ပြင်သစ်မှာ အဆင့်တန်းမြင့်မြင့် ချမ်းချမ်းသာသာနဲ့ နေထိုင်ကြရတယ် ဆိုပါတော့။

မောင်ရင်ငတေ မှတ်တမ်းတင်ခဲ့တဲ့ နော်မန်ဒီ နွား မှတ်တမ်း ဗွီဒီယိုလေးပါ၊
ဗဟုသုတ အဖြစ်ပေါ့၊ https://www.youtube.com/watch?v=2yzzSMQtqq0


Soleil Couchant à Étretat                                                                  (ဓါတ်ပုံ မရငတ)

ဒီနေရာနဲ့ ပတ်သက်လာရင် မဖြစ်မနေ ထည့်ပြောရမှာက ပြင်သစ် ပန်းချီဆရာကြီး Claude Monet 
မိုးနေး (၁၈၄၀-၁၉၂၆) အကြောင်းပါ၊ မိုးနေးဟာ ၁၈၈၃ ခုနှစ်ကနေ ၁၈၈၅ ခုနှစ်များမှာ ဒီနေရာ 
ဒီကမ်းခြေ ဒီကျောက်ကမ်းပါးကြီးတွေရှိရာသို့ ရောက်လာခဲ့ပြီး ပန်းချီကားတွေ အများအပြား ရေးဆွဲ 
ခဲ့တယ် ဆိုကြပါတယ်၊ Soleil Couchant à Etretat, Mer Agitée à Étretat, Falaises à Étretat, 
Pluie à Étretat စတဲ့ပန်းချီကားများပါ၊ နာမည်အကျော်ကြားဆုံးကတော့ ၁၈၈၃ ခုနှစ်က ရေးဆွဲတဲ့ 
“အေထရေတာ့၏ နေဝင်ဆည်းဆာ Soleil Couchant à Etretat သို့မဟုတ် Coucher de Soleil 
à Étretat ပန်းချီကား ဖြစ်မယ် ထင်ပါတယ်။

မိုးနေးဟာ မကြာခဏလည်း ဒီမြို့လေးကို ပြန်လာလည်လေ့ ရှိပါတယ သူ ပန်းချီရေးဆွဲခဲ့တဲ့ ပန်းခြံ
ထဲမှာလည်း ဧည့်ခံပွဲတွေ လုပ်လေ့ရှိပါတယ်တဲ့၊ ဒီကနေ့ထိလည်း အဲဒီနေရာမှာ ပွဲတွေလုပ်လေ့ရှိပြီး
မိုးနေးခရေဇီကြီးတွေလာလေ့ ရှိပါတယ်တဲ့၊ မောင်ရင်ငတေကတော့ မိုးနေးခရေဇီကြီးတွေနဲ့ တွေ့ပြီး
မိုးနေးအကြောင်း စပ်စုချင်မိပေမယ့် ဝင်ကြေးပေးဝင်ရမှာမို့ မိုးနေးပန်းခြံထဲကိုတောင်မှ မဝင်ဖြစ်ခဲ့ပါ
ဘူး၊ မိုးနေးကြီးရေ ခင်ဗျားကြီးကိုတော့ ဘယ်လိုဖြစ်ဖြစ် လေးစားပါတယ်ဗျာ။

တိုက်ဆိုင်လို့ ခင်ဝမ်းကြီးရဲ့ စိတ္တဇပန်းချီထဲမှာ မိုးနေးအကြောင်း တစေ့တစောင်း ထည့်များရေးလေ 
မလားလို့ ရှာဖတ်ကြည့်ပေမယ့် မိုးနေးခမျာ ဝမ်းနည်းဖွယ်ရာ နာမည်လေးတလုံးစ ပါလေရုံကလွဲလို့ 
ကိုခင်ဝမ်းကြီး ရေးမသွားပါဘူး၊ ဘာကြောင့် ရေးတယ်မရေးတယ် စောဒကမတက်ချင်ပါဘူး၊ သို့ပေ 
သော်လည်း ဘာပြောပြော အင်ပရက်ရှင်နစ်ဇင်ဆိုလာရင် မိုနေးက ဆရာကြီးတပါး အဆင့်လို့တော့ 
မောင်ရင်ငတေ ပြောနိုင်ပါတယ်၊ ပန်းချီဆရာကြီး ခင်မောင်ရင်ရဲ့ အနုပညာ့စာ စာအုပ်ထဲမှာတော့
မိုးနေသည် အရောင်၏ ကမ္ဘာသစ်တခုကို ရှာဖွေတွေ့ရှိခဲ့သည်လို့ ရေးထားပါတယ်။

မိုးနေးကြီးက ဒီကမ်းခြေ ချောက်ကမ်းပါးကြီးတွေပေါ်မှာ ရက်ရှည်လများ နေထိုင်ရင်း နေဝင်ချိန်ကို 
စောင့်စားရင်း “အေထရေတာ့၏ နေဝင်ဆည်းဆာ ပန်းချီကားများကို ဘယ်လို စိတ်ရှည်ရှည်ထား 
ရေးဆွဲသွားလေသလဲ မသိပါဘူး၊ မောင်ရင်ငတေတို့ကတော့ တရက်တလေလေး လာရင်း ကျောပိုး 
အိပ်လေးထမ်း ကင်မရာလွယ်ရင်း တယ်လီဖုန်းကတဖက် အဲချောက်ကမ်းပါးကြီး ကမ်းခြေ ဟိုဘက် 
ဒီဘက်ကို တက်လိုက်ဆင်းလိုက်လုပ်ရင်း ခြေကုန်လက်ပမ်း ကျနေရတဲ့အထဲ မိုးလေးကလည်း စိုစိ 
စိုစိနဲ့ အသင့်ယူဆောင်လာတဲ့ ဈေးခပ်ပေါပေါ ဂျာမန်လေဂါဘီယာဗူးကိုတောင်မှ ထုတ်သောက်ချိန် 
တော်တော်နဲ့ မရခဲ့ပါဘူး၊ ဒီ ချောက်ကမ်းပါးကြီးတွေရဲ့ ဆွဲဆောင်နိုင်အားက တော်တော်လေးတော့ 
ကြီးမားပါတယ် ပြောရမှာပါ၊ မောင်ရင်ငတေအမျိုးတွေရှိရာ ဖူးစာကုန်းက ဧရာဝတီချောက်ကမ်းပါး 
ကြီးတွေရဲ့ သဘာဝအလှကလည်း ဒီပြင်သစ် အေထရေတာ့လောက်တော့ ရှိမယ် ထင်ပါတယ်၊ အဲ 
့ ဒါပေမယ့့် ထင်ပေါ်ကျော်ကြား ဧည့်များလာအောင်ကတော့ သက်ဆိုင်ရာ တာဝန်ရှိ 
လူကြီးမင်းများကိုသာ မောင်ရင်ငတေ အားကိုးပါကြောင်း ပြောပါရစေ ခင်ဗျာ။

အေထရေတာ့နဲ့ မိုးနေးအကြောင်းကို တစွန်းတစထည့်ရေးရင် အေထရေတာ့နဲ့ မိုပါဆွန်းအကြောင်း 
တကြောင်းတလေကိုလည်း ထည့်ရေးရဦးမှာပါ၊ ပြင်သစ် ဝတ္ထုတို ဆရာကြီး Guy de Maupassant
မိုပါဆွန်း (၁၈၅၀-၁၈၉၃) လည်း ဒီနယ်မြေကို ဖြတ်သန်းသွားခဲ့ဖူးပါတယ်၊ သူတို့ နှစ်ယောက်လုံးက 
ဒီမြို့သားစစ်စစ်တွေမဟုတ်ကြပေမယ့် ဒီမြို့သားစစ်စစ်တွေက ဂုဏ်ယူပြောကြရသူတွေပါ၊ ဝတ္ထုတို 
ဆရာကြီးရဲ့ နာမည်ကြီး ဝတ္ထုရှည် “Bel-Ami” ကို ဒီ မြို့လေးမှာ နေထိုင်ပြီး ရေးသွားတယ်လို့ ဆိုပါ 
တယ်၊ အဲဒီ “Bel-Ami” “ဗယ်လာမီ” ကို စာရေးဆရာ တင့်တယ်က “ပျိုတို့အချစ်တော်” ဆိုပြီး ဗမာ 
လို ဘာသာပြန် ခဲ့ရာက ၁၉၅၉ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆုကို ရရှိခဲ့တယ် ဆိုပါတယ်။

မိုပါဆွန်း “ဗယ်လာမီ ဝတ္ထုရှည် ရေးစဉ် နေထိုင်ခဲ့ရာ အိမ်ကိုတော့ မိုးတွေသည်းနေလို့ မရောက်ခဲ့ 
ပေမယ့် မိုပါဆွန်းထိုင်ခဲ့ဖူးတယ် ထင်မှတ်ရတဲ့ Le Maupassant ကော်ဖီဘားလေးကိုတော့ ဝတ္တရား
အရအမှတ်တရအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်၊ မိုပါဆွန်းခေတ်ထဲကရှိခဲ့တာလား မိုပါဆွန်း တကယ်
ထိုင်ခဲ့ဖူးတဲ့ ဆိုင်လေးလား ဒီကနေ့ခေတ်မှ မိုပါဆွန်းကို ကြိုက်နှစ်သက်လွန်းလို့ အမည်ခံခဲ့တာလား
မိုပါဆွန်းအမည်နဲ့ ရောင်းကောင်းမယ် ထင်လို့လာ့း့ ဘယ်လိုဖြစ်ဖြစ်ပါ၊ မိုပါဆွန်း ဖြတ်သန်း 
သွားဖူးတယ်ဆိုတဲ့ မြို့လေးမှာ မိုပါဆွန်း အမည်တွေ့လိုက်ရတာက ဒီတခုသာမို့ ကျေနပ်ပါတယ်။

ဒီ အေထရေတာ့ မြို့လေးကို ဖြတ်သန်း နေထိုင် သွားခဲ့ဖူးကြသူတွေထဲမှာ့
Eugène Delacroix, Gustave Courbet, Claude Monet, Camille Pissaro, Pierre-Auguste 
Renoir, Edgar Degas, တို့လို ပန်းချီဆရာတွေ့ Victor Hugo, Guy de Maupassant တို့လို 
စာရေးဆရာတွေ့ ပါဝင်ခဲ့ကြတာကလည်း ဒီ အေထရေတာ့ မြို့လေးကို ပိုမို လူသိများလာ 
စေခဲ့တာတော့ အမှန်ပါ ခင်ဗျာ။



Étretat                                                                                           (ဓါတ်ပုံ မရငတ)

ညာဘက်ခြမ်းကမ်းပါးပေါ်မှာ နှစ်နာရီကျော်ကျော်လောက် အချိန်ဖြုန်းပြီးရင် ကျောက်စရစ်ကမ်းခြေ 
ပြန်ဆင်းပြီး ဘယ်ဘက်ခြမ်းကို ဂေါက်ကွင်းဘေးကနေ တက်ရပါမယ်၊ မနက်ပိုင်း ဒီရေတက်ချိန်က 
ဘယ်ဘက် ချောက်ကမ်းပါးအောက် ရေမြုပ်နေတဲ့ လှိုဏ်ခေါင်းရှိရာ နေရာက ရေကျစတော့ ပြုပါပြီ၊
ဒါပေမယ့် ချောက်ကမ်းပါးကိုအောက်ကနေ ဖြတ်သွားလို့ရတဲ့ လှိုဏ်ခေါင်းဝကတော့ ရေစပ်စပ်လေး 
ရှိနေဆဲပါ၊ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ လှိုဏ်ခေါင်းဝသို့ သွားတဲ့လမ်းကလည်း ရေမြုပ်နေဆဲပါ။

ဒါကြောင့် အပေါ်ဘက်ကမ်းပါးကို အရင်သွားပါတယ်၊ အေထရေတာ့ရဲ့ ဘယ်ဘက်နဲ့ညာဘက်ခြမ်း
အလှခြင်းပြိုင်ရင် မောင်ရင်ငတေကတော့ ဘယ်ဘက်ကို အနိုင်ပေးချင်ပါတယ်၊ ဘယ်ဘက်ခြမ်းက 
နေ မြို့လယ်ကမ်းခြေကို ကျော်ပြီး ညာဘက်က ကမ်းပါးစောက်ဖြူဖြူကို မြင်ရတဲ့ အလှက ပိုမယ်လို့
ထင်မိတာပါ၊ ချောက်ကမ်းပါးတလျှောက် ထင်ရှားလူသိများတဲ့အမည်တွေကတော့ Falaise d’Aval, 
(Porte d'Aval), Aiguille d'Étretat, Chemin Des Douaniers, Pisseuses de Valaine, Pointe 
de la Courtine တို့ဖြစ်ကြပါတယ်၊ အေထရေတာ့ ချောက်ကမ်းပါး (Aval, Amont, Manneporte) 
သုံးခုအနက် အထင်ရှားဆုံးကတော့ Falaise d’Aval, (Porte d'Aval) ပါ။



Atlantikwall à Étretat                                                                   (ဓါတ်ပုံ မရငတ)

Porte d'Aval ကမ်းပါးထိပ်သို့တက်မယ့် လှေကားထစ်တွေရဲ့ အစမှာ တွေ့ရမှာက ဒုတိယကမ္ဘာစစ် 
(၁၉၃၉-၁၉၄၅) လက်ကျန် ဘန်ကာ အဟောင်းတွေပါ၊ ၁၉၄၂-၁၉၄၄ ခုနှစ်များမှာ နာဇီ ဂျာမဏီတို့ 
တည်ဆောက်ခဲ့တဲ့ Atlantikwall အတ္တလန်တစ် တံတိုင်းကြီးရဲ့ အစိတ်အပိုင်း တွေပါ၊ အဲဒီ တံတိုင်း
Atlantikwall ဆိုတာက နာဇီဟစ်တလာကြီး ဥရောပအနောက်ခြမ်းနဲ့မြောက်ခြမ်းကို ကြီးစိုးမိနေချိန် 
ပြင်သစ် ဘယ်လဂျီယံ နယ်သာလန် ဒိန်းမတ် နော်ဝေး ကမ်းရိုးတန်းတလျှောက်မှာ တည်ဆောက်ခဲ့ 
တဲ့ ခံစစ်ကတုတ်တံတိုင်းကြီးပါ၊ စီမံကိန်းက အလွန်ကြီးကျယ်ပေမယ့် တကယ်တမ်းကျတော့လည်း 
စစ်ရှုံးခဲ့ရတာသာ အဖတ်တင်ပါတယ်၊ ဒီလိုမျိုး ကတုတ်ကျင်း ကျောက် ကွန်ကရစ် ဘန်ကာဟောင်း
တွေ အတ္တလန်တစ်ကမ်းရိုးတန်း အထူးသဖြင့် ပြင်သစ်ကမ်းရိုးတန်းတလျှောက်မှာ စစ်ကျန် အမှတ် 
တရ ပစ္စည်းတွေအဖြစ် အများအပြား ရှိနေဆဲပါ၊ အုတ်တံတိုင်းတွေ သွပ်ကြိုးတွေသံတွေနဲ့ လုပ်ခဲ့တဲ့
စည်းရိုး တံတိုင်းတွေကတော့ ဖျက်စီးပစ်လိုက်လို့ မရှိတော့ဘူး ထင်ပါတယ်၊ ဘာလင်တံတိုင်းထက်
နှစ်ပေါင်းများစွာ စောခဲ့တဲ့ နာဇီ အတ္တလန်တစ်တံတိုင်းကြီးအကြောင်း ကြုံရင် ရေးချင်ပါသေးတယ်။



Étretat                                                                                           (ဓါတ်ပုံ မရငတ)

ဘန်ကာဟောင်းများကိုတွေ့ပြီး လှေကားအတိုင်း တက်သွားရင်တော့ ခပ်သေးသေးပေမယ့် လှပတဲ့ 
အေထရေတာ့ဂေါက်ကွင်းလေးကို တွေ့ရပါမယ်၊ သို့သော်လည်း မောင်ရင်ငတေတို့လို လာလည်သူ 
များကတော့ ဒီဂေါက်ကွင်းကို စိတ်မဝင်စားအားပါဘူး၊ ဘယ်တုန်းက ဘာကြောင့် ဒီလို ကိတ်မုန့်လှီး 
သလို တိတိရိရိ ပိုင်းပြတ်နေတဲ့ ကျောက်ကမ်းပါး ဇောက်ကြီးကတော့ တကယ်ကို စဉ်းစားကြည့်ရင် 
အံ့သြစရာ အတိပါ၊ လှပရုံမျှမက အံ့သြဖွယ် သဘာဝပါ။

ဒါပေမယ့် ဒီနေရာရဲ့ ကမ်းပါးဇောက်က မီတာတရာ မပြည့်တပြည့်သာပါ၊ ကမ္ဘာတဝှမ်းမှာ ဒီထက်ပို 
မြင့်မားတဲ့ ကမ်းပါးကြီးတွေ ရှိပါတယ်၊ ပြင်သစ်မှာလည်း ရှိပါတယ်၊ သို့သော်လည်း ဒီအေထရေတာ့ 
ချောက်ကမ်းပါးရဲ့ ကျောက်လွှာတွေ တလွှာချင်းထပ်ထားသလို ဖြစ်နေပုံမျိုးကိုက တမျိုးတဘာသာ 
ထူးခြားနေဟန် ရှိပါတယ်၊ ဒီအလှနဲ့ကို နာမည်ကြီးလာခဲ့ဟန် တူပါတယ်။

ဒီလို ချောက်ကမ်းပါးမျိုးတွေရဲ့ သက်တမ်းက လွန်ခဲ့တဲ့နှစ်ပေါင်း သန်းခွန်နှဆယ် ရှစ်ဆယ်ထဲကလို့ 
ပြောကြပါတယ်၊ တချို့စာတွေမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းနဲ့ လေးသိန်းကြားလို့ ရေးတာကို တွေ့ 
ရပါတယ်၊ ဘယ်လိုဖြစ်ဖြစ်ပါ၊ ဒီချောက်ကမ်းပါးပြတ်ကြီးတွေ ဖြစ်ပေါ်တည်ရှိ နေခဲ့တာက အေဒီတွေ
ဘီစီတွေဆိုတဲ့ သက္ကရာဇ်တွေထက် အများကြီးစောမှာ သေချာပါတယ်။



Aiguille d'Étretat (Needle of Étretat)                                                  (Photo Kcorail)

အချိန်သိပ်မရတာနဲ့ ကမ်းပါးထိပ်မှာ ကြာကြာနေချင်ပေမယ့်လည်း ကမ်းခြေ လှိုဏ်ဂူကို သွားချင်ကြ 
သေးတာကြောင့် ရေကလည်းကျနေပြီ ဖြစ်တာကြောင့် အောက်ဘက်သို့ပြန်ဆင်း လာခဲ့ကြပါတယ်၊
ကမ်းခြေကတော့ ကျောက်တုံးကျောက်ဆောင်တွေ ပေါ်နေပါပြီ၊ သဘာဝအလျှောက် ဖြစ်ပေါ်ခဲ့တာ 
လို့ဆိုတဲ့ လှိုဏ်ဂူဝကိုတက် မှောင်မှောင်မည်းမည်း ဂူကို ဖြတ်လျှောက် တဘက်ရောက်တော့လည်း 
ပြန်ဆင်း အခက်အခဲတွေ ကျော်ဖြတ်ပြီးတော့ နာမည်ကျော် Aiguille d'Étretat ခြေရင်းသို့ ရောက် 
ခဲ့ပါပြီ၊ အင်္ဂလိပ်လို Needle of Étretat ခြေရင်းမှာ ထိုင်ကောင်းမယ့် ကျောက်တုံးကြီးတလုံးပေါ်မှာ 
ထိုင်လိုက်ပါတယ်၊ ပါလာတဲ့ ပစ္စည်းတွေ ဘေးချ ပါလာတဲ့ရိက္ခာ ဝိုင်နီပုလင်းကိုထုတ် ပေါ့ပေါ့ပါးပါးနဲ့ 
ထိုင်ငေး ထိုင်တွေးရင်း ရှေ့ဆက် မလျှောက်ဖြစ်ခဲ့တော့ပါဘူး။

ဒီနော်မန်ဒီ အေထရေတာ့ရဲ့ မျက်နှာချင်းဆိုင် မျက်စောင်းထိုး အင်္ဂလန်ဘက်ကမ်းမှာလည်း နာမည် 
ကြီး Seven Sisters Cliffs, White Cliffs of Dover (Falaises blanches de Douvres) တို့လည်း 
ရှိပါတယ်၊ ဒီအပိုင်း နှစ်ပိုင်းဟာ အတိတ်တချိန်တုန်းက နှစ်ကိုယ်တစိတ် တဆက်တစပ်တည်းလိုလို 
တည်ရှိခဲ့တာလို့ ဆိုကြပါတယ်၊ အဲဒီတုန်းက ဥရောပကုန်းမြေကြီးဟာ ရေခဲပြင်ကြီး ဖြစ်ခဲ့ပါတယ်တဲ့၊ 
နောက်ပိုင်းမှာ တစတစ အပူရှိန်တွေမြင့်မားလာပြီး ရေခဲလွှာတွေ ယုတ်လျော့လာ ရေကြီးမှုတွေဖြစ်
ပေါ်ခဲ့မှုကြောင့် ဒီလိုမျိုး နှစ်ခြမ်းကွဲ ချောက်ကမ်းပါးတွေ ဖြစ်လာတယ် ဆိုကြတာပါ။

အဲဒီ ချောက်ကမ်းပါး နှစ်ဘက်စလုံးက White Chalk Cliffs တွေလို့ ပြောကြပေမယ့် အင်္ဂလန်ဘက် 
ဒိုဗာကမ်းဘက်ကတော့ အဖြူစွတ်စွတ် ချောက်ကမ်းပါးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်၊ အဖြူစွတ်စွတ်
ဒိုဗာကမ်းပါးတွေက ပိုလို့လှသလာ့း့ နို့နှစ်ရောင် အလွှာအထပ်နဲ့ နော်မန်ဒီကမ်းပါးတွေက 
ပိုလို့လှလေသလား ဒေသစွဲတွေနဲ့ပြောရင် ရန်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

အဲ ကမ်းနှစ်ဘက်သားတွေကလည်း သမိုင်းကြောင်းတလျှောက် မျိုးနဲ့ရိုးနဲ့ချီပြီး ကူးသန်းဆက်သွယ် 
ပေါင်းသင်းနေထိုင်ခဲ့ကြသလို တခြိမ်းခြိမ်း တဒိုင်းဒိုင်း စစ်ပွဲတွေ ရန်ပွဲတွေလည်း ရက်ဆက်ဆိုသလို 
ဖစ်ခဲ့ကြသူတွေပါ၊ Duché de Normandie နော်မန်ဒီရဲ့ နယ်စား Guillaume le Conquérant ဟာ
အင်္ဂလိပ်ဘုရင် William the Conqueror ဖြစ်လာသူနဲ့ တဦးတည်းပါ၊ အဲဒီ William I ဝီလျှံ (တစ်
(၁၀၂၈-၁၀၈၇) (ပြင်သစ်လိုတော့ Guillaume I ပေါ့) သူဟာ နော်မန်ဒီ နယ်စားဘဝနဲ့ ၁၀၆၆ ခုနှစ် 
မှာ အင်္ဂလန်နဲ့စစ်ဖြစ် အောင်နိုင်ခဲ့ရာကနေ အင်္ဂလိပ်ဘုရင် ဖြစ်လာသူပါ၊ အဲဒီ ဗိုက်ကင်းနွယ်ဖွားကြီး
နော်မန်ဒီသားဟာ နော်မန်ဒီ နယ်စားအဖြစ် အနှစ်ငါးဆယ်ကျော် (၁၀၃၅-၁၀၈၇) အင်္ဂလန် ပြည့်ရှင် 
အဖြစ် အနှစ်နှဆယ် (၁၀၆၆-၁၀၈၇) ကြာ အုပ်ချုပ် မင်းလုပ်လာခဲ့ပြီး ၁၀၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါ 
တယ်၊ သူ့မျိုးဆက်တွေက အနှစ် တရာ့ငါးဆယ်ကျော် အင်္ဂလိပ်မင်းတွေအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

မီတာ ၇၀ ပေ ၂၃၀ မြင့်မားတဲ့ ကျောက်ချွန်းကြီးကို မော့ကြည့်ရင်းနဲ့ အင်္ဂလိပ်နယ်ချဲ့အစ နော်မန်ဒီ 
နယ်ချဲ့က ဆိုပြီး မောင်ရင်ငတေ့ အတွေးနယ်ချဲ့ နေရာက နှုတ်ဆက်ပြန်ဖို့ အချိန်ရောက်လာခဲ့ပါပြီ၊ 
ရှေ့ဆက်လျှောက်သွားကြတဲ့ ဒီခရီးကို အတူလာခဲ့ကြသူတွေက အတော်ဝေးဝေးကနေ ပြန်ရောက် 
လာကြပါပြီ၊ ဒါနဲ့မောင်ရင်ငတေလည်း လက်ကျန်ဝိုင်နီကိုမော့ရင်း အင်္ဂလန်ရောက် ဝီလျှံတစ်ကြီးရေ
ဂီယုံမ် လေ ကွန်ကေဲရ်ရောင့်ကြီးရေ့ နှုတ်ဆက်ပါတယ် ဗျာ ဆိုပြီ့း့
ခေတ်မီမီဖြစ်အောင် ဆိုရှယ်မီဒီယာပေါ် အဲဒီ စာသားတွေကို ရေးတင်ဖြစ်ခဲ့ပါတယ်၊

နော်မန်ဒီ နယ်စား ဗိုက်ကင်း အဟောင်းကြီးရေ
ခင်ဗျားကတော့ ဒီရေပြင်ကြီး လက်ပစ်ကူးကျော်ဖြတ်
ဝီလျံ (တစ်) ဆိုပြီး အင်္ဂလန်မှာ ဘင်သံတွေ ဆူညံစေခဲ့တာပေါ့၊
ကျုပ်ကတော့ လက်ပစ်ခြေပစ် ထိုင်ငေး ခင်ဗျားတို့ ခေတ်ကအကြောင်း
တွေးရုံလေးပေါ့ ဗျာ့ အဲ့ ခင်ဗျား ကြိုက်တတ်တဲ့
ကာလ်ဗာဒို ဝိုင်ကလေးတော့ ပါတာပေါ့ ဗျ့ ဟာ့ ဟဟ
(မှတ်ချက်-တကယ်တော့ ကာလ်ဗာဒို ဝိုင်က ဈေးကြီးလို့ မောင်ရင်ငတေ မသောက်နိုင်ပါဘူး)


Étretat                                                                                            (Photo Kcorail)

အဆုံးသတ် အနေနဲ့ မိုပါဆွန်းရဲ့ စာတွေထဲက ဖတ်ဖူးတဲ့ စာလေးတကြောင်းကို ညွှန်းချင်ပါတယ်၊
အတိအကျတော့ မဟုတ်ပါဘူး၊ မောင်ရင်ငတေရဲ့ တတ်ယောင်ကား နားလည်သလောက်လေးပေါ့၊

့ ဟို အရှေ့နားမှာ့ ချောက်ကမ်းပါးကြီးနား မရောက်ခင်လေး
အဲဒီ နားမှာ ငါနေတယ်၊ ငါရဲ့ ကျောခင်းရာ အိမ်ကလေး ရှိတယ့့်
လေတဝူးဝူး တိုက်နေတဲ့ လှပတဲ့ ချောက်ကမ်းပါးကြီးနားမှာပေါ့့
့ မိုပါဆွန်းရဲ့ လှပတဲ့ အပြောလေး ပေါ့၊

မောင်ရင်ငတေကတော့
အဲဒီလို မပြောနိုင်ရင် နေပါလေ့စေ့
စိတ်နဲ့ ဆန္ဒနဲ့ ထပ်တူညီမျှခြင်း ပြုမရတဲ့ ဒီလောကကြီးမှာ
လွတ်လပ်ခြင်း အေးဆေးခြင်း သာယာခြင်း လှပခြင်း စိတ်ကြည်နူးခြင်းတွေကို ပေးစွမ်းခဲ့တဲ့
အေထရေတာ့ ရေ့ နော်မန်ဒီ့ ရေ့
နေ့ချင်းပြန်လေး ဖြစ်ဖြစ်ပေါ့ကွာ၊ ငါ မင်းတို့ဆီ လာလည်ခွင့်လေးတော့ ထပ်ရချင်မိပါတယ် ကွာ၊
လေခပ်ကြမ်းကြမ်း မိုးခပ်သည်းသည်းတွေကြား မောင်ရင်ငတေ့ အတွေးစိတ်ကူး ရွက်လွှင့်ခဲ့ခြင်းပါ။

နော်မန်ဒီကမ်းခြေများ အကြောင်း ပထမဦးဆုံး စာစု အမှတ် (တစ်)
အေထရေတာ့ ချောက်ကမ်းပါးများဆီသို့ စာစုကို ဒီနေရာမှာတင် အဆုံးသတ် နိုင်လိုက်ပါပြီ။

လက်ရှိ ရေးနေဆဲ စာစုများဖြစ်တဲ့
တပိုင်းတစ ပစ်ထားတဲ့သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ (ဂျန်နဝါရီညများ)” စာစုများ
ပူပူနွေးနွေး မကြာခင်က ပြန်လာခဲ့တဲ့ပါရီ-ဗင်နစ်ဇ်စီယာမှ အဲလ်ပ်တောင်တန်းများဆီသို့စာစုများ
ကို ကျော်ဖြတ်ပြီး မကြာခဏ ဆိုသလို ရောက်ဖြစ်တဲ့နော်မန်ဒီ ဘရစ်တနီ ကမ်းခြေများစာစုများ
ထဲကနော်မန်ဒီ အေထရေတာ့မှ ချောက်ကမ်းပါးများစာစုကို အဆုံးသတ် ပြီးစီးအောင် ရေးသား 
လိုက်ရကြောင်းပါ ခင်ဗျာ။

မိုးရွာထဲ မလှမပ မှတ်တမ်းတင်ထားတဲ့ နော်မန်ဒီရဲ့ အလှကို ခံစား ကြည့်ချင်ရင်တော့

Étretat အေထရေတာ့ ချောက်ကမ်းပါးများ (၁)
Étretat အေထရေတာ့ ချောက်ကမ်းပါးများ (၂)

ဒီ နေ့ချင်းပြန် ခရီးစဉ်
ပါရီရွှေမြို့တော်ကြီးမှ နော်မန်ဒီ အေထရေတာ့ ချောက်ကမ်းပါးများဆီသို့
ခရီးစရိတ်က တယောက်ကို ကားစရိတ် ၃၂ ယူရို အပေါင်း စားစရိတ် သုံးယူရိုမျှသာ
ကျသင့်ပါကြောင်း ခင်ဗျား၊ ကျောပိုးအိပ်ထဲမှာတော့ ကိုယ့်ဒေါသနဲ့ကိုယ် စားစရာရယ်
အမြည်းရယ် ဝီစကီ ဘီယာ ဗော်ဒဂါ ဝိုင် ကြိုက်နှစ်သက်ရာ အလေးခံ သယ်ရတာပေါ့ဗျာ၊
မောင်ရင်ငတေရဲ့ ပါရီ-ရှန်ဂန် ဆူပါ ဘတ်ဂျက် ချိပက် တိုးရ် ဆိုတော့ ဒီလောက်တော့ ရှိလိမ့်မပေါ့။
အားလုံးကို ကျေးဇူး အထူး အထူး တင်ရှိကြောင်းပါ ခင်ဗျာ။

မောင်ရင်ငတေ ၁၂၀၅၂၀၁၈-၃၁၀၅၂၀၁၈







Étretat                                                                                            (ဓါတ်ပုံ မရငတ)







Aucun commentaire:

Enregistrer un commentaire