Libellés

mercredi 14 mars 2018

** * သောင်ရင်းကမ်းမှ ဒေါနလမ်း ** *

ဂျန်နဝါရီညများ (၁)
သောင်ရင်းကမ်းမှ ဒေါနလမ်း 
(ရက်စွဲ ၄ ပထမပိုင်း) 


သောင်ရင်းကမ်းမှ ဒေါနလမ်း (Myawaddy-Thingan Nyinaung-Kawkareik Road) (ဓါတ်ပုံ မရငတ)

ဂျန်နဝါရီညများ ကုန်ဆုံးခဲ့ပြီးနောက့့်
သောင်ရင်းကမ်းမှာ ဆီမီးထိန်ထိန် အကြောင်း
အရင်ဦးဆုံး ရေးရရင် ကောင်းလေမလာ့း့
သောင်ရင်းကမ်းမှ ဒေါနကိုအကျော် လမ်းအကြောင်း
အရင်ဦးဆုံး ရေးရရင် ကောင်းလေမလာ့း့
သို့တည်းမဟုတ့့် ရေးလက်စ့
ဥရောပကောင်းကင်သို့ အပြန့့် ကို သာ ဆက်ရေးရရင်
့  ကောင်းလေမလားးးးးးးးးးးး စဉ်းစားရင်းနဲ့
မောင်ရင်ငတေ့ ထုံးစံအတိုင်း ဟိုတစ ဒီတစ နည်းနည်းစီ တို့ထိ ထားမိတာလေးတွေပါ။

သောင်ရင်းကမ်းမှာ ဆီမီးထိန်ထိန်တွေ အကြောင်းကိုတော့ ရေးချင်မိပေမယ့်လည်း မောင်ရင်ငတေ 
သိထားတဲ့ အချက်အလက်တွေက မပြည့်စုံတာမို့လို့ ပြီးပြည့်စုံအောင် ရေးဖို့က ခက်ပါလိမ့်မယ်၊ ဒါနဲ့
သောင်ရင်းကမ်းမှ ဒေါနလမ်းကိုသာ စိတ်အတွေးထဲမှာ ပေါ်လာရင်ပေါ်လာသလို ပါရီပြန်အရောက်

ဧည့်လိုက်ပို့ရင်း တယ်လီဖုန်း မျက်နှာပြင်ပေါ် စတင် ရေးချထားမိတဲ့ စာပိုဒ်လေးတွေ ရှိပါတယ်။



သောင်ရင်းကမ်းမှ ဒေါနလမ်း (Myawaddy-Thingan Nyinaung-Kawkareik)     (ဓါတ်ပုံ မရငတ)

(ရက်စွဲ ၄ ပထမပိုင်း) 
သောင်ရင်းကမ်းခြေ မြဝတီမြို့ကနေ ဒေါနတောင်တန်းကို ကျော်ဖြတ်ဖောက်လုပ်ထားတဲ့ 
လမ်းမို့လို့ ** * သောင်ရင်းကမ်းမှ ဒေါနလမ်း ** * လို့ မောင်ရင်ငတေ ဒီအမည်ကို ပေးဖြစ်ခဲ့တာပါ။

အမှန်တကယ် ဒီလမ်း အမည်က သင်္ကန်းညီနောင်လမ်း ပါ၊
တိတိကျကျ ဆိုရရင်တော့
မြဝတီ-သင်္ကန်းညီနောင်လမ်း သို့မဟုတ် ကော့ကရိတ်-သင်္ကန်းညီနောင်လမ်း၊
သောင်ရင်းကမ်းခြေ မြဝတီ အထွက် သင်္ကန်းညီနောင်ကနေ ကော့ကရိတ်ကို သွားတဲ့လမ်း။

ရာစုနှစ်ပေါင်းများစွာ ဘုရင့်နောင်တို့ အလောင်းဘုရားတို့ နာမည် မကြီးခင်ထဲက
ဒီဒေသသားတွေ သွားလာခဲ့ကြတဲ့ သဘာဝ တောလမ်း တောင်ကြားလမ်း တခုပါ။

ဤကဲ့သို့ နှစ်ပေါင်းများစွာ တောကျော် တောင်ကျော် သဘာဝ လမ်းမကြီး အဖြစ်ကနေ
အင်္ဂလိပ်ခေတ် ဂျပန်ခေတ် နယ်ချဲ့ခေတ် ကမ္ဘာစစ်ခေတ်တွေ အတွင်းမှာတော့ ကတ္တရာလမ်း
ဖြစ်လာခဲ့ပါတယ်။

ဒီနောက်မှာတော့ ပြည်တွင်းစစ်တွေဖြစ်ပွား နယ်မြေ မငြိမ်သက်မူတွေနဲ့အတူ သွားရန်ခက်ခဲသလို
လူသူအရောက်အပေါက်နည်းတဲ့ လမ်းတလမ်းအဖြစ်နဲ့ မှောင်ခို စီးပွားသွယ်ရာ အမည်းရောင်လမ်း
တလမ်း အဖြစ်သာ ရပ်တည်ခဲ့ရတဲ့ လမ်းပါ။

ဟိုစဉ် အဆင်းတရက် အတက်တရက် အမည်းရောင်လမ်း ခေတ်ကတည်းက
မောင်ရင်ငတေ သွားဖို့ စိတ်ကူးယဉ်မိခဲ့ပေမယ့် သွားဖို့ အခွင့်မကြုံခဲ့တဲ့ လမ်းပါ၊
၂၀၁၀ ခုနှစ် ဝန်းကျင် အရောက်မှာတော့ အာရှအမြန်လမ်းမများ စီမံကိန်းနဲ့အတူ
ဒီ ဒေါနတောင်ကျော် လမ်းမကြီးကိုလည်း ဖောက်လုပ်ဖို့ အသံတွေ ကြားလာခဲ့ရပါတယ်။


၂၀၁၅ ခုနှစ် ဂျူလိုင်လ မှာတော့ အဲဒီ သောင်ရင်းကမ်းမှ ဒေါနလမ်းကို AH1 ခေါ် အာရှ အမြန်လမ်း 
မကြီး အမှတ် (၁) ရဲ့ အစိတ်အပိုင်း တခုအဖြစ် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းကို 
ဖောက်လုပ်ပြီးစီးခဲ့ပါတယ်၊ အများစုကတော့ ဒီလမ်းပိုင်းကို ထိုင်းတွေက ဦးစီးဖောက်လုပ်ခဲ့တယ်လို့ 
ဆိုကြပေမယ့် ဒီ Asian Highway Network စီမံကိန်းမှာပါတဲ့လမ်းများကို Asian Land Transport 
Infrastructure Development (ALTID) United Nations Economic and Social Commission 
for Asia and the Pacific (ESCAP) တို့နဲ့အတူ Asian Development Bank ရဲ့ ချေးငွေများ အာရှ 
သူဌေး နိုင်ငံများရဲ့ ထည့်ဝင်ငွေများနဲ့ တည်ဆောက်ဖောက်လုပ်ခဲ့ကြခြင်းပါ။



သောင်ရင်းကမ်းမှ ဒေါနလမ်းသို့                                                              (ဓါတ်ပုံ မရငတ)

ဒေါနလမ်းအကြောင်း ရေးမှာမို့လို့ မယ့်ဆောက် မြဝတီ ကူးတဲ့ အတွေ့အကြုံကိုတော့ နောက်များမှ
ရေးပါဦးမယ်၊ မယ့်ဆောက်-မြဝတီ မိတ်ဖြစ်ဆွေဖြစ် ချစ်ကြည်ရေးတံတား အမှတ် (နှစ်) အကြောင်း 
ကိုလည်း ရေးချင်ပါသေးတယ်၊ တံတားသစ်ကြီးက ပြီးနေပြီလို့ ဆိုပါတယ်၊ ချည်းကပ် လမ်းပိုင်းတွေ 
မပြီးသေးလို့ မဖွင့်သေးတာ ထင်ပါတယ်၊ ရေးချင်တာတွေက များလှသမို့ သည်းခံကြပါရန် ခင်ဗျာ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် အတိုက်အခံ နိုင်ငံရေး ကာလများက မယ့်ဆောက် မြို့က ဒီထက် ပိုမိုလို့ 
ဗမာဆန်နေခဲ့တာကတော့ အသေအချာပါ၊ မယ့်ဆောက်ဈေးထဲ ဗမာစာအုပ်ကောင်းတွေ အရောင်း 
အဝယ်အနှုတ်အသိမ်း ကောင်းခဲ့ရာက အခုတော့ တက်ကျမ်းနဲ့ ပြက္ခဒိန်လောက်သာ တွေ့ရတော့ပါ 
တယ်၊ အဲဒါပေမယ့် Robinson ကုန်တိုက်သစ်ကြီးထဲမှာ Tesco Lotus Extra ဆိုင်ထဲမှာ ဘာယူယူ 
ဘတ်ခြောက်ဆယ် ဈေးကွက်ကြီးကတော့ ပိုမို အရေးကြီးလာဟန် တူပါတယ်၊ ပြောင်းရွှေ့ရောက်ရှိ 
သွားခဲ့တဲ့ ရွှေဈေးကွက်သစ် စည်ပင်နေတာတွေ့ရတော့လည်း ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား 
မယ့်ဆောက်ရယ့့် ပြောမပြတတ်တော့ပါဘူး။

မြဝတီမြို့ကတော့ လူတွေဈေးတွေဆိုင်တွေနဲ့ အတော်လေး စည်ကားနေတာကို တွေ့မြင်ရပါတယ်၊ 
မောင်ရင်ငတေ့စိတ်အထင် မယ့်ဆောက်ထက်တောင်မြဝတီက စည်ကားနေတယ် ထင်မိရပါတယ်၊ 
မယ့်ဆောက်မြို့ကတော့ ခန့်ခန့်ထည်ထည် သူ့ကိုယ်သူ မြို့ကြီးပြကြီး အယောင်ဆောင် နေပေမယ့် 
လူသူစည်ကားမှုကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလများလို မရှိနေတော့တာက အမှန်ပါ၊ တောရိပ် 
တောင်ရိပ် ခိုခဲ့ကြသူတွေလည်း မြို့သို့ ပြောင်းရွှေ့ခိုကြလေပြီ မဟုတ်လား။



သောင်ရင်းကမ်းမှ ဒေါနလမ်း (ရေဆိပ်)                                                     (ဓါတ်ပုံ မရငတ)

ချစ်ကြည်ရေး တံတား အမှတ် (တစ်) ထိပ်ကတော့ AH1 အာရှအမြန် လမ်းမ အမှတ် (တစ်) ရဲ့ ရွှေ 
ပည်တော်လမ်းပိုင်း အစဦး သို့မဟုတ် မြဝတီ-သင်္ကန်းညီနောင်လမ်း အစပါ၊ တံတားအောက်ခြေမှာ 
ကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နိစ္စဓူဝ ဥဒဟိုကူးသန်းနေသူများနဲ့ စည်ကားလို့ ရှိနေစမြဲပေါ့။

ကမ်းနဘေးက လှေခါးထစ်များမှဆင်း လှေဆိပ်ကနေ ငါးမိနစ်မျှမဝေးတဲ့ ဟိုတဘက်ကမ်းကိုကူးပြီး 
ဘဝသစ်တွေနဲ့ ရင်ဆိုင်ရင်း အကြိမ်ကြိမ်အခေါက်ခေါက် ကူးနေကြသူများ အများအပြား ရှိနေသလို 
တခေါက်ကူးပြီး တသက် ပြန်မရောက်ဖြစ်တဲ့ သူတွေလည်း အများအပြား ရှိကြပါတယ်တဲ့။

ဒီတံတားခြေရင်း သောင်ရင်းကမ်းနဖူး မြစ်နဲ့ကပ်လျှက် စားသောက်ဆိုင်တဆိုင် ရှိပါတယ်၊ ဟိုအရင်
အဝေးမြင် ကာလကပင် မောင်ရင်ငတေ စိတ်ကူးယဉ် ထိုင်ဖြစ်နေကျ ဆိုင်တဆိုင်ပါ၊ ဒါပေမယ့် အဲဒီ

ရေးဗားဗျူးဆိုင်က တကယ့်တော့စားကောင်းသောက်ကောင်းလှတမဟုတ်ပါဘူး၊ မောင်ရင်ငတေ 
ကတော့ ဟိုးအရင် တခေတ်တခါက တံတားထိပ် တဘက်ကမ်းကနေ လှမ်းမျှော်ကြည့်ခဲ့ဖူးတာရယ် 
ဒီဘက်ကမ်းထိပ် ရောက်ခဲ့ရပြန်တော့လည်း ဟိုဘက်ကမ်းက အလွမ်းတွေကို ပြန်သတိရမိတာရယ် 
စားသောက်ဖို့ထက် မြင်ကွင်းကောင်းကောင်းမှာထိုင်ချင်တဲ့ စိတ်ကူးဖီလင်အရ ရွေးချယ်မိခဲ့ရခြင်းပါ၊ 
ကိုယ့် စိတ်ကူးဖီလင်နဲ့ ကိုယ်တော့ ဟုတ်နေမိတာပေါ့။



သောင်ရင်းကမ်းမှ ရေးဗားဗျူး                                                                 (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ မနက်အစောအိပ်ယာထ တည်းခိုရာ လောကပန်းအိမ်က ထွက်လာပြီး ဘုရင့်နောင်
ဈေးထဲဝင် တပတ်ပတ်ကြည့်ပြီး မုန့်ဟင်းခါးနဲ့ ပဲကပ်ကြော် အဝတီးပြီးသားမို့ ရေးဗားဗျူးရဲ့ ဟင်းကို 
သိပ်စိတ်မဝင်စားတော့တာလည်း ဖြစ်နိုင်ပါတယ်၊ သို့ပေမယ့် အပြန်ခရီးမှာ နောက်တကြိမ် ဝင်ထိုင် 
မိပြန်တော့လည်း အများ မှတ်ချက်က ဈေးကြီးပြီးညံ့ ဟိုဘက်ကမ်းလောက် မကောင်းပါဟုသာ။

ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း ဘယ်ကတော်ပြီး ဘယ်ကလျှော်ပါသလဲလို့ မောင်ရင်ငတေ့နီးစပ်ရာကို
စပ်စုကြည့်မိတော့ လူအမျိုးမျိုးက အမြင်အမျိုးမျိုးနဲ့ ဟိုကသာတယ် ဒီကသာတယ် ပြောကြပါတယ်၊
မောင်ရင်ငတေ့ အမြင်အရ သေချာတာ တခုကတော့ ကိုယ်တွေဆီကို ကုန်အပြည့်နဲ့ကားတွေ တန်း
စီလို့ ဝင်လာနေတာကိုပါ၊ ဟိုအရင်မှောင်ခိုခေတ်လို ပလတ်စတစ် ရောင်စုံပစ္စည်းတွေ မဟုတ်ပါဘူး၊
ကျွဲဂေါ်သီးလို သရက်သီးလို လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုတွေပါ ခင်ဗျာ။

သို့ပေမယ့့်
မောင်ရင်ငတေကတော့ ကိုယ့်ရဲ့ဟိုဘက်ကမ်းက အလွမ်းတွေကို ပြန်သတိယမိရင်း မြင်မြင်သမျှကို
ကြည်ရင်း မောင်ရင်ငတေ့အတွက် ရေးဗားဗျူးဟာ ဘာမဆို ချိုမြလှပလို့သာ နေပါတယ်။


သောင်ရင်းကမ်းမှ ဒေါနလမ်း                                                                  (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ ဒီ *** ဂျန်နဝါရီညများ ** * ခရီးစဉ်ကို စတင်စီစဉ်ခဲ့ချိန် လွန်ခဲ့တဲ့ ခြောက်လခန့် 
ကတည်းက စိတ်ကူးခရီးစဉ် ဆွဲခဲ့တာမှာ ရွှေပြည်ကြီးရဲ့အရှေ့တောင် ထိုင်းနယ်စပ် မြဝတီမြို့ကနေ 
အရှေ့မြောက်က တရုတ်နယ်စပ် မူဆယ်-ရွှေလီထိ *** မယ့်ဆောက်မှ မူဆယ်သို့ မိုင်ကိုးရာ ** * 
ဆိုပြီး လမ်းကြောင်း ရှာဖွေထားခဲ့ပေမယ့် အချိန်မပေးနိုင်ခဲ့လို့ မန်းရတနာပုံမြေထိသာ ရောက်ရှိခဲ့ပြီး 
မူဆယ် ရွှေလီ အပိုင်းကို အားမတန်မာန်လျှော့ ချန်လှပ်ထားခဲ့ရပါတော့တယ်၊ နယ်စပ်လမ်း နှစ်ခုကို
(AH1 နဲ့ AH14 လမ်းမ နှစ်ခုကို) နှိုင်းယှဉ်ရေးသားခွင့်ရဖို့ နောက်တကြိမ် စောင့်ရဦးတော့မှာပါ။

အခုတော့ AH1 အာရှအမြန် လမ်းရဲ့ ဒေါနလမ်းပိုင်းကိုသာ ရေးရပါတော့မယ်၊
အာရှ အမြန် စီမံကိန်းလမ်းတွေကတော့ အများကြီးပါ၊ ဒီ လမ်းမကြီးများနဲ့ ဆက်စပ်ဖောက်လုပ်မယ့်  
လမ်းသေး လမ်းမွှား စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ အာရှနိုင်ငံ ၃၂ နိုင်ငံက လက်မှတ်ရေးထိုးထား 
ပြီးကြပြီလို့ဆိုပါတယ်၊ သို့ပေမယ့် စုစုပေါင်း ကီလိုမီတာ တသိန်းခွဲကျော် မိုင်ပေါင်း တသိန်းနီးပါးခန့် 
ဖောက်လုပ်ကြရာမှာ တိုးတက် ဖွင့်ဖြိုးမှုတွေ ရှိပြီးဖြစ်တဲ့ ဟောင်ကောင်တို့ စင်ကာပူတို့က လမ်းပိုင်း 
တိုလေးတွေ အကြောင်းက စိတ်ဝင်စားဖွယ်ရာ မရှိလှပါဘူး၊ စင်ကာပူရဲ့ အာရှအမြန်လမ်း စုစုပေါင်း 
အရှည်က ၁၂ မိုင်မျှသာ ရှိတာမို့ ပိုပြီးစိတ်ဝင်စားဖို့ မကောင်းတာပါ၊ ဒါပေမယ့် စီးပွားရေး မကောင်း 
ရတဲ့အထဲ နိုင်ငံရေးအရရော စစ်ရေးအရရော နယ်စပ်ပြဿနာတွေရော ရှုပ်ထွေးပွေလီနေတဲ့အပြင် 
သဘာဝ ချောင်းမြောင်းတောတောင် အတားအဆီးတွေနဲ့ ပြည့်လျှံနေတဲ့ ဒီလို ဒေါနတောင်တန်းကို 
ကျော်ဖြတ်သွားတဲ့ ဒီ အာရှအမြန် လမ်းမမျိုးကတော့ စိတ်ဝင်စားဖွယ် ကောင်းလာပါပြီ၊ သဘာဝရဲ့ 
အလှတရားတွေကို စိမ်းစိမ်းစိုစို တွေ့မြင်ခွင့် ရမယ်ဆိုတာကလည်း စိတ်ဝင်စားစရာ တချက်ပါ။

ဒီ Asian Highway Network စီမံကိန်းမှာပါတဲ့ လမ်းများအနက်က AH1, AH2, AH3, AH14 လမ်း
လေးလမ်းက ရွှေပြည်မြေကို ဖြတ်သန်းသွားမှာပါ၊ အာရှအရှေ့ခြမ်းကနေ ဥရောပအရှေ့ခြမ်း ဆီသို့ 
ဆက်သွယ် ဖောက်လုပ်မယ့် အဲဒီ လမ်းပိုင်းတွေမှာ AH1 ကတော့ အမှတ် (တစ်) ဆိုတဲ့အတိုင်း  
ရေးပါဆုံး နံပတ် (တစ်) လမ်း ဖြစ်မှာပါ၊ ၁၉၆၀ လွန်နှစ်များထဲက စီမံကိန်း စတင်ခဲ့ ဖောက်လုပ်ခဲ့တဲ့
ဂျပန် ကိုရီးယား လမ်းပိုင်းအားလုံးလိုလိုကတော့ အဆင့်မြှင့်တင် ပြီးစီးခဲ့တာ ဆယ်နှစ်မက ရှိခဲ့ပါပြီ။

ဒီဘက်နှစ်များမှာတော့ အာဆီယံနိုင်ငံများ အထူးသဖြင့်က ထိုင်းနိုင်ငံရဲ့လမ်းမများဟာ အာရှအမြန် 
လမ်းမကွန်ယက်ထဲမှာ ပိုအသက်ဝင်လာတယ်လို့ ပြောကြပါတယ်၊ အဲဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ် 
ကာလများထက် ဒီကနေ့ လမ်းမသစ်များဟာ မောင်ရင်ငတေတို့လို သွားရင်းလာရင်း တွေ့မြင်ကရာ 
မှတ်တမ်းပြုချင်သူများအတွက် အမြင်ပိုင်းမှာ ဆွဲဆောင်အား ကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အာရှ အမြန်လမ်းပိုင်း တော်တော်များများမှာ အဆင့်မြှင့်တင် ထားပြီးပါပြီလို့ ဆိုကြပေ 
မယ့်လည်း များသောအားဖြင့်က ဥရောပအမြန်လမ်းမ Autoroute စစ်စစ်များ အဆင့်သို့ မရောက်ရှိ 
သေးပါဘူး၊ ဒုတိယ တတိယ တန်းစား Autoroute များသာပါ၊ တကယ့် Autoroute စစ်စစ်များဟာ 
လမ်းဘေးနှစ်ဘက် အိမ်တွေ ခြံတွေ ဈေးဆိုင်တွေနဲ့ ဆက်စပ် မနေရပါဘူး၊ ဆိုင်ကယ်လေးခွ လျှော 
ကနဲ Autoroute ပေါ်သို့ တက်မောင်းချင်လို့ မရနိုင်ပါဘူး၊ Autoroute ပေါ် တက်ဖို့ Autoroute က 
ထွက်ဖို့ သီးသန့်လမ်းတွေ ရှိရပါတယ်၊ Autoroute မှာမောင်းနေရင်းကနေ ဘေးနားတနေရာထိုးရပ် 
ပေါက်တော လုပ်လို့ မရပါဘူး၊ ဒါပေမယ့် Autoroute ပေါ် ကားကြီး ကားလေး ကုန်ကား ဆိုင်ကယ်
သတ်မှတ်ထားတဲ့ စံနှုန်းမှီရင် တက် မောင်းခွင့် ရှိပါတယ်၊ နိုင်တီးဂွမ်တီးက ကားဟောင်း ဆိုင်ကယ်
ဟောင်းတွေကိုလည်း အမြန်လမ်း Autoroute များမှာ တွေ့ရှိနိုင်ပါတယ်၊ မောင်ရင်ငတေ ရောက်ဖူး
သမျှ ထိုင်းနိုင်ငံရဲ့ အာရှအမြန် လမ်းပိုင်းတွေဟာ ပထမတန်းစား Autoroute အဖြစ် ဘီကေကေရဲ့ 
မြို့ဝင် မြို့ထွက် လမ်းပိုင်းတွေလောက်မှာသာ တွေ့နိုင်ပါတယ်။

အဲ့တော့ ရွှေပြည်ကြီးရဲ့ အကောင်းဆုံးလို့ ဆိုရမယ့် ဆိုကြတဲ့ (AH1 အာရှ အမြန်လမ်း)
ဒေါနလမ်းပိုင်းကိုတော့ ဒုတိယနဲ့ တတိယတန်းအဆင့် Autoroute တခု လို့သာ ဆိုလိုက်ရင်
ပေတရာ လမ်းပေါ်က မောင်ရင်ငတေ့ အမြင် အထင် သုံးသပ်ချက် မလွဲ မမှား နိုင်လောက်ပါဘူး။



သောင်ရင်းကမ်းမှ ဒေါနလမ်းအစ                                                             (ဓါတ်ပုံ မရငတ)

မြဝတီ သောင်ရင်း ကမ်းနဖူး တံတားထိပ်ရှိ ရေးဗားဗျူး စားပွဲရုံကနေ နေ့လည်စာ စားသောက်အပြီး 
စထွက်လာတော့ နေမွန်းတည့် ကျော်နေပါပြီ၊ ခရီးစဉ်အရ ဘားအံ သို့မဟုတ် သထုံမှာ ညဝင်အိပ်ဖို့
(အမှန်တကယ်ကတော့ သောက်စားဖို့ရယ် ဖိုးဆိုချင် ကျောင်းဆရာ သီချင်း ဆိုနိုင်ဖို့ရယ်) ရည်ရွယ်
ချက်လေးတွေ ရှိခဲ့တာမို့ ခပ်အေးအေးသာ ထွက်လာခဲ့ကြတာပါ။

မောင်ရင်ငတေတို့ သူငယ်ချင်းတသိုက်က စုစုပေါင်း လူရှစ်ယောက် ကားနှစ်စီးနဲ့ပါ၊ သူတို့တတွေက 
ပျော်ဘွယ် တပ်ကုန်း ထီလာ မန်းရွှေမြို့တော်သား အဟောင်းကြီးတွေပါ၊ မောင်ရင်ငတေနဲ့အတူတူ 
နှစ်ရှည်လများ ထီလာကောလိပ် မန်းရတနာဘုမ္မိနယ်မြေ ရန်ကုန်အီကို မေခတို့မှာ လက်တွဲညီခဲ့ကြ 
ပါတဲ့ ကျောင်းသားဟောင်းများပါ၊ လွန်ခဲ့တဲ့ ရှစ်ဆယ်ခုနှစ်များက အစပြု ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း 
ဟောင်းများနဲ့ အခုလို ခရီးရှည်တခုကို ငယ်ကျိုးငယ်နာတွေပြောရင်း အတူသွားဖြစ်ခဲ့ရတာကတော့ 
တကယ်ကို မမေ့နိုင်စရာသာပါ၊ အခုလိုခရီးဝေးကို လုပ်ငန်းတွေ ပစ်ထားခဲ့ကြပြီး အရောက်လာတွေ့ 
လာခေါ်ခဲ့ကြတာကို ကျေးဇူးမှတ်တမ်း ရေးထိုး ပါတယ်ကွာ၊ (တပ်ကုန်းသားကတော့ ပစ်ထားမရတဲ့ 
မိန်းမကိုပါ ချစ်လို့ မခွဲနိုင်လို့ဆိုပြီး အပါ ခေါ်လာနိုင်သူကြီးပေါ့။)


သောင်ရင်းကမ်းမှ ဒေါနလမ်း (Asian Highway AH1)                                 (ဓါတ်ပုံ မရငတ)

မယ့်ဆောက် မြဝတီ ကော့ကရိတ်က
ကီလိုမီတာ ခွန်နှဆယ်နီးပါး (လေးဆယ့်ငါးမိုင်) ခရီးပါ၊
မယ့်ဆောက်နဲ့ မြဝတီက ဆယ်ကီလိုမီတာခန့် ရှိပါတယ်၊
မြဝတီကနေ သင်္ကန်းညီနောင်သို့ ဆယ့်နှစ် ကီလိုမီတာ ရှိပြီး
သင်္ကန်းညီနောင် ကော့ကရိတ်က ငါးဆယ် ကီလိုမီတာခန့် ရှိပါတယ်။

ရန်ကုန်က ပဂိုးလောက် ဝေးတဲ့ခရီးက သမိုင်းအမှားတွေကြောင့် အမှောင်ဖုံးခဲ့တဲ့လမ်း ဖြစ်ခဲ့ရတယ်
ဆိုရပါမယ်၊ ဒီကနေ့ခေတ်မှာတော့ အနည်းငယ်တော့ လင်းလက်လို့ လာခဲ့ပြီ ပြောရင် ရပါလိမ့်မယ်၊
အဲဒါနဲ့ အဲဒီလမ်းကို မောင်ရင်ငတေ သွားဖြစ်ခဲ့ပါတယ်၊ အသွားတင်မက အပြန်လည်း အဲဒီ လမ်းပါ။

ဒီလမ်းတိုကလေးရဲ့သမိုင်းက စာဖွဲ့ရင် ဖွဲ့နိုင်သလောက် ရှည်လျှားနိုင်ပါတယ်၊ ဒီလမ်းကို ကျော်ဖြတ်
ဖူးသူတွေ အများအပြားပါ၊ မောင်ရင်ငတေလို ဒီတခေါက်လေး သွားပြီး ဒီလမ်းသမိုင်းကို ရေးရင် လူ
ရယ်စရာ ကောင်းနေမှာက သေချာလှတာမို့ ရေးရတာ လက်တွန့်လှပါတယ်၊ တကယ်ရေးဖို့ကောင်း 
သူများက ဟိုအရင်လမ်းဟောင်းကို ကြိမ်ဖန်များစွာ ဖြတ်သန်းသွားဖူးခဲ့ကြသူများသာပါ၊ လမ်းသစ်နဲ့ 
အဟောင်း ဘာတွေ ဘယ်လို ကွာခြားသွားသလဲ ဆိုတာကို သူတို့တွေသာ သိနိုင်ကြမှာပါ။

မောင်ရင်ငတေ သွားဖြစ်တဲ့ ရွှေပြည်ကြီးရဲ့ လမ်းတွေထဲမှာတော့ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်၊
ပထမဆုံးအကြိမ် သွားဖြစ်သူတွေအတွက်ကတော့ ဟာကနဲ ဖြစ်စေပါတယ်၊ တကယ်တမ်းကတော့ 
Dawna Range ဒေါနတောင်တန်းဟာ သိပ်မြင့်မားလှတယ် ပြောမရပါဘူး။

မြောက်ခြမ်းက Mae La မယ့်လတောင်နဲ့ တောင်ခြမ်းက Mulehyit မူလအိတောင်တွေ ရှိတဲ့ နေရာ 
မှာသာ ပေခြောက်ထောင်ကျော် ခွန်နှထောင် ရှိပေမယ့် အများစုကတော့ ပေလေးထောင်ကျော်သာ
မြင့်တယ် ဆိုပါတယ်၊ သို့ပေမယ့် တောတောင်ထူထပ် တောကောင်ပေါများ လူနေကျဲပါးရာ နေရာမို့
လမ်းပန်းဆက်သွယ်ရေးက ခေတ်အဆက်ဆက်မှာ ညံ့ဖျင်းခဲ့တာ တူပါတယ်၊ ဒီလမ်းတလမ်းသာ ဒီ 
ဒေသမှာ ဟုတ်တိပတ်တိ ရှိခဲ့ပြီး ဒီကနေ့မှာတော့ ရွှေပြည်ကြီးရဲ့ အကောင်းဆုံးလမ်းအဖြစ် ဖြစ်ပေါ် 
လာခဲ့တာပါ၊ သမိုင်းတလျှောက် အရေးပါအသုံးဝင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာ ပစ်ပယ်ထားခြင်းခံခဲ့ရ 
ပါတဲ့ ဒီလမ်းသမိုင်းက အခုတော့ စတင်၍ တဆစ်ချိုး ပြောင်းလဲလို့ လာခဲ့ပါပြီ။


သောင်ရင်းကမ်းမှ ဒေါနလမ်း (Asian Highway AH1)                           (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ဖတ်ထား မှတ်ထား သိထားမိသလောက်
ဒီလမ်းသမိုင်းကို တဆစ်ချိုး လာစေခဲ့ခြင်း အကြောင်းရင်းတွေက
တစ်က ရွှေပြည်ကြီးရဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ စစ်ပွဲများ ညောင်းအီလာနေခြင်း
ဒါကတော့ မပါမဖြစ် ဆိုပေမယ့် မောင်ရင်ငတေ သိပ်စိတ်မဝင်စားလို့ မရေးတော့ပါဘူး။

အဓိက နှစ် သုံး တွေက
ပြောင်းလဲလို့လာတဲ့ ခေတ်

ASEAN Plus Three တို့
One Belt One Road တို့
India's Look East Policy တို့
Greater Mekong Subregion တို့
အစရှိတဲ့ ခေါင်းစဉ်ကြီးတွေအောက်မှာ
ဆက်စပ် ပတ်သက် ပူးတွဲ ပါဝင်လာခဲ့တဲ့

East–West Economic Corridor စီမံကိန်း
India-Myanmar-Thailand Trilateral Highway စီမံကိန်း
အစရှိပါတဲ့ အာရှ အာဆီယံ စီမံကိန်းကြီးတွေ အသက်ဝင်လာချိန်ပါ။

ဒီစီမံကိန်းတွေကို ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ စတင်ရေးဆွဲခဲ့ကြတာပါ၊
အရင့်အရင်ကတော့ မဟာလီဒို လမ်းစီမံကိန်းကြီးသာ ရှိခဲ့ဖူးတယ် ထင်မိပါရဲ့၊
၁၉၆၀ ခုနှစ်များက ဟစ်ပီတွေရဲ့ Hippie Trail ကလည်း ဒီလမ်းကြောင်းတွေပါ၊
စတင် အကောင်အထည် ဖေါ်လာနိုင်ခဲ့တာကတော့ ၁၉၇၀ နှောင်းပိုင်း နှစ်များမှာပါ၊
၂၀၁၀ ခုနှစ်များမှာတော့ ဒီစီမံကိန်းတွေက ဒေါနတောင်တန်းကြီးပေါ်သို့ ရောက်လာခဲ့ပါပြီ။

အဲဒီလို အာရှတိုက် ကြီးပွားရေး တိုးတက်ရေး
ဟုတ်တာ မဟုတ်တာ အပထား အဲဒီ စီမံကိန်းတွေမှာ
Trans-Asian Railway Network အာရှ အမြန်ရထားလမ်း ဖောက်လုပ်ရေး
Asia Highway Network အာရှဟိုင်းဝေး အာရှအမြန်ကားလမ်း ဖောက်လုပ်ရေး
တို့က ရှေ့ဆုံးတန်းမှာ နေရာယူလာခဲ့ကြတာပါ၊ သူတို့က မပါမဖြစ် မဟုတ်မှလား။

ဒါပေမယ့်
အဲဒီမှာ အမြန်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွေကတော့ အခက်ခဲတွေ
များလွန်းလှတာမို့ လူမသိသူမသိ စက္ကူပေါ်က အခြေနေမှာသာ ရှိနေပါသေးတယ်၊
ကားလမ်းဆိုတာကတော့ လမ်းဖောက်လုပ်ရေးသာအဓိကမို့ ရထားလမ်းထက် ပိုမိုလွယ်ကူပါတယ်။

ရထားလမ်းကတော့ လမ်းကောင်းကောင်း ဘယ်လောက်ဖောက်ဖောက်ပါ၊ နောက်ဆက်တွဲ အနေနဲ့
ရထားပြေးဆွဲရေး လုပ်ငန်းတွေက နိုင်ငံတော်နဲ့ချီပြီးလုပ်မှသာ အစဉ်ပြေချောမွေ့တာမို့ မလွယ်လှပါဘူး၊ 
နိုင်ငံတော် ဆိုတာကလည်း မောင်ရင်ငတေ့လို အပြောလွယ်ပြီး အလွယ်ပြောနေကြသူများပါ။


သောင်ရင်းကမ်းမှ ဒေါနလမ်း                                                                (ဓါတ်ပုံ မရငတ)

အဲဒီလို ASEAN Plus Three တို့ ဘာတို့မှာ
ကားလမ်း စီမံကိန်းကြီးတွေ အရေးပါလာတော့

East–West Economic Corridor
ဗီယက်နမ် စတုတ္ထမြို့တော်က Đà Nẵng
ရွှေပြည်ကြီးရဲ့ စတုတ္ထမြို့တော်က မော်လမြိုင်
Đà Nẵng ဆိုတာက တောင်တရုတ်ပင်လယ် Sông Hàn မြစ်ဝမှာ တည်ရှိတဲ့ ဆိပ်ကမ်းမြို့
မော်လမြိုင် ဆိုတာက Andaman Sea (သို့) ကပ္ပလီပင်လယ် သံလွင်မြစ်ဝက ဆိပ်ကမ်းမြို့
ဆိပ်ကမ်းမြို့ကြီးနှစ်မြို့နဲ့ ပင်လယ်ကြီးနှစ်ပင်လယ်ကို ရွှေလမ်းငွေလမ်း ဖောက်ပေးမယ့် စီမံကိန်း

** ** ** * East–West Economic Corridor စီမံကိန်း ** ** ** *

တောင်တရုတ် ပင်လယ်နဲ့ ကပ္ပလီပင်လယ်ပြင် တို့ကို ဆက်စပ်ပေးမယ့် စီးပွားရေးစင်္ကြံကော်ရစ်ဒါ
အဲဒီမှာ ရွှေလမ်းငွေလမ်း စီးပွားရေးစင်္ကြံကော်ရစ်ဒါကြီးကို အသက်ဝင်အောင် လှုပ်ရှား ပေးရမှာက
ဗီယက်နမ် စတုတ္ထမြို့တော် Đà Nẵng မှ ရွှေပြည်ကြီးရဲ့ စတုတ္ထမြို့တော် မော်လမြိုင်သို့ ကားလမ်း။

အရှေ့ခြမ်း ဗီယက်နမ်မြေကနေ လာအို ထိုင်းမြေတွေကို ဖြတ်သန်းပြီး အနောက်ခြမ်းရှိ ရွှေပြည်မြေ
ဆီသို့ ကားလမ်း ဆက်သွယ်ရာမှာ မင်းသားကြီးနေရာ ရလာတာက မောင်ရင်ငတေတို့ ရွှေပြည်ကြီး 
ရဲ့ ထင်ရှားကျော်ကြားနေတဲ့ ** ** ** * သောင်ရင်းကမ်းမှ ဒေါနလမ်း ** ** ** * ဖြစ်ပါတယ်။

အဲဒီ ဒါနန်မြို့နဲ့ မော်လမြိုင်မြို့က ကီလိုမီတာ တထောင့်ငါးရာ (မိုင်တထောင်) နီးပါးသာ ဝေးတာပါ၊
တနာရီ ကီလိုမီတာ တရာကျော်နှုန်းနဲ့ ကားမောင်းလာနိုင်မယ်ဆိုရင် တနေ့နဲ့ ရောက်နိုင်တဲ့ လမ်းပါ၊
တောင်တရုတ်ပင်လယ်က သင်္ဘောတွေနဲ့ လုပ်စားသူတွေအတွက် မျက်ခုံးလှုပ်သွားစေမယ့်လမ်းပါ၊ 
ဒါကြောင့်ဒါကြီးပြီးသွားရင် စင်ကာပူရာတို့ မလက္ကာတို့ ပလောပီနန်တို့ မျက်ဖြူဆိုက်သွားနိုင်ပါတယ်။ 


သောင်ရင်းကမ်းမှ ဒေါနလမ်း (ဓါတ်ပုံ မရငတ)

နောက်တခုက အိန္ဒိယတိုက်ငယ်ရဲ့
India's Look East Policy ပေါ်လစီ
ဒီပေါ်လစီမှာ အရေးပါတာက အာဆီယံနိုင်ငံများ
အာဆီယံနိုင်ငံများနဲ့ ဆက်ဆံဖို့ အရေးကြီးတာက လမ်းပမ်း ဆက်သွယ်ရေး
အဲဒီမှာ အရေးပါလာတာက့

** ** ** * India-Myanmar-Thailand Trilateral Highway ** ** ** *
(သို့တည်းမဟုတ်)
** ** ** * Imphal-Moreh-Mandalay-Bangkok Highway ** ** ** *

အဲဒီလို
အိန္ဒိယ-မြန်မာ-ထိုင်း
အမြန်ကားလမ်းမကြီး
ဖောက်ကြတော့မယ်ဆိုတော့
လီဒို-မိုးရေး-တမူး-မန်း-မြဝတီ-မယ့်ဆောက် လမ်းပိုင်းတွေထဲမှာ
ဒီ လမ်းပိုင့်း့
** ** ** * သောင်ရင်းကမ်းမှ ဒေါနလမ်း ** ** ** * ကလည်း

စီမံကိန်းကြီးရဲ့ အရေးကြီးတဲ့ နေရာတွေထဲမှာ အဓိကမင်းသားကြီး နေရာကနေ ပါဝင်လာခဲ့တာပါ။



သောင်ရင်းကမ်းမှ ဒေါနလမ်း (Asian Highway AH1)                                   (ဓါတ်ပုံ မရငတ)

တနေရာမှာတော့ သတိပေးဆိုင်းဘုတ်တွေကို တောက်လျှောက်ဆိုသလို တွေ့မြင်လို့ လာရပါတယ်၊ 
အဆင်းရှည်သည်၊ အဆင်းကြီးသည်၊ ဤနေရာတွင် အထူးဂရုပြု မောင်းနှင်ပါ၊ ဘာညာ သတိပေးမှု 
တွေပါ၊ ရွှေပြည်ကြီးရဲ့ လမ်းနဘေး ဝဲယာမှာ အဲလို ဆိုင်းဘုတ်ကြီးငယ် ရောင်စုံများကို တွေ့နေကျမို့ 
သတိမထားဘဲ မနေလိုက်ကြပါနဲ့၊ မောင်ရင်ငတေတို့ ဒီလမ်းခရီး သွားကြမယ်ဆိုတော့ အထာသိပြီး 
သောသူများက မနေ့တနေ့ကပဲ ကုန်ကားကြီးတစင်း ဘာညာဖြစ်သွားတယ်၊ မိုင်တိုင် ဘယ်လောက် 
နားက ကုန်းဆင်းကုန်းတက်ကြီး ကြောက်စရာကောင်းတယ် သတိထားမောင်းသွားကြဖို့ ပြောကြပါ 
တယ်၊ မိုင်တိုင်အမှတ် (158 Km) အနီးမှာပါ၊ မြဝတီနဲ့ကော့ကရိတ် နယ်ခြားမှာပါ၊ အသွားလမ်းရော 
အပြန်လမ်းမှာပါ အန္တရာယ်ရှိတဲ့ ကုန်းဆင်းကုန်းတက်ပါ၊ တကယ်လည်း ကြောက်စရာကောင်းပါတဲ့ 
နေရာပါ၊ အတက်ကားကြီးတွေက တအိအိ တက်လာချိန်မှာ အဆင်း ကားဆရာအမှား လုပ်မိတာနဲ့

နှစ်ဦးနှစ်ဘက်စလုံး ဒုက္ခရောက်စေမယ့် နေရာမျိုးပါ။




သောင်ရင်းကမ်းမှ ဒေါနလမ်း (Asian Highway AH1)                                   (ဓါတ်ပုံ မရငတ)

သတိပေးဆိုင်းဘုတ်တွေ လမ်းဘေးမှာ ဘယ်လိုထောင်ထောင်၊ မည်းပြောင်ပြောင်ကတ္တရာလမ်းကို 
ဆေးနီ ဘယ်လောက်သုတ်သုတ်၊ အမြန်မောင်း မရအောင် လမ်းခုံးတွေ ဘာညာတွေ ဘယ်လိုလုပ် 
ထားလုပ်ထားပါ၊ ဒီဒေါနလမ်းရဲ့ အန္တရာယ် ကုန်းဆင်းကြီးကို အနှေးနဲ့အမြန် ပြင်ကို ပြင်ဆင်မှရမယ် 
လို့သာ မောင်ရင်ငတေ ယူဆမိကြောင်းပါ၊ ကားမောင်းသူတွေကို သတိပေးတာ မှန်ပေမယ့်လည်းးး
ရွှေပြည်တော်တဝှန်း ကားမောင်းစားကြသူတွေ အနေနဲ့ကတော့

အဲဒီလို ကားမှန်ရှေ့ ပေတရာ လမ်းမဘေးဝဲယာ ဆေးရောင်စုံ မြင်ကွင်းကျယ်နဲ့ တောတောင်ရှုခင်း 
တွေက မှင်သက်မိလောက်အောင် စွဲငြိစေလေသလား (သို့မဟုတ်) တနေကုန်တနေခန်း မရပ်မနား 
ဒလကြမ်းမောင်းနှင်ခဲ့ရလို့လေလား (သို့မဟုတ်) သက်တမ်းတလျှောက်အကြံအဖန်လိုင်စင်နဲ့ စခန်း 
သွားခဲ့ကြရတဲ့ အောက်သက်မကျေခဲ့တဲ့ အကျိုးဆက်တွေကြောင့်လေလား (သို့မဟုတ်) ရွှေပြည်က 
မူလလက်ဟောင်း အမောင်းသမားများရဲ့ထုံးစံ ခပ်ထွေထွေလေးနဲ့မှ မောင်းတတ်တာမို့လို့လေလား၊ 
အမြန်လမ်း ခပ်ချောချောမှာ မောင်းနေရင်း ကိုယ့်ကိုကိုယ် ဖော်မြူလာဝမ်း အမောင်း ပြိုင်နေတာလို့ 
ထင်မှတ်လာလေသလား တခုမဟုတ်တခုနဲ့ ဒုက္ခလှလှ ရောက်သူတွေလည်း များလှပါပြီ။

လေးဆယ့်ငါးမိုင်သာ အရှည်ရှိတဲ့ ဒီ လမ်းပိုင်းက အဆင့်မြင့်မြင့် ချောမွေ့နေတဲ့ နိုင်လွန်ကတ္တရာခင်း
လမ်းဖြစ်တာကြောင့် အန္တရာယ်မကင်းတဲ့ အတက်အဆင်းအကွေ့တွေ များစွာရှိပေမယ့် ကားမောင်း  

ချိန်က တနာရီကျော်မျှသာကြာလိုက်ပါတယ်၊ လမ်းဘေးဝဲယာ တွေ့မြင်သမျှ မှတ်တမ်းတင်နေရတာ 
ကြောင့်ရော ဘော်ဒါဟောင်းတွေနဲ့ ကြုံရာလေပစ် နေရတာကြောင့်ရော ဒေါနရဲ့ တောတောင်ရှုခင်း 
တွေကို ခံစားရတာကတဖက်နဲ့ရော မောင်ရင်ငတေ့အတွက် ဒီခရီးက တိုတောင်းလွန်းလှပါတယ်။



သောင်ရင်းကမ်းမှ ဒေါနလမ်း (Dawna Range)                                          (ဓါတ်ပုံ မရငတ)

သောင်ရင်းကမ်းခြေ မြဝတီကနေ ဒေါနတောင်တန်းကို ကျော်ဖြတ်ခဲ့ပြီး ဒေါနလမ်း ဆုံးပါတော့မယ်၊
ကော့ကရိတ်မြို့သို့ ရောက်ပါတော့မယ်၊ အရင် လေးနာရီသွားရတဲ့ခရီး အခု တနာရီနဲ့ ရောက်ခဲ့ပါပြီ၊
ကော့ကရိတ်မြို့ကတော့ ဒေါနလမ်းအဆုံးပါ၊ ဟိုးအရင်ကတော့ ကော့ကရိတ်ဟာ ဒေါနလမ်းခရီးမှာ
တထောက်နားခဲ့ရသူတွေနဲ့ စည်ကားခဲ့တယ်လို့ ဆိုပေမယ့် ဒီကနေ့မှာတော့ မြို့ရှောင်လမ်းသစ်က 
နသာ သွားကြသူတွေများလာလို့ ဖြတ်သာသွားကြတယ်၊ နားသူမရှိသလောက်ဆိုတော့ မြို့လည်း 
ခြောက်ကပ်ကပ် ဖြစ်စပြုလာပြီလို့ မြို့ခံတွေက ပြောကြပါတယ်၊ ဟုတ်လည်းဟုတ်လောက်ပါတယ်၊
မောင်ရင်ငတေတောင်မှ ကော့ကရိတ်မြို့တွင်းလမ်းကနေ တပတ်ပတ်ကြည့်မယ် စိတ်ကူးခဲ့ပေမယ့်  
အသွားရော အပြန်မှာပါ အချိန်မရလို့ စိတ်ကူးသာရှိ အကောင်အထည် မဖော်ခဲ့ရပါဘူး။

အဲဒီလမ်းက တိုတိုလေးဆိုပြီး ဘာလို့များချဲ့ကားပြီး ရေးနေရသလဲ မေးလာသူတွေလည်းရှိပါတယ်၊ 
အဲဒီ တောင်ကြားလမ်းဟောင်း အကြောင်း ရှာဖွေဖတ်လိုက်ရင် ဘုရင့်နောင်တို့ အလောင်းဘုရားတို့
ခေတ်က အကြောင်း ကမ္ဘာစစ် ဂျပန်ခေတ်ကအကြောင်း မဆလခေတ် မှောင်ခိုခေတ်ကအကြောင်း
လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အကြောင်း ရေးကြတဲ့အခါမှာ နည်းနည်းပါးပါး လမ်းအမည်ပါရုံက 
လွဲလို့ လမ်းခရီးအကြောင်း တောတောင်ရေမြေတွေရဲ့အကြောင်း ခက်ခက်ခဲခဲ ဖြတ်သန်းသွားလာ 
ခဲ့ကြသူတွေရဲ့ ဘဝအအကြောင်းတွေကတော့ မပါဝင်သလောက်ပါ။

ရှာဖတ်လေ လမ်းဟောင်းအကြောင်းက ရှာလေ ဝေးဝေးပါ၊ အဲဒါနဲ့  အဲဒီ
လမ်းတိုတိုလေးသာ ဆိုပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းအပြည့်နဲ့ ဒီလမ်းဟောင်း
ရဲ့အကြောင်းကို မောင်ရင်ငတေ အခုရေးနေတဲ့ လမ်းသစ်အကြောင်းနဲ့ ဆက်စပ်ပြီး ရေးလာလေသူ
တွေများ ရှိများ ရှိလာလေမလား တွေးရင်း လမ်းဟောင်းအကြောင်း ရှာဖတ်ရင်း ရေးမိတာပါ။



သောင်ရင်းကမ်းမှ ဒေါနလမ်း (Asian Highway AH1)                                   (ဓါတ်ပုံ မရငတ)

ဒေါနလမ်း ကော့ကရိတ်ထိပြီးစီး ဖွင့်လှစ်ခဲ့တာ သုံးနှစ်နီးပါးရှိခဲ့ပြီဖြစ်ပေမယ့် ရှေ့ဆက်ဖောက်ရမယ့်
ကော့ကရိတ်-ကျုံဒိုး-အိန္ဒု လမ်းပိုင်းကတော့ ကြီးကြီးကျယ်ကျယ် လုပ်ငန်း အစပျိုးတာမျိုး မတွေ့မြင်
ရသေးပါဘူး၊ တရုတ်ကုမ္ပဏီ တခုကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် ရထားပြီးပြီလို့ ဆိုကြပါတယ်၊ အိန္ဒု 
လမ်းပိုင်းကတော့ ဘယ်လိုအခြေအနေမျိုး ဖြစ်လာဦးမလဲ၊ ဒေါနလမ်းပိုင်းရဲ့ ခြေဖျားမှီမမှီ ဆိုတာကို 
စောင့်ကြည့် အကဲခတ်နေသူတွေများလည်း ရှိမှာ သေချာပါတယ်၊ မောင်ရင်ငတေလည်း နောက်တ 
ခေါက်လောက်များ သွားခွင့်ကြုံလာခဲ့ရင် နောက်ဆက်တွဲ မှတ်တမ်းတခု ရေးချင်မိပါသေးတယ်။

အဲဒီ မဟာအာရှ အမြန် ကားလမ်းမ စီမံကိန်းကြီးတွေက နည်းနည်းနောနောကြီးတွေ မဟုတ်ပါဘူး၊ 
စုစုပေါင်း ကီလိုမီတာ တသိန်းခွဲလောက် ရှိတာကိုး၊ ရွှေပြည်မြေကြီးမှာတော့ ကီလိုမီတာသုံးထောင် 
ရှိမယ် ဆိုကြပြီး အခု ပြီးစီးခဲ့တဲ့ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းက ကီလိုမီတာ ၆၀ 
ရှိတာမို့ ဆက်လုပ်ဖို့ အများကြီးကျန်နေပါသေးတယ်၊ ကော့ကရိတ်-အိန္ဒု လမ်းပိုင်းကိုတော့ စတော့ 
စတော့မှာလို့ ပြောနေပေမယ့် မောင်ရင်ငတေ တွေ့ရှိခဲ့တာက မြဝတီ-ရန်ကုန် လမ်းမှာ အခြေအနေ 
အဆိုးဝါးဆုံး လမ်းပိုင်းသာပါ၊ အာရှလမ်းမကြီး ဖြစ်လာမလား မျှော်လင့်ရင်း စောင့်စားနေရတဲ့ လမ်း
ကော့ကရိတ်-အိန္ဒု လမ်းလို့သာ ဆိုကြပါစို့။

ဒီဒေါနလမ်းပိုင်း တိုတိုလေးက မောင်ရင်ငတေအတွက် ဂျန်နဝါရီညများ ခရီးစဉ်မှာ ပထမဦးဆုံးစတဲ့ 
ခရီးဖြစ်တာရယ် နယ်စပ်ဖြတ်ကျော် ခရီးဖြစ်တာရယ် အရင်တုန်းက အနက်ရောင်နယ်မြေ ဖြစ်ခဲ့တာ 
ကြောင့်ရယ် ရင်ခုန်မှုတွေများပြားခဲ့တဲ့ ခရီးတခုပါ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်နီးပါးက ထိုင်းမလေးရှား
ဘော်ဒါလိုင်းဖြတ်ကျော်ခဲ့စဉ်က စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရတာတွေကိုလည်း အမှတ်ရစေပါတယ်၊ မတူ
ညီတဲ့ ခံစားမှုတွေပေမယ့် မလေးနယ်စပ် အဝင်ဝ ရှုခင်းကို အမှတ်ရစေတာတော့ အမှန်ပါ။

ကိုးဆယ်ခုနှစ်ကျော် ကာလများက မောင်ရင်ငတေတို့ ထိုင်းရဲ့ အမြန်လမ်းမများပေါ် စရောက်တော့
အမြင်ဆန်းခဲ့ရသလို ထိုင်းနယ်စပ်လမ်းများထက် မလေးရှား နယ်စပ် အမြန်လမ်းများက နှစ်ဆမက 
ပိုမိုကောင်းမွန်နေတာတွေကို တွေ့ခဲ့ရလေတော့ အံသြရတာကို မှတ်မိနေပါသေးတယ်၊ နောက်တခါ
ဆိုးလ်မြို့တော်ဝန်းကျင်မှာ ကျင်လည်ခဲ့ရပြန်တော့ လမ်းဆိုတာ ဒါမျိုးမှ အောင့်မေ့ခဲ့ရ ပြန်ပါတယ်။

နှစ်ထောင်ခုနှစ်များမှာ ဥရောပရဲ့အမြန်လမ်းမများမှာ သွားရဖန်များလာတော့ လမ်းဆိုတာ ဘယ်လို
ဘယ်သို့ဘယ်ပုံ ကွာခြားပုံ နှိုင်းယှဉ်ပြောရမှာကို ကြောက်လာမိခဲ့ရတာက အမှန်ပါ၊ နေရှင်နယ်လမ်း
အမြန်လမ်း ဟိုင်းဝေးလမ်း မြို့ရှောင်လမ်း လမ်းသစ်လမ်းကောင်းတွေနဲ့ မြို့တွင်းလမ်း မြို့ပတ်လမ်း 
ဆောက်လုပ်ရေးလမ်း ဒိစတြိတ်ကောင်စီလမ်း စည်ပင်သာယာလမ်းမြူနီစပယ်လမ်း ဒေသန္တရလမ်း 
မြို့နယ်လမ်း ခရိုင်လမ်း ကျေးလက်လမ်း လမ်းဟောင်းလမ်းမွှားတွေကို ချောချောမွေ့မွေ့ ချိတ်ဆက် 
သွားလာနိုင်အောင် လမ်းဖောက်တဲ့အင်ဂျင်နီယာအလုပ်ကို မောင်ရင်ငတေနားမလည်ပေမယ့် အဲဒီ 
လမ်းဖောက်သူတွေကို မောင်ရင်ငတေ ဖတ်ထားမှတ်ထားဖူးတာတွေနဲ့ ဆရာလုပ်ဖို့ နည်းလမ်းတွေ 
ဗျူဟာတွေ မောင်ရင်ငတေမှာ ရှိပါတယ် သိပါတယ် ပြောရင် ယုံကြမလား မသိပါဘူး၊ အဲ ဒါပေမယ့် 
မောင်ရင်ငတေလည်း အလကားပဲတင်းနဲ့တော့ ဘယ်ပြောနိုင်မလဲ၊ တန်ရာတန်ကြေးနဲ့ပေါ့ဗျာ။

မောင်ရင်ငတေရဲ့ 
(ရက်စွဲ ပထမပိုင်းဂျန်နဝါရီညများ စာစု ()
သောင်ရင်းကမ်းမှ ဒေါနလမ်း စာစုကို ဒီနေရာမှာ အဆုံးသတ်ပါပြီ၊
ဒေါန-ဇွဲကပင်လမ်းနဲ့ ကော်သူလေးတို့ပြည် အကြောင်းကိုတော့ စာစု () အဖြစ် ဆက်ရေးမှာပါ၊
ကျေးဇူး အထူး တင်ရှိပါတယ်၊ သည်းခံ ခွင့်လွှတ် စောင့်မျှော် ဖတ်ရှုကြပါ ခင်ဗျာ။



Myawaddy-Thingan Nyinaung-Kawkareik Road(Asian Highway AH1)                   

ကျေးဇူးစကား

** * ဂျန်နဝါရီညများ ** * (သို့မဟုတ်)
သောင်ရင်း သံလွင် စစ်တောင်းမှ ဧရာဝတီသို့ စာစုများမှ
** * သောင်ရင်းကမ်းမှ ဒေါနလမ်း ** *  (သို့မဟုတ်)
မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းမှ အိမ်သို့အပြန်စာစု
ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသော့
ဒီခရီး ဒီလမ်းကို သွားဖြစ်အောင် တိုက်တွန်းနှိုးဆော်ခဲ့သောသူများ
ကားစိုက် လူစိုက် ပိုက်ဆံစိုက်၍ လိုက်ပို့ ကျွေးမွေး ဧည့်ခံခဲ့ကြသောသူများ
အားလုံးအားလုံးအား ကျေးဇူးကျေးဇူး အထူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ပါကြောင်း။

မောင်ရင်ငတေ
၀၄၀၁၂၀၁၈-၂၈၀၂၂၀၁၈

http://www.maungyinngatay.com/2018/03/blog-post.html 




Aucun commentaire:

Enregistrer un commentaire