Libellés

jeudi 20 juillet 2017

** * တခါကနေ့ရက်များ (၂) * **


နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၂)
                                


(ဓါတ်ပုံ မရငတ)

အဲဒီလိုနဲ့ ကိုစံရွှေမြင့်ရေ့
့

စာမေးပွဲကျအပြီး စလေဦးပုညရဲ့ စလေဇီးသီးမြေမှာ တနှစ်တာခိုအောင်းရင်း မခံချင်စိတ် 
နည်းနည်းလေးနဲ့ စာတဖက် ပွေလီရှုပ်ရင်းတဖက်နဲ့ ဆယ်တန်းဆိုတာကြီး အောင်လာခဲ့တယ် ဆိုပါတော့။

ဦးပုညမြေမှာတော့ မှတ်မှတ်သားသား ရင်ခုန်ခဲ့ရတာတော့ မရှိခဲ့ပါဘူးဗျာ၊ မြို့ကနာမည်ကြီး 
သူဌေးသမီးလေး တယောက်ကို ရင်မခုန်ပါဘဲနဲ့ သူငယ်ချင်း သုံးယောက်လား လေးယောက်လား 
မမှတ်မိတော့ပါဘူး၊ တယောက်တလှည့် ရည်းစားစကား လိုက်ပြောဖြစ်ခဲ့တာလောက်တော့ ရှိခဲ့တာပေါ့ဗျာ။

ဒီကနေ့ ဒီမှာ အဲဒီလို စပျစ်ခင်းတွေမြင်ရင် လယ်ကွင်းတွေကို မြင်ရင် ဦးပုညရဲ့ စလေဇီးပင်အောက်
ရောက်ခဲ့တဲ့နေ့တွေကို ပြန်သတိယတာတော့အမှန်ပါ၊ မဆီမဆိုင်တွေကွာလို့တော့ ခင်ဗျားရဲ့ ပြုံးစစ
မျက်နှာပေးနဲ့ ပြောမှာ မြင်ယောင်မိသေးတယ်။

၈၁-၈၂ ထီလာမြေ ပြန်နင်းမိတော့
ခင်ဗျားကတော့ ထီလာကောလိပ်နယ်မြေမှာ မရှိတော့ပါဘူး၊
မကွေးလား မန်းတက္ကသိုလ်လား ရောက်သွားပြီး အဆက်ပြတ်ခဲ့ရတယ်ပေါ့။


(ဓါတ်ပုံ မရငတ)

အဲ့
ပြောစရာ နည်းနည်း ကျန်နေသေးတယ်ဗျ့
့ ထီလာ ကောလိပ်ကျောင်းသားဘဝ မရောက်သေးခင် ခင်ဗျားတို့ရဲ့ 
ညောင်ဦးတို့ တောင်ဇင်းတို့ ကျောက်ပန်းတောင်းတို့မှာ ပွေလီရှုပ်ခဲ့သေးတဲ့ အကြောင်းတွေပေါ့ဗျာ၊ 

နေရာတွေကို သိပ်တော့မမှတ်မိတော့ပါဘူး၊ ထန်းပင်တွေရဲ့ကြား လှည်းလမ်းကြောင်းမှာ စက်ဘီး
နင်းခဲ့ရတာတွေ ကိုပေါ့၊ ကောလိပ်ကျောင်း ရောက်တော့လည်း ကိုယ်ပေါင်းခဲ့တဲ့ကောင်တွေက 
အဲဒီဒေသကကောင် တွေသာ များတော့ ထပ်ခါထပ်ခါတော့ မကြာခဏ ရောက်ခဲ့သေးတာပေါ့ဗျာ။

ကိုစံရွှေမြင့်ရေ့ ခင်ဗျားနဲ့ကတော့ ရေစက်နည်းခဲ့လို့ ထင်ပါရဲ့၊ ခင်ဗျား သူငယ်ချင်းတွေနဲ့
တွေဖြစ်ခဲ့တိုင်း ခင်ဗျားအကြောင်းတော့ မေးခဲ့ပါသေးရဲ့၊ ခင်ဗျားကိုမှ ဘာကြောင့်ဒီအချိန်မှာ အထူး 
သတိတရ ရေးနေမိတာလည်းဆိုတာကိုတော့ ခင်ဗျားနဲ့ ပြန်တွေ့ဖြစ်ရင်တော့ ပြောပြချင်မိပါသေးရဲ့ ဗျာ၊ 

ဒါက တခြားသူတွေ မသိခဲ့တာတွေလေ၊ တခါတလေ ရင်ခုန်သံမြန်လာရင် သတိရတတ်တာက အမှန်ပေါ့၊
ရင်ခုန်သံခြင်းကတော့ ဘယ်တူပါ့မလဲ နော်၊ လတ်ဆတ်မှုတွေက ကွာခဲ့ပြီမှလား။


(ဓါတ်ပုံ မရငတ)

ကိုစံရွှေမြင့်ရေ့
အချိန်တွေက အကုန် မြန်လှတယ်ဗျာ၊ ကားတွေ ရထားတွေ လေယာဉ်တွေ ပိုပို မြန်လာတယ် 
ပြော ကြတယ်၊ 

အဲ့ ဒါပေမယ့် ကမ္ဘာပေါ်မှာ တကယ်အမြန်ဆုံးက အချိန်တွေဗျ၊ 
လှစ်ကနဲလှစ်ကနဲ ကုန်ကုန်သွားလိုက်တာ့ ခင်ဗျားနဲ့ တွေ့ဆုံခဲ့တာတောင် 
မနေ့တနေ့ကလို ရေးနေမိတာ့ တကယ်တော့ အနှစ်မနည်းတော့ဘူးမှလားးးးးးးးးး 
အေးလေ မနေ့ကလို့ ထင်နေတာက ပိုအသက်ရှည်မယ် ထင်မိရတာပဲဗျာ။

တကယ်ပြောတာပါ ဗျာ၊ အဲဒီတုန်းက ရင်ခုန်သံတွေက ကျယ်လှပြီမှတ်ခဲ့တာ၊ တကယ်တော့ အခုမှ 
ဒီကနေ့မှ ပြန်စဉ်းစားတွေးမိမှ တဒိန်းဒိန်း ပိုကျယ်လာတာဗျ၊ ဟာ့ ဟ၊ အဲဒီ ဟာ့ ဟ ဟ ကို ပြောရင် 
ရေးမိရင် ခင်ဗျားရဲ့ ပြုံးစစကို မြင်ယောင်စမြဲပေါ့၊ အေးပေါ့လေဗျာ၊ အဲတုန်းက ခင်ဗျားက ကောလိပ် 
ကျောင်းသားကိုး၊ စတိတ်ကျောင်းသားလောက်ကတော့ စာမဖွဲ့လောက်ပါဘူး ဆိုတဲ့ ပြုံးစစပေါ့။

အေးဗျာ့  ခင်ဗျားသိခဲ့တဲ့ တချိန်တုန်းက ချွတ်တား ကရင်ကုလားလေးလည်း အခုတော့
မောင်ရင်ငတေ နာမည်ခံပြီး ဟိုရေးဒီရေး နေတယ်ဆိုတာသိရင် ခင်ဗျားရဲ့ ပြုံးစစကြီး ပိုပြီး ကြီးလာ 
လိမ့်မယ် ထင်ပါရဲ့၊ ဒီလိုပေါ့၊ ခင်ဗျားနဲ့ တွဲဖြစ်ခဲ့စဉ် အချိန်ကတော့ လောကကြီးက ကျဉ်းကျဉ်းလေးလေ၊ 
ကမ္ဘာကြီး ဘာဖြစ်နေတာ အရေးမကြီးဘူး၊ တနေ့ မတွေ့ရရင် တသက် ထင်နေချိန်မှလား။

ဟာ့ ဟ့ ခင်ဗျားတောင်မှ ပြောခဲ့ဖူးတာ ရှိတယ်လေဗျာ၊ ခုတော့ ထည့်မရေးတော့ပါ ဘူးလေ၊ 
အမှန်တွေဆိုတော့ ရေးလည်း မရေးရဲဘူးဗျ၊ ဟာ့ ဟ၊ အဲဒီ ကမ္ဘာကျယ်ကြီးမှာ အဝေးကြီး ရောက်နေတဲ့ 
သူတွေက အနီးကလူတွေထက် ပိုပြန်မြင်မိတတ် ပိုလွမ်းမိတတ်တယ်ပေါ့ဗျာ။

လွမ်းမိရရုံလေးပါဗျာ၊ ဘယ်လိုလွမ်းလွမ်းပါနော်၊ အဲဒီ လွမ်းမိရခြင်းက ဟို ပုဒ်မ ပုဒ်ထီး ဃကြီးတွေနဲ့ 
မညှိလောက်ဖူးလို့ ထင်မိရလို့ ရေးဖြစ်နေရခြင်းပါဗျာ၊ အဲ့ မဟေသီတွေ ချယ်ရီတွေကိုတော့ 
နည်းနည်းတော့ စည်းဝါးကိုက်ထားပေါ့ ဗျာ။

မောင်ရင်ငတေ ၁၉၀၇၂၀၁၇

နှစ်ဆယ်ကျော်အလွမ်း
တခါကနေ့ရက်များ (၂)




Aucun commentaire:

Enregistrer un commentaire