Libellés

mardi 22 août 2017

** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း
ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်)


နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                         (Photo Arkar KGyi)
သိပ်မကြာခင်က ရန်ကုန်ရွှေမြို့တော်မှာ နေထိုင်နေသူ မောင်ရင်ငတေ ညီမတော်တယောက်ဆီက အမှတ်တရ ဓါတ်ပုံတပုံကို ဖေ့ဘုတ်ကတဆင့် လက်ခံရရှိခဲ့ပါတယ်၊ ၁၉၉၀ ခုနှစ်များဆီက ပုံတပုံပါ၊
အဲဒီပုံကိုတွေ့မိလိုက်ရတော့ လွန်ခဲ့တဲ့သုံးလေးလကျော်က တပိုင်းတစရေးထားမိတဲ့ နှစ်ဆယ်ကျော်
အလွမ်းစာစု အတိုအစတွေထဲကနေ အဲဒီပုံနဲ့ ပတ်သက်တာတွေကို ပြန်လည်ဆက်စပ်ပြီး ရေးလိုက် ရပါတယ်၊ အဲဒီအချိန်က အဲဒီနေရာမှာ ဖြတ်သန်းလာခဲ့သူများ ဒီစာကို ဖတ်မိကြရင် မောင်ရင်ငတေ ထံသို့ ဆက်သွယ်ကြပါရန်လည်း ပြောကြားလိုပါတယ်၊ စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။


FROM KL, KLANG TO KAPAR                                                             (Photo Google)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကနေ သိပ်မဝေးလှတဲ့ Klang ဆိုတဲ့ ဆိပ်ကမ်းမြို့ကိုသွားတဲ့ လမ်းပေါ်မှာ Kapar ခေါ်တဲ့ ရွာသာသာမြို့ကလေးတမြို့ ရှိပါတယ်၊ မောင်ရင်ငတေတို့ တနှစ်ကျော် ခိုအောင်းခဲ့တာ အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်နီးပါး ရှိနေပြီမို့ အပြောင်းအလဲတွေက ရှိသင့်သလောက် ရှိနေပေမယ့် အရမ်းကြီး ပြောင်းလဲသွားတာမျိုး မရှိသေးဘူး ဆိုလို့ရပါတယ်။

အင်တာနက်ပေါ် ဂူဂဲလ်မြေပုံပေါ်မှာ ရှာဖွေကြည့်တဲ့အခါမှာတော့ အနှစ်နှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ
ဖြစ်ပေမယ့် ကပါကလန်း ကားလမ်းနဘေးမှာ အများကြီးတော့ပြောင်းလဲတာကို မတွေ့ရသေးပါဘူး၊ မောင်ရင်ငတေ နေခဲ့ဖူးတဲ့နေရာကို ပြန်ရှာကြည့်လိုက်တော့ (လိပ်စာကို တိတိကျကျ မမှတ်မိတာမို့ အပြောင်းအလဲတွေကလည်း အနည်းအပါးတော့ ရှိတာမို့) ခန့်မှန်းခြေနဲ့ ဒီနေရာ ထင်ပါတယ်လို့သာ ပြောနိုင်ပါတော့တယ်၊ Jalan Kapar ကပါ-ကလန်းကားလမ်းကတော့ အရင်လို နှစ်လမ်းသွားတော့ မဟုတ်တော့ပါဘဲ လေးလမ်းသွားလမ်းမကြီး ဖြစ်နေပါပြီ၊ မောင်ရင်ငတေတို့ နေခဲ့တုန်းက အိမ်အနီး
အနားမှာ ဘာမှသိပ်မရှိပါဘူး၊ ရာဘာတောတွေကြား ခြံကျယ်ဝန်းကျယ် ဂိုဒေါင်ပျက်ကြီးတွေလိုသာ  အများအပြား ရှိခဲ့တာပါ၊ အခုတော့ အိမ်ခြေ တော်တော်များများ ရှိလို့နေတာကို တွေ့ရပါတယ်၊ အဲဒီ
အိမ်အရှေ့ကလမ်းကို ပြန်ရောက်ခဲ့တာ သိပ်မကြာလှသေးတဲ့ မောင်ရင်ငတေ့ သူငယ်ချင်း တဦးရဲ့ ပြောပြချက်ကတော့ သူလည်း သိပ် မမှတ်မိတော့ပါဘူးတဲ့၊ အဲဒီ ကားလမ်းက အရင်ကထက် စာရင်
စည်ကားနေတာတော့ အမှန်ပါတဲ့၊ နောက်ပြီးတော့ ဒီလမ်းက ပင်လယ်ကူးသင်္ဘောတွေ ဝင်ရောက် ဆိုက်ကပ်ရာ ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းတခု စာရင်းဝင် Port Klang ကို သွားရာလမ်းပေါ်မှာ ရှိတာ ကြောင့်လည်း တိုးချဲ့တည်ဆောက်နေတာတွေ အများကြီးပါတဲ့၊ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ပါတယ်လေ၊ အချိန်တွေဆိုတာကလည်း ဘာမှသာ မဟုတ်ဘူး ထင်မိရတာ၊ သေသေချာချာ ပြန်ပြီး တွေးကြည့်လိုက်တဲ့အခါမှာတော့ အတော်ကြီးကို ကြာသွားခဲ့ပြီကိုး။


Kapar, Selangor, Malaisia                                                                  (Photo Google)

အဲဒီ Klang 13 အိမ်ကို ကေအယ်လ်မြို့ကနေ သွားမယ်ဆိုခဲ့ရင် ဘတ်စ်ကား နှစ်ဆင့် စီးရပါတယ်၊ Puduraya ပူဒူးရာယာ ကားဂိတ်ကြီးကနေ ကလန်းမြို့ကိုသွားတဲ့ ဘတ်စ်ကားစီး၊ ကလန်းကားဂိတ် ရောက်ရင် ကလန်း-ကပါ ကားကို ပြောင်းစီးရပါမယ်၊ ကားခတွေ ဘယ်လောက်ပေးရတယ်လို့တော့ မမှတ်မိတော့ပါဘူး၊ စပယ်ယာ ကောင်မလေးတွေ လက်မှတ်ရောင်းတာကိုသာ မှတ်မိပါတော့တယ်၊ လက်ရှိ ကလန်းကားဂိတ်သစ်ကတော့ မြို့ပြင်အတော်ဝေးရာကို ရောက်ရှိသွားပါပြီ၊ မောင်ရင်ငတေ တို့ခေတ်က ကားဂိတ်ဟောင်း နေရာက မြို့လယ်မှာရှိပြီး ဆိုင်တွေနဲ့ အတော်စည်ကားပါတယ်၊ အဲဒီ နားမှာရှိတဲ့ တရုတ်မ ခပ်ချောချောလေး ကောင်တာထိုင်တဲ့ ဘီယာဆိုင်တဆိုင်မှာ  သွားငမ်းကြရင်း ဘီယာအတူ မူးခဲ့ကြတဲ့ ဘော်ဒါတွေကတော့ ဘယ်ဆီသို့များ ရောက်ကုန်ကြပြီ မသိတော့ပါဘူး။




Klang Kilometre 13                                                                           (Photo Google)
(မောင်ရင်ငတေတို့ နေခဲ့တာ ဒီ အိမ်ပုံစံနဲ့ အတော်ကြီး တူပါတယ်၊ ဖြစ်နိုင်ဖွယ်ရာလည်း အများကြီး ရှိပါတယ်၊ သေတော့မသေချာပါ၊ ကိုယ်တိုင်တော့ တခေါက်လောက် ပြန်သွားကြည့်ချင်မိပါတယ်၊)

အဲဒီ လမ်းမကြီးပေါ်က အိမ်ကလေးမှာ မောင်ရင်ငတေနဲ့အတူ ခေတ်ပြိုင်နေခဲ့သူများ ရွှေပြည်ကြီးနဲ့ ထိုင်းနိုင်ငံမှာ ရှိနေကြပါသေးတယ်၊ သူတို့လည်း ပြန်လွမ်းချင် လွမ်းနေကြမှာပါ၊ မောင်ရင်ငတေတို့ နေခဲ့ကြတုန်းက စိတ်ပျက်စရာများစွာထဲက ပျော်စရာတွေ ရီစရာတွေလည်း များစွာတွေ့ခဲ့ရပါတယ်၊ အဲဒီ အကြောင်းအရာတွေက အခုတော့ အတိတ်က အရိပ်များ အလွမ်းများ ဖြစ်ကုန်ကြပါပြီ။

အဲဒီအိမ်က (မောင်ရင်ငတေ စိတ်ထင်ကတော့ ရက်စတောရန့် အဟောင်းပါ၊) ကားလမ်းမကြီးဘေး မှာရှိပါတယ်၊ အဲဒီအချိန်က အဲဒီကားလမ်းက အမြန်လမ်းမကြီးမျိုး မဟုတ်သေးပါဘူး၊ 

ဒီကနေ့တော့
အမြန်လမ်းမကြီး ဖြစ်နေပါပြီ၊ ကပါရွာလေးကို ပြေးတဲ့ ဘတ်စ်ကားဂိတ်က အဲဒီအိမ်နဲ့ မနီးမဝေးမှာ 
ရှိပါတယ်၊ မောင်ရင်ငတေဆီ ရောက်လာတဲ့ အမှတ်တရပုံ ဆိုတာက  အိမ်အနီး Klang Kilometre 13 
မှတ်တိုင်မှာရိုက်ခဲ့တဲ့ ပုံတပုံပါ၊ လမ်းချဲ့လိုက်လို့ ထင်ပါရဲ့၊ ကျောက်တိုင်လေးတော့ မရှိတော့ပါ။

မောင်ရင်ငတေ ဒီကေအယ်လ်အလွမ်း စာစုလေးတွေကိုရေးနေရင်း ဖေ့စ်ဘုတ်ခ်ကိုတင်လိုက်တော့
အဲဒီအိမ်လေးမှာ အတူတူနေခဲ့ဖူးတဲ့ သူငယ်ချင်းတယောက် (အခုတော့ ဘန်ကောက် ဘိုးတော်ကြီး
ဖြစ်နေသူ) ကလှမ်းပြောပါတယ်၊ မောင်ရင်ငတေ ဂူဂဲလ်မြေပုံပေါ်မှာ ရှာဖွေပြီးတင်ထားတဲ့ အဲဒီအိမ်
ဖြစ်နိုင်ကြောင်းကိုပါ၊ “အဲအိမ်က အဖြစ်နိုင်ဆုံးပဲ အခု မျက်စိထဲမှာ ပေါ်လာတယ်၊ ဟုတ်တယ်၊ 

အဲဒီ အိမ်ပဲ၊ အနောက်ဖက်ကို ကြည့်ရင်တော့ ပိုသေချာတာပေါ့ ရဲလာရင် ပြေးပြေးပြီး ပုန်းတဲ့ အပင်တွေ
 ရော ကြည့်လိုက်သေးလား” လို့ ပြန်မေးပါတယ်၊ အဲဒီ အိမ်ကိုရောက်တဲ့ အချိန်က ၁၉၉၁ နှစ်လယ် လောက်မှာ ထင်ပါတယ်၊

 မောင်ရင်ငတေတို့ မလေးရောက်ခါစကထက်စာရင် အဲဒီအိမ်ရောက်တော့ ကေအယ်လ်တခွင်မှာ တရားမဝင် အလုပ်လုပ်သူတွေ များသထက်များလာလို့ အော်ပရာစီတာတွေ ခေတ်စားလာပါပြီ၊ အလုပ်ရုံများတဲ့ နေရာတွေကို အဓိကထားပြီး မလေးရဲတွေ လဝကတွေပေါင်းပြီး လူဖမ်းပွဲတွေ စနေပါပြီ၊ မောင်ရင်ငတေကတော့ ကံကောင်းလို့လား မသိပါဘူး၊ ကပ်လွတ်ခဲ့ပါတယ်၊

အိမ်ထဲမှာ ခပ်တည်တည် အိပ်နေရင်း (အမှန်ကတော့မူးနေတာပါ) လွတ်ခဲ့တာတို့၊ အိမ်ကို ရဲလာပြီး
ဝိုင်းရင် အလုပ်ရုံကို ရောက်နေချိန်ဖြစ်ပြီး အလုပ်ရုံကို အော်ပါရာလာစီရင် အလုပ်မလုပ်လျှောက်ပြီး လည်ရာပြန်စားရေး လုပ်နေချိန်ဖြစ်ပြီး ကပ်လွတ်ခဲ့တာမျိုးတွေပါ၊ 

အိမ်ထဲမှာ မောင်ရင်ငတေတို့တွေ သုံးလေးငါးယောက်သာ မူးပြီး ကျန်နေချိန်မှာ ရဲတွေလာတယ်ဆိုပြီး နောက်ဖေးက ရာဘာခြံတွေထဲ ပြေးပုန်းကြသူတွေကို ရဲကမဲလိုက်ဖမ်းတာနဲ့ လွတ်ခဲ့ကြရတာ ထင်ပါတယ်၊ 

တကယ်တမ်း ပြောကြရကြေးသာဆိုခဲ့ရင် မောင်ရင်ငတေရဲ့ အမြင်အရ 
မလေး ရဲ အများစုကလည်း ခပ်ညံ့ညံ့သာပါ။



မလေးရှားရဲ့ ဘတ်စ်ကားဂိတ်ဝယ်                                                             (Photo KKSD)
မောင်ရင်ငတေလို ခပ်ညံ့ညံ့ကောင်မျိုးတွေကိုတောင် ဘာတခုမှမလုပ်ပြနိုင်ခဲ့တဲ့ မလေးရှားရဲတွေပါ၊ မောင်ရင်ငတေနဲ့ ခင်မင်ခဲ့ဖူးတဲ့ မလေးရဲသားလေး တယောက်ကတော့ ပုစ္ဆာတခု ထုတ်ဖူးခဲ့ပါတယ်၊ “ခင်ဗျားတို့ ဗျာ .. ပညာတွေ တတ်ကြရဲ့သားနဲ့ အဲဒီအလုပ်တွေကို ဘာလို့များ လာလုပ်ကြတာလဲ၊
ဝဋ်လာခံနေကြသလို” ပါတဲ့ခင်ဗျ၊ တွေ့တိုင်းအမေးခံရတဲ့ မေးခွန်းပါ၊ အဲတော့ မောင်ရင်ငတေမှာက
အဖြေက အဆင်သင့် ရှိပေသော်ညားလည်း ဟန်ပါပါ ပုခုံးတွန့်ပြီး ခေါင်းသာ ရမ်းမိခဲ့ရပါတယ်၊ အခု
နေများ အဲဒီ ကိုရွှေမလေးရဲသားလေးကို ပြန်လို့များတွေ့ခဲ့ရရင်တော့ မောင်ရင်ငတေ ပြောလိုက်ချင် တာက မင်းပြောခဲ့တဲ့ အဲဒီ “ဝဋ်” အနှစ်နှစ်ဆယ်ကျော် ကြာတဲ့အထိ ငါတို့ခံတုန်းခံမြဲ ခံနေရဆဲပါလို့၊

ဟုတ်လည်း ဟုတ်ပါတယ်၊ အဲဒီ ရဲလေး ပြောခဲ့တာက၊ မလေးမှာ မောင်ရင်ငတေ လုပ်ခဲ့သမျှသော အလုပ်တွေမှာ ကြီးစိုးထားတာက တရုတ်မျိုးနွယ်တွေပါ၊ အလုပ်ရုံလေးတွေ ပိုင်ဆိုင်တဲ့ တရုတ်တွေ ဆိုတာက စာသိပ်မတတ်သူတွေသာ များပါတယ်၊ လုပ်ငန်းကြီးစက်ရုံကြီးတွေမှာတော့ မလေးလူမျိုး
တွေက နောက်ကွယ်က ပိုင်ဆိုင်ကြပြီး တရုတ်တွေက ဦးစီးလုပ်ကြတာများပါတယ်၊ စက်ရုံတရုံမှာ မန်နေဂျာအဆင့် ဆိုတဲ့သူတွေ ထဲမှာတောင် ဘွဲ့ရရှားပါတယ်၊ အလုပ်သမားဆိုသူ အများစုကတော့ အလယ်တန်းအဆင့်လောက်သာ တတ်မြောက်ကြတာပါ၊ တကယ်ယှဉ်ပြီး လုပ်ကြကြေးဆိုလာရင် မောင်ရင်ငတေတို့ စက်ရုံရောက်ပြီး တလလောက်အကြာမှာ အဲဒီ မလေးမန်နေဂျာဆိုတဲ့ အကောင် တွေကို ပညာပြ ကစားလို့ရပါပြီ၊ အဲဒီနေရာမှာ မောင်ရင်ငတေရဲ့ အတွေ့အကြုံအရ အာရှနဲ့ ဥရောပ
ကွာတာပါ၊ ပြင်သစ်ကို မောင်ရင်ငတေ ရောက်ရှိပြီး စက်ရုံတွေမှာ ဝင်လုပ်ကြည့်ဖို့ စုံစမ်းခဲ့မိပါတယ်၊ သာမန်အောက်ဆုံး စက်ရုံလုပ်သားအဆင့်မှာတောင် သင်တန်းဆင်းတဲ့ လက်မှတ် (ရွှေပြည်ကြီးမှာ ဆိုရင်တော့ THS ကျောင်းဆင်းလက်မှတ်မျိုး၊ ဒီက အခေါ်ကတော့ တက်ကနစ်ရှင် လက်မှတ်ပေါ့၊) မရှိမဖြစ် လိုအပ်ပါတယ်၊ ထိုင်း မလေး ကိုရီးယားတို့မှာတော့ ဒါမျိုး မလိုအပ်ပါဘူး၊ လုပ်ခိုင်းကြည့် လုပ်နိုင်ရင် ဆက်ခိုင်းတော့တာပါ၊ မောင်ရင်ငတေ ကိုယ်တွေ့ လုပ်ခဲ့ရတာတွေပါ၊ အပိုမပြောပါဘူး။



Menara Berkembar Petronas  (1999)                                                    (Photo KKSD)
မောင်ရင်ငတေတို့ ကေအယ်လ်ကိုစရောက်စ အချိန်တုန်းက မြို့လယ်ခေါင်မှာ အထင်ရှားဆုံးသော
အဆောက်အဦးက အခုခေတ် Petronas မိုးမျှော်တိုက်ကြီး မဟုတ်သေးပါဘူး၊ Menara Maybank
လို့ ခေါ်ဆိုကြတဲ့ အဖြူရောင် တိုက်မြင့်ကြီးပါ၊ ပြီးခါစ အသစ်စက်စက်သာ ရှိသေးတာပါ၊ Petronas နေရာက မြို့ပြင် ဆင်ခြေဖုန်းသာသာ နေရာအဆင့်သာ ရှိပါသေးတယ်၊ Maybank ဝန်းကျင်ကမှ ကေအယ်လ်မြို့ရဲ့ အသည်းနှလုံးနေရာပါ၊ မောင်ရင်ငတေကတော့ အဲဒီတိုက်ဖြူကြီးရဲ့ လှေခါးထစ် တွေမှာ ထိုင်ရင်းငိုင်ရင်း ကေအယ်လ်သူ ကေအယ်လ်သားတွေကို ငေးမောကြည့်နေခဲ့ဖူးရုံပါ။



Menara Maybank (1988)                                                                     (Photo KKSD)
တကယ်တော့ အဖြူရောင်စွတ်စွတ် အဲဒီတိုက်မြင့်ကြီးက မောင်ရင်ငတေတို့အတွက် ဓါတ်ပုံရိုက်ရင် နောက်ခံပိတ်ကား တချပ်သာသာ အသုံးဝင်တာပါ၊ အဲဒီအချိန်က မောင်ရင်ငတေတို့လို ကောင်တွေ အတွက် ပိုလို့ အမှန်တကယ် အရေးကြီးတဲ့ နေရာက Maybank Tower ရဲ့ နောက်ဘက်ကိုပတ်ပြီး တက်သွားခဲ့ရင် ရောက်တာပါ၊ တယ်လီဖုန်းရုံးပါ၊ ဖုန်းကဒ်ဝယ်ပြီး အင်တာနေရှင်နယ်ကို ကိုယ်တိုင် ခလုပ်နှိပ်ပြီးဖုန်းခေါ်လို့ရတဲ့ နေရာပါ၊ အခြားသော နေရာတွေမှာ ရှိကောင်းရှိလိမ့်အုံးမှာ ဖြစ်ပေမယ့် မြို့လယ် သွားရေးလာရေးက လွယ်ကူတဲ့အပြင် ရဲအန္တရာယ် ကင်းရှင်းတယ်လို့ ပြောကြလို့ပါ၊ အဲဒီ ဖုန်းရုံးနေရာကို အတိအကျတော့ စဉ်းစားလို့ မရတော့ပါဘူး၊ မေဘဏ်တိုက်ကြီးရဲ့ နောက်ကျောလို့ မှတ်မိရုံသာ မှတ်မိတော့ပါတယ်၊ အဲဒီအချိန်က ဒီကနေ့ကာလလို လက်ကိုင်ဖုန်းတွေ မပေါ်သေးတဲ့ အချိန်ပါ၊ အိုဗာဆီးကောလ်ခေါ်ဖို့က တကူးတက ဖုန်းရုံးကိုသွားဆက်မှ ရတဲ့ခေတ်ပါ၊ ဖုန်းရုံးရှိရာကို ရောက်ပြန်ရင်လည်း ကိုယ်ခေါ်ရမယ့် အလှည့်ရောက်အောင် စိတ်ရှည်ရှည်နဲ့စောင့်ရ ကိုယ်အလှည့် ရောက်ပြန်ရင်လည်း ခေါ်လို့ရအုံးပါမှ ခေါ်လို့ရခဲ့ပြန်ရင်လည်း ကိုယ်ဝယ်ထားတဲ့ဖုန်းကဒ်က ငါးမိနစ် စကားပြောပြီး ကုန်သွားပါလေရော၊ အဲဒီလိုနဲ့ ဖုန်းသွားဆက်တာ နှစ်နာရီသုံးနာရီ အချိန်တွေပေးပြီး အကုန်ခံပြီးမှ လေးငါးမိနစ်နဲ့ ဖီလင်အောက်ပြီး ပြန်လှည့်လာရတာမျိုးပါ၊ အဲဒီလိုဘဝတွေကို ခုတော့
ဘာမှမဟုတ်ပါဘဲနဲ့ လွမ်းနေမိပြန်ရော၊ ခက်လှပါတဲ့ လူ့ရဲ့စိတ်သဘာဝရယ်ပါ၊ အဲဒီလို ဖုန်းဆက်ပြီး သွားရင် ရသမျှ အချိန်လေးကို Maybank နားက လှေကားထစ်မှာဖြစ်ဖြစ် ကားဂိတ်တခုခုမှာဖြစ်ဖြစ်
ခေတ္တ စိတ်အားပြန်ယူရင်း ထိုင်ငေးမောနေခဲ့တာတွေကို သတိရမိတာတော့ အမှန်ပါ။

အဲဒီတုန်းက မောင်ရင်ငတေတို့ အများစု မလေးမှာ အလုပ်သာ လုပ်နေကြပေမယ့် တရားဝင်သူက မရှိသလောက်ပါ၊ အားလုံးလိုလိုဟာ ဗမာ ပတ်စ်ပို့စ် စာအုပ်တွေ ကိုယ်စီ ကိုင်ထားကြပေမယ့်လည်း အိုဗာစတေး ဖြစ်နေကြသူတွေပါ၊ ရွှေပြည်ကနေ တိုက်ရိုက်ရောက်သူထက် ဘန်ကောက်ကတဆင့် ရောက်လာသူတွေ ပိုများတဲ့ အချိန်ပါ။


ကေအယ်လ်တခွင်ပြဲပြဲဆင် အလုပ်အတွက်ရောက်ရှိခဲ့                                   (Photo KKSD)
မောင်ရင်ငတေကတော့ ကေအယ်လ်သို့ အလုပ်လာ မလုပ်ခင်က လေးငါး ခေါက်လောက် ထိုင်းက စတေးရှောင်ရင်း လူပို့ရင်းဆိုသလို ရောက်လာဖူးနှင့်ပြီးသားပါ၊ ဘန်ကောက်မှာ ဖြစ်သလိုနေနေရင်း ကုန်းတဝက်ရေတဝက်ဘဝနဲ့ (သင်္ဘောသီးလည်းမဖြစ် ဆူရှီလည်းမလိပ် လိုက်ရပါ၊) နောက်ဆုံးကျ အကြံကုန်တော့ ကေအယ်လ်ကိုရောက်ရှိ သောင်တင်ခဲ့ရတာပါ၊ ကေအယ်လ်သို့ တက်မလာမီ အဲဒီ အချိန်က ဘန်ကောက်မှာ ဂျပန်ဗီဇာ အလှူပေးပွဲမှာ ဝင်ရောက် လှုပ်ရှားရင်း ဗီဇာတော့ မရခဲ့ပါဘဲနဲ့ စာအုပ်တခုလုံး ဖြတ်ညှပ်ကပ်ရာတွေနဲ့ ဘာမှသုံးစားလို့ကို မရတော့လို့ ကေအယ်လ်သို့ ရောက်ခဲ့ရ တာပါ၊ ကေအယ်လ်တခွင် ပြဲပြဲဆင်အောင် ခြောက်လကျော်လောက် လှုပ်ရှားပြီး သကာလမှာတော့ Klang 13 အိမ်ဆီသို့ ရောက်ခဲ့တာပါ၊ မောင်ရင်ငတေတို့ အုပ်စုကလည်း စာရွက်မရှိ အလုပ်လုပ်ခွင့်
မရှိပေမယ့် လုပ်ငန်းရှင်တွေဆီမှာ ဘယ်တော့မှ အောက်မကျို့နိုင်သူတွေ များပါတယ်၊ အဲဒါကြောင့်   မလေးရှားက ပြန်ထွက်လာတော့ အတွေ့အကြုံတွေသာ ပါလာပြီး ပိုက်ဆံအိပ်ထဲမှာတော့ ခါလီနဲ့မို့ မလေးပြန် လမ်းဘေးထိုင်ဘဝနဲ့ ရန်ကုန်ပလက်ဖောင်းဆိုင်တွေမှာ သုညဘဝ ပြန်စခဲ့ရပါတယ်။



Hentian Puduraya Bus and Taxi Station                                                (Photo KKSD)
ကေအယ်လ်ကို ရောက်ရင် မသိမဖြစ် မရောက်မဖြစ် ရောက်ရမှာက ပူဒူးရာယာ ဘတ်စ်ကားဂိတ်ပါ၊ မြို့လယ်ခေါင် တရုတ်တန်း Jalan Petaling နားမှာပါ၊ Menara Maybank နဲ့လည်း မဝေးလှပါဘူး၊ လူအစည်ကားဆုံးအရပ် ဖြစ်သလို အဝေးပြေး လိုင်းကားပေါင်းဆုံ ရပ်တဲ့ နေရာဖြစ်လို့ မလေးရဲတွေ ကျက်စားလူဖမ်း ငွေညှစ်ရာနေရာလည်း ဖြစ်ပါတယ်၊ အဲဒီနေရာက ဒီကနေ့လို မိုးပျံရထားလမ်းတွေ မရှိသေးပေမယ့် မောင်ရင်ငတေတို့လို မြို့ရောက်တောသားတွေအတွက် မှတ်တမ်းတင် ဓါတ်ပုံရိုက် ချင်စရာ ကောင်းလှတဲ့ မိုးမျှော်တိုက်ကြီးတွေ တည်ရှိရာ ဖြစ်ပါတယ်၊ ဆောက်လက်စ တိုက်မြင့်ကြီး အများအပြားရှိနေပြီ ဖြစ်ပါတယ်၊ အဲဒီအချိန်က ထိုင်းနဲ့ယှဉ်ရင် မလေးရှားက တိုးတက်ရုံသာမကဘဲ ရာသီဥတုကောင်းမှု လူဦးရေနည်းပါးမှုတို့ကြောင့် ထင်ပါရဲ့၊ အတော်သန့်ရှင်းသန့်ပြန့်ပါတယ်၊ ထိုင်း မြေကြီးကနေ လ.ဝ.က ဂိတ်တွေကိုကျော်ဖြတ်ပြီး မလေးမြေကို ရောက်သွားတာနဲ့ အဝေးပြေးလမ်း အလယ်ခေါင်ရော တဘက်တချက်မှာပါ ပန်းပေါင်းစုံနဲ့ သာယာလှတဲ့ အပြင် လတ်ဆတ်တဲ့ လေရနံ့ ကိုပါ ပြောင်းလဲခံစားမိရတာတော့ တကယ်အမှန်ပါ၊ မလတ်ဆတ်တာကတော့ ဆက်ကြေးကောက်   တောင်းရမ်းကြတဲ့ မလေးရဲတွေ လ.ဝ.ကတွေ နယ်ခြားစောင့်တပ်တွေရဲ့ ရှစ်ခေါက်ချိုး မျက်နှာတွေ ပါ၊ ဘယ်လောက် ရေ လောင်းလောင်း မသန့်ရှင်း မလတ်ဆတ်တဲ့ အဲလိုမျက်နှာမျိုးတွေကို အခုချိန် မောင်ရင်ငတေ ဥရောပ တဝှမ်းမှာ နယ်စပ်တွေကို ဖြတ်ကျော်ချိန်တိုင်းမှာ ပြန်လည် မြင်ယောင်မိရ သလို အဲဒါမျိုးတွေကို မတွေ့ရပါစေနဲ့လို့ ဆုတောင်းမိတာ နယ်စပ်ဖြတ်ကျော်တဲ့ အကြိမ်တိုင်းမှာပါ။

မှတ်မှတ်ရရ အဲဒီ ကလန်း ၁၃ အိမ်ကို မောင်ရင်ငတေတို့ ရောက်သွားတာ လူ ခုနှစ်ယောက် အုပ်စု ထင်ပါတယ်၊ လေးယောက်က ရင်းနှီးပြီးသားပါ၊ ကျန်သူတွေကတော့ တခြားကပါ၊ အလုပ်ရှာပေးတဲ့ ပွဲစားကို မလေးငွေ တရာလားတရာ့ငါးဆယ်လားပေးပြီး ရောက်သွားခဲ့တာပါ၊ မောင်ရင်ငတေတို့က လက်ထဲမှာ လက်ကျန်ငွေက နည်းနေတော့ (တကယ်တော့ ဒီကနေ့ထိ တိုင်အောင်လည်း လက်ထဲ မှာ ငွေမကပ်ပါဘူး၊ ပြတ်နေမြဲပါ၊) လခ ရမှ ပြန်ပေးရမယ့် ဂတိတလုံးနဲ့ ရောက်သွားတာပါ၊ (လက်ရှိ ပီနန်ကျွန်းမှာ ရောက်ရှိနေပြီး အလုပ်လုပ်နေတာ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်မက ကြာနေပြီ ဖြစ်တဲ့  မောင်ရင်ငတေရဲ့ ညီတဝမ်းကွဲတော်သူ ဗဟန်း အုတ်လမ်းသားရဲ့ အပြောအရက ဒီကနေ့မှာတော့ တရာတရာ့ငါးဆယ်နဲ့ မရတော့ကြောင်း ပိုမို ရှုတ်ထွေးပွေလီလာကြောင်း နောက်ထပ်ရောက်လာသူ တွေကလည်း အောက်ကြေးနဲ့အလုပ်လုပ်ကြကြောင်း မောင်ရင်ငတေတို့ခေတ် ၁၅ ကျပ်စားဘဝကို သူလည်း မှီခဲ့သေးကြောင်း သူက ဒီလိုပြောပြပါတယ်၊ “ ကျနော် မလေးရှားကို စရောက်ကာစတုန်း ကတော့ အကိုပြောတဲ့ .. ၁၀ .. ၁၅ ကျပ်စား (မလေးငွေ ရင်းဂစ်) ကိုတော့ မှီလိုက်ပါသေးတယ် ... နောက်ပိုင်း ရောက်လာတဲ့သူတွေက အတွေ့အကြုံ မရှိကြတာရယ် …. အကြောက်လွန်ကြတာရယ်  ရှင်းရဲတဲ့သတ္တိ မရှိတာကြရယ် .. ဘာသာစကား မကျွမ်းကျင်ကြတာရယ် … စတာတွေကြောင့် …... ရဲတွေ ပွဲစားတွေ စာတတ်သွားတာပါ .. နောက်မှ ရောက်လာတဲ့သူတွေဆိုတာက .. မြန်မာတွေသာ မဟုတ်ပါဘူး .. နီပေါ … ဗီယက်နမ် .. ဘင်္ဂလားတွေပါ ….. ပါပါတယ် ” တဲ့ ခင်ဗျ၊။

အဲအိမ်မှာ မောင်ရင်ငတေတို့အရင် ရောက်နှင့်နေကြသူတွေ အများကြီးပါ၊ စုစုပေါင်း နှစ်ဆယ်ကျော် ခန့်ရှိမယ် ထင်ပါတယ်၊ မောင်ရင်ငတေတို့ အဲဒီအိမ်ကို စဝင်သွားတော့ ကိုယ်ထက်အရင်ရောက်နေ ကြသူတွေ ရှိနေပေမယ့် ဒီအရင် အရှေ့မှာတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအရ ခေါင်းမော့ရင်ကော့ပြီး ခပ်ရင့်ရင့်နဲ့ ဝင်သွားခဲ့တာမျိုးပါ၊ အဲဒီ အိမ်မကြီးက အိပ်ခန်းလေးခန်းလောက် ရှိပါတယ်၊ အဲဒီအခန်း လေးခန်းမှာ အရင်ရောက်နှင့် နေသူတွေက တခန်းကို လေးငါးယောက်နှုန်းနဲ့ နေနေကြပါပြီ၊ အရင် ရောက်နေသူကို နောက်မှရောက်လာသူက ဦးကျိုးရလေ့ရှိတာ ထုံးစံလိုပါ။

မောင်ရင်ငတေတို့ သုံးယောက်ကတော့ ကေအယ်လ် နယ်မြေတခွင်မှာ လေးငါးခြောက်လလောက် အတွင်း အလုပ်နေရာပေါင်း ဆယ့်လေးငါးနေရာမက ပြောင်းရွှေ့လုပ်ခဲ့ပြီးပြီမို့ တယောက်အထာကို တယောက် သိနေပါပြီ၊ မလေးရဲတွေရဲ့ အနိုင်ကျင့် ငွေညှစ်တာတွေကို ဘယ်လို ရင်ဆိုင် ကာပြန်ပြီး ဘယ်လို ဈေးညှိရမလဲဆိုတာတွေကို သိနေခဲ့ပြီးပါပြီ၊ ဒူးထောက် လက်ထိပ်ခတ်ခိုင်းခဲ့တဲ့ ရဲလက်က လွတ်အောင် ရှောင်ခဲ့ပြီးပါပြီ၊ အဲအချိန်က ရပ်ကွက်ထဲရှိ မလေးရဲတွေ အားလုံးလိုလိုဟာ လာဘ်စား ကြသူတွေသာပါ၊ ရဲတွေ လဝကတွေ ပေါင်းပြီး အော်ပါရာစီတာမျိုးက ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး တခါတလေပါ၊ မလေးရဲ တော်တော်များများက နှုတ်ခမ်းမွှေး တကားကားနဲ့ ရုပ်ရှင်ထဲက လူဆိုးတွေ
ပုံစံ ကြောက်စရာ ရုပ်တွေ ဆိုပေမယ့် ငွေကိုတော့ အတော်မက်ကြတယ် ဆိုရပါမယ်။

ရပ်ကွက်ထဲ စက်ရုံအလုပ်ရုံ နယ်မြေတွေထဲမှာ ဆိုင်ကယ်တစီးနဲ့ ပတ္တယောင် လှည့်သလိုမျိုး ရဲတွေ အတွေ့ရများပါတယ်၊ (အခုတော့ ဘယ်လောက် ပိုဆိုးနေပြီလည်းတော့ သေသေချာချာ မသိပါဘူး)
မောင်ရင်ငတေတို့ခေတ်ကတော့ အဲဒီလိုဆိုင်ကယ်စီးရဲတဦး နောက်ကနေဖြစ်ဖြစ် ရှေ့ကနေဖြစ်ဖြစ် လာနေတာတွေ့ရင် ပထမတော့ လန့်တတ်ပေမယ့် နောက်ပိုင်းတော့ရိုးသွားပါတယ်၊ သူတို့ကလည်း
ခြောက်လှန့် ငွေတောင်းတာမျိုးလောက် လုပ်တတ်ကြသူများသာဆိုတော့ ရင်းဂစ်ဆယ်တန်တရွက် ဆောင်ထားပေးလိုက်ရင် အမှုကပြီးပါပြီ၊ မောင်ရင်ငတေနဲ့ အလုပ်တခုမှာ ခဏတူတူ တွဲလုပ်ခဲ့ဖူးသူ တယောက်ဆိုရင် ရဲဆိုင်ကယ် ခွစီးပြီး ရဲစခန်း မောင်းခိုင်းတာ အဲဒီ ရဲကလည်း ငွေတဆယ် မပေး မချင်း ဆိုင်ကယ်ပတ်မောင်း ကပ်တောင်းနေတာပါ၊ အဲတော့ အဲဒီကိုရွှေဗမာငတိကလည်း သူနေတဲ့
အိမ်အနားရောက်မှ ရင်းဂစ်ဆယ်တန်တရွက် ထိုးပေးပြီး အိမ်ထဲခပ်တည်တည် ဝင်လာခဲ့ပါတယ်တဲ့။ 


ကလန်းမှာ ဖြတ်သန်းခြေရာများ ရှိနေဆဲလား                                                (Photo KKSD)
နောက် သူငယ်ချင်း တယောက်ကတော့ ရီစရာလည်း ကောင်းပါတယ်၊ သူက တိုင်းရင်သား တဝက် စပ်ပါတယ်၊ စကားကတော့ ဗမာလိုလည်းဝဲတာထက် ပီလည်းမပီဘူး ပြောရမှာပါ၊ အဲဒီမှာ တနေ့ကျ
လမ်းလျှောက် အလုပ်က ပြန်လာစဉ်မှာ ထင်ပါတယ်၊ သူနဲ့ မလေးဆိုင်ကယ်ရဲတယောက် လမ်းပေါ် မျက်နှာချင်းဆိုင် ဆုံကြပါလေရော၊ မလေးရဲကလည်း အချဉ်တကောင်တော့ တွေ့ပြီထင်ပြီး ပျော်လို့ သွားဟန် တူပါတယ်၊ ခပ်ပြုံးပြုံးနဲ့ မေးပါတယ်တဲ့၊ YOU WORK အဲတော့ အဲပုဂ္ဂိုလ်က ဖြေပါတယ်၊
အေးအေးဆေးဆေး ဖြေပါတယ်၊ YES I WALK ရဲကမရှင်းလို့ ထပ်ထပ်ပြီးတော့ မေး၊ သူကလည်း
အဲအတိုင်း ထပ်ဖြေပါတယ်၊ လေးငါးဆယ်ခါမကတော့ ရဲကစိတ်ပျက်ပြီး ဆိုင်ကယ် ဝေါကနဲ မောင်း
ထွက်သွားပါလေရော၊ မလေးရဲတွေဆိုတာ အဲဒီတုန်းက အဲလိုပါ၊ နောက်များတော့ ရပ်ကွက်တခုထဲ ကြာရှည်နေဖြစ်သွားကြတဲ့ သူတွေဆိုရင် ရဲတွေနဲ့က သောက်ဖော်သောက်ဖက် သူ့သတင်းကိုယ်ယူ
ကိုယ့်သတင်းသူ့ပေး ပုလင်းတူ ဗူးဆို့ ဖြစ်သွားကြသူတွေလည်း အများကြီးပါ။


တိမ်တိုက်တွေကြားက ခေတ်သစ်ကေအယ်လ်                                               (Photo KKSD)
အဲဒီခေတ်ကအဲလိုမျိုးပါ၊ ပျော်စရာတွေကို ရသလိုကြံဖန်ရှာ ပျော်ခဲ့ကြရတာပါ၊ ကြုံးရုန်းလုပ် ပိုက်ဆံ အတင်းစု ရွာပြန်မိန်းမယူကြသူများလည်း တွေ့ခဲ့သလို မောင်ရင်ငတေတို့လို ဘဝကို ရေစုန်ရေဆန် မျှောပါရင်း တရွာပြောင်းသွားသူများလည်း ရှိခဲ့ပါတယ်၊ မလေးမှာ အစဉ်မပြေ မပျော်ကြလို့ ရွှေပြည် သို့ပြန်ကြ ရွှေပြည်မှာပျော်ကြပေမယ့် အစဉ်မပြေလို့ မလေးပြန်ရောက် အဲဒီလိုနဲ့ မလေးသံသရာမှာ သုံးလေးကြိမ် လည်နေကြသူများလည်း ရှိကြောင်းပါ။

မလေးမြေမှာ လေးငါးဆယ်နှစ်ကျော်ဆက်တိုက်နေပြီးတော့ အခွင့်အခါကောင်းတွေ စောင့်မျှော်ရင်း အမေရိကတို့ အော်စီတို့ကို ရောက်သွားကြသူများလည်း ရှိကြသလို တဝဲလည်လည် ကြုံသလိုရရာ အလုပ်တွေ လုပ်နေကြရရင်း ဘဝပျက်အစပျောက်သွားကြသူတွေလည်း များစွာများစွာ ရှိခဲ့ပါတယ်၊ ဝင်လိုက်ထွက်လိုက် လူတွေပြောင်းလို့သွားသလို မလေးရောက် ဗမာရှမ်း ကရင်ကယား ကချင်ချင်း မွန်ရခိုင်တို့ရဲ့ မရိုးနိုင်တဲ့ တထောင့်တည ပုံပြင်သစ်တွေ ပြောင်းလဲလာနေတာတော့ အခုထိတိုင်ပါ။

** ကျေးဇူးပြု၍ အပိုင်း (နှစ်) ဆက်ဖတ်ကြပါရန် ****

ရေးရင်းရေးရင်းနဲ့ ပေနည်းနည်းရှည်သွားလို့ ဒုတိယပိုင်း ဆက်ရေးပါမယ်၊ သည်းခံဖတ်ပေးကြပါရန်။

မောင်ရင်ငတေ ၂၇၁၀၂၀၁၄
http://moemaka.com/archives/40544     အောက်တိုဘာ ၂၉၊ ၂၀၁၄

Aucun commentaire:

Enregistrer un commentaire