Libellés

jeudi 12 octobre 2017

** * ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် (နှစ်) ** *

နှစ်ဆယ်ကျော်အလွမ်း
ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်)


Séoul                                                                                          (Photo AKT, YNG)

မောင်ရင်ငတေရဲ့ ဆိုးလ်သို့အလွမ်း သို့မဟုတ် ခပ်ဆိုးဆိုး ဆိုးခဲ့တယ်ဆိုးလ် စာစုအပိုင်း (တစ်) ကို 
ပြီးခဲ့တဲ့လက လွမ်းချင်းများစွာနဲ့ ရေးဖြစ်ခဲ့ပါတယ်၊ ကိုယ်တွေ့ကြုံခဲ့တာတွေကို ဒိုင်ယာရီရေးတဲ့ပုံစံမျိုး 
ရေးထားမို့လို့ မသက်ဆိုင်သူများအတွက် စိတ်ပျက်ဖွယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အခုလည်း ဆိုးလ်သို့အလွမ်း သို့မဟုတ်
ဆိုးခဲ့တယ် ဆိုးလ် စာစု (နှစ်) ကိုလည်း
မရေးရ မနေနိုင်လို့ ကိုယ်ရေးမှတ်တမ်းအဖြစ် ဆက်ရေးလိုက်ရကြောင်းပါ။

ပထမ စာစု Séoul
ဆိုးလ်သို့အလွမ်း သို့မဟုတ်
ခပ်ဆိုးဆိုး ဆိုးခဲ့တယ် ဆိုးလ် စာစု (တစ်)
နိဂုံးချုပ်မှာ အောက်ပါအတိုင်း ရေးခဲ့မိပါတယ်။

အဲဒီလိုနဲ့ အပတ်စဉ်တိုင်းလို အလုပ်ရှင် စရိတ်နဲ့ ပွဲတွေလုပ်လိုက် မန်နေဂျာတွေက လုပ်ပေးလိုက်နဲ့
မောင်ရင်ငတေတို့ အူစိုချိန်များခဲ့ရတာပေါ့လေ၊ သူတို့ဓလေ့က စားသောက်ပွဲပြီးရုံနဲ့ မရပ်သေးပါဘူး၊ 
ပွဲဆက်တွေ ရှိပါသေးတယ်၊ ဆိုင်ကြီးတဆိုင်မှာစားမယ်၊ နောက်ပြီး သူဌေးစရိတ်နဲ့ ကာရာအိုကေကို 
သွားမယ်၊ ဘိုလင်း သွားထိုးမယ်၊ ဘိလိယက်ခုံ ဆက်သွားမယ်၊ ပြီးရင် သန်းခေါင်ကျော် တချက်တီး 
နှစ်ချက်တီးမှာဖွင့်တဲ့ လမ်းဘေး ဆိုဂျူးဘားလေးတွေရဲ့ တာလဘတ်မိုးတွေအောက်မှာ မောနင်းထိ
ဆက်ပက်ချင် ပက်မယ်၊ တကယ့်ကို စိတ်ရှိတိုင်း လုပ်တတ်တဲ့ ကကြီးကောင်တွေပါ။

တကယ်ပါ့
သူတို့တတွေနဲ့အတူ ညပေါင်းများစွာ အထူးသဖြင့်တော့ စနေနေ့ရဲ့ ညပေါင်းများစွာမှာပေါ့

အဲဒီ တာလဘတ်အမိုးတွေအောက်မှာ အေးစက်နေတဲ့ ကကြီးဆောင်းကို အန်တုရင်း မောနင်းပက် 
ပက်ခဲ့ဖူးတဲ့ ဆိုးလ်မြို့တော်ဝန်းကျင်တဝိုက်က ဆိုဂျူးညများကို လွမ်းမိနေရင်း အတူရှိခဲ့ဖူးသူများကို 
သတိရမိရင့်း့  ဘဝအမောတွေကို ပြန်လည်တွေးတောနေမိရင့်း့

ဤသို့ ရေးခဲ့မိတဲ့အတိုင်း တကယ်ကို သတိရမိပါတယ်၊ တကယ် သတိရစရာတွေသာပါ။

အဲဒီမှာ အရှေ့တိုင်းသားတွေရဲ့ အကျင့်စရိုက်နဲ့ အနောက်တိုင်းသားတွေ စရိုက်ပုံစံ ကွာခြားချက်ကို 
ပြောရရင်တော့ အရှေ့တိုင်းသားတွေက အလုပ်လုပ် အစာစား အသောက်သောက် ဘာမဆိုမြန်ကြတဲ့
သူတွေပါ၊ အထူးသဖြင့်တော့ အသောက်သောက်တဲ့ နေရာမှာပေါ့ လေ။

မောင်ရင်ငတေ ဒီကနေ့ ရောက်ရှိနေထိုင်နေတဲ့ ပြင်သစ်တို့ အနောက်တိုင်းသားတွေက တစိမ့်စိမ့် 
မော့ကြသူတွေပါ၊ တပက်သာသာ တခွက်ထည့်ပြီး တနာရီလောက် အာကောင်းကြရင်း တဖြေးဖြေး 
တစိမ့်စိမ့် တငြိမ့်ငြိမ့် ဇိမ်နဲ့သာ မော့တတ်ကြသူတွေပါ၊ အရှေ့တိုင်းဒေသမှာလို လက်ဘက်ရည်ဆိုင် 
ကဖေးဆိုင် စားသောက်ဆိုင် ကဇော်ဆိုင် သိသိသာသာ ခွဲခြားထားလေ့မရှိပါဘူး၊ Café Bar Bistro
Brasserie သိပ်မကွာလှပါဘူး၊ မနက်စောစော ကော်ဖီသောက်ချင်လည်းရသလို အပြင်းသမားတွေ
မောနင်းပက်ချင်လည်းရတဲ့ ဆိုင်တွေသာပါ၊ အတူတွဲလျှက် ရှိကြတာ များပါတယ်။

မောင်ရင်ငတေလည်း ပြင်သစ်ရောက်လို့ ပြင်သစ်လိုသာကျင့်ကြံနိုင်ဖို့ အားထုတ်နေပေမယ့် အဲဒီလို 
တခါက ကကြီးနေ့များရဲ့ တာလပတ် အမိုးအောက်က ဘဝဟောင်းများကိုတော့ သတိရနေမြဲပါ။

အင်းလေ့ အဲဒီချိန်က မောင်ရင်ငတေက သုံးဆယ်မပြည့်တတ်သေးဆိုတော့ ခုလိုမဟုတ်
သန်တုန်း မြန်တုန်း မာတုန်း ဆိုပါတော့ လူကလည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ
ဘယ်သူဘယ်ပုံစံဆိုရင် ဘယ်အချိုးချိုးတော့မယ် ဆိုတာလည်း သိလာပြီဖြစ်သလို ဘယ်နေရာမဆို
ခြေမြန်လက်မြန်မှ အနေတော်  ဆိုတာလည်း သိလာပြီမို့ ရန်ဖြစ်ပြီဆိုလည်း လက်က အရင်ရောက် 
သွားတတ် နေပါပြီ၊ အဲလို လက်က ဦးအောင်ဆော်ပြီးရင်လည်း ခြေက မြန်နှုန်းမြင့် ပြေးတတ်နေတဲ့
အချိန်ပါ၊ အဲဒီ ကျင့်သားရထားဖူးတာတွေကိုလည်း ဒီကနေ့မှာ လွမ်းမိရပါတယ်၊ ခုတော့ ခြေကကုန်

လက်ကပမ်းနဲ့ လူ စိတ် နှစ်ပါး အရာရာမှာ ကျစ ပြုလာပါပြီ။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီအချိန်က မောင်ရင်ငတေတင် ခပ်ကဲကဲလား မမေးကြပါနဲ့၊ ရောက်ရှိလာသူ တော်တော်များများ
ကလည်း မောင်ရင်ငတေလို ခပ်ကဲကဲသမား ပုလင်းတူဗူးဆို့တွေသာ များပါတယ်၊ ဒီကကြီးမြေကိုမှ 
နင်းလာကြသူများက သူနယ်နဲ့သူ ဇလေးတွေတော့ ကိုယ်စီပါရှိ ပြီးသားလို့ ပြောစမှတ် ပြုရမှာပါ။


ထိုင်းမလေးပြန်တွေ စလုံးပြန်တွေ သင်္ဘောခုန်ချတွေ မြို့သား တောသား အညာသား ရန်ကုန် မန်း 
မတ္တရာ မော်လမြိုင် ရေး ဘိတ် ထားဝယ် ပုသိမ် မုံရွာ ရေဦး ရွှေဘို ပုပ္ပား ညောင်ဦး မိုးကုတ် မကွေး 
ပြည် ခရမ်းသုံးခွ ဆိပ်ကြီး ခနောင်တို သိပ်ဇရပ် တောင်ငူ ရခိုင် ရှမ်း မွန် ကရင် ကုလား ချင်း ကချင် 
နယ်စုံလှပါတယ်၊ အများအားဖြင့်က အသက်အစိတ် ဝန်းကျင်တွေသာပါ၊ လေးဆယ်ကျော်ငါးဆယ် 
နည်းပါတယ်၊ အစပထမဦးမှာ ဗမာမ ရှမ်းမ အမဆို မူးလို့ရှုစရာ တယောက်မှ မရှိပါဘူး၊ အားလုံးလို 
ကျားတွေချည်းသာဆိုတော့ ဘာပြောကောင်းမလဲ သောက်မယ်စားမယ်ကဲမယ် သမားတွေချည်းပါ။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

ပထမတော့ ဆိုဂျူးလေးဝယ် ကိုယ့်အခန်းသူ့အခန်းမှာ စကားပြောကြရင်း အေးဆေးနဲ့ သောက်ရုံပါ၊
စက်ရုံ အလုပ်ရုံလေးတွေကလည်း မောင်ရင်ငတေတို့ မဟာရန်ကုန် ရွှေမြို့တော်ကြီးက ကျူးကျော် 
ရပ်ကွက်အိမ်တွေထက် နည်းနည်းသာပိုသာပါလိမ့်မယ်၊ ဟိုဘက်အလုပ်ရုံ ဒီဘက်အလုပ်ရုံ ဖင်ချင်း 
ပေါက်လောက်သာပါ၊ တချို့များဆိုရင် အုတ်တံတိုင်းနံရံကပ် တဘက်ရပ်အဖီလေးထိုး ခပ်စုတ်စုတ် 
အင်ဂျက်ရှင် စက်လေးတလုံးနဲ့ သူဌေးလုပ်စားသူ ဉာဏ်ကြီးရှင် ကကြီးများလည်း ရှိပါသေးတယ်။

ဒီကနေ့တော့ ခေတ်မီတိုက်ကြီး နှစ်ထပ်လမ်းကြီးတွေနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ ဖြစ်ပါတဲ့
မောင်ရင်ငတေတို့ရဲ့ အလုပ်ရုံရပ်ကွက်လေးဟာ တရုံနဲ့တရုံ အပေါ်ထပ်အောက်ထပ် ဘေးချင်းကပ်
မို့လို့ အလုပ်လုပ်ကြရင်း အလုပ်ခဏနား ကော်ဖီသောက် ဆေးလိပ်သောက်ရင်း စကားဝိုင်းဖွဲ့ဖြစ်ကြ 
သလို အလုပ်ပြီးရင်လည်း သူ့အခန်းကိုယ်ကူး ကိုယ့်အခန်းသူလာ အနီးကလေးသာပါ။

အဖေါ်လေးပါ တော်ကီလေးပွားရင်းမှ သောက်ချင်စိတ်ရှိတဲ့ မောင်ရင်ငတေနဲ့ စိတ်ကူး တူသူများက 
ရောက်လေရာအရပ်မှာ ပေါ်လာတတ်ပါတယ်၊ အဲဒီလို မှတ်မှတ်ရရ ရှိခဲ့သူတွေထဲက တယောက်က 
ပုန်းရည်ကြီးရောင်းတာကို မကူညီလို့ သူ့အဖေက ကကြီးကို နယ်နှင်ဒဏ် ပေးခံရသူ ညောင်ဦးသား 
စစ်စစ် တယောက်ပါ၊ ရွှေစည်းခုံဘုရားခြေရင်း ဇာတိပါ၊ စကားပြော ကောင်းလှသူပါ၊ တယောက်ထဲ 
ဆယ့်လေးငါးယောက်ဝိုင်းကို အသာလေးထိမ်းထားနိုင်သူပါ၊ ဇာတ်ပွဲအငြိမ့်ပွဲ ဝါသနာပါလို့ ဇာတ်က
ရာနောက်လိုက်ပြီး ဇာတ်စကားတွေ အလွတ်ကျက်လာတဲ့သူမို့ တနာရီလောက်မနားတမ်း ဇာတ်သံ 
ဇာတ်ဟန်ရောပြီး ပြောနိုင်သူပါ၊ သူမပါ ပွဲမစည်ပါဘူး။

သူတို့ အလုပ်ရုံက မောင်ရင်ငတေတို့နဲ့ ကပ်လျှက်ပါ၊ မောင်ရင်ငတေက ညဆိုင်းအလုပ် မလုပ်သူမို့
ဘယ်မှ မသွားဖြစ်ကြရင် သူအလုပ်မလုပ်တဲ့ ညတွေမှာ ဆိုဂျူးလေး ခါးကြားထိုး အမြည်းဖတ်လေး 
သုံးလေးဖတ် ယူလာပြီး မောင်ရင်ငတေတို့ ဝိုင်းဖွဲ့တတ်ကြမြဲပါ၊ အဲ သူညဆိုင်းဆင်း အလုပ်လုပ်နေ 
ရင်လည်း ညဆိုင်းမလုပ်တဲ့ မောင်ရင်ငတေတို့ သွားသွားပြီး ဒုက္ခပေးကြပါတယ်။

သူတို့အလုပ်ရုံက ကက်ဆက်ခွေတွေကာဗာတွေ တိတ်ကြိုးတွေထုတ်တဲ့ ပလတ်စတစ်အင်ဂျက်ရှင် 
တခုပါ၊ ဂိုဒေါင်လိုအလုပ်ရုံကြီးထဲမှာ စက်တလုံး လူတယောက်နဲ့ စက်လေးငါးခြောက်လုံး ရှိပါတယ်၊
အင်ဂျက်ရှင် စက်တလုံးဘေးမှာ စက်တံခါးကို ဖွင့်လိုက်ပိတ်လိုက် ထွက်လာတဲ့ ကက်ဆက်ခွေတွေ 
စက္ကူပုံးတွေထဲထည့်လိုက်လုပ်နေတဲ့ အဲဒီညောင်ဦးသားကို လုပ်ကူရင်း တော်ကီသွားပွားကြတာပါ။

သူနဲ့တယောက်က တော်ကီးပွားနေခိုက် သူဒိုင်ရှိုထားတဲ့ စက္ကူပုံးတွေကြား ဆိုဂျူပုလင်းကိုရှာဖွေပြီး 
တယောက်တလှည့် မော့ပြီးသွားရင်တော့ မောင်ရင်ငတေတို့ တာဝန်ကျေကြပါပြီ၊ ပြန် အိပ်ကြပါပြီ၊ 
နောက်တနေ့ညမှာတော့ သီချင်းလေးညည်းရင်း လေလေးချွန်ရင်း မောင်ရင်ငတေတို့ကို ဆဲနေကြ 
အဆဲလေးနဲ့ ရောက်လာ ပြန်ပါပြီ၊ အခန်းအဝင်ဝ မီးဖိုချောင်မှာ စားစရာသောက်စရာ မွှေနှောက်ရှာ 
ပြီး သူရဲ့ဇာတ်တော်ကီတွေကို နားညည်းအောင် တင်ဆက်ပါတော့တယ်၊ လွမ်းရပါတယ် ညောင်ဦး 
သားကြီးရေ၊ ပုန်းရည်ကြီး မည်းမည်းမြင်တိုင်း မင်းကိုသတိရမိကြောင်းပါ၊ မသေသေးရင်တော့ တခါ 
လောက် ပြိုင်သောက်ချင်ပါသေးတယ်၊ အရင်လိုတော့ တပုလင်း လွယ်လွယ်နဲ့ဘယ်ကုန်တော့မလဲ၊ 
မင်းလည်း ရွှေစည်းခုံခြေရင်း မွေးလာသလို ငါလည်း ရွှေတိဂုံအရှေ့မုခ် ဖြတ်သန်းလာတဲ့ကောင်ကွ 
ပြောရင်း တကြိမ်တခါလောက်တော့ အငြင်းပြိုင် အသောက်ပြိုင်ချင် မိပါသေးတယ်ကွာ။

အဲဒီအချိန်မှာ မောင်ရင်ငတေတို့ ကကြီးထမင်းဆိုင်မှာ သွားပြီး ထမင်း မစားကြတော့ပါဘူး၊ 
နောက် ရောက်လာတဲ့ မောင်ရင်ငတေတို့ ညီအကိုတွေရယ် တခြားတယောက်နှစ်ယောက် 
စုပေါင်းပြီးတော့ အလှည့်ကျ ချက်စားနေကြပါပြီ၊ ချက်စားဖြစ်တာက့ သူတို့တွေရဲ့ 
မဟာကင်ချီ ချဉ်ပတ်နဲ့ ဆီမပါ ပြားမပါ အသားမပါ အရသာမပါတဲ့ အဟာရတွေကို မမှီဝဲနိုင်တော့လို့ပါ။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

ကကြီး အလုပ်တွေရဲ့ ထုံးစံက တနေ့သုံးနပ် အကျွေး မပါမနေရပါ၊ မနက်ဆို အလုပ်လာရာလမ်းက 
သတ်မှတ်ထားတဲ့ ဆိုင်တဆိုင်မှာ မနက်စာဝင်စားလေ့ ရှိကြပါတယ်၊ အလုပ်ခွင်မှာတော့ လာပို့လေ့
ရှိပါတယ်၊ ညစာကိုလည်း အလုပ်နားက ဆိုင်တဆိုင်မှာ စီစဉ်ထားကြပါတယ်၊ သောက်တတ်သူများ 
ကတော့ ကိုယ့်ဘီလ်နဲ့ကိုယ်ပေါ့။ တနပ်စာ စားစရိတ်က မသေးလှပါဘူး၊ ဝမ် နှစ်ထောင် နှစ်ထောင့် 
ငါးရာ တချို့ဆိုရင် သုံးထောင် သုံးထောင့်ငါးရာမျှ ကျသင့်ပါတယ်၊ တနေ့ သုံးနပ် တွက်ကြည့်ကြပါ၊

အဲဒီတော့ မောင်ရင်ငတေလည်း တနပ်ဆိုနှစ်ထောင် သုံးနပ်ကိုခြောက်ထောင် ရက်သုံးဆယ်ဆိုရင် 
ဘယ်လောက် ကျသင့်သလဲ ကကြီးကောင်တွေနဲ့ ညှိပြီး ထမင်းစရိတ် တလ ဝမ်တသိန်း ပေးမလား
ကကြီးတွေလည်း တွက်ချက်ကြည့်တော့ သက်သာနေတာနဲ့ ပေးမယ် ဖြစ်လာပါတယ်၊ အဲဒါနဲ့ မီးဖို 
အိုးခွက် ပုဂံတွေ မင်းတို့ ကြည့်လုပ်ပေးဆိုတော့ သူတို့က အေးဆေးပါတဲ့၊ အဲဒီအချိန်က ကကြီးမြေ 
လမ်းဘေးတနံလျှား အိမ်သုံးကုန်ပစ္စည်း ကောက်စရာက ပေါမှပေါတဲ့ အခိုက်မှလား အေးဆေးပေါ့။

ကကြီးအလုပ်တွေက နေစရာပေးတယ်ဆိုပေမယ့် အများအားဖြင့် တော်ရိလျော်ရိတွေသာပါ၊ သူတို့
အလုပ်ရုံဆိုတာ တဘက်ရပ်တဲကြီးတလုံးအဆင့် ခပ်သာသာသာဆိုတော့ နေစရာပေးတာကလည်း 
ကျောတခင်း ဖျာတချပ် သာသာတွေလည်း ရှိပါတယ်၊ အလုပ်ရှင်ဆိုတဲ့ ကကြီးမိသားစု ဘုစုခရုတွေနဲ့ 
ပေါင်းနေရသူတွေလည်း ရှိသလို ကုတင်တလုံး သူဌေးတလှည့် သူတလှည့် နေ့ဆိုင်းညဆိုင်းလုပ် 
အိပ်ကြရသူတွေလည်း ရှိပါတယ်။

မောင်ရင်ငတေ ကံကောင်းတာက အလုပ်ရှင်လင်မယားက ဆရာဆရာမဟောင်းများ ဆိုကြပေမယ့် 
ပစိပစပ် သိပ်မများပဲ ခပ်အေးအေးသမားများသာဖြစ်ပြီး မန်နေဂျာအငယ်နှစ်ယောက်က အသောက် 
အစားနဲ့ အားကစားသမားများ ဖြစ်လေတာကြောင့် မောင်ရင်ငတေ့ရဲ့ မြေအောက်နန်းတော် အခန်း 
လေးက လွတ်လပ်နယ်မြေတခု အသွင်သို့ ဆောင်လာပါတယ်။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီလိုသာ မောင်ရင်ငတေတို့က ကံလေးက ကောင်းချင်တော့ ကကြီးကောင်းတွေနဲ့ တွေ့ဆုံခဲ့ရပြီး 
အပိုင်စားရတဲ့ မြေအောက်နန်းတော်လေးကလည်း လွတ်လပ်ခြင်းအတိ စည်းရိုးမရှိ အတားဆီးမဲ့နဲ့ 
ဝင်ခွင့်ထွက်ခွင့်ရရာ ဖြစ်လာလေတော့ နေ့နေ့ညည ရွှေဗမာတွေ စည်ကားရာ ဇရပ်အလား ဖြစ်လာ 
တော့ပါတယ်၊ အလုပ်နားသူ အလုပ်ပြုတ်လာသူ အသစ်ရောက်လာသူ နယ်မြေ ပြောင်းလာသူတွေ 
ကြောင့် မူရင်း ငါးယောက်ခန်းဟာ ဆယ်ယောက်မက နေတဲ့ အခန်း ဖြစ်လာပါတော့တယ်။

ရွှေလူမျိုးစုံရုံတင်မျှမက ဖား ငါးတွေ ဗျိုင်းတွေ ဘကုန်းတွေနဲ့ အင်တာနေရှင်နယ်ဇုံ ဖြစ်လာပါတယ်။

မောင်ရင်ငတေတို့ ကကြီးမြေနင်းပြီး ခြောက်လကျော် တနှစ်မပြည့်မီမှာ ကကြီးအစိုးရ လေဘာဌာန ကြီးရဲ့ 
အစီအစဉ်နဲ့ နိုင်ငံတကာက Work Permit သမားတွေ ရောက်ရှိလာပါတယ်၊ အလုပ်လုပ်ခွင့် ပါမစ်ဆိုတော့ 
တရားဝင် သမားတွေပေါ့ မဟုတ်လား၊ ခက်တာက အစိုးရ အသိအမှတ်ပြု တရားဝင် အလုပ်လုပ်ခိုင်းပေ
မယ့် လုပ်ခလစာ ပေးတာတွေကတော့ တရားဝင် သတ်မှတ်ထားတဲ့ လုပ်ခလစာ ထက် အဆမတန် 
တဝက်မက နည်းပါးနေတာပါ၊ ခပ်ရှင်းရှင်း ပြောရရင်တော့ အလုပ်သမား ရေးရာ ဌာနတွေရဲ့ တရားဝင် 
လူလည်ကျ ကလိမ်ကကျစ် လုပ်ရပ်တွေလို့သာပါ၊ အမှန်တကယ် ရှိခဲ့တာပါ။

မောင်ရင်ငတေတို့လို့ နေထိုင်ခွင့် အလုပ်လုပ်ခွင့် တရားဝင် မရှိတဲ့ ခုန်ချသမားတွေတောင်မှ သူတို့ 
ကကြီးတွေနဲ့ တန်းတူ လုပ်ခလစာ ခံစားခွင့် (ကျန်းမာရေးကတော့ မပါဘူးပေါ့) ထပ်တူနီးပါးမျှ ရနေ 
သခိုက်မှာ သူတို့ပါမစ်သမားတွေက တဝက်လောက်သာ ရတာပါ၊ အဲဒါကြောင့် ပါမစ်ပစ် ပတ်ပို့စ်ပစ်
ပြေးကြသူတွေ မကြာပါဘူး ပေါ်လာတော့ပါတယ်၊ မောင်ရင်ငတေ မှတ်မိသလောက်ဆိုရင် ရွှေဗမာ 
တထောင်လောက် အလုပ်ပါမစ်လေးကိုင်ရောက်လာကြတာ ရှစ်ရာလောက်က မောင်ရင်ငတေတို့နဲ့
ချိတ်ဆက်မိပြီး နောင်ခါလာ နောင်ခါဈေး ပြေးကြလေသတည်းပေါ့ ဗျာ၊ မောင်ရင်ငတေတို့ ရွှေတွေ 
အများစုက တခြားနေရာမှာသာ ပိန်းချင်ပိန်းလိမ့်မယ် ဒီလိုစွန့်စားခန်းမျိုးကျတော့ မပိန်းလေကြဘူး၊ 
ဖြစ်ချင်ရာဖြစ် ခရီးသွားစာအုပ်မကလို့ ဘာဖြစ်ဖြစ် ထားသာထားခဲ့ပစ်လိုက်၊ အဲဒီစာအုပ်မျိုးလောက် 
အေးဆေးပါ၊ ဘီကေကေလှမ်းမှာ ဒေါ်လာ နှစ်ရာသုံးရာ၊ နောင်မှကြည့်ရှင်းကြ ခုတော့ပြေးကြပေါ့။

တယောက်စပြေးမှတော့ အားလုံးတညီတညာ ပြေးလာကြတာ ကကြီးသတင်းစာတွေထဲမှာတောင်
အပြေးနိုင်ဆုံး စံချိန်တင်ခဲ့တဲ့ ကိုရွှေဗမာတွေပါ၊ အဲဒီလို သွေးစည်းညီညွှတ်ခဲ့ကြသူတွေ ဖြစ်ကြောင်းပါ၊ 
မောင်ရင်ငတေ့ရဲ့ကကြီးကောင်တွေကတောင် မေးလာခဲ့ပါတယ်၊ မင်းကောင်တွေက များလှချေ လားပေါ့၊ 
မင်းတို့ချင်း ဟိုတုန်းကထဲက သိခဲ့ကြသလားပေါ့၊  မင်းတို့ကြည့်ရတာ သမီးယောက်ဖတွေ ကျနေလို့ 
မေးတာပါပေါ့၊ အမှန်ကတော့ သူတို့ ကကြီးတွေလည်း တွေ့တာနဲ့ အသေခင် တတ်ကြသူ တွေသာပါ၊ 
သူတို့ရဲ့ စရိုက်ထက် ကဲနေတဲ့ မောင်ရင်ငတေတို့ကို ကြည့်ပြီး အံ့သြမေး မေးကြတာပါ။

မောင်ရင်ငတေကလည်း ငါတို့ဟာ အမျိုးချစ်သူတွေပေါ့၊ နောက်များမှသာ တယောက်နဲ့တယောက်
အတင်းအုပ် သတင်းလုပ်တတ်ကြပေမယ့် တွေ့စ ခင်စမှာတော့ အခုလို ကြင်နာတတ်ကြကြောင်းပါ 
ပေါ့လေ့ မောင်ရင်ငတေရဲ့ ကကြီးကောင်တွေကတော့ ရီတာပေါ့ ငါတို့နဲ့ တူတူပါပေါ့။

ခုတော့ မောင်ရင်ငတေလည်း ကြင်နာတတ်ရုံမျှမက လွမ်းလွန်းတတ်နေပါပြီ။

အဲဒီမှာ ကိုကြီးသောင်းဆိုသူရဲ့ ကြွေးကြော်သံက ဟကောင်ရ မယားမပစ်နိုင်လို့ ပတ်စ်ပို့ပစ် ပြေးလို့ 
လာခဲ့ရတာ မင်းငါ့ကို တခွက်တိုက်ပါတဲ့ ခင်ဗျာ၊ မောင်ရင်ငတေလည်း ဘယ်ငြင်းမလဲ လာထားပေါ့။

မောင်ရင်ငတေအတွက် ငြင်းပယ်ခြင်းဆိုတာ မလိုချင်တဲ့ မကြိုက်နှစ်သက်လှတဲ့ ဝေါဟာရသာပါ၊
ဒါပေမယ့်လည်း သူကမယားမပစ်နိုင်ပေမယ့် မောင်ရင်ငတေတို့ကတော့ ကကြီးရေလျှင်ကြော မျော
ပါခဲ့ပြီး ချစ်စ ခင်စ ကြင်နာစတွေက ပစ်ပြေးခဲ့ခြင်းတွေကို ခံခဲ့ရတာကိုး၊ ပိုက်ဆံစုရုံသာ လွဲလို့ ဘာမှ 
စိတ်ဝင်တစားမရှိသူတွေအတွက် ကကြီးဟာ အလုပ်လုပ်ကောင်းတယ် ဆိုရုံသာပါ၊ မောင်ရင်ငတေ 
အတွက်ကတော့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားဘဝ ဘာတခုမှ မသေချာ မရေရာပေမယ့် 
ကကြီးတင်မက လ ဠကြီး အ အထိပါ သိချင်နေမိတော့ ခက်ပေရောပေါ့။

အိတ်စိုက် ကိစ္စတွေနဲ့ များတတ်ပေမယ့် မောင်ရင်ငတေ့ နဂိုအိတ်ကလည်း ခပ်ပြားပြားသာဆိုတော့ 
ကြာကြာ အိတ်စိုက်ရင် ကပ်ဆိုက်လာတတ်လေတော့ ကြာကြာမစိုက်နိုင်တဲ့ မောင်ရင်ငတေသာပါ၊ 
အဲဒီခါက သူကမောင်ရင်ငတေ့ထက် လေးငါးနှစ်မကကြီးပါတယ်၊ ဘဝအကြောင်းတွေကို နောကြေ
ခဲ့သူ တဦးပါ၊ ဟကောင် မစ်ကီရ မင်း တနေ့တော့ ငါပြောတာ နားလည်လိမ့်မယ်တဲ့ ပြောပါတယ်။

မောင်ရင်ငတေ ဒီကနေ့ထိ အဲစကား နားလည်သလားမလည်လား မခွဲနိုင်သေးပါဘူး၊ ဘာပြောပြော
ကိုကြီးသောင်းကိုသောင်းကြီးရေ ဒီကနေ့ ခင်ဗျားကို လွမ်းတယ်ဗျာ၊ ဒီစာရေးနေတဲ့ မောင်ရင်ငတေ့ 
ကိုတော့ အဲဒီ ကိုသောင်းကြီး နားလည်လွန်းတော့ ခေါင်းတခါခါနဲ့ ဖြစ်နေလောက်ရောပေါ့။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒီကာလ ကကြီးရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက ဒီကနေ့ ကကြီးမြေကိုဘဝကို ရောက်ခဲ့ပါ
တဲ့ အစပထမကာလတွေပါ၊ လာသမျှလူကို အညဟဆေးရိုး ပြောပြီး လုပ်မလား လုပ်မလားခေတ်မို့
အလုပ်တွေကလည်းပေါမှပေါ၊ အဆင်သင့်လေ၊ ဒီနေ့လုပ်ကြည့် အစဉ်မပြေ နောက်တခုကိုပြောင်း။  

အလုပ်ပြောင်းရုံမျှမက နာမည်တွေပါပြောင်း မစ်ကီတွေ ဂျက်ကီတွေ ဂျင်မီတွေ တင်မီတွေ ဖြစ်ကုန် 
ကြတာပေါ့၊ ဘာ စာရွက် မှတ်ပုံတင်မှ မလိုတာလေ၊ မောင်ရင်ငတေ့ မိတ်ဆွေကြီးတယောက်ဆိုရင်
လမ်းမတော်က နာမည်ကြီး မုန့်ဟင်းခါး စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက်ပေါ့၊ အလုပ်သစ်တခု 
ဝင်တော့ နာမည်ကို ဂျင်မီလို့ပြော အလုပ်ဝင်ခဲ့တာ၊ တရက်နှစ်ရက်ကြာတော့ သူ့ လုပ်ငန်းခွင်ထဲမှာ 
သူ့လုပ်ဖော်တယောက်က ဂျင်မီ ဂျင်မီ ခေါ်ရင်း ဝဲယား အာ ယူ နဲ့ လိုက်ရှာပါသတဲ့၊ အဲ သူကလည်း
ကြားပေမယ့် သူ့ခေါ်တာ မဟုတ်ဘူးထင်လို့ မထူးမိပါဘူးတဲ့၊ အဲဒါနဲ့ ခေါ်နေတဲ့ ကကြီးအကောင်က 
သူ့တွေတော့ ဒေါကန်ပြီး ခေါ်နေရဲ့သား ကြားရဲ့သားနဲ့ မင်းက လခွီးမို့လို့ မထူးတာလားပေါ့၊ ဟာ့ဟ 
အမှန်တကယ်က သူက သူပေးထားတဲ့ သူ့နာမည် သူမေ့ပြီး မထူးဖြစ်ခဲ့ရခြင်းပါ၊ အဲဒီတော့မှ ကကြီး 
ကောင်လည်း ဒေါသပြေပြီး နောက်တခါမင်းရဲ့နာမည် မပြောင်းနဲ့တော့တဲ့ ဝမ်နင်ပေးလိုက်ပါတယ်။

ဂျင်မီကလည်း ဟဲဟဲ ဟဲဟဲနဲ့လုပ်၊ နောက်တခု အလုပ်ပြောင်းတော့ နောက်အမည် တမျိုးပြောင်းလို့ 
ကျင်လည်ဖြတ်သန်းခဲ့တာသာပါ၊ အခုတော့ ကကြီးပြန် ဂျင်မီကြီးလည်း သူ့နာမည်အရင်းနဲ့ ရန်ကုန် 
ရွှေမြို့တော်ကြီးမှာ သာသာယာယာ ဖြတ်သန်းနေမယ် ထင်မိရပါတယ်။


Eunhaeng-dong 은행동 Siheung                                                  (Photo AKT, YNG)

အဲဒါနဲ့ မောင်ရင်ငတေတို့ မြေအောက်နန်းတော်စုတ်ချာချာလေးလည်း ဘန်ကီမွန်းတို့လို့ ပုဂ္ဂိုလ်ကြီး
တွေ နာမည်မကြီးခင်ထဲက ရွှေတွေဗျိုင်းတွေ ဘကုန်းတွေနဲ့ စည်ကားရာ ဒုက္ခရိပ်မြုံလေး ဖြစ်လာပါ 
တော့တယ်၊ ပါမစ်ပစ်ပြေး ဒုက္ခသည်တွေထဲမှာ ရွှေတွေနဲ့ ဗျိုင်းလို့ခေါ်ကြတဲ့ ဟိုချီမင်းစီးတီး မြို့သား 
တွေက အများဆုံးပေါ့၊ မြောက်နဲ့တောင် ဗျိုင်းနှစ်ကောင် အပေါင်းမှာ မျက်စေ့လည်လမ်းမှား ရောက် 
လာကြတဲ့ မြောက်ဗျိုင်းသား ဟနွိုင်းသားတွေလည်း ပါသပေါ့၊ သူတို့ဒုက္ခက ပိုဆိုးတာက အီးစကား 
မပေါက်တာပါ၊ သူတို့ရဲ့အစ နှစ်ယောက်က မောင်ရင်ငတေတို့ အလုပ်ရုံကို ပစ္စည်းပို့လာရင်း စကား 
ပြောမိပြီး သိကျွမ်းခဲ့ရတာပါ၊ လက်ဟန်ခြေဟန် ကကြီးစကား အကျိုးအပျက်နဲ့ ပြောဆိုကြရင်း အဲဒီ 
တော့ မောင်ရင်ငတေလည်း သဘောပေါက်မိတာနဲ့ မင်းတို့နဲ့ ငါအလုပ်မဖြစ်ဘူး အီးလို စာတစောင်
ရေး မင်းတို့ထဲက အီးလိုတတ်တဲ့ကောင်ကိုပြ နောက်တော့ငါ့ကိုဆက်သွယ်ပြောပြီး ကကြီးလေဘာ
ဌာနရဲ့ သောက်ချိုးမပြေတာတွေကိုကြားဝင် ဆဆရာကြီးလုပ် လူတတ်ကြီးလုပ်တော့တာပေါ့လေ။

အဲဒီလိုနဲ့ ကကြီးရောက် မြောက်ဗျိုင်းဟနွိုင်းသားတအုပ် မောင်ရင်ငတေတို့ ကြီးစိုးနေတဲ့ ရှီဟွန်းမြေ
ဆီသို့ ရောက်ချလာပါတော့တယ်၊ သူတို့တတွေကလည်း မောင်ရင်ငတေတို့ကို ကျေးဇူးတွေတင်လို့ 
ထမင်းတွေဖိတ်ကျွေး ဆိုဂျူးတွေခေါ်တိုက်ပေါ့၊ မြောက်ဗျိုင်းသူ ဖြူဖြူချောချောမလေးတွေကလည်း 
သဘောမနှောကကောင်း အချက်အပြုတ်ကကောင်းဆိုတော့ မောင်ရင်ငတေတို့လည်း သဘောကျ 
ကြတာပေါ့မှလား၊ နောက်ပိုင်းတော့ သူတို့တွေလည်း အခြေတွေကျ အလုပ်တွေ ကောင်းလာတော့ 
မောင်ရင်ငတေတို့ကို ဖိတ်ခေါ်နေသေးပေမယ့် ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ် မအားမလပ်တာကြောင့် 
ရော အခြားအခြားသော ကကြီးရဲ့ ဒုက္ခသုခတွေကြောင့် မသွားဖြစ်တော့ပါဘူး၊ သူတို့ မြောက်ဗျိုင်း 
သုံးယောက်နဲ့ အမှတ်တရ ပုံကတော့ မှတ်တမ်းတင်ဖို့ ကျန်ရှိနေခဲ့ပေမယ့် မြောက်ဗျိုင်းသူ ဖြူဖြူနွဲ့နွဲ့ 
တွေနဲ့ တွဲရိုက်ဖြစ်ခဲ့တဲ့ ပုံမှတ်တမ်းကတော့ အသိမ်းလွန်ခဲ့တာမှာ ပါသွားခဲ့ပါပြီ၊ တခါက အမှတ်တရ
များအဖြစ် မှတ်တမ်းပြု ဖော်ပြဖို့ မကျန်ရှိတော့ပါဘူး၊ ပုံပြင်တပုဒ်အဖြစ်သာပေါ့ မှတ်မိပါကြောင်း။

မှတ်မိခဲ့ရတာလေး တခုထည့်ပြောရရင် ဒီလို အာရှအရှေ့ဖျား စီးပွားရေးဂွင်ကို အရင်ဆုံးအုပ်စီးမိသူ 
တွေက ဖိလစ်ပီနိုတွေ အီရန်တွေ ပါကီတွေပါ၊ သူတို့နောက်မှာတော့ ဘကုန်းတွေပေါ့၊ ရွှေဘကုန်း 
တွေလည်း ပါတာပေါ့လေ၊ တချို့ဆိုရင် ရွှေစာစကား မောင်ရင်ငတေတို့ထက် ပိုတတ်ကျွမ်းပါတယ်။

သူတို့ထဲက ရန်ကုန် ငွေလွှဲကိုင်သူတောင် ရှိခဲ့ပါတယ်၊ ပါကီတွေ အီရန်တွေကတော့ ကကြီးမြေမှာ 
ဆရာကြီးအဆင့် ရောက်နေပြီမို့ ရွှေဘကုန်း အများစုသာ မောင်ရင်ငတေတို့နဲ့ အတူ ကျင်လည်နေ ချိန်ပါ၊ 
ဒီကနေ့လို နိုင်ငံရေးအရောင်က မများသေးချိန်မို့ သူတို့နဲ့ ဆက်ဆံရာမှာ အကူညီရခဲ့ပါတယ်။

သူတို့ကပေါက်ရောက်ကြသူများမို့ ဟေ့ကောင်မစ်ကီ သိပ်လမ်းမသလားနဲ့ အစစ်ဆေးတွေ ရှိတယ်၊
သတိပေး ပြောကြပါတယ်၊ မောင်ရင်ငတေကတော့ထုံးစံ ပြန်မပြော နားမထောင်သာမို့ သွားမြဲသွား 
လုပ်မြဲလုပ် နေမြဲသာပါ၊ သူတို့က မင်းကွာ မင်းကွာနဲ့ပေါ့၊ မောင်ရင်ငတေကတော့ ကကြီးရဲဆိုတာ 
နှုတ်ခမ်းမွှေးက မပါလေတော့ မလေးရဲတွေလောက် မကြောက်မိတာ အမှန်ပါ၊ အဲဒီ လမ်းမပေါ်တွေ 
တွေ့ရလေ့ရှိတဲ့ ကကြီးရဲတွေက မလေးရှားရဲ့ လမ်းရဲတွေလို ဆိုင်ဆိုင် မဆိုင်ဆိုင် ပိုက်ဆံ ညှစ်ထုတ်
ရှာဖွေရေးပညာ မတတ်ကျွမ်းသူများသာပါ၊ ဒါကြောင့်မို့ မောင်ရင်ငတေတို့ အန္တရာယ်ကင်းဘေးရှင်း
ကကြီး မြို့တော် ဆိုးလ်ဝန်းကျင်ကို သွားလာ လေ့လာခွင့် ရခဲ့ပါတယ် ဆိုရပါမယ်။











dimanche 1 octobre 2017

* ** ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း ** *

ဒွိုက်ခ်ျလန်း သို့မဟုတ် ဂျာမဏီ
ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း


Schwarzwald (Deutschland)                                                            (Photo UMarcus)

သတင်းအတင်းအဖျင်းတွေချည်း ဖတ်နေရတာ စိတ်ညစ်ညူး စိတ်ညစ်ညူးရတော့ စကားမပြောချင် 
စာမရေးချင် စိတ်လက်မပါ ဖြစ်နေသခိုက်မှာ စုဆောင်းထားတဲ့ မှတ်တမ်းတွေ ပုံတွေ ဖိုင်တွေကိုဖွင့် 
ရှင်း၊ လင်း၊ ဖယ်၊ ဖျက်၊ ပြောင်း၊ စီ၊ စု၊ နဲ့ စိတ်ပြောင်းအောင် ဒီရက်ပိုင်းမှာ လုပ်နေမိပါတယ်။

အဲဒီလိုလုပ်နေရင်း လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကာလ ဝန်းကျင်ခန့်က ဖိုင်တော်တော်များများကို အဓိက ထားလို့ 
ပြန်လှန်မွှေနှောက်ရင်း ပြီးခဲ့တဲ့အပတ်က ကာရံထားသော တံတိုင်းကြီးများ မှသည့့် ခြံစည်းရိုးကို 
ခွကျော်သူများ စာစုကြမ်း နှစ်ပုဒ်ကို တပုဒ်လုပ် အချောသပ် ရေးဖြစ်ခဲ့ပါတယ်၊ 

အဲစာစု ကလည်း တကယ်တမ်း စိတ်ညစ်ညူးမှုကို မပြေစေပါဘဲ အမောပိုဖောက် လာစေသလိုသာပါ။

အဲဒါနဲ့ ညစ်ညူးနေတဲ့စိတ်တွေကို ကြည်လင်လာစေရအောင် မြစ်ပင်လယ် တောတောင် တိမ်တိုက်တွေရဲ့ 
သဘာဝကျကျ ပြာပြာ ဖြူဖြူ ဝါဝါ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်းတွေကို ရွေးရှာကြည့်ရင်း ဂျာမန်တို့ရဲ့ 
နာမည်ကျော် ဘလက်ဖောရက်စ်ပေါ်သို့ စိတ်ကူးအလည်တခေါက် ရောက်ရှိသွားခဲ့မိပါ တယ်၊ လူက 
ဝုန်းကနဲ ထသွားလို့ မရတော့ စိတ်ကိုသာ လွှတ်ရင်း ထွက်ပေါက်ရှာမိရခြင်းပါ။

Schwarzwald (Deutschland)                                                              (Photo Google)

Schwarzwald (Deutschland)                                                              (Photo Google)

ဘလက်ဖောရက်စ်အကြောင်း တို့တို့တိတိ ရေးထားခဲ့တာတွေတော့ရှိပါတယ်၊ မောင်ရင်ငတေ့
ထုံးစံ ဂျောင်ကပ်နေတဲ့ဖိုင်တခုကို ပြန်လည်ဆွဲထုတ်ဖို့ ကြန့်ကြာဝန်လေး နေတတ်ခြင်းကြောင့် 
ဘာမှဆက် မလုပ်ဖြစ် ဒီလိုမျိုး ပစ်ထား ထားခဲ့ခြင်းတွေက အများကြီးပါ။

ဂျာမဏီရဲ့ Black Forest ဘလက်ဖောရက်စ်ကို သူတို့ဂျာမန် အသံထွက်နဲ့ Schwarzwald ရွှာ့ဇဗိုဒ်
လို့ ခေါ်ကြပါတယ်၊ (မောင်ရင်ငတေ့နားနဲ့ ကြားရတဲ့ အနီးစပ်ဆုံးပေမယ့် ကြားရတာက အစဉ်မပြေ 
လှပါဘူး) ရွှေဗမာလို ပြန်ရင်လည်း အနက်ရောင်သစ်တော (သစ်တောနက်) ဆိုတော့ တမျိုးကြီးပါ၊ 
ပြင်သစ်လိုကတော့ Forêt-Noire ပါ၊ အဲဒါလည်း မမိုက်ပါဘူး၊ ဒါကြောင့် တိုက်ရိုက်အသံနဲ့ ဖလှယ် 
ယူရမယ်ဆိုရင် အင်္ဂလိပ်လိုက အစဉ်ပြေဆုံး ထင်မိရလို့ Black Forest ဘလက် ဖောရက်စ် ဟုသာ 
ရေးလိုက်ရခြင်းပါ၊ ဘလက် ကော်ဖီ ဆိုတဲ့ စကားလို လူကြိုက်များလေမလားလို့ပေါ့ ခင်ဗျား။



Schwarzwald (Black Forest) ဘလက်ဖောရက်စ်                                      (ဓါတ်ပုံ မရငတ)  

မိုင်တရာရှည်ပြီး မိုင်ငါးဆယ်ခန့်သာကျယ်တဲ့ အဲဒီ Black Forest ဘလက်ဖောရက်စ် ဆိုတာကြီးက 
တကယ်ကတော့ သိပ်ကြီးလှတဲ့တောင်တန်း မဟုတ်ပါဘူး၊ ပျမ်းမျှအမြင့်ပေက လေးထောင်ခန့်သာ 
ရှိတဲ့ တောင်စဉ်တန်းတခုသာပါ၊ အနီးစပ်ဆုံးနှိုင်းယှဉ်ပြောရရင် ရခိုင်ရိုးမကြီးရဲ့ ငါးပုံတပုံ ပဲခူးရိုးမရဲ့ 
တဝက် နီးပါးမျှသာရှိတဲ့ တောင်စဉ်တောတန်းလေးတခု အရွယ်သာပါ၊ အမြင့်ဆုံးတောင်ကမှ ပေငါး
ထောင်နီးပါးရှိတာပါ၊ ပုပ္ပားတောင်မကြီး အမြင့်နဲ့ တူတူလောက်ပါ၊ ဒါပေမယ့် ဥရောပထုံးစံ ဆောင်း 
အခါမှာတော့ တောင်တပြင်လုံး နှင်းဖြူတွေ ဖုံးလွှမ်းရာဖြစ်သလို နွေဆိုရင်လည်း နှင်းကြွင်းနှင်းကျန်
တွေနဲ့ လှပနေတတ်တဲ့ တောင်ထိပ်တခုမို့ တနှစ်ပတ်လည် ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ နေရာ 
ဖြစ်ပါတယ်တဲ့၊ မောင်ရင်ငတေတို့ သွားတဲ့လမ်းက အဲဒီရေခဲတောင်ထိပ်ကို လှမ်းမမြင်ရတဲ့ အကွယ် 
လမ်းဖြစ်နေလို့ အခုလို နေသာတဲ့နေ့ တိမ်တိုက်တွေ ကြားက တောင်ချွန်းထိပ် အလှကို မြင်တွေ့ခွင့်
မရခဲ့တာကတော့ ကံဆိုးမှု တခုလို့သာ ဖြေသိမ့်ခဲ့ရကြောင်းပါ။

ဒီလို “Silva Nigra” Black Forest ဘလက်ဖောရက်စ်လို့ အမည်တွင်ခဲ့ရတာက ဟိုးရှေးပဝေသဏီ
Middle Ages ခေတ်ကာလထဲက သဘာဝအတိုင်းပေါက်နေတဲ့ Black Fir ခေါ် Deep Green Pine 
ထင်းရူးပင်နက်တွေနဲ့ ပြည့်နေတဲ့ သစ်တောကြီးတတော ဖြစ်ခဲ့လို့ပါတဲ့၊ ထုံးစံအတိုင်း ၁၇ ရာစု လွန် 
ကာလမှာတော့ လူသားတွေရဲ့ မဆင်မခြင် အပြိုင်အဆိုင် လိုအင်ဆန္ဒတွေနဲ့ ခုတ်ထစ်မှုတွေကြောင့်
အဲဒီ စိမ်းညို့ညို့မှိုင်းနေတဲ့ Black Forest ဘလက်ဖောရက်စ်ထင်ရှုးတောကြီးဟာ တဝက်နီးနီးမက
ကုန်သွားခဲ့ပါသေးတယ်တဲ့၊ နောက်ပိုင်းမှာတော့ သစ်တပင်ခုတ်ထောင်သုံးနှစ် အမိန့်ထုတ် တားမြစ် 
ခဲ့ကြ လေသလား မသိပါဘူး၊ ဘလက်ဖောရက်စ်ကို ပြန်လည်ထိမ်းသိမ်းကြဖို့ ပြန်လည်စိုက်ပျိုးကြဖို့ 
ဆော်သြခဲ့ကြသူတွေ ပေါ်ပေါက်လာခဲ့ကြလို့လည်း ဒီကနေ့မှာတော့ ထင်းရူးပင်နက်တွေသာမကဘဲ 
တခြားသော အပင်ကြီးမျိုးစုံကို တွေ့ခွင့်မြင်ခွင့်ရခဲ့ကြတယ်လို့ ဆိုကြပါတယ်၊ အဲဒီခေတ်ထဲက အဲလို 
အသိစိတ်ရှိသူတွေ သူတို့ဒေသမှာ ရှိခဲ့ပါတယ် ပြောမယ်ဆိုရင်လည်း ရပါတယ်။



ဘလက်ဖောရက်စ်ကို ဖြတ်ကျော်ခြင်း                                                       (Photo Google)

ဘလက်ဖောရက်စ် အနီးတဝိုက်ကို မောင်ရင်ငတေ ဖြတ်သန်းခဲ့တာကတော့ သုံးလေးကြိမ်ရှိခဲ့ဖူးပေ 
မယ့်လည်း ဒီတောင်တန်းကို ခါးလယ်က ကျော်ဖြတ်ဖူးတာ တကြိမ်သာ ရှိဖူးခဲ့ပါသေးတယ်၊ နောက် 
တကြိမ်မှာတော့ သုံးလေးရက်မျှ ဘလက်ဖောရက်စ်အလယ်က တောမြို့လေးတမြို့ကို သွားဦးမယ် 
ရည်မှန်းထားပေမယ့် အခုထိတိုင် အကောင်ထည် မဖော်နိုင်ခဲ့သေးပါဘူး၊ ပြီးခဲ့တဲ့ သြဂတ်စ်လဆန်း 
တုန်းက အဲဒီဘလက်ဖောရက်စ် တောင်ခြေအနားကို ရောက်ရှိခဲ့ပြီး ဘလက်ဖောရက်စ်တောင်တန်း 
တွေကို စိမ်းစိမ်းညို့ညို့နဲ့ မြင်မိခဲ့ရာက မောင်ရင်ငတေ့အတွက် အဲဒီ ဘလက်ဖောရက်စ် ရောဂါကြီး 
ပြန်လည် နိုးထလာတယ် ဆိုရမှာပါ၊ နောက်နှစ်တော့ အရောက်သွားပါဦးမယ်။

အဲဒီလို့ အဲဒီ့ ဘလက်ဖောရက်စ့့်
တောင်တန်းပေါ်ကို သုံးလေးငါးညအိပ်သွားပြီးမှသာ ဆက်ရေးမယ့် စဉ်းစားနေမိသေးပေမယ့်လည်း 
ရေးချင်စိတ်က ပေါ်လာတာမို့ တနေ့တာ ဖြတ်သန်းခဲ့ရတဲ့ ခရီးမှတ်တမ်း ပုံရိပ်များအကြောင်းကိုသာ

ရေးထားပြီးသမျှ အနည်းငယ် ပြင်ဆင်ဖြည့်စွက်၍ အချောသတ်တင်ပြလိုက်ရကြောင်းပါ၊ အကယ်၍ 
များသာ နောက်တခေါက်လောက် ဒီနေရာကို ထပ်မံရောက်လာဦးမယ် ဆိုရင်တော့ စိမ်းစိမ်းညို့ညို့ 
ဘလက်ဖောရက်စ်ရဲ့ တောရိပ်တောင်ရိပ်အလှကို ဒီထက်မက ပိုမိုခံစား ရေးဖွဲ့ချင်မိပါသေးတယ်။



Schwarzwald (Black Forest) ဘလက်ဖောရက်စ်                                      (ဓါတ်ပုံ မရငတ)

မြေပြန့်လွင်ပြင်တွေမှာတောင် ဆီးနှင်းတွေ အမြဲဝေတဲ့ ဂျာမန်မြေမှာ ဒီ ဘလက်ဖောရက်စ်မှာလည်း 
ဆီးနှင်းကတော့ အမြဲဝေပါတယ်၊ မိုးကတော့ တနှစ်ပတ်လည်လုံးလိုလို ရွာတတ်ပေမယ့် နွေကာလ
တွေမှာ မိုးလေကင်းစင်ချိန် တော်တော်များများ ရှိတတ်ပါတယ်တဲ့၊ မောင်ရင်ငတေတို့ သွားခဲ့တဲ့ အချိန်က
နွေဝင်စ ဂျွန်လဆိုတော့ ဆီးနှင်းတွေတော့ မတွေ့ခဲ့ရပါဘူး၊ ဆောင်းတွင်းကာလ ဆိုရင်တော့ နှင်းလျှောလာ
စီးကြတဲ့ ကလေးလူကြီး မိသားစုတွေနဲ့ ရှုပ်ရှက်ခပ် စည်ကားနေတဲ့ နေရာပါ၊ အခုချိန် နွေကာလကတော့ 
အပင်ပန်းခံ အမောခံနိုင်ကြတဲ့ တောင်တက်သမား စက်ဘီးသမား တချို့တလေ ရယ် အေးအေးဆေးဆေနဲ့
တောင်ပေါ်အလှကို လာခံစားကြတဲ့ ခရီးသည်တွေရယ် မောင်ရင်ငတေ တို့လို လျှပ်တပြက် ရောက်လာ
တတ်တဲ့ ခရီးသွား တချို့ရယ် ဒေသခံတွေရယ်နဲ့  မစည့်တစည်ပါ။

ဒီလိုအချိန်တွေမှာကတော့ အဲဒီဘလက်ဖောရက်စ်ရဲ့ အသာယာအလှပဆုံး အချိန်တွေပါတဲ့၊ 
လေနုအေများ ခပ်ဖြေးဖြေး ခပ်မှန်မှန် တိုက်နေတဲ့အချိန် မိုးကောင်းကင်ပြာပြာ တိမ်ဖြူဖြူတွေနဲ့ 
ဘလက် ဖောရက်စ်ရဲ့ တောစဉ်တောင်တန်းတွေဟာ ကြည့်လို့အလှဆုံး ကြည့်လို့မဝနိုင်ဆုံး 
အချိန်တွေပါတဲ့။


အောက်စ်ဘုဂ်မြို့အထွက် Lechbrücke တံတားနီ                                        (ဓါတ်ပုံ မရငတ)

အဲဒီနေ့က မောင်ရင်ငတေတို့ ခရီးစတင်ခဲ့တာက ဘိုင်ယန်ပြည်မြူးနစ်မြို့နားက Augsbourg မြို့ပါ၊
ဂျာမဏီရဲ့ အရှေ့တောင်ပိုင်းမှာ ရှိပါတယ်၊ ဦးတည်သွားရမယ့် လမ်းကြောင်းက ဂျာမန်မြို့ Kehl နဲ့ 
ပြင်သစ်မြို့ Strasbourg နယ်စပ်မြို့အမွှာဆီသို့ပါ၊ ပုံမှန်အများသုံး အမြန်ဟိုင်းဝေးလမ်းကတော့ A8
(Autobahn8) အတိုင်း Stuttgart မြို့ကိုဖြတ် ဘလက်ဖောရက်စ် တောင်တန်းမြင့်မြင့်တွေကို ပတ် 
ရှောင်ကွေ့ပြီး မြောက်ဘက် Karlsruhe, Saarbrücken မှတဆင့် ပြင်သစ်နယ်ကိုဝင် Metz ကိုဖြတ်
Autoroute A4 သို့မဟုတ် Autoroute de l’Est အတိုင်း ပါရီ သို့ ဦးတည် မောင်းပြန်ကြတာပါ၊ 
ခရီး ဝေးသွား လိုင်းဘတ်စ်ကား ပါရီ-ဖရန့်ဖွတ် ပါရီ-မြူးနစ် ပါရီ-ပရာဟာ လိုင်းကားတွေ အဲဒီအမြန်
လမ်းကြောင်းကို အများအားဖြင့် အသုံးပြုလေ့ ရှိပါတယ်။


Bundesautobahn 8 (BAB 8) (Autobahn 8) (A 8)                                   (ဓါတ်ပုံ မရငတ)

ဒီခရီးမှာတော့ အသွားခရီး အမြန်လမ်းကမောင်း အပြန်မှာ အေးအေးဆေးဆေး ကျေးလက်လမ်းက 
နေပြီး နားနားနေနေနဲ့ ပြန်ကြတာပေါ့ဆိုပြီး ကားမောင်းသူ ကားအုံနာ မောင်ရင်ငတေ့ရဲ့မိတ်ဆွေက 
ပြောလာလို့ ရေးဆွဲဖြစ်တဲ့ ခရီးလမ်းကြောင်းပါ၊ မောင်ရင်ငတေက ကပ်လိုက်စီးသူ တဦးသာပါ။

မောင်ရင်ငတေ့စိတ်ကြိုက် လမ်းကြောင်းဆွဲတယ်ဆိုပေမယ့်လည်း ကီလိုမီတာ ခွန်နှရာ့ရှစ်ဆယ်ခန့် 
ဝေးတဲ့ခရီးကို မောင်းရမယ့်အချိန်က ရှစ်နာရီအနည်းဆုံးရှိတာမို့ ဘလက်ဖောရက်စ်တောင်တန်းကို 
ရောက်မှသာ ကျေးလက်တောလမ်းက တက်ဖို့ ဆုံးဖြတ်ပြီး Bundesautobahn (A8) လမ်းမကြီးအတိုင်း
မောင်းလာခဲ့ကြပါတယ်၊ ၁၉၃၀ ခုနှစ်များထဲက ဖောက်လုပ်ခဲ့တဲ့ ဒီအမြန်လမ်းမကြီးက ဒီကနေ့ အထိ 
ပြုပြုင်နေဆဲ တိုးချဲ့ဖောက်လုပ်နေဆဲကို နေရာအများအပြားမှာ တွေ့ရှိရပါတယ်။

ညကိုးနာရီဆယ်နာရီ ပါရီပြန်ဝင်ရင်ရပြီဆိုတော့ လမ်းမှာနားချိန်က လေးငါးနာရီလောက် ရပါတယ်၊ 
အောက်စ်ဘုဂ်ဟော်တယ်က ဘရိတ်ဖတ်စ်စားပြီး ထွက်လာတော့ မနက် ခွန်ခွဲကျော်ကျော်သာ ရှိပါ 
သေးတယ်၊ ဂျွန်လကုန် ဆိုတော့ အပူချိန်က သိပ်မပြင်းသလို မိုးလေကင်းရှင်းတဲ့ ရက်ဖြစ်လို့ ဂျာမန် 
တို့ရဲ့ အပြာရောင် မိုးကောင်းကင်က အတော် ကြည်လင် သာယာနေပါတယ်။

Bundesautobahn 8 (BAB 8) (Autobahn 8) (A 8)                                   (ဓါတ်ပုံ မရငတ)
Bundesautobahn 8 (BAB 8) (Autobahn 8) (A 8)                                   (ဓါတ်ပုံ မရငတ)
“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens”              (ဓါတ်ပုံ မရငတ)


“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens”              (ဓါတ်ပုံ မရငတ)

ခပ်ဖြူဖြူနဲ့ ခပ်ပါးပါး တိမ်ထုတချို့သာရှိတဲ့ အပြာရောင် မိုးကောင်းကင်ကြီးက တရိပ်ရိပ် 
ပြေးနေတဲ့ ကားရှေ့မှန်ကနေ ကြည့်ရင်းကြည့်ရင်းမှာ ပို၍ပို၍ ကျယ်ပြန့်လာတယ် ထင်မိရပါတယ်။ 


“Freie Fahrt für Freie Bürger”  “Free Driving for Free Citizens”              (ဓါတ်ပုံ မရငတ)

Munich-Stuttgart ဆက်သွယ်ထားတဲ့ ဂျာမန် Autobahn A8 အမြန်လမ်းမကြီးကတော့ ကျယ်ပြန့် 
ဖြောင့်ဖြူးလှတယ် ပြောနိုင်ပါတယ်၊ တခြား ဥရောပနိုင်ငံတွေနဲ့ နှိုင်းစာရင် တောင်ကုန်းတောင်တန်း 
နည်းပါးတယ်ပြောနိုင်ပြီး တနိုင်ငံလုံးလိုလိုက မြေပြန့်ကုန်းပြင်မြင့်ကြီးလို ဖြစ်နေတာကြောင့် လမ်းမ 
ကြီးတွေက ပိုမိုဖြောင့်ဖြူးနေဟန် တူပါတယ်၊ အမြန်လမ်းမကြီးတွေ ဖောက်လုပ်ခဲ့တာ ဂျာမန်မြေမှာ 
အစောဆုံးလို့ ပြောကြသလို ဒီကနေ့မှာ အကောင်းဆုံး လမ်းမကြီးတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကို
ကန့်ကွက်နိုင်စရာ တကွက်မျှ မရှိလောက်ပါဘူး။

ထူးခြားတာက ဂျာမန် အမြန်လမ်းမကြီးတွေပေါ်မှာ တနာရီ ဘယ်နှကီလိုမီတာသာ မောင်းရမယ်လို့ 
ကန့်သတ်ချက် မရှိပါဘူး၊ ဒါပေမယ့်လည်း တနာရီ ၁၃၀ ကီလိုမီတာထက်တော့ ကျော်မမောင်းသင့် 
ပါကြောင်း ပညာပေးတွေ ရှိပါတယ်၊ ဂျာမန် အမြန်လမ်းတွေပေါ်မှာ မောင်းချင်သပ ဆိုပါက တနာရီ 
ကီလိုမီတာသုံးရာထိ စိတ်တိုင်းကျ မောင်းချင်ရင်လည်း ကိစ္စမရှိပါကြောင်း ဂျာမန်လမ်းမကြီးတွေက 
စိတ်ချရပါကြောင်း ပြောကြသလို ဂျာမဏီရဲ့ ကမ္ဘာ့အကောင်းဆုံးသော ကားတွေကို စိတ်ရှိလက်ရှိနဲ့ 
စိတ်ထင်တိုင်းကြဲ မောင်းချင်ကြတဲ့ ကားမောင်းခရေဇီ ဂျာမန်ကြီးတွေရဲ့ ဆောင်ပုဒ်ကတော့ 

“Freie Fahrt für Freie Bürger” “Free Driving for Free Citizens” ပါ၊ 

ဒါကြောင့် ဂျာမန်လမ်းမကြီးတွေ ပေါ်မှာ ဝေါကနဲအသံမြည်ပြီး ကားဖင်မီးနီနီလေးက တခဏနဲ့ 
ပျောက်သွားတတ်တာမျိုးကို အဆန်း လုပ်၍ ပြောမနေကြပါနဲ့တဲ့ ခင်ဗျား။


Toll Bar in Romania (1877)                                                               (Photo Google)

နောက်တခုကတော့ လမ်းကြေး ကောက်ခံတဲ့ ဝါးတားဂိတ်တွေလည်း မရှိပါဘူးတဲ့၊ ဒါပေမယ့်လည်း 
(ဂျာမန်တွေလည်း ဘိုင်ပြတ်လာကြလို့ ထင်ပါရဲ့) များမကြာခင်မှာတော့ လမ်းကြေးလမ်းအခွန်တွေ 
ကောက်ခံတော့မယ့်ဆိုပြီး လွှတ်တော်ထဲမှာ ဆွေးနွေးငြင်းခုန် နေကြပါတယ်တဲ့၊ (ကုန်တင်ကားကြီး 
များကတော့ ၂၀၀၃ ခုနှစ်ထဲက လမ်းကြေး ကောက်ခံခဲ့တာပါ၊) အဲလို လမ်းခွန်ဥပဒေကို အတည်ပြု 
နိုင်ခဲ့ပါပြီ ဆိုလာရင်တော့ ဂျာမန်ကြီးတွေရဲ့ “Freie Fahrt für Freie Bürger”  “Free Driving for 
Free Citizens” “Germany Lovely Free Long Motorways” ဆောင်ပုဒ်ကြီးများတို့ မြောင်းထဲသို့ 
ရောက်သွားပြီ ပြောရတော့ပါမယ်၊ ဂျာမဏီလို လမ်းခွန်မရှိတဲ့ နယ်သာလန် ဘယ်လ်ဂျီယံ လူဇမ်ဘူး 
တို့လို့ နိုင်ငံလေးတွေကလည်း ဂျာမဏီကြီးကို စောင့်ကြည့်နေကြမှာ အမှန်ပါ၊ လမ်းခွန် ကောက်ကြ 
တာကတော့ အခုမှ မဟုတ်ပါဘူး၊ ဟိုးအရင် ခရစ်တော်မပေါ်ခင်ကာလက လှည်းလမ်းကြောင်းတွေ 
ဖုန်တထောင်းထောင်းထတဲ့ ခေတ်ထဲက ဥရောပမှာ ရှိခဲ့တာပါတဲ့။

ဂျာမန်တို့ရဲ့ လမ်းခွန်ကောက်မယ့် စနစ်က ဝါးလုံးတချောင်းရင်း ပြေစာမပေး ဘာမပေး ဝါးတားဂိတ်
မျိုး မဟုတ်သလို ပြင်သစ် စပိန် အီတလီတို့လို့ Highway Toll Gate ဂိတ်ကြီးတွေထား ပိုက်ဆံတွေ
ပေးပြီး ဖြတ်ရမှာမျိုးလည်း မဟုတ်ပါဘူး၊ သြစတြီးယား ဆွစ်ဇာလန် ဟန်ဂေရီ ချက် တို့လို ရက်ပေး 
လပေး နှစ်ပေးစနစ် ဖြစ်ဖို့များပါတယ်၊ အဲဒီစနစ်က မသိလို့ ကြိုဝယ်မထားမိရင် စစ်ဆေးရေးနဲ့ တွေ့ပါက 
ဒဏ်ငွေဆောင်ရကိန်း ဆိုက်တတ်တဲ့ စနစ်မျိုးပါတဲ့၊ ပြင်သစ်ကနေ ဂျာမန်မြေကိုဖြတ် ဆွစ်မြေ အရောက်မှာ 
ကွက်တိမိလို့ ဒဏ်ဆောင်ခဲ့ရဖူးသူတွေ အများအပြားပါတဲ့။


Bundesautobahn 81 (BAB 81) (Autobahn 81) (A 81)                            (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေလည်း ဘလက်ဖောရက်စ်ကိုသွားတာ ဘလက်ဖောရက်စ် မရောက်ပါဘဲ 
လမ်းမကြီးတွေအကြောင်း နားညည်းအောင် ပြောနေသလို ဖြစ်နေပါပြီ၊ အဲဒီလမ်းမကြီး အောက်စ်ဘုခ် 
မြူန်ရှန် စထရပ်ဘူးရ် ဂျာမန် ဟိုင်းဝေးအမှတ် (အေ ရှစ်) လမ်းအကြောင်း သီးသန့် ရေးတို့ထားတာလေး
ကို အဆုံးသတ် ရေးပါဦးမယ်၊ အခုတော့ ဘလက်ဖောရက်စ် တောင်ဖြတ် လမ်းခွဲဆီသို့ သွားကြပါစို့။

Augsbourg-Stuttgart က ကီလိုမီတာ ၁၆၀ ကျော်ကျော်မျှ ဝေးပါတယ်၊ စတူးဂတ် မရောက်ခင်မှာ
ဂျာမန် Autobahn အမြန်လမ်းကခွာပြီး ဘလက်ဖောရက်စ်ဆီသို့ ဦးတည်၍ မောင်းသွားကြပါတယ်၊ 
ပထမ ခွဲထွက်တဲ့လမ်း Autobahn 81 ကလည်း အမြန်လမ်းမ တခုမို့လို့ မြင်ကွင်းတွေက သိပ်မထူး  
လှသေးပါဘူး၊ အဲဒီ A81 အတိုင်း ဆက်မောင်းသွားပြီး သိပ် မကြာခင်မှာတော့ Bundesstraße 28a
လမ်းဆုံ လမ်းခွဲနားသို့ ရောက်လာပါပြီ၊ အဲဒီ နေရာကစပြီး မြင်ကွင်းတွေ စတင် ပြောင်းလဲလာပါပြီ။

တောရနံ့ တောင်ရနံ့ ရလာလေပြီလို့ ဆိုရပါမယ်၊ ဂျာမဏီမှာတော့ တောတောင်ထူထူရှိတဲ့ အရပ်လို့ 
ပြောကြပေမယ့် လမ်းတွေဖောက်တံတားတွေဆောက် ထားကြလို့လား မသိပါဘူး သွားရေးလာရေး 
လွယ်ကူသလို တောတောင်ကလည်း သိပ်ထူ သိပ်နက်တယ်လို့တောင် မထင်မှတ်ရတော့ပါဘူး။


Bundesstraße B28a                                                                          (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ဥရောပခရီး သွားဖူးသမျှ ရောက်ဖူးသမျှ အမြန်လမ်းမကြီးတွေရဲ့ နဘေးမှာ အတွေ့ရ 
များတာကတော့ ဂျုံခင်းပြောင်းခင်း ပန်းနှမ်းခင်း သကြားမုန်လာခင်းတွေကိုသာပါ၊ လမ်းမကြီးတွေ 
ပြန့်ပြူးတဲ့ မြေပြင်ရှိရာ နေရာတွေကိုသာရွေး ဖောက်လုပ်ကြစမြဲမို့ ထင်ပါရဲ့၊ စပျစ်ပင်တို့ လိမ္မော်သီး 
ပန်းသီး ဆီးသီး အသီးပင်တွေကိုတော့ လမ်းမကြီးတွေ ဘေးမှာ တွေ့မြင်ရလေ့ မရှိတတ်ပါဘူး၊ 
ဒီလို တောင်ကုန်းတောင်ခြေတွေနား ရွာလေးတွေနား တောမြို့လေးတွေနား ကွေ့ပတ်ဝိုက်ခါ
ဖောက်ထား တဲ့ ခပ်သေးသေး ကျေးလက်လမ်းလေးတွေဆိုရင်တော့ အသီးပင်မျိုးစုံကို တွေ့ရတတ်ပါတယ်။

Bundesstraße B28a လမ်းက အမြန် Autobahn အော်တိုဘန်းလမ်းမ မဟုတ်ပါဘူး၊ အသွားလမ်း 
အပြန်လမ်း တလမ်းစီသာရှိတဲ့ ခရိုင်လမ်းအဆင့်လမ်းပါ၊ လမ်းတဘက်တချက်မှာလည်း အတားဆီး 
အကာရံမရှိ စိုက်ခင်းလယ်ကွင်းတွေမို့လို့ ကားခဏရပ်နား အမောပြေ အေးမြတဲ့လေကို ရှုရှိုက်ခဲ့ကြ 
ပါသေးတယ်၊ ရသမျှအချိန်လေးလု ဇိမ်ခံရခြင်းပေါ့၊ ကျေးလက်ကို သဘောကျသလားမေးရင် ကျပါတယ် 
အဖြေက ချက်ချင်းရှိပါတယ်၊ ကျေးလက်မှာ အမြဲနေမလားဆိုလာရင် မနေနိုင်ပါဘူးလို့သာပါ၊

ဒီကနေ့ ဥရောပဆိုတာက မရှိမဖြစ်တဲ့ ရေ မီး လမ်း ဆက်သွယ်ရေး အသုံးအဆောင် ပစ္စည်းတွေ ရရှိ
နိုင်မှုမှာ  မြို့ပြနဲ့ ကျေးလက် ကွာဟမှု မရှိသလောက်ပါ၊ သို့သော်လည်း မောင်ရင်ငတေ့အတွက်က 
အကြောင်းကြောင်းကြောင့် ကျေးလက်ဒေသမှာနေဖို့ မဖြစ်နိုင်သေးတာကြောင့် အခုလိုရောက်တုန်း
အချိန်လေးတွေမှာ သဘာဝလေကို ရှုရှိုက် သဘာဝအလှကို ခံစာ့း့ ဒါကလည်း ရသမြောက်တဲ့
စိတ်ကျေနပ်ဖွယ်ရာ အချင်းအရာတခု မဟုတ်ပါပေဘူးလား ခင်ဗျား။


Bundesstraße B28a                                                                          (ဓါတ်ပုံ မရငတ)

ဒီလို နေရာမျိုး သွားမနေချင်ဘူးလား မေးလာရင်တော့ သွားတော့ နေချင်တာပေါ့ဗျာ၊ ရေ မီး အစုံနဲ့ တလ 
ကိုးသီတင်း လောက်ပေါ့၊ အဲထက် ကြာလာရင်တော့ ခြေမငြိမ်တတ်တဲ့ အပေါင်းအသင်းမက် တတ်တဲ့ 
မောင်ရင်ငတေ အာမ မခံရဲပါဘူး၊ အဲလို နေရာမျိုးတွေမှာ ရက်ပိုင်းလောက် တလလောက် ပြောင်းပြောင်းပြီး 
နေချင်စိတ်တော့ ရှိတာပေါ့လေ၊ ဒီလောက်လှပတဲ့ နေရာမျိုးတွေ ဘယ်မနေချင် စိတ် ရှိပါမလဲ၊ ဘီလျှံနာ 
ဘောဇိတွေလို အဆောင်ဆောင် အခန်းခန်းနဲ့ နွေ မိုး ဆောင်း ရာသီ စံအိမ် တော်ကြီးတွေနဲ့တော့ မနေပါ
ရစေနဲ့ ဆယ်ပေပတ်လည် အခန်းလေးနဲ့ ဆက်သွယ်ရေးကောင်းတယ် ဆိုရင်ကို နေနိုင်ပါတယ်၊ 

အခုတော့ မောင်ရင်ငတေရဲ့ ကိုယ်ပိုင်ဘတ်ဂျက် ခွင့်ပြုချက်အရ တတ်နိုင် သလောက် တညအိပ်လေး
နှစ်ညအိပ်လေး စိတ်အဆာပြေ သွားနိုင်သလောက်တော့ သွားခဲ့ပါသလို အပေါင်းအသင်း ရောင်းရင်းတွေ
ရဲ့ ကျေးဇူးတော်နဲ့ ရောက်သင့်သလောက် ရောက်ခွင့် ရခဲ့တာတွေ ကို  ဘယ်တော့မှမမေ့ပါကြောင်း 
ဒီနေရာကနေ ကျေးဇူးစကား ပြောချင်မိပါတယ် ခင်ဗျာ၊ 

ဒီလောက် ရောက်ဖူးခဲ့တာတွေက မောင်ရင်ငတေ့ ကိုယ်ပိုင်အရည်အချင်းထက် ဘော်ဒါတွေရဲ့ ကူညီ
ဆောင်မ ကျေးဇူးတော်တွေကြောင့်သာမို့ ဆက်လက်ပြီး ကူညီကြပါဦး ခင်ဗျား။


Bundesstraße B14                                                                            (ဓါတ်ပုံ မရငတ)

Bundesstraße B28a လမ်းအတိုင်း ချိုးကွေ့မောင်းဝင်လာပြီး Eutingen im Gäu မြို့လေးမရောက် 
ခင်မှာ လမ်းနံပတ်က B14 ဖြစ်သွားပါတယ်၊ ကျေးလက်လမ်းတွေကို ခရိုင်လမ်းအဖြစ် တိုးမြှင့်တည် 
ဆောက်နေတာမို့ လမ်းပိုင်းတွေက ပြတ်တောက်ပြတ်တောက် ဖြစ်နေတာတွေ အများကြီးပါ၊ 

B28a လမ်းကလည်း ထိုနည်းတူပါ၊ အဲဒါကြောင့် ဋ္ဌာနေသမားတွေကလွဲလို့ တော်ရုံ ဧည့်သွားဧည့်လာတွေ 
သုံးလေ့မရှိတဲ့ လမ်းမျိုးတွေပါ၊ ဒီကနေ့ ဂျီပီအက်စ်တွေ နေဗီဂေတာတွေမှာလည်း တခါတခါ လမ်းစ ပျောက် 
ပျောက် သွားတတ်လို့ ရွာလည်တယ်ဆိုတဲ့စကား ဒီနေရာမှာတော့ တယ်မှန်ပါလားဟ ပြော စမှတ်တွင်ရှိပါ
တယ်၊ ရွာတောင်မှ တရွာမက သုံးလေးငါးရွာ လည်တတ်တာမျိုးပါ။

ခက်တာက ဥရောပဆိုတာ လမ်းမှားနေလို့ လမ်းဘေး တွေ့တဲ့သူ ဆင်းမေး မရတဲ့ တိုင်းပြည်တွေပါ၊
မောင်ရင်ငတေတို့ ထမင်းစားရေသောက်တတ်ခဲ့တဲ့ ဘိုစကား ယူ ဂိုး အိုင် ဂိုး ယူ နိုး အိုင် နိုး သုံးမရ ပါတဲ့ 
နေရာတွေ ဒေသတွေက ခပ်များများပါ၊ အဲတော့ ဆင်းမေး မနေနဲ့ လမ်းဆုံးရင် ရွာရောက်လိမ့် မယ်ထုံး 
နှလုံးမူပြီး သွားခဲ့ရတာမျိုးတွေကသာ များပါတယ်၊ မောင်ရင်ငတေ ဆယ်စုနှစ်တခုလောက် ကျင်လည်ကျက်
စား နေထိုင်ခဲ့တဲ့အိမ်ရဲ့ ဘေးလမ်းအမည် မောင်ရင်ငတေ မသိပါဘူး၊ ဘေးလမ်းရဲ့ အမည် မသိသလို ဘေး
အိမ်ကလူ ဘယ်သူဆိုတာ စိတ်ဝင်စားစရာ မဟုတ်တာ ဥရောပသားတွေရဲ့ အနောက်တိုင်းသားတွေရဲ့ အ
ကျင့်လို့သာ မှတ်ယူပြီး ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ကိုယ့်အားကိုယ်ကိုး ခရီးပေါက်အောင် သွား
ဖို့ကိုသာမှတ်ပြီး မေးခြင်းမြန်းခြင်း အားမကိုးခဲ့တာ ကြာခဲ့ပါပြီ၊ မေးမြန်းလိုက်ခါမှ အဲဒီသူရဲ့ လမ်းညွှန်ရာ
လိုက်မှ တောင်မြောက် တလွဲတွေ ကြုံခဲ့ရပေါင်း များပါပြီ။


Bundesstraße B14                                                                            (ဓါတ်ပုံ မရငတ)

B14 လမ်းလေးအတိုင်းလိုက်လာပြီး ရွာကြီးတရွာနှစ်ရွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် တောင်တက် 
တောင်ဆင်းလမ်းတွေစပြီ ပြောလို့ရပါပြီ၊ လမ်းကလည်း ပိုမို၍ ကျဉ်းမြောင်းလာပြီး ဘေးနှစ်ဘက်မှာ 
ကလည်း စိုက်ခင်းပျိုးခင်းတွေ မရှိတော့ပါဘဲ အပင်ကြီးတွေ အတွေ့ရများလာပါပြီ။

လမ်းနဘေးမှာလည်း ဘလက်ဖောရက်စ် သင်္ကေတ ထင်းရူးပင်တွေ ဆောင်းအခါ အရွက်မကြွေတဲ့ 
အပင်တွေ ခပ်များများ တွေ့လာရပါပြီ၊ ဆောင်းအခါမှာတော့ အဲဒီ အပင်ကြီးတွေရဲ့ ရွက်စိမ်းညို့ညို့
တွေပေါ်မှာ ဆီးနှင်းဖွေးဖွေးဖြူတွေက ဖုံးလွှမ်းလို့နေတော့ အရောင်နှစ်မျိုးရောယှက် လှပနေတာကို 
လမ်းနဘေးတလျှောက် မြင်တွေ့ခွင့် ရနိုင်ပါတယ်၊ မောင်ရင်ငတေတို့ ရောက်သွားချိန်က နွေကာလ 
ဆိုတော့ နေရောင်လွှမ်းတဲ့ ရွက်စိမ်းတောညိုတွေကိုသာ တွေ့မြင်ခွင့်ရခဲ့ပါတယ်။

လမ်းလေးတွေက အသွားအပြန် နှစ်လမ်းမောင်းဆိုပေမယ့် တချို့လမ်းကွေ့ နေရာတွေမှာ ခပ်ကျဉ်း
ကျဉ်း တလမ်းမောင်းသာသာရှိတာမို့ လမ်းဘေးနှစ်ဘက် အပင်တွေက ထပ်စပ်နေပြီး လမ်းပျောက်
သွားလေပြီလား ထင်မှတ်မှားတတ်မိရတဲ့ နေရာမျိုးတွေပါ။


ဘလက်ဖောရက်စ် ထင်းရူးနက်တော                                                       (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် တောနက်ဆီသို့ ရောက်ပါပြီ၊ တောနက်ရဲ့ ခါးလယ် အပေါ်ပိုင်းနားက ရှုခင်းသာ 
နေရာလေးပါ၊ ဒီလိုနေရာမျိုး ဘယ်နှနေရာ ရှိမလဲတော့မသိပါ၊ မောင်ရင်ငတေတို့ ရောက်ခဲ့တဲ့နေရာလေး
ကတော့ တော်တော်လှပါတယ်၊ အတော်ဝေးဝေးထိ မျက်စေ့တဆုံး အုံ့ဆိုင်းမှိုင်းနေတဲ့ တောင်တန်းတွေ
နောက်ခံနဲ့ စိမ်းညို့နေတဲ့ ထင်းရူးနက် တောအုပ်တွေကို မြင်တွေ့နိုင်ပါတယ်။

အခုဒီလမ်းက ဘလက်ဖောရက်စ်ရဲ့ခါးလယ် မြောက်ပိုင်းမကျတကျကနေပြီး ဖြတ်သန်းသွားတာပါ၊ 
မီတာတထောင်ကျော် အမြင့်မှာပါ၊ တောတောင် အထူထပ်ဆုံးကတော့ ဆွစ်မြေနဲ့နီးတဲ့ တောင်ပိုင်း 
ပ်ကျကျမှာ အရှိများတယ် ဆိုကြပါတယ်၊ အဲဒီတောင်ဘက်ခြမ်း Feldberg (Schwarzwald) နယ်
မြေကို ဖြတ်သန်းသွားတဲ့လမ်းကမှ ဒီထက် ပိုလှပသလို ဒီထက် ပိုစည်ကားတယ် ပြောကြပါတယ်။

အဲဒီ ဘလက်ဖောရက်စ် ဒေသဟာ ဒီကနေ့ ဂျာမဏီရဲ့ Holiday Destinations အခု နှစ်ရာ့ငါးဆယ် 
ကျော်သုံးရာထဲက အလှပဆုံး အသာယာဆုံးလို့ သတ်မှတ်ထားခံရတဲ့ ဒေသပါ၊ တနှစ်ပတ်လည်ကို 
သူတို့ဂျာမန်တွေ အပါအဝင် ဧည့်ဦးရေက သန်းသုံးဆယ်မျှ ရှိပါတယ်ဆိုတော့လည်း မယုံနိုင်သူများ 
ရှိကောင်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် Black Forest Tourism Association (Schwarzwald Verein)
တည်ထောင်ခဲ့တာကိုက နှစ်ပေါင်း တရာ့သုံးဆယ် သက်တမ်း မှတ်တမ်းသက်သေ ရှိပါတယ်တဲ့။

ပြင်သစ် ဆွစ်ဇာလန်တို့နဲ့ နယ်မြေချင်းဆက်စပ်နေပြီး မနိမ့်လွန်း မမြင့်မားလွန်းတဲ့ တောင်တန်းတွေ 
ကြားက ရေခဲပြင်တွေကြောင့် နှင်းလျှောစီးတဲ့ စကီးစတေရှင်တွေ ဖွင့်ပြီး စီးပွားဖြစ် လုပ်ကိုင်လာတဲ့ 
ကမ္ဘာ့ပထမဦး နေရာပါတဲ့၊ ဒီကနေ့ ဆွစ်အဲလ်တောင်တန်းများပေါ်က စကီးစီးတဲ့ နေရာတွေဟာ အဲ
ကာလက သွားလာရေး ခက်ခဲသေးလို့ တော်ရုံလူ မရောက်နိုင်တဲ့ နေရာအဆင့်သာ ရှိပါသေးတယ်။

ဘလက်ဖောရက်စ် နှင်းလျှော စကီးစီးတဲ့ လုပ်ငန်းရဲ့ အားသာချက်ကတော့ အဲလ်တောင်တန်းတွေ 
ပေါ်က ဒီကနေ့ နာမည်ကျော် နှင်းလျှောစီးတဲ့ ရေခဲတောင်တွေလို မြင့်မားလွန်းလှတဲ့ နေရာတွေမှာ 
တည်ရှိနေခြင်းမဟုတ်ပါဘဲ မကျွမ်းကျင်သူများအတွက် အန္တရာယ်နည်းပါးခြင်းကြောင့် အပျော်တမ်း 
ရေခဲတောင် ရောက်ဖူးချင်သူ စကီးစီးဖူးချင်သူများ ပိုမို အလာများ လာရခြင်းပါတဲ့။

ဘလက်ဖောရက်စ် ထင်းရူးနက်တော                                                       (ဓါတ်ပုံ မရငတ)

သိပ်မနိမ့် သိပ်မမြင့်မားလွန်းတဲ့ တောင်တန်းတွေဟာ နွေရာသီမှာ တိမ်ဖြူတိမ်ဆိုင်တွေ တိမ်ပြာပြာ 
တွေကြောင့် လှပနေတတ်သလို ဆောင်းအခါမှာတော့ မြူခိုးနှင်းခိုးတွေရဲ့ကြား လှပစွာနဲ့တွေ့မြင်ခွင့် 
ရနိုင်တာကြောင့် တစတစ နာမည်ကြီးလာတယ် ဆိုပါတယ်၊ ဒီနေ့ခေတ် နောက်ပိုင်းတော့ လမ်းပန်း
ခရီးတွေ ဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လို့လာတာနဲ့အမျှ အကွက်မြင်သူ လျှင်သူတွေက
တည်းခိုရာလေးတွေကို တောထဲ တောင်ထဲ တောစောင်း တောင်စောင်း လယ်ကွင်း စိုက်ခင်း ရွာနီး 
ချုပ်စပ် အိမ်နောက်ဖေးမကျန် ဖန်တီးငှားရမ်း လာခဲ့ကြတာကြောင့် ဒီကနေ့မှာ တည ဧည့်တသိန်းခွဲ 
ခန့်လောက် အိပ်ဖို့ နေရာတွေ ရှိပါတယ်တဲ့ ဒီလို တောကြိုခြုံကြား မွေးဖွားလာကြတဲ့ 
ဥရောပသား ခေတ်လူငယ်များကလည်း ကိုယ့်ရွာကိုယ့်မြေကိုစွန့် တပြေတရွာသို့ ထွက်သွားကြတာ 
များလာတဲ့ ခေတ်မှာ မြေလွတ် ခြံလွတ် အိမ်လွတ်တွေကို အလကားမထား ငွေပေးငှားဖို့ လာလည် 
ချင်ကြသူတွေကို ဆွဲဆောင်နိုင်အောင်လည်း အပြိုင်အဆိုင် ကြိုးစားခဲ့ကြပါတယ် ဆိုပါတယ်။

ဒီကနေ့ ဟော်တယ်လုပ်ငန်း ဆိုတာမျိုးက ဇုံကြီးတွေ ဘာကြီးတွေဖွင့် တောကီကောင်းကောင်းပြော 
အကောင်ကြီးကြီးတွေနဲ့ လက်ဝါးခြင်းရိုက်လို့ ပေါင်းလုပ်စားနိုင်မှ ဟော်တယ်လုပ်ငန်း မဟုတ်ပါဘူး၊

ကိုယ့်အိမ်ခန်းလေး ကိုယ့်တိုက်ခန်းလေး ဆယ်ပေပတ်လည် ဖြစ်ဖြစ် နေသူမရှိ လွတ်နေရင် တရက် 
တပတ် တလ တနှစ် ဖြစ်ဖြစ် အငှားချ ရသမျှငွေလေး အခွန်ဖဲ့ဆောင်လိုက်ရင် ဟော်တယ် လုပ်ငန်း
သတ်မှတ်လို့ ရပါပြီ၊ အခြေခံ ရေမီးလမ်း ဆက်သွယ်ရေးက ရှိပြီးသားဆိုတော့ ထည့်တွက်စရာတွေ 
သိပ်မရှိပါဘူး၊ ရှိပြီးသား ကိုယ့်အခန်းလေးကို လှတပတသပ်သပ်ရပ်ရပ်လေးလုပ် ငှားစားကြတာမျိုး
ဆိုတော့ တောထဲတောင်ထဲက အိမ် ခြံ မြေ အလွတ်တွေ ဒီအလုပ်လုပ်စားလို့ ရလာကြတဲ့ခေတ်ပါ။


သာယာသော လှပသော အေးးချမ်းသော ဘလက်ဖောရက်စ် တောနက်အလယ်   (ဓါတ်ပုံ မရငတ)

အဲဒါကြောင့် ကျောက်မီးသွေးခေတ်ထင်းမီးခေတ်အခါက တဝက်နီးနီး ပြောင်သလင်းခါသွားတဲ့ 
အဲဒီ့ ဘလက်ဖောရက်စ် ထင်းရူးနက်တောကြီးဟာ့

သဘာဝ ထင်းရူးနက်တော လူလုပ် ထင်းရှုးတော အပင်ကြီးတွေကြားမှာ တခြားသော ရွက်ကြွေပင် 
မျိုးစုံ သီးပင် စားပင် ပန်းအလှပင်တွေကို သဘာဝအတွက်လည်းစိုက် အလှအပအတွက်လည်းစိုက် 
စိတ်ချမ်းသာဖို့အတွက်စိုက် စီးပွားဖြစ်လည်းစိုက် ဧည့်လာစေဖို့လည်းစိုက့့် တစိုက်မတ်မတ် 
စိုက်လာကြတဲ့ စိုက်သူပျိုးသူတွေက အားလုံးလိုလိုဆိုတော့ ဘလက်ဖောရက်စ်ကြီး သာယာလှပလို့ 
လာခဲ့တာက အဆန်းတကျယ် မဟုတ်တော့ပါဘူးလေ။

မောင်ရင်ငတေလည်း ပါလာတဲ့ ဂျာမန်ဘိုင်ယန် ငါးဆယ်စီစီ ဖွိုက်ပါဆန့်  သံဗူးလေးကို ဖွင့်မော့ရင်း 
ရသမျှ အချိန်လေးလုငေးရင်းနဲ့ အတွေးတွေပွား နေမိတာပေါ့၊ ဒီလို ဘလက်ဖောရက်စ် ထင်းရူးနက် 
တောတန်းကြီးကို ကျော်ဖြတ်သန်းနေသခိုက်မှာ မောင်ရင်ငတေ့ အတွေးထဲ ဝင်လာတာက တခါက 
ခရစ်သက္ကရာဇ် ကိုးဆယ်နှောင်းပိုင်း ကာလများက ပဂိုးရိုးမ တောလမ်းကြမ်းကို ဖြတ်ကျော်ဖူးခဲ့တာ  
ကိုပါ၊ မေ့လို့နေခဲ့တာ ကြာပြီဖြစ်ပေမယ့် တိုက်ဆိုင်လာလို့ စိတ်ထဲချက်ခြင်းပြေးဝင် သတိရလာမိတဲ့ 
မှတ်မှတ်ရရ အကြောင်းအရပ်တခုပါ။


ဘလက်ဖောရက်စ် ထင်းရူးတောနက်                                                       (ဓါတ်ပုံ မရငတ)

အဲဒီတုန်းက အတူသွားခဲ့တဲ့ ကိုခင်ဝမ်းတို့မြို့က မောင်ရင်ငတေ့ ရောင်းရင်းကြီးများ မျက်နှာတွေကို 
ပြေးမြင်ယောင်လို့လာမိပါတယ်၊ အဲဒီတုန်းက မောင်ရင်ငတေတို့ သောက်ဖော်သောက်ဖက်တသိုက် 
ဟိုင်းလက်စ်ကား အမိုးဖွင့် ဖိုးဝှီးတစင်းနဲ့ သွားခဲ့ဖူးတဲ့  ပဂိုးရိုးမ တောလမ်းကြမ်းက ကိုခင်ဝမ်းတို့မြို့ 
နောက် ဝက်ထီးကန် ပေါင်းတလည် ချောင်းဂေါင်း ပေါက်ခေါင်းမှတဆင့် ရိုးမကိုကျော်ဖြတ်လို့ သွားခဲ့
ကြတဲ့ ခရီးကြမ်းတခုပါ၊ မောင်ရင်ငတေ မှတ်မိတာက သိပ်များများ မရှိပါဘူး၊ ရည်ရွယ်ချက်ကမရှိ
သွားကြမယ် ဟေ့ ဆိုလို့သာ သွားဖြစ်ခဲ့ကြပြီး တောအကြောင်း တောင်အကြောင်း လမ်းအကြောင်း
ဘာမှ ချက်ချင်း ဒီကနေ့လို ကြိုကြည့်စရာ ဖုန်း အင်တာနက် ရှိမှမရှိတာကိုး၊ မှတ်မိခဲ့တာ တခုတော့ 
ထင်ထင်ရှားရှား ဒီကနေ့ထိ ကျန်ရှိတာက မင်းတို့ပြောတဲ့ ပဲဂိုးရိုးမကြီးကကွာ ဖုန်တထောင်းထောင်း
ငါတို့ အညာလမ်းထက်တောင် ဆိုးပါ့လို့ပြောတဲ့ ချစ်မိတ်ဆွေ မြေလတ်သားကြီးရဲ့ အသံကိုပါ၊ 

အဲဒီ ပဂိုးရိုးမတောင်ကတုံးကို မောင်ဖုံးဖို့လာပါပြီ ပြောခဲ့တဲ့ မောင်ရင်ငတေ့ချစ်ဘော်ဒါကြီးလည်း မရှိတာ 
ကြာခဲ့ပါပြီ၊ ခုတော့ အဲဒီ တောင်ကတုံး ရောင်ထုံးဖို့ ပြင်နေတယ် ကြားရုံနဲ့ ဝမ်းသာမိပါရဲ့။


ဘလက်ဖောရက်စ် ထင်းရူးတောနက်                                                       (ဓါတ်ပုံ မရငတ)

အဲလို တွေးနေရင်း သွားမယ် သွားမယ် ဆင်းမယ် လာပြောတော့ ထိုင်တွေးနေရာက မထချင်ထချင် နဲ့ထ့ 
့ သောက်လက်စ ဒူးယားစီးကရက်ကို မီးထိုးသတ်လိုက်ပြီး ကားပေါ်တက် မောင်း ထွက်လာခဲ့ကြ
ပါတယ်၊ အဲဒီနေရာ ရှုခင်းသာက ဒီလမ်းမှာ အမြင့်ဆုံးနေရာ ထင်ပါရဲ့၊ အနိမ့်ပိုင်းကို တောက်လျှောက် ကုန်း
ဆင်းတွေ ချည်းဖြစ်ပြီး တဖြေးဖြေး ကွေ့ပတ် ဆင်းလာခဲ့ကြပါတယ်။

လမ်းတွေက ကျဉ်းပေမယ့် လမ်းကကောင်းသလို ကားကောင်းတွေကြောင့် မောင်းရသက်သာလှပါ 
ကြောင်း မောင်ရင်ငတေ့ မိတ်ဆွေကြီးက မောင်းပြောပြောနေပါတယ်၊ သူရဲ့ ရွှေပြည်ကြီးမှာတုန်းက 
မောင်းခဲ့ဖူးတဲ့ လမ်းတွေနဲ့ နှိုင်းပြော ပြောနေတာပါ၊ အဲတုန်းက သူမောင်းခဲ့တဲ့ ကားတွေက ရွှေပြည် 
အဆင့်နဲ့ဆိုရင် အတော်လေး စာရင်းဝင်တဲ့ အဆင့်တွေသာပါ၊ ဒါတောင်မှ မောင်းရတာ မတူဘူး ကွ 
မလွယ်ဘူး ဟ လို့ ပြောပါတယ်၊ အဲဒီလို သူပြောတော့ မောင်ရင်ငတေ ၁၉၈၀ ခုနှစ်ကျော်နှစ်များက 
စီးခဲ့ဖူးတဲ့ ကလော တောင်ကြီး မန္တလေး မေမြို့ ပုပ္ပား တောင်သာ မြင်းခြံ နယ်တကျောက ပေတရာ 
လမ်းမများပေါ်က ခါးရှည်ထီလာဂျစ်ကား မောင်းသမားများရဲ့ မောင်းနေတဲ့ ပုံစံကိုတောင် ပြန်လည် 
ပြီးတော့ စိတ်ထဲမြင်ယောင် အမှတ်ရလာ မိပါသေးတယ်၊ ဘယ်တူပါ့မလဲလေ၊ 

ဂျာမဏီမိတ် အော်ဒီ ကြီးနဲ့ ထီလာမိတ် ဂျစ်ခါးရှည်ကို နှိုင်းမပြောချင် မိတော့ပါဘူး၊ ကြာကြာစီးရင် 
မောင်ရင်ငတေလည်း ခရိုဏီရှေ့နေအဖြစ် ဘဝပြောင်း သွားနိုင်ကြောင်းပါ၊ အဲဒီလို ထီလာဂျစ် 
မန္တလာဂျစ် ခါးရှည်ကြီးတွေ အကြောင်းနဲ့ ငါးပိသိပ် ငါးချဉ်သိပ် ပန်းခြင်းကြီးတွေ သီးနှံတောင်းတွေရဲ့ကြား 
စီးနင်းလိုက်ပါဖူးခဲ့တဲ့ သုံးထပ်ကွေ့ ခြောက်ထပ်ကွေ့ ပေတရာလမ်းမများပေါ်က မောင်ရင်ငတေတို့ရဲ့ 
ဘဝအကြောင်း ပြန် ပြောင်းပြောရင် အခန်းဆက် ဝတ္ထုရှည် တပုဒ်စာမက ရှည်နိုင်ကြောင်းပါ။


အေးဆေးချမ်းသာ ဇိမ်ခံပါ                                                                     (ဓါတ်ပုံ မရငတ)

တွေ့မြင်ခဲ့ရတာတွေထဲ မှတ်တမ်းပုံလေးတခုရဲ့အကြောင်း ထည့်ရေးချင်မိပါသေးတယ်၊ ထင်းရှုးနက်
တောလမ်းကျဉ်းကျဉ်းလေးတခုမှာ တွေ့ရှိမှတ်တမ်းတင်မိခဲ့တဲ့ ပုံပါ၊ မှတ်မှတ်ရရပါ၊ ဒေသခံတွေလား 
ဧည့်သည်တွေလားတော့ မခွဲခြားတတ်ပါဘူး၊ စားထားတဲ့ အအီ အဆီ အဆိမ့်တွေ ချိုချို ချဉ်ချဉ် ငံငံ 
စပ်စပ်တွေ ဒဏ်ကြေအောင် ဒီလိုတောနက်ထဲမှာ ပျင်းအိပျင်းတွဲအိတ်စ်ဆာဆိုက်လုပ် ဝိတ်ချနေသူ 
တွေလည်း တွေ့ခဲ့ရပါသေးတယ်၊ အင်းလေ ဘာပြောပြောပါ၊ မောင်ရင်ငတေတို့လို မြို့ပြကြွက်တွင်း 
ရှည်မျောမျောထဲမှာ မွန်းပိတ်ကျပ်သိပ် ညစ်ထပ်နေတဲ့ လေထုကြီးကို ရှုရင်း ဘဝအမောတွေနဲ့အတူ 
အတင်းတွေတုတ်ရင်း အစုန်အဆန် သွားနေရတာနဲ့ စာရင်တော့ သူတို့ အများကြီး ကံကောင်းကြပါ 
သေးတယ်လေ၊ 

သူတို့တတွေက ဆောင်းအခါ ဆောင်းမို့ နွေအခါ နွေမို့ ပုံစံအမျိုးမျိုးနဲ့ ထင်းရူးတော ဘလက်ဖောရက်စ်
ရှိရာသို့လာပြီး  စကီးစီး စက်ဘီးစီး ဆိုင်ကယ်စီး လမ်းလျှောက် တောင်တက်ကြ ပါတယ်၊ ဘယ်သူမဆို 
ဘာအလုပ်မဆို တနှစ် ရက်သုံးဆယ် အားလပ်ရက် ဗေကေးရှင်း ဆိုတာကြီး ရှိတာကြောင့် အလုပ်တွေကို 
မေ့ထား ဦးနှောက်ဆေး ဇိမ်ခံခြင်းဆိုတာမျိုးက သူတို့တတွေ အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ် တခုသာပါ၊ 
မောင်ရင်ငတေလို ဘာမဟုတ်တဲ့ လက်ကြောမတင်းကောင်မျိုးတွေ တောင်မှ လတ်လျားလတ်လျား 
သွားနေ လာနေ နိုင်တာကို ကြည့်ကြပါလေ။


ဘလက်ဖောရက်စ် အဆုံး                                                                     (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် အဆုံး ပြင်သစ်နယ်စပ်နဲ့ ကပ်ရက်မြို့ Kehl သို့ ရောက်ပါပြီ၊ နေ့လည် နာရီပြန် သုံးချက်
တီးကျော်လို့ လေးချက်တီးခါ နီးပါပြီ၊ အူထဲမှာလည်း မနက်စာ ဘရိတ်ဖတ်စ် ကြက်ဥကြော် လမ်းသွားရင်း 
ရေဆာလို့ သောက်ထားတဲ့ ဘိုင်ယန်ဘီယာ ငါးဆယ်စီစီ နှစ်ဗူးနဲ့ အာလူးကြော်တချို့ လည်း မကျန်တော့ပါ
ဘူး၊ အဲဒီတော့ Kehl Bahnhof ဘူတာအနားမှာတွေ့တဲ့ တရုတ်ထမင်းဆိုင်ဝင် ဗိုက်ဖြည့် ထမင်းလုံးစီရင်း 
ဂျာမန်မြေကိုနှုတ်ဆက်ဖို့ နိုင်ငံကူးတံတားရဲ့အောက် ရိုင်းမြစ်ကမ်းနဘေး ခဏဆင်း ဗိုက်လေးချောင်အောင် 
လမ်းလေးလျှောက် အပြီး ပြင်သစ်ဘက်ခြမ်း မောင်းဝင်လာခဲ့ကြ ပါတော့တယ်၊ ရိုင်းမြစ်ကမ်းက ဂျာမန်မြို့ 
Kehl မြို့နဲ့၊ တဘက်ကမ်းက ပြင်သစ်မြို့ Strasbourg မြို့အကြောင်းတွေကိုတော့ သီးခြား ရေးခြစ်ထား
တာလေးတွေ ရှိပါသေးတယ်၊ နောင်များမှ အပြီးသတ် အချောကိုင် ပေါင်းစပ် တင်ပြပါဦးမယ် ခင်ဗျား။


ဘလက်ဖောရက်စ်ရေ Auf Wiedersehen့ Au Revoir့ ဂွတ်ဘိုင့့်         (ဓါတ်ပုံ မရငတ)

ဘလက်ဖောရက်စ် ထင်းရူးနက်တောကြီး မြောက်ဖျားစွန်းက ရေပူစမ်းတွေရှိလို့  နာမည်ကြီးလာတဲ့
Baden-Baden ဆိုတဲ့ သူဌေးတွေရဲ့မြို့တော်လေးအကြောင်းကိုလည်း နောက်များမှ သီးသန့်တပုဒ် 
ရေးပါဦးမယ်၊ အမြည်းအနေနဲ့ထည့်ရေးရရင်တော့ တခါက ပြင်သစ် နပိုလီယံ မိသားစုဝင်များ ရုရှား 
ဇာဘုရင် မိသားစုဝင်များ အင်္ဂလန်က ဝိတိုရိယ ဘုရင်မ မိသားစုဝင်များ ဗစ်တာဟူးဂိုး တော်စတွိုင်း 
တို့နဲ့ အခြား အခြားသော စာ ကဗျာ အနုပညာရှင်များ ရောက်ဖူး လာဖူး နေထိုင်ခဲ့ကြဖူးတဲ့ နေရာပါ၊ 

ဒီကနေ့မှာတော့ သန်းကြွယ်သူဌေးများ အများအပြားရဲ့ ခြံတွေ မြေတွေ အိမ်ယာတွေ တည်ရှိနေတဲ့ 
နေရာပါ၊ ဂျာမဏီရဲ့ မီလျံနာ အများဆုံးနေထိုင်တဲ့ နေရာပါ၊ မြို့လူဦးရေ ငါးသောင်းရှိပြီး အယောက် 
သုံးဆယ်မှာ မီလျံနာ တယောက်နှုန်း ရှိပါတယ်တဲ့၊ မိုနာကို ဂျီနီဗာ ဇူးရစ်မြို့တို့ပြီးရင် ချမ်းသာကြသူ 
အများဆုံး စုရုံးနေထိုင်ကြရာမြို့လေး ဖြစ်ပေမယ့် အဲဒီ သုံးမြို့လောက်တော့ လူသိမများလှပါဘူး။

ဘာပြောပြော အမှတ်ရစရာ လမ်းတလမ်းပါ၊ ဒီကနေ့ထိ ထပ်မသွားဖြစ်သေးပေမယ့် ထပ်သွားချင်မိ 
ရတဲ့ နောက်တခေါက် ထပ်သွားဖို့ အမြဲလိုလို ပြောဖြစ်နေမိတဲ့ လမ်းတလမ်းပါ၊ အစဉ်ပြေရင်တော့ 
နားနားနေနေ အေးအေးဆေးဆေး သဘာဝ ရှုခင်းတွေကိုကြည့် နားအေးပါးအေးလေး လေးငါးရက် 
လောက်တော့ ဇိမ်ခံခရီး သူတို့တွေလို ထွက်နိုင်ဖို့ ကြိုးစားပါဦးမယ်။

ဘလက်ဖောရက်စ်ရေ Auf Wiedersehen့ Au Revoir့ ဂွတ်ဘိုင့့် ပါကွာ။


ခရီးသွားခြင်း အနုပညာ For the Art of Voyage For the Love of Voyage       (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေကတော့ နောက်ဘဝများမှာတော့ ဒီလိုမျိုး ထင်းရူးနက်တောမှာ စက်ဘီးလေးနင်းလို့ 
တလှည့် ဆိုင်ကယ်ခွပြီးတမျိုး ခြေလျှင်ကုန်းကြောင်း ရရာယာဉ် တမျိုးမျိုးနဲ့ ရွာစဉ် ရွာရိုး လှည့်ခွင့်ရ 
ချင်မိပါတယ်၊ ဒီဘဝမှာတော့ ဘဝပေးကုသိုလ် နည်းပါးလွန်းတာကြောင့် ဒီ၍ဒီမျှ သွားခွင့်ရောက်ခွင့် 
ရခဲ့တာကိုသာ တောစောင့်နတ် တောင်စောင့်နတ် ရေကန်စောင့်နတ် ရှိရှိသမျှ နတ်အပေါင်းမျိုးစုံကို 
ကျေးဇူးလွန်စွာ တင်ရှိရပါကြောင်း နောင်ဘဝမှာ ရှန်ဂန်ဗီဇာ ဧရိယာလို လွတ်လပ်စွာ အတားအဆီး 
မရှိပါတဲ့ ရှန်ဂန် ကမ္ဘာဗီဇာကြီး ပေါ်ပေါက်လာပြီး ခြံစည်းရိုးတွေ အုတ်တံတိုင်းတွေ ဝါးတားဂိတ်တွေ 
ပတ်စ်ပိုစ့်တွေ  မရှိတော့ပါစေနဲ့ ဆုတောင်းရင်း ဆုတောင်းရင်း


Nam de Ars Officium, Nam Amor Officium, 
Pour l'Art du Voyage, Pour l'Amour du Voyage, 
Per l'Arte del Viaggio, Per l'Amore del Viaggio, 
For the Art of Voyage, For the Love of Voyage, 
Para el Arte del Viaje, Por el Amor del Viaje 
့

မောင်ရင်ငတေ ၂၃၀၉၂၀၁၇



For the Art of Voyage
For the Love of Voyage
For the Peace of Voyage

မောင်ရင်ငတေ ၂၃၀၉၂၀၁၇