Libellés

vendredi 3 novembre 2017

** * ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး ** *

ပါရီရှန်ဂန် အစုန်အဆန် (ခရီးမှတ်တမ်း ပုံရိပ်များ)

ပင်လယ်မရှိသောမြေသို့ စာစု () (ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး)


ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး Bratislava-Vienna = 1 Euro                          (ဓါတ်ပုံ မရငတ)

ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီ့း့
့
ဘတ်စ်ကား လိုင်းကားစီးပြီး သွားခဲ့တာပါ၊
မယုံမရှိကြပါနဲ့ ခင်ဗျာ၊ တကယ်ကို သွားဖြစ်ခဲ့ပါတဲ့ ခရီးတခုပါ၊
ရှန်ဂန်ဗီဇာဧရိယာထဲ ပါဝင်တဲ့ နိုင်ငံနှစ်ခုကို သွားတာ ဖြစ်လို့ ဗီဇာလည်း မလိုပါဘူး၊
မောင်ရင်ငတေကတော့ အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူပြီးမှ သွားခဲ့ခြင်းဖြစ်ပါတယ်။

အွန်လိုင်းက အဲဒီ ဝမ်းယူရိုလက်မှတ်ကို ဝယ်နေစဉ်ကတော့ ဟုတ်မှဟုတ်ပါမလားလို့ ယုံရခက်ခက် 
ဖြစ်နေသေးပါတယ်၊ ဆုံးလည်း ဝမ်းယူရို ဘာဖြစ်သေးလည်းကွာဆိုပြီး စွန့်လွှတ်စိတ်နဲ့ ဝယ်ခဲ့တာပါ၊ 
တကယ်တမ်း အဲဒီမြေကိုနင်း အဲဒီကားဂိတ်ကိုရောက်တော့ ဝမ်းယူရိုဝမ်းယူရို ကြော်ငြာတွေ ပလူပျံ 
တွေ့လိုက်ရတော့ ဟုတ်ချေသားလို့သာ စိတ်ဒုံးဒုံးချ ယုံလိုက်မိရပါတော့တယ်။

နှစ်နိုင်ငံကူး ခရီး ဆိုပေမယ့်လည်း အဲဒီ ခရီးက သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး။
ဆလိုဗားကီးယားမြို့တော် ဘရာတီဆလာဗာက သြစတြီးယားမြို့တော် ဗီယန်နာကိုသွားတဲ့ ခရီးပါ၊
ကီလိုမီတာ ခြောက်ဆယ်ကျော်ကျော် မိုင်အားဖြင့် လေးဆယ်သာသာလောက်မို့ ရန်ကုန်နဲ့ ပဂိုးခရီး 
မန္တလေးနဲ့ မေမြို့ ခရီးသာသာ ကွာဝေးတာပါ။

တကယ်တော့ သြစတြီးယားနဲ့ ဆလိုဗားကီးယား နိုင်ငံတွေက အလျှားရှည်တဲ့ နိုင်ငံတွေလို့ ပြောလို့ 
ရပါတယ်၊ သြစတြီးယားအနောက်စွန်း လက်ရှ်ချင်စတိုင်းတို့ ဆွစ်ဇာလန်တို့ရဲ့နယ်စပ်မြို့ Feldkirch 
မြို့ကနေ ဆလိုဗားကီးယား အရှေ့ဖျား ယူကရိန်းတို့ ပိုလန်တို့ နယ်စပ်က Ubľa မြို့ကို ကီလိုမီတာ 
တထောင့်နှစ်ရာကျော် သုံးရာလောက် ဝေးတာပါ၊ ဒါပေမယ့် အဲဒီ နှစ်နိုင်ငံမြို့တော်တွေက တမြို့က 
အရှေ့ဖျားစွန်းနားမှာ တမြို့က အနောက်ဖျားစွန်း ကပ်ရက်မှာ တည်ရှိနေကြလို့ မြို့ညီနောင်သဖွယ် 
သမိုင်းတလျှောက်မှာ တည်ရှိခဲ့ပါတယ်ပြောရင် မမှားနိုင်ပါဘူး၊ အဲနှစ်မြို့ဝေးတာကလည်း မိုင်ပေါင်း 
၄၀ နီးပါးမျှသာရှိတဲ့အပြင် ဒန်ညုမြစ်ကမ်းနဘေးမှာ တည်ရှိကြမို့ ကူးလူးဆက်ဆံမှုတွေက ရှေးယ္ခင် 
လှေခေတ် လှည်းခေတ် ကာလတွေထဲကပင် အများအပြားရှိခဲ့မှာ သေချာလှပါတယ်။

ရောမခေတ်က တောင်ဖျား အီတလီ ဂရိဘက်ကနေ မြောက်ဖျား ပိုလန်တို့ ရုရှားဘက်တို့ကို ပယင်း 
ရှာဖွေဖို့အတွက် သွားခဲ့ကြတဲ့ ကုန်သွယ်လမ်းကြောင်း Amber Road ဆိုတာကြီးရဲ့ ခရီးတထောက် 
ကွန်းခိုနားရာ ရပ်ဝန်းလည်း ဖြစ်ခဲ့ဖူးတယ် ဆိုကြပါတယ်။


Bratislava-Viedeň = 1 Euro                                                              (ဓါတ်ပုံ မရငတ)


Slovak Lines, Bratislava-Viedeň = 1 Euro                                            (ဓါတ်ပုံ မရငတ)

Bratislava-Viedeň = 1 Euro                                
မောင်ရင်ငတေကသာ ခရီးတခုမသွားခင် သေချာရေရာအောင် လက်မှတ်ကြိုဝယ်ထားချင်တဲ့ စိုးရိမ် 
စိတ် ကဲနေလို့ ကြိုတင်ဘွတ်ကင်လုပ် ဝယ်ယူဖြစ်ခဲ့ရခြင်းပါ၊ သူတို့ဒေသခံတွေ သိရင်တော့ ရယ်ချင်
မိကြမှာပါ၊ ဒီ ဘတ်စ်ကားလိုင်း လက်မှတ်က ရပ်တဲ့ မှတ်တိုင်တိုင်းက စက်တွေမှာ အလွယ်တကူနဲ့ 
ဝယ်လို့ရပါတယ်၊ အကြွေလေး တကျပ်ထည့် ဘုလေးနှိပ်လိုက်ရင် တစ်ခ်ကက်လေးက လျှောကနဲနဲ့ 
ထွက်လာမှာပါ၊ အဲဒါလေး အသာကိုင် ကားပေါ်တက်ရုံပါ၊ နယ်စပ်ဖြတ်ကျော်ရမှာဖြစ်လို့ အိုင်ဒီလေး 
ပတ်စ်ပို့စ်လေးတွေတော့ အဆင်သင့် ဆောင်လာခဲ့ဖို့ လိုအပ်ပါတယ်။

ဒီလို လတ်မှတ်မျိုးကို အွန်လိုင်းမှာတော့ Hot Ticket လို့ ခေါ်ကြ ရေးကြပါတယ်၊
ဈေးနှုန်း ချထားတာမျိုးလည်း မဟုတ်ပါဘဲ မယုံနိုင်ဖွယ်ရာ သက်သာတဲ့ နှုန်းထားနဲ့ ခရီးသွားသူများ
အကြား ရေပန်းစားနေတဲ့ လက်မှတ် အမျိုးအစားလို့ မောင်ရင်ငတေ ဘာသာပြန်လိုက်ပါတယ်။

Viedeň ဆိုတာက ဗီယာနာ (သို့) ဗီယန်နာ ကို သူတို့ ဆလိုဗက်တွေရဲ့ စာနဲ့ ရေးတာပါ၊
အင်္ဂလိပ်တွေက Vienna ဗီယန်နာ ပြင်သစ်တွေအခေါ်က Vienne ဗီယန်န်း ဆလိုဗက်တွေကတော့ 
Viedeň ဗီးဒင်းန် သူတို့ သြစတြီးယန်းတွေပြောတဲ့ ဂျာမန်စကားနဲ့ကတော့ Wien ဗီးန်န်ပေါ့ဗျာ၊ မူလ 
ဒေသခံ Austro - Bavarois ခေါ် ဂျာမန်ကြီးတွေ ဖြစ်ကြတဲ့ Oberdeutsch အိုဘာဒွိုက်ခ်ျတွေရဲ့ စာ 
စကားနဲ့ရေးရင်တော့ Wean လို့ရေးကြပါတယ်၊ ဘူတာတွေ ကားလမ်းညွှန် ဆိုင်းဘုတ်တွေမှာတော့ 
အများအားဖြင့် Wien လို့သာ ရေးထားတာကိုတွေ့ရမှာမို့ ရုတ်တရက်ဆို ကြောင်သွားတတ်ပါတယ်၊
သူတို့ ဂျာမန်စကားမှာ W က V သံ ထွက်တယ်လို့ အလွယ် မှတ်ယူနိုင်ပါတယ်။

အဲလို တယူရိုတန် ကားလိုင်းတွေကတော့ ဘယ်နှစ်လိုင်းရှိမလဲတော့ မသိပါဘူး၊ မောင်ရင်ငတေတို့ 
စီးဖြစ်ခဲ့တာက Slovak Lines ဆလိုဗက်လိုင်းအနီရောင်ပါ၊ အဝါရောင် ချက်ကားလိုင်း အစိမ်းရောင် 
ဂျာမန်လိုင်းတွေလည်း ဒီခရီးစဉ်လေးမှာ အပြိုင်အဆိုင် အရှုံးခံ ဝင်ရောက်ပြေးဆွဲနေကြပုံ ရပါတယ်၊ 
အဝါရောင် ရေဂျီယိုဂျက်ကတော့ ဘရာတီဆလာဗာ အလာခရီးစဉ်မှာစီးဖို့ ရည်ရွယ် ဝယ်ခဲ့ပြီးပြီမို့ ဒီ 
အနီရောင်ရဲရဲ ဆလိုဗက်ကားကို စီးကြည့်ဖို့ ရွေးချယ် ဝယ်ဖြစ်ခဲ့ခြင်းပါ။


Trolejbus Škoda 31Tr SOR (Trolejbusová doprava v Bratislave)              (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာ ဗီယန်နာသွားတဲ့ ရေဂျီယိုဂျက်လို ကားလိုင်းတချို့ကတော့ မြို့လယ်အနီးဟိုနား 
ဒီနားသွားတဲ့ ဂိတ်မျိုးကနေ စထွက်ပေမယ့် မောင်ရင်ငတေ ဝယ်ထားမိတဲ့ ဆလိုဗက် လိုင်းကတော့ 
ကားကြီးဂိတ်ဝင်းမှာ တည်ရှိပါတယ်၊ မြို့လယ်မှတ်တိုင်ကနေ စီးလို့ရပေမယ့်လည်း ကားကြီးဂိတ်က
စစီးကြည့်ချင်လို့ ဂိတ်ဘက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။

တည်းခိုရာကနေ ကားကြီးဂိတ်က သိပ်မဝေးလှသလို ကျောပိုးအိတ်အလတ် တလုံးသာပါလို့ လမ်း
လျှောက်၍ သွားဖြစ်ပါတယ်၊ ဟော်တယ် စငှားစဉ်တည်းက လမ်းကြောသင့်တာကို ရွေးချယ်ခဲ့တာမို့
ဘတ်စ်ကားခ ထပ်မကုန်တော့ဘူးပေါ့၊ ချွေတာရေးသမားစစ်စစ် မောင်ရင်ငတေ့အနေနဲ့ ဘတ်ဂျက် 
အပွန်းအရှ မခံနိုင်ဘူးလေ၊ အဲဒီလို လမ်းလျှောက်သွားရင်းက မြင်မြင်သမျှ မှတ်တမ်းပြုရတာလည်း 
မောင်ရင်ငတေရဲ့ အကျင့်ကောင်းတခု မဟုတ်ပေဘူးလား။

ဘရာတီဆလာဗာ မြို့က ခပ်ကျဉ်းကျဉ်း မြို့တော်ငယ်လေးသာမို့ ဘတ်စကားတွေ ဓါတ်ရထားတွေ 
သိပ်သုံးစရာ မလိုအပ်ပါဘူး၊ မောင်ရင်ငတေတို့ နှစ်ညအိပ်သုံးရက် နေဖြစ်ခဲ့တာမှာ တခါနှစ်ခါမျှသာ 
စီးဖြစ်ခဲ့ပါတယ်၊ ဒီမြို့က ဘတ်စ်ကား ဓါတ်ရထား စီးဖူးတယ်ရှိအောင် စီးရတာလည်း ပါတာပေါ့။

နှစ်လိုဖွယ်ရာ ကောင်းလှပါတဲ့ အဲဒီမြို့တော်သေးသေးလေးအကြောင်းနဲ့ အနီရောင်ရဲရဲ TrolleyBus 
ထရော်လီဘတ်စ် သို့မဟုတ် ဓါတ်ဘတ်စ်ကားတွေရဲ့အကြောင်းကိုတော့ နောက်များမှ ပေါင်းစပ်လို့ 
ရေးပါဦးမယ်၊ အခုတော့ ရေးထားပြီးသမျှသောအတိုအစတွေထဲက သွားရင်းလာရင်း မြင်တွေ့ခဲ့ရတဲ့ 
ကားလမ်းနဘေး အတွေ့ကြုံတွေကိုသာ ခရီးမှတ်တမ်း ပုံရိပ်များအဖြစ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။



Bratislava Autobusová Stanica (Central Bus Station)                             (ဓါတ်ပုံ မရငတ)

ကားကြီးဂိတ် အဆောက်အဦးကတော့ ကြီးကျယ် ခမ်းနားခြင်းက သိပ်မရှိလှပါဘူး၊ သာမန်မျှသာပါ၊
ကားဂိတ်ရောက်ပြီး ထွက်မယ့်ဂိတ် နံပတ်ကိုရှာတွေ့တော့ ကားကဂိတ်မထိုးလာသေးပါဘူး၊ တခဏ
အကြာမှာတော့ အနီရောင်ရဲရဲ ဝမ်းယူရိုကားကြီးရောက်ရှိလာပါပြီ၊ တန်းစီစောင့်နေသူက သိပ်မများ 
တာကြောင့် မောင်ရင်ငတေကတော့ နောက်မှအသာတက်လိုက်ပါတယ်၊ မှတ်တမ်းယူဖို့ နောက်ချန် 
တန်းစီရခြင်းလည်း ဖြစ်တာပေါ့၊ ဝမ်းယူရိုတန် ကားပေမယ့် အထင်မသေးလိုက်ကြပါနဲ့၊ ထွက်ခွာချိန် 
ကတော့ တိလည်းတိကျ မှန်လည်းမှန်ကန် လှပါပေတယ်။


Slovak Lines                                                                                    (ဓါတ်ပုံ မရငတ)

ဒီဆလိုဗက်ကားလိုင်းက တနာရီ တစီး ထွက်ပါတယ်၊ လူသွားလူလာများတဲ့ အချိန်မှာတော့ ဒီထက်
အစီးရေများများ ပိုဆွဲမယ် ထင်ပါတယ်၊ တခြားဘတ်စ်ကားလိုင်း သုံးလေးငါးလိုင်းအပြင် မီးရထားနဲ့
သွားလို့လည်းရတော့ သွားချင်တဲ့အချိန်မှာ ကောက်ခါငင်ခါထသွားရုံပါ၊ ကားခေါင်းမှာ အစိမ်းရောင် 
FlixBus စာတန်းပါ တွေ့လိုက်ရတော့ လူပါးချိန်မှာ နှစ်လိုင်းပေါင်း ဆွဲကြဟန် တူပါတယ်။

ကားပေါ်မှာတော့ ခရီးသည်က အသင့်အတင့်သာ ပါပါတယ်၊ မောင်ရင်ငတေတို့ပုံစံ အရှေ့အာရှက 
မလေးလိုလို အင်ဒိုလိုလို တယောက်စနှစ်ယောက်စရယ်၊ တရုတ်လိုလို ကိုရီးယန်းလိုလို ဂျပန်လိုလို 
ပုတုတု ခပ်သေးသေး ကောင်မလေး သုံးလေးဦးရယ်၊ အမေရိကန် အင်္ဂလိစ်ရှ်စကား ဟောင်ဖွာဖွာနဲ့ 
ပြောလာကြသူ ထောင်ထောင်မောင်းမောင်း ဗိုက်ခပ်ရွှဲရွှဲ ဖိုးကြီးအိုဖွားကြီးအို လေးငါးယောက်တစုနဲ့
တလမ်းလုံးလို ဖရန့်ကစ်စ်တွေနဲ့ ကဲလာကြတဲ့ မြင်းမြီးရောင်ဆံပင် မျက်လုံးပြာပြာနဲ့ စုံတွဲတတွဲရယ် 
ပါပါတယ်၊ အများစုကတော့ ဒေသခံ အလုပ်သမား လယ်သမား ကျောင်းသူ ကျောင်းသားလေးတွေ
သာဖြစ်ပုံရပါတယ်၊ သူတို့ရဲ့ပုံစံတွေကတော့ အလုပ်သွားကျောင်းသွား ဈေးဝယ် သွားကြလာကြတဲ့
ပုံစံမျိုး ကျောပိုးအိတ်လေးတလုံး ဈေးဝယ်အိတ်လေးတလုံးနဲ့ သုံးလေးငါးမှတ်တိုင်သာ ဘတ်စ်ကား

လိုင်းကားစီးကြတဲ့ ဟန်သာ ပေါက်တာပါ။


ဥရောပအမြန်လမ်း အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာ                                   (ဓါတ်ပုံ မရငတ)
  
ဘရာတီဆလာဗာကားဂိတ်ကနေ ထွက်လာပြီးနောက် လေးငါးမိနစ် မကြာလိုက်ပါဘူး၊ ကားပေါ်မှာ 
နေရာတကျတောင်မှ မထိုင်ရသေးတဲ့သူတွေလည်း ရှိနေဆဲပါ၊ စလိုဗားကီးယားရဲ့ ဟိုင်းဝေးအမှတ် 
၆၁ သို့မဟုတ် Route Européenne 58 (E58) ပေါ်သို့ ရောက်ရှိ လာခြင်းပါ၊ အီး ၅၈ လမ်းမကြီးက
ဗီယန်နာ-ဘရာတီဆလာဗာကနေ ယူကရိန်း ရူမားနီးယား မိုလ်ဒိုဗာ မှတဆင့် ရုရှားပြည်ကို ရောက် 
ရှိမယ့် ဥရောပ အရှေ့နဲ့အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မိုင်တသောင်းလေးထောင်ခန့် ရှည်တဲ့ 
အမြန်လမ်းမကြီး တစင်းပါ၊ သို့ပေမယ့် ဗီယန်နာနဲ့ ဘရာတီဆလာဗာ လမ်းပိုင်းကလွဲလို့ အများစုက 
ကျေးလက်လမ်း ခရိုင်လမ်း အဆင့်မှာသာ ရှိနေဆဲပါ၊ တိုးချဲ့ဖောက်လုပ်နေဆဲသာပါ။

မကြာခင်မှာတော့ နှစ်ထပ်လမ်းတွေနဲ့ လမ်းဆုံခပ်ကြီးကြီးတခုကို ရောက်ရှိခဲ့လာပြီး နယ်စပ်ဂိတ်ကို 
ဖြတ်ကျော်ပါတယ်။ ဒါပေမယ့် သတိမထားမိရင် သိလိုက်မှာတောင်မဟုတ်တဲ့ နယ်ခြားဖြတ်ကျော်မှု 
တခုပါ၊ နယ်ခြားဖြတ်ကျော်ရာမှာတော့ ကားက ဥရောပအမြန်လမ်း အီး ၅၈ လမ်းအတိုင်း သွားတာ 
မဟုတ်ပါဘူး၊ I/61 (Slovensko) လမ်းအမှတ် ၆၁ လမ်းအတိုင်း သွားတာပါ၊ အဲလမ်းဆုံက အီး ၅၈
အီး ၆၅ တို့ ဆုံဆည်းရာလည်း ဖြစ်ပါတယ်၊ နှိုင်းယှဉ်ပြောရရင်တော့ မင်္ဂလာဒုံကိုကျော် ထောက်ကြံ့
လမ်းဆုံဝန်းကျင်ကို ရောက်ရှိလာခြင်းပုံစံပါ၊ ဒါပေမယ့် ဘရာတီဆလာဗာမြို့တော်လေး တည်ရာက 
သြစတြီးယား နယ်စပ်နားမှာမို့ မြို့တော်နဲ့ နိုင်ငံ နယ်နမိတ်စည်းက အတူတူလို့ ပြောရမှာပါ။


ဟိုးဝေးဝေးမှာ တရိပ်ရိပ် ကျန်ခဲ့လေတဲ့  ဘရာတီဆလာဗာ                             (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာမြို့လေးကတော့ နောက်မှာ တရိပ်ရိပ်နဲ့ ကျန်နေရစ်ခဲ့ပါပြီ၊
နှုတ်ဆက်ခဲ့ပါတယ့့်
ရာ တီ လာ ဗာ့ ရေ့
Au Revoir et à Bientôt့
Zbohom a Čoskoro sa Uvidíme့
ပြန်ဆုံကြဦးစို့ ပြောခဲ့ချင်ပါရဲ့
Čoskoro ဂျော့ ခို ရို့ မကြာခင် လာပါဦးမည် ပေါ့ ဘရာတီဆလာဗာ့ ရေ။

နယ်စပ်ကျော်တာနဲ့ လမ်းအမှတ် ၆၁ ဂိတ်ဆုံးပြီး သြစတြီးယားရဲ့ B9 လမ်းမပေါ် ရောက်လာခဲ့ပါပြီ၊ 
B9 ရဲ့ မူလရှေးရှေးအခေါ်ကတော့ Pressburger Straße (Pressburger Bundesstraße) လမ်းပါ၊
ဘရာတီဆလာဗာမြို့ကို ဒေသခံသြစတြီးယန်းတွေရဲ့ မူရင်းအခေါ် Preßburg(Pressburg) ဖြစ်လို့
ဒီအမည်က ဒီလမ်းမှာ လာတွင်နေဟန် တူပါတယ်၊ ဘရာတီဆလာဗာ မြို့တော်ဆီသို့ သွားရာလမ်း
ဖြစ်လေသည်ပေါ့၊ ရှေးလူကြီးသူမတွေရဲ့ အစွဲကင်းကင်း အမည် မှည့်ခ်ါခဲ့ပုံတွေက ချစ်စရာသာပါ။

Bundesstraße 9 (B9) သို့မဟုတ် လမ်းအမှတ် ဘီ လမ်းက အမြန်လမ်းမဟုတ်ဘဲ မြို့လေးတွေ
ရွာလေးတွေကို ကွေ့ကောက်သွားရတဲ့ လမ်းတလမ်းပါ၊ ခရိုင်အဆင့်ရှိလမ်းပါ၊ လှပတဲ့တောမြို့လေး
တွေ တောကျေးရွာလေးတွေကို လယ်ယာကွင်းတွေကြားထဲမှာ တွေ့မြင်ရခဲ့တာမို့ မောင်ရင်ငတေရဲ့
စိတ်ကြိုက်ခရီးတခု အဖြစ် စာရင်းမှတ်တမ်း ဝင်ခဲ့ပါတယ်။


Pressburger Straße လမ်းပေါ်က မြင်ရတဲ့ ဘရာတီဆလာဗာမြို့သစ် Dlhé Diely (ဓါတ်ပုံ မရငတ)

တရိပ်ရိပ် လည်ပြန်ကြည့်ရင်း နယ်စပ်အကျော် သြစတြီးယန်းမြေ Pressburger Straße လမ်းမပေါ် 
ရောက်အလာမှာ မြင်တွေ့ရတဲ့ ဘရာတီဆလာဗာရဲ့ စက်မှုဇုံလို့ ခေါ်လေမလား စက်မှုမြို့သစ်ဆိုပြီး 
ခေါ်ရလေမလား မသိ့ ဟောင်ကောင်လိုလို တိုင်ပေလိုလို တိုကျိုလိုလို (လိုလို လို့ 
ရေးရတာ မောင်ရင်ငတေလည်း မရောက်ဖူးလို့ပါ) လူနေအိမ်ခန်း တိုက်ခန်းတွေကို တစုတဝေးကြီး 
အစုလိုက် အပြုံလိုက် တွေ့မြင်လိုက်ရတော့ အနည်းငယ် အံသြသွားမိရပါတယ်၊ မြို့လုံးတပတ်ကိုမှ 
မပင်မပန်း လမ်းလျှောက်ပတ်လို့ရနိုင်ပါတဲ့ အဲဒီမြို့တော်လေးရဲ့ ဆင်ခြေဖုံးကို အဝေးကနေ ဒီလိုမျိုး 
မြင်တွေ့လိုက်ရတော့ မောင်ရင်ငတေ အံသြမိတာ မလွန်လောက်ပါဘူး။

မနေ့က ခံတပ် ရှိရာကို သွားခဲ့စဉ်က အနီးကပ် တွေ့ခဲ့ရပေမယ့် ဒီကနေ့ အဝေးက မြင်ကွင်းလောက်
မပီပြင်လှပါဘူး၊ တကယ့်ကို ကွန်ကရစ်တောကြီးပုံစံ မြင်တွေ့ရတာမို့ ဒီအရပ် ဒီဒေသမှာ အံသြရမိခဲ့ 
တာပါ၊ အဲဒီအကြောင်းတွေကို တခမ်းတနားနဲ့ထား ပြာလဲ့ဇာချဲ့ပြီး ရေးလိုက်ရရင်တော့ အနည်းဆုံး 
တဆယ့်လေးငါးမျက်နှာ ရှိနိုင်ပါတယ်၊ သူကလည်း သူ့အတိုင်းအတာနဲ့သူ နာမည်ကြီးမားတဲ့ နေရာ
တခုပါ၊ ဟိုးးးးးးး တချိန်တုန်းကပေါ့၊ ဆိုရှယ်လစ် တခေတ်ကို ပြောင်းဖို့ လုပ်ခဲ့ကြစဉ်က ပေါ့လေ။

အဲဒီနေရာတဝိုက်မှာ စက်မှုခေတ်ပြောင်းတော်လှန်ရေးရဲ့ အနှစ်သရုပ်ဖော်ဖို့ စက်ရုံကြီးတွေ လာလို့
မတည်ခဲ့ကြတယ် ဆိုပါတယ်၊ စက်မှုသို့ ပြောင်းမပြောင်းတော့ မပြောတတ်ပါဘူး၊ ဆိုရှယ်လစ်ဆိုတဲ့
ပေတံ စကားလုံးကတော့ ဒီကနေ့ ဒီနေရာမှာ မရှိတော့တာတော့ သေချာလှပါတယ်၊ အရင် မူလက 
တည်ခဲ့တဲ့ ဆိုရှယ်လစ် ပြည်သူ့စက်ရုံတွေ နေရာမှာ ဗော့ခ်ဆွာဂန်တို့ စကိုဒါတို့လို အကြီးစား ဆရာ့
ဆရာကြီးတွေ အစားထိုး ဝင်ရောက်နေရာယူလာခဲ့ရာက အခုလို ကွန်ကရစ်တိုက်တောကြီးတခုက 
မြို့တော်လေး ဘရာတီဆလာဗာရဲ့ ဆင်ခြေဖုံးစီးတီး တခုအသွင် ဝေဝေဖြာဖြာ စည်စည်ကားကား 
ပေါ်ထွက်လာခဲ့တယ် ဆိုပါတယ်၊ ဒီနေရာလေးတဝိုက်မှာ နိုင်ငံခြားသား အလုပ်သမားကိုက စာရင်း 
အမှန်အကန်တွေအရ လေးငါးခြောက်သောင်းမျှမက ပေါက်ပါတယ်လို့ ဆိုကြတာမို့ မောင်ရင်ငတေ့ 
အတွေးမှာ ယူရိုမီလီယံလေး ထို့း့ ပေါက်ခဲ့ရင့့် အခန်းလေး တခန်းဝယ် ပြန် 
ငှားစားရင့့် ကောင်းလိမ့်လေမလာ့း့ စိတ်ကူးပေါက်လာမိခဲ့ပါရဲ့။

Volkswagen, Skoda, Audi, Porsche ကားထုတ်လုပ်ရေး လုပ်ငန်းတွေအပြင် Hewlett-Packard 
IBM, Dell, Lenovo တို့လို့ အိုင်တီစက်ရုံတွေ (ဒါ့အပြင် ဓာတု စက်ရုံကြီးတွေ အများအပြား ရှိသလို 
ဓာတုတက္ကသိုလ်တခုလည်း ရှိတယ်ဆိုပါတယ်) အဲဒီလို အများအပြား ဒီနေရာမှာလာရောက် ရင်းနှီး 
မြုပ်နှံ နေကြတယ် ဆိုကြတော့ မောင်ရင်ငတေလည်း ဘဏ်ချေးငွေလေးတွေ ချေ့း့ ဒီနေရာမှာ 
ဘာကြောင့် လာ့ ရင်းနှီး မမြုပ်နှံ ရဲ့  ရမလဲလေ့ ဟုတ်တယ်မှလား။

Dlhé Diely (Karlova Ves) အရပ်ဒေသလေးမှာ ဘယ်ခေတ်နဲ့မှ မတူတဲ့ ပြောင်းလဲမှုတွေ လျှင်မြန် 
မှုတွေများစွာနဲ့ ဖြစ်ပေါ်လာခဲ့တယ်၊ လူစိမ်းတွေ သောင်းနဲ့ချီပြီး အလုပ်လုပ်ဖို့ ရောက်လာခဲ့ကြတယ်၊ 
လူနေအိမ်တိုက်ခန်ုးတွေ ပွစိတက် ဆောက်လာခဲ့ကြတယ်၊ စက်မှု ဖွင့်ဖြိုးမှုနဲ့အတူ ပြဿနာတွေက 
လည်း သောင်းခြောက်ထောင်မက ပူးတွဲပြီးပါဝင်လာခဲ့ကြတယ်၊ အမြင်ကျဉ်းကြတဲ့ ရှေးရိုးစွဲ ဒေသခံ 
တွေ ဒီနေရာ ဒီဒေသမှာ ရှိနေမှာကလည်း မြေကြီးလက်ခပ်မလွဲ သေချာပါတယ်။

အဲဒီလိုနဲ့ သိပ်မကြာသေးပါဘူ့း့ ၂၀၁၀ သြဂတ်စ်လကုန်ပိုင်းမှာ
ဒီဒေသရဲ့ စက်မှုမြို့ပြ ဖွင့်ဖြိုးမှုတွေအောက်မှာ ကြောက်စရာအထိပ်အလန့်တခု ဖြစ်ပွားခဲ့ဖူးပါတယ်၊

ဖြစ်ပွားခဲ့ရာကတော့ ဂျာမန်တွေရဲ့ Volkswagen ဗော့ခ်ဆွာဂန် ကားစက်ရုံခွဲ တည်ရှိရာ Devínska 
Nová Ves မြို့သစ်မှာပါ၊ အဲဒီနေရာက ဟိုး အတိတ်သမိုင်းတလျှောက် စစ်ပွဲတွေရှိတော့ ရှိခဲ့တယ် 
ဆိုပေမယ့် မိုရာဗာမြစ်ရိုးတလျှောက် စပျစ်ခင်းတွေ ဆီးသီးခြံတွေ ပန်းသီးခြံတွေ သစ်တော်ခြံတွေနဲ့ 
အေးအေးစိုက် အေးအေးစား အေးအေးနေ သာယာဝပြောတဲ့ နယ်မြေတခုအဖြစ် ရပ်တည်ခဲ့တာပါ။

အဲဒီ နာမည်ကျော် Bratislava Shooting ကိုတော့ မောင်ရင်ငတေ အကျယ်ချဲ့ပြီး မပြောချင်ပါဘူး၊
လူတောမတိုး ဖာသိဖာသာနေတတ် လူခပ်အေးအေးတယောက်ရဲ့ သွေးအေးအေးနဲ့ ဂေါက်ကြောင်
ဇာတ်လမ်းကတော့ မဆန်းလှပေမယ့် မှတ်တမ်းမှာတော့ဝင်ခဲ့ပါတယ်၊ တောထဲတောင်ထဲနဲ့ ခပ်နီးနီး
ဆိုတော့ ဒီလိုလူမျိုးဂေါက်တာ သာမန်နော်မယ်အဆင့်သာပါလို့ ပြောကြသူတွေလည်းရှိကြောင်းပါ။

ဒီစာရေးနေသခိုက် ကြုံလို့တိုက်ဆိုင်လာလို့ ထည့်ပြောရရင် မကြာခင်က အမေရိကမှာ ဖြစ်ပွားခဲ့တဲ့ 
2017 Las Vegas Shooting ဆိုတာကြီးနဲ့ အဲဒီ 2010 Bratislava Shooting အဖြစ်အပျက် အချိန် 
နေရာတွေ နည်းနည်းကွာဟပေမယ့် ဂေါက်ကြောင်တာကတော့ တသွေမတိမ်း တူညီကြောင်းပါ။

အကြောင်းတချက်ကတော့ ဒီဒေသမှာက စစ်ပြန်တွေရဲ့စစ်ကျန် ‘အေကေ လေးဆယ့်ခွန်နှစ်’ တို့လို
မီးကျိုးပေမယ့်မောင်းမပျက်သေးတဲ့ ‘ရိုင်ဖယ်’ ဆိုတာတွေက ဖောချင်းသောချင်း ရှိနေသေးတာကိုး၊ 
အဲဒီ ရိုင်ဖယ်သမားရဲ့ ဂေါက်ကြောင်မှုဒဏ်ကို ခံလိုက်ရတာကတော့ Rom ခေါ် ရွှေ့ပြောင်းအခြေချ
မိသားစုဝင်တွေသာပါ၊ ဒီနယ်မြေမှာ ဒီလိုခပ်ဂေါက်ဂေါက်ဇာတ်လမ်းမျိုးတွေ ရှိခဲ့ပေမယ့်လည်း ပုံမှန် 
အားဖြင့်ကတော့ ဘဝကို ခပ်ရိုးရိုး ခပ်အေးအေး ဖြတ်သန်းကြသူတွေသာ များပါတယ်။


Devínsky Hrad Devín Castle                                                              (ဓါတ်ပုံ မရငတ)

အနီရောင်ရဲရဲ ဆလိုဗက် လိုင်းကားကြီးကတော့ တရွာဝင် တရွာထွက် ဆင်းသူဆင်း တက်သူတက်
အရှိန်နှုန်း မှန်မှန်နဲ့ လမ်းအမှတ် ဘီ ၉ အတိုင်း သွားနေပါတယ်၊ မောင်ရင်ငတေလည်း တွေ့မြင်ရတဲ့ 
ရှုခင်းတွေကို ငေးမောရင်း လိုက်ပါလာပါတယ်၊ ကားပြူတင်းမြင်ကွင်းထဲမှာ ပေါ်လာတာက မနေ့က 
မောင်ရင်ငတေတို့ နေ့တဝက်တာ အချိန်ဖြုန်းခဲ့တဲ့ ဒန်ညု မိုရာဗာမြစ်ဆုံက Devínsky Hrad ဒေဗင် 
ခံတပ်ကြီးပါ၊ ကားလမ်းညာဘက် ခပ်ဝေးဝေးမှာ အတော်လေး ထင်ထင်ရှားရှား လှမ်းမြင်ရပါတယ်။

မနေ့ကတော့ အဲဒီ ခံတပ်ရဲတိုက်ဟောင်းကြီးတဝိုက်က ဒန်ညုမြစ်ရိုးတလျှောက် နပိုလီယံရဲ့ ခြေရာ 
ဟောင်းတွေကို လိုက်နင်းရင်း အချိန်တွေကုန်လွန်ခဲ့တဲ့ မောင်ရင်ငတေတယောက် ဒီကနေ့မှာတော့
ဝမ်းယူရိုတန် အနီရောင် Slovak Lines ဆလိုဗက်ကားလိုင်းပေါ်မှာ ရောက်ရှိနေပါပြီ၊ အဲဒီ နေရာကို 
နောင် ဘယ်တော့ ဘယ်ခါ ပြန်ရောက်မယ်မှန်း မသိနိုင်သလို ဘယ်တော့မှလည်း ပြန်မရောက်တာ 
မျိုးလည်းဖြစ်နိုင်တာမို့ ခပ်လွမ်းလွမ်းနဲ့သာ လှမ်းမျှော်ကြည့်ရင်း ကားရဲ့ခေါ်ဆောင်ရာနောက်ကိုသာ 
စိတ်ရောကိုယ်ပါနှစ်ရင်း မကြာခင်မှာ ရောက်ရှိတော့မယ့် ဗီယန်နာမြို့ အကြောင်းကိုသာ ပြောင်းလဲ 
စဉ်းစားဖို့ ကြိုးစားရင်း ဝမ်းယူရိုကားပေါ်မှာ ငေးမောလိုက်ပါ လာခဲ့ပါတယ်။

အဲဒီမြို့တော် နှစ်ခုကြားက ကားလမ်းမနဘေး မြင်ကွင်းတွေကတော့ တောင်တန်းတောင်ကုန်းတွေ 
သိပ်မတွေ့ရပါဘဲ မြေပြန့်စိုက်ခင်းတွေသာ အတွေ့ရများပါတယ်၊ အိမ်ခြေနည်းနည်းနဲ့ မြို့ရွာကလေး 
တွေသာ များပါတယ်၊ သုံးနိုင်ငံရဲ့ တြိဂံဆုံချက် (ဟန်ဂေရီ စလိုဗားကီးယား သြစတြီးယား) အနီးမှာ 
ဆိုပေမယ့် တောတောင်ထူထူထဲထဲ နက်နက် မရှိလှပါဘဲ လွင်ပြင်တွေများ စိုက်ခင်းတွေသာများပြီး 
မူရင်းဒေသခံတွေက စကားသုံးမျိုးကွဲပေမယ့် အချင်းချင်း ပြဿနာရှိကြဟန် မတူပါဘူး၊ ရွာဆက်က
မပြတ် သလောက်ပါ၊ ဈေးသွားဈေးပြန် ကျောင်းသွားကျောင်းပြန် အလုပ်သွားအလုပ်ပြန် များတာမို့
မှတ်တိုင်တိုင်းမှာလို ရပ်ပါတယ်၊ သွားနေကျခရီးမှာ ဆုံနေကျသူတွေလည်း ဖြစ်ဟန်တူပါတယ်။

လူအများစုကတော့ ရီရီမောမော ပြုံးပြုံးရွှင်ရွှင်တွေ များပါတယ်၊ ပါရီ မြေအောက်မေထရို စီးရသလို 
အလုပ်ဒဏ်ပိနေတဲ့ပုံစံ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံ စိတ်အလိုမကျနေတဲ့ပုံစံတွေကို သိပ်မတွေ့ရပါဘူး၊ 
စိတ်ကြည်လင်နေကြတော့ သဘောကောင်းကြပုံလည်း ပေါက်ကြပါတယ်။

မနေ့က ဒေဗင်ခံတပ်သွားတဲ့ ဘတ်စကားပေါ်မှာ မောင်ရင်ငတေတို့ မြေပုံတချပ်နဲ့ အလုပ်ရှုပ်နေချိန် 
ဘေးနားထိုင်နေတဲ့ ဒေဗင်နယ်သားအဖိုးကြီးတယောက် စေတနာအပြည့်နဲ့ လမ်းညွှန်သမှု ပြုခဲ့ပုံကို  
ပြန်လည်လို့မြင်ယောင်မိရပါသေးတယ်၊ စိတ်ရင်းစေတနာဆိုတာ အနေအထိုင်ကောင်း အလုပ်ကိုင် 
ကောင်းကြဖို့ကိုအခြေခံတာ ကိုးဆယ်ရာနှုန်းလို့သာ မောင်ရင်ငတေ တွက်ဆမိရပါတယ်၊ ပါရီမြို့မှာ 
ဒါမျိုးက မရှိသလောက် ဖြစ်နေသလို မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ရွာမှာလည်း ခုတ်ထစ်ပါးပါးလှီးမှု 
တွေကိုသာ များများ ကြားနေရတော့ မောင်ရင်ငတေ့ တွက်ဆအတွေး မှန်လောက်ပါတယ်။

ဒေသခံ အလယ်ဥရောပ ဇာတိသားတွေကိုသာ အများအပြားတွေ့ရပြီး အာဖရိကန်တွေ အာရပ်နွယ် 
ဖွားတွေ သိပ်မတွေ့ရပါဘူး၊ တောနယ်အရပ်မို့ထင်ပါရဲ့၊ အရှေ့ဥရောပသား ဆာဗီးယား ခရိုအေရှား 
ရူမားနီးယားတို့ကိုတောင်မှ သိပ်မတွေ့မြင်ခဲ့ရပါဘူး၊ သူတို့တတွေကို အလွယ်ခွဲခြား ပြောရရင်တော့  
ဆလိုဗက်တွေက အသားဖြူဆံပင်ဖြူ (ရွှေအိုရောင်ပေါ့လေ) အဖြူဘက်ပို၍ များကြပြီး အရှေ့ဘက်
ဟန်ဂေရီမြေဝန်းကျင်ရောက်လို့ လာခဲ့ရင်တော့ အသားတွေကညို ဆံပင်တွေကမည်းလို့ လာကြပြီ၊ 
အဲဒီလို မောင်ရင်ငတေရဲ့ အကြမ်းမှတ်နည်းနဲ့ မှတ်နိုင်ပါတယ်၊ ဥရောပ မြောက်ပိုင်းက အဖြူများပြီး
တောင်ပိုင်းနဲ့ အရှေ့ပိုင်းသားတွေက လူညို ဆံပင်မည်းလို့လည်း အလွယ် မှတ်ယူနိုင်ပါတယ်။

ရွာသာသာ တောမြို့လေး ဆယ်မြို့လောက်ကို ကွေ့ပတ်ဖြတ်သန်းခဲ့ပြီးနောက် မြို့တော်ဗီယန်နာရဲ့
အဓိက လေဆိပ်ကို တထောက် ဝင်ရပ်နားပါတယ်၊ ဘရာတီဆလာဗာကနေ စီးလာတဲ့ အမေရိကန် 
တသိုက်လည်း အိပ်ကြီးအိပ်ငယ်တွေမ ဆင်းသွားကြပါတယ်၊ သြော်ဒီလိုင်းကားက နိုင်ငံကူးရုံမျှမက 
အဲယားပို့တ်ဘတ်စ်လည်း ဖြစ်သကိုးလို့ မောင်ရင်ငတေ စိတ်ထဲ တွေးမိရပါတယ်။

အဲဒါကြောင့်အဲဒီလို နှစ်နိုင်ငံနှစ်မြို့တော်ကို ပေါင်းကူးပေးတဲ့ ကားလိုင်းဖြစ်နေပေမယ့်လည်း လမ်းမ
တလျှောက် ကားမှတ်တိုင်တွေမှ တက်လာသူဆင်းသွားတဲ့သူတွေ တွေ့မြင်မိရတာကြောင့် နှစ်နိုင်ငံ 
ကူးတဲ့ ခရီးဝေး လိုင်းကားဟု ပြောဖို့က ခက်လှတာမို့ နှစ်မြို့တော်ကူး ဘတ်စကားလိုင်း တခုဟုသာ 
ပြောကြားချင်မိရပါတယ်၊ ဘယ်လိုသာဖြစ်ဖြစ် ကီလိုမီတာခြောက်ဆယ် နှစ်နိုင်ငံ မြို့တော်နှစ်မြို့ကို 
ဝမ်းယူရို ကျပ် တထောင့်ခြောက်ရာသာဖြစ်ပါ၍ ဒီထက်တန်တာ မရှိပါကြောင်း ပြောနိုင်ပါတယ်။

အဲဒီလိုနဲ့ တမှတ်တိုင်ဝင်တမှတ်တိုင်ထွက် မြို့ပတ်ရွာပတ်ပတ်ရင်း မနက်ဆယ်နာရီက ထွက်လာတဲ့ 
အနီရောင် ဆလိုဗက် အင်တာနေရှင်နယ် လိုင်းကားကြီးဟာ နေမွန်းမတည့်မီ ၁၂ မတ်တင်းနီးပါးမှာ 
ဗီယန်နာ ဗဟို မီးရထားဘူတာရုံကြီးအနီး ကားဂိတ်ကြီးမှာ ခရီးအဆုံးသတ်ပါတော့မယ်ဖြစ်ကြောင်း 
ကားမောင်းဆရာကြီးက ဂျာမန်လို အင်္ဂလိပ်လိုပြောရင်း နှုတ်ဆက်ရင်း ခရီးလမ်း ဖြောင့်ဖြူးသာယာ 
ကြပါစေကြောင်း ဆုတောင်းပေးပါတယ်၊ မောင်ရင်ငတေတို့လည်းပြန်လို့ မက်ဆီး ဘိုကူး သိုင်းကျူး 
လုပ်ပြီး စီးလာခဲ့ရာ အနီရင့်ရင့် ဆလိုဗက်ကားကြီးကို မှတ်တမ်းတင်ပုံရိုက်ဖို့ ကင်မရာကိုအသင့်ပြင် 
ကျောပိုးအိတ်ထမ်းပြီး ဆင်းဖို့ အသင့်ပြင် နေရာယူ လိုက်ပါတယ်။

ကားဂိတ်သို့ ဝင်ခဲ့ပါပြီ၊့ ရောက်ခဲ့ပါပြီ ဗီယန်နာ၊
ကားဂိတ်တော့ ကားဂိတ်ပါ၊ သို့သော် ဘူတာကြီးအရှေ့က ကားပါကင်လို့သာ ပြောရင် ပိုမှန်ပါမယ်။

ဒီနေရာမှာ ကြုံလို့တခုပြောရရင်တော့ မောင်ရင်ငတေ ရောက်ဖူးတဲ့ ဥရောပမြို့ တော်တော်များများ 
တော်တော်များများမှ တော်တော်များများပါ၊ ကိုးဆယ်ကိုးဆယ့်ငါး ရာခိုင်နှုန်း ဆိုကြပါစို့၊ အဝေးပြေး 
ကားကြီးဂိတ်တွေတည်ရှိရာက မြို့လယ်မီးရထားဘူတာကြီးတွေ အရှေ့ သို့မဟုတ် နဘေးနားမှာပါ၊
အဝေးပြေးဆိုပြီး မြို့ပြင်အဝေးမှာ သီးသန့် တည်ရှိတာက နည်းပါးလှပါတယ်၊ ပါရီမြို့လို ဘူတာကြီး 
ခွန်နှစ်ခုလောက် မြို့အလယ်မှာတည်ရှိတဲ့ မြို့ကြီးမျိုး ဆိုရင်တော့ ကားဂိတ်တွေက ဘူတာအနီးနား 
ကပ်လျှက်မှာ မရှိတတ်ပါဘူး၊ မြို့ပြင်အစပ် မလှမ်းမကမ်းမှာသာ ရှိတတ်ပါတယ်၊ မြို့ထဲဆက်သွားဖို့ 
ကိုတော့ မေထရိုဘူတာတွေနဲ့ ချိတ်ဆက် ပေးထားပါတယ်၊ အခုနောက်ပိုင်း ကားဂိတ်မသွားဘဲ မြို့ 
ထွက်ပေါက်တွေမှာ အဝေးပြေး မှတ်တိုင်တွေထား လူတင်တာမျိုးလုပ်လာတော့ မောင်ရင်ငတေတို့
အတွက် အနီးစပ်ဆုံး အစဉ်ပြေရာ မှတ်တိုင်ကို ရွေးချယ်စီးခွင့် ရလာပါတယ်။

ဗီယန်နာကို အရင်တခေါက် ရောက်ခဲ့စဉ်အခါက မြို့ပြင်စပ်စပ်မှာ ကားကြီးဂိတ်သဘောမျိုး သီးသန့်
ရှိခဲ့ဖူးတာ ကြုံခဲ့ရပေမယ့် အခုတော့ ဗဟို မီးရထားဘူတာကြီးကလည်း အသစ်ဖြစ် အဝေးပြေးကား 
ရပ်နားရာကလည်း ဘူတာရုံသစ်နဲ့ တွဲလျှက်ဆိုတော့ သွားရေးလွယ်တာမို့ မောင်ရင်ငတေ သဘော 
ကျမိရကြောင်းပါ၊ အဲဒါနဲ့ တည်းခိုဖို့ ဟော်တယ်ရှာတော့လည်း ကားနဲ့လာပြီး ရထားနဲ့ ပြန်ထွက်မှာမို့ 
ကား ရထားဂိတ်နဲ့ မျက်နှာချင်းဆိုင်က ဟော်တယ်ကိုသာ ရွေးချယ်ဖြစ်ခဲ့ရပါတယ်။


Busbahnhof Wiedner Gürtel, Wien Hbf, 1040 Wien, Autriche                (ဓါတ်ပုံ မရငတ)

ဒုတိယအကြိမ်မြောက် ဆုံဆည်းခွင့်ရတဲ့အတွက် ဝမ်းမြောက် မိရပါတယ် ဗီယန်နာရေ
ပထမခေါက်ထက်တော့ အချိန်ပိုရသလို ပြင်ဆင်လေ့လာထားမှုများစွာ ရှိခဲ့တာမို့ ဗီယန်နာရေ
ကြိုဆိုလှည့်ပါတော့

ဗီယန်နာမြို့ကြီးအကြောင်း သိကောင်းဖွယ်ရာတွေကိုတော့ ရေးဖို့ ကြိုးစားပါဦးမယ်။

ကျေးဇူးအထူးတင်ရှိလျှက်
မောင်ရင်ငတေ ၁၄၀၈၂၀၁၇


ခရီးသွားခြင်း အနုပညာ 

For the Art of Voyage
For the Love of Voyage
For the Peace of Voyage

မောင်ရင်ငတေ






Aucun commentaire:

Enregistrer un commentaire