Libellés

vendredi 29 juillet 2016

** * ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ * **

ပါရီပုံရိပ်များ (ဘဝထဲကလူသား)
ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ



ရိုမန်တစ် လှေကားထိပ်က မောင်ရင်ငတေရဲ့ မဟာဟော်တယ်                         (ဓါတ်ပုံ မရငတ)

ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ ဘဝအကြောင်း ဆိုတာက့ မောင်ရင်ငတေရဲ့ 
ပါရီကို ဖြတ်သန်းခဲ့တဲ့ ဘဝသမိုင်း အပိုင်းအစ တခုပါ၊ မေ့ထားခဲ့တာတော့ ကြာပါလေပြီ။

မောင်ရင်ငတေရဲ့ ပါရီဇီယမ်သားအဖြစ် ဘဝအစပိုင်းမှာ ဒီနေရာ ဒီရပ်ကွက်မှာ တနှစ်နီးပါး ဆယ်လ
ကျော်ခန့် ဖြတ်သန်းခဲ့ဖူးပါတယ်၊ နေရာကတော့ ပါရီမြို့ရဲ့ တကယ့် ရိုမန်တစ် ဧရိယာထဲမှာ တည်ရှိ
ပါတယ်၊ ပြောရမယ်ဆိုရင်တော့ ပါရီမြို့က ရိုမန်တစ် တောင်ကုန်းဖြစ်တဲ့ မွန့်မတ်ထ် တောင်ကုန်းရဲ့ 
(Butte Montmartre) တောင်ခြေ မြောက်ဘက်အခြမ်းမှာ တည်ရှိတာပါ။

သို့ပေသော်လည်း မောင်ရင်ငတေ့ ဖြတ်သန်းခဲ့ရတာကတော့ ဘယ်လိုမှ ရိုမန်တစ် မဆန်လှပါဘူး။


မဟာဟော်တယ် မျက်နှာစာက ရိုမန်တစ်အလှ                                             (ဓါတ်ပုံ မရငတ)

ရိုမန်တစ်ဆန်လှတဲ့ လှေကားထိပ်မှာ တည်ရှိတဲ့ ကမ္ဘာအရပ်ရပ်က ရိုမန်တစ်သမားတွေ လာရောက် 
တည်းခိုလေ့ရှိတဲ့ ရိုမန်တစ် ဟော်တယ်တလုံးမှာ ရိုမန်တစ်သမား ရွှေတယောက်ရဲ့ ရိုမန်မတစ်လှပါ 
တဲ့ ဟော်တယ် လုပ်သားဘဝအဖြစ် ရိုမန်မတစ်စွာ ဖြတ်သန်းခဲ့ရတဲ့ ရက်ပေါင်း သုံးရာကျော်ကာလ 
ပါ၊ ကာလတိုတခု ဖြစ်ခဲ့ပေမယ့် စိတ်ထဲထင်စွဲ ကျန်ရစ်နေရဆဲ ကာလတိုပါ။

ပါရီရိုမန်တစ် မွန့်မတ်ထ်တောင်ကုန်းဝန်းကျင်က တည်းခိုခန်းအများစုက ဝမ်းစတား အဆင့်သာသာ
အများစုပါ၊ အဲသလို ဝမ်းစတားအဆင့်လောက်သာ ဆိုပေမယ့် မောင်ရင်ငတေရဲ့ မဟာဟော်တယ်
စုစုပေါင်း အခန်း ၅၂ ခန်းဟာ ဘယ်နေ့မှာမှ အခန်းလွတ် မရှိ အခန်းပြည့် ဧည့်ပြည့် ရှိခဲ့တာချည်းပါ။

တခါတလေနေ့များမှာ မောင်ရင်ငတေတယောက်တည်းရဲ့လက်ရာနဲ့ အခန်းတိုင်းဟာ နေချင်စဖွယ် 
လှပနေတတ် ပါတယ်၊ ဓါတ်လှေခါးမရှိ ခြောက်ထပ်မြင့် အဆောက်အဦးနှစ်ခုနဲ့ မဟာဟော်တယ်မှာ 
ရက်ပေါင်း သုံးရာလောက် အဆင်းအတက် လုပ်ခဲ့ရတဲ့ ကျေးဇူးကြောင့် ပြင်သစ်မြေ ရောက်စထဲက 
လွမ်းနာကျ ချူချာ နေတတ်တဲ့ မောင်ရင်ငတေရဲ့ ကျန်းမာရေးကလည်း အကောင်းဘက်ကို ပြန်လို့ 
ရောက်လာခဲ့တာကြောင့် ဒီကနေ့မှာတော့ ကျေးဇူးတင်နေရပါတယ် မဟာဟော်တယ်ရေ။


အလုပ်ပြီးချိန် ထိုင်ခဲ့ဖူးတဲ့ ရိုမန်တစ် လှေကားထစ်များ                                    (ဓါတ်ပုံ မရငတ)

အလုပ်အပြီး ပြန်စရာ ကိုယ်ပိုင်အိမ် အတည်တကျမရှိခဲ့လို့ ပိုတဲ့အချိန်ပိုတွေကိုဖြုန်းရင်း ထိုင်ခဲ့ဖူးတဲ့
အဲဒီ ရိုမန်တစ် လှေကားထစ်များကိုတော့ တခါတလေ သတိယမိရပါတယ်၊ ဒါပေမယ့် အကြောင်း 
မတိုက်ဆိုင်လို့ရော သွားချင်စိတ် မပေါ်ပေါက်မိလို့ရော မရောက်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။

အဲဒီ လှေကားထစ်များရှိရာသို့ တမင်သက်သက်သာ မရောက်ဖြစ်ခဲ့ပေမယ့် ပါရီမြို့သို့ ရောက်လာခဲ့ 
ကြတဲ့ မောင်ရင်ငတေရဲ့ ပတ်သက်ရာပတ်သက်ကြောင်း ဘော်ဒါအပေါင်းကိုတော့ ဒီရိုမန်တစ်လှပါ 
တဲ့ Butte Montmartre တောင်ခြေပတ်ပတ်လည်ကို လိုက်ပို့ရင်း မောင်ရင်ငတေ့ မဟာဟော်တယ်
လှေကားထစ်များကို ခပ်လှမ်းလှမ်း အဝေးက လှမ်းမြင်ရင်း အဆွေးပိုခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ပြန်မလိုချင်တော့တဲ့ ရွှေ့ပြောင်းအခြေချ လုပ်သားဘဝရဲ့ ပါရီ ဘဝအစ အလွမ်းဆွေး တခုပေါ့လေ၊
ပြန်မလိုချင်တော့သော်လည်း မောင်ရင်ငတေ့ ခံစားတတ်တဲ့ ရင်ထဲမှာတော့ မေ့လျော့မရ တသသ 
နဲ့တော့ ရှိနေဆဲ နေရာတခုအဖြစ် တည်ရှိနေပါတယ်ဆိုရင် မမှားနိုင်ပါဘူး။


အလုပ်ပြီးချိန် ထိုင်ခဲ့ဖူးတဲ့ ရိုမန်တစ် လှေကားထစ်များ                                    (ဓါတ်ပုံ မရငတ)

ဒီတခါတော့ အကြောင်းတိုက်ဆိုင် လာတာရော မှတ်တမ်းရေးချင်စိတ်ရော ပေါ်လာတာနဲ့ မရောက်
ဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ အဲဒီလမ်းနဲ့ အဲဒီလှေကားထစ်တွေ ရှိရာကို ရောက်ခဲ့မိပါတယ်။

ဟို အရင်နှစ်များဆီလောက် နာကျင်မှုတွေ ရင်ထဲ သိပ်များများ မခံစားရတော့ပေမယ့်လည်းးးးးးးးး

ဒါတွေဟာ ဘဝတွေပါ၊
ဒါတွေဟာ ဘဝထဲက အတိတ်တွေသာပါ၊
ဒါတွေဟာ ဘဝထဲက အစိတ်အပိုင်းတွေပါ၊
ကျန်ခဲ့ပါပြီ၊ ပြီးခဲ့ပါပြီ၊ ထားခဲ့လို့တော့ မရသေးပါဘူး။


မဟာရိုမန်တစ် ဟော်တယ် အဝင်လမ်းက ကဖေးဘား                                    (ဓါတ်ပုံ မရငတ)

ဒီနေရာ ဒီအလုပ်ကနေ ဘာကြောင့် ထွက်ပြေးခဲ့ရသလဲ ဆိုတာကတော့ အလုပ်လုပ်တယ်၊
ပြီးရင် မကျေနပ်ရင် ထွက်ပြေးနေကြ မောင်ရင်ငတေအတွက်ကတော့ အထူး ပြောစရာ မရှိပါဘူး။

မကျေနပ်ခဲ့လေတိုင်း (အထူးသဖြင့်ကတော့ ဘော့စ်ဆိုတဲ့ လူတန်းစားတွေကို ပေါ့၊) ထွက်ပြေးခဲ့တဲ့
အကြိမ်ပေါင်းက သောင်းခြောက်ထောင်မျှ ရှိခဲ့ပါပြီလို့သာ ဆိုပါရစေ ဒီ အလုပ်မှာတော့ ဟော်တယ်
လေးငါးခြောက်လုံး ပိုင်ဆိုင်တဲ့ ဂျူးနွယ်ဖွားဘော့စ်နဲ့ သိပ်မတွေ့ရလို့ ဘယ်လောက်ကောင်းတယ်လို့
မပြောနိုင်ခဲ့ပါဘူး၊ မန်နေဂျာလုပ်တဲ့ အယ်လ်ဂျီးရီးယန်း ပြင်သစ်ကတော့ မောင်ရင်ငတေ့ကို စာပေ 
မတတ်တဲ့ Sino-Tibétaines ရှီနွားမျိုးနွယ်ထင်ပြီး (Chinois ရှီနွား ဆိုတာက ပေါက်ဖော်ကြီးတွေကို 
ပြင်သစ်လို ခေါ်တာပါ) မောင်ရင်ငတေရဲ့ လုပ်ခလစာကို ဖြတ်ခုတ်ဖို့ ကြံရွယ်ခဲ့တာကြောင့် အလုပ် 
ပြောင်းဖို့ ကြိုးစားခဲ့တာပါ၊ ကောမတ်စ်မေဂျာနဲ့ ကျောင်းဆွေးလူဆွေးနေလာခဲ့ပြီး တပိဿာတဆယ်
အဝက်သားဆို ဘယ်လောက်ကျသင့်မလဲ ဆိုတာကို စိတ်တွက် တွက်တတ်တဲ့ မောင်ရင်ငတေ့ကို 
ပညာလာပြတဲ့ အဲဒီအယ်လ်ဂျီးရီးယန်း ပြင်သစ်ကောင်လောက်ကို ကောင်းကောင်းပြောဆို ဆုံးမပြီး 
အလုပ် ထွက်လာခဲ့တဲ့ မောင်ရင်ငတေပါ။

အလုပ်ပေါင်းစုံ ဘဝပေါင်းစုံကို ဖြတ်သန်းကျင်လည်ခဲ့ဖူးတဲ့ မောင်ရင်ငတေ့အတွက်က အလုပ်ကြမ်း
အလုပ်နု မရွေး ဘာလာလာ လာထား ရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့ပြီးသားပါ၊ အလုပ်အတူ လုပ်ခဲ့ကြတဲ့
ဘရာဇီး မက္ကစီကို အာဖဂန် အယ်ဂျီးရီးယား တူနီးရှား သီရိလင်္ကာ ကိုလံဘီယာ ဗီယက်နမ် ဆီနီဂေါ 
အီတလီ အစ္စရေး ပါလက်စတိုင်း ၁၂ ယောက်သော အမျိုးမတူသူတွေရဲ့ စရိုက်ဆိုးကောင်း ပေါင်းစုံ 
ကို ထိတွေ့သိရှိခွင့် ရခဲ့တာကတော့ ကြီးစွာသော အမြတ်တခုပါ၊ ပြင်သစ်ရောက်ရောက်ချင်းကာလ 
ကမ္ဘာ့လူမျိုးပေါင်းစုံကို ထိတွေ့ခွင့်ရခဲ့တာပါ၊ လာရောက်တည်းခိုသူတွေကလည်း လူမျိုးတရာ့တပါး 
မကပါ၊ လူလူချင်းမတူမတန်ဆက်ဆံသူ လူမျိုးရေးအမြင်ကျဉ်းမြောင်းသူ အမျိုးမျိုး တွေ့ခဲ့ရပါတယ်။

မင်းသမီးဂိုက်ဖမ်းပြီး စီးကရက်တောင်းသောက်တတ်တဲ့ မြင်းမြီးရောင်ဆံပင်နဲ့ ယူရိုပီယမ် ချွတ်တား 
မလေးတွေကို တွေ့ဖူးခဲ့ရသလို ကော့ညက်လေး ရှန်ပိန်လေး တခွက်နှစ်ခွက်သောက်ပြီး ဖရန့်ကစ်စ်
ပေးချင်ကြတဲ့ စင်ကာပူရီယမ်မလေးတွေ နိပွန်မ နုနုပျိုပျိုလေးတွေကိုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်။

ထော်လော်ကန့်လန့် စတိုင်လ်နဲ့ တန်ဖိုးကြီး လောင်းဟဲယား ဆံပင်တုကို တသသ လုပ်နေတတ်တဲ့ 
အာဖရိကန် ဘလက်ကီမလေးတွေကိုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်၊ စီးကရက်လေး တလိပ်လောက် 
ပေးသောက်ပါလားလို့ တောင်းဆိုတတ်တဲ့ မာရီလင် မွန်ရိုးတို့ ဘရစ်ဂျစ် ဘားဒေါ့တို့ စတိုင်လ် ဖမ်း 
ထားတဲ့ မျက်လုံးစိမ်းနဲ့ အဖြူမချောချောကြီးတွေကိုလည်း စကားပြောခဲ့ဖူးပါတယ်။

ညစ်ထပ်ထပ်ဆံပင် ကျစ်ဆံမြီးကျစ်ထားတဲ့ ဒေါင့်မကျိုး ဘာမှမကျိုးတဲ့ လက်စဘီယမ် အီတာလီယံ 
ညိုချောချောမလေးတွေကိုလည်း တွေ့ခဲ့ဖူးပါတယ်၊ မင်းရဲ့ ပုံတူ ငါဆွဲပေးမယ် ပြောပြီး ဟော်တယ်ခ 
သုံးလေးလမှ တကြိမ် မနည်းပေးနေရတဲ့ ကယ်ရီကေးချား ကာတွန်းဆွဲသမား အဖိုးကြီး ခေါ်တိုက် 
တဲ့ စကော့ဝီစကီ ပြင်းရှရှကိုလည်း ရေမရော ဘာမရော နိ့တ် သောက်ခဲ့ဖူးပါတယ်။

အခုလို နွေကာလကျောင်းပိတ်ရက်တွေမှာ အဲဒီမဟာဟော်တယ် အခန်း ၅၂ ခန်းရဲ့ လေးပုံသုံးပုံက
Dortoir ခေါ်တဲ့ ကျားကျားမမ ပျိုပျိုအိုအို စုပေါင်းစပ်ပေါင်း စုပြုံတည်းခိုကြတဲ့ စနစ်ကို ပြောင်းလိုက်
ပါတယ်၊ အဲဒီမှာမှ လူစုံစရိုက်စုံကို တွေ့ရှိရပါတော့တယ်၊ လူငယ်လူရွယ်တွေ ပိုမိုများပေမယ့် လူကြီး
တွေလည်း ပါပါတယ်၊ ဒီလို အားလပ်ရက် အပန်းပြေ ခရီးချိန်မှာ သူတို့တတွေရဲ့ အမှန်အကန် ဘဝ
တွေကို ထားရစ်ခဲ့ကြပြီး ကျောင်းမေ့ရုံးမေ့ အိမ်မေ့ မေ့ထားနိုင်ကြတဲ့ စိတ်မျိုးတွေကို အမှန်တကယ်
သိရှိ ခွင့်ရခဲ့ပါတယ်၊ မူးကြရူးကြပေမယ့် ပြဿနာကြီးငယ် တက်တာကိုတော့ မကြုံတွေ့ခဲ့ရပါဘူး။


မဟာရိုမန်တစ် ဟော်တယ်                                                                    (ဓါတ်ပုံ မရငတ)

လာရောက်တည်းခိုကြသူ လူငယ်လူရွယ်အများစုနဲ့ လူကြီးလူဖြူတွေရဲ့ စရိုက်တွေကတော့ အသေး
စိတ် မပြောပါရစေနဲ့တော့၊ တူညီတာကတော့ အဲဒီလို ရိုမန်တစ် Butte Montmartre တောင်ဆီသို့
ရိုမန်တစ် ချင်လွန်းလို့ ရောက်လာကြသူတွေဟာ ကျောင်းသား ကျောင်းသူ ကျောင်ဆရာ ပါမောက္ခ
ပညာရှိ ပညာရှင် ပညာသေ လမ်းဘေး ဈေးသည် အလုပ်လက်မဲ့ အလွှာပေါင်းစုံကပါ၊ ဘယ်အလွှာ 
မျိုးကလာလာ သူတို့ဟာ ဒီနေရာကို ဒီအချိန်မှာ ရောက်လာကြရင် သူတို့ရဲ့ လက်ရှိဘဝတွေကို မေ့ 
လို့ထား Montmartre Crazy တွေ အဖြစ် လွတ်လပ်စွာ ရူးသွပ်စွာ ခံစားကြပါတော့တယ်။

အာရှဗဲလူး အာဖရိကဗဲလူး အမေရိကဗဲလူး ဆိုသူများလည်း ဒီလိုမျိုး ရိုမန်တစ်ဧရိယာ ရောက်ခဲ့ရင်
ရိုမန်တစ်ဗဲလူးကြပြီး အရာအားလုံးကိုမေ့ Montmartre Crazy တွေ အဖြစ် လွတ်လပ်စွာ ရူးသွပ်စွာ 
ခံစားကြတော့တာကိုတော့ မောင်ရင်ငတေ့ မျက်မြင်ကော နဖူးတွေ့ဒူးတွေ့ကော တွေ့ဖူးခဲ့ရပါတယ်။

ဒါပေမယ့် ဒီအလုပ်ကတော့ မောင်ရင်ငတေ့ ဘဝတလျှောက် လုပ်ခဲ့ဖူးတဲ့ အောက်ခြေသိမ်း အလုပ်
တွေထဲမှာ ရိုမန်တစ် ရပ်ကွက်ထဲက မလွမ်းလောက်စရာ အလုပ်တခုအဖြစ်သာ မှတ်တမ်းတင်ချင်မိ 
ရကြောင်းပါ ခင်ဗျားးးးးးးးးး ၊ ရိုမန်တစ်သမား မောင်ရင်ငတေရဲ့ ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များပါ။

ဘွန်ရူးဆာဗားနဲ့. ဟောင်းအာယူကို ထည်လဲသုံးရင်း ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ပေါင်း သုံးရာ့ငါးဆယ် 
ခန့်ဟာ အခုတော့ အတိတ်က အရိပ်အဖြစ် မူန်ဝါးဝါး ကျန်ရစ်ခဲ့ပါပြီလေ။


မဟာရိုမန်တစ် လှေကားထစ်များ                                                            (ဓါတ်ပုံ မရငတ)

အကယ်၍များ ပါရီရွှေမြို့တော်ကြီးကနေ အပြီးအပိုင် ခွဲခွာရမယ့် နေ့ရက်များ ရောက်လာတော့မယ် 
ဆိုလာရင်တော့ မောင်ရင်ငတေ ရိုမန်မတစ်ခဲ့ရတဲ့ မဟာရိုမန်တစ်ဟော်တယ်မှာ တညတာလောက် 
နားခိုနှုတ်ဆက်ချင်မိပါသေးတယ်၊ မောင်ရင်ငတေ အကြိုက်နှစ်သက်မိဆုံး အပေါ်ဆုံးထပ် ဒေါင့်ခန်း
လေးမှာ တညတာနားခိုရင်း အဝေးမှာ လှမ်းလို့မြင်နေရတဲ့ ပါရီ မွန့်မတ်ထ် ရိုမန်တစ် တောင်စောင်း 
တလျှောက် မျှော်ငေးကြည့်ရင်း ခပ် မဖန့်တဖန် ဝိုင်နီနီကို မကုန်အောင်သောက်ရင်း အခန်းပြူတင်း 
ကနေ တဝက်တပျက် လှမ်းမြင်နေရတဲ့ လှေကားထစ်များကို ရေတွက်နေရင်း ပါရီ ရွှေမြို့တော်ကြီး 
ကို နောက်ဘိတ်ဆုံး အနေနဲ့ နှုတ်ဆက်ခွင့် ရချင်မိပါတယ်။


ဤကဲ့သို့ ရိုမန်တစ်ကြသူများ                                                            (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ ၂၀၀၁ ခုနှစ်ကုန်ပိုင်း ပါရီဖြတ်သန်းမှု အမှတ်တရ စာစု
ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များပါ ခင်ဗျာ၊ ကျေးဇူးအထူးတင်ပါတယ်။

မောင်ရင်ငတေ ၂၈၀၇၂၀၁၆-၂၃၀၈၂၀၁၈ 

http://moemaka.com/archives/52794   ဇူလိုင် ၂၉၊ ၂၀၁၆

ပါရီပုံရိပ်များ (ဘဝထဲကလူသား)

ပါရီ ရိုမန်တစ်ရပ်ဝန်းထဲက ရိုမန်မတစ်ခဲ့တဲ့ နေ့ရက်များ



Aucun commentaire:

Enregistrer un commentaire