Libellés

mercredi 22 novembre 2017

* ** အယ်ကာဇာသို့လွမ်း * **

နှစ်ဆယ်ကျော်အလွမ်း
အယ်ကာဇာသို့လွမ်း (သို့မဟုတ်) အတိတ်ကအရိပ်တခု


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

Alcazar
အယ်ကာဇာအလွမ်း (သို့မဟုတ်) အတိတ်ကအရိပ်တခု
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဒီနေရာကို ခေတ္တခဏ ပြန်လည်ဖြတ်သန်းမိခဲ့တယ်၊
လွန်ခဲ့တဲ့ အနှစ် အစိတ်ကျော်က လေးငါးလလောက် ကျင်လည်ခဲ့ရာ နေရာပေါ့။

အတိအကျ ပြောရင်တော့ ၁၉၉၂ ခုနှစ်ကုန်ပိုင်းမှာ ပေါ့လေ၊ ခေတ္တ ခိုအောင်းခဲ့ဖူးတဲ့ 
နေရာတွေထဲမှာ ဒီနေရာက သိပ်မှတ်မှတ်ရရ ဖြစ်စရာတော့ မရှိခဲ့ပါဘူး၊ ပြောရမယ် ဆိုရင်တော့ 
ဆက်သွယ်မှု ပြင်ပဧရိယာထဲကို ရောက်နေသခိုက်မှာ စိတ်အား လူအားတက်အောင် ကူညီခဲ့ကြသူ 
တဦးနှစ်ဦး ရှိခဲ့တယ် ဆိုတာသာပါ၊ သူတို့တွေနဲ့ အဆက်အသွယ် မရှိခဲ့တာကြာပြီဖြစ်လို့ ဒီကနေ့မှာ 
သူတို့ ဘာတွေဖြစ်နေကြပြီလဲ နေကောင်းကျန်းမာကြပါရဲ့လား လူလောကမှာရော ရှိပါသေးရဲ့လား 
မောင်ရင်ငတေ တွေးမိရင်း အမှတ်တရ ရေးနေမိတာပါ။

မောင်ရင်ငတေ့ ဘဝက အလှည့်အပြောင်းတွေ များလှသလို ဒီလိုနေရာကို ကြံကြံဖန်ဖန် ရောက်ခဲ့ရ
တာပါ၊ မျှော်လင့် ထားတာတွေ ဘာမှ ဖြစ်မလာသလို မမျှော်လင့်တာတွေသာ ဖြစ်ခဲ့ရတဲ့ထဲက ဘဝ
အချိုးအကွေ့ ဒေါင့်တနေရာမှာ မှတ်တမ်းမမည်တဲ့ မှတ်တမ်းအဖြစ် မှတ်တမ်းတင်ချင်မိတာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

အယ်ကာဇာ ဆိုတာက ပတ္တရားရဲ့ နာမည်ကြီး ကာဘရက် ကပွဲရုံကြီး တခုပါ၊
သူတို့အဆိုအရကတော့ ပြင်သစ်ပြည် ပါရီမြို့က Lido နဲ့ Moulin Rouge Cabaret Show နှစ်ခုကို 
ပေါင်းစပ် ဖန်တီး ထားတာပါတဲ့။

အဲဒီ ကာဘရက် ကပွဲရုံကြီးနဲ့ တဆက်တစပ်တည်းမှာ ထိုင်းရက်စတောရန့်တခုနဲ့ ကော်ဖီဘား တခု 
ရှိပါတယ်။ ပိုင်ရှင်သူဌေး ကုမ္ပဏီကတော့ တခုတည်းပါ၊ ထိုင်တွေရဲ့ထုံးစံ ဝန်ထမ်းအင်အားကတော့ 
များပြားလှပါတယ်၊ ကပွဲရုံမှာ အကသမားများနဲ့ဝန်ထမ်းအင်အား လေးရာကျော်ရှိပြီး ဆိုင်နှစ်ဆိုင်က 
အင်အားနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ခွန်နှစ်ရာကျော် ရှစ်ရာနီးပါး ရှိနိုင်ပါတယ်၊ အများအားဖြင့်တော့ 
ပတ္တရားကမ်းခြေ ဒေသတဝိုက်က ဌာနေသားတွေ များပါတယ်။

အဲဒီ အချိန် အဲဒီ နေရာမှာ ဒီကနေ့အထိ မှတ်မှတ်ရရဖြစ်နေမိဆဲ ကူညီခဲ့သူမတဦးက အဲဒီချိန်ထဲက 
ကျန်းမာရေး ချူချာသူ တဦးပါ၊ မိဘဘိုးဘွား ဇာတိမြေက ကရင်ကော်သူလေး တောင်တန်းတခုပေါ် 
ကဖြစ်ပြီး သူမလေးတို့ လက်ထက်ကျတော့ သောင်ရင်းမြစ် ကျော်ဖြတ်သန်းလို့ ယပက်လက်မြေမှာ
ယက်ကန်ယက်ကန် နေထိုင်ရင်း ရေကြည်ရာ ပတ္တရားကမ်းခြေကို ရောက်လာခဲ့ကြသူတွေပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေတို့လို နယ်အဝေးက ရောက်ရှိလာသူတွေအတွက် နေဖို့ တန်းလျှားရှည်ကြီးတွေရှိပြီး 
အခန်းပေါင်း သုံးလေးဆယ်မျှ ရှိပါတယ်၊ မောင်ရင်ငတေက အဲဒီ တန်းလျှားအခန်းတခန်းမှာ နေခွင့် 
ရခဲ့ပြီး အဲဒီ ရက်စတော်ရန့်မှာ ထမင်း နှစ်နပ် စားခွင့် ရှိပါတယ်။

အဲဒီလိုနဲ့ အဲဒီ ရက်စတော့ရန့် ဝန်ထမ်း သူမလေးတို့နဲ့ မျက်မှန်းတမ်းလာမိကြတာပါ။
မောင်ရင်ငတေက ခင်မင်ရင်းနှီး လွယ်တတ်ပေမယ့် ဖာသိဖာသာခပ်ခွာခွာသာ နေတတ်တဲ့ စိတ်က 
အဲဒီအချိန်မှာ ပိုများပါတယ်၊ သူမလေးတို့ သူငယ်ချင်း ဆွေမျိုးတသိုက်နဲ့ နည်းနည်းရင်း လာချိန်မှာ 
တော့ မောင်ရင်ငတေ့အတွက် ပတ္တရား ညချမ်းများက အနည်းငယ် စိတ်ပျော်စရာ ဖြစ်လာပါတယ်။

မောင်ရင်ငတေကို ရွေပြည်တော်သားကြီးမှန်း သိသွားပြီးတဲ့နောက်ပိုင်း သူမတို့ရဲ့ အလုပ်လုပ်ရာက 
စားဖွယ်ရာတွေက မောင်ရင်ငတေ့အတွက် ဖွယ်ဖွယ်ရာရာ ပို ဖြစ်လာပါတယ်၊ ခက်တာက သူမတို့နဲ့ 
မောင်ရင်ငတေနဲ့ ကြားခံပြောဆိုရေးကရိယာတွေက နည်းပါးလွန်းတာပါ၊ ဗမာစာတလုံးတလေရယ် 
ထိုင်းစာ တကြောင်းနှစ်ကြောင်း ဘိုစာလေးငါးခြောက်လုံး ရက်စ်နိုး ဂိုးတူခရစ်စမတ် လောက်သာပါ၊
ခြေတွေလက်တွေနဲ့ ရောပြောမှ နားလည်သဘောပေါက်တဲ့ အဆင့်သာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

သူမလေးတို့ ဆွေမျိုးနီးစပ်ထဲက ကော်သူလေး တောင်တန်းများပေါ် ပြန် ရောက်ဖူးသူ တယောက်စ 
နှစ်ယောက်နဲ့လည်း ခင်မင်လာတော့ သူတို့က မောင်ရင်ငတေ့ကို တတ်သမျှမှတ်သမျှ စကားတွေနဲ့ 
ခင်မင်မူကို ပြလာကြသလို ရက်စတောရန့်က ရရှိလာပါတဲ့ ထိုင်းစားဖွယ်ရာတွေနဲ့ စကော့တလန် 
စိမ့်စမ်းရေကိုလည်း မောင်ရင်ငတေ ကြိုက်တတ်မှန်း သိသွားခဲ့လို့ အယ်ကာဇာ ညချမ်းချိန်တွေဟာ 
စကော့တလန် စမ်းရေနဲ့ နွေးထွေးလာခဲ့ပါတော့တယ်။

အဲဒီနေရာလေးကို ပြန်ရောက်ပြီး ဒီ လှေကားထစ်လေးတွေကို မှတ်တမ်းတင်ခဲ့မိပါတယ်၊ ဒါပေမယ့်
တကယ်ပြန်စဉ်းစားကြည့်မိတော့ အဲဒီတုန်းက ဒီလှေကားထစ်နဲ့ ပန်းခြံတွေ မရှိခဲ့ပါဘူး၊ သစ်ပင်ကြီး
တချို့ ချုံနွယ် မြက်ခင်းပြင်နဲ့ ကုန်းမို့မို့လေးသာပါ၊ အဲဒီ နေရာလေးမှာ ည ည သန်းခေါင်ကျော်အထိ 
ထိုင်ပြီး စိတ် ပင်ပန်းသမျှကို ဖြေလျော့ခဲ့ ရတာပါ၊ သူတို့တတွေကတော့ မောင်ရင်ငတေ နားမလည် 
နိုင်တဲ့ ဘာသာစကားတွေနဲ့ ပြောကြ ငြင်းခုံကြ သီချင်းတွေဆိုကြပေါ့လေ၊ ဘာပြောပြော အခုတော့
မောင်ရင်ငတေအတွက် အမှတ်တရ လွမ်းစရာညများ ဖြစ်ခဲ့ရပြီပေါ့လေ။

တကယ်တော့ တယောက်တည်း ကြောင်တောင်တောင်နဲ့ ရောက်လာတဲ့ မောင်ရင်ငတေကို သနား 
ကြပြီး သူတို့က ရယ်ရယ်မောမောနဲ့ ခင်မင်လာအောင် နောက်ပြောင်ပြောဆို ကျွေးကြမွေးကြတယ် 
ဆိုပေမယ့် သူတို့တွေရဲ့ ဘဝကမှ တောပစ်ရွာပစ် အိမ်ပစ် ထွက်ခွာလာခဲ့ကြသူတွေပါ၊ ၁၉၉၀ ခုနှစ်
မတိုင်ခင် အစောပိုင်း ကာလတွေထဲက ချောင်းကူးမြောင်းကူး ရောက်လာခဲ့ ကြသူတွေ ဖြစ်တာရယ်
ကရင်စကားမွန်စကား ယပက်လက်စကား ပြောနိုင်ဆိုနိုင်သမားတွေမို့လို့သာ အနည်းငယ်အနေစား 
ချောင်ခဲ့ကြသူတွေသာပါ။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

သူမလေးက အဲဒီချိန်က တော်တော်ငယ်ငယ်ပါ၊ အဲဒီချိန်မှာ သူမလေးက နေ့တပိုင်း ထိုင်းကျောင်း 
တက်နေပြီး ညနေတပိုင်း အလုပ်လုပ် ပါတယ်၊ ကျောင်းသူလေး တပိုင်းဆိုတော့ ဗဟုသုတ ရှိသလို 
အမေးအမြန်းလည်း ထူတတ်သူပါ၊ မောင်ရင်ငတေလည်း သူသိချင်တာမေးတာတွေကို သူနဲ့ကိုယ်နဲ့ 
ကြား ပေါက်သလောက်စကားနဲ့သာ ရှင်းပြနိုင်ခဲ့ပါတယ်။

မောင်ရင်ငတေ့ကို မေးပြော ပြောခဲ့တာတွေက အများကြီးပါ၊ နားမလည်တချက် နားလည်တချက်နဲ့ 
မောင်ရင်ငတေလည်း ဖြေမိဖြေရာ ဖြေဖြစ်ခဲ့တာ များပါတယ်၊ အခုအခါမှာတော့ ပြန်စဉ်းစား ကြည့်မိ 
လိုက်တော့ နားလည် လာမိသလိုပါ၊ သူမေးခဲ့တာတွေထဲမှာ ဘာကြောင့် နင်ပြောတာ ငါနားမလည် 
ငါပြောတာ နင်နားမလည်ရတာလဲ၊ နင်တို့ငါတို့က တိုင်းရင်းသားတွေဆို၊ နိုင်ငံကလည်း အတူတူဆို၊
ငါတို့ပြောစကား နင်တို့ ဘာတလုံးမှ နားမလည်ကြရတာ ဘာကြောင့်လဲ၊ အဲလို သဘောတွေသာပါ၊ 
အဲဒီတုန်းကတော့ မောင်ရင်ငတေလည်း သူမ မေးသမျှ ထမရေပူလျှာလွဲ ပြီးပြီးရော သဘောထားခဲ့ 
ပါတယ်၊ ကိုယ်လည်း ကိုယ့်အပူနဲ့ ကိုယ်မှလား၊ လွတ်လပ်ရေး တော်လှန်ရေး ဆိုပြီး တောမခိုနိုင်လို့ 
မြို့ခိုလာတဲ့ ကောင်မို့လား၊ အဖြေ နတ္တိပေါ့၊ ဒါတောင် မောင်ရင်ငတေက ကရင်တမတ်သားပါတယ် 
မပြောထားမိလို့လေ၊ တော်ပါသေးရဲ့လို့သာ တွေးမိလိုက်ရပါတယ်။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)

အယ်ကာဇာညချမ်းများမှာ တခါတရံပါဝင်ခဲ့သူ တဦးအကြောင်းလည်း နည်းနည်းတော့ ထည့်ပြောရ 
မှာပါ၊ သူကတော့ မောင်ရင်ငတေရဲ့ မားကက်တင်းမန်နေဂျာ အရောင်းမန်နေဂျာပါ ခပ်ဖြူဖြူနွဲ့နွဲ့ပါ၊ 
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းသားပါ၊ ထိုင်းလူမျိုးစစ်စစ် ပြောပေမယ့် သူ့အသားအရေက ပြည်ကြီး 
ပေါက်ဖော် သဏ္ဍာန်သာပါ၊ မောင်ရင်ငတေ့ထက် လေးငါးနှစ်မျှ ကြီးမယ် ထင်ပါတယ်။

အလုပ်ထဲမှာ သူလည်း ခပ်တည်တည် ကိုယ်ကလည်း ခပ်တည်တည်နဲ့ နေကြပေမယ့် အယ်ကာဇာ 
ညချမ်းချိန်တွေမှာတော့ သူလည်း ရောက်ရောက်လာတတ်ပြီး ခွန်ထိုင်းတွေ ထုံးစံ မယ့်ခေါင်တပက် 
ကိုလာတခွက်နဲ့ သုံးလေးခါမျှ မော့အပြီးမှာတော့ စကားတွေ ပွင့် ပွင့်လာပါတယ်၊ ပတ္တရားကမ်းခြေ 
ဆိုတာက Homo တွေရဲ့ ရိုမန်တစ်နယ်မြေ ဖြစ်တာနဲ့အညီ အယ်ကာဇာဝန်ထမ်း အများစုမှာလည်း 
သူတို့ အနွယ်ဝင်တွေ များပါတယ်၊ အယ်ကာဇာရဲ့ အကမင်းသမီးတွေကတော့ အကကောင်းသလို 
လခလည်း ကောင်းကြသူများပါ၊ အဲဒီ မန်နေဂျာကလည်း အက မင်းသမီး မဟုတ်ပေမယ့် ခပ်နွဲ့နွဲ့ပါ၊ 
မောင်ရင်ငတေကသူတို့နွယ်ဝင်တွေနဲ့ ကံကြုံဆုံတွေ့တာတွေရှိခဲ့ပြီး တချို့ဆို ခင်ခင်မင်မင်ရင်းနှီးတဲ့ 
ဘော်ဒါအဖြစ် အပေါင်းအသင်း ဖြစ်ခဲ့ဖူးတာကြောင့် သူတို့ဘဝတွေကို နားလည်မှု ရှိပြီးသားပါ။

အဲဒီလိုနဲ့ လေးငါးခြောက်ခါ အယ်ကာဇာ ညချမ်းချိန်မှာ စကားပြောဖြစ်ပြီး ရင်းနှီးလာပါတယ်၊ သူက 
တော့ ဘိုစကား အီးစကား ပြင်သစ်စကား တတ်ကျွမ်းပါတယ်၊ အဲဒီအချိန်က ပြင်သစ်ပါရီ ဆိုတာကို 
မောင်ရင်ငတေ့ အိပ်မက်ထဲ ထည့်မမက်သေးတဲ့ချိန်ပါ၊ သူရဲ့ ဥရောပစကား ပြောသံတွေကို အလုပ် 
ထဲမှာ ကြားကြားနေတော့ တညမှာတော့ မောင်ရင်ငတေက မင်းဘယ်လို တတ်တာလဲ သင်တာလဲ 
လျှာရှည်မိပါတယ်၊ သူက သူပထမဆုံး စပြောတတ်တာက အီးစကားပါတဲ့၊ ဟာ့ ဟ ဟ ငါ့ အီးဆရာ 
က မင်းတို့ လူမျိုးပါတဲ့၊ ထိုင်း အရှေ့မြောက်ပိုင်းကနေ ကျောင်းပြီးလာခဲ့ပြီး ကျောင်းသာပြီးခဲ့ပေမယ့် 
အီးစကား ထော့နဲ့ထော့နဲ့ နဲ့ ဖြစ်နေချိန်မှာ အီးစာသင်တဲ့ဆရာကို လိုက်ရှာရင်း တွေ့ခဲ့တာပါတဲ့၊ အဲဒီ 
ဆရာ အသင်ပြကောင်းတာကြောင့် ငါ ဒီ ဥရောပ စကား သုံး လေးမျိုးကို လေ့လာလိုက်စား ဖြစ်ခဲ့ရ 
တာပါတဲ့၊ အဲဒီဆရာရဲ့ ကျေးဇူးပါတဲ့၊ အဲဒီတော့ မောင်ရင်ငတေက ပြောလိုက်ပါတယ်၊ အဲဒါကြောင့်
မင်းရဲ့ အီးစကားက ဝှဲယား အာ ယူ ဂိုးရင်း လေသံပေါက်နေတာကိုးလို့ ပြောတော့ ဟာ့ ဟားဟားနဲ့ 
ရီပါလေရော၊ ဟုတ်တယ်မှလား၊ မောင်ရင်ငတေတို့ အီးစကား မူရင်းက အနောက်တံခါးကနေ ဖြတ်
သန်းကျော်ဖြတ် ဝင်ရောက်လာခဲ့တာ မဟုတ်ပါလား ခင်ဗျာ။

ဘယ်လို ပြောပြောပါ၊ အဲဒီ ဖြူနွဲ့နွဲ့အကောင်ဟာ လုပ်ငန်းခွင်မှာ အကူအညီပေးခဲ့သူ ဖြစ်လာခဲ့သလို 
အယ်ကာဇာ ညချမ်းချိန်များဟာ မောင်ရင်ငတေရဲ့ စိတ်ဝေဒနာတွေကို လျော့ပါးလာစေခဲ့ပါတယ်။

အဲဒီလိုနဲ့ အဲဒီနယ်မြေမှာ ခြောက်လခန့် ကြာအပြီး နှုတ်မဆက်ဘဲ ခွဲခွာဖို့ ဖြစ်လာပြန်တော့ပါတယ်။


Alcazar Cabaret Show Pattaya                                                           (ဓါတ်ပုံ မရငတ)


Pattaya Beach                                                                                 (ဓါတ်ပုံ မရငတ)

ဘာအလုပ်လုပ်လုပ် ကြာကြာမမြဲတတ်တဲ့ မောင်ရင်ငတေ့ ထုံးစံအတိုင်း ဆက်လုပ်ရင်လည်း ဘာမှ 
ထူးထူးခြားခြား ဖြစ်မလာနိုင်ဘူး ထင်မိတာရယ်၊ နေရာဒေသအလုပ် အသစ်ဆိုရင် ရောက်ဖူး ကြုံဖူး 
တွေ့ဖူးရင် ကျေနပ်တတ်တဲ့ စိတ်အခံကြောင့်သာရောက်လာခဲ့ပြီး ခြောက်လသာ ကြာပေမယ့် ထိုင်း 
တွေနဲ့ တွဲနေပေမယ့် ထိုင်းစကား လည်လည်ဝယ်ဝယ် ပြောတတ်ဖို့ စိတ်မပါမိတာရယ်၊ (ဒီကနေ့မှာ 
လည်း ပြင်သစ်ရောက်တာ ကြာနေပြီ ဖြစ်ပေမယ့် ပြင်သစ်တွေနဲ့ စကားပြောဖို့ ဝန်လေးနေတုန်းသာ
ပါ) အလုပ်ပိတ်ရက် ဘီကေကေ ပြန်သခိုက် စိတ်ဒုံးဒုံးချ ပတ္တရားမြေကို ပြန်၍ ခြေဦး မလှည့်ဖြစ်ခဲ့ပါ
တော့ဘဲ ယူဘီအေ ဖော်ကာ အက်ဖ် ၂၈ ကြီးကိုစီး ရွှေပြည်တော်ဆီသို့ ပြန် ဘဝအချိုးကွေ့ တခုကို 
အဆုံးသတ် တခန်းရပ်ခဲ့ပါတော့တယ်။

အတည်မဟုတ်တဲ့ နေရပ်လိပ်စာနဲ့ စာရေးဆက်သွယ်လို့ ရနိုင်ပေမယ့် အီးမေးလ်တို့ ဖေ့စ်ဘုတ်ခ်တို့ 
စမတ်ဖုန်း ခေတ်တို့လို မဟုတ်တော့ အဆက်အသွယ်က မလုပ်ဖြစ်ခဲ့တော့ ဒီကနေ့မှာ သူမလေးတို့ 
မိသားစုတွေလည်း ဘယ်ကမ္ဘာဆီသို့ ရောက်နေကြပြီဆိုတာ မောင်ရင်ငတေလည်း ဘယ်သိနိုင်ပါမ 
လဲ လေ၊ ဒီ အယ်ကာဇာညချမ်း အလွမ်း မှတ်တမ်း ရေးပြီး ကျေးဇူတင်စကားသာ ပြောကြားလိုက်ရ 
ကြောင်းပါ ကော်သူမလေးတို့ရေ့

မောင်ရင်ငတေ ၀၁၁၂၂၀၁၆ - ၁၅၁၁၂၁၀၇


အယ်ကာဇာသို့လွမ်း


Alcazar Cabaret Show Pattaya



mercredi 15 novembre 2017

** * တခါက လူစိမ့်း့ သို့ ** *

တခါက လူစိမ့်း့ သို့


ငါ့ဖာသာ ငါ လွမ်းနေတာ
အပြစ်ကင်းပါတယ် နင် ရာ၊
(တခါက လူစိမ့်း့ သို့)

ဖိုးဇီးရိုး ၁၅၁၁၁၉၈၂






jeudi 9 novembre 2017

* ** ဘန်ကောက်အိပ်မက်ထဲက ကျောက်ဖရားရေစီးသံ ** *

ငါ့ ရင်ထဲမှာ ဧရာဝတီ
ဘန်ကောက်အိပ်မက်ထဲက ကျောက်ဖရားရေစီးသံ


မိချောင်းရဲမြို့အနီးက ဧရာဝတီ (၂၀၁၄ ခုနှစ် ဇွန်လလယ်)                          (Photo AMM MPE)

ဧရာဝတီရေ ဒီ နေ့ ဒီ ညနေမှာ အိပ်မက်တခု “စ” မက်တယ်ကွာ၊
နေ့ခင်းကြောင်တောင်တော့ မဟုတ်သေးလို့ တော်သေးတာပေါ့၊ တခြားတော့ မဟုတ်ပါဘူးကွာ။

ရေစီးသံပေါ့၊
မင်းကို တိုင်တည်ရတာကတော့ ရေစီးသံတခု အကြောင်းမို့ပေါ့၊
ငါ့နားထဲမှာ ခပ်သဲ့သဲ့ ကြားလိုက်ရတဲ့ ရေစီးသံတခုကိုကွ၊ အိပ်မက်တခုပေါ့ကွာ၊
အိပ်မက်ပေါ့၊  ငါမက်တဲ့ အိပ်မက်က မသွားတော့ဘူးဆိုပြီး စိတ်ဒုန်းဒုန်းချထားတာကို မက်တာ၊
မသွားဘူးပေါ့ကွာ၊ မသွားဘူးဆိုပြီး၊ အဲဒီဘက်ကို၊ အဲဒီ ဒေသကို၊
အဲလို စိတ်ပိုင်းဖြတ်ပြီးနေခဲ့တာ အတော်တောင်ကြာသွားခဲ့ပြီပေါ့၊
၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက စတွက်ရင် အခုဆို ဘာလိုလိုနဲ့ ရှစ်နှစ်နီးပါး ရှိခဲ့ပြီပေါ့။

မသွားဘူးဆိုတာ မသွားချင်တာ မဟုတ်ဘူးနော်၊ သွားချင်တာမှ တပိုင်းသေနေတာ၊ ကြာပြီ၊
စိတ်ထဲမှာလည်း နေ့တိုင်းရောက်၊ ဂူဂဲလ်မှာလည်း နေ့တိုင်းရောက်ပေါ့ကွာ။
ဒါပေမယ့် တခုတော့ ကြိုပြောချင်တယ် ဧရာဝတီရာ၊ မင်းဆီတော့ မဟုတ်သေးဘူး၊
မင်းရှိရာကိုတော့ ငါလာဖို့ ဘာတခုမှ အဆင်သင့် မဖြစ်သေးဘူးကွာ၊ မင်းတင်မကပါဘူး၊
ငါ့ရဲ့ အပေါင်းအသင်း ရောင်းရင်းဟောင်းတွေ အားလုံးကတော့ မေးနေကြတာ အမြဲပါ၊
ဘယ်တော့လာမလဲ၊ မလာသေးဘူးလားပေါ့၊ ဘာလို့မလာလဲပေါ့ကွာ၊ စုံလို့ပေါ့၊ အေးကွာ၊
မင်းဆီကိုတော့ ငါမလာဖြစ်သေးပါဘူး၊ စိတ်မဆိုးပါနဲ့ကွာ၊ မင်းတို့နဲ့ တွေ့တာတော့ တွေ့ချင်တာပေါ့၊
မင်းရဲ့နဘေးက ငါ အရင်က ရောက်ခဲ့ဖူးတဲ့ ခြေရာထပ်ခဲ့ဖူးတဲ့ နေရာတွေကော ခြေမချဖူးသေးတဲ့
နေရာတွေကော စိတ်ထဲမှာတော့ အမြဲလိုလို ရောက်ဖြစ်ပါတယ်၊ ငါ့ ရင်ထဲက ဧရာဝတီလေကွာ၊
ခေါင်းစဉ်တပ်ထားတာဘဲ၊ အဲဒီ အိပ်မက်အပိုင်းအစတွေကတော့ ဝေးသွားလိုက်နီးသွားလိုက်ဘဲကွ၊
မင်းဆီမှာက ငါ မကြိုက်တဲ့ လက်မခံချင်တဲ့ အတားအဆီးတွေက များလွန်းလှတယ်ကွာ၊
ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ၊ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အထိမ်းတွေ များလွန်းလှတယ်ကွ၊
ကဲ ထားပါကွာ၊ ပြောရင်ကုန်မှာ မဟုတ်ဘူး၊ ဆက်မပြောတာ ကောင်းမယ် ထင်တယ်။


ကျောက်ဖရားဆီသို့                                                                              (ဓါတ်ပုံ မရငတ)

အခု ငါ့ အိပ်မက်က ကျောက်ဖရား အိပ်မက်၊ ကျောက်ဖရား ရေစီးသံရဲ့ အိပ်မက်၊ ငါ့ ရဲ့ အိပ်မက်၊
စောစောက ပြောသလို စိတ်ဒုန်းဒုန်း ချထားတယ်၊ မသွားဘူး၊ မသွားဘူး၊ မသွားဘူး လို့ နေနေတာ၊
သွားဖို့ အခြေအနေ မပေးဘူးပေါ့၊ ငွေကြေး မတတ်နိုင်တာလည်း ပါတာပေါ့၊ ဟိုးးးး ဟိုးတုန်းကလို
အရင်လို တည်းခိုစရာ စားစရာအတွက် ပူစရာမလိုတဲ့ ငါ့ မိသားစုအိမ်လည်း ရှိမှမရှိတော့တာကိုး။
စိတ်ထဲမှာလည်း သွားရမှာ တခုခု လိုနေသလို ဟာတာတာကြီးပေါ့ကွာ။

တကယ်တမ်း ပြောကြကြေးဆိုရင်တော့
ရွှေပြည်တော်ကြီးက ပထမအိမ်ဆိုရင် ထိုင်းကို ငါ့တို့ရဲ့ ဒုတိယအိမ်လို့ ပြောလို့ရနိုင်တာပေါ့၊

ငါ အခုလက်ရှိ နေနေ ရောက်နေတဲ့ ပြင်သစ်ပြည်ကတော့ ငါ့ရဲ့ တတိယအိမ် ပေါ့ကွာ။



ရွှေပြည်တော်သို့ နောက်ဖေးပေါက်                                                            (ဓါတ်ပုံ မရငတ)

ပထမ အိမ်ကိုတော့ မသွားနိုင် မသွားဖြစ်ပေမယ့် ဒုတိယ အိမ်ကို ရောက်ဖြစ်ရင်တော့ ပထမအိမ်ကို
နောက်ဖေးပေါက်က လာချောင်း ကြည့်မိတာပေါ့ကွာ၊ ငါကတော့ ချောင်းရုံသာ ချောင်းကြည့်တာပါ၊ 
ချောင်းကြည့်ရရင်ကို ကျေနပ်လို့ နေတတ်ပါပြီ၊ ကြောက်တယ်လို့ ထင်ရင်လည်း ထင်ကြ ပါလေ့စေ၊
တချို့တွေကတော့ ချောင်းရရုံနဲ့အားမရတော့ ခြံစည်းရိုးကျော်ခွ ဝင်ကြသူတွေလည်း မနည်းပေဘူး၊ 
အခုနေတော့ ခြံစည်းရိုးပေါက်က ဝင်ရတာ သိပ်မခက်ဘူးလို့တော့ ပြောကြပါတယ်။

အရင်တုန်းကတော့ ငါတို့လို တတိယအိမ်တွေမှာ အာရ်ဇာနည်လက်မှတ်နဲ့ နေတဲ့သူတွေ ခြံစည်းရိုး
တိုးဝင်ရမှာ ကြောက်ကြတော့ လိုင်းကြေးပေး ဝင်ရတယ်၊ အဲဒီတုန်းက လိုင်းကြေးက မြင့်တယ်ကွ၊

တတိယအိမ်ကို ရောက်နေသူတွေက ဒေါ်လာစားတွေ ယူရိုစားတွေ (အင်း ဒီလို့ ပြောလို့သာ
ပြောရတာကွ တကယ်တော့ ထောက်ပံ့ကြေး စားနေသူက ခပ်များများပါကွာ) ဆိုတော့ကာ့
ခြံစည်းရိုး ခွထိုင်နေတဲ့ ပွဲစားကြီးတွေက ဆက်ကြေးကောင်းကောင်း တောင်းတော့တာပေါ့ကွာ။

ခြံစည်းရိုးပေါက် ကျော်ဝင်တဲ့သူတွေက ပုဆိုးတွေ ဘာတွေ လဲဝတ်ပြီး ဗမာအယောင် ပြန်ဆောင်ပြီး
ဝင်ကြပေမယ့် အဲဒီ လမ်းကြောင်းကို သွားနေကျ လာနေကျ ကိုယ်တော်လေးတွေ မယ်တော်မလေး
တွေကတော့ ဖလဲတွေ ဂလဲတွေနဲ့ ပေါ့ကွာ၊ အခုတော့ အိုင်ဖုန်းနဲ့ တက်ပလက်ခေတ် ရောက်ပြီပေါ့။

အဲဒီတုန်းက အစိမ်းတထောင်ပေး သွားခဲ့ဖူးကြတဲ့ ဂျာမဏီက ငါ့ ဘော်ဒါတွေက ပြန်ပြောပြတာပေါ့၊
ခုတော့ လမ်းကြောင်းကဖြောင့်နေတော့ ပါလာတဲ့ ဖုန်းတို့ တက်ပလက်တို့နဲ့ အေးအေးဆေးဆေးပါ၊
ပွတ်ခါ ပွတ်ခါ ဝင်နေကြလေရဲ့၊ အခြေအနေတွေ ဒီထက် ပိုကောင်းပါစေ ဆုတောင်းပါတယ်ကွာ။


ဘန်ကောက်မြို့နဲ့ ကျောက်ဖရားမြစ်                                                       (Photo KAA BKK)

ဒုတိယအိမ်ကို အလွမ်းစာတွေ ဟိုအရင်တလောက မိုးမခမှာ ရေးခဲ့မိတာ သုံးလေးပုဒ် ရှိပြီပေါ့၊
မှတ်မိသလောက် ပြန်လည်မှတ်တမ်းတင်နေမိရာကနေ လက်တွေ့ကွင်းပြန်ဆင်းဖို့ သိပ်ပြီးမျှော်လင့်
မထားမိပါဘူးကွာ၊ ခုတော့ အဲဒီလို ကျောက်ဖရားအိပ်မက် မယ့်နမ်ကျောက်ဖရားအိပ်မက် မြစ်ရေစီး 
သံရဲ့အိပ်မက်က အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတယ်ဆိုပါစို့။

ဘယ်အဖွဲ့ကမှ စပွန်ဆာပေး ဖိတ်ခေါ်တာမဟုတ်ဘူးနော်၊ ငါလိုကောင်ပါမွှားကောင်ကိုလည်း ဘယ်
အဖွဲ့အစည်းတွေကမှ ဘယ်သူကမှ မသိကြပါဘူး၊ တေဇလူငယ်တို့ ရှေ့ဆောင်လူငယ်တို့က ထွက် 
လာကတည်းက ငါကလည်း ဘယ်အဖွဲ့မှ မဝင်ဖြစ်ခဲ့တာ ခုထိလေကွာ။

အခုတော့ ခရီးစရိတ် (လေယာဉ်စီးခလောက်) အကုန်ခံနိုင်ရင် တတ်နိုင်ရင် ဟိုမှာ တည်းဖို့ခိုဖို့ နေဖို့
စားဖို့ သောက်ဖို့ ပံ့ပိုးပေးမယ့် သူတွေက ပေါ်လို့လာတယ် ဆိုကြပါစို့။

ပထမတယောက်က လေယာဉ်လက်မှတ်ဝယ်ရှိရင်လိုက်ခဲ့လို့ခေါ်တယ်၊ တတ်နိုင်သလောက်တော့ 
ဟိုမှာ ထောက်ပံ့ကြေး ပေးမယ်ပေါ့၊ အဲတော့ ဒုတိယတယောက် ငါကရှာတယ်၊ နေဖို့ပေါ့ကွာ၊

နောက်တယောက် နောက်တယောက်တွေကတော့ သွားဖို့ရယ် စားဖို့ရယ် သောက်ဖို့ရယ် ပေါ့၊
ငါကလည်း နေဖို့ မပူရရင် ကျန်တာတော့ သိပ် စိတ်မပူမိပါဘူး၊ သူ့ဟာသူ ဖြစ်လာလိမ့်မယ်ပေါ့။


Mae Ping River near Bhumibol dam                                        (Photo MN Google)

အဲဒါနဲ့ ကျောက်ဖရားရဲ့ ရေစီးသံကို တဖန်ပြန်လည် ခံစား နားထောင်ဖို့ အိပ်မက်တွေ
ဆက်တိုက် ဆက်တိုက် မက်ပစ်လိုက်တာပေါ့ကွာ၊ ကဲ မကောင်းလား၊ ငါ့ရဲ့ စိတ်ကူးအိပ်မက်၊
ဒါ့ကြောင့် အိပ်မက် အခန်း (တစ်) လည်း အခု “”  မှတ်တမ်း ရေး ဖြစ်တယ်ပေါ့ကွာ။
ရေစီးသံ
ရေစီးသံ အိပ်မက့့် မယ့်နမ် ကျောက်ဖရား ရေစီးသံအိပ်မက်။


แม่น้ำเจ้าพระยา (Chao Phraya River)                                             (Photo MN Google)

အဲဒီ แม่น้ำเจ้าพระยา (Chao Phraya) မယ့်နမ် ကျောက်ဖရားမှာက ထူးခြားမှု ရှိတယ်ကွ၊
မယ့်နမ် ကျောက်ဖရားရဲ့ အရှည်က ၂၃၁ မိုင် ၃၇၂ ကီလိုမီတာသာ ရှည်တာ မဟုတ်လား၊
မယ့်နမ်ကျောက်ဖရား ဖြစ်လာတာက ဘယ်ဘက်က Ping ရယ် ညာဘက်က Nan ဆိုတာရယ်
မြစ်နှစ်စင်း ပေါင်းဆုံပြီးမှ ဖြစ်လာတာလေ။

အဲဒီ “မယ့်နမ် ပင်” ကော “မယ့်နမ် နန်” ကော 
မြစ်သေးသေးလေးတွေ တိုတိုလေးတွေ မဟုတ်ဘူးကွ၊
ငါဆိုလိုချင်တာက မင်း ဧရာဝတီက မိုင် ထောင့်သုံးရာကျော် ရှိပြီး
မေခတို့ မလိခတို့က မိုင် ရာဂဏန်း သာသာ အရှည် ရှိတာမျိုး ရှိတာကို ဆိုလိုတာနော်။

နာမည်ကြီး ကျောက်ဖရားမြစ်က မိုင် နှစ်ရာကျော်သာ ရှည်ပြီး အဲဒီ “မယ့်နမ် ပင်” က
၆၅၈ ကီလိုမီတာ မိုင် ၄၀၀ ကျော် မယ့်နမ် နန်က ၇၄၀ ကီလိုမီတာ မိုင် ၄၆၀ ကျော်ရှည်ကြတာ
ဆိုတော့ မင်း စဉ်းစားကြည့် ဒီလိုမျိုး မြစ်ကြီးနှစ်စင်း ပေါင်းပြီး နောက်မြစ်ကြီးတစင်း ဖြစ်သွားတာက
တော်တန်ရုံ မရှိဘူးလို့ ဆိုနိုင်တယ် မဟုတ်လား။

 “မယ့်နမ် ပင်” မြစ်က ရှမ်းတောင်တန်းတွေနား ထိုင်းအနောက်မြောက်ဘက် တောင်တန်းတွေက
ဖြစ်ဖျားခံပြီး နာမည်ကျော် Chiang Mai ချင်းမိုင်နယ် Lamphun လန်ဖွန်နယ်ကို ဖြတ်သန်းစီးဆင်း
လာတာကွ၊ “မယ့်နမ်နန်” ကတော့ လာအိုနယ်စပ်နားကနေ စတာကွ။


မယ့်နမ် ပင်မယ့်နမ် နန်  “မယ့်နမ် ကျောက်ဖရား”                                (ဓါတ်ပုံ မရငတ)

အဲဒီ မြစ်နှစ်စင်း Nakhon Sawan မြို့နားမှာ ဆုံတွေ့ပြီး
ကျောက်ဖရားဆိုတဲ့ မြစ်ကြီးတစင်း ထိုင်းနိုင်ငံအတွက် ဖြစ်ပေါ်လာရတာပေါ့၊
ထိုင်းပြည်တွင်းဖြစ် မြစ်စစ်စစ်လို့ ပြောရင်ရတဲ့ မြစ်ကြီးသုံးစင်း ပေါင်းဆုံရာပေါ့ကွာ၊
အဲလို ကျောက်ဖရားကို ဖြစ်ပေါ်လာစေတဲ့ မြစ်နှစ်သွယ်ကလည်း ခပ်သေးသေး မဟုတ်တော့
မြစ်ရေကြီးမှုတွေ ဖြစ်ခဲ့ရ ပြန်တာပေါ့၊ ရှားပါးကျေးငှက်တွေ ကျက်စားကြတဲ့ Bueng Boraphet
ရွှံ့ညွှန် ရေအိုင်ကြီး တခုကလည်း အဲဒီမြို့ အနီးမှာ ရှိနေတာမို့ အဲဒီ ဒေသတဝိုက်က မိုးသည်းတာနဲ့
ရေကြီးလေ့ ရှိတာပါ၊ ဟိုး အရင်ကတော့ ဒီကနေ့လိုမျိုး ကြီးကြီးကျယ်ကျယ် သိပ်ဖြစ်လေ့ မရှိဘူးလို့
ပြောကြသူတွေလည်း ရှိပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ဘန်ကောက်မြို့ကြီး ရေလွှမ်းမိုးမှု
ဖြစ်ခဲ့ရတာကတော့ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးပေါ့ကွာ၊
အဲဒီ ရေလွမ်းတာမျိုး မြစ်ရေကြီးတာမျိုး မဟုတ်ရင်တောင်မှ ဘန်ကောက်မြို့က
ကျောက်ဖရားမြစ်ကို ငါမြင်မိတာကတော့ မြစ်ပြင်ကြီးက အတော် ကျယ်ပြန့်တာကိုး၊
ဒီရေများ တက်ချိန်ဆိုရင် မြစ်ရေပြင်က ကမ်းနဖူးတိုက်နေတာ အမြဲလိုလို မဟုတ်လား။

နောက်ပြီး မြို့တည်ရာက ပင်လယ်ဝနဲ့ သိပ်မဝေးတဲ့အပြင်
(ဘန်ကောက်က ပင်လယ်ဝနဲ့ ၁၆ မိုင် ဝေးပြီး ရန်ကုန်မြို့ကတော့ ၂၁ မိုင်ဝေးတယ်) 
နောက်ပြီး ဘန်ကောက်မြို့က ပင်လယ်ရေမျက်နှာပြင်ထက် လေးပေသာ ပိုမြင့်တာ ဆိုတော့လည်း 
တော်ရုံတန်ရုံလေး ရေကြီးတာနဲ့ မြစ်ကမ်းနားဘေးတလျှောက်မှာ ရေလျှံတော့တာပေါ့ကွာ။

နောက်ပြီးတော့ မြစ်ရေရဲ့ အရောင်ကလည်း ရန်ကုန်မြစ်ရေလို ရွှံ့ပုတ်ရေရောင်တွေပါ၊
သင်္ဘောအဝင်အထွက် များလှပြီး နဂိုထဲက ဘန်ကောက်မြေက ရွှံ့ညွှန်တောမြေလို့ ဆိုတာကိုး၊

ဘန်ကောက်မြစ်ကတင် ရွှံ့ရောင်ပေါက်တာ မဟုတ်ဘူးနော်၊ မြစ်ထဲစီးဝင်ကြတဲ့ တူးမြောင်းရေတွေ 
ကလည်း မင်းသိတဲ့အတိုင်း နာမည်ကြီး၊ အနံ့ရောအရောင်ရော၊ နာမည်တော့ ဆိုးနေတာ အမှန်ကွ၊
သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းမှု ဘာညာတွေတော့ လုပ်နေကြတယ် ပြောတာပါပဲကွာ။


ဘန်ကောက်-နာခွန်ဆဝန်-မယ့်ဆိုင် အမြန်လမ်းမကြီးအစ Anusawari                (ဓါတ်ပုံ မရငတ)

အဲဒီ Nakhon Sawan နာခွန်ဆဝန် မြို့ဆိုတာ တခြားတော့ မဟုတ်ပါဘူး၊
၁၀၀၅ ကီလိုမီတာ ရှည်လျှားတဲ့ Phahonyothin လမ်းလို့လည်း ခေါ်ကြတဲ့
ဘန်ကောက်-မယ့်ဆိုင် အမြန်လမ်းမကြီး အမှတ်တစ် ဖြတ်သွားတဲ့ မြို့တမြို့ပေါ့ကွာ။

အမြန်လမ်းမ အမှတ်တစ် ဖာဟိုရိုသင်လမ်းမကြီး ဆိုတာက ဘန်ကောက်မြို့လယ်က နာမည်ကြီး
လူစည်ကားလှတဲ့ Anusawari Chai Samoraphum (Victory Monument) ကျောက်တိုင်ကြီးရှိတဲ့
နေရာကနေ စတင်ခေါ်ဝေါ် ကြတာပေါ့ကွာ။

စကားစပ်လို့ အဲဒီ အနုဆဝါလီ ကျောက်တိုင်ကြီးက ၁၉၄၀-၄၁ မှာ
(Guerre Franco-Thaïlandaise) ထိုင်းနဲ့ ပြင်သစ် စစ်ဖြစ်တာ ရပ်စဲတဲ့ အနေနဲ့ စိုက်ထားတာတဲ့ကွ၊
ငါတို့တွေ ဘန်ကောက် ရောက်စကဆိုရင် အဲနေရာက အစည်ကားဆုံးလို့ ပြောရမယ် ထင်တယ်ကွ၊
ဘတ်စ်ကားလိုင်းတွေ ၅၀ ကျော် ဆုံတဲ့နေရာဆိုတော့လည်း စည်ကားတာပေါ့ကွာ။

နောက်ဆုံးတခေါက် ငါ ရောက်တော့ မိုးပျံ လမ်းမကြီးတွေ ကောင်းမှုကြောင့် ဘန်ကောက်မြို့ကြီးရဲ့
တချို့ နေရာတွေက မိုးပျံ တံတားကြီးတွေအောက် ရောက်ကုန်ပြီး အရင်လို သဘာဝ အလင်းရောင်
အရ နည်းကုန်တော့တာပေါ့၊ အခုဆိုရင် သုဝဏ္ဏဘုမ္မိ လေဆိပ်ကနေ မြို့လယ်ကိုသွားတဲ့ မိုးပျံလမ်း
ပြီးသွားပြီဆိုတော့ ဘယ်လိုများနေသလဲ ဆိုတာ သွားရင် ကြည့်ရအုံးမှာပေါ့ကွာ။

အဲဒီမှာ ငါတို့ ပါရီမြို့ အကြောင်း ထည့်ပြောချင်တာ တခုရှိတယ်ကွ၊ ပါရီမြို့ဆိုပြီး သတ်မှတ်ထားတဲ့
ရပ်ကွက်ကြီး ၂၀ ရှိတယ်၊ အဲဒီရပ်ကွက် ၂၀ အတွင်းမှာ ဘာ မိုးပျံတံတားတွေမှ ဆောက်ခွင့်မရှိဘူး၊ 
ကပ်ပြောရင်တော့ ရတာ တခုရှိတယ်၊ ၁၉၀၀ ခုနှစ်ဝန်းကျင် မြေအောက်ရထားတွေ ဖောက်တုန်းက
မဖြစ်မနေ မြေအောက်မှာဖောက်ဖို့ မတတ်နိုင်ခဲ့လို့ မြေပေါ်မှာ တံတားထိုးဖောက်ခဲ့ရတာ နည်းနည်း
ရှိတယ်၊ မိုးထိုးနေတဲ့တိုက်ကြီးတွေလည်း ဆောက်ခွင့်မရှိဘူး၊ ဆောက်ချင်ရင်တော့ မြို့အပြင်အစွန် 
စပ်စပ်မှာ ဆောက်ခွင့်ပေးတယ်၊ နောက် ဓါတ်ကြိုးတွေနဲ့ ရှုတ်ရှက်ခတ်နေတတ်တဲ့ ဓါတ်ရထားလမ်း 
တွေကို လုံးဝ ဆောက်ခွင့် မပေးဘူး၊ အဲဒီလို မြို့ဟောင်းကို ထိမ်းသိမ်းထားပြီး လာကြည့်တဲ့သူတွေ 
များသထက် များလာအောင် စွဲဆောင်တာပေါ့၊ ဘန်ကောက်ကတော့ ဒို့ ပါရီနဲ့တော့ တခြားစီပါ။

ဘန်ကောက်ကတော့ မိုးပျံလမ်းတွေနဲ့ မိုးပျံလမ်းမတွေ ပလူပျံနေတဲ့ မြို့တော်ကြီးပေါ့၊
ဘန်ကောက်မှာ ငါ အကြိုက်ဆုံးကတော့ အခြားမဟုတ်ဘူး၊ လမ်းဘေးက အငွေ့တထောင်းထောင်း
ထနေတဲ့ ပလက်ဖောင်း စားသောက်ဆိုင်လေးတွေကွ။

ကဲကွာ အဲဒီ ဆိုင်လေးတွေအကြောင်း နောက်များကျမှ ဆက်ကြရအောင်ကွာ၊
ခုတော့ နာခွန်ဆဝန်အကြောင်း ပြန်ဆက်ကြရအောင်၊ ဘန်ကောက်ကနေ ကီလိုမီတာ ငါးရာဝေးတဲ့ 
ငါတို့ ရွှေပြည်ကြီးရဲ့ နောက်ဖေးပေါက်လို့ တင်စားခေါ်ကြတဲ့ မယ့်ဆောက်ဆိုတာကို သွားရင်လည်း 
နာခွန်ဆဝန်က လမ်းတဝက်ပေါ့ကွာ။

အဝေးပြေး ဘတ်စ်ကားတွေ အများစု ခဏရပ် နားကြတဲ့ မြို့ပေါ့၊
ဘန်ကောက်က စထွက်ရင် အယုဒ္ဒယ နောက် နာကွန်ဆဝန် ပြီးရင် တခ်မြို့
အဲဒီကနေ အနောက်ဘက် လမ်းခွဲထွက်ရင် မယ့်ဆောက် အရှေ့ဘက်သွားရင် ဆူခိုထိုင်း၊
တခ်ကနေ မြောက်ဘက်ဆက်သွားရင် ဗမာဘုန်းကြီးကျောင်းတွေရှိတယ်ဆိုပြီး နာမည်ကြီးတဲ့
လန်ပန်မြို့ အဲဒီမှာလည်း ချင်းမိုင်သွားချင်ရင် အနောက်မြောက်ဘက်ကို လမ်းခွဲထွက်သွားရတယ်၊
ချင်းမိုင်မရောက်ခင်မှာ လန်ဖွန်မြို့ဆိုတာကလည်း ဗမာတွေမွန်တွေရဲ့ သမိုင်းတွေ ရှိခဲ့တာပေါ့ကွာ။

လန်ပန်မြို့ကနေ အမှတ် (တစ်) လမ်းမကြီးအတိုင်းဆက်သွားရင် ငါ့ဖားသားကြီး အလုပ်လုပ်ခဲ့ဖူးတဲ့
Mae Mo မယ့်မိုနယ်မြေပေါ့၊ အဲဒီကနေ ဆက်သွားရင် ချင်းရိုင် နောက်ဆုံး ဖာဟိုရိုသင်လမ်းမကြီးရဲ့ 
နောက်ဆုံး ဂိတ်ဆုံးမြို့ကတော့ မယ့်ဆိုင်မြို့ ပေါ့ကွာ၊ မယ့်ဆိုင်မြစ်လေးကို ကူးသွားရင်တော့ ထိုင်း 
လူမျိုးတွေရဲ့ အကိုကြီး ထိုင်းယိုင်တွေနေတဲ့ မောတို့ဌာနီရှမ်းပြည် တာချီလိတ်ကို ရောက်ပြီပေါ့ကွာ။

အဲဒီ နေရာတွေကိုတော့ ငါ့ဖားသားကြီး ကျေးဇူးတော်ကြောင့် တော်တော် အနှံ့ ရောက်ဖူးခဲ့ပါတယ်၊
မှတ်တော့ ဘယ် သိပ် မှတ်မိပါမလဲ၊ မယ့်မို နယ်မြေရဲ့ တောတွေတောင်တွေ ကြားထဲမှာမှ တကယ့် 
ထိုင်းလူမျိုးစစ်စစ်လို့ သူတို့ကိုယ်သူတို့ ပြောတဲ့သူတွေကို တွေ့ဖူးခဲ့ရတာပေါ့ကွာ။

အလွမ်းပြေတော့ ရောက်အောင် ထပ်သွားချင်ပါသေးတယ်၊ အစဉ်ပြေတဲ့ တနေ့ပေါ့ကွာ။



ထိုင်းနိုင်ငံက ကျေးလက်လမ်း                                                                  (ဓါတ်ပုံ မရငတ)

ဘာဖြစ်ဖြစ်ပေါ့၊ ကောင်းကောင်းဆိုးဆိုး အဲဒီ ဒုတိယအိမ်ကို သွားရမှာကတော့ ရင်ခုန်ရတယ်ကွာ၊
တကယ်တော့ ထိုင်းနိုင်ငံဆိုတာ ငါ့အတွက်တော့ သိပ် မဆန်းလှဘူးလို့လည်း ပြောလို့ရတဲ့နယ်ပါ။

နောက်ပြီး ငါ့ရဲ့ ဖားသားကြီး ကျေးဇူးနဲ့ တော်တော်အနှံ့ ရောက်ခဲ့ဖူးရတာပေါ့၊
အဲဒီတုန်းကတော့ ကိုယ်ပိုင်မှတ်တမ်း တင်ဖို့ဆိုတာက ခပ်ခက်ခက် မဟုတ်လား၊
ကင်မရာတွေကလည်း ဖလင်ဖိုး မတတ်နိုင် ကူးခဆေးခ မတတ်နိုင်တော့ ပတ်ဝန်းကျင်အလှ
ရှုခင်းတွေ ရိုက်နိုင်ဖို့က စရိတ် မတတ်နိုင်ဘူးပေါ့ကွာ၊ အဲဒါကြောင့် မှတ်တမ်းပုံတွေ မရှိဘူးပေါ့။


“မယ့်နမ် ကျောက်ဖရား”                                                                       (ဓါတ်ပုံ မရငတ)

အဲတော့ အခု ငါ့ရဲ့ ရင်ခုန် ရေစီးသံအိပ်မက် အကောင်အထည် ပေါ်လာခဲ့ရင်
မှတ်တမ်းတင် ပုံအကောင်းစားကြီးတွေ အများကြီး အများကြီးမင်း မြင်ရတော့မှာပေါ့ကွာ။

အေး ဒါနဲ့ အခုလောလောဆယ်တော့ ကြိုဆိုရေးအနေနဲ့
ဘန်ကောက်မြို့မှာတော့ ငါ့အတွက် သော့နှစ်ချောင်းက စောင့်မျှော်လို့ နေပါပြီပေါ့၊
သွားရမယ့် အချိန်ကိုသာ လက်ချိုးရေပြီးလား လက်ရေချိုးပြီးလား စောင့်ရပါတော့မယ်။

သော့ပိုင်ရှင်များကတော့ မျက်ခုံးလှုပ်နေမလား မသိဘူးဟေ့၊
ပထမသော့တချောင်း ပိုင်ရှင်ကတော့ ငါ့ဆီ ပါရီလာလည်သွားတဲ့ ကဗျာဆရာရဲ့သော့၊
နောက်တချောင်းကလည်း ပါရီလာလည်သွားဖူးတဲ့ အညာသား ဆရာဝန်လေးရဲ့သော့။

သူတို့နှစ်ယောက်စလုံးက ပါရီမှာ သောင်တင်နေတဲ့
အာရ်ဇာနည် ဒုက္ခသည် ငါ့ကို ဒုက္ခ လာပေးဖူး သူတွေပေါ့ကွာ၊
ငါ့ရဲ့မူဝါဒက ကိုယ့်ဆီ တခါလာရင် ကိုယ်က နှစ်ခါ ပြန်သွားချင်တာလေ၊
ငါကလည်း ငါ့ဆီကို လာလည်သူတွေကို စားစရာ သောက်စရာ အတွက်၊
ပူစရာမရှိ လူတကာအသိ ဘူတာအထိ လာကြိုပါတယ် ဆိုတဲ့ လူစားမျိုး မဟုတ်လား၊
ဒီတော့ သူတို့ နှစ်ယောက်စလုံးကို ဒီတခါတော့ ငါက ဒုက္ခ ပြန်သွားပေးရတော့မှာ ပေါ့ကွာ။


သတိယနေမိသော “မယ့်နမ် ကျောက်ဖရား”  ရှန်ဂရီလာ ညနေခင်းများ              (ဓါတ်ပုံ မရငတ)

စာတိုက်ကြီးသို့သွား ရွှေပြည်မြို့တော်က ချစ်သူတွေဆီ ဖုန်းခေါ်ပြီး အပြန်လမ်း အဲဒီ ရှန်ဂရီလာကြီး 
ခြေရင်း ကျောက်ဖရားကမ်းနဖူးမှာ ပျင်းပျင်းနဲ့ထိုင်ကြရင်း ပါလာတဲ့ ပိုက်ဆံလေးတွေကိုစု မယ့်ခေါင် 
တလုံး ကိုလာတပုလင်း ခရွန်ထေ့ထ်တဗူး မျှဝေသောက်ကြရင်း စီးဆင်းသွားတဲ့ မြစ်ရေပြင် ခပ်ညစ် 
နောက်နောက်တွေကိုကြည့်ရင်း ဘဝအမော အချစ်အမော အလွမ်းအမောတွေကို အတူမျှဝေ ခံစား 
အချိန်ဖြုန်းခဲ့ကြတဲ့ ဘီကေကေတွဲဘက်ရဲဘော် ချစ်သူငယ်ချင်း နိုင်ကြီး စိုးကြီး ကိုကျော် ဝေအောင် 
တို့နဲ့တကွ တခြားသော အမည် မမှတ်မိသူများကိုလည်း သတိယနေမိရင့်း့

မယ့်နမ် ကျောက်ဖရာ့း့ ရင်ခုန် ရေစီးသံ အိပ်မက်
ရေစီးသံ ရေစီးသံ အိပ်မက်တွေ့  မက်ရင်း
မကြာခင့့်  မကြာခင်ပေါ့ မကြာခင်ပေါ့။

အခုနေတော့ ဒါဟာ အိပ်မက်အဆင့်သာ ရှိနေပါသေးတယ်ကွာ၊ ဒီ အိပ်မက် အကောင်အထည်ပေါ် 
လာဖို့ကတော့ သည်းခံစောင့်စား နေရဦးမှာပေါ့လေ၊ မင်းသိတဲ့အတိုင်း ငါကတော့ငါ့အကျင့်အတိုင်း 
ကျောက်ဖရား ရေစီးသံကို ကြားယောင် နေမိရင်း အိပ်မက်ထဲမှာ အရင်ဆုံး တခေါက်လောက်တော့ 
ရောက်နှင့်နေမြဲပေါ့ကွာ။

ဧရာဝတီရေ မင်းဆီတော့ တိုင်းပြည် စိမ်းလန်းငြိမ်းအေးချမ်းရင်
နောက်အခေါက် နောက်အခေါက်မှာ့ လာဖြစ်အောင် လာချင်ပါတယ် ကွာ။

ဧရာဝတီရေ့ မင်းရဲ့
မောင်ရင်ငတေ ၀၆၀၈၂၀၁၄
http://moemaka.com/archives/39153   သြဂုတ် ၆၊ ၂၀၁၄

ငါ့ ရင်ထဲမှာ ဧရာဝတီ
ဘန်ကောက်အိပ်မက်ထဲက ကျောက်ဖရားရေစီးသံ

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ပါရီ-ကာတာ-ဘီကေကေ ခရီးစဉ် မစခင်မှာ ဒီ စာစုကို ရေးသား ဖြစ်ခဲ့ပြီး
၂၀၁၆ ခုနှစ် နိုဝင်ဘာ ပါရီ-အမ်းမရိတ်-ဘီကေကေ ခရီးစဉ်မှ မှတ်တမ်းတင်ပုံများကို ဖြည့်စွက်၍
၂၀၁၈ ခုနှစ် ဂျန်နဝါရီ ပါရီ-ကာတာ-ဘီကေကေ ခရီးစဉ် မစတင်မီ တင်ကြို ရင်ခုန် ခံစားမှုအဖြစ်
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် ဖြည့် ဖျက် ပြင်ဆင် ရေးသားလိုက်ရပါတယ်။


ဧရာဝတီရေ့ မင်းရဲ့
မောင်ရင်ငတေ ၀၄၁၁၂၀၁၇