Libellés

mardi 29 août 2017

** * ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း
ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)


တခါတုန်းက ဆိုးခဲ့တယ် ဆိုးလ်း                                                          (Photo AKT, YNG)

တကယ်ကို လွမ်းပါတယ်၊ ဘဝမှာ ခပ်ဆိုးဆိုးနေခဲ့တာ များပါတယ်၊ ဒါပေမယ့် ဆိုးလ်မြို့မှာ နေခဲ့တဲ့ 
လေးနှစ်တာမျှ အချိန်တွေဟာ အဆိုးဆုံးကာလတွေ ဖြစ်ခဲ့တာမို့ ခပ်ဆိုးဆိုး ဆိုးခဲ့တဲ့ ဆိုးလ်ဟုသာ 
ခေါင်းစဉ်တပ်မိရင်း “ဆိုးလ်သို့အလွမ်းတွေ”ကို ဆိုးလ်သို့အလွမ်းပြေအဖြစ် ရေးသားလိုက်ရကြောင်းပါ၊ 
မောင်ရင်ငတေ့ရေးနေကျ ထုံးစံအတိုင်းထက် ဆိုးမှာမို့လို့ ဆောင်ရန်ကိစ္စမျိုးတွေ များများစားစား ပါဝင်မှ 
မဟုတ်ကြောင်း ရှောင်ရန်များကိုသာ ရေးသားမှာ ဖြစ်ကြောင်းပါ။

ဆိုးလ်မြို့တော်သို့ ရောက်ရှိသွားတဲ့အချိန်က ၁၉၉၃ ခုနှစ် မတ်လကုန် မောင်ရင်ငတေ့မွေးနေ့အပြီး 
မှာလား မွေးနေ့မတိုင်ခင်မှာလား ရက်တရက်မှာပါ၊ အသေအချာတော့ မမှတ်မိတော့ပါဘူး၊ စာရွက် 
စာတမ်းတွေမှတ်တမ်းတွေကို ပြန်လှန်ကြည့်ရင်တော့ အတိအကျ သိနိုင်ပါမယ်၊ ဒါပေမယ့် ဘာမဆို 
မတိမကျ မရေမရာသမား မောင်ရင်ငတေမို့လို့ ဒါက ဒီလောက်အရေးမကြီးလို့ ပြန်မရှာဖြစ်ပါဘူး။

ဒီကနေ့နာမည်ကြီးနေတဲ့ ကိုရီးယား တယ်လီဗေးရှင်းဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားတွေထဲက
မင်းသားမင်းသမီး နုနုဖတ်ဖတ် ချောတောပေါတောလေးတွေ နေထိုင်ကြရာ ဆိုးလ်မြို့တော်ကြီးကို
မောင်ရင်ငတေ မမျှော်လင့်ပါဘဲနဲ့ ရောက်ရှိသွားတာဖြစ်သလို မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး
ရောက်ရှိသွားတာလည်း မဟုတ်ရပါဘူး။

ဘီကေကေမှာ သင်္ဘောတက်မလိုလို ဂျပန်သွားဖို့ ကြံစည်နေသလိုလိုနဲ့ မလေးရှားကိုပဲ ပြန်သွားရင် 
ကောင်းမလိုလိုနဲ့ ကြုံရာကျဘမ်း လိုလို လိုလိုဖြစ်နေတဲ့ မောင်ရင်ငတေ့ကို ကံကြမ္မာကြီးက တောင် 
ကိုရီးယားနိုင်ငံတော်နဲ့ ဆုံဆည်းပေးလိုက်တာပါ၊ တပတ် ဆယ်ရက်အတွင်း ဆုံးဖြတ်ချက်ချ ပိုက်ဆံ
ရှာပြီး (ခပ်ဝေးဝေး မဟုတ်ပါဘူး၊ မောင်ရင်ငတေ့ ဖားသားကြီးဆီကပါ၊) ရောက်သွားခဲ့တာပါ။

အဲဒီလိုနဲ့ ဒုတိယမြောက် ပတ်စ်ပို့စ် စာအုပ်နီနီရယ် သင်္ဘောတက်ဖို့ အတုလုပ်ထားတဲ့ စီဒီစီ စာအုပ် 
လေးကိုကိုင်လို့ သင်္ဘော ဂျွိုင်းမယ်ဆိုပြီး ဘီကေကေ  ဒွန်းမောင်းလေဆိပ်ကနေ ကင်ပို နိုင်ငံတကာ 
လေဆိပ်ဆီသို့ ကိုရီးယားအဲယားလိုင်းက အပြာရောင် ဂျမ်ဘိုဂျက်ကြီးစီးလို့ လေယာဉ်ခရီး နှင်ခဲ့ရပါ 
တော့တယ်၊ ဒုတိယမိ တရားမဝင် နိုင်ငံခြားသား အလုပ်သမားဘဝ ခံယူဖို့ပေါ့။



ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ်                          (Photo AKT, YNG)

ဒွန်းမောင်း လေဆိပ်ကနေ ဆိုးလ်ကို လေယာဉ်စီးချိန်က ခြောက်နာရီသာသာပါ၊ 
ကင်ပိုလေဆိပ်ကို ရောက်တော့ လ.ဝ.က ကကြီးမမ ဖြူဖြူချောချောသေးသေးလေး 
တယောက်က မောင်ရင်ငတေ့ကို သေချာကြည့်ပါတယ်၊ 

ကိုယ်ရွှေကိုယ်မျိုးတွေကို သိပ်တွေ့ဖူးဟန်မတူပါဘူး၊ နောက်ဘာလာလုပ်လဲ၊
ဘယ်ကိုသွားမှာလဲ မေးပါတယ်၊ သိပ်စကားကြောတော့မရှည်ပါဘူး၊ မောင်ရင်ငတေလည်း 
အိပ်ရေးပျက်နေတဲ့ကြားက စီဒီစီအတုလေးကို ထုတ်ပြ၊ သင်္ဘော အပွိုင့်မန့်အတုကို ထုတ်ပြ
လိုက်ရင်းကနေ ပူဆန်ကို သင်္ဘောသွားတက်မှာဖြစ်ကြောင်း ငါ့ရဲ့ ဧဂျင့် အပြင်မှာ စောင့်နေမယ်ဖြစ်ကြောင်း
 ပြောပြလိုက်တော့ အိုကေ အိုကေဆိုပြီး အဝင်တုံးကို ဒုန်းဆိုထု သွားခိုင်းပါတော့တယ်။


အဲဒီတုန်းက အင်ချွန်လေဆိပ်သစ်က ဆောက်ဖို့တာဆူနေဆဲသာမို့ Kimpo International Airport 
ကင်ပိုလေဆိပ်ကသာ ကိုရီးယား နံပတ်ဝမ်း လေဆိပ်ကြီးပါ၊ မောင်ရင်ငတေရဲ့ အပြန်ခရီး အချိန်ထိ 
ကင်ပိုလေဆိပ်သာ ရှိသေးလို့ ကင်ပိုကသာ ပြန်ထွက်လာခဲ့သူပါ၊ အဲဒီ Kimpo ကင်ပိုကို Gimpo 
လို့ ပြောင်းလဲ မခေါ်သေးပါဘူး၊ ကိုရီးယားတွေထွက်တဲ့ အသံကလည်း ကင်ပို လို့သာ ထင်မိပါတယ်။




ဒီကနေ့ ဆိုးလ် Today SEOUL 2017                                                       (Photo Google)

မောင်ရင်ငတေတို့ရောက်ရှိခဲ့ချိန် ဆိုးလ်ဟာ ကြီးထွားခါစ အာရှတိုက်ဂါးပျိုကြီးတကောင်ရဲ့ 
ဦးခေါင်း ကြီးပေါ့၊ ရောက်ရှိခဲ့ဖူးတဲ့ ဘီကေကေတို့ ကေအယ်လ်တို့ထက် အစစ သာတယ်လို့ 
ပြောလို့ရမှာပေါ့၊ ဒါပေမယ့် ဒီကနေ့ ၂၀၁၇ ခုနှစ်ရဲ့ ဆိုးလ်နဲ့ကတော့ အတော်ကြီး ကွာခြားလှပါသေးတယ်။

ဆိုးလ်မြို့လယ်မှာ ကားလမ်းကောင်းကောင်းတွေမေထရိုတွေတော့ ရှိနေပါပြီ၊ များများစားစားတော့ 
မရှိသေးပါဘူး၊ ဆိုးလ်ရဲ့ပထမဦးည နားခိုရမယ့်နေရာ ရောက်ခါနီးမှာတော့ လမ်းတွေကတော့ မဆိုး 
လှပေမယ့် ဖြစ်သလိုကာ ဖြစ်သလိုမိုးထားတဲ့ အလုပ်ရုံတွေလား တန်းလျှားတွေလားမသိ တွေ့ရှိရပါတယ်၊ 
မြို့ပြသဏ္ဍာန် ဆိုင်တွေကနားတွေ ကားတွေလူတွေကိုလည်း ဘူးသီးငါးပေါင်းကြော် ရောင်စုံ ဆိုင်းဘုတ်
မျိုးစုံရဲ့အောက်မှာ ပျားပန်းခပ်မတတ် တွေ့ရှိလိုက်ရပါတယ်။

ဒီမြို့ ဒီမြေ ဒီရေ ဒီလေ ဒီလူတွေနဲ့ ဘယ်လောက်ထိ ရေစက် ဆုံလေမလဲ မောင်ရင်ငတေ မသိခဲ့ပါ။
အဲဒီလိုနဲ့ Kimp'o Kukche Konghang ကင်ပို လေဆိပ်ကနေ တည်းခိုရမယ့် ပူချွန်း မြို့လေးပေါ်က
ကိုစိုးရဲ့အိမ်ခန်းလေးကို ရောက်ခဲ့ပါပြီ၊ သူက သင်္ဘောသား အမှန်အကန်၊ ဆိုးလ်မှာ ခုန်ချပြီး နေနေ
တာ တနှစ်လောက်ရှိနေပြီထင်တယ်၊ 

သူအိမ်ခန်းလေးမှာ မောင်ရင်ငတေတို့လိုကောင်တွေ လေးငါး ဦးရှိတယ်၊ 
အဲဒီမှာ တညအိပ်ခဲ့ရသေးလား ညတွင်းချင်းလား မမှတ်မိတော့ပါဘူး၊ အလုပ်လုပ်ရမယ့်
စက်ရုံဆိုတာ ရောက်သွားတယ်၊ ဘီကေကေက အတူလာခဲ့တဲ့ ထွန်းဦးနဲ့အတူပေါ့၊ 

စက်ရုံဆိုတာက သုံးထပ်တိုက်တတိုက်ပါ၊ လူနေတိုက်ခန်း သဘောမျိုးသာပါ၊ 
အဲဒီစက်ရုံတိုက်ခန်းရဲ့ မြေအောက်မှာ  လူနေလို့ရရုံ ဖွဲ့ထားတဲ့ အခန်းမှာ နေရမယ်ပေါ့၊ 
မောင်ရင်ငတေတို့ထက် ရက်အနည်းငယ်မျှ စောပြီး ရောက်နှင့်နေသူ ချင်းတယောက်နဲ့ 
ရန်ကုန် ကျောက်တံတားသား တယောက်ရှိနှင့်နေတယ်။




ဆိုးလ်းရဲ့ ဆိုဂျူး                                                                                 (Photo Google)

ရောက်ရောက်ချင်းညနေမှာ ကိုရီးယားရဲ့ နာမည်ကျော်ဆိုဂျူးနဲ့ ပေါင်းသင်းရတော့တယ် ဆိုကြပါစို့၊
မြင်မြင်ချင်း နှစ်သက်မိ ရသလို ပြန်တော်မူတဲ့ အချိန်ထိ လက်တွဲ မဖြုတ်စတမ်းပေါ့၊ မောင်ရင်ငတေ
လည်း ဒီမလာခင် စိတ်မောလူမော ဖြစ်ခဲ့ရတဲ့ ဆယ်ရက်ကျော်ကာလ အတွင်းက သက်ပြင်းတွေကို
ဆိုဂျူးခပ်ပြင်းပြင်းမော့လို့ မေ့ထားလိုက်ပါပြီ၊ 

တွေ့ကြုံလာမယ့် အရာရာအားလုံးအတွက် အသင့်ပြင် တဲ့အနေနဲ့ ကိုရီးယားအားဆေး အလားပေါ့၊ 
အခန်းဖော် ရောက်နှင့်နေပြီးသား နှစ်ယောက်ကိုလည်း စကားပြောကြည့်လိုက်တော့ ပေါင်းလို့သင်းလို့ 
ဖြစ်နိုင်မှာမို့ စိတ်အေးသွားရပြီး ဆိုဂျူးလေး သောက် ကင်ချီဆိုတာကြီး တဖတ်နှစ်ဖတ်မြည်း 
အိပ်လို့ပျော်သွားတာ့ မိုးလင်းထိတိုင်အောင်ပါ။

အိပ်မက်ထဲမှာတော့ လာခဲ့စမ်း ကိုရီးယား ဆိုတာကြီးရေ့


စက်ရုံခေါင်မိုးပေါ်မှ ရှီဟွန်းရွာ မြင်ကွင်းဟောင်း                                        (Photo AKT, YNG)

နောက်တနေ့ မနက်မှတော့ အလုပ်ရှင်ရဲ့ မန်နေဂျာဆိုသူ ဖက်တီး ကိုရီးယန်းတယောက်နဲ့ 
တွေ့ရပါတယ်၊ ထိုသူမစ္စတာလီက သဘောကောင်းပုံ ရပါတယ်၊ မျက်မှန်နဲ့ ဝဝဖိုင့်ဖိုင့် ခပ်ပြုံးပြုံးရွှင်ရွှင်ပါ၊ 
သူ့ ပုံစံက ကိုရီးယန်းနဲ့ သိပ်မတူဘဲ တရုတ် မျက်နှာပေးပါ၊ အင်္ဂလိပ်လိုလည်း ပြောနိုင်ဆိုနိုင်သူပါ၊ 

သူနဲ့ လေပေးဖြောင့်ပြီး သူက မင်းအခု ညကအိပ်တဲ့အခန်းမှာ နေရမယ်၊ ဒါပေမယ့် အပေါ်ထပ်က 
စက်ရုံ (ပလပ်စတစ်အပိုင်းအစတွေ ထုတ်လုပ်တဲ့ အင်ဂျက်ရှင်စက် လေးငါးလုံးရှိတဲ့ စက်ရုံပိစိလေးသာပါ) 
အဲဒီမှာ မင်းမလုပ်ရဘူး ငါနဲ့လိုက်ခဲ့ ငါက ဟိုဘက်လမ်းမှာရှိတဲ့ စက်ရုံရဲ့မန်နေဂျာ၊ ပိုင်ရှင်အလုပ်ရှင်
ကတော့ တူတူကွ၊ ငါ ပြောပြီးပြီ သူဋ္ဌေးကို၊ မင်းတို့ နှစ်ယောက်စလုံး ငါ့ဆီမှာ လုပ်ရမယ်၊ 

အဲဒီတော့ မောင်ရင်ငတေလည်းစိတ်ထဲက ဖျတ်ကနဲဝမ်းသာသွားမိရတယ်၊ ဘာလို့ဆိုတော့ 
မောင်ရင်ငတေရဲ့ “ကေအယ်လ် ကလန်းမှ ကပါသို့” စာစုတွေမှာ ရေးခဲ့တဲ့ အတွေ့အကြုံတွေအရ 
နေရာသစ်တခုကို ရောက်ရင် လူဟောင်းတွေနောက်မှာ မရပ်တည်ပါနဲ့၊ 

အလိုလို နောက်လိုက်ဖြစ်သွားလိမ့်မယ် ဆိုတဲ့ ကိုယ်တိုင်ရေး သင်ရိုးညွှန်းတမ်းကို သတိယလိုက်မိလို့ပါ။
အဲဒါနဲ့ အဲစက်ရုံဆိုတာမှာရော ငါတို့ ကိုရွှေဗမာတွေ ရှိလားပေါ့၊ မေးလိုက်တယ်၊ ဖက်တီးက မရှိဘူး၊

အားလုံး ကကြီးတွေချည်း လုပ်နေကြတာ၊ အဖိုးကြီးတွေချည်းကွ၊ ဒါကြောင့် ငါက မင်းတို့ကို လိုချင်
နေတာလို့ ပြောပါတယ်၊ အဲတော့ မောင်ရင်ငတေကလည်း အိုကေကြိုက်ပြီ၊ ငါကလည်း ဒါမျိုးနေရာမှာမှ 
ဗိုလ် လုပ်ချင်တာ ဆိုပြီး ပြောလိုက်ပါတယ်၊ နောက်လူ တပမ်းရှုံးတာက သီအိုရီ တခုမှလား။

အဲဒီလို အဲဒီ မန်နေဂျာဖက်တီး မစ္စတာလီနဲ့ အပေါက်အလမ်း တည့်လာခဲ့တာ ပြန်တော်မူကာနီးနား 
အထိပေါ့၊ ပြန်တော့လည်း လေဆိပ်ထိ တကူးတကလိုက်ပို့ပေးခဲ့သူပါ၊ မောင်ရင်ငတေ ရွှေမြို့တော် 
ဆီကို ပြန်ရောက်ချိန်ထိ ဖုန်း သုံးလေးခါ ဆက်လာသေးပါတယ်၊ ဒီကနေ့ခေတ်လို မက်ဆင်ဂျာတွေ 
ဗိုက်ဘာတွေ မရှိသေးတော့ နောက်ပိုင်းမှာ အဆက်သွယ် ပြတ်သွားခဲ့ပါတယ်။


Siheung                                                                          (Photo Google)

ကကြီးမြေကိုများ တခါတခေါက်လောက် ပြန်နင်းဖြစ်မယ် ဆိုလာရင်တော့ ပြန်တွေ့ခွင့် 
ရချင်ပါသေး တယ်၊ ဂူဂဲလ်မြေပုံပေါ်မှာတော့ မောင်ရင်ငတေတို့ ကျင်လည်ကျက်စားဖူးခဲ့ကြရာ 
Siheung တို့ Eunhaeng-dong တို့ နယ်မြေတွေက လုံးဝ လုံးဝ လုံးဝ 
အသွင် ပြောင်းသွားခဲ့ပါပြီ၊ 

အရင်က မောင်ရင်ငတေတို့တတွေ ညကြီးသန်းခေါင် ရူးကြောင်မူးကြောင်သွားခဲ့ဖူးရာ 
မြေကြီးလမ်းလေးတွေ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပါပြီ၊ ဗဒင်သီချင်းတွေ သံသေးသံကြောင် 
အော်ခဲ့ကြဖူးရာ လမ်းဘေး အုတ်ခုံလေးတွေ မရှိနိုင်တော့ပါဘူး။


တိုက်ကြီးတွေတာကြီးတွေ အမြန်လမ်းမကြီးတွေ စက်ရုံ အလုပ်ရုံသစ်ကြီးတွေနဲ့ ခေတ်မီ ဖွင့်ဖြိုးတိုး
တက်သော ရှီဟွန်းမြို့တော်သစ်ကြီးဖြစ်၍ နေပါပြီ၊ မောင်ရင်ငတေတို့ လေးနှစ်တာနီးပါး ကျင်လည်
ခဲ့ရာ နေရာတွေကတော့ မှတ်မိနိုင်ဖွယ်ရာ တစက်မှ မရှိတော့ပါဘူး၊ အဲဒီတုန်းက မောင်ရင်ငတေတို့
နေထိုင်ခဲ့ရာနဲ့ ဘာမှ မဝေးကွာလှတဲ့ ရွှံ့ဗွက်တွေအတိနဲ့ ရှီဟွန်းမြစ်လေးနဲ့ ရှီဟွန်းပင်လယ်ကမ်းခြေ 
ဟာလည်း ဒီကနေ့မှာ တိုက်တွေတာတွေ တံတားတွေနဲ့ သာတောင့်သာယာ ရှိနေပါပြီ။


လုပ်ငန်းခွင်                                                                                   (Photo AKT, YNG)

အဲဒီလိုနဲ့ ရောက်ပြီး နောက်တနေ့မနက် မန်နေဂျာ ဖက်တီး အလုပ်ရုံလေးမှာ အလုပ်လုပ်လိုက်တာ 
ပြည်တော်ပြန်ခါနီး ခြောက်လလောက်အလိုလောက်ထိ လုပ်ဖြစ်ခဲ့ပါတယ်၊ မောင်ရင်ငတေ့ တသက် 
အလုပ်တခုကို အဲလောက်ထိ စွဲစွဲမြဲမြဲ မလုပ်ခဲ့ဖူးပါဘူး၊ အလုပ်လုပ်တာမှာ နာမည်ဆိုးနဲ့ ကျော်ကြား 
လှပါတဲ့ ကိုရီးယန်း လူကြမ်းတွေနဲ့ အဲဒီလောက် ခပ်ကြာကြာ အတူတူတွဲလို့ လုပ်ဖြစ်ခဲ့တာကတော့ 
မောင်ရင်ငတေ့ ရာဇဝင်မှာ ထူးခြားတဲ့ သမိုင်းတခုပါ။

တနေ့တာအလုပ်ချိန်ကတော့ ထုံးစံအတိုင်းပါ၊ ထိုင်းတို့မလေးရှားတို့လို များပြားလှပါတယ်၊ 
ဒီကနေ့ ပြင်သစ်ရောက် မောင်ရင်ငတေ့အတွက် ပြင်သစ်ရဲ့တပတ်တာ အလုပ်လုပ်တဲ့ အချိန်က 
၃၅ နာရီမျှ သာဆိုတော့ တပတ်ကို နာရီခြောက်ဆယ်လောက် တခါတလေ နာရီခြောက်ဆယ်ကျော် 
လုပ်ခဲ့ရပါ တဲ့ အလုပ်ချိန်ကိုတော့ ကောင်းလှပါတယ် မပြောချင်ပါဘူး၊ 

ဒါပေမယ့် သူ့အချိန်သူ့ကာလ သူ့အရပ် သူ့ဇာတ်မှာ သူနေရာနဲ့သူ ဆိုးတော့မဆိုးလှပါဘူးလို့ ပြောချင်ပါတယ်။

မဆိုးလှပါဘူးလို့ ပြောရတာကတော့ 
တစ်အချက် ရောက်ရောက်ချင်း အလုပ်တန်း ရခဲ့တာပါ၊ 
နှစ်က လုပ်ခလစာ မဆိုးတာပါ၊ 
သုံးအချက်က နေစရာ ပေးပါတယ်၊ ဒါပေမယ့်လည်း အဲဒီ နေစရာကတော့ မလေးမှာလည်း ပေးပါတယ်၊ 
လေးအချက် သာတာကတော့ ထမင်း သုံးနပ် ကျွေးခြင်းပါ၊ 
ငါးအချက် အသာဆုံးအချက်ကတော့ သူတို့ ကိုရီးယားလူမျိုးတွေနဲ့ လစာ တန်းတူနီးပါးပေးသလို 
နေဖို့ပေးတာ ကလည်း သိပ်မကွာလှတာမို့ လူတန်းစားသိပ်မခွဲခြားသလို စိတ်ကျေနပ်မိရခြင်းပါ၊ 
အဲဒီအချက်တွေ ကို နောက်ဆက်ရေးတဲ့အခါ ကြုံရင်ကြုံသလို ထည့်ရေးပါမယ်။

ခပ်သေးသေး စက်ရုံလေးတွေမို့လို့ အလုပ်ရုံလို့သာ ခေါ်ဖို့သင့်ပါတယ်၊ 
ဒီအလုပ်ရုံကလည်း သုံးထပ်တိုက်တလုံးပါ၊ ခေါင်မိုးမှာတော့ ပစ္စည်းဟောင်းတွေသာထားပြီး 
ဟာလာဟင်းလင်းပါ၊ အဲဒီ ခေါင်းမိုး ထပ်ပေါ် အလုပ်ကိစ္စရှိလို့ ရောက်တဲ့ခါတိုင်း လှမ်းမြင်တွေ့နေရတဲ့ 
တောင်ထိပ်ကိုငေးငေးပြီး လွမ်းရ တဲ့ အလွမ်းဖီလင်တွေက ခုအချိန်မှာတော့ သာမန် အမှတ်ရစရာ 
တွေသာပါ၊ မြေညီထပ်မှာကတော့ တခြား အလုပ်ရုံ တခုပါ၊ မောင်ရင်ငတေတို့ လုပ်ရမယ့် အလုပ်ရုံက 
အလယ်ထပ် တထပ်လုံးမှာပါ။

မန်နေဂျာဖက်တီး မစ္စတာလီက ရုံးခန်းထဲသို့ခေါ်သွားပြီး အသက် ၆၀ ခန့် ပိန်ပိန်ရှည်ရှည် သန်သန် မာမာ 
မျက်ခုံးမွှေးခပ်ထောင်ထောင်ကားကားနဲ့ ကိုရီးယန်းကြီးတယောက်ကို မိတ်ဆက်ပေးပါတယ်၊ 

အဲဒီ ဂျပန်ပုံစံ အဖိုးကြီးလည်း ပြုံးပြုံးပြုံးပြုံးနဲ့ပါ၊ သူကတော့ ဒီအလုပ်ရုံ မန်နေဂျာ ဖြစ်ကြောင်း၊ 
ငါက ကားတစင်းနဲ့ စက်ရုံအတွက် ပစ္စည်းတွေသယ်ပစ္စည်းတွေပို့ စာရွက်စာတမ်းကိစ္စတွေလုပ်ရတဲ့ 
ပြင်ပ ဆက်သွယ်ရေး တာဝန်ခံပေါ့ကွာ၊ အဲ မင်းနဲ့ အမြဲတွဲလုပ်ရမှာတော့ သူပေါ့လို့ မန်နေဂျာ အဖိုးကြီးကို 
မေးငေါ့ပြောပါတယ်၊ မန်နေဂျာအဖိုးကြီးကို ခုံဂျမ်းနင်ခေါ်လား မသိတော့ပါဘူး၊ မမှတ်မိတော့ပါဘူး၊ 
အဲဒီမှာ လေးနှစ်တာ နေခဲ့ပေမယ့် မောင်ရင်ငတေရဲ့ ကကြီးစာတတ်မြောက်မူက လေးတန်းအဆင့် မရှိခဲ့ပါ
ဘူး၊ မိုင်းနပ်စ် ဇီးရိုးအောက်မှာသာပါ။

အဖိုးကြီးက အလုပ်ခွင်ထဲ ခေါ်သွာပြီး လုပ်ဖော်ကိုင်ဘက် ဖြစ်လာမယ့်သူတွေနဲ့ မိတ်ဆက်၍ 
ပေးပါတယ်၊ သိပ်မများပါဘူး၊ လေးငါးယောက်မျှသာပါ၊ ကျားလေး မတစ် သာပါ၊ လူငယ်က 
တယောက်မှ မပါရှိပါဘူး၊ လေးဆယ်ကျော် ငါးဆယ်ပတ်လည်တွေပါ၊ 

အဲဒီချိန်တုန်းက မောင်ရင်ငတေ့အသက်က သူတို့ရဲ့ ထက်ဝက်လောက်သာ ငယ်ပေမယ့် 
သူတို့ ကကြီးတွေရဲ့ ဟန်ပန်သဏ္ဍာန်တွေက အိုစာလှတာကြောင့် မောင်ရင်ငတေတို့ကို 
လူငယ်ချာတိတ်တွေလိုဆက်ဆံခဲ့ပြီး လုပ်ငန်းခွင်ထဲမှာအလုပ်ကို ဘယ်လိုလုပ် ဘယ်လိုကိုင် 
သင်ကြားပေးခဲ့တာကလည်း ကျေးဇူးတင်စရာပါ။



Agabang Baby Walker                                                                      (Photo Google)

အလုပ်ခွင်ထဲမှာ ကြည့်လိုက်တဲ့အခါ Injection Molding Machine ခေါ် ပလတ်စတစ်အင်ဂျက်ရှင် 
စက်တွေလည်း မတွေ့ရှိရပါဘူး၊ အဲဒီ ခေတ်အခါက မောင်ရင်ငတေတို့လို တရားမဝင် နိုင်ငံခြားသား 
အလုပ်သမားတွေ အလုပ်ရလေ့ရှိတာက အဲဒီစက်တွေနဲ့ ပစ္စည်းထုတ်တဲ့ လုပ်ငန်းတွေ အများစုပါ၊ 

မလေးမှာတုန်းကလည်း အဲလိုအလုပ်တွေကိုသာ လုပ်ရလေ့ရှိခဲ့တာမို့ လုပ်ငန်းအတွေ့ကြုံ ရှိခဲ့တယ်
ဆိုနိုင်ပါတယ်၊ အဲဒါနဲ့ ဘာလုပ်ရမှာလဲ မေးတော့ အဖိုးကြီးက ပစ္စည်းတခု ထုတ်ပြပါတယ်။

ခလေးတွေ ခလယ်မှာ ဝင်ထိုင်တဲ့ ထိုင်ခုံလို ခုံတလုံးပါ၊ ဘီးတွေလည်း ပါပါတယ်၊ 
လမ်းမလျောက်တတ်ခင် ယက်ကန်ယက်ကန်နဲ့ လမ်းလျှောက်သလို သွားလို့ရပြီး အိမ်ခန်းတွင်း 
ခလေးထိမ်းတဲ့အခါ သုံးကြတဲ့အရာပါ၊ 

ဗမာလို ဘာခေါ်တယ် ဒီကနေ့ထိ မသိပါဘူး၊ အဖိုးကြီးက ရှင်းပြပါတယ်၊ 
အဲဒါက ငါတို့အလုပ်ရုံရဲ့ အဓိက တပ်ဆင်ထုတ်လုပ်နေတဲ့ပစ္စည်း၊ 
တနေ့ အခုရေ သုံးလေးရာထိ ထုတ်နေရ တယ်၊ 

အခု လောလောဆယ် အမှာစာတွေ ကျနေလို့ လူအင်အား လိုနေလို့ မင်းတို့ကို သုံးကြည့်မှာ ပြောပါတယ်၊ 
ခလေး တွန်းလှည်းတွေလည်း ငါတို့ ဟို အရင်က တပ်ဆင်တယ်၊ ခုတော့ တခြားရုံကို လွှဲထားတယ်
လို့လည်း ပြောပါတယ်။



Agabang Baby Walker                                                                  (Photo AKT, YNG)

အိုကေလို့ဆိုပြီး မောင်ရင်ငတေလည်း ကြည့်လိုက်တော့ ပင်ပေါင်ရိုက်တဲ့ ခုံလို ခုံခပ်ကြီးကြီးတခုကို 
လူလေးယောက်ငါးယောက်က ပတ်ချာလည်ဝိုင်းပြီး ဓါတ်ကြိုးတန်လန်း လျှပ်စစ်ဝက်အူလှည့်တွေနဲ့ 
ပလတ်စတစ် ပစ္စည်းတွေကို ဝက်အူစုပ် တပ်ဆင်နေကြတာကို တွေ့လိုက်ရပါတယ်၊ 

ဒေါင့် တနေရာမှာတော့ တဖြောင်းဖြောင်းနဲ့ သံရဗစ်တွေ တလစပ် ရိုက်နေတဲ့ ကိုရီးယန်းကြီး 
တယောက်ကို တွေ့ရပါတယ်၊ သူကတော့ မောင်ရင်ငတေတို့ကို စွေစောင်းစောင်း သဘောမကျ
တဲ့ပုံနဲ့ ကြည့်နေပါတယ်။

(အဲဒီစွေစောင်းစောင်း အဖိုးကြီးပုံကတော့ ဖလင်ချွေတာရတဲ့ခေတ်မှာမို့ မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး၊ 
အဲဒီ အဖိုးကြီးနေရာမှာ ဝင်ယူခဲ့တဲ့ မောင်ရင်ငတေနဲ့ မောင်ရင်ငတေရဲ့ချစ်တပည့်ကျော် အလုပ်သင် 
ကျောင်းသား ကိုရီးယန်း ချာတိတ်ပါ၊ နောက်ပေါက်ချာတိတ်တွေဟာ ရှေးကိုရီးယန်းတွေလို အလုပ် 
များများကြမ်းကြမ်း မလုပ်နိုင်ကြတော့တာကတော့ ဒီလိုကောင်မျိုးနဲ့တွဲလုပ်ကြည့်မှသာ ပိုသိသာလှ
ပါတယ်) ဒီလိုနဲ့ အဲဒီအလုပ်ကို လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့၊ 

တနေ့ ဘယ်နှနာရီ လုပ်ရမယ်တို့ လစာ တရက် ဘယ်လောက်ရမလဲတို့ မေးခွန်းတွေ မမေးဖြစ်ခဲ့တော့ပါ၊ 
လုပ်သာလုပ်ဟ နောင်ကိစ္စ နောင် ကြည့်ရှင်းတော့ဆိုပြီး စိတ်ထဲတွေးရင်းနဲ့သာ ခိုင်းသမျှကို 
လုပ်ပြရပါတော့တယ်။

ငြင်းပယ်ဖို့အားကလည်း မရှိနိုင်ဘူးလေ၊ ကိုရီးယားစကား နကန်းတလုံးမှ မတတ်သလို မနေ့ကမှ ဒီ
မြေကြီးကို နင်းမိခဲ့သူ မောင်ရင်ငတေ့အတွက် မလေးရှားအတွေ့အကြုံနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်
အခုအခြေနေက မိုးနဲ့မြေလို ကွာခြားနေပြီဆိုတာ နေ့တွင်းချင်း နည်းနည်းတော့ ရိပ်မိလိုက်ပါတယ်။

နောက်မှ သိရတာက အဲဒီပစ္စည်းတွေရဲ့ အမှာစာအော်ဒါအပ်တဲ့ Agabang & Company ဆိုတာက 
ခလေးအသုံးအဆောင်ပစ္စည်းတွေနဲ့ ကိုရီးယားနိုင်ငံတဝှမ်းမှာ အောင်မြင်မှုတွေရနေတဲ့ လုပ်ငန်းကြီး 
တခုဆိုတာပါ၊ ဒီကနေ့ထက်တိုင် ကိုရီးယားမှာ အောင်မြင်စွာ တည်ရှိနေဆဲပါ၊ ပြင်သစ်ဈေးကွက်မှာလည်း 
ဒီကနေ့ သူ့ပစ္စည်းတွေ ရောက်ရှိနေပါတယ်တဲ့၊ ဒါကြောင့် လုပ်ခလစာ ခိုင်ခဲ့တာကိုး။


Korean Delivery Aluminum Box                                                          (Photo Google)

နေ့လည် ထမင်းစားနားချိန်ရောက်တော့ ဆိုင်ကယ်တစီးနဲ့ ထမင်းချိုင်ပို့တဲ့ ကကြီးကောင်တကောင်
ပြူးပြူးပြာပြာနဲ့ ရောက်လာပါတယ်၊ မန်နေဂျာအဖိုးကြီးက ပြုံးပြီး ကဲကဲကဲ နားကြရအောင် စားကြ
ရအောင်လို့ပြောရင်း စက်တွေပိတ် ထမင်းစားဖို့ နေရာရှင်း စက္ကူကဒ်ပြားတွေခင်း ဝိုင်းထိုင်လိုက်
ကြပါတယ်၊ 

အဖိုးကြီးက မောင်ရင်ငတေ့ကို တဆက်တည်းရှင်းပြတာက ငါတို့ကကြီးမှာ အလုပ်ထုံးစံအရ
အလုပ်ရှင်က အလုပ်သမားအတွက် ထမင်းသုံးနပ်ကျွေးဖို့ပါ တာဝန်ယူရတာ ထုံးစံကွ စားကြစားကြ
ပြောပါတယ်။ သူလည်း သမံတလင်းမှာ ခင်းထားတဲ့ ကဒ်ပြားပေါ်ထိုင်ရင်း အားပါးတရ စားပါတယ်၊ 

မောင်ရင်ငတေလည်း မနေ့ညက ဆိုဂျူးသောက်ပြီး ဘာတခုမှ ဟုတ်တိပတ်တိ  မစားထားခဲ့တော့ 
အူဟောင်းလောင်းက တဂျုတ်ဂျုတ်နဲ့ မြည်လာပါတယ်၊ ဘာတွေများပါသလဲဆိုပြီးကြည့်လိုက်တော့ 
ထမင်းတော့ ပါပါတယ်၊ ထိုင်းဆန်လို ခပ်စီးစီးဆန်ပါ၊ နာမည်ကြီး ချဉ်ဖတ်ရယ် ငါးရံ့ခေါင်းတို ခေါ်မလား
မသိ ငါး ခပ်ခြောက်ခြောက်ကို အရောင်တင်မှုန့်တွေရောပြီး နယ်ထားတာရယ် အရည်သောက် 
ဟင်းတမျိုးရယ် တွေ့ရပါတယ်။

သူတို့ တတွေကတော့ စကားမပြော ဆာဆာနဲ့ ခေါင်းမဖော်စတမ်း အားပါးတရ လွေးနေကြပေမယ့် 
မောင်ရင်ငတေတို့ နှစ်ယောက်ကတော့ တယောက်နဲ့တယောက် မေးငေါ့လို့ပြရင်း တို့ဂဏန်း 
ဆိတ်ဂဏန်းသာ စားနိုင်ကြတာကို မှတ်မိပါသေးတယ်၊ 

ဒါပေမယ့် ထမင်းတလုံးနဲ့ ချဉ်စုတ်စုတ် သခွားသီး မုန်လာ ဂေါ်ဖီ ကင်ချီ ဆိုတာကြီးတွေကို 
ငတ်သလောက်သာ နယ်ဖတ် စားလိုက်ပေမယ့် ထမင်းတ လုံးတော့ ကုန်သွားပါလေရဲ့၊ 
ကကြီးချဉ်ဖတ် ထမင်းနယ် အရသာကို နဖူးတွေ့ ဒူးတွေ ရင်ဆိုင်လိုက် ရပြီး စိတ်ထဲမှာတော့ 
ဒါကြီးနဲ့ လွတ်အောင် ရှောင်မှ ဖြစ်မယ်လို့ စိတ်ကူးနေမိပါတယ်။


လုပ်ငန်းခွင်                                                      (Photo AKT, YNG)

မနက် ရှစ်နာရီက စလုပ်လိုက်တဲ့ အလုပ်ဟာ ညနေခွန်နှစ်နာရီမှာ သိမ်းပါတော့တယ်၊ 
မသိမ်းခင်မှာ ဖက်တီးပြန်ရောက်လာပြီး အိုကေလားမေးပြီး ညအိပ်ရမယ့် အလုပ်ရုံဘက်ကို 
သူ့ကားနဲ့ ပြန်လာကြ ပါတယ်၊ အလုပ်အကြောင်းတွေလည်း ရှင်းပြနေတာ တတွတ်တွတ်နဲ့ပေါ့၊ 

ငါတို့သူဌေးလင်မယားက သဘောကောင်းကြောင်း ပညာတတ်ဖြစ်ကြောင်း အခုငါတို့အလုပ်ရုံကို 
ပစ္စည်းအော်ဒါမှာ ထုတ်လုပ် ခိုင်းတဲ့ အလုပ်ကုမ္ပဏီက ကကြီးပြည်မှာ နာမည်ကြီးကြောင်း Agabang 
အမည်ရကြောင်း လုပ်ငန်း ခိုင်ခန့်ကြောင်း လစာပေးမှန်ကန်ကြောင်း မင်းတို့ကြိုးကြိုးစားစားလုပ်ရင် 
ငါရုံးချုပ်အထိ ပြောပေးမှာ ဖြစ်ကြောင်း တော်တော်များများ ပြောပါတယ်။

မနက်ဖန် စနေည အလုပ်ပြီးရင် ဒီဘက် အင်ဂျက်ရှင် စက်ရုံနဲ့ ငါတို့စက်ရုံပေါင်းပြီး မင်းတို့ကို ပွဲလုပ် 
ပေးမယ်ဖြစ်ကြောင်း အစုံပါ၊ မောင်ရင်ငတေကတော့ ပင်ပန်းနေပြီဖြစ်လို့ အင်းအဲ လုပ်ရင်း ဈေးဆိုင် 
တဆိုင် ဝင်ချင်တယ်၊ ဒီည ငါသောက်စရာ မရှိဘူး ပြောလိုက်တော့ ကုန်စုံဆိုင်တဆိုင်ကိုဝင်ပြီး သူပဲ 
စကားပြန် လုပ်ပေးရင်း ပိုက်ဆံကျသမျှ ရှင်းသွားခဲ့ပါတယ်၊ မောင်ရင်ငတေ့ရဲ့ စိတ်ထဲမှာတော့ ဒီဘဲကြီး 
မဆိုးလှပါလားပေါ့၊ ကိုယ့် အရက်ဖိုး ရှင်းပေးသွားတာကိုး၊ 

ညစာစားကြတဲ့ ထမင်းဆိုင်မှာတော့ ကကြီးကောင်တွေစားရင်း 
ဆိုဂျူးကိုယ်စီသောက် ရီဝေဝေအိမ်အပြန်လမ်းမှာ ယိမ်းကိုယ်စီကလို့ပေါ့၊

မောင်ရင်ငတေ့ မြေအောက်နန်းတော်ရောက်တော့ တနေကုန် ပင်ပန်းထားမှုတွေက ဆိုဂျူးအရှိန်နဲ့
အချိုးကျကျပေါင်းစပ်ပြီး တချိုးတည်း အိပ်ပျော်သွားလိုက်တာ မောင်ရင်ငတေရဲ့ အိပ်မက်နတ်သမီး
အကြောင်းတောင် အိပ်မက်မမက်နိုင်တော့ပါဘူး၊ ကကြီးပြည်ရဲ့ ဘဝအစ ညတညပေါ့။


လမ်းကြားလေးထဲကထမင်းဆိုင် အမှတ်တယ                                             (Photo Google)

အလုပ်သမားတိုင်းကို ထမင်းသုံးနပ်ကျွေးတဲ့စနစ်ကတော့ ဘယ်အရပ်မှာမှ မကြားဘူးခဲ့တဲ့ အရာပါ၊ 
အလုပ်လုပ်တဲ့ရက်မှ ကျွေးတာ မဟုတ်ပါဘူး၊ အလုပ်ပိတ်ရက် ထမင်းဆိုင်မပိတ်ရင် သွားစားလို့ရပါတယ်၊ 
ဆိုင်ပိတ်တယ် ဆိုရင်လည်း မောင်ရင်ငတေကတော့ အနည်းဆုံး ထမင်းတလုံးတော့ အိမ်ကို ‘မ’ လာရ
တာပေါ့၊ မ ‘မ’ လို့လည်း မရဘူးလေ၊ ရောက်ခါစဆိုတော့ ဘာမှ အဆင်သင့် မရှိဘူးလေ။

မနက်အစောကြီးမှာ လုပ်ငန်းခွင် မဝင်ခင် ထမင်းဆိုင်ကို ရောက်ရှိလာကြပါပြီ၊ ကန်တင်းလို ဆိုင်မျိုး 
မဟုတ်ပါဘူး၊ မောင်ရင်ငတေတို့စားခဲ့ရတဲ့ ထမင်းဆိုင်က ကိုရီးယန်းမြေးအဖွားနှစ်ဦး ဦးစီးရောင်းတဲ့ ဆိုင်ပါ၊

အိမ်ဆိုင် သဘောမျိုးသာပါ၊ မောင်ရင်ငတေတို့ စက်ရုံနှစ်ရုံရှိတဲ့ လမ်းကြားထဲမှာပဲ တည်ရှိပါ တယ်၊ 
လာစားကြတဲ့သူတွေက မောင်ရင်ငတေတို့ အလုပ်ရုံ ရပ်ကွက်ထဲမှာ အလုပ် လုပ်ကြသူတွေ ပါ၊ 
လေးငါးခြောက်ရုံက လူနှစ်ဆယ်ကျော်သုံးဆယ်လောက် လာစားလေ့ ရှိပါတယ်၊ နေ့လည်စာကတော့ 
စားသောက်ဆိုင်တဆိုင်က လာပို့တာပါ၊ ခေါက်ဆွဲကျော်လို ခေါက်ဆွဲပြုတ်လိုမျိုးတွေပါ။

မနက်စာနဲ့ ညစာကတော့ အဲဒီ လမ်းကြားလေးထဲက ဆိုင်မှာ သွားစားရပါတယ်၊ 
ကျွေးတာကတော့ သူတို့ရဲ့ပင်တိုင်မပါမဖြစ် ကင်ချီခေါ်ချဉ်ဖတ်ကြီးတွေသာပါ၊ 
အမျိုးကွဲချဉ်ဖတ် ထောင်ချီရှိပါတယ်တဲ့၊ အဲဒီ ထောင်ချီရှိတဲ့ ချဉ်ဖတ်တွေကို သူတို့တွေကတော့ 
နေ့စဉ်လို နှစ်ချိုက်စွာ စားသုံးနေကြပေမယ့် မောင်ရင်ငတေတို့ကတော့ မနည်းကို မျိုချနေရတာပါ။

ပထမ လပိုင်းတွေမှာတော့ အခြေ မခိုင်သေးလို့ အောင့်အီးသည်းခံ စားနေတာကို ကကြီးမကြီးရော
သူ့မြေးမချောချောလေးရော တဖြေးဖြေး သဘောပေါက်လာပုံရပါတယ်၊ ခက်တာက စကားမပေါက်
တာပါ၊ မောင်ရင်ငတေရဲ့ မီးကျိုးမောင်းပျက်အင်ဒီးယန်းဘိလပ်စကားကို သူတို့မြေးအဖွားကလည်း  
တလုံးမှ နားလည်ဟန် မရှိပါဘူး၊ 

ဒါပေမယ့် သဘောကောင်းကြင်နာသူများဖြစ်တော့ နောက်ပိုင်းမှာ ရင်းနှီးလာပြီး ဂရုတစိုက် 
စားချင်တာယူစားဆိုပြီး မီးဖိုထဲ ခေါ်ကျွေးပါတယ်၊ အဲဒီဆိုင်လေးမှာ ပုံမှန်ရှိ တာက မောင်ရင်ငတေတို့ 
ရွှေပြည်ကြီးမှာ မြောင်းထဲမှာတောင် ဖမ်းလို့ရရှိနိုင်ပါတဲ့ ငါးရံ့ခေါင်းတိုလို လူသိပ်မစားတဲ့ ငါးမျိုးတွေကို 
ဆီမပါ ပြားမပါ ငရုတ်သီး အရောင်တင်မှုန့်နဲ့ လှိမ့်ချက်ထားတာမျိုးပါ။

မောင်ရင်ငတေ့အတွက် အာအတွေ့ခဲ့ဆုံး ဟင်းကတော့ ကြက်ဥကြော်သာပါ၊ 
ကကြီးမလေးကတော့ မောင်ရင်ငတေ့အတွက် စပယ်ရှယ် ကြက်ဥ ဟာ့ဖ်ဖရိုင်းကြော်ကို 
ပုံမှန်တလုံးကနေ မောင်ရင်ငတေ နေ့စဉ် ဒါချည်း လှိမ့်လွေးနေတာ သတိထားမိသွားတော့ 
နှစ်လုံးသုံးလုံးကြော် ကျွေးပါတော့တယ်။

အဲဒီဆိုင်လေးမှာ တညနေခင်းပေါ့၊ နောက်တနေ့ အလုပ်ပိတ်ရက်ဖြစ်လို့ သောက်ပွဲလုပ်ကြပါတယ်၊
အဲဒါနဲ့ မောင်ရင်ငတေလည်း အခွင့်ရတာနဲ့ မီးဖိုထဲဝင်ပြီး ဗမာ့လက်စွမ်ကို ပြခွင့် ရခဲ့ပါတယ်၊ 
ထူးထူး ခြားခြားတော့ မဟုတ်ရပါဘူး၊ ကြက်ဥသီးစုံ မွှေကြော်ပါ၊ ကြက်ဥ ဆယ်လုံးလောက်ကို 
မွှေခေါက်ပြီး ရှိတဲ့ ဂေါ်ဖီ မုန်လာ ခရမ်းချဉ် နံနံပင် ပင်စိမ်းရွက် ငရုတ်သီးစိမ်းတွေနဲ့ ကိုရွှေဘကုန်း 
တယောက်ဆီက တောင်းတောင်းပန်ပန်နဲ့ရထားတဲ့ မဆလာရယ် ငံပြာရည်ရယ် ရောသမမွှေပြီး 
ကြော်ကျွေးလိုက်တာ နောက်ပိုင်းမှာ တောင်းဆိုမှုများတဲ့ ပင်တိုင်အမြည်း ဖြစ်လာခဲ့ပါတော့တယ်။



Siheung                                                                          (Photo Google)

အဲသလို ဆိုးလ်ရဲ့ အစပထမရက်များဟာ မနက်ကြီးရှစ်နာရီ အလုပ်ဆင်း ညခွန်နှနာရီ အလုပ်သိမ်း 
ကျော်ဖြတ်လာခဲ့တာ ရက်ပေါင်းတရာကျော် ရှိလာပါပြီ၊ အနားပတ်ဝန်းကျင် အလုပ်ရုံတွေကို ကိုရွှေဗမာတွေ 
ထပ်ရောက်လာသလို ကိုရွှေဗမာတွေ မဟုတ်သော်ညားလည်း ရွှေစကား တချို့တတ်တဲ့ နားလည်တဲ့ 
ကိုရွှေဘကုန်းတွေနဲ့ သိကျွမ်းလာခဲ့ပါပြီ၊ သူတို့တွေအကြောင်း ကြုံရင် ကြုံသလို အဆိုး အကောင်း 
ရေးချင်မိပါသေးတယ်။

မောင်ရင်ငတေရဲ့ ညီတော် သုံးယောက်ကိုလည်း ကိုရီးယားလာဖို့ စီစဉ်ပေးနိုင်ခဲ့လို့ ရောက်ရှိလာပြီး 
မောင်ရင်ငတေရဲ့ အလုပ်ထဲမှာပဲ လုပ်ခွင့်ရခဲ့ကြလို့ အတူလုပ်နေကြပါပြီ၊ အဲဒီလို ကိုးဆယ့်သုံးခုနှစ် 
ဆောင်းဦး ဆောင်းရာသီ ဆီးနှင်းဖြူဖြူတွေ တဖွဲဖွဲ တသဲသဲ ကျလာနေချိန်မှာတော့ မောင်ရင်ငတေ 
ဆိုတဲ့ကောင်လည်း ကကြီးပါး တော်တော်ဝလာပါပြီ၊ ကကြီးအထာနဲ့ အတော်အသားကျလာပါပြီ။

သူတို့ တတ်တာထက် ပိုတတ်၊ သူတို့ လုပ်တာထက် ပိုလုပ်၊
သူတို့ စားတာထက် ပိုစား၊ သူတို့ သောက်တာထက် ပိုသောက်၊
သူတို့ ကြမ်းတာထက် ပိုကြမ်း၊ သူတို့ ရိုင်းတာထက် ပိုရိုင်း၊ သူတို့ ယဉ်တာထက် ပိုယဉ့့် 

့ 
့  ပြလာနိုင်ပါပြီ။


Siheung                                           (Photo Google)

ကကြီးတွေဟာ ခွေးသားစားတယ်လို့ နာမည်ကြီးပါတယ်၊ တကယ်လည်း စားကြပါတယ်၊ 
အမြဲတမ်း စားကြတာတော့ မဟုတ်ပါဘူး၊ ကာလသားဟင်း ချက်စားတဲ့ပုံစံ လူငယ်တွေ စုဝေးလို့ 
အပျော်ချက် ချက်စားကြတာမျိုးပါ၊ မောင်ရင်ငတေတော့ ဆိုင်မှာ သူတို့ စားကြတာ မျက်မြင် မတွေ့ခဲ့ဖူးပါဘူး။

ဒါပေမယ့် မြည်းစမ်းစားခွင့် ကြုံခဲ့ဖူးပါတယ်၊ နယူးရီးယား ရက်တရက်မှာ ထင်ပါတယ်၊ နောက်တနေ့ 
အလုပ်ပိတ်ရက် ဖြစ်တာရယ် ခွင့်ယူသူများတဲ့ အလုပ်ပါးရက် ဖြစ်တာရယ် စုပေါင်းပြီး စားသောက်ပွဲ 
တော်ကြီးတခု ကျင့်ပကြပါတယ်၊ မောင်ရင်ငတေတို့နေတဲ့ အလုပ်ရုံဝင်းထဲမှာ ကျင့်ပခဲ့ကြတာပါ။

ညနက်နက်မှာ ခြောက်ကပ်ကပ်အေးစက်စက် ကကြီးဆောင်းရဲ့ ခဲနေတဲ့ရေခဲပြင်ပေါ်က မီးဖိုနဘေး 
မိုးတိုးမတ်တတ်ဝိုင်းဖွဲ့ရင်း အစိမ်းရောင်ဆိုဂျူးပုလင်းတွေက အဖြူရောင်နှင်းတွေပေါ်မှာ အတုံးအရုံး 
လဲပြိုလို့ပေါ့၊ 

ကကြီးတွေက မင်းတို့စားလား စားဖူးလား မစားဖူး စားကြည့်ပါဆိုပြီး အတင်းကျွေးလာ ပါတယ်၊ 
အမှန်တကယ်က မောင်ရင်ငတေ ဖား မြွေ ကြွက် ယုန် မျောက် ဘယ်အသားကိုမှ မကြိုက် ပါဘူး၊ 
ပုရစ်တောင်မှ မကြိုက်သလို မစားတတ်ပါဘူး၊ ဒါပေမယ့် မောင်ရင်ငတေလည်း ဆိုဂျူးအရှိန် 
ရီဝေဝေနဲ့ ကကြီးရောက်တော့ ကကြီးကျင့်ကကြီးစား စားရတော့တာပေါ့၊ 

စားကောင်းသလားဆိုရင် ဆီပြန်စားတဲ့ မောင်ရင်ငတေ့အတွက် 
ကကြီးဟင်းတွေရဲ့ အရသာ ဘယ်ဟာမှ မကောင်းဘူးလို့သာ ပြောရပါမယ်၊ 

အဲဒီချိန် ပြင်းထန်လှတဲ့ ကိုရီးယား ဆောင်းနှင်းဒဏ်ကို ခံနိုင်ရည်ရှိအောင် စားကြတာ
ကြောင့် ခွေးသားရောင်းဝယ်ကြသူတွေကို ဆိုးလ်မြို့တော်နှံ့ လမ်းဘေးဈေးတွေမှာ အတော်များများ

တွေ့မြင်ရမှာ ဖြစ်ပါတယ်၊ သူ့အရပ် သူ့ဓလေ့နဲ့ သူ့ထုံးစံကို ဘယ်သူ ကဲ့ရဲ့ချင်လို့ ရပါမလဲ။


ရှီဟွန်းရွာလေးရဲ့ မရှိတော့ပြီဖြစ်သော လမ်းမများ                      (Photo Google)

အဲဒီနောက် လခလေးတွေမှန်မှန်ရ၊ ရင်းနှီးမြှုပ်နှံခဲ့တာလေးတွေကိုလည်း ပြန်ပို့ပေးအပြီး၊ 
လေးငါးလ ကြာလာတော့ ငွေလေးလည်း လက်ထဲမှာ ပိုလို့လျှံလာခဲ့ပြီ၊ အလုပ်ရုံမှာလည်း 
ကိုယ့်ခြေကိုယ့်လက် ဖြစ်လာပြီ၊ ရှေ့ကရှိနေတဲ့ ကကြီးဖိုးကြီးတွေလည်း ပင်စင် ယူသွားတာလား 
အလုပ်ပြောင်းသွားတာသလား ရွာပြန်သွားလေသလားမသိ၊ 

အလုပ်မှာ ကျွမ်းကျင်အဆင့်တစ် ဖြစ်လာခဲ့ပါပြီ၊ 
လစာလည်း တိုးရလာပါပြီ၊ မူလ ဝင်ဝင်ချင်း လစာက ဝမ် လေးသိန်းပါ၊ 
တဒေါ်လာ ဝမ် ရှစ်ရာ နီးပါး ပေါက်ဈေးရှိ တာဆိုတော့ ငါးရာကျော်ရတယ် ဆိုပါတော့၊ 
အိုဗာတိုင်လေး ဘာလေးနဲ့ဆိုရင် ခြောက်ရာသာသာ ခွန်နှစ်ရာလောက်ပေါ့၊ 

ခြောက်လလောက်အတွင်းမှာ ဒီလိုတည်မြဲတဲ့ အလုပ်ဆိုတာ မောင်ရင်ငတေ့
အသက်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ပါ၊ သုံးဆယ့်ခြောက်နှစ် ပြင်သစ်ရောက်လာခဲ့ပြီးနောက် 
ဒုတိယကြိမ် အလုပ်တခါ တည်မြဲခဲ့ဖူးတယ် ဆိုပေမယ့် အခြေအနေချင်းက မိုးနဲ့မြေ တခြားစီသာဆို ရမှာပါ၊

ပင်သစ်မှာက တရားဝင် နေပိုင်ခွင့် ရပိုင်ခွင့်တွေအရ ရရှိခဲ့ခြင်းသာဖြစ်ပြီး ကိုးရီးယားရောက် 
မောင်ရင်ငတေ တယောက်က တရားမဝင် နိုင်ငံခြားသား အလုပ်သမားသာပါ။

မလေးရှားတုန်းက ခြောက်လကျော်ခန့် အလုပ်ကောင်းတခု ရှာမရလို့ ရွာရိုးကိုးပေါက်ခြေတိုအောင် 
လျှောက်ခဲ့ရတဲ့ မောင်ရင်ငတေဟာ ဒီရှီဟွန်းရွာလေးရဲ့ Agabang အလုပ်ရုံလေးမှာ ရောက်ရောက်ချင်း 
မမြဲစဖူးမြဲခဲ့တာဟာ အံ့သြဖို့တော့ ကောင်းပါတယ်၊ ကကြီးတွေနဲ့ တော်တန်ရုံ အစဉ်မပြေကြဖူး
ကကြီးတွေ သိပ်ရိုင်းတယ်သာ အပြောများပါတယ်။

ကံကောင်းရင်သူများထက် ကောင်းတတ်တဲ့ မောင်ရင်ငတေ့အတွက် တသက်တာလုံး 
မတက်ဖူးတဲ့ ကံဇာတာ တက်ချိန်ဖြစ်နေခဲ့လား မသိပါဘူး၊ အလုပ်ရှင် သူဌေး လင်မယားတို့ကလည်း 
တက္ကသိုလ် ကျောင်းဆရာဟောင်းတွေဆိုတော့ ပညာတတ်သလို နူးညံ့သိမ်မွေ့ကြသူတွေမို့ 
(အဓိက အချက်က လူတန်းစား လူမျိုးရေး ဘာညာသာရကာ မခွဲခြားတတ်သူတွေမို့)
မောင်ရင်ငတေ ကံဇာတာ အရမ်း တက်နေသူ့ မောင်ရင်ငတေနဲ့ တိုက်တိုက်ဆိုင်ဆိုင် 
ဆုံတွေ့ခဲ့ရတယ်လို့သာ ဆိုရပါမယ်။


သုံးဆယ်ပြည့်မွေးနေ့ပွဲ                                                      (Photo AKT, YNG)

မောင်ရင်ငတေတို့ခေတ်က ကိုရီးယန်းတွေအများစုဟာ ဒီကနေ့ ရုပ်ရှင်ပိုစတာတွေထဲက 
ကိုရီးယန်း တွေလို ပျော့ပျော့ဖတ်ဖတ်ပုံစံ မဟုတ်ကြပါဘူး၊ အများအားဖြင့် ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းပါ၊ 
ဆိုဂျူ လည်း အသေအကျေ သောက်ကြသလို လောင်းကစားလည်း ဝါသနာ ပါကြသူတွေပါ။

ညဘက် အလုပ်လုပ်အပြီး မောင်ရင်ငတေတို့နဲ့အတူ ဆိုဂျူးကိုမှောက်အောင်သောက် ယိုင်ထိုးထိုးနဲ့
ရူးကြောင်မူးကြောင် အိမ်ပြန်သွားကြ့ ဒါပေမယ့် မနေ့ညက အမူးလက်ကျန်မရှိ ဟန်ဆောင်
ပြုံးဖြဲဖြဲ မျက်နှာတွေနဲ့ မနက်ခင်းကျ ရောက်လာကြ့ လုပ်ငန်းခွင်ထဲမှာရောက်တော့ အလုပ်ကို
တကယ့်ကို ထုံပေပေနဲ့ ရုန်းလုပ်နိုင်ကြပါပေတယ်။

မောင်ရင်ငတေနဲ့အတူ တစက်ရုံထဲလုပ်သူတွေ တခြားကကြီးတွေရဲ့ စရိုက်တွေက ဆင်ကြပါတယ်၊ 
အလုပ်လုပ်မယ် သောက်မယ်စားမယ် ပျော်မယ်ပါးမယ် လောင်းကစားမယ် စိတ်ရှိကြတဲ့ သူတွေပါ၊ 
အတော်လေးကိုလည်း အပင်ပန်းခံနိုင် ကြသူတွေပါ၊ တနေကုန် အလုပ်လုပ် မပင်ပန်းနိုင်ကြသူတွေပါ၊ 

တနေ့ ဆယ်နာရီမျှမက ဆယ့်သုံးလေးငါးနာရီ လုပ်နိုင်ကြပါလေတယ်၊ မောင်ရင်ငတေတို့ တနေ့ 
ဆယ်နာရီလောက်လုပ်ရရင် ဖလက်ပြနေပါပြီ၊ သူတို့တွေကတော့ ဒီလောက် လုပ်ထားရတာတောင်
မောဟန်မပြ ဘရိတ်တိုင်းမ်းလေး ဆယ့်ငါးမိနစ်နားချိန် ကဖေးလေး တခွက်သောက်ရင်းနဲ့ ကျားထိုး 
ချက်ထိုး ထိုးနေတတ်ကြသူတွေပါ၊ လူကြီးလူငယ်မရွေးပါ၊ 

နောက်ပိုင်းနှစ်တွေမှာတော့ ရွှေဗမာတွေ မောင်ရင်ငတေတို့ရဲ့မြေအောက်နန်းတော်လေးမှာ 
လူစုမိကြပါတယ်၊ လူစုမိတော့ ဖဲဝါသနာရှင်တွေ လည်း ပါလာတော့ ကိုးမီးဘူကြီးကနေ တွမ်တီဝမ်း 
နာက်တော့ ရှိုးကုန်ကြတာပေါ့၊ အဲဒီမှာ ကကြီး တွေလည်း ဘယ်နေပါ့မလဲ ပါလာတာပေါ့၊ 
ဝါသနာရှင်တွေကိုး၊ မောင်ရင်ငတေကတော့ တလစာမျှ လှူတန်းပူဇော်ပြီးနောက် အဲလောကက 
ထွက်ခွာလာခဲ့တာ ဒီကနေ့ထိတိုင်အောင်ပါ၊ မထွက်လည်း မွဲဖို့သာကိုး၊ မောင်ရင်ငတေလို 
ပိုက်ဆံရှာဖွေရေး လုပ်ငန်း မကျွမ်းသူနဲ့ ဒီလောက ဝေးမှ ဖြစ်မှာကိုး။


မန်နေဂျာဖက်တီးနှင့် အမှတ်တယ                                                       (Photo AKT, YNG)

သူတို့ ကကြီးတွေဟာ ပွဲလုပ်ရာမှာလည်း ဝါသနာရှင်တွေပါ၊ တကယ့်ကိုပါ၊ အလုပ်ရှင်တွေကလည်း
ပွဲလုပ်ပေးဖို့ကို ဝါသနာပါသူတွေပါ၊ အပတ်စဉ် စနေညနေတွေမှာ အနည်းဆုံးတော့ ပွဲခပ်သေးသေး 
တခုတော့ လုပ်ဖြစ်ကြပါတယ်၊ ကြားရက်များမှာလည်း အလုပ်ပြီးအိမ်မပြန်ခင် မောင်ရင်ငတေတို့ရဲ့ 
မြေအောက် နန်းတော်လေးမှာ တခွက်တဖလား လာမော့ပြီးမှ ပြန်တတ်ကြသူတွေပါ၊ အဲဒါတောင်မှ 
စက်ရုံနှစ်ရုံပေါင်း လူဆယ်ယောက်လောက် ရှိတာမို့ပါ။

အလုပ်ရုံရှင်တွေက ဘာကြောင့် လုပ်ပေးရလဲ၊ (အလုပ်သမား လိုအပ်နေတဲ့ ပြဿနာကြောင့်လည်း 
ဖြစ်နိုင်ပါတယ်၊ အဲဒီအချိန်က သူတို့မှာ အလုပ်သမား ဘယ်လောက်တောင်မှ လိုနေသလဲဆိုတာက
မောင်ရင်ငတေနဲ့ သိသမျှ လူတွေကို ဒီနေ့ပြော ဒီနေ့ အလုပ်သွင်း ပေးနိုင်ခဲ့ပါတယ်၊ 

စာရွက်စာတမ်း တွေ အာမခံတွေ ကျွမ်းကျင်မှုတွေ ဘာတွေညာတွေ နောက်မှာထား ဒီတရက် 
အလုပ်သမားရှိရင် ဒီ တရက်ထုတ်ကုန်ရှိမယ် ပေါ်လစီနဲ့ လုပ်ကိုင်နေရဆဲ အချိန်သာပါ၊) 
အဲဒါကြောင့် အလုပ်လုပ်သူတွေ စိတ်ချမ်းသာရေး အလုပ်ပြောင်းမသွားရေး မဲဆွယ်တဲ့အနေနဲ့ 
အလုပ်ရှင်များက စားပွဲတွေ တလစပ် လုပ်ပေးရင်း အလုပ်သမားစည်းရုံးရေးဆင်းကြတဲ့ 
သဘောတွေလည်းပါမှာ သေချာပါတယ်၊ 

ထူးခြား တာက ကံကောင်းလို့လားတော့ မသိပါဘူ့း့ မောင်ရင်ငတေနဲ့ တွေ့ခဲ့ရသူတွေ
ကတော့ ဟန်ဆောင် ဧည့်ခံမှု နည်းပါးခဲ့တယ် ဆိုတာပါ၊ ကိုရီးယန်းတွေရဲ့ အပျော်အပါး မက်မောမှု
ကလည်း မောင်ရင်ငတေနဲ့ ကီးကိုက်ခဲ့တာလည်း ပါမှာပေါ့လေ။

အဲဒီလိုနဲ့ အပတ်စဉ်တိုင်းလို အလုပ်ရှင် စရိတ်နဲ့ ပွဲတွေလုပ်လိုက် မန်နေဂျာတွေက လုပ်ပေးလိုက်နဲ့ 
မောင်ရင်ငတေတို့ အူစိုချိန်များခဲ့ရတာပေါ့လေ၊ သူတို့ဓလေ့က စားသောက်ပွဲပြီးရုံနဲ့ မရပ်သေးပါဘူး၊
ပွဲဆက်တွေ ရှိပါသေးတယ်၊ 

ဆိုင်ကြီးတဆိုင်မှာစားမယ်၊ 
နောက်ပြီး သူဌေးစရိတ်နဲ့ ကာရာအိုကေကို သွားမယ်၊ 
ဘိုလင်း သွားထိုးမယ်၊ ဘိလိယက်ခုံ ဆက်သွားမယ်၊ 
ပြီးရင် သန်းခေါင်ကျော် တချက်တီး နှစ်ချက်တီးမှာဖွင့်တဲ့ လမ်းဘေး 
ဆိုဂျူးဘားလေးတွေရဲ့ တာလဘတ်မိုးတွေအောက်မှာ မောနင်းထိ
ဆက်ပက်ချင် ပက်မယ်၊ တကယ့်ကို စိတ်ရှိတိုင်း လုပ်တတ်တဲ့ ကကြီးကောင်တွေပါ။

အဲဒီ တာလဘတ်အမိုးတွေအောက်မှာ အေးစက်နေတဲ့ ကကြီးဆောင်းကို အန်တုရင်း 
မောနင်းပက် ပက်ခဲ့ဖူးတဲ့ ဆိုးလ်မြို့တော်ဝန်းကျင်တဝိုက်က ဆိုဂျူးညများကို လွမ်းမိနေရင်း 
အတူရှိခဲ့ဖူးသူများကို သတိယမိရင့်း့


့ နှစ်ဆယ်ကျော်အလွမ်း စာစုမျာ့း့
့ ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်) ကို နိဂုံးချုပ်ပါတယ်။


ဆိုးလ်သို့အလွမ်း စာစု (နှစ်) ကို
ဆက်ရေးဖို့ အားဖြည့်ပါဦးမယ် ခင်ဗျား

ဆိုးချင်းများစွာဖြင့်
 ခပ်ဆိုးဆိုးကောင်
မောင်ရင်ငတေ ၂၉၀၈၂၀၁၇











Aucun commentaire:

Enregistrer un commentaire