Libellés

mercredi 22 novembre 2017

* ** အယ်ကာဇာသို့လွမ်း * **

နှစ်ဆယ်ကျော်အလွမ်း
အယ်ကာဇာသို့လွမ်း (သို့မဟုတ်) အတိတ်ကအရိပ်တခု


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

Alcazar
အယ်ကာဇာအလွမ်း (သို့မဟုတ်) အတိတ်ကအရိပ်တခု
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဒီနေရာကို ခေတ္တခဏ ပြန်လည်ဖြတ်သန်းမိခဲ့တယ်၊
လွန်ခဲ့တဲ့ အနှစ် အစိတ်ကျော်က လေးငါးလလောက် ကျင်လည်ခဲ့ရာ နေရာပေါ့။

အတိအကျ ပြောရင်တော့ ၁၉၉၂ ခုနှစ်ကုန်ပိုင်းမှာ ပေါ့လေ၊ ခေတ္တ ခိုအောင်းခဲ့ဖူးတဲ့
နေရာတွေထဲမှာ ဒီနေရာက သိပ်မှတ်မှတ်ရရ ဖြစ်စရာတော့ မရှိခဲ့ပါဘူး၊ ပြောရမယ် ဆိုရင်တော့
ဆက်သွယ်မှု ပြင်ပဧရိယာထဲကို ရောက်နေသခိုက်မှာ စိတ်အား လူအားတက်အောင် ကူညီခဲ့ကြသူ
တဦးနှစ်ဦး ရှိခဲ့တယ် ဆိုတာသာပါ၊ သူတို့တွေနဲ့ အဆက်အသွယ် မရှိခဲ့တာကြာပြီဖြစ်လို့ ဒီကနေ့မှာ 
သူတို့ ဘာတွေဖြစ်နေကြပြီလဲ နေကောင်းကျန်းမာကြပါရဲ့လား လူလောကမှာရော ရှိပါသေးရဲ့လား 
မောင်ရင်ငတေ တွေးမိရင်း အမှတ်တရ ရေးနေမိတာပါ။

မောင်ရင်ငတေ့ ဘဝက အလှည့်အပြောင်းတွေ များလှသလို ဒီလိုနေရာကို ကြံကြံဖန်ဖန် ရောက်ခဲ့ရ
တာပါ၊ မျှော်လင့်ထားတာတွေ ဘာမှ ဖြစ်မလာသလို မမျှော်လင့်တာတွေသာ ဖြစ်ခဲ့ရတဲ့ထဲက ဘဝ
အချို့ကွေ့ ဒေါင့်တနေရာရဲ့ မှတ်တမ်းမမည်တဲ့ မှတ်တမ်းအဖြစ် မှတ်တမ်းတင်ချင်မိတာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

အယ်ကာဇာ ဆိုတာက ပတ္တရားရဲ့ နာမည်ကြီး ကာဘရက် ကပွဲရုံကြီး တခုပါ၊
သူတို့အဆိုအရကတော့ ပြင်သစ်ပြည် ပါရီမြို့က Lido နဲ့ Moulin Rouge Cabaret Show နှစ်ခုကို 
ပေါင်းစပ် ဖန်တီး ထားတာပါတဲ့။

အဲဒီ ကာဘရက် ကပွဲရုံကြီးနဲ့ တဆက်တစပ်တည်းမှာ ထိုင်းရက်စတောရန့်တခုနဲ့ ကော်ဖီဘား တခု 
ရှိပါတယ်။ ပိုင်ရှင်သူဌေး ကုမ္ပဏီကတော့ တခုတည်းပါ၊ ထိုင်တွေရဲ့ထုံးစံ ဝန်ထမ်းအင်အားကတော့ 
များပြားလှပါတယ်၊ ကပွဲရုံမှာ အကသမားများနဲ့ဝန်ထမ်းအင်အား လေးရာကျော်ရှိပြီး ဆိုင်နှစ်ဆိုင်က 
အင်အားနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ခွန်နှစ်ရာကျော် ရှစ်ရာနီးပါး ရှိနိုင်ပါတယ်၊ အများအားဖြင့်တော့ 
ပတ္တရားကမ်းခြေ ဒေသတဝိုက်က ဌာနေသားတွေ များပါတယ်။

အဲဒီ အချိန် အဲဒီ နေရာမှာ ဒီကနေ့အထိ မှတ်မှတ်ရရဖြစ်နေမိဆဲ ကူညီခဲ့သူမတဦးက အဲဒီချိန်ထဲက 
ကျန်းမာရေး ချူချာသူ တဦးပါ၊ မိဘဘိုးဘွား ဇာတိမြေက ကရင်ကော်သူလေး တောင်တန်းတခုပေါ် 
ကဖြစ်ပြီး သူမလေးတို့ လက်ထက်ကျတော့ သောင်ရင်းမြစ် ကျော်ဖြတ်သန်းလို့ ယပက်လက်မြေမှာ
ယက်ကန်ယက်ကန် နေထိုင်ရင်း ရေကြည်ရာ ပတ္တရားကမ်းခြေကို ရောက်လာခဲ့ကြသူတွေပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့လို နယ်အဝေးက ရောက်ရှိလာသူတွေအတွက် နေဖို့ တန်းလျှားရှည်ကြီးတွေရှိပြီး 
အခန်းပေါင်း သုံးလေးဆယ်မျှ ရှိပါတယ်၊ မောင်ရင်ငတေက အဲဒီ တန်းလျှားအခန်းတခန်းမှာ နေခွင့် 
ရခဲ့ပြီး အဲဒီ ရက်စတော်ရန့်မှာ ထမင်း နှစ်နပ် စားခွင့် ရှိပါတယ်။

အဲဒီလိုနဲ့ အဲဒီ ရက်စတော့ရန့် ဝန်ထမ်း သူမလေးတို့နဲ့ မျက်မှန်းတမ်းလာမိကြတာပါ။
မောင်ရင်ငတေက ခင်မင်ရင်းနှီး လွယ်တတ်ပေမယ့် ဖာသိဖာသာခပ်ခွာခွာသာ နေတတ်တဲ့ စိတ်က 
အဲဒီအချိန်မှာ ပိုများပါတယ်၊ သူမလေးတို့ သူငယ်ချင်း ဆွေမျိုးတသိုက်နဲ့ နည်းနည်းရင်း လာချိန်မှာ တော့ 
မောင်ရင်ငတေ့အတွက် ပတ္တရား ညချမ်းများက အနည်းငယ် စိတ်ပျော်စရာ ဖြစ်လာပါတယ်။

မောင်ရင်ငတေကို ရွေပြည်တော်သားကြီးမှန်း သိသွားပြီးတဲ့နောက်ပိုင်း သူမတို့ရဲ့ အလုပ်လုပ်ရာက 
စားဖွယ်ရာတွေက မောင်ရင်ငတေ့အတွက် ဖွယ်ဖွယ်ရာရာ ပို ဖြစ်လာပါတယ်၊ ခက်တာက သူမတို့နဲ့ 
မောင်ရင်ငတေနဲ့ ကြားခံပြောဆိုရေးကရိယာတွေက နည်းပါးလွန်းတာပါ၊ ဗမာစာတလုံးတလေရယ် 
ထိုင်းစာ တကြောင်းနှစ်ကြောင်း ဘိုစာလေးငါးခြောက်လုံး ရက်စ်နိုး ဂိုးတူခရစ်စမတ် လောက်သာပါ၊
ခြေတွေလက်တွေနဲ့ ရောပြောမှ နားလည်သဘောပေါက်တဲ့ အဆင့်သာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

သူမလေးတို့ ဆွေမျိုးနီးစပ်ထဲက ကော်သူလေး တောင်တန်းများပေါ် ပြန် ရောက်ဖူးသူ တယောက်စ 
နှစ်ယောက်နဲ့လည်း ခင်မင်လာတော့ သူတို့က မောင်ရင်ငတေ့ကို တတ်သမျှမှတ်သမျှ စကားတွေနဲ့ 
ခင်မင်မူကို ပြလာကြသလို ရက်စတောရန့်က ရရှိလာပါတဲ့ ထိုင်းစားဖွယ်ရာတွေနဲ့ စကော့တလန် 
စိမ့်စမ်းရေကိုလည်း မောင်ရင်ငတေ ကြိုက်တတ်မှန်း သိသွားခဲ့လို့ အယ်ကာဇာ ညချမ်းချိန်တွေဟာ 
စကော့တလန် စမ်းရေနဲ့ နွေးထွေးလာခဲ့ပါတော့တယ်။

အဲဒီနေရာလေးကို ပြန်ရောက်ပြီး ဒီ လှေကားထစ်လေးတွေကို မှတ်တမ်းတင်ခဲ့မိပါတယ်၊ ဒါပေမယ့်
တကယ်ပြန်စဉ်းစားကြည့်မိတော့ အဲဒီတုန်းက ဒီလှေကားထစ်နဲ့ ပန်းခြံတွေ မရှိခဲ့ပါဘူး၊ သစ်ပင်ကြီး
တချို့ ချုံနွယ် မြက်ခင်းပြင်နဲ့ ကုန်းမို့မို့လေးသာပါ၊ အဲဒီ နေရာလေးမှာ ည ည သန်းခေါင်ကျော်အထိ 
ထိုင်ပြီး စိတ် ပင်ပန်းသမျှကို ဖြေလျော့ခဲ့ ရတာပါ၊ သူတို့တတွေကတော့ မောင်ရင်ငတေ နားမလည် 
နိုင်တဲ့ ဘာသာစကားတွေနဲ့ ပြောကြ ငြင်းခုံကြ သီချင်းတွေဆိုကြပေါ့လေ၊ ဘာပြောပြော အခုတော့
မောင်ရင်ငတေအတွက် အမှတ်တရ လွမ်းစရာညများ ဖြစ်ခဲ့ရပြီပေါ့လေ။

တကယ်တော့ တယောက်တည်း ကြောင်တောင်တောင်နဲ့ ရောက်လာတဲ့ မောင်ရင်ငတေကို သနား 
ကြပြီး သူတို့က ရယ်ရယ်မောမောနဲ့ ခင်မင်လာအောင် နောက်ပြောင်ပြောဆို ကျွေးကြမွေးကြတယ် 
ဆိုပေမယ့် သူတို့တွေရဲ့ ဘဝကမှ တောပစ်ရွာပစ် အိမ်ပစ် ထွက်ခွာလာခဲ့ကြသူတွေပါ၊ ၁၉၉၀ ခုနှစ်
မတိုင်ခင် အစောပိုင်း ကာလတွေထဲက ချောင်းကူးမြောင်းကူး ရောက်လာခဲ့ ကြသူတွေ ဖြစ်တာရယ်
ကရင်စကားမွန်စကား ယပက်လက်စကား ပြောနိုင်ဆိုနိုင်သမားတွေမို့လို့သာ အနည်းငယ်အနေစား 
ချောင်ခဲ့ကြသူတွေသာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

သူမလေးက အဲဒီချိန်က တော်တော်ငယ်ငယ်ပါ၊ အဲဒီချိန်မှာ သူမလေးက နေ့တပိုင်း ထိုင်းကျောင်း 
တက်နေပြီး ညနေတပိုင်း အလုပ်လုပ် ပါတယ်၊ ကျောင်းသူလေး တပိုင်းဆိုတော့ ဗဟုသုတ ရှိသလို 
အမေးအမြန်းလည်း ထူတတ်သူပါ၊ မောင်ရင်ငတေလည်း သူသိချင်တာမေးတာတွေကို သူနဲ့ကိုယ်နဲ့ 
ကြား ပေါက်သလောက်စကားနဲ့သာ ရှင်းပြနိုင်ခဲ့ပါတယ်။

မောင်ရင်ငတေ့ကို မေးပြော ပြောခဲ့တာတွေက အများကြီးပါ၊ နားမလည်တချက် နားလည်တချက်နဲ့ 
မောင်ရင်ငတေလည်း ဖြေမိဖြေရာ ဖြေဖြစ်ခဲ့တာ များပါတယ်၊ အခုအခါမှာတော့ ပြန်စဉ်းစား ကြည့်မိ 
လိုက်တော့ နားလည် လာမိသလိုပါ၊ သူမေးခဲ့တာတွေထဲမှာ ဘာကြောင့် နင်ပြောတာ ငါနားမလည် 
ငါပြောတာ နင်နားမလည်ရတာလဲ၊ နင်တို့ငါတို့က တိုင်းရင်းသားတွေဆို၊ နိုင်ငံကလည်း အတူတူဆို၊
ငါတို့ပြောစကား နင်တို့ ဘာတလုံးမှ နားမလည်ကြရတာ ဘာကြောင့်လဲ၊ အဲလို သဘောတွေသာပါ၊ 
အဲဒီတုန်းကတော့ မောင်ရင်ငတေလည်း သူမ မေးသမျှ ထမရေပူလျှာလွဲ ပြီးပြီးရော သဘောထားခဲ့ 
ပါတယ်၊ ကိုယ်လည်း ကိုယ့်အပူနဲ့ ကိုယ်မှလား၊ လွတ်လပ်ရေး တော်လှန်ရေး ဆိုပြီး တောမခိုနိုင်လို့ 
မြို့ခိုလာတဲ့ ကောင်မို့လား၊ အဖြေ နတ္တိပေါ့၊ ဒါတောင် မောင်ရင်ငတေက ကရင်တမတ်သားပါတယ် 
မပြောထားမိလို့လေ၊ တော်ပါသေးရဲ့လို့သာ တွေးမိလိုက်ရပါတယ်။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

အယ်ကာဇာညချမ်းများမှာ တခါတရံပါဝင်ခဲ့သူ တဦးအကြောင်းလည်း နည်းနည်းတော့ ထည့်ပြောရ 
မှာပါ၊ သူကတော့ မောင်ရင်ငတေရဲ့ မားကက်တင်းမန်နေဂျာ အရောင်းမန်နေဂျာပါ ခပ်ဖြူဖြူနွဲ့နွဲ့ပါ၊ 
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းသားပါ၊ ထိုင်းလူမျိုးစစ်စစ် ပြောပေမယ့် သူ့အသားအရေက ပြည်ကြီး 
ပေါက်ဖော် သဏ္ဍာန်သာပါ၊ မောင်ရင်ငတေ့ထက် လေးငါးနှစ်မျှ ကြီးမယ် ထင်ပါတယ်။

အလုပ်ထဲမှာ သူလည်း ခပ်တည်တည် ကိုယ်ကလည်း ခပ်တည်တည်နဲ့ နေကြပေမယ့် အယ်ကာဇာ 
ညချမ်းချိန်တွေမှာတော့ သူလည်း ရောက်ရောက်လာတတ်ပြီး ခွန်ထိုင်းတွေ ထုံးစံ မယ့်ခေါင်တပက် 
ကိုလာတခွက်နဲ့ သုံးလေးခါမျှ မော့အပြီးမှာတော့ စကားတွေ ပွင့် ပွင့်လာပါတယ်၊ ပတ္တရားကမ်းခြေ 
ဆိုတာက Homo တွေရဲ့ ရိုမန်တစ်နယ်မြေ ဖြစ်တာနဲ့အညီ အယ်ကာဇာဝန်ထမ်း အများစုမှာလည်း 
သူတို့ အနွယ်ဝင်တွေ များပါတယ်၊ အယ်ကာဇာရဲ့ အကမင်းသမီးတွေကတော့ အကကောင်းသလို 
လခလည်း ကောင်းကြသူများပါ၊ အဲဒီ မန်နေဂျာကလည်း အက မင်းသမီး မဟုတ်ပေမယ့် ခပ်နွဲ့နွဲ့ပါ၊ 
မောင်ရင်ငတေကသူတို့နွယ်ဝင်တွေနဲ့ ကံကြုံဆုံတွေ့တာတွေရှိခဲ့ပြီး တချို့ဆို ခင်ခင်မင်မင်ရင်းနှီးတဲ့ 
ဘော်ဒါအဖြစ် အပေါင်းအသင်း ဖြစ်ခဲ့ဖူးတာကြောင့် သူတို့ဘဝတွေကို နားလည်မှု ရှိပြီးသားပါ။

အဲဒီလိုနဲ့ လေးငါးခြောက်ခါ အယ်ကာဇာ ညချမ်းချိန်မှာ စကားပြောဖြစ်ပြီး ရင်းနှီးလာပါတယ်၊ သူက 
တော့ ဘိုစကား အီးစကား ပြင်သစ်စကား တတ်ကျွမ်းပါတယ်၊ အဲဒီအချိန်က ပြင်သစ်ပါရီ ဆိုတာကို 
မောင်ရင်ငတေ့ အိပ်မက်ထဲ ထည့်မမက်သေးတဲ့ချိန်ပါ၊ သူရဲ့ ဥရောပစကား ပြောသံတွေကို အလုပ် 
ထဲမှာ ကြားကြားနေတော့ တညမှာတော့ မောင်ရင်ငတေက မင်းဘယ်လို တတ်တာလဲ သင်တာလဲ 
လျှာရှည်မိပါတယ်၊ သူက သူပထမဆုံး စပြောတတ်တာက အီးစကားပါတဲ့၊ ဟာ့ ဟ ဟ ငါ့ အီးဆရာ 
က မင်းတို့ လူမျိုးပါတဲ့၊ ထိုင်း အရှေ့မြောက်ပိုင်းကနေ ကျောင်းပြီးလာခဲ့ပြီး ကျောင်းသာပြီးခဲ့ပေမယ့် 
အီးစကား ထော့နဲ့ထော့နဲ့ နဲ့ ဖြစ်နေချိန်မှာ အီးစာသင်တဲ့ဆရာကို လိုက်ရှာရင်း တွေ့ခဲ့တာပါတဲ့၊ အဲဒီ 
ဆရာ အသင်ပြကောင်းတာကြောင့် ငါ ဒီ ဥရောပ စကား သုံး လေးမျိုးကို လေ့လာလိုက်စား ဖြစ်ခဲ့ရ 
တာပါတဲ့၊ အဲဒီဆရာရဲ့ ကျေးဇူးပါတဲ့၊ အဲဒီတော့ မောင်ရင်ငတေက ပြောလိုက်ပါတယ်၊ အဲဒါကြောင့်
မင်းရဲ့ အီးစကားက ဝှဲယား အာ ယူ ဂိုးရင်း လေသံပေါက်နေတာကိုးလို့ ပြောတော့ ဟာ့ ဟားဟားနဲ့ 
ရီပါလေရော၊ ဟုတ်တယ်မှလား၊ မောင်ရင်ငတေတို့ အီးစကား မူရင်းက အနောက်တံခါးကနေ ဖြတ်
သန်းကျော်ဖြတ် ဝင်ရောက်လာခဲ့တာ မဟုတ်ပါလား ခင်ဗျာ။

ဘယ်လို ပြောပြောပါ၊ အဲဒီ ဖြူနွဲ့နွဲ့အကောင်ဟာ လုပ်ငန်းခွင်မှာ အကူအညီပေးခဲ့သူ ဖြစ်လာခဲ့သလို 
အယ်ကာဇာ ညချမ်းချိန်များဟာ မောင်ရင်ငတေရဲ့ စိတ်ဝေဒနာတွေကို လျော့ပါးလာစေခဲ့ပါတယ်။

အဲဒီလိုနဲ့ အဲဒီနယ်မြေမှာ ခြောက်လခန့် ကြာအပြီး နှုတ်မဆက်ဘဲ ခွဲခွာဖို့ ဖြစ်လာပြန်တော့ပါတယ်။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)


Pattaya Beach                                                                                 (ဓါတ်ပုံ မရငတ)

ဘာအလုပ်လုပ်လုပ် ကြာကြာမမြဲတတ်တဲ့ မောင်ရင်ငတေ့ ထုံးစံအတိုင်း ဆက်လုပ်ရင်လည်း ဘာမှ 
ထူးထူးခြားခြား ဖြစ်မလာနိုင်ဘူး ထင်မိတာရယ်၊ နေရာဒေသအလုပ် အသစ်ဆိုရင် ရောက်ဖူး ကြုံဖူး 
တွေ့ဖူးရင် ကျေနပ်တတ်တဲ့ စိတ်အခံကြောင့်သာရောက်လာခဲ့ပြီး ခြောက်လသာ ကြာပေမယ့် ထိုင်း 
တွေနဲ့ တွဲနေပေမယ့် ထိုင်းစကား လည်လည်ဝယ်ဝယ် ပြောတတ်ဖို့ စိတ်မပါမိတာရယ်၊ (ဒီကနေ့မှာ 
လည်း ပြင်သစ်ရောက်တာ ကြာနေပြီ ဖြစ်ပေမယ့် ပြင်သစ်တွေနဲ့ စကားပြောဖို့ ဝန်လေးနေတုန်းသာပါ) 
အလုပ်ပိတ်ရက် ဘီကေကေ ပြန်သခိုက် စိတ်ဒုံးဒုံးချ ပတ္တရားမြေကို ပြန်၍ ခြေဦး မလှည့်ဖြစ်ခဲ့ပါတော့ဘဲ 
ယူဘီအေ ဖော်ကာ အက်ဖ် ၂၈ ကြီးကိုစီး ရွှေပြည်တော်ဆီသို့ ပြန် ဘဝအချိုးကွေ့ တခုကို အဆုံးသတ် 
တခန်းရပ်ခဲ့ပါတော့တယ်။

အတည်မဟုတ်တဲ့ နေရပ်လိပ်စာနဲ့ စာရေးဆက်သွယ်လို့ ရနိုင်ပေမယ့် အီးမေးလ်တို့ ဖေ့စ်ဘုတ်ခ်တို့ 
စမတ်ဖုန်း ခေတ်တို့လို မဟုတ်တော့ အဆက်အသွယ်က မလုပ်ဖြစ်ခဲ့တော့ ဒီကနေ့မှာ သူမလေးတို့ 
မိသားစုတွေလည်း ဘယ်ကမ္ဘာဆီသို့ ရောက်နေကြပြီဆိုတာ မောင်ရင်ငတေလည်း ဘယ်သိနိုင်ပါမ 
လဲ လေ၊ ဒီ အယ်ကာဇာညချမ်း အလွမ်း မှတ်တမ်း ရေးပြီး ကျေးဇူတင်စကားသာ ပြောကြားလိုက်ရ 
ကြောင်းပါ ကော်သူမလေးတို့ရေ့

မောင်ရင်ငတေ ၀၁၁၂၂၀၁၆ - ၁၅၁၁၂၁၀၇




Aucun commentaire:

Enregistrer un commentaire