Libellés

mardi 5 avril 2016

** ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ (နှစ်) ** *

ခရီးမှတ်တမ်းပုံရိပ်များ
ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ (နှစ်)

** ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ (နှစ်) * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Massif du Jura-Genève (၂၀၁၆ ခုနှစ် သုံးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၁၁၀၃၂၀၁၆

Lac Léman ဂျီနီဗာ ရေကန်           (ဓါတ်ပုံ မရငတ)

** ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ * ** * ခရီးမှတ်တမ်းပုံရိပ်များ ** အပိုင်း (နှစ်) ကို ဆက်ပြီး
ရေးပါမယ်၊ 

တကယ်ကတော့ ဆက်ရေးမယ့် ဒီစာစုက ဂျီနီဗာသို့ ခရီးစဉ် မဟုတ်ပါဘဲ ဂျီနီဗာမှ ဂျုရာ တောင်တန်းပေါ်သို့ အပြန် ခရီးစဉ်လို့သာ ပြောရမှာပါ၊

ဂျူရာမှဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ အသွားခရီးနဲ့ ဂျီနီဗာမှဂျူရာ အပြန်ခရီးစဉ်က ပုံမှန်အားဖြင့်ဆိုရင် သွားစရာလိုင်းကားမရှိပါဘူး၊ သီးသန့်စီစဉ်သွားမှသာ ရောက်ရှိနိုင်မယ့် ခရီးလမ်းကြောင်းတခုသာပါ၊ 

ဒါပေမယ့်လို့ မောင်ရင်ငတေ အရင်ဘဝက ပြုခဲ့တဲ့ ကုသိုလ်တွေက ကြီးခဲ့လို့လား မသိပါဘူး၊ ဒီဘဝ ဒီကာလတွေမှာ သွားချင်တာလေးတွေ သွားခွင့်ရလာခဲ့ပါတယ်၊ 

သူ့ကားသူမောင်း သူ့ဆီသူထည့်ပြီး အလုပ်ပျက်အကိုင်ပျက် အပင်ပန်းခံ မောင်းပို့တာပါ၊
 ကျေးဇူးအထူး တင်ရှိကြောင်းကို ဒီနေရာကနေ ပြောကြားလိုပါတယ် ရေဦးမြို့သား ခင်ဗျာ၊
 နောက်အခေါက် နောက်အခေါက်တွေမှာလည်း လိုက်ပို့ ချင်စိတ်တွေရှိပါက ထပ်မံလို့ အလည် လာခဲ့ပါဦးမယ် ခင်ဗျား၊

ခရီးတခုသွားရင် အသွားလမ်းအပြန်လမ်း မတူအောင် သွားချင်ပါတဲ့ မောင်ရင်ငတေရဲ့ စိတ်ဆန္ဒကို
ပြည့်ဝအောင် မောင်ရင်ငတေရဲ့ သူငယ်ချင်း ကားမောင်းသူက ဖြည့်ဆည်းပေးခဲ့တဲ့ ခရီးစဉ်တခုပါ၊

   Pont du Mont-Blanc (2011)                  (ဓါတ်ပုံ မရငတ)

   Pont du Mont-Blanc (2016)                      (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ဂျီနီဗာ ရေကန်ကြီးဆီသို့ ရောက်ခဲ့တာ ပထမခေါက် ၂၀၁၁ မေ မကုန်ခင်နဲ့ ဒုတိယ အခေါက်က ဒီနှစ် ၂၀၁၆ ခုနှစ် မတ်လလယ် မတိုင်ခင်ပါ၊  

အဲ နှစ်ခေါက်စလုံးမှာ မိုးလည်း မရွာသလို နေအပူချိန်က ပြင်းပြင်းထန်ထန်မဟုတ်လို့ နေလို့ ထိုင်လို့ ကောင်းလှတယ် ပြောရမယ့် ရာသီဥတုပါ၊  

ခရီးသွားသူတွေ အများအပြား ရောက်လာတတ်တဲ့ ခရီးသွားရာသီ ဂျူလိုင်လတို့ သြဂတ်စ်လ တို့မှာ အဲဒီ ဂျီနီဗာရေကန်ကြီးရဲ့ အနောက်ဘက်စွန်းရှိ Rhône ရွန်မြစ်ရဲ့ ဒုတိယ မြစ်ဝ စတင်ရာလို့လည်း ဆိုနိုင်ပါသော Pont du Mont-Blanc တံတားကြီးဆီသို့ ဂျီနီဗာကို လာလည်သူတွေ မရောက်မဖြစ် 
 ရောက်ရှိလာကြတာမို့ တံတားကြီးပေါ်မှာ လူစည်ကားလှတဲ့ အချိန် ဖြစ်ပါတယ်တဲ့၊

ဒါပေမယ့် မောင်ရင်ငတေ ရောက်ခဲ့တဲ့ နွေဦးမဝင်တဝင် မတ်လဆန်းနဲ့ နွေဦးအလယ် မေလတွေမှာ တံတာကြီးပေါ်မှာကော ကမ်းနဘေးက အပန်းဖြေနေရာတွေမှာကော ခရီးသွား သိပ်များများစားစား မတွေ့ရပါဘူး၊ 

ရွန်မြစ်ကနှစ်ပိုင်းပိုင်းခြားထားတဲ့ ဂျီနီဗာမြို့ကို အဲဒီ Pont du Mont-Blanc တံတားနဲ့ ဆက်သွယ် 
ပးထားတာပါ၊ တခြား တံတားတွေ ရှိသေးပေမယ့် ဒီတံတားက အရေးပါဆုံး တံတားပါ၊

ဒါပေမယ့် တံတားဟောင်းကိုဖျက်ပြီး ၁၉၆၅ မှာ ပြန်လည်အသစ်တည်ဆောက်ခဲ့တဲ့ အဲဒီတံတားက
ဂျီနီဗာ မြို့လယ်ခေါင်မှာ တည်ရှိတာကလွဲပြီး ထူးထူးခြားခြား ပြောစရာမရှိတဲ့ တံတား တစင်းသာပါ၊


    Rhône ရွန်မြစ်ရဲ့ ဒုတိယ အစ ဤနေရာက                (ဓါတ်ပုံ မရငတ)

ဘာလို့ အရေးပါ ရပါသလဲ . .... .. လို့ မောင်ရင်ငတေ လေ့လာဖတ်ရှု စဉ်းစား ကြည့်လိုက်တော့ ဒီ တံတားကြီးရဲ့အောက် ရေပြင်က တဆက်တည်းလို့သာ မြင်ရပေသော်လည်း ဂျီနီဗာကန်ရဲ့ ရေပြင်နဲ့ Rhône ရွန်မြစ်ရဲ့ ရေပြင်ရယ်လို့ နှစ်ပိုင်းခွဲခြား သတ်မှတ်နိုင်တဲ့ နေရာ ဖြစ်ပါတယ်တဲ့ ခင်ဗျာ၊


   တံတား ဟိုဘက်ခြမ်းက ကန်ရေပြင် ဒီဘက်ခြမ်းက မြစ်ရေပြင်                 (ဓါတ်ပုံ မရငတ)

အဲဒီနေရာက ဂျီနီဗာ ရေကန်ကြီးရဲ့ အနောက်ဘက်စွန်းမှာပါ၊

 ရေကန်ကြီး အရှေ့စွန်းကနေ စီးဆင်း ဝင်ရောက်လာတဲ့ Rhône ရွန်မြစ်ရေတွေရယ် ရေကန်ကြီး ပတ်ပတ်လည် ရေခဲတောင်တွေဆီကနေ ရာသီချိန်ခါအလိုက် အရည်ပျော် စီးဆင်းလာတဲ့ ဆီးနှင်းပျော်ရေ
တွေရယ် အဲဒီတောင်ကြားဒေသမှာ စုဝေးမိရာက Lac Léman ခေါ် တောင်ပေါ် ပင်လယ်ကြီးတခု ဖြစ်ပေါ် လာခဲ့တာပါ၊

 ပြောချင်မိတာကတော့ Lac Léman ဂျီနီဗာ ရေကန်ကြီးသည် Rhône ရွန်မြစ်ကြီးသာပါ၊ 
ဒီမြစ်ပြင်ကြီးက ကျယ်လွန်း လှလို့ ရေကန်ကြီး ပင်လယ်ကြီးလို့ အစွဲပြုခေါ်ကြတယ်လို့သာ မောင်ရင်ငတေ ယုံကြည်မိရပါတယ်၊

စာတွေကဗျာတွေထဲမှာကတော့ ဒီနေရာကို ကန်ရေပြင် ခေါ်သူခေါ်ကြ မြစ်ရေပြင် ခေါ်သူခေါ်ကြပါ၊  

ဆွစ်ဇာလန် Alpes Suisses ရေခဲတောင်တွေကြား အရှေ့ကနေအနောက် ဖြတ်သန်းစီးဆင်းလို့လာ ပါတဲ့ Rhône ရွန်မြစ်က အဲဒီနေရာကနေ နောက်ကီလိုမီတာ အနည်းငယ်အတွင်းမှာ ပြင်သစ်မြေသို့ ဖြတ်သန်း စီးဆင်းသွားတာ မြေထဲပင်လယ်သို့ထိ တိုင်အောင်ပါ၊ 

အဲဒါကြောင့် ကုန်ပိတ်နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဒီကနေ့ ဆွစ်ပြည်ရယ်လို့ ဖြစ်လာတဲ့ Alpes Suisses နယ်မြေရဲ့ အနောက်တောင်ဘက်က အဓိကပင်လယ်ထွက်ပေါက်က ဂျီနီဗာကန်ရဲ့ ဒုတိယ ရွန်မြစ်ဖျားခံရာ အစပါ၊ 

အဲဒီလို ရွန်မြစ်ဆိုတာ ဂျီနီဗာမြို့ ဂျီနီဗာရေကန်နဲ့ ခွဲခြားလို့မရ ပေါက်ဖွားလာသူ ဆိုနိုင်ရင် အဲဒီ ရွန်မြစ် ဖြတ်သန်းစီးဆင်းတဲ့ ပြင်သစ်မြေကြီး လီယွန်နယ် မားဆေးလ်နယ်တို့နဲ့ မပတ်သက်လို့ မရပါဘဲ ပတ်သက်နေရမှာကတော့ အသေအချာ အမှန်အကန် မလွဲမသွေ ပြောနိုင်မယ် ထင်ပါတယ်၊ 


အဲသလိုနဲ့ အဲဒီ တောင်ပေါ်ရေကန်ကြီးကနေ ပြန်လည်ထွက်ခွာဖို့ အချိန်က ဆိုက်ရောက်လာခဲ့ပါပြီ၊ 

နာရီတိုင်းပြည်ဆွစ်ဇာလန်နဲ့ နာရီမြို့တော်ဂျီနီဗာရဲ့ စံတော်ချိန်တွေက မမှန်လေသလား မသိပါဘူး၊ အချိန်တွေက အကုန်မြန်လွန်းနေပါတယ်၊

 မောင်ရင်ငတေ ဒီ ကန်ရေပြင်ပြာနဘေးမှာ အချိန်ပေးနိုင် ခဲ့တာက နည်းပါးလွန်းလှပါတယ်၊ 
 ရောက်ခဲ့ဖူးတယ်လို့ ဆိုနိုင်ရုံမျှပါ၊ 

ကန်ရေပြင်ပေါ် မော်တော်လေး တပတ်စီးခဲ့ရုံနဲ့ ကန်နဘေး တခဏ ထိုင်ငေးခဲ့ရရုံလောက်ပါ၊



တကယ်တမ်းတော့ ရာသီဥတု သာသာယာယာ အချိန်တွေမှာ ကန်ရေပြင်ကျယ်ကြီးနဲ့ ကမ်းရိုးတန်း တလျှောက်လုံး လှေကလေး တစင်းနဲ့ ဟိုဘက်ကမ်းကူး ဒီဘက်ကမ်းကူး အချိန်ဖြုန်းဖို့ ကောင်းတဲ့ နေရာပါ၊  

အဲဒီ ရေကန်ကြီးနဘေး မွေးဖွားကြီးပြင်းခဲ့တဲ့ Jean-Jacques Rousseau ရူးဆိုး (၁၇၁၂-၁၇၇၈) တယောက်က ကန်ရေပြင်ပြာပြာ တောင်တန်းပြာပြာတွေကို ထိုင်လို့ငေးမိရင်း အတွေးတွေ ဆင့်ပွားမိခဲ့ရာက အကျင့်ပါသွားပြီး တွေးမိသမျှ မနေနိုင်မထိုင်နိုင် ဟိုရေးဒီရေး ရေးမိလိုက်တော့ သူ့ တသက်တာ ကာလလုံးမှာ ဟိုပြေးဒီပြေး ပြေးလွှားလို့သာ နေခဲ့ရတယ် ထင်မိပါရဲ့ ခင်ဗျား၊ 

ရူးဆိုးရဲ့ အကြောင်း ဖတ်မိပြီး မောင်ရင်ငတေ ခေါင်းထဲသို့ ဝင်လာတဲ့ အတွေးအခေါ်အသစ်ပါ ခင်ဗျာ၊

(ဓါတ်ပုံ မရငတ)

ဂျီနီဗာမြို့ကိုနှုတ်ဆက် ရေကန်ကြီးကိုနှုတ်ဆက်လို့ မပြီးဆုံးခင်လေးမှာဘဲ ကားက မြို့ပြင်လမ်းမသို့ ဦးတည်နေပါပြီ၊ 

ဂျီနီဗာမြို့ကွက်ကလည်း ပါရီမြို့ရဲ့ ခွန်နှစ်ဆလောက် ပိုကျဉ်းတာမို့ တကွေ့နှစ်ကွေ့ ကွေ့လိုက်တာနဲ့ မြို့ဆင်ခြေဖုံးကို ရောက်လုလို့လာပါပြီ၊ 

ဂျီနီဗာရဲ့ ဆင်ခြေဖုံးဆိုတာက အပြည်ပြည် ဆိုင်ရာ ရုံးတွေရှိတဲ့ နေရာပါ၊ 

ရုံးပြင်ကနားတွေဆိုတာက မောင်ရင်ငတေ ကြောက်တတ်တဲ့ နေရာမို့ တကူးတက ကွေ့မဝင်နေတော့ဘဲ ကားပေါ်က မြင်သမျှလောက်ကိုသာ မှတ်တမ်းတင်ခဲ့မိရပါတယ်၊

ကြားဖူးသလောက်ဆိုရရင်ကို အတော်များတဲ့ အင်တာနေရှင်နယ်ရုံးတွေပါ၊ အများအားဖြင့်ကတော့ ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့ရုံးများ ရှိပါတယ်၊ 

တနေရာမှာတော့ လူတွေ ရုံးစုရုံးစု အများအပြားတွေရ တာကြောင့် ကင်မရာချိန် အမြန်မှတ်တမ်းတင်ခဲ့ လိုက်ပါသေးတယ်၊ 

တိဘက်လိုလို မွန်ဂိုလိုလိုနဲ့ ရုပ်တွေပါ၊ ကုလသမဂ္ဂရဲ့ အဓိကရုံးကြီးရှေ့လို့ မောင်ရင်ငတေ သူငယ်ချင်းက ကားမောင်းရင်း ရှင်းပြပါတယ်၊ 

အလံတွေကတော့ တိဘက်အလံတွေပါ၊ တခြား လူမျိုးတွေလည်း တွေ့ရပါတယ်၊ ဒီ တိဘက် လူမျိုးတွေ အခုလို စုရုံးစုရုံး တွေ့ရှိရမှုကတော့ ဥရောပတလွှား မရိုးနိုင်အောင်ပါ၊


အဲဒီ တိဘက်လူမျိုးတွေကို သမ္ဘာရင့် ဝါရင့် အရိုးရင့် နေကြပြီဖြစ်တဲ့ ဆန္ဒပြသူ လူမျိုးတွေ အဖြစ်နဲ့
မှတ်တမ်းတင်မယ်ဆို ရနိုင်လောက်ပါပြီ၊ သူတို့တွေရဲ့ ဘဝပေးကလည်း ဆိုးတာကိုး၊

တွေ့မြင်ရတာ တွေက India Stop Violence ဆိုတာတွေကော အမျိုးသမီးရေးရာတွေ ဘာသာရေးရာ ဆိုင်းဘုတ် တွေကိုပါ ရောထွေးလို့တွေ့ရပါတယ်၊ 

အခုပွဲက ယူအန်ရုံးအရှေ့မှာ တွေ့မြင်ခဲ့ရတာဆိုတော့ စုပေါင်း စပ်ပေါင်း အကြောင်းပေါင်းစုံရောပြကြတယ် ထင်မိရပါတယ်၊ မောင်ရင်ငတေကတော့ သူများအရေးတွအတွက် စပ်စုခြင်းတွေကို မလုပ်လိုတော့ပါဘူး၊ 

ကိုယ့်အရေးနဲ့ကိုယ်က တနေ့တနေ့ ဖေ့စ်ဘုတ် တခုနဲ့ အတင်း သတင်းတွေကြား ခေါင်းခြောက်နေရတာ ဦးနှောက်တခုလုံး ပျက်သုဉ်းလုနေပါပြီ၊

အဲဒီမှာ လူတွေကြားထဲ ထင်ထင်ရှားရှားတွေ့မြင်လိုက်တာကတော့ ဧရာမကုလားထိုင်ကြီး တလုံးပါ၊

ထိုင်ခုံကြီးကြီး ကြီးကို နမူနာလုပ်ပြီး ဆန္ဒပြနေကြတယ်ဆိုတော့ အတော်ကို ကြီးမားတဲ့ အာဏာရှင် တဦးသို့မဟုတ် တဖွဲ့ကို ပြနေကြတယ်လို့ ယူဆမိပါတယ်၊

 မောင်ရင်ငတေတောင်မှ မပြရတာကြာပြီ ဖြစ်တဲ့ ဆန္ဒပြသခြင်း ဆိုတာကြီးကို ခပ်မေ့လျော့လျော့ ဖြစ်နေပါပြီ၊

 နောင်များ အခွင့်ကြုံကြိုက်မယ် ဆိုလာရင် ကိုယ့်အရေးအတွက် ဆိုလာရင် ပြချင်မိရပါသေးတယ်၊ 

အဖမ်းမခံရမယ့် ဆန္ဒပြပွဲရှိခဲ့ပါက မောင်ရင်ငတေ့ကို တဆိတ်လောက် လက်တို့လို့ ဆက်သွယ်ကြပါဦး ခင်ဗျား၊

အုံ့ဆိုင်းလှပတဲ့ ဂျီနီဗာမြို့ အထွက်လမ်း            (ဓါတ်ပုံ မရငတ)

ဆန္ဒပြခြင်း အတွေးတွေကြောင့် ရုတ်တရက် နောက်ကျိသွားရတဲ့ မောင်ရင်ငတေ့ ဦးနှောက်တွေက မြို့အထွက်လမ်းရဲ့ အုံ့ဆိုင်းလှပတဲ့ သစ်ပင်အုပ်တွေကြောင့် အတန်ငယ် ပြန်လည် ကြည်လင်လာခဲ့ ပါတယ်၊ 

ခရီးသွားခြင်းကို အနုပညာတခုအနေနဲ့ ခံစားမိနေချိန်မှာ ဘဝအမောတွေကို တတ်နိုင်သမျှ
မေ့လို့ထားတာသာ ကောင်းပါတယ်၊ 

အမောတွေပြေမယ့်နေ့ကတော့ နောက်ဆုံးခရီး ထွက်တဲ့နေ့သာ ဖြစ်မှာပါ၊

ဂျီနီဗာမြို့ အထွက်လမ်းလေးက အတော် စိတ်ကြည်နူးဖွယ်ရာပါ၊ 
အုံ့ဆိုင်းဆိုင်း သစ်ပင်အုပ်တွေက များများစားစားတော့ မဟုတ်ပါဘူး၊ အညာလေ မန်းရွှေမြို့လေနဲ့ ပြောရင် တပြနှစ်ပြလောက်သာပါ၊ 

တချို့သော လမ်းတွေမှာတော့ တဘက်တချက် အပင်ကြီးတွေရဲ့ အကိုင်းအခက်တွေကို တိတိရိရိ ခုတ်ထစ်ထားလိုက်လို့ ပိုမိုလှပလာတာမျိုး ရှိသလို အခုလို လမ်းနဘေးအပင်တွေရဲ့ အကိုင်းအခက် တွေက သဘာအတိုင်း ဟိုဘက်က ဒီဘက်ကိုယှက်လို့ လမ်းမကိုအုပ်မိုးထားတာမျိုးကလည်း အလှ တမျိုးလို့သာ ဆိုရပါမယ်၊

ဒီလိုလမ်းမျိုးတွေကတော့ မြို့လေးတွေရွာလေးတွေ အနီးအနားမှာ အရှိများတတ်ပါတယ်၊ 

ဟိုင်းဝေး အမြန် လမ်းမကျယ်ကြီး များမှာကတော့ ဒီလိုအပင်ကြီးတွေ မရှိသလောက်ဖြစ်လို့ ဒီလို မြို့ရွာအဝင် အထွက် ရောက်လာပြီဟေ့ဆိုရင် မောင်ရင်ငတေ့ရဲ့ မျက်လုံးတွေ ပိုလို့ ကျယ်လာတတ် စမြဲပါ၊

နယ်စည်းခြားမျဉ်းပေါ်က ဂျီနီလဆိပ်           (ဓါတ်ပုံ မရငတ)

အဲဒီ သစ်ကိုင်းသစ်ခက်တွေ အုံ့ဆိုင်းမှိုင်းနေတဲ့ လမ်းလေးကိုကျော်ဖြတ်လို့ မကြာခင်မှာဘဲ နယ်စပ် လမ်းညွှန် ဆိုင်းဘုတ်တွေကို စတင်တွေ့ရှိရပါပြီ၊ 

အလာလမ်းတုန်းက ပြင်သစ်မြေကြီးကို ဆယ်မိနစ် မျှသာ မောင်းမိတာနဲ့ ဆွစ်မြေကို ရောက်သွားခဲ့သလို အပြန်လမ်းကျတော့လည်း ဂျီနီဗာမြို့အထွက် ဆယ်မိနစ်သာ ကြာလိုက်တယ် ထင်ပါရဲ့ ပြင်သစ်မြေ အဝင်ဂိတ် လမ်းခွဲကို ရောက်လာပါပြီ၊

အဲဒီ နယ်စပ် အဝင်လမ်းကလည်း အမြန် လမ်းမကြီးတော့ မဟုတ်ပါဘူး၊ များစွာသော နယ်စပ်ဖြတ် ကျော် ဝင်ရောက်တဲ့ လမ်းတွေထဲက တလမ်းပါ၊ 

ဂျူရာ တောင်တန်းတွေပေါ်တက်တဲ့ အနီးဆုံးလမ်းတလမ်းပါ၊ ကားမောင်းသူ မောင်ရင်ငတေ့ သူငယ်ချင်း ကတော့ ဒီလမ်းက အလာ လမ်းထက် ပိုမိုလို့ လှပတဲ့ လမ်းတလမ်းလို့ ဆိုပြီး ရှေ့မှာ
 ရောက်တော့မယ် ပြောပါတယ်၊

အဲဒါနဲ့ မောင်ရင်ငတေ လှမ်းကြည့်လိုက်တော့ ဟုတ်ပါတယ်၊ ရေခဲတောင်ကို မှုန်ပြပြလှမ်းမြင်လိုက် ရသလို လမ်းညွှန်မှာပါတဲ့ ဂျီနီဗာလေယာဉ်ကွင်း ဆိုတာလည်း တပါးတည်း မြင်တွေ့လိုက်ရပါတယ်၊

ပထမ မသဲမကွဲ မြင်တွေ့ရတာပါ၊ ရာသီဥတုကလည်း ကောင်းမလိုလိုက မှောင် မှောင်သွားတာကိုး၊ 

ဂျီနီဗာလေဆိပ် လေယာဉ်အဆင်းအတက် လမ်းကို မြင်တွေ့လိုက်ရရင်း အဝေးနောက်ခံ ပန်းချီကား တချပ်အဖြစ် ရေခဲပြင်ဖုံးလွှမ်းနေတဲ့ ဂျူရာတောင်တန်းတောင်ထိပ်တွေကို ပို၍ပို၍ သဲကွဲစွာ တွေ့လာ
 နေရပါပြီ၊ 

တောင်ခြေဆီသို့ရာက်ဖို့တော့ ဒီနယ်စပ်ကနေ နောက်ထပ် ဆယ်ကီလိုမီတာကျော်ကျော် မြေပြန့်လမ်း အတိုင်း ပြင်သစ်တောမြို့လေးတွေကို ဖြတ်သန်းပြီး ဆက်လက် မောင်းသွားရပါဦးမယ်၊

 လေယာဉ်ပြေးလမ်းအောက်က ကားလမ်းလှိုဏ်ခေါင်း           (ဓါတ်ပုံ မရငတ)
  
 လေယာဉ်ပြေးလမ်းမှာ ဘာများ ထူးခြားတာ တွေ့ရှိရမလဲ လှမ်းလို့ငေးကြည်စဉ်မှာ ကားလမ်းရှေ့မှာ  ဥမှင်လှိုဏ်ခေါင်းတခု ပေါ်လာပြီး ကားက လှိုဏ်ခေါင်းထဲကို ဖြတ်မောင်းပါတော့တယ်၊ ခဏလေးပါ၊ 

ကားမောင်းနေသူ မောင်ရင်ငတေ့ သူငယ်ချင်းက ဒီလှိုဏ်က ထွက်တာနဲ့ နယ်စပ်ဂိတ်လို့ ပြောလိုက် ပါတယ်၊

 နိုင်ငံတခုကနေ တခုကို လေယာဉ်ပြေးလမ်းအောက် လှိုဏ်ထဲကနေ ကူးသန်းလိုက်ခြင်းလို့
ပြောရပါမယ်၊

 မြေပုံပေါ်မှာ ကြည့်လိုက်တော့ ဂျီနီဗာလေဆိပ်က ဆွစ်မြေရဲ့ နယ်စပ် စည်းရိုးအတိုင်း ကပ်လျှက်ဖောက် တည်ဆောက်ထားတာပါ၊ 

လှိုဏ်ခေါင်းထဲမှာ လမ်းလျှောက်သွားနေသူများလည်း တွေ့ရပါတယ်၊ ဘတ်စ်ကားလမ်းကိုလည်း
 တွေ့ရပါတယ်၊ 

သူတို့တွေကတော့ ဟိုဘက်ဒီဘက်ဥဒဟို သွားနေကြပေမယ့် သူစိမ်းဆန်တဲ့ ရုပ်ရည်မျိုးတွေကိုတော့ စစ်ဆေးမြေးမြန်းလေ့ ရှိပါတယ်တဲ့၊

ပြင်သစ်မြေသို့ ဝင်လာပါပြီ    (ဓါတ်ပုံ မရငတ)

လှိုဏ်ခေါင်းထဲက ထွက်ထွက်ခြင်းမှာပဲ ပြင်သစ် အမှတ်အသား ဆိုင်းဘုတ်တွေ ထောင်ထားတာကို
 တွေ့မြင်ရပါပြီ၊

 ပြူးတူးပြဲတဲ ကြောင်တောင်ကျားတား ဆိုင်းဘုတ်တွေကို စိုက်ထူခွင့်ကို မပြုတာလား မသိပါဘူး၊

 မြို့ဝင်မြို့ထွက် ပြည်ဝင်ပြည်ထွက် သူ့ဒေသနဲ့သူ့ဆိုင်ရာ ပုံစံခပ်ဆင်ဆင် အမှတ်အသား ဆိုင်းဘုတ် 
 တွေကိုသာ တွေ့နေကျ ထုံးစံအတိုင်း တွေ့မြင်ရပါတယ်၊ အဲဒါကလည်း စိတ်ချမ်းသာခြင်း တမျိုးပါ၊ 

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက် ကတည်းက အပြောင်းအလဲ သိပ်မရှိပါဘဲ သုံးလာခဲ့တဲ့ သုံးရောင်ချယ် အပြာအဖြူအနီ ပြင်သစ်အလံတော်ကိုလည်း တွေ့မြင်နေရပါပြီ၊

နယ်စပ်ဂိတ်     (ဓါတ်ပုံ မရငတ)

ပြင်သစ်မြေသို့ ပြန်ရောက်ပါပြီ၊ 

ဆွစ်အထွက်မှာကော ပြင်သစ်အဝင်မှာပါ ဂျာမန်လို Zoll ပြင်သစ်လို Douane ခေါ်တဲ့ အဝါရောင် အကောက်ခွန်ဂိတ်တွေကိုဖြတ်တော့ အစစ်အဆေး လုံးဝမခံခဲ့ရပါဘူး၊ 

သူတို့ မသင်္ကာတဲ့ ကားလောက်ကို စစ်ဟန်တူပါတယ်၊ အကောက်ခွန်တွေ ဆိုပေမယ့် သူတို့တွေက ရဲအလုပ်ကော လဝကအလုပ်ကော အတူတွဲယူထားဟန် ရှိပါတယ်၊ လိုအပ်မှသာ သက်ဆိုင်ရာအဖွဲ့ တွေကို လှမ်းလို့ခေါ်ယူမယ့်ပုံပါ၊

ဘာအစစ်အဆေးမှမရှိတော့လည်း အသင့်ထုတ်ပြဖို့ ပြင်ဆင်ထားတဲ့ မောင်ရင်ငတေရဲ့ မဟာ့မဟာ ခရီးသွားလာခွင့် စာအုပ်ကလေးကို အသာလေး ပြန်သိမ်းထား လိုက်ရတာပေါ့လေ၊ 

အဲဒါနဲ့ ကားက ဂိတ်ကို ဖြတ်ကနဲ ကျော်လိုက်ပြီးမှ မောင်ရင်ငတေ့ရဲ့သူငယ်ချင်း ကားမောင်းလာသူက အဲဒီ ဂျီနီဗာ လေဆိပ်နားကပ်လျှက်က ပန်းခြံလေးကို ဝင်ကြရအောင်ဆိုပြီး ကားကို ပြန်ကွေ့မောင်းပါတယ်၊


ပြင်သစ်မြေကြီးမှ ဆွစ်ကောင်းကင်သို့ မှတ်တမ်းတင်       (ဓါတ်ပုံ မရငတ)

ဂိတ်ကျော်ပြီး Ferney-Voltaire ဆိုတဲ့ မြို့ဆိုင်းဘုတ်လေးကိုကျော်ပြီး ညာဘက်ကွေ့ဝင်လိုက်တာနဲ့ အဲဒီ အပန်းဖြေဥယျာဉ် အသေးစားလေးကို ရောက်ပါတယ်၊ 

ဆူပါမားကက် အသေးစားလေး တခုရှိ သလို စမ်းရေအိုင်ငယ်လေးတခုလည်း ရှိပါတယ်၊ သာသာယာယာလေးပါ၊ 

မိသားစု တစု နှစ်စုလည်း စားရင်းသောက်ရင်း စကားပြောဆို အနားယူနေကြတာ တွေ့မြင်ရပါတယ်၊

အဲ ပန်းခြံလေးရဲ့ ဂုံးလေးကိုကျော်လို့ ဆင်းလိုက်တဲ့ အခါမှာတော့ သံဇကာစည်းရိုး ရှည်ရှည်ကြီးကို
တမျှော်တခေါ် တွေ့မြင်လိုက်ရပါတယ်၊ 

ဖင်မြီးမှာ ကြက်ခြေခတ်တံဆိပ်နဲ့ လေယာဉ်တစင်းကိုလည်း တွေ့လိုက်ရတာမို့ ဒါကတော့ လေဆိပ်သာ
 ဖြစ်ရမယ်ပေါ့ တွေးမိလိုက်ရပါတယ်၊

Aéroport International de Genève Cointrin       (ဓါတ်ပုံ မရငတ)

အဲဒီ ကာထားတဲ့ သံဇကာတန်းကို ကြည့်မိရတော့ .. . . .. . .. . .. . . . . . . .. … … သာမန်သာပါ၊
သံဇကာမှာလည်း ဘာ ခြုံနွယ်ပိတ်ပေါင်းတွေမှမရှိ၊ ရှင်းရှင်းလင်းလင်း ဟိုဘက်ဒီဘက် ဒိုးယိုးပေါက်
 မြင်တွေ့နေရတာပါ၊ 

အဲဒါကလည်း လုံခြုံရေး တမျိုးလား မသိနိုင်ပါဘူး၊ တကယ် တကယ့်ကို .. . … ဘာမှ ထူးထူးခြားခြား မဟုတ်တဲ့ သံဇကာနဲ့ကာထားတဲ့ ခြံစည်းရိုး တခုသာပါ၊  

အဲဒါ ဂျီနီဗာလေဆိပ် မြောက်ဘက်ထိပ်က ခြံစည်းရိုးပါ၊  
လျှပ်စစ်ဓါတ်အားတွေဘာတွေ လွှတ်ထားတာ မဟုတ်တဲ့ သာမန် ခြံစည်းရိုးတခုပါ၊  

ဒါပေမယ့် သံဇကာညာဘက် ပြေးလမ်းတခုရှိတဲ့ အခြမ်းက ဆွစ်ဇာလန် မြေကြီးပါ၊
ဘယ်ဘက်ကတော့ ပြင်သစ်ရဲ့ နယ်စပ်မြို့လေးက အပန်းဖြေ ပန်းခြံ ခပ်သေးသေး တခုပါ၊ 

မြေကြီး ကတော့ တမြေကြီးတည်း သာပါ၊ တဆက်တစပ်တည်း ဆက်စပ်နေတဲ့ မြေကြီးသာပါ၊  
ချောင်းလေး မြောင်းလေးတောင်မှ မခြားနားပါဘူး၊  

ဒါပေမယ့်လို့ ဘယ်ဘက်ခြမ်းက ပန်းခြံလုပ်သား ပြင်သစ်သား တယောက်ရဲ့ ဝင်ငွေရပိုင်ခွင့်နဲ့ ညာဘက်ခြမ်း လေယာဉ် မြက်ခင်းပြင်က မြက်ရိတ်သမား ဆွစ်သား တယောက်ရဲ့ ရပိုင်ခွင့်ဝင်ငွေက မတူညီကြပါဘူး၊  

ဒီရေ ဒီမြေ ဒီလေ ဒီစကားပြောကြသူ အတူတူပါ၊  
အဲ  …….. နိုင်ငံသားဆိုတာ ကွဲသွားတာနဲ့ မတူညီတာတွေ အများကြီး ရှိလာပါပြီ၊  

ဒါတောင် ဥရောပ သမဂ္ဂ ဘာညာသာရကာ အဖွဲ့ကြီးတွေ အတူတကွ ထူထောင်ထားကြ သူတွေပါ၊  
လူ့ အခွင့်ရေးတွေ ဘာညာ ကယ်ဆယ်ရေးတွေ ရုံးစိုက်ထားတဲ့ မြေပါ၊ ကဲကဲ တော်ပါပြီ၊ ရှေ့ကိုယ့်ခရီး ကိုယ်ဆက်တာ ကောင်းပါတယ်၊ ဟုတ်ပါတယ်၊

Ferney-Voltaire               (ဓါတ်ပုံ မရငတ)

အဲဒါနဲ့ အဲဒီမှာ ခဏတဖြုတ်နားပြီး အပြန်ခရီးကို ဆက်ပါတယ်၊ ကားကနယ်စပ်ဂိတ်ကို ကျောခိုင်းပြီး Ferney-Voltaire မြို့လယ်ကို ဖြတ်မောင်းရပါတယ်၊

ဒီနေရာမှာဒီမြို့လေးအမည် Ferney-Voltaire ဆိုတာကို ပြောဖို့ရှိပါတယ်၊ 
အဲဒီ Voltaire ဆိုတာက ၁၈ ရာစုဆန်းက ပြင်သစ်ရဲ့ နာမည်ကျော် နိုင်ငံရေးဆရာ စာကဗျာဆရာ အတွေးအခေါ် သမားကြီး တဦးဖြစ်သူ ဗော်တဲလ်ရ် (၁၆၉၄-၁၇၇၈) ရဲ့ အမည်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာပါ၊ 

သူဟာ သူ့ဘဝ နောက်ဆုံးအချိန် တော်တော်များများမှာ ပြင်သစ်ဘုရင် ဗားဆိုင်းနန်းတော်အာဏာစက်ရဲ့ ကင်းဝေး ရာကို ရှောင်ရှားရင်း ဒီနယ်စပ်မြို့လေးမှာ နှစ်တော်တော်ကြာ အနှစ် ၂၀ နီးပါး နေထိုင်
သွားခဲ့တာပါ၊ သူ့ဘဝ နောက်ဆုံး နေဝင်ချိန်နီး ပါရီပြန်သွားတဲ့ အထိပါ၊ 

ဒါပေမယ့် ဗော်တဲလ်ရ်ဟာ အုပ်စိုးသူတွေ ရန်ကို ကြောက်လို့ ထွက်ပြေးရပေမယ့် သူရေးသား ထုတ်ဝေ
 ဖြန့်ချီခဲ့တဲ့ စာပေပေါင်း များစွာကြောင့် ဆင်းဆင်းရဲရဲတော့ မဟုတ်ပါဘဲ Ferney ရွာလေးမှာ အခမ်းနားဆုံးဖြစ်တဲ့ ရဲတိုက်တလုံးဆောက်ပြီး နေနိုင်ခဲ့သူမျိုးပါ၊ 

အဲဒီ ရဲတိုက်မှာတောင် သူ့ရဲ့ခေတ်ပြိုင် ပြိုင်ဘက် ရူးဆိုး ဟိုပြေး ဒီပြေး ဖြစ်နေချိန် အခိုက်မှာ လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ရူးဆိုးက လက်မခံခဲ့ဖူးလို့ ပြောပါတယ်၊

Ferney ရွာသူရွာသားတွေကတော့ ဗော်တဲလ်ရ်နေထိုင်သွားခဲ့တဲ့ ၁၇၇၀ ခုနှစ်များမှာ သူတို့ ရပ်ရွာရဲ့
 ကောင်းကျိုးတွေကို ပြုလုပ်သွားသူမို့လို့ သူတို့မြို့အမည်နဲ့တွဲလို့ Ferney-Voltaire လို့ ဂုဏ်ပြုထား ရခြင်း
 ဖြစ်ကြပါတယ်တဲ့ ခင်ဗျား၊ 

ဒီကနေ့မှာတော့ ဗော်တဲလ်ရ်ရဲ့ ရုပ်တုက မြို့ခလယ်မှာ ငုတ်တုတ် မဟုတ်ပေမယ့် မတ်တပ်ရပ်
 ခြောက်ကပ်ကပ်နဲ့သာ တွေ့မြင်ခဲ့ရပါတယ်၊

 (ဓါတ်ပုံ မရငတ)

ဗော်တဲလ်ရ် ရဲ့ Ferney ရွာက တောင်ခြေဆီရောက်ဖို့ နောက် ဆယ်ကီလိုမီတာကျော် ခရီးကတော့
မြေပြန့်လွင်ပြင်ပါ၊ ကားလမ်းရဲ့ ဦးတည်ရာမှာ လှမ်းလို့မြင်နေရတဲ့ ရေခဲတောင်တန်းတွေက ရောက်
တော့မလိုလိုနဲ့ ရောက်နိုင်ခဲပါတယ်၊ အမြင်နီးပေမယ့် ခရီးဝေးတဲ့ တောင်တွေပါ၊

(WorldWideWeb) WWW မွေးရပ်မြေ                                                   (ဓါတ်ပုံ မရငတ)

ဒီတောဒီတောင်တွေမှာ ပေါက်ဖွားကြီးပြင်း လာကြသူတွေကတော့ ဘဝပေးကုသိုလ် ကောင်းကြသူ
များလို့ ပြောမယ်ဆိုခဲ့ရင် မမှားပါဘူး၊ 

ဒီကနေ့ ဥရောပမြို့ကြီး တော်တော်များများကတော့ နိုင်ငံရေး စီးပွားရေး လူမှုရေး လုံခြုံရေး အဖက်ဖက်က အဆိုးတွေနဲ့သာ တစတစ ပိုလို့ ရင်ဆိုင်လာ နေရပါပြီ၊ 

ဒီအရပ် ဒီဒေသကတော့ အနေအေးအေး အသေအေးအေးနဲ့ နေတတ် ကျေနပ်သူတွေ များပါတယ်၊

ဒါပေမယ့် မောင်ရင်ငတေရဲ့ သူငယ်ချင်းကတော့ သူအခြေချ နေလာတာ ဆယ့်လေးငါးနှစ် ရှိလာပြီ
ဖြစ်ကြောင်း  ဒီနှစ်ပိုင်းတွေမှာ မူလလက်ဟောင်း သူဌေးအပြောင်းအလဲတွေ များလာကြောင်း သူရဲ့
အလုပ်ရှင် မိသားစုကလည်း သူတို့ လုပ်ငန်းကို လွဲပြောင်း ရောင်းချဖို့ စီစဉ်နေကြကြောင်း ဆိုင်တွေ ကနားတွေနဲ့ အလုပ်လုပ်တာထက် အိမ်ခန်းငှားစားတာမျိုးက တွက်ခြေကိုက်ဖို့ ပိုသေချာပါကြောင်း မိသားစုဝင်တွေက ခေါင်းစားလွန်းတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုစိတ် မရှိကြ 
 တော့ကြောင်း ပြောဆိုပါတယ်၊ 

အဲဒီတော့ မောင်ရင်ငတေ့ရဲ့ ခေါင်းထဲရောက်လာတာက အဲဒီလို အလုပ်မျိုးတွေကို လှည့်ပတ် အမြတ် ထွက်အောင် လုပ်စားတတ်ကြသော လုပ်ငန်းရှင်များကကော အဘယ်ကဲ့သို့သော လူစားမျိုးတွေပါလဲ ဆိုတာကိုပါ၊

(ဓါတ်ပုံ မရငတ)

အဲသလိုနဲ့ ကားလမ်းအကွေ့ ကားအလူးအလှုပ်မှာ ရသမျှလေး မှတ်တမ်းတင်ရင်း . . … နဲ့ D 1005
လမ်းအတိုင်း Col de la Faucille တောင်ကြားလမ်းကို ဦးတည်မောင်းပါတယ်၊

 တောင်ပေါ်လွင်ပြင် မြေပြန့်လမ်း ကွေ့ကွေ့ကောက်လေးတွေပါ၊ လမ်းမှာတော့ စိုက်ခင်းပျိုးခင်းတွေ အတော်များများတွေ့ ရှိရတဲ့ အပိုင်းပါ၊

 မြို့ခပ်သေးသေးတွေ ဖြစ်ကြတဲ့ Ornex, Maconnex, Ségny, Cessy, Gex ဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ လူသိနည်းပါးတဲ့ မြို့လေးတွေကို ဖြတ်သန်းရပါတယ်၊ 

အဲ ဒါပေမယ့် Cessy ဆိုတဲ့ မြို့လေးကတော့ အမည်ကသာ လူသိနည်းပေမယ့် ဒီကနေ့ခေတ်
 မောင်ရင်ငတေတို့အတွက် မရှိမဖြစ် (WorldWideWeb) အင်တာနက် ဆက်သွယ်ရေးစနစ်ကြီးကို ဖန်တီးခဲ့သူ လန်ဒန်မြို့သား Timothy John Berners-Lee (1955-****) တို့အဖွဲ့ WWW ဆိုတာကြီးကို ဖန်တီးခဲ့ကြရာမြေ ဖြစ် ပါတယ်တဲ့၊

 မောင်ရင်ငတေ ဖြတ်သန်းသွားတဲ့ အခါမှာတော့ အဲဒီမြို့လေးက အင်တာနက် မပေါ်ခင် အချိန်ကအတိုင်း ဘာမှ မပြောင်းမလဲ တည်ရှိနေတုန်း ထင်ပါတယ်၊

Gex မြို့အဝင်                       (ဓါတ်ပုံ မရငတ)

မြေပြန့်လမ်းအဆုံးက Gex မြို့လေးကို ရောက်လာပါပြီ၊ လူဦးရေတသောင်းကျော် နေထိုင်ကြတယ် ဆိုပေမယ့်လည်း တောမြို့လေးသာသာ ငြိမ်သက်တိတ်တိတ်ဆိတ်ဆိတ်ပါ၊ 

သန်းခေါင်စာရင်းထဲမှာ ဤမြို့ဤအိမ် ဤလိပ်စာမှာ နေကြပါသည် ဆိုကြပေမယ့် ကျောင်းသားတွေက
 ကျောင်းတက်တော့ ဆွစ်မြေကြီးမှာပါ၊ အလုပ်လုပ်သူတွေက အလုပ်အကိုင်ကောင်း လစာကောင်းရာ ဆွစ်မြေကြီးမှာပါ၊

ဆွစ်မြေ ဂျီနီဗာမြို့တော်နဲ့ Gex မြို့ကို (TPG- Ligne F) ဘတ်စ်ကားလိုင်းက နာရီဝက်တစီး ပြေးဆွဲ
 နေပါတယ်ဆိုတော့ ခေတ်လူငယ်အများစု ဘဝတွေက အလုပ်လုပ်ကျောင်းသွား နေ့မှာဆွစ်ဇာလန် ညမှာပြင်သစ်လို့ ပြောမယ်ဆို ရနိုင်ပါတယ်၊ 

မိရိုးဖလာ စိုက်ရေးပျိုးရေးမွေးမြူရေး အလုပ်လုပ်ကြသူ များနဲ့ ဖိုးကြီးအို ဖွားကြီးအိုများလောက်သာ
 နေ့လည်နေ့ခင်း ရှိကြပုံ ပေါ်ပါတယ်၊

အဲဒီလို ဆိုကြလေတော့ ဒီဒေသ ဒီအရပ်သားတွေဟာ ကီလိုမီတာ ငါးရာကျော်လောက် ဝေးကွာတဲ့
 ပြင်သစ် မြို့တော်ပါရီရဲ့ စရိုက်တွေထက် ဆွစ်ယဉ်ကျေးမှု ဆွစ်စရိုက်တွေ လွှမ်းမိုးနေမယ်ဆိုတာကို
 ဗေဒင်မေးဖို့လိုမယ်မထင်ပါဘူး၊ 

အဲဒါကြောင့် ဒီဒေသကို ပြင်သစ်စကားပြောတဲ့ Suisse Romandie ဒေသထဲမှာ ထည့်သွင်းမယ် ဆိုရင်တောင် ရနိုင်ပါတယ်၊


(ဓါတ်ပုံ မရငတ)

Gex မြို့ကျော်ပြီး သိပ် မကြာခင်မှာတော့ တောင်အတက်လမ်း စတင်ပါပြီ၊  

ပင်လယ် ရေမျက်နှာပြင် မီတာငါးရာ အမြင့်ကနေ တထောင်ကျော် ထောင့်သုံးရာကျော်လောက်ထိ 
ပြန်တက်ရမှာဆိုတော့ မီတာ ခွန်နှရာကျော်ရှစ်ရာ ပေနဲ့ဆိုပါက နှစ်ထောင်ကျော် နှစ်ထောင့်ငါးရာလောက် 
ပန်တက်ရမှာပါ၊ 

မြို့အထွက် တောင်တက်လမ်း ရောက်စမှာကို နှင်းကြွင်းနှင်းကျန်တွေကို လမ်းဘေးမှာ စတွေရပါပြီ၊

ရာသီဥတုက နေလုံးမမြင်ရ၊ ကျဲကျဲတောက်ပူနေတာမျိုးလည်းမဟုတ် ကောင်းကင်ကလည်း အရမ်း ကြည်လင် မနေပေမယ့် တိမ်စိုင်ဖြူဖြူတွေ ပြေးလွှား နေတာမျိုးလည်း မဟုတ်ပါဘူး၊ 

မှတ်တမ်းတင် ဓါတ်ပုံရိုက်ကောင်းရုံလေးသာပါ၊ ရေခဲတောင်ထိပ်ကိုတော့ သဲသဲကွဲကွဲ မြင်တွေ့ရလို့ မဆိုးပေဘူးလို့ ပြောရပါမယ်၊

 နွေခေါင်ခေါင် ဂျူလိုင်ကုန်သြဂတ်စ်ရက်များမှာတော့ တောင်ထိပ်ကရေခဲတွေ အရည် ပျော်ဆင်းကုန်လို့ တချို့တလေသော တောင်ထိပ်များမှတပါး အများစုကတော့ အခုမြင်တွေ့ရသလို ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ အဖြူရောင်တောင်ထွဋ်များအဖြစ် တွေ့ရှိရမှာ မဟုတ်ပါဘူးတဲ့၊

 နွေမှာပူ၍ ဆောင်းတွင် ခိုက်ခိုက်တုန်ချမ်းသော တောင်ပေါ်ဒေသများပါ၊

လွန်ခဲ့တဲ့ တပတ် ဆယ်ရက်ကျော်က ကျခဲ့တဲ့ နှင်းလက်ကျန်တွေက အခုထိအောင် ကျန်ရှိနေသေးတာပါတဲ့၊

 နေပူလာပေမယ့်လည်း နှင်းကနေ ရေခဲတုံးလို ဖြစ်သွားပြီ ဆိုလာရင် တော်တော်နဲ့ ပြန်လို့ အရည်ပျော် မလွယ်ပါဘူးတဲ့၊ 

အဲဒါကြောင့် အိမ်ခေါင်မိုးတံစက်မြိတ်စွန်းတွေက တွဲလောင်းကျနေတဲ့ နှင်းတွေက ရေခဲဖြစ်သွားလို့
 ကျောက်စက်ပန်းခက် နှင်းခက်ပန်းဆွဲတွေလို မြင်တွေ့ရတာပါ၊



လူသူ အရိပ်အယောင် မမြင်ရပါတဲ့ တောင်တက်လမ်းနဘေးက အိမ်တလုံး      (ဓါတ်ပုံ မရငတ)

တောင်တက်လမ်း တလျှောက်မှာတော့ ရွာရယ်လို့ မရှိပါဘူး၊ လူသူမနေတော့တဲ့ အိမ်ဟောင်းတချို့ တလေနဲ့ အပန်းဖြေနားနေခန်း တည်းခိုခန်း စားသောက်ဆိုင် တချို့ကိုသာ တွေ့ရှိရပါတယ်၊ 

အဲဒီလို လူသူမနေကြတဲ့ ပုံစံရှိတဲ့အိမ်တွေက တောင်တက်လမ်းအကွေ့တွေမှာ အနှောက်အယှက်ဖြစ်စဖွယ် တည်ရှိနေပေမယ့် ဘာလို့ ဖျက်ခံရပါသလဲဆိုတဲ့ မေးခွန်းကိုတော့ မောင်ရင်ငတေ မေးကြည့်ချင်မိ ပေမယ့် မမေးရဲပါဘူးလေ၊ သို့ပေမယ့် တွေးမိတာလေး ရေးမိတာပါ၊ 

သူ့တိုင်း သူ့ပြည် သူ့ဥပဒေတွေကတော့ ရှိကြမှာပါ၊ အဲဒီလို အိမ်မအိုတအိုတွေကို
 နေရာတော်တော်များများမှာ တွေ့ခဲ့တာမို့ပါ၊



တောင်ပေါ်မှ မြေပြန့်ဆီသို့ သမင်လည်ပြန်                        (ဓါတ်ပုံ မရငတ)

အပေါ်ရောက်လာတာနဲ့အမျှ အအေးဓါတ်က ပိုမိုလာသလို သဘာဝတောတွေတောင်တွေရဲ့ အရုပ် အရိပ် အရောင်တွေက ပိုမို လွှမ်းမိုးလာသလိုပါ၊

 လေတိုးသံကိုက မတူခြားနား လာပါတယ်၊ အအေး မကုန်သေးသလို နွေရာသီ စစ်စစ် မရောက်သေးတဲ့ ကာလမို့လို့ ပိုသိသာပါတယ်၊

နွေရာသီစစ်စစ် ရောက်ရှိလာပြီ ဆိုရင်တော့ အခုလို ရေခဲရောင်ဖြူဖြူတွေအစား တတောတတောင် လုံးက သစ်ရွက်သစ်ခက်တွေနဲ့ စိမ်းစိမ်းစိုလို့ နေပါတယ်တဲ့၊

မောင်ရင်ငတေ့ သူငယ်ချင်း ကားဆရာ တောင်ပေါ်သားက ကားမောင်းလည်း ကျွမ်းကျင်သလို စကားပြောကလည်း ကျွမ်းကျင်လှပါတယ်၊



(ဓါတ်ပုံ မရငတ)

မောင်ရင်ငတေကတော့ တွေ့မြင်သမျှ မှတ်တမ်းတင်ရင်း ပြောသမျှကိုလည်း နားထောင်ရင်း ရသမျှ လောကအလှကို ခံစားရင်း ခပ်ငြိမ်ငြိမ်လေးသာ လိုက်ပါလာခဲ့ပါတယ်၊

 တောင်ပေါ်က မြေပြန့်မြို့လို့ ဆိုရမယ့် Gex ရဲ့ ပင်လယ်ရေ မျက်နှာပြင်ရဲ့ အမြင့်က မီတာငါးရာကျော်ရှိပြီး အခု မီတာတထောင် ကျော်ထိ တက်လာရတာမို့ မြင်ရတဲ့မြင်ကွင်းက သိသိသာသာ ကွာခြားလာပါတယ်၊ 

ဥရောပမြို့ကြီး တွေရဲ့ အနိမ့်အမြင့်ကို အလွယ်မှတ်သားပြောမယ်ဆိုရင် ပင်လယ်ရေပြင်နဲ့ တန်းတူနီးပါးသာမြင့်တဲ့ ပင်လယ်ကမ်းနားတွေနဲ့လည်း နီးတဲ့ ဒိန်းမတ် ဘယ်လ်ဂျီယမ် နယ်သာလန် အင်္ဂလန် လန်ဒန်မြို့လို မြေနိမ့်ဒေသ မြို့တွေ၊ 

ပါရီမြို့လို ပင်လယ်နဲ့ဝေးကွာ တောင်ပူစာ ခပ်နိမ့်နိမ့်တွေ ဝိုင်းရံထားတဲ့ မီတာ လေးငါးဆယ်လောက်
 မြင့်တဲ့မြို့တွေ၊ 

စပိန်ရဲ့ မာဒရစ် ဂျာမဏီရဲ့ မြူးနစ်မြို့တို့လို မီတာငါးရာကျော် ကုန်းပြေမြင့်ပေါ်က မြေပြန့်လွင်ပြင်ပေါ်က မြို့တွေ၊ 

ဂျာမန်အဲလ် သြစတြီးယားအဲလ် ပြင်သစ်အဲလ် ဆွစ်အဲလ်စတဲ့ အဲလ်တောင်တန်းတောင်ထွဋ်တွေကြား
 ရေကန်ကြီးတွေနဘေး မီတာသုံးလေးငါးရာ မြင့်တဲ့ ဆွစ်ဇာလန်ရဲ့ ဇူးရစ် ဂျီနီဗာ ဘန်းန်မြို့တို့နဲ့ လက်ခ်ျတင်စတန်းန်တို့ ဗီယာနာတို့လို မြို့တွေ၊   

မြေထဲပင်လယ်ကမ်းက ဘာဆီလိုနား မားဆေးလ် မိုနာကို ဂျီနိုဗာတို့လို အတ္တလန်တစ်က လိစ်ဘိုဝါ
ပေါ်တိုမြို့တို့လို ပင်လယ်ကမ်းခြေ သဲသောင်ပြင်တွေနဲ့  မီတာ လေးငါးရာမြင့် ဂျောက်ကမ္ဘားကြီးရဲ့ အကြားက မြို့တွေ . . . မြို့တွေ . .  . . ……. .. ……….. စသဖြင့် စသဖြင့်  . . . . .. . ….. . ……..

အဲဒီလို နာမည်ကြီး မြို့ကြီးတွေအပြင် သစ်တောထူထပ် အထူးသဖြင့် ထင်းရူးပင် ထင်းရူးတောတွေ ဖုံးလွမ်းရာ တောင်ပေါ်ဒေသ မီတာ တထောင်ကျော် ထောင့်ငါးရာမှာ တည်ရှိကြတဲ့ မြို့ကလေးတွေ ရွာကလေးတွေ အားလုံးအားလုံးဟာ မြင်ရတဲ့မြင်ကွင်းခြင်း ဘယ်လိုမှ မတူညီနိုင်ပါဘူး၊ 

သူငယ်ချင်း ဖြစ်သူက စကားတပြောပြော ကားမောင်းရင်း ရှင်းပြနေသလို မောင်ရင်ငတေ့ အတွေးတွေကလည်း တောင်ရောက်မြောက်ရောက်ပါ၊ 

သူက တောင်တက်လမ်းတွေကို အရှိန်မလျှော့ မောင်းရင်းပြောနေ ပေမယ့် ကားမောင်းမှာ တချက်မမှားသော်လည်း မောင်ရင်ငတေလိုသာ အတွေးနောက်ကိုလိုက်ပြီး မောင်းရင်တော့
 ဂျောက်နက်နက်သို့ ထိုးကျလမ်းသာ ရှိပါတော့တယ်၊



(ဓါတ်ပုံ မရငတ)

အဲသလို စကားတပြောပြောနဲ့ မောင်းလာခဲ့ကြတာ တောင်ကြားလမ်းထိပ်သို့ ရောက်လုနီးလာပါပြီ၊  

ခဏနားဖို့ ပြောကြပြီး ဗျူးပွိုင့်လိုနေရာမျိုး လမ်းနဘေး ခပ်ကျယ်ကျယ်ရှိတဲ့နေရာမှာ ကားထိုးရပ်လို့ ပတ်ဝန်းကျင် အလှကို ခေတ္တခဏ ခံစားကြပါတယ်၊  

တဒင်္ဂခေတ္တခဏ ခံစားချိန်ရလေးသာ ရခဲ့တယ် ဆိုပေမယ့် စိတ်ထဲမှာ အတော်လေးကြာလိုက်တယ် ထင်မိပါတယ်၊ 

မိုးမချုပ်သေးပေမယ့် နေစောင်း ပြီဆိုတော့ အအေးက တစတစပိုလာပါတယ်၊  

အအေးပိုလာသလို ဒီလိုမျိုး တောင်ပေါ်ဒေသက နေ ပျောက်တာနဲ့ မိုးအချုပ်က မြန်တတ်တာမို့ အမှောင်ထုလွှမ်းမလာခင် အိမ်အရောက်ပြန်ကြရအောင် ဆိုပြီး တောင်စောင်းဂျောက်နှုတ်ခမ်းဘေးကနေ ကားရပ်နားထားရာသို့အပြန် စက်ဘီးတစီး အပြင်း ဖြတ်နင်းသွားတာတွေ့လို့ စောင့်ပြီး မှတ်တမ်းတင်ရ ပြန်ပါတယ်၊


တောင်ကြားလမ်းထိပ်ကို အပြင်းမောင်းတက်လာတဲ့ စက်ဘီးသမား                 (ဓါတ်ပုံ မရငတ)

တကိုယ်တော် အနင်းသမား တယောက်သာပါ၊ အပျော်ထမ်း နင်းတာလား လေ့ကျင့်ခဏ်းဆင်းရင်း နင်းနေတာလားကတော့ မသဲကွဲပါဘူး၊ ဝတ်စုံပြည့်နဲ့ပါ၊ 

ဒီလိုမျိုး ကုန်းအတက် တောက်လျှောက်ကြီး ဘယ်လိုများ နင်းတက်လာသလဲ မသိပါဘူး၊ 

သူ့ ကြည့်ရတာ ခပ်သာသာလေး နင်းတက်လာတာမျိုး ပါ၊ ငှက်ကလေးတကောင် လေဟုန်ကိုစီး အမြင့်ကိုဆန် ပျံတက်သွားတာမျိုးပါ၊

ဒီ Route de la Faucille သို့မဟုတ် Col de la Faucille တောင်ကြားလမ်းက စက်ဘီးသမားများရဲ့ အကြိုက် တောင်တက် တောင်ဆင်းလမ်း တခုပါ၊ 

 ပြင်သစ်ပြည်က နာမည်ကြီးတဲ့ Tour de France နိုင်ငံပတ် စက်ဘီးပြိုင်ပွဲတွေမှာ အကြိမ်များစွာ ပါဝင်ခဲ့တဲ့ လမ်းအပိုင်းဖြစ်သလို နွေရာသီခါမှာလည်း အပျော်တမ်း အုပ်ဖွဲ့နင်းကြသူတွေကို အများအပြား 
 တွေ့မြင်ရလေ့ ရှိပါတယ်တဲ့၊


ဒါပေမယ့် ဘာအတွက်ကြောင့်ရယ်တော့မသိ အဲဒီဒေသနဲ့ ပြင်သစ် နာမည်ကျော် Tour de France စက်ဘီး ပြိုင်ပွဲတွေနဲ့ ကင်းဝေးလာခဲ့တာ ဆယ်စုနှစ် တခုနီးပါး ရှိလာခဲ့ပါပြီ၊ 


ဒါပေမယ့် စက်ဘီးနင်းဖို့ သက်သက်သမားတွေကတော့ ဒီနယ်ဒီမြေ ဒီလမ်းကြောင်းကို ချစ်မြတ်နိုးကြတယ် ထင်ပါရဲ့၊  ဒီတော ဒီတောင်မှာ ဒီမြေ ဒီလေ ရနံ့တွေကို ရှုရှိုက်လို့ နင်းနေရရင်ကို အသက်ရှည်စေပါသတဲ့ ခင်ဗျား၊


(ဓါတ်ပုံ မရငတ)

တောင်ပေါ်ပြန်လမ်းတလျှောက် မောင်ရင်ငတေ့ စိတ်အတွေးထဲသို့ ရောက်လာတာတွေက များပြား လွန်းလှပါတယ်၊

တောင်ပေါ်တောင်အောက်သဘာဝတွေ ကွာဟမှု၊ နိုင်ငံတွေမြေကြီးတွေ ကွာဟမှု၊
လူတယောက်ချင်းစီရဲ့ ကားမောင်း ကျွမ်းကျင်မှု စက်ဘီးနင်း ကျွမ်းကျင်မှု . . . . … . ….. ……… …
မောင်ရင်ငတေရဲ့ ကျွမ်းကျင်မှုကကော ဘယ်ဟာပါလဲ . . . . . …… … အများကြီး တွေးမိရပါတယ်၊


Les Rousses ရွာဝင်လမ်း ရှု့မျှော်ခင်း      (ဓါတ်ပုံ မရငတ)
Les Rousses ရွာဝင်နယ်စပ်ဂိတ်က Hôtel restaurant Arbez Franco-Suisse  (ဓါတ်ပုံ မရငတ)

အဲသလို တောင်ပေါ် အပြန်လမ်းမှာ တွေးရင်း ငေးရင်း မီတာ ၁၃၂၃ အမြင့်မှာ တည်ရှိပါတယ်ဆိုတဲ့
Col de la Faucille ဆိုင်းဘုတ်လေးကိုကျော်ဖြတ်လို့ တည်းခိုရာ တောင်ခြေရွာကလေးဆီသို့ ပြန်၍
ရောက်လာခဲ့ပါပြီ၊ 

D1005 ကျေးလက်လမ်းကလည်း ဤနေရာတွင် ဂိတ်ဆုံးပါပြီ၊ Les Rousses မြို့ လမ်းဆုံလည်းရာက်ပါပြီ၊

 မောင်ရင်ငတေတို့ရဲ့ ခရီးစဉ်လည်း ဤတွင် ပြီးဆုံးပါပြီ၊ နောင်များတော့ ပြန်လည်ဆုံကြသေးတာပေါ့ . . . . . .. ….  D1005 တောင်တက် ကျေးလက်လမ်းလေးရယ်၊

မောင်ရင်ငတေ ၀၅၀၄၂၀၁၆



                     ဂျူရာမှ ဂျီနဲ့ဗ် သို့ နောက်ဆက်တွဲ

** ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ ** Massif du Jura-Genève * ခရီးမှတ်တမ်းပုံရိပ်များ * * (တစ်) (နှစ်) ဆိုပြီး ၂၀၁၆ ခုနှစ် မတ်လပထမပတ်အတွင်း သွားခဲ့တာကို ၂၀၁၁ ခုနှစ်က မှတ်တမ်းပုံ များနဲ့အတူ ပြီးခဲ့တဲ့ ဧပရယ်လဆန်းက ရေးသားခဲ့ပါတယ်၊ 

အပိုင်းတစ်အပြီး အပိုင်းနှစ်ကို ရေးရင်းနဲ့ (ဆက်ရန်ရှိပါသေးတယ်၊ ၀၅၀၄၂၀၁၆) ဆိုပြီး မောင်ရင်ငတေရဲ့ ထုံးစံအတိုင်း ဆက်မရေးဖြစ်ပါဘဲ ရပ်နားထားမိပါတယ်၊ 

အဲဒီတွင်းမှာ မမျှော်လင့်ပါဘဲ မောင်ရင်ငတေရဲ့ ပါရီဇီယမ်ညီငယ်သူငယ်ချင်း များက တောင်းဆိုလာလို့ ဧပရယ် လကုန်ပိုင်းက ထပ်မံ ရောက်ရှိသွားခဲ့ရ ပြန်ပါတယ်၊ 

အဲဒါကြောင့် တော်ရုံတန်ရုံရောက်ဖို့မလွယ်လှတဲ့ အဲဒီတောင်ပေါ်လမ်းနဲ့ အဲဒီတောင်ပေါ်ခရီးကို ၄၅ ရက်အတွင်း နှစ်ကြိမ်နှစ်ခေါက် ရောက်ခဲ့ရတဲ့အတွက် မောင်ရင်ငတေအတွက် ထူးခြားလှပါတဲ့ ခရီးစဉ်တခု အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်၊

အဲဒါကြောင့် ဒီစာစု * ဂျူရာမှ ဂျီနဲ့ဗ်သို့ ** * ရဲ့ အဆုံးသတ်အဖြစ် ရေးသားထားခဲ့တဲ့ . …... . …...
ပြန်လည်ဆုံကြသေးတာပေါ့ . . . . ……. . .. ….  D1005 တောင်တက် ကျေးလက်လမ်းလေးရယ်၊ ဆိုတာက တကယ်ကိုပဲ ပြန်တွေ့ခဲ့ရပါပြီ၊ 

အတက်အဆင်းမထပ်အောင်လို့ လက်ဝဲရစ်လက်ယာရစ်နဲ့  နှစ်ခေါက်စလုံး စိတ်ရှည်လက်ရှည်
 မောင်းပို့ပေးခဲ့တဲ့ မွန်ဆီယာ ကိုအောင်သက်ပိုင်အား ဒီနေရာက ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျား၊

* ခရီးမှတ်တမ်းပုံရိပ်များ ** ဆိုတာနဲ့ အညီ မောင်ရင်ငတေ မှတ်တမ်းတင်လာခဲ့သော ပုံတွေထဲက မှတ်တမ်း စာစု ရေးသားမှုတွေနဲ့ အလိုက်ဖက်ဆုံး အကောင်းဆုံးလို့ ထင်မိရတဲ့ ပုံတွေကို တွဲဖက်လို့
 ဖော်ပြဖြစ်ပါတယ်၊ 

ခရီးသုံးခေါက်ပေါင်းမှတ်တမ်းဖြစ်လို့ ဖော်ပြချင်တဲ့ပုံတွေ များပြားသွားလွန်းခဲ့ရပြီး ဟုန်သွားခဲ့ရင်တော့ ခွင့်လွှတ်တော်မူကြပါ၊

အဆုံးသတ်အနေနဲ့ အချိန်ကာလရာသီဥတု ပြောင်းသွားလို့ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်း ပြောင်းလဲသွား တာလေးကို ဖော်ပြလိုက်ပါတယ်၊

 မောင်ရင်ငတေရဲ့ ခရီးသွားခြင်းအနုပညာ ** လို့ ခေါင်းစည်းတပ် ခေါ်ဆိုရခြင်းက ဒီလို ခံစားရမှုတွေ အတွက် တင်စားရခြင်းပါခင်ဗျား၊

ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ * ** * ခရီးမှတ်တမ်းပုံရိပ်များ ** * အပိုင်းတစ် နဲ့ အပိုင်းနှစ်ကို
နေရာတူပေမယ့် ခံစားရချက် မတူတဲ့ ဒီပုံလေးတွေနဲ့ အဆုံးသတ် လိုက်ရပါကြောင်း . . … …………



Les Rousses           (ဓါတ်ပုံ မရငတ)

၄၅ ရက်အတွင်း ခြားနားသွားတဲ့ မြင်ကွင်းနှစ်ခုပါ၊ အပေါ်ပုံက မတ်လ ၁၁ ရက်နေ့က ရိုက်ကူးခဲ့တာ ဖြစ်ပြီး အောက်ပုံ မြက်ခင်းစိမ်းကတော့ ဧပရယ် ၂၅ ရက်နေ့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်၊ 

ဆီးနှင်း တွေက ဒီနှစ်မှာ ဖေဖေါ်ဝါရီနဲ့မတ်လတလျှောက်လုံးလိုလို ဖုံးလွှမ်းနေခဲ့တာဖြစ်ပြီး ရေခဲစကီး လာစီး ကြသူ ဧည့်သည်များနဲ့ ဒေသတခုလုံး လူစည်ကားနေခဲ့ပါတယ်တဲ့၊ 

အပေါ်ပုံမှာ တွေ့မြင်ရတဲ့အတိုင်း အိမ်ရှင်လား ဧည့်သည်လားမသိ တည်းခိုရာနားခိုရာကို စကီးစီးပြန်ကြတဲ့ အပြန်လမ်းပါ၊ 

ဧပရယ်လ ကုန်မှာလည်း ရှားရှားပါးပါး ထူးထူးခြားခြား နှင်းတွေကျပြန်လို့ နေရာတော်တော်များများမှာ
 ဖွေးဖွေး ဖြူဖြူ ရှုခင်းတွေကို မျက်စေ့တဆုံး မြင်တွေ့ခဲ့ရပါတယ်၊ 

ဧပရယ်ရဲ့နှင်းဖြူုကတော့ စကီးစီးရလောက် အောင်တော့ မဟုတ်ပါဘူး၊ ဒီကနေ့ကျ ဒီကနေ့ဖြူ နောက်တရက်လောက်မှာတော့ မူလမြက်ခင်း ခပ်စိမ်းစိမ်းတွေကိုသာ ပြန်လည်မြင်တွေ့ရမှာပါ၊



Les Rousses                    (ဓါတ်ပုံ မရငတ)

ကျေးဇူးတင်ပါတယ် ခင်ဗျား၊
ဒီဝမ်းဇီးရိုးဇီးရိုးဖွိုက် အမှတ်တယ၊
မောင်ရင်ငတေ ၀၄၀၅၂၀၁၆



** ဂျူရာမှ ဂျီနဲ့ဗ် သို့မဟုတ် ဂျီနီဗာသို့ (နှစ်) * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Massif du Jura-Genève (၂၀၁၆ ခုနှစ် သုံးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၁၁၀၃၂၀၁၆

Aucun commentaire:

Enregistrer un commentaire