Libellés

mercredi 21 mars 2018

** * မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ ** *

ဂျန်နဝါရီညများ (၄)
မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ (ပထမပိုင်း) 
(ရက်စွဲ ၆ ၇ ၈)


မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ  (ဓါတ်ပုံ မရငတ)

(ပထမပိုင်း) (ရက်စွဲ ၆ ၇ ၈)
မောင်ရင်ငတေရဲ့ ဂျန်နဝါရီညများ ခရီးအတွင်း မဟာရန်ကုန်မြို့ကြီးမှာ ပထမ လေးည အိပ်ဖြစ်ခဲ့ပြီး
ပြန်ခါနီးမှာ ခြောက်ည အိပ်ဖြစ်ခဲ့ပါတယ်၊ ဆယ်ညအိပ် ဆိုပေမယ့် ရှစ်ရက်သာ မဟာ ရန်ကုန်မြို့ရဲ့ 
လမ်းမကြီးများပေါ်မှာ သွားလာလှုပ်ရှားခွင့် ရခဲ့တယ် ဆိုရပါမယ်။

မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ ဆိုလိုက်ရပေမယ့် အချိန်နည်းပါးမှုကြောင့် ဟိုးအရင်ကလိုမျိုး
မဟာရန်ကုန်တဝှန်း ကိုးကုန်းကိုးကျင်း ခြေတိုအောင် လျှောက်ခွင့်မရခဲ့တာကြောင့် ရသမျှလေးသာ
မှတ်တမ်းပြုခဲ့ရတာကြောင့် စိတ်ထဲတော့ ဘဝင်မကျလှပါဘူး၊ ရတာလေးနဲ့ ကျေနပ်ခဲ့ရတာပေါ့။

မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ (ပထမပိုင်း) (ရက်စွဲ ၆ ၇ ၈) ကို မရေးခင်
ရေးထားပြီးသားဖြစ်တဲ့ ဒီခရီး မစတင်မီ လေးငါးလအလို ဒီခရီး သွားဖြစ်ဖို့အတွက်
စတင်စီစဉ်နေချိန်မှာ ရေးဖြစ်ခဲ့တဲ့ စာအပိုင်းအစလေးတွေ ကဗျာမဟုတ်သော စကားလုံးများပေါ့၊
မောင်ရင်ငတေရဲ့ ရင်တွင်းဖီလင် ခံစားမှုအပိုင်းအစများပါ၊ အဲဒါလေးကို အရင် ဖော်ပြချင်မိပါတယ်။

မိုင်ဟုမ်းရန်ကုန်

အို့
ရန်ကုန့့် မိုင်ဟုမ်းတဲ့လား၊

ဆယ့်ခြောက်နှစ်သားကျော်မှာ ရူးမူးစွာခြေချ၊
ဆယ်ခြောက်နှစ်ကျော်လောက် နေလာခဲ့ပြီးမှ၊
ဆယ်ခြောက်နှစ်မျှမကအောင် ဝေးကွာခဲ့ရပြီးမှ၊
ရန်ကုန်ဟာ ငါ့ရင်မှာ မှုန်ပျပျလေးတော့ကျန်နေမိ။

သမ္မတ ပပဝင်း ဂုဏ် 
ဗဟန်းဈေး မြေနီကုန်းညဈေး
ဗိုလ်ချုပ်ဈေး ဆူးလေနဲ့ ဘားလမ်းမုတ်ဆိတ်၊
ရာဇူး ဦးချစ် လှည်းတန်း အာစီတူးနဲ့ သမိုင်းဝင်း။

လေးဘီးကား ဟီးနိုးကား ဟိုင်းလက်နောက်မြီးဖျား
တွဲလွဲခိုရင်း အစုန်အဆန်ခရီးတွေနဲ့ ဘဝဟာ သာယာနေခဲ့။

အဲဒီ မိုင်ဟုမ်းရန်ကုန်၊
အနေခက် အသေခက်တဲ့ မိုင်ဟုမ်းရန်ကုန်၊
အစားခက်  အသွားခက်တဲ့ မိုင်ဟုမ်းရန်ကုန်၊
အဆီတထပ် အသားတထပ်နဲ့ မိုင်ဟုမ်းရန်ကုန်၊
ရင်သိမ့်တုန် ဇာတ်လမ်းတွေနဲ့ မိုင်ဟုမ်းရန်ကုန်၊
လက်ကိုင်ဒုတ်တွေ လက်ကိုင်ဖုန်းတွေနဲ့ မိုင်ဟုမ်းရန်ကုန်၊
အထပ်မြင့်တွေကြား ပြားပြားဝပ်တွေများတဲ့ မိုင်ဟုမ်းရန်ကုန်၊
ထမင်းတနပ်လျှော့စားကြရသူများနဲ့ ထမင်းဝအောင်စားထားကြသူများကြားက မိုင်ဟုမ်းရန်ကုန်။

အဲဒီ
မိုင်ဟုမ်းရန်ကုန်၊
မိုင်ဟုမ်းရန်ကုန်၊
မိုင်ဟုမ်းရန်ကုန်၊
ကံမကုန်ရင်ဖြင့် ပြန်ဆုံကြဦးစို့ မိုင်ဟုမ်းရန်ကုန်။

(မရငတ) ၁၉၀၆၂၀၁၇
(ပန်းချီထိန်လင်းတို့ရဲ့ မိုင်ရန်ကုန် မိုင်ဟုမ်းနဲ့ တိုက်ဆိုင်သွားတာကိုတော့ ခွင့်လွှတ်ကြပါရန်)


မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ  (ဓါတ်ပုံ မရငတ)

အဲဒီ
မဟာရန်ကုန်
မိုင်ဟုမ်းရန်ကုန်
ရန် ကုန်သလား ရန် မကုန်သေးဘူးလား သေသေချာချာ ပြောမရပေမယ့့်
အဲဒီ မဟာရန်ကုန်မြို့ဟာ အိပ်ကပ်ထဲရှိသမျှ အသပြာ ကြေးပြားစေ့တွေကို အမြန် ကုန်စေမှာက
အခုမှ မဟုတ်ပါဘူး၊ ဟိုးရှေးရှေး သိပ်မဝေးသေးတဲ့ မောင်ရင်ငတေတို့ ကျောင်းသားဘဝထဲကပါ။

အဲဒီ
မဟာရန်ကုန်
မိုင်ဟုမ်းရန်ကုန်
အနေကြပ် အသေကြပ် မြို့တော်ကြီးတွေထဲမှာ
အဲဒီ မိုင်ဟုမ်းရန်ကုန် မဟာရန်ကုန် ရွှေမြို့တော်ကြီး ပါဝင်ပါတယ် ဆိုခဲ့ရင် မှားစရာ မရှိနိုင်ပါဘူး။

သို့သော်လည်း
အဲဒီ အနှီး မိုင်ဟုမ်းရန်ကုန်ကြီးကို မောင်ရင်ငတေလည်း အိပ်မက်များစွာ မက်နေဆဲပါ၊
မထိလာတွေ မန်းလေးတွေ မေခတွေ ပါရီတွေ လွမ်းစရာတွေအကြောင်း ပြောပါတယ် ရေးပါတယ်။
ဒါပေမယ့် အဲဒီ မဟာရန်ကုန်က ရီနေပါလိမ့်မယ်၊
မဟာရန်ကုန်မြို့လမ်းမကြီးများက ရီနေပါလိမ့်မယ်၊
မိုင်ဟုမ်းရန်ကုန် ရီနေပါလိမ့်မယ်၊ မိုင်ဟုမ်းရန်ကုန် ရီနေပါလိမ့်မယ်။ 

ရီနေပါလိမ့်မယ်၊
မေခက ရီနေပါလိမ့်မယ်၊
ယိမ်းက ရီနေပါလိမ့်မယ်၊
မမချစ်က ရီနေပါလိမ့်မယ်၊
အဉ္စလီက ရီနေပါလိမ့်မယ်၊
ပထမလူက ရီနေပါလိမ့်မယ်၊
မြမေတ္တာက  ရီနေပါလိမ့်မယ်၊
တံတားဖြူက ရီနေပါလိမ့်မယ်၊
ရာဇူးကမမက ရီနေပါလိမ့်မယ်၊
ခြောက်မိုင်ခွဲက ရီနေပါလိမ့်မယ်၊
ကြားမှတ်တိုင်က ရီနေပါလိမ့်မယ်၊
အင်းယားကန်က ရီနေပါလိမ့်မယ်၊
အီကိုကန်တင်းက ရီနေပါလိမ့်မယ်၊
ကြိုးမဲ့ချည်တိုင်က ရီနေပါလိမ့်မယ်၊
ဗကပကန်တင်းက ရီနေပါလိမ့်မယ်၊
မြေနီကုန်းညဈေးက ရီနေပါလိမ့်မယ်၊
မောင်ဟာလူစိမ်းက ရီနေပါလိမ့်မယ်၊
အလင်းရောင်ဆိုင်က ရီနေပါလိမ့်မယ်၊
နာမည်ပျက်လူဆိုးက ရီနေပါလိမ့်မယ်၊
နှုတ်ဆက်ခဲ့ပါတယ်က ရီနေပါလိမ့်မယ်၊
ပုဂံလမ်းထိပ်ဂိတ်တဲက ရီနေပါလိမ့်မယ်၊
ဆဲဗန်းနိုက်အင်ဂျပန်က ရီနေပါလိမ့်မယ်၊
၁၉ လမ်း ညဈေးတန်းက ရီနေပါလိမ့်မယ်၊
၂၇၆ မျဉ်းစောင်း ခြောက်က ရီနေပါလိမ့်မယ်၊
မေခ နောက်ဖေးလမ်းကြားက ရီနေပါလိမ့်မယ်၊
ရှစ် မျဉ်းစောင်း ရှစ်ဆယ့်နှစ်က ရီနေပါလိမ့်မယ်၊
၄၂ လမ်း ဆိုက်ကားဆရာကြီးက ရီနေပါလိမ့်မယ်၊
ဂွေးချိုလမ်းဆုံကကောင်မလေးက ရီနေပါလိမ့်မယ်၊
ဘုရင့်နောင် ၅၄ မျဉ်းစောင်း ရှစ်က ရီနေပါလိမ့်မယ်၊
လမ်းနီလေး ၃၅၆ အပေါ်ဆုံးထပ်က ရီနေပါလိမ့်မယ်၊
မျက်ရည်စက်များနားစေသတည်းက ရီနေပါလိမ့်မယ်၊
တောင်ဇင်းကျောင်းက ဆရာမလေးက ရီနေပါလိမ့်မယ်၊
မြေနီကုန်းကြက်တန်း သောက်ရေအိုးက ရီနေပါလိမ့်မယ်၊
သံဇကာအလယ်မှာ ဒို့နှစ်ယောက်ခြားက ရီနေပါလိမ့်မယ်၊
ရီနေပါလိမ့်မယ်၊ ရီနေပါလိမ့်မယ်၊ ရီနေပါလိမ့်မယ်၊ ရီနေပါလိမ့်မယ်၊





မောင်ရင်ငတေရဲ့
(ရက်စွဲ ) ဂျန်နဝါရီညများ စာစု ()
မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ စာစုကို ဒီနေရာမှာ အဆုံးသတ်ပါပြီ၊
၃၉ မိုင် အဓိပတိ ကြပ်ပြေးမှ တပ်ကုန်းဆီသို့ အကြောင်းကိုတော့ စာစု () အဖြစ် ဆက်ရေးမှာပါ၊
ကျေးဇူး အထူး တင်ရှိပါတယ်၊ သည်းခံခွင့်လွှတ် စောင့်မျှော် ဖတ်ရှုကြပါ ခင်ဗျာ။


ကျေးဇူးစကား

** * ဂျန်နဝါရီညများ ** * (သို့မဟုတ်)
သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများ
** * မဟာရန်ကုန်မြို့ရဲ့ လမ်းမကြီးများမှာ ** *  (သို့မဟုတ်)

ဗဟန်း-ရွှေဂုန်တိုင်-ကမ္ဘာအေး-ရန်ကင်း-၁၂လုံးတန်း-လမ်းနီလေး-ကုက္ကိုင်း-လှည်းတန်း-ကမာရွတ်-လှိုင်-သမိုင်းဝင်း-ဘုရင့်နောင်-ရွာမကွေ့-ဆူးလေ-ကျောက်မြောင်း-စမ်းချောင်း-မြေနီကုန်း-ပြည်လမ်း -အေဒီလမ်း-ချော်တွင်းကုန်း-ဥက္ကလာ-မြောက်ဒဂုံ-ရွှေပေါက္ကံ လမ်းမများပေါ် ဖြတ်သန်းခြင်း စာစု
ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသော့
ဒီခရီး ဒီလမ်းကို သွားဖြစ်အောင် တိုက်တွန်းနှိုးဆော်ခဲ့သောသူများ
ကားစိုက် လူစိုက် ပိုက်ဆံစိုက်၍ လိုက်ပို့ ကျွေးမွေး ဧည့်ခံခဲ့ကြသောသူများ
အားလုံးအားလုံးအား ကျေးဇူးကျေးဇူး အထူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါကြောင်း။

မောင်ရင်ငတေ
၀၆/၀၇/၀၈၀၁၂၀၁၈-၁၂၀၂၂၀၁၈






Aucun commentaire:

Enregistrer un commentaire