Libellés

jeudi 12 octobre 2017

** * ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် (နှစ်) ** *

နှစ်ဆယ်ကျော်အလွမ်း
ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်)

I LOVE U Séoul                                                                         (Photo TWKK, ROK)

Séoul                                                                                          (Photo AKT, YNG)

မောင်ရင်ငတေရဲ့ ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ်ဆိုးလ် စာစုအပိုင်း (တစ်) ကို 
ပြီးခဲ့တဲ့လက လွမ်းချင်းများစွာနဲ့ ရေးဖြစ်ခဲ့ပါတယ်၊ ကိုယ်တွေ့ကြုံခဲ့တာတွေကို ဒိုင်ယာရီရေးတဲ့ပုံစံမျိုး 
ရေးထားမို့လို့ မသက်ဆိုင်သူများအတွက် စိတ်ပျက်ဖွယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အခုလည်း ဆိုးလ်သို့အလွမ်း သို့မဟုတ်
ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်) ကိုလည်း
မရေးရ မနေနိုင်လို့ ကိုယ်ရေးမှတ်တမ်းအဖြစ် ဆက်ရေးလိုက်ရကြောင်းပါ။

ပထမ စာစု Séoul
ဆိုးလ်သို့အလွမ်း သို့မဟုတ်
ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)
နိဂုံးချုပ်မှာ အောက်ပါအတိုင်း ရေးခဲ့မိပါတယ်။

အဲဒီလိုနဲ့ အပတ်စဉ်တိုင်းလို အလုပ်ရှင် စရိတ်နဲ့ ပွဲတွေလုပ်လိုက် မန်နေဂျာတွေက လုပ်ပေးလိုက်နဲ့
မောင်ရင်ငတေတို့ အူစိုချိန်များခဲ့ရတာပေါ့လေ၊ သူတို့ဓလေ့က စားသောက်ပွဲပြီးရုံနဲ့ မရပ်သေးပါဘူး၊ 
ပွဲဆက်တွေ ရှိပါသေးတယ်၊ ဆိုင်ကြီးတဆိုင်မှာစားမယ်၊ နောက်ပြီး သူဌေးစရိတ်နဲ့ ကာရာအိုကေကို 
သွားမယ်၊ ဘိုလင်း သွားထိုးမယ်၊ ဘိလိယက်ခုံ ဆက်သွားမယ်၊ ပြီးရင် သန်းခေါင်ကျော် တချက်တီး 
နှစ်ချက်တီးမှာဖွင့်တဲ့ လမ်းဘေး ဆိုဂျူးဘားလေးတွေရဲ့ တာလဘတ်မိုးတွေအောက်မှာ မောနင်းထိ
ဆက်ပက်ချင် ပက်မယ်၊ တကယ့်ကို စိတ်ရှိတိုင်း လုပ်တတ်တဲ့ ကကြီးကောင်တွေပါ။

တကယ်ပါ့
သူတို့တတွေနဲ့အတူ ညပေါင်းများစွာ အထူးသဖြင့်တော့ စနေနေ့ရဲ့ ညပေါင်းများစွာမှာပေါ့

အဲဒီ တာလဘတ်အမိုးတွေအောက်မှာ အေးစက်နေတဲ့ ကကြီးဆောင်းကို အန်တုရင်း မောနင်းပက် 
ပက်ခဲ့ဖူးတဲ့ ဆိုးလ်မြို့တော်ဝန်းကျင်တဝိုက်က ဆိုဂျူးညများကို လွမ်းမိနေရင်း အတူရှိခဲ့ဖူးသူများကို 
သတိရမိရင့်း့  ဘဝအမောတွေကို ပြန်လည်တွေးတောနေမိရင့်း့

ဤသို့ ရေးခဲ့မိတဲ့အတိုင်း တကယ်ကို သတိရမိပါတယ်၊ တကယ် သတိရစရာတွေသာပါ။

အဲဒီမှာ အရှေ့တိုင်းသားတွေရဲ့ အကျင့်စရိုက်နဲ့ အနောက်တိုင်းသားတွေ စရိုက်ပုံစံ ကွာခြားချက်ကို 
ပြောရရင်တော့ အရှေ့တိုင်းသားတွေက အလုပ်လုပ် အစာစား အသောက်သောက် ဘာမဆိုမြန်ကြတဲ့
သူတွေပါ၊ အထူးသဖြင့်တော့ အသောက်သောက်တဲ့ နေရာမှာပေါ့ လေ။

မောင်ရင်ငတေ ဒီကနေ့ ရောက်ရှိနေထိုင်နေတဲ့ ပြင်သစ်တို့ အနောက်တိုင်းသားတွေက တစိမ့်စိမ့် 
မော့ကြသူတွေပါ၊ တပက်သာသာ တခွက်ထည့်ပြီး တနာရီလောက် အာကောင်းကြရင်း တဖြေးဖြေး 
တစိမ့်စိမ့် တငြိမ့်ငြိမ့် ဇိမ်နဲ့သာ မော့တတ်ကြသူတွေပါ၊ အရှေ့တိုင်းဒေသမှာလို လက်ဘက်ရည်ဆိုင် 
ကဖေးဆိုင် စားသောက်ဆိုင် ကဇော်ဆိုင် သိသိသာသာ ခွဲခြားထားလေ့မရှိပါဘူး၊ Café Bar Bistro
Brasserie သိပ်မကွာလှပါဘူး၊ မနက်စောစော ကော်ဖီသောက်ချင်လည်းရသလို အပြင်းသမားတွေ
မောနင်းပက်ချင်လည်းရတဲ့ ဆိုင်တွေသာပါ၊ အတူတွဲလျှက် ရှိကြတာ များပါတယ်။

မောင်ရင်ငတေလည်း ပြင်သစ်ရောက်လို့ ပြင်သစ်လိုသာကျင့်ကြံနိုင်ဖို့ အားထုတ်နေပေမယ့် အဲဒီလို 
တခါက ကကြီးနေ့များရဲ့ တာလပတ် အမိုးအောက်က ဘဝဟောင်းများကိုတော့ သတိရနေမြဲပါ။

အင်းလေ့ အဲဒီချိန်က မောင်ရင်ငတေက သုံးဆယ်မပြည့်တတ်သေးဆိုတော့ ခုလိုမဟုတ်
သန်တုန်း မြန်တုန်း မာတုန်း ဆိုပါတော့ လူကလည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ
ဘယ်သူဘယ်ပုံစံဆိုရင် ဘယ်အချိုးချိုးတော့မယ် ဆိုတာလည်း သိလာပြီဖြစ်သလို ဘယ်နေရာမဆို
ခြေမြန်လက်မြန်မှ အနေတော်  ဆိုတာလည်း သိလာပြီမို့ ရန်ဖြစ်ပြီဆိုလည်း လက်က အရင်ရောက် 
သွားတတ် နေပါပြီ၊ အဲလို လက်က ဦးအောင်ဆော်ပြီးရင်လည်း ခြေက မြန်နှုန်းမြင့် ပြေးတတ်နေတဲ့
အချိန်ပါ၊ အဲဒီ ကျင့်သားရထားဖူးတာတွေကိုလည်း ဒီကနေ့မှာ လွမ်းမိရပါတယ်၊ ခုတော့ ခြေကကုန်
လက်ကပမ်းနဲ့ လူ စိတ် နှစ်ပါး အရာရာမှာ ကျစ ပြုလာပါပြီ။



Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီအချိန်က မောင်ရင်ငတေတင် ခပ်ကဲကဲလား မမေးကြပါနဲ့၊ ရောက်ရှိလာသူ တော်တော်များများ
ကလည်း မောင်ရင်ငတေလို ခပ်ကဲကဲသမား ပုလင်းတူဗူးဆို့တွေသာ များပါတယ်၊ ဒီကကြီးမြေကိုမှ 
နင်းလာကြသူများက သူနယ်နဲ့သူ ဇလေးတွေတော့ ကိုယ်စီပါရှိ ပြီးသားလို့ ပြောစမှတ် ပြုရမှာပါ။


ထိုင်းမလေးပြန်တွေ စလုံးပြန်တွေ သင်္ဘောခုန်ချတွေ မြို့သား တောသား အညာသား ရန်ကုန် မန်း 
မတ္တရာ မော်လမြိုင် ရေး ဘိတ် ထားဝယ် ပုသိမ် မုံရွာ ရေဦး ရွှေဘို ပုပ္ပား ညောင်ဦး မိုးကုတ် မကွေး 
ပြည် ခရမ်းသုံးခွ ဆိပ်ကြီး ခနောင်တို သိပ်ဇရပ် တောင်ငူ ရခိုင် ရှမ်း မွန် ကရင် ကုလား ချင်း ကချင် 
နယ်စုံလှပါတယ်၊ အများအားဖြင့်က အသက်အစိတ် ဝန်းကျင်တွေသာပါ၊ လေးဆယ်ကျော်ငါးဆယ် 
နည်းပါတယ်၊ အစပထမဦးမှာ ဗမာမ ရှမ်းမ အမဆို မူးလို့ရှုစရာ တယောက်မှ မရှိပါဘူး၊ အားလုံးလို 
ကျားတွေချည်းသာဆိုတော့ ဘာပြောကောင်းမလဲ သောက်မယ်စားမယ်ကဲမယ် သမားတွေချည်းပါ။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

ပထမတော့ ဆိုဂျူးလေးဝယ် ကိုယ့်အခန်းသူ့အခန်းမှာ စကားပြောကြရင်း အေးဆေးနဲ့ သောက်ရုံပါ၊
စက်ရုံ အလုပ်ရုံလေးတွေကလည်း မောင်ရင်ငတေတို့ မဟာရန်ကုန် ရွှေမြို့တော်ကြီးက ကျူးကျော် 
ရပ်ကွက်အိမ်တွေထက် နည်းနည်းသာပိုသာပါလိမ့်မယ်၊ ဟိုဘက်အလုပ်ရုံ ဒီဘက်အလုပ်ရုံ ဖင်ချင်း 
ပေါက်လောက်သာပါ၊ တချို့များဆိုရင် အုတ်တံတိုင်းနံရံကပ် တဘက်ရပ်အဖီလေးထိုး ခပ်စုတ်စုတ် 
အင်ဂျက်ရှင် စက်လေးတလုံးနဲ့ သူဌေးလုပ်စားသူ ဉာဏ်ကြီးရှင် ကကြီးများလည်း ရှိပါသေးတယ်။

ဒီကနေ့တော့ ခေတ်မီတိုက်ကြီး နှစ်ထပ်လမ်းကြီးတွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ ဖြစ်ပါတဲ့
မောင်ရင်ငတေတို့ရဲ့ အလုပ်ရုံရပ်ကွက်လေးဟာ တရုံနဲ့တရုံ အပေါ်ထပ်အောက်ထပ် ဘေးချင်းကပ်
မို့လို့ အလုပ်လုပ်ကြရင်း အလုပ်ခဏနား ကော်ဖီသောက် ဆေးလိပ်သောက်ရင်း စကားဝိုင်းဖွဲ့ဖြစ်ကြ 
သလို အလုပ်ပြီးရင်လည်း သူ့အခန်းကိုယ်ကူး ကိုယ့်အခန်းသူလာ အနီးကလေးသာပါ။

အဖေါ်လေးပါ တော်ကီလေးပွားရင်းမှ သောက်ချင်စိတ်ရှိတဲ့ မောင်ရင်ငတေနဲ့ စိတ်ကူး တူသူများက 
ရောက်လေရာအရပ်မှာ ပေါ်လာတတ်ပါတယ်၊ အဲဒီလို မှတ်မှတ်ရရ ရှိခဲ့သူတွေထဲက တယောက်က 
ပုန်းရည်ကြီးရောင်းတာကို မကူညီလို့ သူ့အဖေက ကကြီးကို နယ်နှင်ဒဏ် ပေးခံရသူ ညောင်ဦးသား 
စစ်စစ် တယောက်ပါ၊ ရွှေစည်းခုံဘုရားခြေရင်း ဇာတိပါ၊ စကားပြော ကောင်းလှသူပါ၊ တယောက်ထဲ 
ဆယ့်လေးငါးယောက်ဝိုင်းကို အသာလေးထိမ်းထားနိုင်သူပါ၊ ဇာတ်ပွဲအငြိမ့်ပွဲ ဝါသနာပါလို့ ဇာတ်က
ရာနောက်လိုက်ပြီး ဇာတ်စကားတွေ အလွတ်ကျက်လာတဲ့သူမို့ တနာရီလောက်မနားတမ်း ဇာတ်သံ 
ဇာတ်ဟန်ရောပြီး ပြောနိုင်သူပါ၊ သူမပါ ပွဲမစည်ပါဘူး။

သူတို့ အလုပ်ရုံက မောင်ရင်ငတေတို့နဲ့ ကပ်လျှက်ပါ၊ မောင်ရင်ငတေက ညဆိုင်းအလုပ် မလုပ်သူမို့
ဘယ်မှ မသွားဖြစ်ကြရင် သူအလုပ်မလုပ်တဲ့ ညတွေမှာ ဆိုဂျူးလေး ခါးကြားထိုး အမြည်းဖတ်လေး 
သုံးလေးဖတ် ယူလာပြီး မောင်ရင်ငတေတို့ ဝိုင်းဖွဲ့တတ်ကြမြဲပါ၊ အဲ သူညဆိုင်းဆင်း အလုပ်လုပ်နေ 
ရင်လည်း ညဆိုင်းမလုပ်တဲ့ မောင်ရင်ငတေတို့ သွားသွားပြီး ဒုက္ခပေးကြပါတယ်။

သူတို့အလုပ်ရုံက ကက်ဆက်ခွေတွေကာဗာတွေ တိတ်ကြိုးတွေထုတ်တဲ့ ပလတ်စတစ်အင်ဂျက်ရှင် 
တခုပါ၊ ဂိုဒေါင်လိုအလုပ်ရုံကြီးထဲမှာ စက်တလုံး လူတယောက်နဲ့ စက်လေးငါးခြောက်လုံး ရှိပါတယ်၊
အင်ဂျက်ရှင် စက်တလုံးဘေးမှာ စက်တံခါးကို ဖွင့်လိုက်ပိတ်လိုက် ထွက်လာတဲ့ ကက်ဆက်ခွေတွေ 
စက္ကူပုံးတွေထဲထည့်လိုက်လုပ်နေတဲ့ အဲဒီညောင်ဦးသားကို လုပ်ကူရင်း တော်ကီသွားပွားကြတာပါ။

သူနဲ့တယောက်က တော်ကီးပွားနေခိုက် သူဒိုင်ရှိုထားတဲ့ စက္ကူပုံးတွေကြား ဆိုဂျူပုလင်းကိုရှာဖွေပြီး 
တယောက်တလှည့် မော့ပြီးသွားရင်တော့ မောင်ရင်ငတေတို့ တာဝန်ကျေကြပါပြီ၊ ပြန် အိပ်ကြပါပြီ၊ 
နောက်တနေ့ညမှာတော့ သီချင်းလေးညည်းရင်း လေလေးချွန်ရင်း မောင်ရင်ငတေတို့ကို ဆဲနေကြ 
အဆဲလေးနဲ့ ရောက်လာ ပြန်ပါပြီ၊ အခန်းအဝင်ဝ မီးဖိုချောင်မှာ စားစရာသောက်စရာ မွှေနှောက်ရှာ 
ပြီး သူရဲ့ဇာတ်တော်ကီတွေကို နားညည်းအောင် တင်ဆက်ပါတော့တယ်၊ လွမ်းရပါတယ် ညောင်ဦး 
သားကြီးရေ၊ ပုန်းရည်ကြီး မည်းမည်းမြင်တိုင်း မင်းကိုသတိရမိကြောင်းပါ၊ မသေသေးရင်တော့ တခါ 
လောက် ပြိုင်သောက်ချင်ပါသေးတယ်၊ အရင်လိုတော့ တပုလင်း လွယ်လွယ်နဲ့ဘယ်ကုန်တော့မလဲ၊ 
မင်းလည်း ရွှေစည်းခုံခြေရင်း မွေးလာသလို ငါလည်း ရွှေတိဂုံအရှေ့မုခ် ဖြတ်သန်းလာတဲ့ကောင်ကွ 
ပြောရင်း တကြိမ်တခါလောက်တော့ အငြင်းပြိုင် အသောက်ပြိုင်ချင် မိပါသေးတယ်ကွာ။

အဲဒီအချိန်မှာ မောင်ရင်ငတေတို့ ကကြီးထမင်းဆိုင်မှာ သွားပြီး ထမင်း မစားကြတော့ပါဘူး၊ 
နောက် ရောက်လာတဲ့ မောင်ရင်ငတေတို့ ညီအကိုတွေရယ် တခြားတယောက်နှစ်ယောက် 
စုပေါင်းပြီးတော့ အလှည့်ကျ ချက်စားနေကြပါပြီ၊ ချက်စားဖြစ်တာက့ သူတို့တွေရဲ့ 
မဟာကင်ချီ ချဉ်ပတ်နဲ့ ဆီမပါ ပြားမပါ အသားမပါ အရသာမပါတဲ့ အဟာရတွေကို မမှီဝဲနိုင်တော့လို့ပါ။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

ကကြီး အလုပ်တွေရဲ့ ထုံးစံက တနေ့သုံးနပ် အကျွေး မပါမနေရပါ၊ မနက်ဆို အလုပ်လာရာလမ်းက 
သတ်မှတ်ထားတဲ့ ဆိုင်တဆိုင်မှာ မနက်စာဝင်စားလေ့ ရှိကြပါတယ်၊ အလုပ်ခွင်မှာတော့ လာပို့လေ့
ရှိပါတယ်၊ ညစာကိုလည်း အလုပ်နားက ဆိုင်တဆိုင်မှာ စီစဉ်ထားကြပါတယ်၊ သောက်တတ်သူများ 
ကတော့ ကိုယ့်ဘီလ်နဲ့ကိုယ်ပေါ့။ တနပ်စာ စားစရိတ်က မသေးလှပါဘူး၊ ဝမ် နှစ်ထောင် နှစ်ထောင့် 
ငါးရာ တချို့ဆိုရင် သုံးထောင် သုံးထောင့်ငါးရာမျှ ကျသင့်ပါတယ်၊ တနေ့ သုံးနပ် တွက်ကြည့်ကြပါ၊

အဲဒီတော့ မောင်ရင်ငတေလည်း တနပ်ဆိုနှစ်ထောင် သုံးနပ်ကိုခြောက်ထောင် ရက်သုံးဆယ်ဆိုရင် 
ဘယ်လောက် ကျသင့်သလဲ ကကြီးကောင်တွေနဲ့ ညှိပြီး ထမင်းစရိတ် တလ ဝမ်တသိန်း ပေးမလား
ကကြီးတွေလည်း တွက်ချက်ကြည့်တော့ သက်သာနေတာနဲ့ ပေးမယ် ဖြစ်လာပါတယ်၊ အဲဒါနဲ့ မီးဖို 
အိုးခွက် ပုဂံတွေ မင်းတို့ ကြည့်လုပ်ပေးဆိုတော့ သူတို့က အေးဆေးပါတဲ့၊ အဲဒီအချိန်က ကကြီးမြေ 
လမ်းဘေးတနံလျှား အိမ်သုံးကုန်ပစ္စည်း ကောက်စရာက ပေါမှပေါတဲ့ အခိုက်မှလား အေးဆေးပေါ့။

ကကြီးအလုပ်တွေက နေစရာပေးတယ်ဆိုပေမယ့် အများအားဖြင့် တော်ရိလျော်ရိတွေသာပါ၊ သူတို့
အလုပ်ရုံဆိုတာ တဘက်ရပ်တဲကြီးတလုံးအဆင့် ခပ်သာသာသာဆိုတော့ နေစရာပေးတာကလည်း 
ကျောတခင်း ဖျာတချပ် သာသာတွေလည်း ရှိပါတယ်၊ အလုပ်ရှင်ဆိုတဲ့ ကကြီးမိသားစု ဘုစုခရုတွေနဲ့ 
ပေါင်းနေရသူတွေလည်း ရှိသလို ကုတင်တလုံး သူဌေးတလှည့် သူတလှည့် နေ့ဆိုင်းညဆိုင်းလုပ် 
အိပ်ကြရသူတွေလည်း ရှိပါတယ်။

မောင်ရင်ငတေ ကံကောင်းတာက အလုပ်ရှင်လင်မယားက ဆရာဆရာမဟောင်းများ ဆိုကြပေမယ့် 
ပစိပစပ် သိပ်မများပဲ ခပ်အေးအေးသမားများသာဖြစ်ပြီး မန်နေဂျာအငယ်နှစ်ယောက်က အသောက် 
အစားနဲ့ အားကစားသမားများ ဖြစ်လေတာကြောင့် မောင်ရင်ငတေ့ရဲ့ မြေအောက်နန်းတော် အခန်း 
လေးက လွတ်လပ်နယ်မြေတခု အသွင်သို့ ဆောင်လာပါတယ်။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီလိုသာ မောင်ရင်ငတေတို့က ကံလေးက ကောင်းချင်တော့ ကကြီးကောင်းတွေနဲ့ တွေ့ဆုံခဲ့ရပြီး 
အပိုင်စားရတဲ့ မြေအောက်နန်းတော်လေးကလည်း လွတ်လပ်ခြင်းအတိ စည်းရိုးမရှိ အတားဆီးမဲ့နဲ့ 
ဝင်ခွင့်ထွက်ခွင့်ရရာ ဖြစ်လာလေတော့ နေ့နေ့ညည ရွှေဗမာတွေ စည်ကားရာ ဇရပ်အလား ဖြစ်လာ 
တော့ပါတယ်၊ အလုပ်နားသူ အလုပ်ပြုတ်လာသူ အသစ်ရောက်လာသူ နယ်မြေ ပြောင်းလာသူတွေ 
ကြောင့် မူရင်း ငါးယောက်ခန်းဟာ ဆယ်ယောက်မက နေတဲ့ အခန်း ဖြစ်လာပါတော့တယ်။

ရွှေလူမျိုးစုံရုံတင်မျှမက ဖား ငါးတွေ ဗျိုင်းတွေ ဘကုန်းတွေနဲ့ အင်တာနေရှင်နယ်ဇုံ ဖြစ်လာပါတယ်။

မောင်ရင်ငတေတို့ ကကြီးမြေနင်းပြီး ခြောက်လကျော် တနှစ်မပြည့်မီမှာ ကကြီးအစိုးရ လေဘာဌာန ကြီးရဲ့ 
အစီအစဉ်နဲ့ နိုင်ငံတကာက Work Permit သမားတွေ ရောက်ရှိလာပါတယ်၊ အလုပ်လုပ်ခွင့် ပါမစ်ဆိုတော့ 
တရားဝင် သမားတွေပေါ့ မဟုတ်လား၊ ခက်တာက အစိုးရ အသိအမှတ်ပြု တရားဝင် အလုပ်လုပ်ခိုင်းပေ
မယ့် လုပ်ခလစာ ပေးတာတွေကတော့ တရားဝင် သတ်မှတ်ထားတဲ့ လုပ်ခလစာ ထက် အဆမတန် 
တဝက်မက နည်းပါးနေတာပါ၊ ခပ်ရှင်းရှင်း ပြောရရင်တော့ အလုပ်သမား ရေးရာ ဌာနတွေရဲ့ တရားဝင် 
လူလည်ကျ ကလိမ်ကကျစ် လုပ်ရပ်တွေလို့သာပါ၊ အမှန်တကယ် ရှိခဲ့တာပါ။

မောင်ရင်ငတေတို့လို့ နေထိုင်ခွင့် အလုပ်လုပ်ခွင့် တရားဝင် မရှိတဲ့ ခုန်ချသမားတွေတောင်မှ သူတို့ 
ကကြီးတွေနဲ့ တန်းတူ လုပ်ခလစာ ခံစားခွင့် (ကျန်းမာရေးကတော့ မပါဘူးပေါ့) ထပ်တူနီးပါးမျှ ရနေ 
သခိုက်မှာ သူတို့ပါမစ်သမားတွေက တဝက်လောက်သာ ရတာပါ၊ အဲဒါကြောင့် ပါမစ်ပစ် ပတ်ပို့စ်ပစ်
ပြေးကြသူတွေ မကြာပါဘူး ပေါ်လာတော့ပါတယ်၊ မောင်ရင်ငတေ မှတ်မိသလောက်ဆိုရင် ရွှေဗမာ 
တထောင်လောက် အလုပ်ပါမစ်လေးကိုင်ရောက်လာကြတာ ရှစ်ရာလောက်က မောင်ရင်ငတေတို့နဲ့
ချိတ်ဆက်မိပြီး နောင်ခါလာ နောင်ခါဈေး ပြေးကြလေသတည်းပေါ့ ဗျာ၊ မောင်ရင်ငတေတို့ ရွှေတွေ 
အများစုက တခြားနေရာမှာသာ ပိန်းချင်ပိန်းလိမ့်မယ် ဒီလိုစွန့်စားခန်းမျိုးကျတော့ မပိန်းလေကြဘူး၊ 
ဖြစ်ချင်ရာဖြစ် ခရီးသွားစာအုပ်မကလို့ ဘာဖြစ်ဖြစ် ထားသာထားခဲ့ပစ်လိုက်၊ အဲဒီစာအုပ်မျိုးလောက် 
အေးဆေးပါ၊ ဘီကေကေလှမ်းမှာ ဒေါ်လာ နှစ်ရာသုံးရာ၊ နောင်မှကြည့်ရှင်းကြ ခုတော့ပြေးကြပေါ့။

တယောက်စပြေးမှတော့ အားလုံးတညီတညာ ပြေးလာကြတာ ကကြီးသတင်းစာတွေထဲမှာတောင်
အပြေးနိုင်ဆုံး စံချိန်တင်ခဲ့တဲ့ ကိုရွှေဗမာတွေပါ၊ အဲဒီလို သွေးစည်းညီညွှတ်ခဲ့ကြသူတွေ ဖြစ်ကြောင်းပါ၊ 
မောင်ရင်ငတေ့ရဲ့ကကြီးကောင်တွေကတောင် မေးလာခဲ့ပါတယ်၊ မင်းကောင်တွေက များလှချေ လားပေါ့၊ 
မင်းတို့ချင်း ဟိုတုန်းကထဲက သိခဲ့ကြသလားပေါ့၊  မင်းတို့ကြည့်ရတာ သမီးယောက်ဖတွေ ကျနေလို့ 
မေးတာပါပေါ့၊ အမှန်ကတော့ သူတို့ ကကြီးတွေလည်း တွေ့တာနဲ့ အသေခင် တတ်ကြသူ တွေသာပါ၊ 
သူတို့ရဲ့ စရိုက်ထက် ကဲနေတဲ့ မောင်ရင်ငတေတို့ကို ကြည့်ပြီး အံ့သြမေး မေးကြတာပါ။

မောင်ရင်ငတေကလည်း ငါတို့ဟာ အမျိုးချစ်သူတွေပေါ့၊ နောက်များမှသာ တယောက်နဲ့တယောက်
အတင်းအုပ် သတင်းလုပ်တတ်ကြပေမယ့် တွေ့စ ခင်စမှာတော့ အခုလို ကြင်နာတတ်ကြကြောင်းပါ 
ပေါ့လေ့ မောင်ရင်ငတေရဲ့ ကကြီးကောင်တွေကတော့ ရီတာပေါ့ ငါတို့နဲ့ တူတူပါပေါ့။

ခုတော့ မောင်ရင်ငတေလည်း ကြင်နာတတ်ရုံမျှမက လွမ်းလွန်းတတ်နေပါပြီ။

အဲဒီမှာ ကိုကြီးသောင်းဆိုသူရဲ့ ကြွေးကြော်သံက ဟကောင်ရ မယားမပစ်နိုင်လို့ ပတ်စ်ပို့ပစ် ပြေးလို့ 
လာခဲ့ရတာ မင်းငါ့ကို တခွက်တိုက်ပါတဲ့ ခင်ဗျာ၊ မောင်ရင်ငတေလည်း ဘယ်ငြင်းမလဲ လာထားပေါ့။

မောင်ရင်ငတေအတွက် ငြင်းပယ်ခြင်းဆိုတာ မလိုချင်တဲ့ မကြိုက်နှစ်သက်လှတဲ့ ဝေါဟာရသာပါ၊
ဒါပေမယ့်လည်း သူကမယားမပစ်နိုင်ပေမယ့် မောင်ရင်ငတေတို့ကတော့ ကကြီးရေလျှင်ကြော မျော
ပါခဲ့ပြီး ချစ်စ ခင်စ ကြင်နာစတွေက ပစ်ပြေးခဲ့ခြင်းတွေကို ခံခဲ့ရတာကိုး၊ ပိုက်ဆံစုရုံသာ လွဲလို့ ဘာမှ 
စိတ်ဝင်တစားမရှိသူတွေအတွက် ကကြီးဟာ အလုပ်လုပ်ကောင်းတယ် ဆိုရုံသာပါ၊ မောင်ရင်ငတေ 
အတွက်ကတော့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားဘဝ ဘာတခုမှ မသေချာ မရေရာပေမယ့် 
ကကြီးတင်မက လ ဠကြီး အ အထိပါ သိချင်နေမိတော့ ခက်ပေရောပေါ့။

အိတ်စိုက် ကိစ္စတွေနဲ့ များတတ်ပေမယ့် မောင်ရင်ငတေ့ နဂိုအိတ်ကလည်း ခပ်ပြားပြားသာဆိုတော့ 
ကြာကြာ အိတ်စိုက်ရင် ကပ်ဆိုက်လာတတ်လေတော့ ကြာကြာမစိုက်နိုင်တဲ့ မောင်ရင်ငတေသာပါ၊ 
အဲဒီခါက သူကမောင်ရင်ငတေ့ထက် လေးငါးနှစ်မကကြီးပါတယ်၊ ဘဝအကြောင်းတွေကို နောကြေ
ခဲ့သူ တဦးပါ၊ ဟကောင် မစ်ကီရ မင်း တနေ့တော့ ငါပြောတာ နားလည်လိမ့်မယ်တဲ့ ပြောပါတယ်။

မောင်ရင်ငတေ ဒီကနေ့ထိ အဲစကား နားလည်သလားမလည်လား မခွဲနိုင်သေးပါဘူး၊ ဘာပြောပြော
ကိုကြီးသောင်းကိုသောင်းကြီးရေ ဒီကနေ့ ခင်ဗျားကို လွမ်းတယ်ဗျာ၊ ဒီစာရေးနေတဲ့ မောင်ရင်ငတေ့ 
ကိုတော့ အဲဒီ ကိုသောင်းကြီး နားလည်လွန်းတော့ ခေါင်းတခါခါနဲ့ ဖြစ်နေလောက်ရောပေါ့။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီကာလ ကကြီးရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက ဒီကနေ့ ကကြီးမြေကိုဘဝကို ရောက်ခဲ့ပါ
တဲ့ အစပထမကာလတွေပါ၊ လာသမျှလူကို အညဟဆေးရိုး ပြောပြီး လုပ်မလား လုပ်မလားခေတ်မို့
အလုပ်တွေကလည်းပေါမှပေါ၊ အဆင်သင့်လေ၊ ဒီနေ့လုပ်ကြည့် အစဉ်မပြေ နောက်တခုကိုပြောင်း။  

အလုပ်ပြောင်းရုံမျှမက နာမည်တွေပါပြောင်း မစ်ကီတွေ ဂျက်ကီတွေ ဂျင်မီတွေ တင်မီတွေ ဖြစ်ကုန် 
ကြတာပေါ့၊ ဘာ စာရွက် မှတ်ပုံတင်မှ မလိုတာလေ၊ မောင်ရင်ငတေ့ မိတ်ဆွေကြီးတယောက်ဆိုရင်
လမ်းမတော်က နာမည်ကြီး မုန့်ဟင်းခါး စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်ပေါ့၊ အလုပ်သစ်တခု 
ဝင်တော့ နာမည်ကို ဂျင်မီလို့ပြော အလုပ်ဝင်ခဲ့တာ၊ တရက်နှစ်ရက်ကြာတော့ သူ့ လုပ်ငန်းခွင်ထဲမှာ 
သူ့လုပ်ဖော်တယောက်က ဂျင်မီ ဂျင်မီ ခေါ်ရင်း ဝဲယား အာ ယူ နဲ့ လိုက်ရှာပါသတဲ့၊ အဲ သူကလည်း
ကြားပေမယ့် သူ့ခေါ်တာ မဟုတ်ဘူးထင်လို့ မထူးမိပါဘူးတဲ့၊ အဲဒါနဲ့ ခေါ်နေတဲ့ ကကြီးအကောင်က 
သူ့တွေတော့ ဒေါကန်ပြီး ခေါ်နေရဲ့သား ကြားရဲ့သားနဲ့ မင်းက လခွီးမို့လို့ မထူးတာလားပေါ့၊ ဟာ့ဟ 
အမှန်တကယ်က သူက သူပေးထားတဲ့ သူ့နာမည် သူမေ့ပြီး မထူးဖြစ်ခဲ့ရခြင်းပါ၊ အဲဒီတော့မှ ကကြီး 
ကောင်လည်း ဒေါသပြေပြီး နောက်တခါမင်းရဲ့နာမည် မပြောင်းနဲ့တော့တဲ့ ဝမ်နင်ပေးလိုက်ပါတယ်။

ဂျင်မီကလည်း ဟဲဟဲ ဟဲဟဲနဲ့လုပ်၊ နောက်တခု အလုပ်ပြောင်းတော့ နောက်အမည် တမျိုးပြောင်းလို့ 
ကျင်လည်ဖြတ်သန်းခဲ့တာသာပါ၊ အခုတော့ ကကြီးပြန် ဂျင်မီကြီးလည်း သူ့နာမည်အရင်းနဲ့ ရန်ကုန် 
ရွှေမြို့တော်ကြီးမှာ သာသာယာယာ ဖြတ်သန်းနေမယ် ထင်မိရပါတယ်။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒါနဲ့ မောင်ရင်ငတေတို့ မြေအောက်နန်းတော်စုတ်ချာချာလေးလည်း ဘန်ကီမွန်းတို့လို့ ပုဂ္ဂိုလ်ကြီး
တွေ နာမည်မကြီးခင်ထဲက ရွှေတွေဗျိုင်းတွေ ဘကုန်းတွေနဲ့ စည်ကားရာ ဒုက္ခရိပ်မြုံလေး ဖြစ်လာပါ 
တော့တယ်၊ ပါမစ်ပစ်ပြေး ဒုက္ခသည်တွေထဲမှာ ရွှေတွေနဲ့ ဗျိုင်းလို့ခေါ်ကြတဲ့ ဟိုချီမင်းစီးတီး မြို့သား 
တွေက အများဆုံးပေါ့၊ မြောက်နဲ့တောင် ဗျိုင်းနှစ်ကောင် အပေါင်းမှာ မျက်စေ့လည်လမ်းမှား ရောက် 
လာကြတဲ့ မြောက်ဗျိုင်းသား ဟနွိုင်းသားတွေလည်း ပါသပေါ့၊ သူတို့ဒုက္ခက ပိုဆိုးတာက အီးစကား 
မပေါက်တာပါ၊ သူတို့ရဲ့အစ နှစ်ယောက်က မောင်ရင်ငတေတို့ အလုပ်ရုံကို ပစ္စည်းပို့လာရင်း စကား 
ပြောမိပြီး သိကျွမ်းခဲ့ရတာပါ၊ လက်ဟန်ခြေဟန် ကကြီးစကား အကျိုးအပျက်နဲ့ ပြောဆိုကြရင်း အဲဒီ 
တော့ မောင်ရင်ငတေလည်း သဘောပေါက်မိတာနဲ့ မင်းတို့နဲ့ ငါအလုပ်မဖြစ်ဘူး အီးလို စာတစောင်
ရေး မင်းတို့ထဲက အီးလိုတတ်တဲ့ကောင်ကိုပြ နောက်တော့ငါ့ကိုဆက်သွယ်ပြောပြီး ကကြီးလေဘာ
ဌာနရဲ့ သောက်ချိုးမပြေတာတွေကိုကြားဝင် ဆဆရာကြီးလုပ် လူတတ်ကြီးလုပ်တော့တာပေါ့လေ။

အဲဒီလိုနဲ့ ကကြီးရောက် မြောက်ဗျိုင်းဟနွိုင်းသားတအုပ် မောင်ရင်ငတေတို့ ကြီးစိုးနေတဲ့ ရှီဟွန်းမြေ
ဆီသို့ ရောက်ချလာပါတော့တယ်၊ သူတို့တတွေကလည်း မောင်ရင်ငတေတို့ကို ကျေးဇူးတွေတင်လို့ 
ထမင်းတွေဖိတ်ကျွေး ဆိုဂျူးတွေခေါ်တိုက်ပေါ့၊ မြောက်ဗျိုင်းသူ ဖြူဖြူချောချောမလေးတွေကလည်း 
သဘောမနှောကကောင်း အချက်အပြုတ်ကကောင်းဆိုတော့ မောင်ရင်ငတေတို့လည်း သဘောကျ 
ကြတာပေါ့မှလား၊ နောက်ပိုင်းတော့ သူတို့တွေလည်း အခြေတွေကျ အလုပ်တွေ ကောင်းလာတော့ 
မောင်ရင်ငတေတို့ကို ဖိတ်ခေါ်နေသေးပေမယ့် ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ် မအားမလပ်တာကြောင့် 
ရော အခြားအခြားသော ကကြီးရဲ့ ဒုက္ခသုခတွေကြောင့် မသွားဖြစ်တော့ပါဘူး၊ သူတို့ မြောက်ဗျိုင်း 
သုံးယောက်နဲ့ အမှတ်တရ ပုံကတော့ မှတ်တမ်းတင်ဖို့ ကျန်ရှိနေခဲ့ပေမယ့် မြောက်ဗျိုင်းသူ ဖြူဖြူနွဲ့နွဲ့ 
တွေနဲ့ တွဲရိုက်ဖြစ်ခဲ့တဲ့ ပုံမှတ်တမ်းကတော့ အသိမ်းလွန်ခဲ့တာမှာ ပါသွားခဲ့ပါပြီ၊ တခါက အမှတ်တရ
များအဖြစ် မှတ်တမ်းပြု ဖော်ပြဖို့ မကျန်ရှိတော့ပါဘူး၊ ပုံပြင်တပုဒ်အဖြစ်သာပေါ့ မှတ်မိပါကြောင်း။

မှတ်မိခဲ့ရတာလေး တခုထည့်ပြောရရင် ဒီလို အာရှအရှေ့ဖျား စီးပွားရေးဂွင်ကို အရင်ဆုံးအုပ်စီးမိသူ 
တွေက ဖိလစ်ပီနိုတွေ အီရန်တွေ ပါကီတွေပါ၊ သူတို့နောက်မှာတော့ ဘကုန်းတွေပေါ့၊ ရွှေဘကုန်း 
တွေလည်း ပါတာပေါ့လေ၊ တချို့ဆိုရင် ရွှေစာစကား မောင်ရင်ငတေတို့ထက် ပိုတတ်ကျွမ်းပါတယ်။

သူတို့ထဲက ရန်ကုန် ငွေလွှဲကိုင်သူတောင် ရှိခဲ့ပါတယ်၊ ပါကီတွေ အီရန်တွေကတော့ ကကြီးမြေမှာ 
ဆရာကြီးအဆင့် ရောက်နေပြီမို့ ရွှေဘကုန်း အများစုသာ မောင်ရင်ငတေတို့နဲ့ အတူ ကျင်လည်နေ ချိန်ပါ၊ 
ဒီကနေ့လို နိုင်ငံရေးအရောင်က မများသေးချိန်မို့ သူတို့နဲ့ ဆက်ဆံရာမှာ အကူညီရခဲ့ပါတယ်။

သူတို့ကပေါက်ရောက်ကြသူများမို့ ဟေ့ကောင်မစ်ကီ သိပ်လမ်းမသလားနဲ့ အစစ်ဆေးတွေ ရှိတယ်၊
သတိပေး ပြောကြပါတယ်၊ မောင်ရင်ငတေကတော့ထုံးစံ ပြန်မပြော နားမထောင်သာမို့ သွားမြဲသွား 
လုပ်မြဲလုပ် နေမြဲသာပါ၊ သူတို့က မင်းကွာ မင်းကွာနဲ့ပေါ့၊ မောင်ရင်ငတေကတော့ ကကြီးရဲဆိုတာ 
နှုတ်ခမ်းမွှေးက မပါလေတော့ မလေးရဲတွေလောက် မကြောက်မိတာ အမှန်ပါ၊ အဲဒီ လမ်းမပေါ်တွေ 
တွေ့ရလေ့ရှိတဲ့ ကကြီးရဲတွေက မလေးရှားရဲ့ လမ်းရဲတွေလို ဆိုင်ဆိုင် မဆိုင်ဆိုင် ပိုက်ဆံ ညှစ်ထုတ်
ရှာဖွေရေးပညာ မတတ်ကျွမ်းသူများသာပါ၊ ဒါကြောင့်မို့ မောင်ရင်ငတေတို့ အန္တရာယ်ကင်းဘေးရှင်း
ကကြီး မြို့တော် ဆိုးလ်ဝန်းကျင်ကို သွားလာ လေ့လာခွင့် ရခဲ့ပါတယ် ဆိုရပါမယ်။


Séoul (Photo AKT, YNG)

တနေ့တော့ အရှေ့ပါကီ(သို့)ဘကုန်းတကောင်က မောင်ရင်ငတေ့ကို ပြောလာပါတယ်၊ မင်းကောင်
တွေကို ပြောထားကွာ၊ နေရာတကာ ဗမာလို မဆဲပါနဲ့တဲ့၊ ဖုန်းရုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စ သိလိုက်ပါပြီ၊ အဲဒီ
တုန်းက အားလုံးဟာ လမ်းနဘေး ဖုန်းရုံလေးတွေကိုသာ အားထားပြီး ပြည်တွင်းပြည်ပ ဆက်သွယ် 
မှုကို ပြုလုပ်နေရချိန်ပါ၊ အဲဒီ ပါကီဘကုန်းက (သူက ဗမာရည် ကမ္ဘာရည် လည်သူပါ) ပြောလာတာ 
ငါက အကြောင်းမဟုတ်ဘူးကွ၊  မင်းတို့ စရိုက် အကုန် နားလည်တယ်၊ မင်းအကြောင်းကိုလည်း 
ငါ သိတယ်၊ (သူက ဘီကေကေ စာတိုက်ကြီးဝန်းကျင်နဲ့ ကေအယ်လ် ပူချွန်းရပ်ဝန်းကို အချိန် အတော် 
များများ ဖြတ်သန်းလာသူလည်း ဖြစ်ပါတယ်) မင်းကောင်တွေကိုသာ သတိပေးထားပါတဲ့။

အဲဒီမှာ အဲဒီချိန်က ကကြီးတယ်လီကွန်းနဲ့ ကိုရွှေနိုင်ငံခြားသားတို့ရဲ့သမိုင်းကြောင်း မှတ်မိသမျှလေး 
နည်းနည်းပြောစရာ ရှိလာပါတယ်၊ ဒီကနေ့ စမတ်ဖုန်းတွေ ဆင်းကဒ်တွေ ပေါပေါလောလော ခေတ် 
မတိုင်မီ ကိုယ်ပိုင် ဆက်သွယ်ရေးကရိယာတွေ မရှိခင်ခေတ်ပေါ့လေ၊ လမ်းဘေးဖုန်းရုံတွေသည်သာ 
အားကိုးရာပါ၊ အဝိုင်းလည်ခြင်းခေတ် မတိုင်မီက လူကြီးမင်း ခေါ်ဆိုနေသောဖုန်း ဆက်သွယ်မှုပြင်ပ 
ရောက်နေတဲ့ ခေတ်ကာလလို့ အလွယ် ဆိုကြပါစို့။

အလုပ်ပင်ပန်းမှုတွေကြား အခက်အခဲတခုကို ပြောရရင် ဒီကနေ့ခေတ်သားတွေ နားလည်ခံစားနိုင်ဖို့ 
လွယ်မှာမဟုတ်ပါဘူး၊ ရွှေပြည်ကြီးနဲ့ အဆက်အသွယ် ပြတ်တောက်မှုပါ၊ တချို့ဆိုရင် အလုပ်နေရာ 
မတည်ငြိမ်မှုကြောင့် ပေးစရာ အတည်လိပ်စာ မရှိသူတွေရှိပါတယ်၊ မောင်ရင်ငတေ့လိပ်စာနဲ့ ချစ်သူ 
ခင်သူတွေဆီ စာပို့စာယူ လုပ်ကြရသူတွေ ရှိခဲ့ပါတယ်၊ တယ်လီဖုန်း ဆိုတာကြီးက လမ်းဘေးကနေ 
ဆက်ဖို့ မလွယ်လှသေးတဲ့ ခေတ်ပါ။ လက်ကိုင်ဖုန်းဆိုတာက ကကြီး မန်နေဂျာတွေ အလုပ်ရှင်တွေ 
ခါးမချိတ်နိုင်သေးတဲ့ အဆင့်သာ ရှိပါသေးတယ်၊ စက်ရုံသုံး ဖုန်း တလုံးနှစ်လုံးသာ ရှိသေးတဲ့ ခေတ် ပါ၊ 
ရုံးခန်းထဲက ဖုန်းကတော့ ရုံးကိစ္စ သီးသန့် သုံးကြပေမယ့် အလုပ်ခွင်ထဲက ဖုန်းကတော့ သာရေး 
နာရေး အားလုံး သုံးခွင့်ရှိတဲ့ ဖုန်းပါ၊ ဒါပေမယ့် အဲဒီ ဖုန်းက အဝင်ကောလ်ကိုသာ ဖရီးရတာပါ။

အဲဒီတော့ မောင်ရင်ငတေတို့လို ချစ်သူနဲ့ကျူချင်ရင် လမ်းဘေးဖုန်းရုံလေးတွေကသာ အားကိုးရာပါ၊
ကကြီးဆောင်း ချမ်းချမ်းစီးစီးထဲ နှင်းမှုန်တွေကြားက ကုတ်အကျီကြီးဝတ် ချစ်သူများဆီ ဖုန်းခေါ်ခဲ့ ကြ
တာကို ခုနေများ ပြန်တွေးကြည့်ရင် မောင်ရင်ငတေကတော့ နိုးနိုး နိုးသာ ပြောချင်ပါတော့တယ်၊
အဲဒီအချိန်ကတော့ ချစ်ဇောဟုန်ကပ်နေကြတော့ ဘယ်လောက်ကုန်ကုန် ဘယ်လောက်ကြာကြာပါ၊
တနင်္ဂနွေပိတ်ရက် တနေကုန် ဖုန်းရုံလေးထဲမှာ အချိန်ဖြုန်းခဲ့ကြသူတွေထဲ မောင်ရင်ငတေမပါခဲ့လေ 
တော့ သူများနဲ့ ညားတဲ့ ငါ့ရည်းစား ဇာတ်သိမ်းနဲ့ လှပစွာ ကြုံခဲ့ရတာပေါ့ ခင်ဗျာ။

ဒီကြားထဲ လမ်းဘေးဖုန်းတွေမှာ ရိုက်ဖုန်းဆိုတာကြီး ပေါ်လာပါသေးတယ်၊ ကကြီးလမ်းဘေးဖုန်းရုံ 
တွေမှာ ကဒ်ပြားစနစ် ပေါ်နေပြီ ဖြစ်ပေမယ့် အကြွေထည့် ပြောလို့ရပါသေးတယ်၊ အများအားဖြင့်က
ဟိုနားဒီနား ပြည်တွင်းကောလ်ပေါ့၊ အဲဒီရိုက်ဖုန်းဆိုတာက ပြည်တွင်းခေါ်ခ အကြွေစေ့ တမတ်ငါးမူး
(ကကြီးမှာက ဝမ် တရာစေ့ နှစ်ရာစေ့တွေပေါ့) ထည့်လိုက်ရင် (လုပ်နည်းကိုင်နည်းကတော့ သိရှိပြီး 
ဖြစ်နေရတာပေါ့) (ဒါမျိုးက သင်တန်း တက်စရာမှ မလိုတာလေ) ပြည်ပ ကောလ် အော်တိုမက်တစ်
ဝင်သွားတဲ့ နည်းပါ၊ ရွှေပြည်တော်သားတွေလည်း ဘယ်နေပါ့မလဲ၊ အဲဒီ ရိုက်ဖုန်း လောကရဲ့ ခေတ် 
ရေစီးကြောင်းထဲ စီးမျောကြတာပေါ့၊ မောင်ရင်ငတေတားလည်း နားထောင်သူက လူနည်းစုသာပါ။

အဲဒီလို ပြည်တွင်းကောလ်ကနေ ပြည်ပကောလ်ကို ချိတ်မိသွားစေတဲ့ နည်းပညာရပ်ကြောင့် ကကြီး 
ဝမ် သုံးလေးရာနဲ့ ခေါ်နေတာက ရန်ကုန် လမ်းမတော်အိမ် ဖုန်းဆီကိုပါ၊၊ အဲဒီမှာ အင်းစိန်က ဘကြီး 
မင်္ဂလာဒုံက ဒွေးလေးတို့ပါ လမ်းမတော်အိမ်သို့ တကူးတကလာ၍ စကားဝိုင်းဖွဲ့ကြတယ် ဆိုပါတယ်၊ 
တချို့များ ညားပြီးခါစ ခွဲခွာခဲ့ရတဲ့မိန်းမနဲ့ ကျူလို့ကောင်းနေတုန်း ယောက္ခထီးကြီးကပါ မှာတမ်းများ 
လာချွေနေလို့ မိန်းမနဲ့ နောက်တကောလ် ထပ်ခေါ်ဖို့ တန်းပြန်စီနေရပါသေးတယ်တဲ့။

သိပ်မကြာလှပါဘူး၊ ကကြီးတယ်လီကွန်းရဲ့ လချုပ်စာရင်းမှာ အာရှအာဖရိက ဘယ်နိုင်ငံ ဘယ်နိုင်ငံ 
တွေရဲ့ ဖုန်းကောလ်စာရင်းတွေမှာ အထွက်ကောလ်တွေသာ ရှိနေပြီး အဝင်ပိုက်ဆံမရှိ အရှုံးစာရင်း 
သန်းဘယ်လောက်ဆိုတာက ပေါ်လာပါတော့တယ်၊ ပထမဦးမှာ ရွှေပြည်ကြီးက စာရင်း ဘိတ်ချီးမှာ 
သာပါ၊ လေးငါးလအတွင်း ရွှေပြည်တော်သားတွေ ဘယ်လောက် ညီညီညာညာနဲ့ အားပေးလိုက်ကြ 
တယ် မသိပါဘူး၊ အိုဗာဆီးကောလ် အပိတ်ခံရတဲ့စာရင်းမှာ ကိုရွှေတို့ရဲ့တိုင်းပြည်က အီရန် အီရတ်
ပါကီ ဘကုန်းတို့ကိုတောင် ကျော်တက်မတတ် ဖြစ်လာလို့ ထိပ်ဆုံးက အပိတ်ခံလိုက်ရပါတယ်။

အမှန်ကတော့ ကကြီးတယ်လီကွန်းစနစ်ရဲ့ နည်းပညာ ချို့ယွင်းမှုပါ၊ ကကြီးတင် မကပါဘူး၊ တခြား 
တိုင်းပြည် တော်တော်များများမှာလည်း ဖြစ်ခဲ့ပါတယ်၊ နောက်တော့ လမ်းဘေး ဖုန်းတွေမှာ အကြွေ စေ့ 
စနစ် ဖျက်သိမ်းလိုက်ပါတော့တယ်၊ ကဒ်ပြားစနစ်မှာလည်း ကြံကြဖန်ကြသူတွေ ရှိသေးပေမယ့်
သိပ်ဆိုးဆိုးဝါးဝါး များများစားစား လုပ်စားလို့ မရခဲ့ပါဘူး ထင်ပါတယ်။

အဲဒီမှာ စောစောကပြောခဲ့တဲ့ ဘကုန်းရဲ့ သတိပေးတားမြစ်စကားပါ၊ သူတို့ဘကုန်းတွေ အများစုက
(အာရှတကြော ကျင်လည်နေသူတွေက) မင်းတို့ ရွှေနိုင်ငံအနောက်ခြမ်းနဲ့ ဆက်စပ်နေသူတွေပါတဲ့၊

ရွှေစာ ရွှေစကားကို အနည်းနဲ့အများ တီးခေါက်မိသူတွေသာပါတဲ့၊ အနည်းဆုံးတော့ မင်းတို့ ဆဲတာ 
ငါတို့ အားလုံးလို နားလည်ကြပါတယ်တဲ့၊ ဆဲတာလေးတော့ လျှော့ကြပါတဲ့၊ ဖုန်းရုံထဲ ရှေ့ကရောက် 
အာကောင်းနေတဲ့ ငါတို့ကောင်တွေကို မင်းရဲ့ကောင်တွေက ခွေးမသား သောက်ကလား ကြာလိုက် 
တာ ဘာညာနဲ့ဆိုတော့ မကောင်းပါဘူးတဲ့၊ မင်းကိုခင်လို့ ငါကပြောတာပါတဲ့၊ မောင်ရင်ငတေလည်း 
အေးကွာ ဟုတ်ပါပြီ၊ ဗမာလို မဆဲရရင် မင်းတို့ဆဲနည်းလေး ငါ့ကို သင်ပေးခဲ့စမ်းပါ၊ ပြောလိုက်တော့ 
ခွေးကောင်အေပေး မစ်ကီပါတဲ့ခင်ဗျ၊ ဟုတ်ပါတယ်ခင်ဗျ၊ ဘာလေးပြောပြော အဆဲလေးနဲ့မှ စားဝင် 
အိပ်ကောင်းကြပါတဲ့ ကိုရွှေမျိုးချစ်များ အင်တာနေရှင်နယ်ဆဲနည်းလေးတော့ သင်ယူထားကြပါရန်။



Séoul (Photo AKT, YNG)
နောက်ပိုင်းမတော့ မောင်ရင်ငတေတို့ထက်ငယ် မောင်ရင်ငတေတို့ထက် ကဲတတ်သူ ချာတိတ်တွေ
နဲ့လည်း သိကျွမ်းရင်းနှီးလို့လာတော့ ကာရာအိုကေလောက် ဆိုဂျူးဆိုင်လောက်နဲ့ မတင်းတိမ်နိုင်သူ 
တွေပါလာပါပြီ၊ ဘားသွားမယ် ကလပ်သွားမယ် ဒစ်စကိုသွားမယ် ဖြစ်လို့လာခဲ့ပါပြီ၊ အပတ်စဉ်တိုင်း 
တော့ ဘယ်သွားနိုင်ကြမလဲလေ၊ အလုပ်ပင်ပန်းမှုတွေ ရာသီဥတုဆိုးဝါးမှုတွေကြောင့် အခန်းတွင်းမှ 
မထွက် ငြိမ်ကုပ်နေခဲ့ကြတာလည်း ရှိတာပေါ့၊ တခါတလေတော့လည်း ဂျိုကာစောင့်ရင်း မိုးလင်းခဲ့ရတဲ့ 
ညမျိုးတွေလည်း ရှိခဲ့တာပေါ့။

ဒါပေမယ့် တပတ်တာလုံးမှာခြောက်ရက် တရက်ကို ဆယ်နာရီမက နာရီခြောက်ဆယ်ကျော် ပင်ပန်း 
ဆင်းရဲ လုပ်ခဲ့ရတဲ့ အသက်သုံးဆယ် ခန္ဓာကိုယ်ဟာ တနင်္ဂနွေမောနင်းတွေမှာ အတော်လေးကြံ့ခိုင် 
လန်းဆန်းနုဖတ်လို့ နေခဲ့သလို ဖိတ်ခေါ်သူများရဲ့ ပွဲတွေကိုလည်း တက်ရောက်ဖို့ အဆင်သင့်ပေါ့။

ပွဲဆိုလို့ ကွီးဖြိုးတို့ ကြီးစိုးတို့ ပွဲလို ပကာသနမပါ ကိုယ့်ပုလင်း ကိုယ်ကိုင် ယိုင်တိုင်တိုင်နဲ့ ကိုယ့်လမ်း 
ကိုယ်ပြန်ကြရတဲ့ တပတ်တာ အမောပြေ ဒဏ်ကြေ ပွဲမျိုးတွေသာပါ၊ အဖွဲ့အစည်း အရောင်သွေး မရှိ

ဘာအမိ ဘာအဖမှ မရှိ နယ်စည်းမဲ့ စည်းလုံးခဲ့ကြတဲ့ သူတွေသာပါ၊ နယ်တကာက မတရာ့ငါးဆယ် 
သားတွေပေမယ့် မူးမယ်ကဲမယ်ရစ်မယ် ဒါပေမယ့် ကြီးကြီးမားမား ရန်စကားတွေ မကြုံခဲ့ရဖူးပါဘူး။


Séoul                                             (Photo AKT, YNG)

အဲဒီချိန်က ကကြီးမြေရောက် မောင်ရင်ငတေတို့ကြား ဝါဒဝါဒီ အရောင်သွေးတွေ ကင်းဝေးရာ ဖြစ်ခဲ့
သလို သူလည်းဒီကနေ့ရောက်ဒါလုပ် ငါလည်းမနေ့ကရောက်ဒါလုပ် လူတန်းစားသာတူညီမျှမှုရှိခဲ့ပြီး 
အထူးသဖြင့်ကတော့ ကကြီးမြေဆိုတာ အထက်တန်းလွှာရေပေါ်ဆီ ရှေးဟောင်းဗမာဆိုတာတွေရဲ့ 
ရိုက်ခတ်မှု ကင်းလွတ်ဝေးရာနယ်မြေ ဖြစ်ခဲ့ပါလို့လား မသိပါဘူး ယပက်လက်တို့ ဂငယ်တို့ စလုံးတို့ 
မလေးတို့မှာထက် အချင်းချင်း တိုက်ခိုက်မှု ပြိုင်ဆိုင်မှု နည်းပါးခဲ့တာကတော့ သေချာပါတယ်။

အချင်းချင်း မူးရစ်လို့ ပြဿနာကြီးကြီးမားမား မရှိခဲ့ပေမယ့် (မောင်ရင်ငတေ မူးရစ်ခဲ့သမျှ သည်းခံခဲ့ ကြ
သူများကို ဒီနေရာကနေ အသိအမှတ် ပြုရပါတယ်၊) ကကြီးကောင်တွေရဲ့ တင်စီးမှုတွေကိုတော့ 
ကကြီးနည်း ကကြီးဟန် သူရိုင်းကိုယ်ရိုင်နဲ့ ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့တာတွေ ရှိခဲ့ပါတယ်။

မှတ်မိပါသေးတယ်၊ ကကြီးမြေနင်းအပြီး တနှစ်ခွဲကျော်ကျော်ခန့်ပေါ့၊ ကကြီးသား ကျနေပြီလို့ ကိုယ့်
ကိုယ်ကိုအဟုတ် ထင်မြင်နေကြတဲ့ ဆဆရာကြီး မောင်ရင်ငတေတို့တသိုက် သွားနေကျ ညကလပ် 
တခုမှာ ပြေးပေါက်မှားခဲ့ရတာပါ၊ မောင်ရင်ငတေတို့နေတဲ့ ဆိုးလ်မြို့တော် ဆင်ခြေဖုံး တောမြို့လေးမှာ 
လူသိများ စည်ကားပါတဲ့ နိုက်ကလပ်ပါ၊ မြို့ခံ ဖြူဖြူနုနု ကကြီးသူဌေးသားလေးများ သူဌေးသမီး လေးများ 
ကျင်လည်ကြရာ နေရာပေါ့၊ အဲဒီ မောင်ရင်ငတေတို့ရဲ့ တောညကလပ် ဝင်ကြေးက ဖရီးမို့ မူးတိုင်း 
ရောက်နေကြလို့ ဆိုရပါမယ်၊ တခါက ဘီကေကေညချမ်းများမှာ အသပြာ ကြေးပြား မရှိလို့ အမ်ဘက်စဒါတို့ 
နာဆာတို့မှာ ကဲချင်တိုင်းကဲခွင့် မရခဲ့တဲ့ မောင်ရင်ငတေတို့တွေ ကဲခွင့်ကခွင့် ရခဲ့ပါ တယ် ဆိုပါတော့၊ 
တီးဝိုင်းက ဘာတီးတီး မြနန္ဒာနဲ့ ကွေးအောင် ကတဲ့သူရှိသလို ပြည်မှာဆောင်းကို မရ ရအောင် ဟဲခဲ့တဲ့ 
သူတွေလည်း ရှိခဲ့ကြပါတယ်။

အဲဒီမှာ ကကြီးချာတိတ်ချာတိတ်မတသိုက်နဲ့ မောင်ရင်ငတေတို့ လုံးမိကြပါတယ်၊ ပထမတော့အတူ
တွဲလို့ ကကြသောက်ကြပါတယ်၊ မောင်ရင်ငတေတို့က ပွဲမဝင်ခင် အပြင်ထဲက အရှိန်တင်လာကြပေ 
မယ့် သဘာရင့်များမို့ ခပ်ထိမ်းထိမ်း ကကြပါတယ်၊ အဲဒီမှာ ကကြီး ဘောဇိသားလေး တယောက်က
ကကြီးဇ ပြလို့ လာပါတယ်၊ မောင်ရင်ငတေတို့ကလည်း ဘယ်နေပါ့မလဲ၊ မျိုးချစ် အစွန်းရောက်စိတ် 
ဟုန်းကနဲ တောက်လောင် လာပြီပေါ့၊ တကယ်တော့ သူတို့နယ်မြေပါ၊ မောင်ရင်ငတေတို့က ဘာဆို 
ဘာမှမရှိတဲ့ အိုဗာစတေးသမားတွေပါ၊ သို့သော်လည်း မခံချင်စိတ်တွေတောက်လောင်ခဲ့တော့ ချကွ
ဆိုတာကလွဲ ဘာမှမသိတော့ပါဘူး၊ အရင် ဦးအောင်ဆော် အရင် ဦးအောင်ပြေး နည်းဗျူဟာနဲ့ ချကွ
ပြေးကွနဲ့ အဲသလို သုံးလေးကြိမ်မျှ ဖြတ်သန်းခဲ့တာတွေကို ခုများ ပြန်တွေးကြည့်တော့ သွေးကြောင် 
ချင်လာပါတော့တယ်၊ စကားပြောလာတဲ့ အသက်တွေပေါ့လေ၊ ပြန်မရနိုင်တဲ့ ဘဝများပေါ့လေ။

အဲဒီချိန် ကကြီးညတွေကိုကျော်ဖြတ်သန်းဖို့ နောက်ဖျော်ဖြေရေးတခုက ကရာအိုကေသီချင်းဆိုခြင်း
လို့သာ ပြောရမယ် ထင်ပါတယ်၊ ကကြီးမလေးတွေ ကကြီးမအိုအိုကြီးတွေ မည်သူမဆိုပါ၊ မဆိုရရင် 
မနေနိုင်ကြသူတွေလို့ ပြောရပါမယ်၊ ပထမစ ကကြီးတွေနဲ့ အတူသွား မူးပြီး သူတို့ရဲ့ သီချင်းတွေကို
ဝေလေလေ လုပ်ဆို၊ မဆိုတတ်ဆိုတတ် အင်္ဂလိပ် သီချင်းတွေကို ဝါးချ၊ နောက်တော့ ရွှေတွေချည်း
စုသွားဖြစ်ခဲ့ချိန်မှာ ရွှေသီချင်းတပုဒ်မှ မရှိတဲ့ ကကြီး ကာရာအိုကေစက်ကိုဖွင့် မောင်ငိုမယ် မိုးသည်း
ထဲမှာတို့ အကျည်းတန်၏ အထီးကျန်တို့ကို အော်ညည်းခဲ့ကြရင်း ဘဝအမောတွေကို ခေတ္တမေ့ထား
နိုင်ဖို့ ကြိုးစားခဲ့ရတဲ့ ကကြီးညတွေကတော့ လွမ်းစရာအဖြစ် ကျန်ရစ်ခဲ့ပါပြီ။


Eunhaeng-dong 은행동 Siheung                                                 (Photo AKT, YNG)

အမှတ်ရစရာတခုကတော့ ဗဒင်ရဲ့ နေရာပါ၊ အဲဒီအချိန်က အများစုသော ကကြီးရောက်ရွှေတွေဟာ 
မိသားစု အိမ်တွေနဲ့ အဆက်ပြတ်နေသူတွေကများပါတယ်၊ တပတ်တခါလောက် ဖုန်းပြောစာရောက် 
အဆက်သွယ်ရှိသူတွေက ဆရာကြီးတွေပါ၊ ဒါပေမယ့် တခုကံသာခဲ့တာက အဲဒီချိန်က ရွှေပြည်ကြီး 
စာတိုက်ကြေးနန်း ဆက်သွယ်ရေး ဌာနကြီးရဲ့ စာရိုးရိုးပို့ခ ပစ္စည်းပါဆယ်ပို့ခ နှုန်းထားတွေက အံ့သြ 
ဖွယ်ရာ သက်သာနေတာပါ၊ စာရိုးရိုးနဲ့ ပါဆယ်ပို့ခနှုန်းက အတူတူနီးပါးသာပါ၊ အဲဒီမှာ ရေနည်းနည်း 
လျှံလာကြပြီဖြစ်ပါတဲ့ မောင်ရင်ငတေတို့ အဖွဲ့သားတွေ ကိုယ်စီကိုယ်ငှ သက်ဆိုင်ရာကို ပါဆယ်တွေ
အပြိုင်အဆိုင် လှမ်းမှာကြတော့တာပါ။

မှာတာမှ ဝမ်းပိတ်ဆေး လျှက်ဆား ငါးပိ ငါးခြောက် ငရုတ်သီး အရောင်တင်မှုန့် ဆနွင်းမှုန့် မဆလာ 
ဟင်းခတ်အမွှေးအကြိုင်တွေသာမက စာကလေးဗေဒင် စာရွက်အဆုံး လှမ်းမှာကြတာပါ၊ ကကြီးမြေ 
ကကြီးဈေးတွေထဲမှာ ဆန်ဆီဆား တော်တော်များများက မိတ် အင် ကကြီး မဟုတ်ပါဘူး၊ အမဲသား 
ဝက်သား ငှက်ပျောသီးကအစ မိတ် အင် နိုင်ငံခြားတွေပါ၊ နိုင်ငံခြားဖြစ်တွေကိုမှ ကြိုက်လို့ သွင်းလာ
တာတော့ မဟုတ်ပါဘူး၊ မရှိမဖြစ် လိုအပ်တဲ့ စားသုံးကုန်တွေကို နိုင်ငံခြားက မှာသွင်းတာမျိုးသာပါ၊
ပြည်တွင်းဖြစ်တွေလား အများကြီး အများကြီး ရှိပါတယ်။

ဥပမာ ဆိုဂျူး၊ တော ချက်အရက်ဖြူ လူတန်းစားမရွေး နှစ်သက်စွာ သောက်သုံးပါတယ်၊ ဈေးပေါလို့
သောက်ကြတယ် ဆိုနိုင်ပေမယ့် စကော့ဝီစကီတို့ ဘောဒိုးဝိုင်တို့ကို သူတို့လခနဲ့ အေးဆေးသောက် 
နိုင်ကြရဲ့နဲ့ သောက်လေ့မရှိကြပါဘူး၊ ရုပ်ရှင်ထဲမှာတော့ ဖော်ရှိုး သောက်ကြတာမျိုးပါ၊ အဲဒီအချိန်က 
ကကြီးသမ္မတကြီး Kim Young-Sam ကြီးရဲ့ ဧည့်ခံဗီဒီယို မှတ်တမ်းတခုမှာတောင် ဆိုဂျူးကို တွေ့ခဲ့ 
ရပါသေးတယ်၊ ပုလင်းဒီဇိုင်း နည်းနည်းသာ ကွာပါတယ်၊ မောင်ရင်ငတေတို့ နေ့စဉ် ထိတွေ့ခဲ့ရပါတဲ့ 
ဆိုဂျူးကတော့ ဆော်ဒါ စပတ်ကလင် ပုလင်းဒီဇိုင်းလောက်တောင် မလှတဲ့ ရွက်ကြမ်းရေကျိုသာပါ။

အဲဒီလို ပြည်တွင်းဖြစ်ကိုအားပေးပါ စီမံကိန်းကြောင့် ထင်ပါရဲ့ စီးကရက်ဆိုလည်း မာဘိုရိုတို့ဘာတို့ 
နိုင်ငံခြားဖြစ် မသောက်ကြပါဘူး၊ ၈၈ အိုလံပစ်ပွဲ အထိမ်းအမှတ် 88 တဆိပ် စီးကရက်ကိုသာ သူတို့ 
တညီတညာ အားပေးကြပါတယ်၊ ၈၈ သမား မောင်ရင်ငတေတို့လည်း ရောအားပေးခဲ့ရပါတယ်။

မော်တော်ကားဆိုလည်းသူတို့ကား ဟွန်ဒိုင်းတို့ ဒေဝူးတို့ လူသုံးကုန်ဆိုလည်း ဆမ်ဆောင်း ဒေဝူးပါ၊ 
ဂျပန်ပစ္စည်း ဥရောပပစ္စည်း ရောင်းတော့ရောင်းပေမယ့် သူတို့ ကကြီးမိတ်တွေကလည်း ကောင်းနေ
တော့ မောင်ရင်ငတေတို့ ဆိုနီ Walkman တွေ ဂျွန်နီ Walker တွေ လုပ်လာပြီ ဆိုရင် သူတို့ ကကြီး 
မျိုးချစ်တွေ နှာခေါင်းရှုံ့ကြပါပြီ၊ မောင်ရင်ငတေတို့ကတော့ မျိုးချစ်ပေမယ့် ဆိုနီတို့ဂျွန်နီတို့ကိုလည်း 
မပစ်ပယ်နိုင်သေးပါတဲ့ ကိုရွှေမျိုးချစ်တွေမှလား၊ အခုထိလည်း ဒီအတိုင်းသာပါ ခင်ဗျား။

အဲဒီမှာ ကကြီးပြည်တွင်းမှာမဖြစ်တဲ့ ရွှေပြည်တော်က တင်သွင်းလာတဲ့ တိုင်းရင်းဖြစ်လျှက်ဆားတွေ 
ဒဏ်ကြေလိမ်းဆေးတွေ ငါးပိ ငါးခြောက်တွေ ပရိတ်တရားခွေတွေ သီချင်းဟောင်းခွေကြား ပါဆယ် 
ပုံးထဲပါဝင်လာတာက “ဆရာဗဒင်ရဲ့နေရာ” ပါ၊ မောင်ရင်ငတေ့ ပါဆယ်ထဲတောင်မှ ပြည်မှာဆောင်း 
အိပ်မက်တွေကြားထဲ အဲဒီ “နေရာ” ကြီးကညပ်ပါလာပါသေးတယ်၊ ချစ်ရတဲ့သူက နားထောင်ကြည့် 
စေချင်လွန်းလို့ပါတဲ့ခင်ဗျာ၊ အဲသလောက် ဗဒင်နေရာက ပေါက်ခဲ့တာပါ၊ မောင်ရင်ငတေတို့အတွက် 
ဒို့ကတော့ ဒို့ကတော့ သိုးမည်းဟောင်းကြီးတွေ ဖြစ်လာစေမယ့် နမိတ်လေလား မပြောတတ်ပါဘူး။

ပြောမယ်ဆို ကကြီးရောက်တွေရဲ့ ပုံပြင်ဖြစ်သွားခဲ့တဲ့ သမိုင်းတွေက အများကြီးအများကြီးရှိပါတယ်၊
ကံဇာတာ နည်းနည်းတက်နေခဲ့တဲ့ မောင်ရင်ငတေတို့လို လူတချို့အတွက် ထိုစဉ်က ကကြီးနေ့ရက် 
များက သက်တောင့်သက်သာလေးဖြတ်ကျော်ရသလို ရှိခဲ့ပေမယ့်လည်း လက်ညိုးလက်မ ပေးဆပ် 
ခဲ့ရသူတွေ လက်မောင်းတဖက် ခြေထောက်တဖက် ပေးဆပ်ခဲ့ရသူတွေ အများကြီးပါ။

လွမ်းမောဖွယ်တွေကိုသာ မောင်ရင်ငတေ ပြောချင်ပါတယ်၊ ဒီဝမ်းနည်းဖွယ်ရာတွေကို ထည့်သွင်း၍ 
မပြောချင်ပါဘူး၊ တိုင်းပြည်တို့ နိုင်ငံတော်တို့ ဘာညာ အပိုဆာဒါးတွေ မပြောချင်ပါဘူး၊ သေချာတာ 
ကတော့ ဘယ်တကောင်သားကမှ လက်ယား ခြေယား ဟိုဟာတွေ ဒီဟာတွေ ယားလွန်းလို့ သွားခဲ့ 
ကြတာ မဟုတ်တာက သေချာလှပါတယ်၊ ပန်ကာအောက်ထိုင် ဝါးတီးလေး အေးဆေး ဆွဲချင်ကြသူ 
တွေချည်းသာပါ၊ အိပ်ကပ်ထဲရေလျှံလျှံနဲ့ အပျော်ဇိမ်ခံ ခရီးလည်းမဟုတ်၊ စပွန်ဆာနဲ့ နိုင်ငံတော်ဖရီး 
ခရီးလည်းမဟုတ်၊ အိမ်ပေါင်ခြံပေါင် ရရာယောက္ခထီးပစ္စည်း အပေါင်ထားသွားခဲ့ကြရတဲ့ ဒုက္ခခရီးပါ။


Séoul                                                                                          (Photo AKT, YNG)

ဒီကနေ့ ခရီးသွားခြင်းအနုပညာသမား မောင်ရင်ငတေ့အတွက် အပျော်ခရီး မဟုတ်ပါတဲ့ အလုပ်ခရီး
တချို့ သွားခဲ့ရတာတွေကိုလည်း ပုံမဲ့မှတ်တမ်းတင်ချင်မိပါသေးတယ်၊ မန်နေဂျာဖက်တီးနဲ့ ပေါင်းမိခဲ့
ပြီးနောက် အလုပ်ရုံကနေ တပ်ဆင်ထုတ်ပိုးပြီးဖြစ်တဲ့ ပစ္စည်းထုပ်ပုံးတွေကို အော်ဒါ အမှာရှိတဲ့နေရာ 
ပစ္စည်းတင်ပို့ရာ ကုန်တင်ရာ လော်ဂျစ်စတစ် ဂိုဒေါင်တွေရှိရာသို့ လိုက်လံပို့ဆောင်ခွင့်ရခဲ့တာပါ။

ကားပေါ် ပါလာတဲ့ အထုတ်တွေကို ထမ်းပိုးချရတာကတော့ ဖက်တီးနဲ့ မောင်ရင်ငတေ နှစ်ယောက် 
သာပါ၊ မောင်ရင်ငတေ ဖက်တီးကို မင်းက မန်နေဂျာလား ဒရိုင်ဘာလား မေးခွန်းထုတ်လိုက်တဲ့အခါ 
ဖက်တီးက ရီကျဲကျဲဟဲဟဲဟဲဟဲလုပ်ရင်း ဒရိုင်ဘာမန်နေဂျာ ကုန်တင်ကုန်ချပေါ့ကွာလို့ ပြောပါတယ်၊ 
ကကြီးမြေမှာ ကကြီးမန်နေဂျာ ဖက်တီးက မောင်ရင်ငတေရဲ့ အဲဒီတုန်းက လိမ်ဖယ်ဖယ် ဘော်ဒီကို 
သနားလို့လားတော့မသိ သူချည်းသာဦးဆောင် ကုန်တင်ကုန်ချ လုပ်သွားခဲ့တွေကို အခုချိန် ပြန်မြင် 
လာရင်းနဲ့ လွန်စွာမှ ကျေးဇူးတင် အမှတ်ရရှိ သတိရမိကြောင်းပါ ခင်ဗျာ။

ပင်ပန်းခဲ့ပေမယ့် ဟိုဟိုဒီဒီသွားနေရရင်ကို ကျေနပ်နေတတ်မိတဲ့ မောင်ရင်ငတေ့အတွက် ကိုရီးယား
ဟိုင်းဝေးလမ်းမများပေါ် သွားခဲ့ရတာတွေက မေ့မရနိုင်စရာတွေသာပါ၊ ကကြီးအမြန်လမ်းမများပေါ် 
မြိုင် မမချစ်တို့ နင့်ကိုငါချစ်နေတုန်းမိနီတို့ အဝေးဆုံးတို့ မြင်းလေးကိုမရိုက်နဲ့တို့ လွမ်းရတဲ့ညတွေတို့
သီချင်းသံတွေနဲ့ အေးစက်နေတဲ့ ကကြီးဆောင်းကိုအန်တု ချွေးဒီးဒီးကျခဲ့တာတွေကို မေ့ချင်ယောင် 
ဆောင်ရင်း ကကြီးရဲ့ အဝေးပြေး လမ်းမများကို ကျော်ဖြတ်ခဲ့ဖူးပါတယ်။

မိတ်ဆွေ မြင်းလေးကိုမရိုက်နဲ့ မြင်းလေးကိုမရိုက်နဲ့ အလျှင်မလိုပါ ဆိုလာခဲ့ရင်တော့ ဖက်တီးသိပါပြီ
အမြန်လမ်း နားရမယ့် တနေရာ အရှိန်လျှော့ ကော်ဖီခါးခါး တခွက်စီသောက်၊ တခါတလေ မှာတော့ 
မောင်ရင်ငတေက ဆိုဂျူးလေး တပက်လောက် မော့ပေါ့၊ တခါက ဒုက္ခများကို အန်တုခဲ့ခြင်းပေါ့လေ၊ 
ကကြီး အမြန်လမ်းမကြီးများကတော့ အခုလို မှတ်တမ်းတင်ဖို့ မလွယ်ကူခဲ့စဉ် အချိန်ကမို့လို့ ပုံရိပ်မဲ့ 
မှတ်တမ်းဟုသာ ဆိုရတော့မှာပါ၊ အဲလို မောင်ရင်ငတေရဲ့ ကကြီး တရားမဝင်လုပ်သက် လေးနှစ်နီး 
ပါးလောက်ကို  ဒီကနေ့ပြင်သစ်မြေမှာ ထည့်ပေါင်းခွင့်သာရရင် လုပ်သက် ဆယ့်ခြောက်နှစ်လောက် 
တိုးသွားနိုင်ပါတယ်၊ အခုတော့ လွမ်းစရာ ဖြစ်သွားတဲ့ ဒုက္ခ အလုပ်ရက်များ ပေါ့လေ။

အစား အနေ အလုပ် ဘယ်လိုဘယ်လောက် ဆင်းရဲခဲ့ကြပေမယ့် လမ်းဘေးထိုင် ငိုင်မနေချင်ကြလို့ 
လမ်းဘေးထိုင် ငေးမနေချင်ကြလို့ ကမ္ဘာလောကကြီး ဘာဖြစ်နေတယ်ဆိုတာသိချင်ကြလို့ အမှောင် 
ထဲက ဖောက်ထွက် ဝါးလုံးခေါင်းထဲက ဖောက်ထွက် ရရာလမ်းကြောင်း တခုကနေ လျှောက်လှမ်းခဲ့ 
ကြတာကို မောင်ရင်ငတေကတော့ ဘယ်တော့မှ မှားတယ် မယူဆခဲ့ပါဘူး၊ ဒီကနေ့အထိတိုင်လည်း 
လျှောက်လှမ်းနေဆဲပါ၊ ဖြတ်သန်းဖူးသူများမှ အမှန်တကယ် နားလည်နိုင်ကြမှာ သေချာပါတယ်။

ဒီလို ဒုက္ခခရီးကို လျှောက်ရင်း လမ်းခုလတ်မှာ စုံးစုံးမြုပ်ခဲ့ရသူတွေ ရှိခဲ့သလို မောင်ရင်ငတေတို့လို 
ကောင်းနိုးနိုးတရွာပြောင်း ယက်ကန်ယက်ကန် ကူးခတ်နေဆဲတွေလည်း ဒုနဲ့ဒေးပါ၊ မောင်ရင်ငတေ 
ဥရောပမြေ နင်းခွင့်လေး ကပ်သီသီရခဲ့လိုက်လို့ ဟန်ဆောင်ပန်ဆောင် ဖေ့စ်ဘုတ်ခ်ပေါ် လူရာသူရာ 
ဝင်နေတာပါ၊ ဘွန်ရှုး မက်ဆီးနဲ့ ခပ်တည်တည် လူပေါ်လူဇော် လုပ်ခွင့်လေး ရနေတာပါ။

အဲလိုတရွာပြောင်းဖို့ ကြိုးစားကြသူတွေအကြောင်း ကကြီးမြေမှာ မှတ်တမ်းတခု ရှိခဲ့ဖူးပါသေးတယ်၊ 
ကကြီး အရှေ့ခြမ်းက Pusan ပူဆန်၊ အခုတော့ ဘူသွားတဲ့ Busan ဘူဆန် ပေါ့၊ ဘာလို့ ဘူသွားကြ 
တယ်တော့ မောင်ရင်ငတေ စိတ်မဝင်စားပါဘူး၊ သူတို့ဘူ လိုက်ဘူ သူတို့ပူ လိုက်ပူရုံပေါ့လေ၊ ဘာမှ 
မခက်ပါဘူး၊ အဲဒီကမ်းခြေကနေ သင်္ဘောဝမ်းဗိုက်ထဲလိုက်လို့ နိပွန်တို့မြေအိုဆာကာကမ်းဆီသို့ ကူး 
လို့ရတဲ့ လှေစီးခရီးသည်ခေတ် ရှိဖူးပါသေးတယ်၊ အဲလိုနည်းနဲ့ ဘရူမာနို-နိဟွန်ဂျင် ဘဝပြောင်းသွား 
ကြသူတွေ ရှိခဲ့ပါတယ်၊ ဖြတ်ကူးသန်းခ မနည်းလှတာရယ် ကကြီးထက် များများလုပ် များများဝင်ငွေ 
ကောင်းတဲ့ သူတို့နိပွန်တို့မြေကို မောင်ရင်ငတေ သိပ်စိတ်မဝင်စားတော့တာကြောင့် အဲဒီလို လှေစီး 
ခရီးနှင်ကြသူများထဲ မောင်ရင်ငတေ မပါဝင်ခဲ့ပါဘူး၊ ဒါပေမယ့် အဲလို ရခဲလှပါတဲ့ လှေစီးခရီးနှင်ခြင်း 
အတွေ့ကြုံကောင်းတခု လက်လွှတ်ဆုံးရှုံးခဲ့ရသလို အိုဆာကာ သောင်းကမ်းခြေကနေ ပြန်တော်ပြန် 
ခရီး နှင်ခဲ့ကြရသူတွေရဲ့အကြောင်း ကိုယ်တွေ့ ဇာတ်လမ်းတခုကို အခုလို အချိန်မှာ လွမ်းတသသနဲ့
ပြန်လည်ရေးနိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်လို့ ဆိုနိုင်ပါတယ်။


Séoul                                                                                          (Photo AKT, YNG)

မောင်ရင်ငတေကတော့ ဗဒင်ရဲ့ မူအတိုင့်း့ ဒို့ကတော့ ဆိုပြီး ဆက်လျှောက်နေရဆဲပါ။
ရှေ့ဆက်လျှောက်လှမ်းဖို့ကိုလည်း လိပ်ပြာလုံသလို နောက်ပြန်လှည့်ကြည့်ရင်လည်း ကိုယ့်လိပ်ပြာ 
ကိုယ် ယုံပါတယ် လုံပါတယ်၊ အခွင့်ရေးကောင်းတွေ ရခဲ့ပေမယ့် လိပ်ပြာမသန့်ရင် ဘာမှ မလုပ်ခဲ့လို့
အခုထိတိုင်လည်း ယက်ကန်ယက်ကန် ရုန်းကန်နေရဆဲပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်နှစ်တာ၊ လနဲ့ဆို 
လပေါင်းတရာ့နှစ်ဆယ်၊ ဒီလို စာစုပေါင်း နှစ်ရာမျှမက ရေးဖြစ်ခဲ့၊ တလကို တပုဒ်ခွဲနှုန်းမကဆိုတော့ 
ကိုယ့်သမိုင်း ကိုယ့်တာဝန် ကိုယ်ကျေတယ်လို့ ယူဆ ကျေနပ်မိပါတယ်၊ အသပြာကြေးပြားကတော့
တပြားမှမရဆိုပေမယ့် အဲဒီလို မရခြင်းကိုက ရခြင်းထက် တန်ဖိုးပိုရှိမယ် ထင်ပါတယ်၊ ဟုတ်တယ်မှ
လား၊ ရရင်လည်း ငါးထောင်တသောင်းဆိုတော့ မောင်ရင်ငတေ့ သောက်စရိတ် မလောက်ဘူးလေ။

ခါးသီးတဲ့ ဒီဘဝတွေကို အလျားလိုက် ပျော်ပျော်ကြီး ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းလို့နေရဆဲ မောင်ရင်  
ငတေတို့လို ကောင်တွေကလွဲလို့ တချို့ကတော့ မေ့ထားချင်စရာ ဒီဘဝကို အတိတ်ဟောင်း တနေ 
ရာမှာ ထားရစ်ခဲ့ကြပါပြီ၊ ကိုသောင်းကြီး ကိုစိုးကြီး ကိုပုကြီး မိုးကြီး ဇော်ကြီး တာတီးကြီး ဂျင်မီကြီး 
ညောင်ဦးသားကြီးတို့နဲ့တကွ အခြားအခြားသောဘော်ဒါအပေါင်းတို့ကိုလည်း ဒီနေရာကနေ သတိရ 
ခြင်းများစွာဖြင့်ပါ၊ မောင်ရင်ငတေ အစပြန်ဖော်ပေးနေလို့ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ကြပါရင် 
လည်း အလွမ်းစိတ်တွေနဲ့ ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

ကိုးဆယ်ခုနှစ်များမှ ဒီကနေ့ထိ မောင်ရင်ငတေကို ကကြီးမြေအပါဝင် နိုင်ငံရပ်ခြားမှာ တရားဝင်ရော 
တရားမဝင် ကျင်လည်ကျက်စားနိုင်အောင် ကူညီပေးခဲ့ကြပါတဲ့ ရွှေမြို့တော်နဲ့ ဘီကေကေမြို့ကြီးက 
ပွဲစားကြီးများ ပွဲစားလေးများ ဧဂျင့်ကြီးများ ဆူးလေ ဘားလမ်း ပန်းဆိုးတန်းလမ်း ဗိုလ်အောင်ကျော် 
လမ်းများ၏ ပလက်ဖောင်းများတွင် အတူထိုင် လှုပ်ရှားခဲ့ကြဖူးသော မိတ်ဆွေအပေါင်းသင်း ဘော်ဒါ 
ဟောင်းများ ကေစီတိုး မီကို မှသည် ဒီကနေ့ ပါရီမြို့တော်၌ ရောက်ရှိသောင်တင်အောင် ကူညီခဲ့ကြ 
သူများအားလုံးကို ကျေးဇူးတင်စကားပြောကြားရင်း ရွှေပြည်ကြီးမှထွက်ခွာချင်အောင် အားပေးခဲ့ကြ 
ပါတဲ့ သက်ဆိုင်ရာ တာဝန်ရှိ ကြီးကြီးငယ်ငယ်များကိုလည်း ဒီနေရာကနေ မှတ်တမ်းတင်ပါကြောင်း 
လောကကြီးအကြောင်း ကိုယ်တွေ့ ရရှိခဲ့မှုတွေက အတိုင်းအဆ မရှိ ကြီးမားလှပါပေတယ်ဟု ပြောရ 
မှာဖြစ်ပါကြောင်း ကျေးဇူးတွေ ကျေးဇူးတွေ မြောက်များစွာ တင်ရှိရင့်း့
မောင်ရင်ငတေကို ဝန်းရံကူညီပံ့ပိုးခဲ့သူများ ထောက်ခံခဲ့သူများ မြှောက်ထိုးပင့်ကော်ခဲ့သူများအားလုံး 
အားလုံးကို သတိရမှုများစွာနဲ့ ကကြီးမြေသို့ လွမ်းရခြင်းမှတ်တမ်းကို ရေးသားလိုက်ရပါတယ်။

ပူးတွဲပါ ရှားပါးမှတ်တမ်းပုံတွေထဲ ပါဝင်သူတွေက အဲဒီ ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် ကာလတွေမှာ 
မောင်ရင်ငတေနဲ့ အတွဲညီခင်မင်ခဲ့ကြသူတွေပါ၊ ဒီကနေ့တော့ လူချင်းမတွေ့ဖြစ်သူတွေ ဖေ့စ်ဘုတ်ခ် 
မီဒီယာလောကမှာလည်း အဆက်အသွယ်မရှိသူတွေသာ များပါတယ်၊ ဒီကနေ့ သူတို့တတွေရဲ့ဘဝ 
အဆိုးအကောင်း ဘာဖြစ်နေတယ်ဆိုတာ မောင်ရင်ငတေ မသိပါဘူး။

ဒါပေမယ့် အတိတ်တချိန်က လွမ်းမောဖွယ် ပုံရိပ်များကို အမှတ်တရ မှတ်တမ်းတင်မိရခြင်းမို့ သူတို့ ဒီ 
စာစုမှတ်တမ်းများကို မြင်တွေ့ဖတ်မိကြရင် မောင်ရင်ငတေ့အတိုင်း ခံစားကြလိမ့်မယ်လို့ ယုံကြည် 
မျှော်လင့်မိကြောင်းပါ။


I LOVE U Séoul                                                                         (Photo TWKK, ROK)

ထိုစဉ်ခါက မောင်ရင်ငတေတို့ အများဆုံးကျင်လည်ကျက်စားဖူးခဲ့ရာ့ နေရာများဖြစ်ကြပါသော

Eunhaeng-dong Siheung, Pucheon (Bucheon), Kimpo (Gimpo), Incheon, 
Yongsan-gu, Mapo-gu, Itaewon, Namdaemun, Dongdaemun (Heunginjimun), Suwon 

စသော စသော 

ဆိုးလ်မြို့တော်တဝိုက်က နေရာဟောင်းများဆီသို့ လွမ်းစိတ်များစွာဖြင့် အင်တာနက်စာမျက်နှာများ 
ပေါ်မှာ ပြန်လည်ခံစား ကြည့်မိဖတ်မိရင်း Han River ကမ်းတလျှောက် လမ်းလျှောက်ချင်မိတဲ့ စိတ် 
တွေပေါ်လာမိရင်း တခေါက်လောက်တော့ အရောက်သွားပြီး ဆိုးလ်အလွမ်းစာစုလေးများ ရေးခွင့်ရ 
ချင်ပါသေးကြောင်း ပြောကြားရင့်း့

နှစ်ဆယ်ကျော်အလွမ်း စာစုမျာ့း့
့ ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်) ကို နိဂုံးချုပ်ပါတယ်။

Séoul 
I LOVE U   

ဆိုးချင်းများစွာဖြင့်
 ခပ်ဆိုးဆိုးကောင်
မောင်ရင်ငတေ ၂၁၁၀၂၀၁၇




Aucun commentaire:

Enregistrer un commentaire