Libellés

mardi 20 mars 2018

* ** မြစ်သံလွင် ကော်သူလေးမှ ရာမညတိုင်းသို့ ** *

ဂျန်နဝါရီညများ (၃)
မြစ်သံလွင် ကော်သူလေးမှ ရာမညတိုင်းသို့


မြစ်သံလွင် ကော်သူလေးမှ ရာမညတိုင်းသို့                                             (ဓါတ်ပုံ မရငတ)

(ရက်စွဲ ၅ ပထမပိုင်း)
ဒီကနေ့ နံနက်စောစောမှာ မြစ်သံလွင်မှသည် ဟိုးတဘက်ကမ်းသို့ ကူး ခရီးဆက်ရပါမယ်၊ သို့သော်
မနေ့ညက မိုးကြီးချုပ်ခါနီးမှရောက်တာဆိုတော့ မြစ်သံလွင်ကို သွားရောက်မနှုတ်ဆက်ရသေးပါဘူး၊
ဒီကနေ့ သွားမယ့် ခရီးစဉ်က မနက်ဘရိတ်ဖတ်စားပြီး မြစ်သံလွင်ကို မြင်ရမယ့် နေရာကို သွားမယ်၊
ပြီးရင် ပျော်ဘွယ်သားရဲ့တောင်းဆိုမှုကြောင့် ကျိုက်ထီးရိုးဘုရားတက်မယ်၊ နောက် ဘုရားကြီးလမ်း
ဆုံမှာ မောင်ရင်ငတေကို လာခေါ်ကြမယ့် ဆွေတော်မျိုးတော်တွေရဲ့ ကားနဲ့ မောင်ရင်ငတေ ပြောင်း 
စီးလိုက်ပါသွားပြီး သူတို့ ကားနှစ်စီးက တပ်ကုန်း ပျော်ဘွယ်အထိ ညသန်းခေါင်လောက် အရောက် 
မောင်းပြန်ရမယ်၊ အဲဒါကြောင့် ဘုရားကြီးလမ်းဆုံကို ညဦးပိုင်း ရောက်အောင် သွားကြမယ်လို့ အစီ 
အစဉ် ဆွဲထားကြတာပါ။

ခရီးသွားရင် နံနက်စောစော နိုးနေကြအတိုင်း ခြောက်ခွဲသာသာမှာ နိုးလာပါတယ်၊
ဒါပေမယ့် မနေ့ညက ဖိုးဆိုချင် ဘော်ဒါများရဲ့ နှိပ်စက်မှုကြောင့် အိပ်ရေးကတော့ မဝတဝပါ၊
ဒီဇင်ဘာ ၃၁ ရက်နေ့ကစလို့ ခရီးပြင်းနှင်လာလိုက်တာ နေ့ရောညပါ တရက်မှ အနားမရသေးပါဘူး၊
ဒါက ခရီးအစ ပထမ ရက်သတ္တပတ် ရှိပါသေးတယ်၊ နောက်ထပ်သုံးပတ် ကျန်ပါသေးတယ်၊ ရှေ့မှာ 
ဆက်ရမယ့်ခရီး တွေ့ဆုံရမယ့်သူများ စာရင်းတို့ ထားတာကိုက မနည်းလှပါဘူး။

အဲဒီလူတွေနဲ့ တွေ့ရင် နောက်ကျ မကျန်ရစ်အောင် သောက်မလား စားမလား ပြောမလား ဆိုမလား 
အဖက်ဖက်ကပေါ့၊ ပြင်ဆင် အားတင်းထားခဲ့ရပါတယ်၊ မတွေ့ကြတာ နှစ်ပေါင်းနှစ်ဆယ်နီးပါး တချို့ 
ဆိုရင် သုံးဆယ်ကျော်၊ ဒီလို ဘော်ဒါဟောင်းတွေနဲ့တွေ့ရင် ဘာတွေပြောမယ်ဆိုမယ် စိတ်မကောင်း 
စရာတွေ မပြောလိုပါဘဲ လွမ်းခဲ့ရတဲ့ အလွမ်းတွေကို ပျော်ပျော်နဲ့ လွမ်းနိုင်ဖို့ တွေးထားတာလေးတွေ 
ပြောချင်တာလေးတွေ စိတ်ထဲမှာ ရှိခဲ့ပါတယ်။

ဒီကနေ့ မောင်ရင်ငတေရဲ့ ဂျန်နဝါရီညများရက်စွဲ (၅) ခရီးစဉ်က မဟာရန်ကုန်ထိ သွားရမှာဆိုတော့
ဖြတ်သန်းသွားရမယ့် မြို့ရွာလေးတွေက အတော်လေးများပါတယ်၊ ရန်ကုန်ကို ညသန်းခေါင်ရောက်
ပြီးတာဘဲဆိုပြီး ရသလောက်လမ်းမှာ အချိန်ဖြုန်းဖို့ မောင်ရင်ငတေရဲ့စိတ်ကူးကိုတော့ ဘယ်သူကိုမှ
ကြိုလို့ မပြောဖြစ်ခဲ့ပါဘူး။



မြစ်သံလွင် ကော်သူလေးမှ ရာမညတိုင်းသို့ (Salouen) Salween River                 (ဓါတ်ပုံ မရငတ)

ခွန်နှနာရီခွဲတော့ တည်းခိုရာနဲ့ မလှမ်းမကမ်းရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်မှာ မနက်စာ စားပါ 
တယ်၊ မောင်ရင်ငတေတို့ တည်းခိုရာက ကမ်းနားလမ်းဘက်မှ မြို့ပြင်သို့အထွက် သံလွင်တံတားသို့ 
သွားရာ National Highway 85 ပေါ်မှာ တည်ရှိပါတယ်၊ မြို့ပြင်သို့ တိုက်ရိုက် မထွက်ဘဲ ရှစ်နာရီခွဲ 
သာသာမှာ သံလွင်ကမ်းနဖူးက နောင်တော်ကြီးဘုရားကို ရောက်ခဲ့ပါတယ်၊ မောင်ရင်ငတေ့စိတ်ကူး 
ကတော့ ဘုရားဖူးဖို့ထက် မြစ်သံလွင်ရဲ့ အလှကိုသာ တွေ့ရဖို့က အဓိကပါ၊ မောင်ရင်ငတေ့ သူငယ်
ချင်း မူဆယ်ရောက် မန်းလေးသားက မင်းကွာဘုရားလေးတော့ ဖူးသွားပါဦးဆိုပြီး သူစဉ်ပေးလို့သာ 
ဘုရားလည်းဖူး သံလွင်သမိုင်းကိုလည်း စိတ်ကူးနဲ့ တူးဆွခွင့်ရခဲ့တာပါ၊ ကျေးဇူးအထူးပါကျားကြီးရေ
ဘဝဆက်တိုင်း မူဆယ်သူ လှလှလေးတွေနဲ့ ဖူးစာဆုံနိုင်ပါစေကွာ။

နောင်တော်ကြီးစေတီ ရွှေရင်မျှော်ဘုရားက တဆက်တည်းသာပါ၊ ဖားအံဖြစ်ပေါ်လာတဲ့ နဂါး-ဖားရဲ့
အကြောင်းပုံတွေ မှတ်တမ်းတင်ချင်ရင်ရှိတယ် ပြောပေမယ့် သဘာဝရှုခင်းတွေကို ခံစားအားမရနိုင် 
နေတဲ့ မောင်ရင်ငတေ့အတွက် အချိန် မရှိတော့ပါဘူး၊ သွားရအောင် နှိုးဆော်လာသူနောက် လိုက်ပါ
ခဲ့ရပြီး ကားပေါ်ပြန်တက် သံလွင်အလှကို နှုတ်ဆက်လက်ပြခဲ့ရပါတယ်၊ သံလွင်ကို လွန်ကဲစွာ ဖွဲ့ဆို 
သူများကတော့ မြစ်သံလွင်အလှက ကမ္ဘာတခွင်မှာ ပထမပါတဲ့ ခင်ဗျာ၊ အဲ့ ရေစီးရိုင်းတာလေး
လေးတွေကိုတော့ နားလည်ခွင့်လွှတ် ပေးကြပါပေါ့၊ သူ မရိုင်းရင်လည်း သူ့ သမိုင်းက ရိုင်းလေဦးမှာ 
ကိုး၊ မဟုတ်ပါလား၊ ခပ်ယဉ်ယဉ် ရေစီးတွေကြောင့် ဥရောပသမိုင်းဟာ ပေါင်းစည်းနွေးထွေးခဲ့မှုတွေ 
ရှိခဲ့သလို ခပ်ရိုင်းရိုင်း ရေစီးတွေကြောင့် သံလွင်ချောင်းခြား မပေါင်းနိုင်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ 
တာတွေကို တွေးရင်း သံလွင် ရေစီးသံတွေကို နားဆင်ခဲ့ရင်း ရှေ့ခရီးဆက်ဖို့ ပြန်ထခဲ့ရပါတယ်။




သံလွင် စစ်တောင်းမှ မဟာရန်ကုန်                                                      (ဓါတ်ပုံ မရငတ)






ကျေးဇူးစကား

** * ဂျန်နဝါရီညများ ** * (သို့မဟုတ်)
သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများမှ
** * မြစ်သံလွင် ကော်သူလေးမှ ရာမညတိုင်းသို့ ** *  (သို့မဟုတ်)
ဖားအံ-မြိုင်ကလေး-ဒုံသမိ-ဒူးယင်းဆိပ်-လမ်းပိုင်းကို ဖြတ်သန်းခြင်း စာစု
ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသော့
ဒီခရီး ဒီလမ်းကို သွားဖြစ်အောင် တိုက်တွန်းနှိုးဆော်ခဲ့သောသူများ
ကားစိုက် လူစိုက် ပိုက်ဆံစိုက်၍ လိုက်ပို့ ကျွေးမွေး ဧည့်ခံခဲ့ကြသောသူများ
အားလုံးအားလုံးအား ကျေးဇူးကျေးဇူး အထူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါကြောင်း။

မောင်ရင်ငတေ

၀၅၀၁၂၀၁၈-၁၈၀၂၀၁၈












Aucun commentaire:

Enregistrer un commentaire