Libellés

dimanche 18 mars 2018

** * ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် * **

ဂျန်နဝါရီညများ (၂)
ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည်
(ရက်စွဲ ၄) (ဒုတိယပိုင်း)



ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (မြဝတီ-ကော့ကရိတ်)                     (ဓါတ်ပုံ မရငတ)

(ရက်စွဲ ၄ ဒုတိယပိုင်း) 
ဒေါနလမ်းအဆုံး ကော့ကရိတ်ကို ကျော်လာခဲ့ပါပြီ၊
ဒေါနတောင်တန်းကို ကျောခိုင်းလက်ပြ နှုတ်ဆက်ထွက်ခွာလာတော့ ညနေစောင်းစ ပြုပါပြီ၊
တောင်တန်းများကို နောက်မှာ ထားရစ်ခဲ့ပြီး မြေပြန့်လွင်ပြင်ကျယ်သို့ ရောက်ရှိလာနေခြင်းပါ။

ဦးတည်ရာကတော့ ဖာအံမြို့ ဆီသို့ပါ၊
ကျုံဒိုး-ဂျိုင်း-ဝင်းစိန်-အိန္ဒု တို့ကို ဖြတ်သန်းပြီး မြစ်သံလွင် ကမ်းနဘေးက ဖားအံမြို့သို့ ရောက်မှာပါ၊
ဖားအံမှာ မောင်ရင်ငတေတို့ သူငယ်ချင်းတစုရဲ့ ဒီကနေ့ ခရီးစဉ်အဆုံးသတ် ညအိပ်ရပ်နားကြမှာပါ။

ဖားအံ (သို့မဟုတ်) ဘားအံ၊ မြစ်သံလွင် ကမ်းနဖူးမှာ တည်ရှိပါတယ်၊
ရွှေပြည်ကြီးရဲ့ တရားဝင် အခေါ်က ဘားအံပါ၊ ဖားအံကနေ ဘားအံ ဖြစ်လာတယ် ဆိုပါတယ်၊
မောင်ရင်ငတေကတော့ ဖားအံလို့ ရေးရတာကို ပိုကြိုက်နှစ်သက်လို့ ဒီစာစုမှာ ဖားအံလို့ ရေးပါမယ်။

ဒါပေမယ့် ရှေးသမိုင်းစာအုပ်တွေထဲမှာတော့ ထိုင်းရှမ်းစကားမှာ ဖား=ကျောက် အန်း=အစွယ်ဆိုပြီး
အဓိပ္ပာယ်ရပါတယ်တဲ့၊ အဲဒီခေတ်က ရွာကလေးတည်ရှိရာ သံလွင်မြစ်အနီးမှာ ကျောက်အစွယ်ကြီး
တခု ရှိနေလို့ပါတဲ့၊ နောက်သမိုင်း ဒဏ္ဍာရီတခုမှာတော့ ရေနဂါးမင်းသမီးလေးနဲ့ ဖားမင်းသားလေးရဲ့ 
ဇာတ်လမ်းကနေ ဆင်းသက်လာတာဖြစ်ပြီး နဂါးကဖားကို မျိုမချဘဲ အန်လို့ ဖားအံဟု ခေါ်ဆိုခဲ့ကြပါ 
ကြောင်း မောင်ရင်ငတေ ဖတ်မိတာပါ၊ မောင်ရင်ငတေကတော့ သမိုင်းကြောင့်အဓိက မဟုတ်ပါဘူး၊
ဖားအံ ဖအံ ဆိုတာက မောင်ရင်ငတေ့အတွက် ပြောလို့ ဆိုလို့ အာတွေ့ မိလို့ ပါ။




ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ကျုံဒိုး-ဂျိုင်း)                                (ဓါတ်ပုံ မရငတ)

ကော့ကရိတ်-ဖားအံ ၅၅ မိုင် (၉၀ ကီလိုမီတာ) ဝေးပါတယ်၊ လမ်းက ကမ္ဘာစစ်အပြီးက လမ်းအဆင့် 
မျှသာ ရှိနေဆဲမို့ ခပ်ဖြေးဖြေးသာ မောင်းနိုင်မှာပါ၊ မောင်ရင်ငတေကတော့ အဲလိုမျိုး ခပ်အေးအေးနဲ့ 
ခပ်ဖြေးဖြေး သွားရခြင်းကို နှစ်သက်သူမို့ အကြိုက်တွေ့တဲ့ လမ်းပါ၊ လမ်းဟောင်းက မကောင်းလှရင် 
တောင် ဒီလိုမျိုး လမ်းဟောင်းတွေကမှ အတိတ်ဟောင်းကို ပြန်တူးဆွလို့ ကောင်းနေတတ်တာပါ။

အဲဒီ လမ်းက ကတ္တရာလမ်းဟောင်း ဖြစ်ပေမယ့် အရမ်းကြီး မကောင်းလှတာမျိုးတော့ မဟုတ်ပါဘူး၊
ဆိုးတာက ထုံးစံအတိုင်း ကားတစီး သွားသာရုံလေးရှိပြီး ကျဉ်းမြောင်းလွန်းနေတာပါ၊ လမ်းချဲ့ထွင်ဖို့ 
ဆိုတာကလည်း လမ်းဘေးက သစ်ပင်ကြီးတွေကို ခုတ်မှသာ ဖြစ်နိုင်မယ့် အနေအထားမျိုးဆိုတော့ 
မလွယ်လှပါဘူး၊ အသစ်ဖောက်မယ့် အာရှအမြန်လမ်းမ အမှတ် (တစ်) ကော့ကရိတ်-အိန္ဒု လမ်းကို 
သူတို့ ဘယ်လို ဖောက်မလဲ၊ လမ်းကြောသစ်လား၊ လမ်းကြောဟောင်းလား၊ အဲဒီသစ်ပင်ကြီးတွေကို 
ခုတ်လှဲပြီး ဖောက်မှာလား၊ မောင်ရင်ငတေ စိတ်ဝင်စားမိပါတယ်။

လမ်းဟောင်းကို ဒီအတိုင်းထားခဲ့ပြီး လမ်းသစ်ကို ဒီကျေးရွာလေးတွေကို ရှောင်ရှားပြီး ဖောက်တယ် 
ဆိုရင်လည်း နဂိုထဲကမှ လူသူအရောက်ပေါက်နည်းပါး မစည်ကားလှတဲ့ ဒီဒေသ ဒီရွာလေးတွေ့အဖို့
တိုးတက်ဖွင့်ဖြိုးမှုနဲ့ ပိုအလှမ်းဝေးကွာ သွားမှာကလည်း စိုးရိမ်ဖွယ်ရာပါ၊ ခုတ်မလား ရှောင်မလားက 
နောင် နှစ်များ သိပ်မကြာခင်မှာ တွေ့ရှိရတော့မှာ ဖြစ်ပါတယ်၊ ဆုတောင်းပေးလိုက်ပါတယ်၊ ဒေသခံ 
လူအများ တောင်းတဲ့ဆုနဲ့ ပြည့်ဝကြပါစေသား ဟူ၍သာ။



ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ကျုံဒိုး-ဂျိုင်း)                                (ဓါတ်ပုံ မရငတ)

ကော့ကရိတ်-ဖားအံ လမ်းပိုင်းမှာ မြို့ခပ်ကြီးကြီး မရှိပါဘူး၊ ကျုံဒိုး-ဂျိုင်း-ဝင်းစိန်-အိန္ဒု မြို့သေးသေး 
လေးတွေသာ ရှိပါတယ်၊ ကော့ကရိတ်ကကျုံဒိုးကို ၁၅ မိုင် ဝေးပါတယ်၊ လမ်းမှာတော့ ရွာသေးသေး 
တွေနဲ့ စားသောက်ဆိုင်လေးတွေသာ ရှိပါတယ်၊ အဲဒီ ကျုံဒိုး မြို့လေးက ဟောင်သရော မြစ်ကမ်းပါး 
ပေါ်မှာ တည်ရှိပါတယ်၊ ဟောင်သရောနဲ့ မြောက်ဘက်က စီးဆင်းလာတဲ့ လှိုင်းဘွဲ့မြစ် ပေါင်းဆုံတွေ့ 
ခဲ့ရာက ဂျိုင်းမြစ် ဖြစ်ပေါ်လာပြီး သံလွင်နဲ့ ပေါင်းဆုံ မုတ္တမကွေ့ ပင်လယ်ထဲသို့ စီးဆင်းသွားတာပါ။

ကျုံဒိုးမြို့မှ နှုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်လွန်တာနဲ့ ဂျိုင်းမြစ်ဆုံကို ရောက်ပါပြီ၊ အဲဒီ မြစ်ဆုံထိပ်
မှာတော့ ဂျိုင်းမြို့လေးက လှပစွာတည်ရှိနေပါတယ်၊ ဂျိုင်းမြို့ (သို့မဟုတ်) ဂျိုင်းရွာ ဂျိုင်းမြစ် ကြားဖူး
နေပေမယ့် ဂျိုင်းရွာရဲ့အကြောင်း ဂျိုင်းသူဂျိုင်းသားတွေ အကြောင်းကိုတော့ စာတွေပေတွေမှာ သိပ်
တွေ့ရလေ့ မရှိပါဘူး၊ ဟိုအရင်အမှောင်ခေတ် (ကိုးဆယ်ကျော်နှစ်ထောင်နှစ်ပိုင်းများအထိ) ဒီနေရာ 
ဒီရွာတွေကို တော်ရုံနဲ့ ရောက်ဖူးဖို့က မလွယ်ခဲ့ပါဘူး မဟုတ်လား၊ မော်လမြိုင်နားထိ ရောက်လာတဲ့ 
ဂျိုင်းမြစ်တော့ သိသောသူ နည်းနည်း များနိုင်သေးပေမယ့် ဟောင်သရောကတော့ ကြားဖူးဖို့တောင် 
အနိုင်နိုင်ပါ၊ ဘာလဲဘာစကားလဲ၊ ဘယ်သူလဲ ဘယ်နေရာမှာလဲ မေးမယ့်လူတွေ အများအပြားရှိမှာ 
သေချာလှကြောင်းပါ၊ ဟောင်သရောဆိုတဲ့ အမည်ကိုက ကိုယ်ရွှေဗမာနားနဲ့ ခပ်စိမ်းစိမ်းသာပါ။


ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ဂျိုင်းမြစ်ဆုံ)                                 (ဓါတ်ပုံ မရငတ)

ဟောင်သရောမြစ်အကြောင်းကို ရှာဖွေဖတ်ကြည့်တော့ စိတ်ဝင်စားစရာ သမိုင်းနောက်ကြောင်းတွေ 
တွေ့ရပါတယ်၊ ဒေါန တောင်ဘက်ဖျား Sangkhla Buri ထိုင်း စံခဘူရီ နယ်မြေ တောင်စဉ်တန်းတွေ 
ပေါ်က မြစ်ဖျားခံ တောင်ကနေမြောက်ဘက်သို့ ပြောင်းပြန် စီးဆင်းလာခဲ့တဲ့ ဟောင်သရောမြစ်ဟာ 
ကရင်မြေမှာတော့ ဒေါနတောင်တန်း Mulehyit မုလအိတောင်ခြေ အနီးကနေ ခွေပတ် စီးဆင်းတာ 
ပါ၊ ဟောင်သရောကမ်းတလျှောက် တည်ရှိတဲ့ ကျိုက်ဒုံ လှိုင်နန်း ကြာအင်း ကျောက်ဖျာ ကနီ ကျုံဒိုး 
ဂျိုင်းမြစ်ဆုံထိ အဲဒီနေရာ အဲဒီဒေသ အဲဒီရွာလေးတွေဟာ ဟိုအရင်နှစ်ကာလများမှာတုန်းက နေ့ည 
ယမ်းငွေ့တွေတဝေဝေနဲ့ တဒိုင်းဒိုင်း ကောင်းဘွိုင်ကြီးတွေ ခေတ်စားခဲ့တာပေါ့၊ ခုတော့ ကောင်းဘွိုင် 
ခေတ်လည်း ကုန်လုပြီဆိုတော့ ကောင်းဘွိုင်ကြီးတွေလည်း ဘောင်းဘီစိမ်းတွေ ချွတ် လယ်ထွန်တဲ့ 
သူကထွန် ဓါတ်ဆီရောင်းစားသူတွေက ရောင်းစား ဆယ့်နှစ်ဘီးဆယ့်ခြောက်ဘီး ကားကြီးတွေဝယ် 
ကားထောင်စားသူတွေက စားကြနဲ့ ငြိမ်းချမ်းသာယာဝပြောရာ စစ်မဲ့ ဤကမ္ဘာအဖြစ် တည်ဆောက် 
နေကြသူတွေလည်း ရှိလာနေပါပြီ၊ မောင်ရင်ငတေကတော့ ပေ ခြောက်ထောင့် ငါးရာကျော် မြင့်မား 
ပါတဲ့ မုလအိတောင်ထိပ်ကနေ ဒေါနရဲ့ မှိုင်းညို့ညို့ပြာနေတဲ့ သဘာဝအလှကို ကြည့်ချင်မိရတာပါ။

မုလအိတောင်ထိပ် ရောက်ဖူးသူ ဒေသခံတချို့ကတော့ တောင်ထိပ်ပေါ်ရောက်နေတာ နတ်ပြည်သို့ 
ရောက်နေသလိုလိုပါတဲ့ခင်ဗျာ၊ ဖြစ်နိုင်ကြောင်းပါ၊ တောင်ခါးပန်း ပတ်ပတ်လည်မှာ တိမ်တိုက်ဖြူဖြူ 
တွေက ပတ်လည်ဝိုင်းလို့ မိုးတိမ်ထက်က လူသားအဖြစ် ခံစားရတတ်တယ်ဆိုတာ တောင်ထိပ်တွေ 
ရောက်တဲ့အခါ သတိထားမိရင် သိနိုင်ပါတယ်။

သာယာကြည်လင်တဲ့ ရာသီဆိုရင် အရှေ့ဘက် တာ့ခ်နယ် ကချနာဘူရီနယ်များက တောင်စဉ်တန်း 
တွေကို တွေ့မြင်နိုင်သလို အနောက်ဘက်မိုင်တရာကျော်လောက်က မော်လမြိုင်ကမ်းခြေကိုလွန်ပြီး 
ကပ္ပလီပင်လယ်ပြင် ပြာပြာကို မြင်တွေ့ရတတ်ပါတယ်တဲ့၊ အခုတော့ မုလအိတောင်ထိပ်သို့ ဒေသခံ 
များ တောင်တက်သမား တချို့တလေသာ ရောက်ဖူးကြပါသေးတယ်၊ များမကြာခင်မှာ လူသူအများ 
အလွယ်တကူ ရောက်နိုင်သွားနိုင်တဲ့ နေရာတနေရာ ဖြစ်လာနိုင်ပါစေဟု မျှော်လင့်ရင်း။


ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ဂျိုင်း)                                        (ဓါတ်ပုံ မရငတ)

လှိုင်းဘွဲ့မြစ်ကူးတံတား ဂျိုင်းမြို့အနီးရောက်လာတော့ လမ်းကကျဉ်းကျဉ်းနဲ့ နည်းနည်း ဆိုးပါတယ်၊
အဲ့ ဒါပေမယ့် လမ်းကသာ ဆိုးပေမယ့် လမ်းဘေးဆိုင်တန်းလေးတွေမှာ ငါးခြောက် စစ်စစ်များ
ပင်ကျ ထန်းရေ စစ်စစ်များကတော့ တကယ့်ကို ကောင်းပါတယ်၊ တလီတာတပုလင်းကို ကျပ်ငါးရာ 
လားတထောင်လား ပေးခဲ့ရပါတယ်၊ မောင်ရင်ငတေကတော့ ထရေလေး တခွက်နှစ်ခွက် မော့ရင်းနဲ့ 
ငါးခြောက်မျိုးစုံ တဖတ်နှစ်ဖတ်မြည်းခဲ့ရတာကို သတိယနေဆဲပါ၊  စားဖူးတဲ့ ဆားပေါ့ငါးခြောက် ခေါ် 
တဲ့ထဲမှာ တကယ့်ကိုပေါ့တဲ့ ငါးခြောက်များ ဖြစ်ပါတယ်၊ ဈေးချိုမချို မောင်ရင်ငတေ သေချာမသိပေ 
မယ့် (တပိဿာ နှစ်သောင်းရှစ်ထောင်လားမသိ ပေးခဲ့ရပါတယ်) ခရီးသွားသူများ ကားခဏ ရပ်နား
ကြတဲ့ နေရာလေးတနေရာ ဖြစ်နေတာပါ၊ ဒီ ဟောင်သရော လှိုင်းဘွဲ့ ဂျိုင်း မြစ်သုံးမြစ်ကနေ ငါးတွေ 
ဖမ်း လတ်လတ်ဆတ်ဆတ် တိုက်ရိုက်ရောင်းချတာမို့ အားပေးသူများဟန် တူပါတယ်၊ သူတို့တတွေ 
ဒီလို လုပ်ကိုင်ရောင်းချလာတာကတော့ ဘယ်ခေတ်ကာလထဲက မသိပေမယ့် ကော့ကရိတ် မြဝတီ 
လမ်းပိုင်းသို့ အသွားအလာများလာမှုကြောင့် သူတို့တတွေလည်း အူစိုလာပြီး ပြုံးပန်းပွင့်လာကြဟန် 
တူပါတယ်၊ မောင်ရင်ငတေကတော့ ပင်ကျရေလေးသောက် ငခြောက်လေး တဖတ် ကောက်ဝါးရင်း 
ဟိုငေးဒီငေးအတွေးပွားရင်း အဲဒီလိုနေရာမျိုးလေး ရှိနေတာကို ကျေနပ်မိရင်း မှတ်တမ်းပြုခဲ့ပါတယ်၊
ဒီလို ဖီလင်မျိုးဆိုတာက ဥရောပ လမ်းမများပေါ်မှာ တွေ့ကြုံခံစားရဖို့ မလွယ်ဘူး မဟုတ်လား။


ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ဂျိုင်း)                                        (ဓါတ်ပုံ မရငတ)

ဒီနေရာက လမ်းကကျဉ်းသလို လမ်းဘေးမြေကလည်း ကျယ်ကျယ်ပြန့်ပြန့်မရှိပါဘူး၊ ဆိုင်တန်းတွေ 
ကလည်း များများစားစား မရှိပါဘူး၊ ဆယ်ဆိုင်မျှလောက် သာပါ၊ ဒီလမ်းက မကြာခင် တိုးချဲ့ဖောက် 
တော့မယ့် အာရှ အမြန်လမ်းမ အမှတ် (တစ်) ကော့ကရိတ်-အိန္ဒု လမ်းပိုင်းမှာ ပါဝင်နေတာကြောင့် 
နောက်တခေါက် မောင်ရင်ငတေ အဲဒီလမ်းကို ဖြတ်သန်းဖြစ်မယ့် အချိန်မှာတော့ အဲဒီနေရာမှာ အဲဒီ 
လိုမျိုး အော်ရဂျင်နယ် မူလလက်ဟောင်း သဘာဝ ဆိုင်တန်းလေးတွေ ဘုံပျောက်ကိန်း ရှိပါတယ်။

အဲဒီတော့ မောင်ရင်ငတေလည်း အသွားရော အပြန်ပါ ဝင်ရောက် အားပေးခဲ့ပါတယ်၊ လမ်းဘေးက 
ရှုခင်းများကတော့ အထက်အညာ လမ်းဘေးကလို ထန်းပင်မြင့်မြင့်တွေများစွာ သစ်ပင်ကြီးတွေများ 
စွာ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ပါ၊ သို့သော်လည်း မတူတာက ဒီကရင်ပြည်နယ်က မိုးများလို့ထင်ပါရဲ့ စိမ်းစိမ်း 
စိုစို ရှိလှပါတယ်၊ နာရီဝက်မျှ နေကြပြီး ကားပေါ်ပြန်တက် ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။



ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ဂျိုင်း)                                        (ဓါတ်ပုံ မရငတ)

လမ်းနဘေး ဈေးဆိုင်တန်းလေးက ဈေးရောင်းသူတွေရယ် ခဏရပ်နားဈေးဝယ်ကြတဲ့ ကားလေးငါး 
စီးက ခရီးသည်တွေရယ် မလှမ်းမကမ်းက တံတားကြေး ကောက်ခံနေကြတဲ့ အလှူခံ အဖွဲ့သားတွေ 
ရယ် ဒီနေရာလေးက ရီသံမောသံ စကားပြောသံတွေနဲ့ သက်ဝင်လှုပ်ရှား နေပါသော်လည်း ဂျိုင်းမြစ်
နဖူးပေါ်မေးတင်နေတဲ့ အိမ်ခြေခပ်နည်းနည်း လူခပ်နည်းနည်းသာရှိဟန်တူပါတဲ့ ဂျိုင်းမြို့ (သို့) ဂျိုင်း 
ရွာလေးကတော့ အပင်စိမ်းစိမ်းတွေအောက်မှာ တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်၊ စမတ်ဖုန်းတွေ 
ဖေ့စ်ဘုတ်ခ်တွေ မက်ဆင်ဂျာတွေ အင်တာနက်တွေ အာရှအမြန်လမ်းမတွေ ဘာတခုမှ မရှိစဉ်အခါ 
တုန်းက ဂျိုင်းမြစ်ရယ် ဂျိုင်းရွာလေးရယ်က ဘယ်လောက်များ ငြိမ်သက်တိတ်ဆိတ်နေလေမလဲလို့ 
မောင်ရင်ငတေ ကားပေါ်ရောက်တော့ စဉ်းစားမိနေပါတယ်၊ အဲ့ တခါတရံ ကြားရတတ်တဲ့ 
တဒိုင်းဒိုင်းနဲ့ ကောင်းဘွိုင်ကြီးတွေရဲ့ သေနတ်သံတွေက လွဲလို့ပေါ့ လေ။

အဲဒီ ဂျိုင်းမြစ်အတိုင်း အနောက်ဘက်ယွန်းယွန်းဆီသို့ စုန်ဆင်းသွားမယ် ဆိုရင်တော့ ကော့ဘိန်းတို့ 
ဇာသပြင်တို့လို မွန်ရွာတွေရှိရာသို့ ရောက်မှာဖြစ်ပါတယ်၊ မောင်ရင်ငတေ ကြားဖူးနေကြ မွန်ရွာတွေ 
ဆိုပေမယ့်လည်း ဒီကနေ့ အုပ်ချုပ်ရေးအရ (ကော့ဗိန်း) ကော့ဘိန်းရော ဇာသပြင်ပါ ကရင်ပြည်နယ် 
ထဲမှာ ပါဝင်နေတာ တွေ့ရပါတယ်၊ ကော့ဗိန်းဆိုတာက နာမည်ကြီး မွန်မြို့ တမြို့ပါ၊ မောင်ရင်ငတေ့ 
မိတ်ဆွေ မွန်စစ်စစ် မွန်စကားပြောသူ တော်တော်များများက ဒီဒေသ နွယ်ဖွားများ ဖြစ်ကြပါတယ်။

သို့သော်လည်း မွန်အမျိုးသားနေ့ ဘာညာပွဲတွေ ခြိမ့်ခြိမ့်သည်း ကျင့်ပလေ့ရှိတဲ့ နေရာက ဘာဖြစ်လို့ 
မွန်ပြည်နယ်ထဲ မပါဝင်ဘဲ ဘာကြောင့် ကရင်ပြည်နယ်ထဲ ပါနေရတာလည်း ဆိုတာ မောင်ရင်ငတေ  
မစဉ်းစားတတ်တော့ပါဘူး၊ မြေပုံမှာကြည့်တော့ ကရင်မွန် နယ်ခြားမျဉ်းက ကော့ဘိန်းရွာ အစွန်ကပ်
ဖြတ်ဆွဲထားတာ တွေ့ရပါတယ်၊ သူ့သမိုင်းနဲ့ သူသာ ရှိပါစေတော့၊ ကော်သူလေးနဲ့ရာမည သမိုင်းမှာ
တင်မဟုတ်ပါဘူး၊ လူမျိုးဘာသာ ကွာခြားမှု ဘယ်လိုတွေရှိရှိ ဘယ်အရပ်ကနေ ဆင်းသက်လာလာ၊ 
အခြေစိုက်နေထိုင်ဖို့ နေရာရွေးကြရတဲ့ အခါမှာတော့ ဘယ်နေရာဖြစ်ဖြစ် ကိုယ့်အတွက် ရေကြည်ဖို့ 
ကိုယ့်အတွက် မြက်နုဖို့ အဓိကထား ပြောင်းကြရွေ့ကြ အခြေစိုက်ကြတာ သဘာဝပါ၊ ကရင်ပြည်မှာ 
မွန်ရွာရှိ မွန်ပြည်မှာကရင်ရွာ ရှိနေတာကတော့ (ဒီဒေသမှာ ပအိုဝ်းရွာတွေကလည်း မနည်းလှပါဘူး 
ရှိပါတယ်တဲ့) မြို့ကြီးတိုင်းမှာ ချိုင်းနားတောင်း ရှိနေတာနဲ့ နှိုင်းရင့့် တကယ်တော့ 
ဘာမှစာဖွဲ့စရာ မလိုပါဘူးလို့သာ တွေးမိပါတော့တယ်၊ ကိုယ့်ရပ်ကိုယ့်ဌာနီနဲ့ ဝေးနေရသူ ကရင်တွေ
ကရင်နီတွေ မွန်တွေ ပအိုဝ်းတွေ ပလောင်တွေ ဗမာတွေ လူမျိုးများစွာ အတူတူသာပါ။



ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ကော့ကဒါ)                                 (ဓါတ်ပုံ မရငတ)

လှိုင်းဘွဲ့ (ဂျိုင်း) မြစ်ကူးတံတား ကျော်လာတော့ ကော့ကရိတ်ခရိုင် ပြီးဆုံးခဲ့ပြီး ဖားအံခရိုင်ထဲသို့ ဝင်
လာခဲ့ပါပြီ၊ ဒီ ဂျိုင်းမြို့နဲ့ အိန္ဒုမြို့က ၂၆ မိုင် ဝေးပါတယ်၊ ဖားအံအထိက ၃၉ မိုင်ပါ၊ ဂျိုင်းနဲ့ အိန္ဒုကြား
မှာ ဝင်းစိန်ဆိုတဲ့ ရွာကြီးတရွာ ရှိပေမယ့် လမ်းမဘေးမှာ မရှိပါဘူး၊ အတွင်း နည်းနည်းဝင်ရပါတယ်။

မေးမြန်း ကြည့်မိတော့ အမှန်က အဲဒီ နေရာက နာမည်ကျော် သာမညတောင် တည်ရှိရာ နေရာပါ၊
မွန်ဘာသာနဲ့ မူရင်းအမည် ဒေးမဲ့စောတောင်ခေါ်တဲ့ ၆၅၃ ပေ မြင့်တဲ့ သာမညတောင် တည်ရှိရာပါ။

အဲဒီ ဝင်းစိန်ဆိုတဲ့ လူအမည်လိုလိုနဲ့ ရွာနာမည်ကို မှည့်ခဲ့တာက ဘယ်သူလဲတော့မသိပါဘူး၊ ဂူဂဲလ်
မြေပုံမှာ မောင်ရင်ငတေရိုက်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်ကြည့်လိုက်တော့ ရွာအမည် WinSein 
ဝင်းစိန်လို့ ထင်ထင်ရှားရှားရေးထားလို့ မောင်ရင်ငတေလည်း ဝင်းစိန် လိုက်ရတာပါ၊ တချို့ကတော့ 
ဝင်းစိန်အမည်နဲ့ ပအိုဝ်းအများစုနေတဲ့ ရွာလေးတရွာ ရှိတာကြောင့် အဲဒီ ပအိုဝ်းရွာအမည် အစွဲပြုပြီး  
ခေါ်ဆိုကြတယ်ပြောပါတယ်၊ မောင်ရင်ငတေကတော့ အဲဒီဝင်းစိန်ဆိုတဲ့ နာမည်ထက် ကော့ကဒါတို့ 
ခနိမ်းဒိုတို့လို နာမည်လှလှလေးတွေ ပြောင်းစေချင်မိပါတယ်၊ အဲဒီ ရွာလေးတွေကလည်း ဝင်းစိန်ရွာ 
လို သာမညတောင်ခြေအနီး National Highway (NR85) သထုံ-ကော့ကရိတ်လမ်းမပေါ်မှာ တည် 
ရှိနေကြတဲ့ ရွာတွေပါ၊ ကော့ကဒါ အမည်ပေးလည်း ဘယ်သူမှတော့ ကန့်ကွက်မယ် မထင်ပါဘူး။


ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (ခနိမ်းဒို)                                     (ဓါတ်ပုံ မရငတ)

ဒီရွာတွေက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကျော် သာမညအဖြစ် နာမည်မကြီးစဉ်က အိမ်ခြေဆယ်လုံး
ဆယ့်လေးငါးလုံးလောက် ဟိုတစုဒီတစုသာ ရှိခဲ့တဲ့ ကျေးရွာသေးသေးလေးတွေပါ၊ ရှစ်ဆယ်နှောင်း
ပိုင်းနှစ်များ ကိုးဆယ်လွန်နှစ်များမှာ တဆက်စပ်တည်းလို ဖြစ်လာခဲ့ပြီး နောက် လူတသောင်းကျော် 
နေထိုင်ရာ မြို့ပြတခုလို ဖြစ်လာခဲ့တာပါ၊ ဒေသခံတွေကတော့ ဘယ်လိုခေါ်တယ် မသိပါဘူး၊ ဂူဂဲလ် 
မြေပုံပေါ်မှာတော့ ဝင်းစိန် ဖြစ်လာခဲ့ပါတယ်၊ အများစုကတော့ သာမညလို့ ပြောမှသာ သိကြမှာပါ။

ရွှေပြည်တော်တလွှား ဘုရားဖူး ခရီးသွားလောကမှာ ကျိုက်ထီးရိုး ဇွဲကပင်တို့ထက်တောင် သာမည 
ခရီးသွားတွေ ပို၍များတဲ့ခေတ် ရှိခဲ့ဖူးပါတယ်တဲ့၊ သာမညမှ မရောက်ဖူးရင် ခေတ်မမီတဲ့ ခေတ်ပေါ့။



ဒေါန ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် (သာမည)                                    (ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ၁၉၈၀ လွန် ခုနှစ်များက နှစ်ထောင်ပြည့်နှစ်ကျော်ထိ သာမညတောင် သာမညဆရာတော် 
ဆိုတာ ရန်ကုန် မန္တလေးတင်မက မယ့်ဆောက်တို့ ဘန်ကောက်တို့က ဘုရားဖူးခရီးစဉ်တွေနဲ့ နေ့ည
လူစည်ကားရာနေရာ ဖြစ်ခဲ့ဖူးပါတယ်၊ ဟိုးတုန်းက ဒီတောင်က သာမညတောင် မဟုတ်ဘူးလို့ ပြော 
ခဲ့ကြရတဲ့ အဲဒီ ဒေးမဲ့စောတောင်ဟာ အခုတော့ သာမညတောင် ဖြစ်လာနေပြီး ဘုရားဖူး အစီအစဉ် 
တွေထဲက ပျောက်ကွယ်လာခဲ့တာ ၂၀၀၈ ခုနှစ် နောက်ပိုင်းထဲကပါတဲ့၊ ဆရာတော်ကြီးရဲ့ လက်သုံး 
ဆုံးမစကား “ဥုံ့ ခုလည်း မပျင်းနဲ့ နောင်လည်း မပျင်းနဲ့ ဆိုတာက ဝင်းစိန်ရွာနဲ့ 
တောင်ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ် ခပ်သဲ့သဲ့ ကျန်နေသေးကောင်းတော့ ကျန်နိုင်ပါသေးတယ်၊ အဲဒီ 
တုန်းက သာမညတဝိုက် သက်သတ်လွတ်ထမင်းဆိုင်တွေ တခေတ်ထခဲ့သေးပါတယ်တဲ့၊ အခုတော့
ဝင်းစိန်ရွာတဝိုက် အာရှအမြန်လမ်းမကြီး အမှတ် (တစ်) ရောက်လာတော့ ဟိုအရင် အနှစ်သုံးဆယ်
ကျော်က သက်သတ်လွတ် ဆိုင်လေးတွေလည်း ခေတ်နဲ့စနစ်နဲ့ ပြောင်းလဲလာနေတာကို အမှီလိုက် 
သက်သတ်မလွတ်နိုင်တော့ဘဲ ကြက်သောက်ဆမ်းတွေ အိမ်ကြက်ကာလသားချက်တွေ အဝါရောင် 
ဂရင်းရွိုင်ရယ်တွေ အစိမ်းရောင် မြန်မာဘီယာတွေ ယိုးဒယားစတိုင်လ် ထမင်းဆိုင်တွေနဲ့ ခေတ်ပေါ်
ပရိသတ်သစ်များကို ဧည့်ဝတ်ကျေပြွန်ဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြတာကို သတိပြုမိခဲ့ပါတယ်။







(ဓါတ်ပုံ မရငတ)



ကျေးဇူးစကား

** * ဂျန်နဝါရီညများ ** * (သို့မဟုတ်)
သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများ
** * ဒေါန-ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် ** * (သို့မဟုတ်)
ကော့ကရိတ်-ကျုံဒိုး-ဂျိုင်း-ဝင်းစိန်-အိန္ဒု-ဖားအံ လမ်းပိုင်းကို ဖြတ်သန်းခြင်း စာစု
ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသော့   
ဒီခရီး ဒီလမ်းကို သွားဖြစ်အောင် တိုက်တွန်းနှိုးဆော်ခဲ့သောသူများ
ကားစိုက် လူစိုက် ပိုက်ဆံစိုက်၍ လိုက်ပို့ ကျွေးမွေး ဧည့်ခံခဲ့ကြသောသူများ
အားလုံးအားလုံးအား ကျေးဇူးကျေးဇူး အထူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါကြောင်း။

မောင်ရင်ငတေ
၀၄၀၁၂၀၁၈-၁၄၀၂၂၀၁၈

မပြီးဆုံးသေးကြောင်းပါ၊ ဆက်ရန်ရှိပါသေးတယ်။

Aucun commentaire:

Enregistrer un commentaire