Libellés

mercredi 3 août 2016

** * ပါရီမြို့ပြင်က လူမနေတဲ့ကျွန်း ** *

ပါရီပုံရိပ်များ
ပါရီမြို့ပြင်က လူမနေတဲ့ကျွန်း

Île de Puteaux        (ဓါတ်ပုံ မရငတ)

ဒီတခါတော့ ပါရီမြို့တော်အတွင်းက ပါရီပုံရိပ်များအကြောင်းတွေ ရေးနေတာကနေ 
ပါရီမြို့အပြင်က ပုံရိပ်တခုအကြောင်း ရေးချင်လာမိပါတယ်၊ ပါရီမြို့ပြင်ဆိုပေမယ့် 
သိပ်ဝေးဝေးကျတဲ့ မြို့ပြင် မဟုတ် ပါဘူး၊ ပါရီမြို့ အနောက်ဘက်ခြမ်းက စဲန်းမြစ်လယ်က 
ကျွန်းလေးတကျွန်း အကြောင်းပါ၊

Île de Puteaux ခေါ်ကြပါတဲ့ အရှည် နှစ် ကီလိုမီတာရှိတဲ့ ရှည်မျောမျော ကျွန်းကလေးပါ၊
အဲဒီ ကျွန်းကလေးက ထူးခြားတာလေးတွေရှိနေလို့ အရင်ကတည်းက စိတ်ထဲမှာ 
မှတ်မှတ်ထင်ထင် ရှိနေခဲ့ပြီးသားပါ၊ ဒီကျွန်းလေးရဲ့ ထူးခြားချက်က သုံးလေးငါးချက် ရှိပါတယ်၊

ပါရီ မေထရိုပိုလီတန် နယ်မြေကြီးကို ငါးကြိမ်ငါးခါမျှ ကွေ့ကာရစ်ကာ ဖြတ်သန်းစီးဆင်း
သွားတဲ့ စဲန်း မြစ်လယ်က ကျွန်းများစွာထဲက လူသူမနေတဲ့ လူနေအိမ်ခြေ မရှိတဲ့ ကျွန်းပါ၊ 

အဲဒါက ဒီကျွန်းလေးရဲ့ထူးခြားချက် တခုပါ၊ လူမနေတာလေးများ ဘာများ ဆန်းကျယ်ပါ သလဲလို့ ပြောချင်ပြောနိုင်ပါတယ်၊

စတုရန်းကီလိုမီတာ တသောင်းနှစ်ထောင်ကျယ်တဲ့ ပါရီ မေထရိုပိုလီတန်မှာ နေထိုင်ကြသူ ဦးရေက ဆယ့်နှစ်သန်း ရှိတာကြောင့် လူဦးရေ သိပ်သည်းတယ် ပြောလို့ရတဲ့ နယ်မြေမှာ လူမနေတဲ့ အရပ် ရှိနေတာကိုက ထူးခြားဆန်းကျယ်မှု တခုပါလို့ မောင်ရင်ငတေက
တွးထင်မိရတာပါ၊

ဒီ ကျွန်းကလေးကလည်း အလွန်တရာ ရိုမန်တစ်ဆန်တဲ့ စိတ်ကူးယဉ်စရာကောင်းတဲ့ ကျွန်းလေးပါ၊ 
ပါရီရိုမန်တစ်အကြောင်းတွေ ရေးနေရင်းက ပါရီမြို့အနီးက ဒီရိုမန်တစ်ကျွန်းကလေးကို သတိရမိပြီး ရေးချင်စိတ် ပေါ်လာပါလို့ ဖတ်ထားမှတ်ထားရေးထားတဲ့ အတိုအစလး  
တွေကို ပြန်လည်ရှာဖွေလို့ အချောကိုင် တင်ပြလိုက်ရခြင်းပါ၊

Île de Puteaux                                                                   (ဓါတ်ပုံ မရငတ)

မှတ်တမ်းပုံတွေကတော့ နောက်ဆုံပေါ် ပုံတွေဖြစ်အောင် ဒီကနေ့မှာမှ တကူးတက မောင်ရင်ငတေ ရောက်ရှိ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်၊ 

ဒီရက်ပိုင်းမှာက ပါရီကို လာလည်သူ ဧည့်တွေကလည်း မရှိကြသလို အိမ်တွင်းအောင်း 
နချင်စိတ် ကလည်း သိပ်မရှိလို့ နေပူပူမှာ တယောက်တည်းခြေဦးတည်ရာ လျှောက်သွားရင်း အဲဒီ ကျွန်းဘက် ရောက်ခဲ့ မှတ်တမ်းတင်ခဲ့တာပါ၊

လူတွေနေတဲ့ မော်တော်အိမ်များ       (ဓါတ်ပုံ မရငတ)

ကျွန်းတဝိုက် ကွေ့ပတ် လမ်းလျှောက်နေရင်း တွေ့ခဲ့ရတာကတော့ ကျွန်းပတ်လည် တဝက်လောက် နီးပါး ကမ်းဘေးမှာ ဆိုက်ကပ်ထားတဲ့ လူတွေနေတဲ့ မော်တော်အိမ်လို့ 
ခ်ါရမလား မသိတဲ့ ပြင်သစ် အခေါ် Péniche သို့မဟုတ် Barge Carrier တွေကနေ အသွင်ပြောင်းထားတဲ့ Houseboat တွေပါ၊

အဲဒီ Houseboat ခေါ်ခေါ် Boathouse ခေါ်ခေါ် မော်တော်ဟောင်းအိမ်တွေ အများစုက စက်မတပ် ထားတော့တဲ့ မော်တော်သေတွေပါ၊ 

တချို့တလေကတော့ စက်တပ်ဆင်ထားပြီး သွားချင်တဲ့အခါ မှာတော့ သွားခွင့်ရှိတဲ့
မ်ာတော်လိုင်စင် ရှိထားပြီးသားတွေလည်း ရှိကြပါတယ်တဲ့၊

ဒီနေရာမှာ ထူးခြားစွာနဲ့ တွဲဘက်တွေ့ရှိရသလို ဖြစ်နေရတာက သမိုင်းတလျှောက် လူသူမနေထိုင်ခဲ့ ကြပါတဲ့ အဲဒီ ကျွန်းကလေးပတ်ပတ်လည်မှာမှ အဲဒီလို ရေပေါ်သွားတဲ့
မ်ာတော်တွေက ရေပေါ်မှာ မသွားတော့ပါဘဲ ကျောက်ချရပ်နားလို့ လူနေအိမ်တွေ အဖြစ် ရပ်တည်နေတာပါ၊ 

တစီးတလေလည်း မဟုတ်ပါဘူး၊ အစီးပေါင်းများစွာ တန်းစီပြီးရပ်ထားတာက ကြည့်လို့ 
ကာင်းလှ ပါတယ်၊ 

ပါရီမြို့လယ် စဲန်းမြစ်ရိုး တလျှောက်မှာလည်း အဲဒီလို မော်တော်အိမ်များကို တွေ့မြင်ရလေ့ ရှိပေမယ့် အဲဒီလောက် များများ မဟုတ်ပါဘူး၊ အလွန်ဆုံးမှ သုံးလေးငါးစီး တွေ့မြင်ရလေ့ 
ရှိတာပါ၊

လူတွေနေတဲ့ မော်တော်အိမ်များ          (ဓါတ်ပုံ မရငတ)

မြေကြီးပေါ်မှာ အိမ်ဆောက်နေဖို့ တတ်နိုင်ကြတဲ့ ရွှေရှိ ငွေရှိ လူတန်းစားတွေ ဖြစ်ပါလျှက်နဲ့ 
ရေပေါ် မှာမှ လှေဟောင်း မော်တော်ဟောင်းတွေကို အိမ်လုပ်နေချင်ကြတဲ့ လူတန်းစားတွေပါ၊ 

တချို့သော အဲဒီ မော်တော်အိမ်ပိုင်ရှင်တွေက သူတို့လို ထူးထူးခြားခြား ဇိမ်ခံချင်ကြသူများကို 
တဆင့် ငှားစားကြ ပါသေးတယ်၊ 

ရက်ပိုင်း လပိုင်းနဲ့ ဈေးကြီးကြီးပေးငှားမှ ဇိမ်ခံလို့ရမယ့် မော်တော်အိမ်ဟော်တယ်တွေ ပေါ့လေ၊ 

အဲဒီ မော်တော်အိမ်ဟော်တယ်တွေက အပြင်ကနေ ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်တဲ့
သဲတင်ကျောက်တင် ကာဂိုမော်တော်ဟောင်းတွေကို ဆေးသုတ်ချယ်သ အလှပြင်ထားသလို သာပါ၊

အတွင်းပိုင်းမှာတော့ ဖိုက်စတားဟော်တယ်တမျှ မိတ်ကပ်လိမ်း ပြင်ဆင်ထားတာကြောင့် တပတ်ကို ယူရိုမန်းနီး တထောင် တသောင်းပေးလို့ အကုန်ခံ ဇိမ်ခံ နှပ်ချင်ကြသူတွေလည်း ရှိကြကြောင်းပါ၊

 ဘုတ်ပီးပဲလ်တွေရဲ့ မော်တော်အိမ်             (ဓါတ်ပုံ မရငတ)

ပိုက်ဆံတတ်နိုင်ကြတဲ့လူတွေရဲ့ ထူးခြားအံ့သြဖွယ်ရာ ကောင်းလှပါတဲ့ စရိုက်တမျိုးလို့သာ
 ပြောရပါ တော့မယ်၊ 

အကယ်၍သာ မောင်ရင်ငတေလည်း ပိုက်ဆံလေးဘာလေး နည်းနည်းရှိရင် ထီပေါက်ခဲ့ တယ်ဆိုရင် ပေါ့လေ . .. ….. ……. ရက် များများတော့ မဟုတ်ပါဘူး၊ 

တညတလေလောက် အဲဒီလို စိမ်းမြမြလား နက်မှောင်မှောင်လား ရုတ်တရက် ဝေခွဲမရပါတဲ့ 
စဲန်းမြစ် ရေပြင်ကို မော်တော်အိမ်ပေါ် ကနေ ငေးမျှော်ကြည့်ရင်း ဝိုင်နီလေး တခွက်တလေနဲ့ စာလေးပေလေး တပုဒ်တလေလောက်တော့ သူတို့ အနောက်နိုင်ငံသားတွေအတိုင်း ဇိမ်ခံ ရေးစမ်း ကြည့်ချင်မိပါသေးတယ် ခင်ဗျား၊

အဲ …… . .. . … …..
တခုရှိတာက အဲဒီလို မော်တော်အိမ် ပိုင်ရှင်တွေနဲ့များ အတွေ့အကြုံချင်း ဖလှယ်ကြလို့ အတူခဏနချင်ကြရင်တော့ တညကို ယူရို သုံးလေးဆယ်နဲ့ ဈေးသက်သာတာတွေလည်း ရှိတတ်ကြောင်းပါ ခင်ဗျား၊ 

မတူညီကြတဲ့ ဘဝအကြောင်းတွေ လေ့လာနိုင်တာပေါ့နော်၊ မောင်ရင်ငတေ တယောက်ထဲ ကတော့ လူစိမ်းဆို ကြောက်တတ်လို့ မလေ့လာ ဖြစ်သေးပါဘူး၊

 နောက်များ အဖော်သာကောင်းရင် အဲသဟာမျိုးလည်း လေ့လာချင်မိပါသေးတယ် ခင်ဗျာ၊
 မော်တော်အိမ်ပိုင်ရှင် စုံတွဲရဲ့ ကြော်ငြာထား ပုံကလည်း စွဲဆောင်မှုအား ကောင်းလှပါတယ်၊

(ဓါတ်ပုံ မရငတ)

မြေပေါ်မှာမွေး မြေပေါ်မှာနေ မြေပေါ်မှာသာ မသေကြပါနဲ့တဲ့၊ သူတို့လို ရေပေါ်မှာနေရတဲ့ အရသာ မျိုးကိုလည်း ခံစားကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်တဲ့၊ 

သူတို့တွေရဲ့ အတွေ့အကြုံတွေနဲ့ လောကကြီးကို ရေပေါ်ကနေ မြေပေါ်ကို သူတို့လိုသာ
မင်ကြည့်တတ် လာမယ်ဆိုရင် သင့်မှာ ရောဂါတခုလို စွဲကပ် နေတဲ့ လောကအမြင်ဟောင်း
တွေ ပြောင်းလဲလာပါလိမ့်မယ်တဲ့၊ 

ဘဝချင်း အမြင်ချင်း ဖလှယ်ကြည့် ရအောင် လာခဲ့ကြပါဖိတ်ခေါ်ပါတယ်တဲ့၊ 

ပါရီမြို့ရဲ့ အဆိုးအကောင်း သမိုင်းကြောင်းအဟောင်းတွေ စဲန်းမြစ်ရေစိမ်းစိမ်းနဲ့အတူ ဘယ်လို စီးဆင်းမျောပါ သွားခဲ့တယ်ဆိုတာတွေ သိချင်ရင် လာခဲ့ကြပါတဲ့၊

သူတို့နဲ့ အတူနေ အတူစားနိုင်ပါတယ်တဲ့၊ ငွေရေးကြေးရေးက လုပ်ငန်းသဘောပါတဲ့၊ 

အဲ ဒါပေမယ့် ညနက်နက်မှာ စဲန်းမြစ်ရေ စိမ်းမှောင်မှောင်နဲ့အတူ ခြင်တော့ နည်းနည်းကိုက်တတ် ပါတယ်တဲ့၊

ဒီနေရာမှာ မောင်ရင်ငတေ တခုထည့် ရေးချင်မိတာ ရှိပါသေးတယ်၊

နာမည်ကြီးနေတဲ့ ကမ္ဘာပေါ်က တခြားတခြားသော ဘုတ်ပီးပဲလ်တွေရဲ့ဘဝတွေနဲ့တော့ နှိုင်းယှဉ်ပြီး
မကြည့်လိုက်ကြပါနဲ့လို့၊ 

ဟို ဘုတ်ပီးပဲလ်တွေက ဘုတ်တွေကို ခဏတဖြုတ်လေးသာ စီးချင်ကြပါတဲ့ သူတွေပါ၊ 

နီးစပ်ရာ ကုန်းမြေကြီးပေါ်ရောက်ဖို့ အသက်လုလို့ ဘုတ်ခဏစီးကြသူတွေ Boat People
တွေသာပါ၊

 Île de Puteaux မှာ မောင်ရင်ငတေတွေ့ခဲ့ရတဲ့ ဘုတ်ပီးပဲလ်တွေကတော့ ရေထဲမှာသာ
ပျော်ကြပြီး ရေထဲမှာ တသက်တာ နေချင်ကြသူတွေပါ၊ 

တချို့သော စက်တပ် မော်တော်အိမ် ပိုင်ရှင် တွေကတော့ ဥရောပရဲ့ 
Seine စဲန်း Marne မန်း Loire လွား Moselle မိုဇယ်လ် Rhône ရွန် Rhine ရိုင်း Main မိုင်း Tajo တာရို Duero ဒူအဲရို Po ပို Elbe အဲလ်ဘ် Inn အင်း Danube ဒန်ညု Vltava ဗလ်တာဗာ Odra အော်ဒရာ Volga ဗိုလ်ဂါ အစအစရှိတဲ့ ချောင်းကြိုချောင်းကြား မြစ်ကြိုမြစ်ကြား ကွန်ယက် တလျှောက် အစုန်အဆန်သွားလာလို့ ဘဝအဓိပ္ပါယ်တွေကို ရှာနေချင်ကြသူတွေပါ၊

သူတို့တွေရဲ့ မြစ်ချောင်းကွန်ယက်ဆိုတာကလည်း မြစ်တမြစ်နဲ့တမြစ် ချောင်းတချောင်းနဲ့တချောင်း ဆက်စပ်ထိတွေ့မှုက သဘာဝအတိုင်း ရှိရင်ရှိခဲ့ မရှိဘူးဆိုရင် လူလုပ် မြောင်းတုတွေ ဖောက်လုပ်လို့ ဆက်စပ်ခဲ့ကြတာက ဟိုးရှေးပဝေသဏီထဲကတိုင်ပါ၊ 

ပင်လယ်သမုဒ္ဒရာတွေ ကျော်ဖြတ်ပြီး ကမ္ဘာကိုပတ်ဖို့ ကြိုးစားကြံစည်ခဲ့ကြ သူတွေတောင် ရှိသေးခဲ့တော့ ဒီလောက်လေး ချောင်းကြားမြောင်းကြား သွားတာလောက်ကတော့ 
သူတို့အတွက် အပျင်းပြေ အဆင့်လောက်သာရှိမှာ အမှန်ပါ၊

မောင်ရင်ငတေတို့ကတော့ သူများခတ်တဲ့ သမ္ဗန်လှေလေးစီး ဧရာဝတီမြစ် တခေါက်တလေ ကူးခဲ့ဖူး တာကို သမိုင်းလုပ် အဟုတ်ကြွား ဘဝင်လေဟပ် နေမိခဲ့တာတွေ ရှိခဲ့ဖူးကြောင်းပါ ခင်ဗျား၊

(ဓါတ်ပုံ မရငတ)

လူမနေတဲ့ကျွန်း Île de Puteaux အကြောင်းကနေ ဘုတ်ပီးပဲလ်တွေ အကြောင်းကို ရောက်သွားပါ
တော့မယ်၊ ဥရောပရဲ့ ဘုတ်ပီးပဲလ်တွေအကြောင်း နောက်များမှ ဆက်စပ်ရေးဖို့ ကြိုးစားပါဦးမယ်၊



နောက် ဆယ်နှစ်ဆိုရင် ချံပီယန် မဖြစ်လာဘူး ပြောနိုင်မလား                    (ဓါတ်ပုံ မရငတ)

ဆက်လက်ပြီးတော့ Île de Puteaux အကြောင်း နောက်တခု ထူးခြားတာ တခုကို ရေးချင်ပါတယ်၊
အဲဒီ လူနေအိမ်ခြေ မရှိပါတဲ့ ဒီကျွန်းလေးပေါ်မှာ ဘာတွေရှိပါသလဲဆိုတော့ အားကစားကွင်းတွေပါ၊
တကွင်းတလေ မဟုတ်ပါဘူး၊ ကျွန်းလုံးပြည့်လု နီးနီးပါ၊ ကျွန်းရဲ့ လေးပုံသုံးပုံက ကစားကွင်းတွေပါ၊
တင်းနစ်ကွင်း နှစ်ဆယ့်လေးကွင်း ဘောလုံးကွင်း ခြောက်ကွင်း ရေကူးကန်နဲ့အားကစားရုံများအပြင်  ဂေါက်သီးရိုက် လေ့ကျင့်ကွင်း တကွင်းလည်း ရှိပါတယ်၊ ကစားကွင်းမဟုတ်တဲ့ နေရာတွေကလည်း အပန်းဖြေဖို့ ပန်းခြံတွေသာပါ၊ လူမနေကြတဲ့ ကျွန်းလေးသာ မဟုတ်ပါဘဲ လူမနေတဲ့ အားကစားရွာ တရွာအဖြစ် သတ်မှတ်ချင်လည်း ရနိုင်လောက်ပါတယ်၊ ဒါကလည်း မနေ့တနေ့ကမှ အားကစားကို ကျန်းမာရေး ဘာညာနဲ့ စီးပွားဖြစ်လုပ်သလိုမျိုး ထလုပ်ခဲ့တဲ့ ပုံစံမျိုး မဟုတ်ပါဘူး၊ ရှေးလူကြီးတွေက ဦးစီးရှေ့ဆောင် လုပ်ပြခဲ့တာကို နောက်လူတွေက အစဉ်အဆက် ထိမ်းသိမ်း လုပ်ခဲ့ကြတာမျိုး မို့လို့
ဒီကနေ့ထိအောင် ဒီကျွန်းလေးက အားကစားကျွန်းလေးအဖြစ် ဆက်လက် ရပ်တည်နေမြဲ နေခဲ့တာ ဖြစ်မှာပါ၊


လွန်ခဲ့တဲ့ ၁၁၆ နှစ်က အိုလံပစ် တင်းနစ်ကွင်း                                       (ဓါတ်ပုံ မရငတ)
Île de Puteaux တင်းနစ်ကွင်းတွေရဲ့ သမိုင်းကလည်း ပေါ့သေးသေး မဟုတ်ခဲ့တာတော့ အမှန်ပါ၊ ဒုတိယကြိမ်မြောက် Jeux Olympiques d'Été နွေရာသီအိုလံပစ်ပွဲကို ပြင်သစ်ပြည်မှာ ၁၉၀၀ ပြည့် နှစ်မှာ ကျင့်ပခဲ့ပါတယ်၊ အဲဒီပွဲမှာ ပျူတိုကျွန်း တင်းနစ်ကွင်းတွေမှာ ပိုင်ရှင်က လက်ခံကျင့်ခွင့် ပေးခဲ့ တာပါ၊ ပြင်သစ်တင်းနစ်လောက အစောပိုင်းကာလတွေထဲက ဦးစီးရှေ့ဆောင်တည်ရှိခဲ့တဲ့ တင်းနစ် ကလပ်တွေနဲ့ တင်းနစ်ကွင်းတွေပါ၊ ဒီကနေ့ထိတိုင် အများပြည်သူ မည်သူမဆို ဈေး သက်သက်သာ သာလေးနဲ့ အချိန်ပိုင်းဖြစ်ဖြစ် အမြဲတမ်းဖြစ်ဖြစ် ဝင်ရောက်လေ့ကျင့် ကစားနိုင်တဲ့ ကွင်းအမျိုးအစား
အဖြစ် ရပ်တည်နေတာပါ၊ ဘောလုံးကွင်းတွေကလည်း ထိုနည်းတူပါ၊


လွန်ခဲ့တဲ့ ၁၁၆ နှစ်က အိုလံပစ် တင်းနစ်ကွင်း                                         (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေရောက်ရှိခဲ့တဲ့နေ့က ခလေးငယ်ငယ်လေးတွေ တင်းနစ်ရက်ကက်လေးတွေ လွယ်လို့ တင်းနစ် ဘောလုံးလေးတွေ ပုတ်လို့ပုတ်လို့ ကစားဖို့ လာနေကြတာကို မြင်တွေ့ခဲ့ရပါတယ်၊ ခက်နေ တာက အဲဒီလိုမျိုး မည်သူမဆို ဈေးမကြီး ဘာမကြီး အလွယ်တကူဖြစ်အောင် စီစဉ်ပေးထားပေမယ့် ..  …… . .... … လည်း . …. ….. အဲဒီလိုမျိုး နေရာတွေမှာ အတွေ့ရများတာက အဝါတွေအညိုတွေ အမည်းတွေထက် သူတို့လို လူဖြူတွေကိုသာ အတွေ့ရများနေခြင်းပါ၊ သူ့ စရိုက်နဲ့ သူပေါ့ ခင်ဗျာ၊

မောင်ရင်ငတေ ခပ်ငယ်ငယ်က ဟင်္သာတမြို့ရဲ့ တလုံးထဲသောပြည်တော်သာတိုက်ရဲ့ရှေ့မှာ ခြံဝန်း
ကျယ်ကြီးတခု ရှိပါတယ်၊ တိုင်းမင်းကြီးခြံ ဆိုလားပါ၊ အဲဒီ ခြံဝန်းကျယ်ကြီးထဲက ကြက်တောင်ကွင်း တင်းနစ်ကွင်းတွေရှိပေမယ့် ကြက်တောင်မရိုက် တင်းနစ်မရိုက်ဖြစ်ကြပါဘူး၊ တခါတလေ အား/ကာ ရုံးက ပြည်တွင်းဖြစ် ဇင်ယော်တံဆိပ်ကြက်တောင်တွေ ရလာတဲ့အခါမျိုးမှာဆိုရင်တော့ မရိုက်တတ် ရိုက်တတ်နဲ့ ရိုက်ဖြစ်ကြပေမယ့် အများအားဖြင့် ရှိရာရရာဈေးပေါပေါရတဲ့ ကော်ဘောလုံးတွေနဲ့သာ လူစုပြီး တဝုန်းဝုန်းတဒိုင်းဒိုင်း ကန်ခဲ့ကြတာကို ပြန်လည်တွေးမိ လွမ်းဆွတ်ရပါသေးတယ်၊ ဘဝချင်း မတူသလို စရိုက်ချင်းတွေလည်း ဘယ်တူနိုင်ပါ့မလဲလေ၊  


လွန်ခဲ့တဲ့ ၁၁၆ နှစ်က အိုလံပစ် တင်းနစ်ကွင်း                                   (ဓါတ်ပုံ မရငတ)   
မောင်ရင်ငတေတို့တွေကလည်း မောင်ရင်ငတေတို့တတွေရဲ့ ဘဝပေးကုသိုလ်လို့သာ ပြောရပါမယ်၊ 
အဲဒီအချိန်က မောင်ရင်ငတေ့ဖားသားကြီးတို့ရဲ့ သစ်သားတင်းနစ်ရက်ကက်ကြီးတွေက အလေးချိန်
တော်တော်စီးတာကိုတော့ မှတ်မိနေပါသေးတယ်၊ အဲဒီလောက်လေးပင်တဲ့ ရက်ကက်ဆိုတာကြီးကို
တကိုင်ကိုင်နဲ့ ရှိုးထုတ်ကစားကြတဲ့ ကစားနည်းကို မောင်ရင်ငတေ မကြိုက်နှစ်သက်ခဲ့လို့ ကစားချင်
စိတ် လုံးဝကို မရှိခဲ့တာပါ၊ အပင်ပန်းခံ ချွေးထွက်ခံပြီး ကစားရတာချင်းတူတူ လွတ်လပ်စွာပြေးလွှား ဆော့ကစားရတဲ့ ဘောလုံးဆိုတာကြီးကိုသာ မက်မက်မောမော ကစားခဲ့ဖူးပါတယ်၊ သူငယ်ချင်းတွေ အပေါင်းသင်းတွေ လေးငါးဆယ်ယောက် မုန့်ဖိုးထဲက ပိုက်ဆံလေး ငါးပြားဆယ်ပြားစု ပလတ်စတစ် ကော်ဘောလုံးလေးတလုံး လမ်းထိပ်ကဝယ် ရှိသမျှလူ နှစ်ဘက်ခွဲ မမောမပမ်း ဝုန်းဒိုင်းကျဲကန်လို့ရ ခဲ့တာက ဘောလုံး ကစားခြင်းသာ မဟုတ်ပါလား၊ တကယ်ဆိုရင် ဇီဒန်းတို့ ရော်နယ်ဒိုတို့ မက်ဆီတို့ နေမာတို့ ရွန်းနီတို့ နာဒယ်တို့ ဂျိုကိုဗစ်တို့က ပိုက်ဆံရလို့သာ ဘောကန် တင်းနစ်ရိုက် နေကြတာပါ၊ မောင်ရင်ငတေတို့လို ရတဲ့မုန့်ဖိုး မုန့်ဝယ်မစားနိုင်ပါဘဲ ထမင်းမေ့မေ့ဟင်းမေ့မေ့ အားကစားချစ်စိတ် အပြည့် သူတို့များမှာ မရှိနိုင်လောက်ပါဘူးလေ၊


ပါရီ အိုလံပစ် ချန်ပီယံ အင်္ဂလိပ်မ Charlotte Cooper Sterry (၁၈၇၀-၁၉၆၆)     (ဓါတ်ပုံ မရငတ)
၁၉၀၀ ပြည့်နှစ်ဟာ ပြင်သစ်ရဲ့ ပါရီမြို့ရဲ့ ခေတ်သစ်သမိုင်း အစလို့ ပြောရရင်မမှားပါဘူး၊ အိုလံပစ်ပွဲ လက်ခံကျင့်ပတာနဲ့အတူ Exposition Universelle et Internationale de Paris တိုးတက်ပြောင်း လဲလာတဲ့ စက်မှုလက်မှုပြပွဲ ဒါ့အပြင် ပြင်သစ်ပြည်ရဲ့ ပါရီမြို့ရဲ့ ပထမဆုံးသော မြေအောက်မေထရို
Première Ligne 1 de Métro Parisien လိုင်းအမှတ် (တစ်) ဖွင့်ပွဲတွေ တပြိုင်နက်တည်း ဖွင့်ခဲ့ပြီး နှစ်ဆယ်ရာစုခေတ်သစ်ကို လှမ်းဝင်ခဲ့တယ် ဆိုရပါမယ်၊ ပြင်သစ်တင်လား မဟုတ်ပါဘူး၊ ဥရောပရဲ့ နိုင်ငံကြီးတွေ တော်တော်များများပါ၊ စာပေအနုပညာ အတွေးအခေါ် စက်မှုစီးပွား အားကစားတွေ ဘက်ပေါင်းစုံပါလို့ ပြောရမှာပါ၊ တက်ကျမ်းတွေ အောင်မြင်ရေးရဲ့သော့ချက်တွေတို့ မောင်ရင်ငတေ ဘာညာ မပြောချင်မရေးချင်ပါဘူး၊ လက်တွေ့ကျတဲ့ လုပ်ရပ်တွေကိုတော့ စိတ်ဝင်စားမိလို့ ရေးပြမိရ
တာပါ၊ တက်ကျမ်းတက်ကျမ်းဆိုပြီး ဒိတ်အောက်နေတာကြီးတွေသာ ဖတ်ခဲ့ဖူးရတာများလို့ တော်ရုံ တက်ကျမ်းဆို ခပ်ဝေးဝေးက ရှောင်ကြဉ်တတ်တဲ့ ကျကျမ်းသမား မောင်ရင်ငတေပါ၊


(ဓါတ်ပုံ ဖြတ်ညှပ်ကပ် မရငတ)
ပျူတိုကျွန်းအကြောင်း နောက်ထပ် စိတ်ဝင်စားစရာတခု ရှိပါသေးတယ်၊ အမှန်တကယ် ဆိုရင်တော့
မောင်ရင်ငတေရေးနေတဲ့ Puteaux ပျူတိုကျွန်းအကြောင်းအရာတွေက တခုနဲ့တခု မဆက်စပ်လှပါ ဘူး၊ ဘာတခုမှမဆိုင်သလိုသာပါ၊ မောင်ရင်ငတေတို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပါရီမြို့ပြဘဝနဲ့လည်း ခပ်ဝေးဝေးမှာသာရှိတာပါ၊ ပျူတိုကမ်းကို ကပ်ထားတဲ့ မော်တော်အိမ်တွေရယ် ကစားကွင်းတွေရယ် အခုရေးမယ့် Famille Rothschild ရို့ထ်ချီမိသားစုကြီးကောက်ကြောင်းရယ် တကယ်တမ်းကတော့ တခုချင်း ရေးရမှာပါ၊ အခုတော့ သုံးခုပေါင်း ပျူတိုကျွန်း အကြောင်းလို့သာ မှတ်လိုက်ပါတော့၊

ဒီပျူတိုကျွန်းကို Île Rothschild လို့လည်း ခေါ်ခဲ့ကြပါသေးတယ်၊ ၁၉၀၀ နှစ်များမတိုင်မီက ဒီလိုမျိုး ကစားကွင်းတွေ မရှိသေးခင် ကာလကပေါ့၊ ဒီကျွန်းပေါ်မှာ စိုက်ခင်းပျိုးခင်းတွေ ရှိခဲ့ပါတယ်တဲ့၊ အဲဒီ စိုက်ခင်းတွေနဲ့ ကုန်ချောထုတ်လုပ်တဲ့စက်ရုံ ပိုင်ရှင်ကတော့ ဂျာမန်ပြည်ဖရန့်ဖွတ်မြို့မှာ မွေးဖွာခဲ့သူ ဂျူးနွယ်ဖွား James Mayer de Rothschild (Jakob Mayer Rothschild) ရို့ထ်ချီ (၁၇၉၂-၁၈၆၈) အမည်ရ သူဌေးကြီး တဦးပါ၊

အဲဒီလို James de Rothschild ခေတ်က လယ်ယာထွက်ကုန်စက်ရုံ တည်ရှိခဲ့တဲ့ အဲဒီကျွန်း Île de
Puteaux ပျူတိုကျွန်းလေးက ၁၉၀၀ ပြည့်နှစ်မှာတော့ အိုလံပစ် တင်းနစ်ကွင်းတွေအဖြစ် အသိမှတ်
ပြုခံ သတ်မှတ်ခံခဲ့ရခြင်းပါ၊ ဘယ်လိုကဘယ်လို အားကစားကွင်းတွေအဖြစ် ပြောင်းလဲခဲ့သလဲတော့ မောင်ရင်ငတေ ဖတ်မိသမျှ မပါပါဘူး၊ ဒီကျွန်းမြေ ပိုင်ဆိုင်မှုက အဲသူဌေးကြီးမိသားစု အစဉ်အဆက် ပိုင်ဆိုင်လာခဲ့ဖွယ်ရှိပြီး (ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်လာရသလဲ ပိုင်ရာဆိုင်ရာတွေကို ပူဇော်ပသပြီး ရခဲ့ လေသလား .... .. .. နောက်ပိုင်းတော့ အားကစားကွင်းတွေအဖြစ် ဘာလို့ အသွင်ပြောင်းခဲ့တာလဲ) ဒါတွေကိုတော့ ဒီနေရာမှာ အကျယ် မပြောကြတာ ကောင်းပါတယ်၊ ဘယ်လို ဖြစ်ဖြစ်ပါ၊ အားကစား ကွင်းတွေသာရှိပြီး ဒီကနေ့ထိ လူမနေတဲ့ကျွန်းအဖြစ် ရပ်တည်နေတာကိုတော့ ကြိုဆိုရပါမယ်၊

၁၇၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ထင်ရှားခဲ့တဲ့ ဘဏ်လုပ်ငန်းရှင် Famille Rothschild သူဌေးမျိုးရိုး
ကနေ ဆင်းသက်လာတဲ့သူပါ၊ ဂျာမဏီ သြစတြီးယား အီတလီ ဆွစ်ဇာလန် ပြင်သစ် အင်္ဂလန်တို့မှာ သူတို့ပိုင်ဆိုင်တဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေက ခေတ်အဆက်ဆက် အများကြီးပါ၊ မူလပထမက အတိုးချေးစား ငွေနဲ့ပစ္စည်း ဖလှယ်တဲ့လုပ်ငန်းတွေလုပ် ကြီးပွားခဲ့ကြသူတွေလို့ ဆိုပါတယ်၊ ဂျာမဏီ ဖရန့်ဖွတ်နယ်ဇာတိဖွားတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့မိသားစုဝင်တွေဟာ အနောက်ဥရောပ တကြောမှာ ဖြန့်ကျက်အခြေချ လာကြပါတယ်၊ James Rothschild ကတော့ ပါရီမြို့မှာ အခြေစိုက် နေထိုင်ခဲ့သူပါ၊ ရို့ထ်ချီ ဘဏ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သူ Mayer Amschel Rothschild ရဲ့ မွေးချင်းဆယ်ယောက်ထဲက အငယ်ဆုံးပါ၊ ပြင်သစ်ပြည်မှာ အခြေချနေထိုင်ခဲ့ပြီး ဘဏ်လုပ်ငန်းတင်
မက သတ္တုတွင်း ရထားပို့ဆောင်ရေး ကမ်းလွန်ရေနံ မျိုးစုံ လုပ်ကိုင်ခဲ့သူပါ၊ ပါရီ-လန်ဒန် ရထားလမ်း ဖောက်လုပ်ရေးကို ထဲထဲဝင်ဝင် သူတို့ ညီအကိုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်၊ သူတို့ ညီကို
ငါးယောက် ဦးစီးပြီး ဥရောပတဝန်း ဖြန့်ကျက်စီးပွားရှာခဲ့တာ ဒီကနေ့မှာ ရို့ထ်ချီမျိုးဆက် ခွန်နှဆက်
မြောက်ထိ တိုင်ခဲ့ပါပြီတဲ့ ခင်ဗျာ၊

အနှစ်သုံးရာကျော် သက်တမ်းရှိ ရို့ထ်ချီဖယ်မလီကြီးရဲ့ ပိုင်ဆိုင်မှုအရပ်ရပ်က ဒီကနေ့ ဒေါ်လာငွေနဲ့ ဆိုရင် (ခွန်နှစ်နောက်က သုညဆယ်လေးလုံး) ၇၀၀ ထရီလီယံကျော်မျှမက ရှိကောင်းရှိနိုင်တယ်လို့ တွက်ချက်သူတွေက တွက်ချက်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ဘီလျံနာ စာရင်းမှာတော့ ဘာကြောင့်ရယ် မသိ မပါဝင်နေပါဘူး၊ အံ့သြစရာပါ၊

အဲဒီ ပျူတိုကျွန်းပိုင်ရှင်ဟောင်း James de Rothschild ကြီးရဲ့ နောက်ထင်ရှားတဲ့ လုပ်ငန်းကတော့
စပျစ်စိုက်ပျိုး ဝိုင်ထုတ်လုပ်ခြင်းပါ၊ နာမည်ကျော် ထိပ်တန်းဝိုင် ဖြစ်တဲ့ Château Lafite Rothschild
တံဆိပ်ကတော့ Premier Grand Cru ဝိုင်နီထဲမှာ ထိပ်ဆုံးတန်းကကျော်ကြားပါတယ်၊ ၁၈၆၈ ခုနှစ်
James de Rothschild မဝယ်ယူခင်ကထဲက အဲဒီ စပျစ်ဝိုင်စိုက်ခင်းတွေက နာမည်ကျော်ပြီးသားပါ၊

အမေရိကန်က Thomas Jefferson (၁၇၄၃-၁၈၂၆) သမ္မတကြီးမဖြစ်ခင် ပြင်သစ်ရဲ့ သံအမတ်ကြီး ဘဝနဲ့ ပါရီမှာနေစဉ် ၁၇၈၇ ခုနှစ်က အဲဒီစပျစ်ဝိုင်ခင်းသို့ ရောက်ရှိခဲ့ပြီး ဝယ်ယူသိုလှောင်ထားခဲ့ပါတဲ့
Lafite Rothschild ဝိုင်တလုံးက ဒီကနေ့မှာ ပေါက်ဈေး ဒေါ်လာတသိန်းခွဲတန်နေပြီး ဈေးအကြီးဆုံး ဝိုင်ပုလင်းအဖြစ် ကျော်ကြားပါတယ်၊ ဟုတ်မဟုတ် စစ်မစစ်ကတော့ ပုံမှန်ရောင်းတဲ့ Lafite တံဆိပ် ဝိုင်နီတလုံးရဲ့ တန်ဖိုးက ယူရိုလေးငါးရာ ခြောက်ရာ အောက်ထစ်ရှိတာမို့ မောင်ရင်ငတေလိုကောင် စမ်းသောက်မကြည့်နိုင်လို့ မသိပါဘူး၊ တခြား ရို့ထ်ချီဖယ်မလီနွယ်ဖွားတွေရဲ့ စပျစ်ဝိုင်လုပ်ငန်းတွေ အများကြီး ရှိနိုင်ပါသေးတယ်၊ အဲဒီထဲမှာ မောင်ရင်ငတေ သိထားတဲ့ ဝိုင်ကတော့ Château Clarke ဝိုင်ပါ၊ Edmond de Rothschild အုပ်စုရဲ့ စပျစ်ဝိုင်တမျိုးပါ၊ သူတို့အုပ်စု အမည်ခံလို့ ဝိုင်လောကထဲ ဝင်ရောက်လာတာကတော့ အနှစ်ငါးဆယ် မပြည့်လောက်သေးပါဘူး၊ ဘောဒိုနယ် တဝိုက်မှာ သူတို့ ပိုင်ဆိုင်တဲ့ ဝိုင်စိုက်ခင်းတွေကတော့ တစတစ များလာပါတယ်တဲ့၊ နာမည်ရ လူသိများတဲ့ Château Clarke ဝိုင်စိုက်ခင်းတွေကတော့ ဧကပေါင်း တရာ့ငါးဆယ်ကျော်လောက် ရှိပြီး တနှစ်ကို ဝိုင်ပုလင်း နှစ်သိန်းခွဲလောက် ဈေးကွက်တင်ရောင်းချနိုင်ပါတယ်တဲ့၊ ဈေးနှုန်းကတော့ သာမန်အနိမ့်ဆုံး ဝိုင်က တပုလင်း ယူရို နှစ်ဆယ် သုံးဆယ်လောက် ဈေးပေးရပါတယ်၊ တခါက သူများတိုက်လို့ သောက်ခွင့် ကြုံရင်း မောင်ရင်ငတေ မြည်းစမ်းကြည့်ခွင့် ရခဲ့ဖူးပါတယ်၊ မောင်ရင်ငတေတို့ နေ့စဉ် သောက်နေတဲ့ ဝိုင်တပုလင်းက နှစ်ယူရိုသုံးယူရိုလောက်သာ ပေးရတာမို့ ဆယ်ဆလောက် ဈေးပိုကြီးတယ်ပြောလို့ ရပေမယ့် အဲဒီ Château Clarke ကလည်း သိပ် ထူးထူးခြားခြားကြီးတော့ မဟုတ်လှပါဘူး၊

သူတို့ပိုင် အကောင်းဆုံး Hôtel Luxe Domaine du Mont D'Arbois ဟော်တယ် ပြူတင်းပေါက်က တဆင့် အဲလ်ပ် ရေခဲတောင်ထွဋ် တောင်ထိပ်တွေရဲ့ ဖြူဖွေးဖွေး အေးမျှမျှ အလှကို ဇိမ်ခံလို့ငေးရင်း သူတို့တွေရဲ့ အကောင်းဆုံး Premier Grand Cru Lafite ရို့ထ်ချီတံဆိပ် ဝိုင်နီလေးတခွက်လောက် ခံစားသောက်ကြည့်ခွင့်ရမယ် ဆိုရင်တော့ ကောင်းလှပါသည် ဒေါင်းမြကြည်လို့ ဆိုရလေမလား ပါ၊

သူတို့မျိုးနွယ်တွေ သားချင်းတွေက များလွန်းလှသလို အနောက်ဥရောပတကြောမှာ သူတို့မျိုးနွယ်စု ပိုင်ဆိုင်ကြတဲ့ Château,Villa,Maison ခေါ်ကြတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများအပြားရှိပါတယ်၊  အဲဒီအကြောင်းတွေကိုတော့ ကြုံကြိုက်လို့ ရောက်ခဲ့ရင် မှတ်တမ်းတင် ရေးဖို့ ကြိုးစားပါဦးမယ်၊

Île Rothschild သို့မဟုတ် Île de Puteaux သို့မဟုတ် ** * ပါရီမြို့ပြင်က လူမနေတဲ့ကျွန်း * *** အကြောင်း ဖတ်ထားမှတ်ထားတာလေးတွေကို စာစုတစုဖြစ်အောင် ဖန်တီးလိုက်ရင်း … … …… ... ရို့ထ်ချီ ဖယ်မလီဝင်တွေအကြောင်း ရှာဖွေဖတ်ခဲ့ဖူးတာတွေထဲက ဂုဏ်ပြုစာတပိုဒ် ဖော်ပြလိုက်ရင်း

One Should Definitely Know About The Rothschild Family
As They Were The People Who Had The Power In Their Fingertips
They Could Break The War Or Make The War.

ဒီ စာစုကို နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျား၊

မောင်ရင်ငတေ ၀၂၀၂၀၁၆
 

Aucun commentaire:

Enregistrer un commentaire