ကံကောင်းပြီလား ပုဂံ
ကံကောင်းပြီလား
ပုဂံ
ပုဂံ
ခင်ဗျားရဲ့
အနှစ်တထောင် သက်တမ်းမှာ
ကံကောင်းခြင်းတွေ
ကံဆိုးခြင်းတွေ ကြုံခဲ့ရတယ်၊
ကျုပ်တို့ခေတ်
အစဦးကာလ
၁၉၇၅ ခုနှစ်ရဲ့
တရက်မှာတော့ ခင်ဗျားဟာ ကံဆိုးမိုးမှောင် ကျခဲ့ဖူးတယ်၊
အဲဒီနောက်
ခင်ဗျားဟာ ကံဆိုးမိုးမှောင် ကျပြီးရင်း ဆက်တိုက် ကျခဲ့ရတယ်၊
၁၉၉-၉၇ ရဲ့
ရက်တချို့မှာတော့ ခင်ဗျားဆီကို နောက်ဆုံးအကြိမ်တွေအဖြစ် ရောက်ခဲ့တယ်၊
ခင်ဗျားရဲ့
ဆေးရောင် တပြောင်ပြောင်နဲ့ ဒဏ်ရာတွေကို ညလုံးပေါက် ပတ်လို့ ကြည့်ခဲ့ကြတယ်၊
ကျုပ်သူငယ်ချင်း
ပုဂံသားစစ်စစ်ဟာ ကွမ်းတပစ်ပစ်ထွေးရင်း မူးမူးနဲ့ တက်တခေါက်ခေါက်ပေါ့ဗျာ၊
ဒီကနေ့ ၂၀၁၆
မှာ အဲဒီ ကျုပ်သူငယ်ချင်း ပုဂံသားစစ်စစ်လည်း လူ့ပြည်မှာ မရှိတော့ဘူး၊
ကျုပ်ကလည်း
ခင်ဗျားတို့ ပုဂံနဲ့ မိုင်ငါးထောင်ကျော် ခြောက်ထောင်ဝေးရာ တနေရာဆီမှာ၊
ခင်ဗျားတို့ဆီက
အာနန္ဒာထက် အသက်ခြောက်ဆယ်လောက် ငယ်တဲ့ ဒီက ၁၁၆၃ ခုနှစ်ဖွား၊
Notre-Dame
ဆိုတာကြီး ရှေ့ရောက်တိုင်း ခင်ဗျားအကြောင်း သတိတရ ပြောမိတာက ထပ်ခါပေါ့၊
၂၀၁၆ ခုနှစ်ရဲ့
တရက်မှာတော့ ခင်ဗျားဟာ ကံဆိုးမိုးမှောင် ကျခဲ့ရပြန်ပြီပေါ့၊
တကမ္ဘာလုံးကလည်း
ခင်ဗျားအကြောင်းတွေ ဝမ်းနည်းဘွယ်ရာ ပြောနေကြတာပေါ့၊
ကျုပ် ဝမ်းသာတယ်
ပုဂံ၊
ခင်ဗျား
ကံကောင်းတယ် ပုဂံ၊
ခင်ဗျားရဲ့
ကိုယ်ပေါ်က ခပ်ကြောင်ကြောင် ပြောင်တောင်တောင် ဆေးတွေ ကွာကျကုန်တာ၊
ဒဏ်ရာတွေ
အနည်းအပါးရတဲ့ ကြားက ခင်ဗျားရဲ့ ပင်ကိုယ်အသွေးတွေ ပြန်ပြခွင့် ရနိုင်ပြီပေါ့၊
ကျုပ် ဝမ်းသာတယ်
ပုဂံ၊
ကျုပ်သူငယ်ချင်း
လူ့ပြည်မှာ မရှိတော့တဲ့ ပုဂံသားစစ်စစ်လည်း ဟိုကနေလှမ်း ဆုတောင်းနေလေရဲ့၊
ဒီတခါ
ခင်ဗျား
ကံကောင်းပါစေ ပုဂံ၊ ။။ ။
(ဖိုးဇီးရိုး)
၂၄၀၈၂၀၁၆
Aucun commentaire:
Publier un commentaire