Libellés

mercredi 16 août 2017

** * ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး ** *

ပါရီရှန်ဂန် အစုန်အဆန် (ခရီးမှတ်တမ်း ပုံရိပ်များ)
ပင်လယ်မရှိသောမြေသို့ စာစု () (ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး)


ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီး Bratislava-Vienna = 1 Euro                          (ဓါတ်ပုံ မရငတ)

ဝမ်းယူရိုတန် နိုင်ငံရပ်ခြားခရီ့း့
့
ဘတ်စ်ကား လိုင်းကားစီးပြီး သွားခဲ့တာပါ၊
မယုံမရှိကြပါနဲ့ ခင်ဗျာ၊ တကယ်ကို သွားဖြစ်ခဲ့ပါတဲ့ ခရီးတခုပါ၊
ရှန်ဂန်ဗီဇာဧရိယာထဲ ပါဝင်တဲ့ နိုင်ငံနှစ်ခုကို သွားတာ ဖြစ်လို့ ဗီဇာလည်း မလိုပါဘူး၊
မောင်ရင်ငတေကတော့ အွန်လိုင်းကနေ ကြိုတင်လက်မှတ် ဝယ်ယူပြီးမှ သွားခဲ့ခြင်းဖြစ်ပါတယ်။

အွန်လိုင်းက အဲဒီ ဝမ်းယူရိုလက်မှတ်ကို ဝယ်နေစဉ်ကတော့ ဟုတ်မှဟုတ်ပါမလားလို့ ယုံရခက်ခက် ဖြစ်နေသေးပါတယ်၊ ဆုံးလည်း ဝမ်းယူရို ဘာဖြစ်သေးလည်းကွာဆိုပြီး စွန့်လွှတ်စိတ်နဲ့ ဝယ်ခဲ့တာပါ၊ တကယ်တမ်း အဲဒီမြေကိုနင်း အဲဒီကားဂိတ်ကိုရောက်တော့ ဝမ်းယူရိုဝမ်းယူရို ကြော်ငြာတွေ ပလူပျံ တွေ့လိုက်ရတော့ ဟုတ်ချေသားလို့သာ စိတ်ဒုံးဒုံးချ ယုံလိုက်မိရပါတော့တယ်။

နှစ်နိုင်ငံကူး ခရီး ဆိုပေမယ့်လည်း အဲဒီ ခရီးက သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး၊
ဆလိုဗားကီးယားမြို့တော် ဘရာတီဆလာဗာက သြစတြီးယားမြို့တော် ဗီယန်နာကိုသွားတဲ့ ခရီးပါ၊
ကီလိုမီတာ ခြောက်ဆယ်ကျော်ကျော် မိုင်အားဖြင့် လေးဆယ်သာသာလောက်မို့ ရန်ကုန်နဲ့ ပဂိုးခရီး မန္တလေးနဲ့ မေမြို့ ခရီးသာသာ ကွာဝေးတာပါ။

တကယ်တော့ သြစတြီးယားနဲ့ ဆလိုဗားကီးယား နိုင်ငံတွေက အလျှားရှည်တဲ့ နိုင်ငံတွေလို့ ပြောလို့ ရပါတယ်၊ သြစတြီးယားအနောက်စွန်း လက်ရှ်ချင်စတိုင်းတို့ ဆွစ်ဇာလန်တို့ရဲ့နယ်စပ်မြို့ Feldkirch မြို့ကနေ ဆလိုဗားကီးယား အရှေ့ဖျား ယူကရိန်းတို့ ပိုလန်တို့ နယ်စပ်က Ubľa မြို့ကို ကီလိုမီတာ တထောင့်နှစ်ရာကျော် သုံးရာလောက် ဝေးတာပါ၊ ဒါပေမယ့် အဲဒီ နှစ်နိုင်ငံမြို့တော်တွေက တမြို့က အရှေ့ဖျားစွန်းနားမှာ တမြို့က အနောက်ဖျားစွန်း ကပ်ရက်မှာ တည်ရှိနေကြလို့ မြို့ညီနောင်သဖွယ် သမိုင်းတလျှောက်မှာ တည်ရှိခဲ့ပါတယ်ပြောရင် မမှားနိုင်ပါဘူး၊ အဲနှစ်မြို့ဝေးတာကလည်း မိုင်ပေါင်း ၄၀ နီးပါးမျှသာရှိတဲ့အပြင် ဒန်ညုမြစ်ကမ်းနဘေးမှာ တည်ရှိကြမို့ ကူးလူးဆက်ဆံမှုတွေက ရှေးယ္ခင် လှေခေတ် လှည်းခေတ် ကာလတွေထဲကပင် အများအပြားရှိခဲ့မှာ သေချာလှပါတယ်။

ရောမခေတ်က တောင်ဖျား အီတလီ ဂရိဘက်ကနေ မြောက်ဖျား ပိုလန်တို့ ရုရှားဘက်တို့ကို ပယင်း ရှာဖွေဖို့အတွက် သွားခဲ့ကြတဲ့ ကုန်သွယ်လမ်းကြောင်း Amber Road ဆိုတာကြီးရဲ့ ခရီးတထောက် ကွန်းခိုနားရာ ရပ်ဝန်းလည်း ဖြစ်ခဲ့ဖူးပါတယ်။


Bratislava-Viedeň = 1 Euro                                                              (ဓါတ်ပုံ မရငတ)

Slovak Lines, Bratislava-Viedeň = 1 Euro                                            (ဓါတ်ပုံ မရငတ)

Bratislava-Viedeň = 1 Euro                                
မောင်ရင်ငတေကသာ ခရီးတခုမသွားခင် သေချာရေရာအောင် လက်မှတ်ကြိုဝယ်ထားချင်တဲ့ စိုးရိမ် စိတ် ကဲနေလို့ ကြိုတင်ဘွတ်ကင်လုပ် ဝယ်ယူဖြစ်ခဲ့ရခြင်းပါ၊ သူတို့ဒေသခံတွေ သိရင်တော့ ရယ်ချင်
မိကြမှာပါ၊ ဒီ ဘတ်စ်ကားလိုင်း လက်မှတ်က ရပ်တဲ့ မှတ်တိုင်တိုင်းက စက်တွေမှာ အလွယ်တကူနဲ့ ဝယ်လို့ရပါတယ်၊ အကြွေလေး တကျပ်ထည့် ဘုလေးနှိပ်လိုက်ရင် တစ်ခ်ကက်လေးက လျှောကနဲနဲ့ ထွက်လာမှာပါ၊ အဲဒါလေး အသာကိုင် ကားပေါ်တက်ရုံပါ၊ နယ်စပ်ဖြတ်ကျော်ရမှာဖြစ်လို့ အိုင်ဒီလေး ပတ်စ်ပို့စ်လေးတွေတော့ အဆင်သင့် ဆောင်လာခဲ့ဖို့ လိုအပ်ပါတယ်။

ဒီလို လတ်မှတ်မျိုးကို အွန်လိုင်းမှာတော့ Hot Ticket လို့ ခေါ်ကြ ရေးကြပါတယ်၊
ဈေးနှုန်း ချထားတာမျိုးလည်း မဟုတ်ပါဘဲ မယုံနိုင်ဖွယ်ရာ သက်သာတဲ့ နှုန်းထားနဲ့ ခရီးသွားသူများ
အကြား ရေပန်းစားနေတဲ့ လက်မှတ် အမျိုးအစားလို့ မောင်ရင်ငတေ ဘာသာပြန်လိုက်ပါတယ်။

Viedeň ဆိုတာက ဗီယာနာ (သို့) ဗီယန်နာ ကို သူတို့ ဆလိုဗက်တွေရဲ့ စာနဲ့ ရေးတာပါ၊
အင်္ဂလိပ်တွေက Vienna ဗီယန်နာ ပြင်သစ်တွေအခေါ်က Vienne ဗီယန်န်း ဆလိုဗက်တွေကတော့ Viedeň ဗီးဒင်းန် သူတို့ သြစတြီးယန်းတွေပြောတဲ့ ဂျာမန်စကားနဲ့ကတော့ Wien ဗီးန်န်ပေါ့ဗျာ၊ မူလ ဒေသခံ Austro - Bavarois ခေါ် ဂျာမန်ကြီးတွေ ဖြစ်ကြတဲ့ Oberdeutsch အိုဘာဒွိုက်ခ်ျတွေရဲ့ စာ စကားနဲ့ရေးရင်တော့ Wean လို့ရေးကြပါတယ်၊ ဘူတာတွေ ကားလမ်းညွှန် ဆိုင်းဘုတ်တွေမှာတော့ အများအားဖြင့် Wien လို့သာ ရေးထားတာကိုတွေ့ရမှာမို့ ရုတ်တရက်ဆို ကြောင်သွားတတ်ပါတယ်။

အဲလို တယူရိုတန် ကားလိုင်းတွေကတော့ ဘယ်နှစ်လိုင်းရှိမလဲတော့ မသိပါဘူး၊ မောင်ရင်ငတေတို့ စီးဖြစ်ခဲ့တာက Slovak Lines ဆလိုဗက်လိုင်းအနီရောင်ပါ၊ အဝါရောင် ချက်ကားလိုင်း အစိမ်းရောင် ဂျာမန်လိုင်းတွေလည်း ဒီခရီးစဉ်လေးမှာ အပြိုင်အဆိုင်အရှုံးခံ ဝင်ရောက် ပြေးဆွဲနေကြပုံ ရပါတယ်၊
အဝါရောင် ရေဂျီယိုဂျက်ကတော့ ဘရာတီဆလာဗာ အလာခရီးစဉ်မှာစီးဖို့ ရည်ရွယ် ဝယ်ခဲ့ပြီးပြီမို့ ဒီ
အနီရောင်ရဲရဲ ဆလိုဗက်ကားကို စီးကြည့်ဖို့ ရွေးချယ် ဝယ်ဖြစ်ခဲ့ခြင်းပါ။



Trolejbus Škoda 31Tr SOR (Trolejbusová doprava v Bratislave)              (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာ-ဗီယန်နာသွားတဲ့ ရေဂျီယိုဂျက်လို ကားလိုင်းတချို့ကတော့ မြို့လယ်အနီးဟိုနား
ဒီနားသွားတဲ့ ဂိတ်မျိုးကနေ စထွက်ပေမယ့် မောင်ရင်ငတေ ဝယ်ထားမိတဲ့ ဆလိုဗက် လိုင်းကတော့ ကားကြီးဂိတ်ဝင်းမှာ တည်ရှိပါတယ်၊ မြို့လယ်မှတ်တိုင်ကနေ စီးလို့ရပေမယ့်လည်း ကားကြီးဂိတ်က
စစီးကြည့်ချင်လို့ ဂိတ်ဘက်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။

တည်းခိုရာကနေ ကားကြီးဂိတ်က သိပ်မဝေးလှသလို ကျောပိုးအိတ်အလတ် တလုံးသာပါလို့ လမ်း လျှောက်၍ သွားဖြစ်ပါတယ်၊ ဟော်တယ် စငှားစဉ်တည်းက လမ်းကြောသင့်တာကို ရွေးချယ်ခဲ့တာမို့
ဘတ်စ်ကားခ ထပ်မကုန်တော့ဘူးပေါ့၊ ချွေတာရေးသမားစစ်စစ် မောင်ရင်ငတေ့အနေနဲ့ ဘတ်ဂျက်
အပွန်းအရှ မခံနိုင်ဘူးလေ၊ အဲဒီလို လမ်းလျှောက်သွားရင်းက မြင်မြင်သမျှ မှတ်တမ်းပြုရတာလည်း မောင်ရင်ငတေရဲ့ အကျင့်ကောင်းတခု မဟုတ်ပေဘူးလား။

ဘရာတီဆလာဗာ မြို့က ခပ်ကျဉ်းကျဉ်း မြို့တော်ငယ်လေးသာမို့ ဘတ်စ်ကားတွေ ဓါတ်ရထားတွေ သိပ်သုံးစရာ မလိုအပ်ပါဘူး၊ မောင်ရင်ငတေတို့ နှစ်ညအိပ်သုံးရက် နေဖြစ်ခဲ့တာမှာ တခါနှစ်ခါမျှသာ စီးဖြစ်ခဲ့ပါတယ်၊ ဒီမြို့က ဘတ်စ်ကား ဓါတ်ရထား စီးဖူးတယ်ရှိအောင် စီးရတာလည်း ပါတာပေါ့။

နှစ်လိုဖွယ်ရာ ကောင်းလှပါတဲ့ အဲဒီမြို့တော်သေးသေးလေးအကြောင်းနဲ့ အနီရောင်ရဲရဲ TrolleyBus ထရော်လီဘတ်စ် သို့မဟုတ် ဓါတ်ဘတ်စ်ကားတွေရဲ့အကြောင်းကိုတော့ နောက်များမှ ပေါင်းစပ်လို့ ရေးပါဦးမယ်၊ အခုတော့ ရေးထားပြီးသမျှသောအတိုအစတွေထဲက သွားရင်းလာရင်း မြင်တွေ့ခဲ့ရတဲ့ ကားလမ်းနဘေး အတွေ့ကြုံတွေကိုသာ ခရီးမှတ်တမ်း ပုံရိပ်များအဖြစ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။


Bratislava Autobusová Stanica (Central Bus Station)                             (ဓါတ်ပုံ မရငတ)

ကားကြီးဂိတ် အဆောက်အဦးကတော့ ကြီးကျယ်ခမ်းနားလှခြင်း သိပ်မရှိပါဘူး၊ သာမန်မျှသာပါ၊

ကားဂိတ်ရောက်ပြီး ထွက်မယ့်ဂိတ်နံပတ်ကို ရှာတွေ့တော့ ကားကဂိတ်မထိုးလာသေးပါဘူး၊ တခဏ အကြာမှာတော့ အနီရောင်ရဲရဲဝမ်းယူရိုကားကြီး ရောက်ရှိလာပါပြီ၊ တန်းစီစောင့်နေသူက သိပ်မများ တာကြောင့် မောင်ရင်ငတေကတော့ နောက်မှအသာတက်လိုက်ပါတယ်၊ မှတ်တမ်းယူဖို့ နောက်ချန် တန်းစီရခြင်းလည်း ဖြစ်တာပေါ့၊ ဝမ်းယူရိုတန် ကားပေမယ့် အထင်မသေးလိုက်ကြပါနဲ့၊ ထွက်ခွာချိန် ကတော့ တိလည်းတိကျ မှန်လည်းမှန်ကန် လှပါပေတယ်။


Slovak Lines                                                                                    (ဓါတ်ပုံ မရငတ)

ဒီဆလိုဗက်ကားလိုင်းက တနာရီ တစီး ထွက်ပါတယ်၊ လူသွားလူလာများတဲ့ အချိန်မှာတော့ ဒီထက်
အစီးရေများများ ပိုဆွဲမယ် ထင်ပါတယ်၊ တခြားဘတ်စ်ကားလိုင်း သုံးလေးငါးလိုင်းအပြင် မီးရထားနဲ့
သွားချင်က သွားလို့ရတယ်ဆိုတော့ ခရီးသွားသူတွေအတွက် သွားချင်တဲ့ အချိန်မှာ ကောက်ခါငင်ခါ ဖုတ်ဖက်ခါ ထသွားလို့ရတဲ့ သဘောပါ။

ကားပေါ်မှာတော့ ခရီးသည်က အသင့်အတင့်သာ ပါပါတယ်၊ မောင်ရင်ငတေတို့ပုံစံ အရှေ့အာရှက မလေးလိုလို အင်ဒိုလိုလို တယောက်စနှစ်ယောက်စရယ်၊ တရုတ်လိုလို ကိုရီးယန်းလိုလို ဂျပန်လိုလို ပုတုတု ခပ်သေးသေး ကောင်မလေး သုံးလေးဦးရယ်၊ အမေရိကန် အင်္ဂလိစ်ရှ်စကား ဟောင်ဖွာဖွာနဲ့ ပြောလာကြသူ ထောင်ထောင်မောင်းမောင်း ဗိုက်ခပ်ရွှဲရွှဲ ဖိုးကြီးအိုဖွားကြီးအို လေးငါးယောက်တစုနဲ့
တလမ်းလုံးလို ဖရန့်ကစ်စ်တွေနဲ့ ကဲလာကြတဲ့ မြင်းမြီးရောင်ဆံပင် မျက်လုံးပြာပြာနဲ့ စုံတွဲတတွဲရယ် ပါပါတယ်၊ အများစုကတော့ ဒေသခံ အလုပ်သမား လယ်သမား ကျောင်းသူ ကျောင်းသားလေးတွေ သာ ဖြစ်ပုံရပါတယ်၊ အများအားဖြင့်ကတော့ အလုပ်သွား ကျောင်းသွား ဈေးဝယ်သွားကြလာကြတဲ့
ပုံစံမျိုး ကျောပိုးအိတ်လေးတလုံး ဈေးဝယ်အိတ်လေးတလုံးနဲ့ သုံးလေးငါးမှတ်တိုင်သာ ဘတ်စ်ကား

လိုင်းကားစီးကြတဲ့ဟန်သာ ပေါက်တာပါ။



ဥရောပအမြန်လမ်း အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာ                                   (ဓါတ်ပုံ မရငတ)

ဘရာတီဆလာဗာကားဂိတ်ကနေ ထွက်လာပြီးနောက် လေးငါးမိနစ် မကြာလိုက်ပါဘူး၊ ကားပေါ်မှာ နေရာတကျတောင်မှ မထိုင်ရသေးတဲ့သူတွေလည်း ရှိနေဆဲပါ၊ စလိုဗားကီးယားရဲ့ ဟိုင်းဝေးအမှတ် ၆၁ သို့မဟုတ် Route Européenne 58 (E58) ပေါ်သို့ ရောက်ရှိ လာခြင်းပါ၊ အီး ၅၈ လမ်းမကြီးက
ဗီယန်နာ-ဘရာတီဆလာဗာကနေ ယူကရိန်း ရူမားနီးယား မိုလ်ဒိုဗာ မှတဆင့် ရုရှားပြည်ကို ရောက် ရှိမယ့် ဥရောပ အရှေ့နဲ့အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မိုင်တသောင်းလေးထောင်ခန့် ရှည်တဲ့ အမြန်လမ်းမကြီး တစင်းပါ၊ သို့ပေမယ့် ဗီယန်နာနဲ့ ဘရာတီဆလာဗာ လမ်းပိုင်းကလွဲလို့ အများစုက ကျေးလက်လမ်း ခရိုင်လမ်း အဆင့်မှာသာ ရှိနေဆဲပါ၊ တိုးချဲ့ဖောက်နေဆဲပါ။


မကြာခင်မှာတော့ နှစ်ထပ်လမ်းတွေနဲ့ လမ်းဆုံခပ်ကြီးကြီးတခုကို ရောက်ရှိခဲ့လာပြီး နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပါတယ်။ ဒါပေမယ့် သတိမထားမိရင် သိလိုက်မှာတောင်မဟုတ်တဲ့ နယ်ခြားဖြတ်ကျော်မှု တခုပါ၊ နယ်ခြားဖြတ်ကျော်ရာမှာတော့ ကားက ဥရောပအမြန်လမ်း အီး ၅၈ လမ်းအတိုင်း သွားတာ မဟုတ်ပါဘူး၊ I/61 (Slovensko) လမ်းအမှတ် ၆၁ လမ်းအတိုင်း သွားတာပါ၊ အဲလမ်းဆုံက အီး ၅၈ နဲ့ အီး ၆၅ တို့ ဆုံဆည်းရာလည်း ဖြစ်ပါတယ်။

Aucun commentaire:

Enregistrer un commentaire