Libellés

samedi 13 février 2016

** ပါရီ လီယွန် အာဗီညွှန် နိ့စ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *



ခရီးမှတ်တမ်းပုံရိပ်များ
ပါရီ လီယွန် အာဗီညွှန် နိ့စ်



** ပါရီ လီယွန် အာဗီညွှန် နိ့စ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Paris Lyon Avignon Nice သို့မဟုတ် မြေထဲပင်လယ်ဆီသို့ (၂၀၁၅ ခုနှစ် ကိုးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၁၃၀၂၂၀၁၆



ခရီးတခုအစ နံနက်ခင်းကို ပြန်လည်ခံစားခြင်း
သတင်းတွေဖတ်တော့ အစာမကြေဘူး၊ ရင်ခံနေတယ်၊
နံနက်ခင်းလေးကတော့ မိုးတိမ်တွေကြားထဲ သူဟာသူ လှပလို့နေလေတယ်၊

အဲဒါနဲ့ သွားခဲဖူးတဲ့ ခရီးတခုရဲ့ စိမ်းလန်းစိုပြေတဲ့ ရှုမျှော်ခင်းတွေကို စိတ်ပြေလက်ပျောက်ပေါ့၊ ပြန် ကြည့်မိပါတယ်၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ကိုးလပိုင်းက သွားခဲ့တဲ့ ပြင်သစ်တောင်ပိုင်း ပါရီ လီယွန် နိစ့် ခရီးစဉ်က မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ ပုံတွေပါ၊ တနာရီ ကီလိုမီတာ သုံးရာကျော်နှုန်း ဒုန်းစိုင်းပြေးနေတဲ့ တီဂျီဗွီရထားပေါ်ကနေ ရုတ်တရက်ရိုက်ချက်များ ဖြစ်တာကြောင့် ပုံတွေက သိပ်ကောင်းလှမှာတော့ မဟုတ်ပါဘူး၊ ငါးနာရီကျော်ကြာခရီးမှာ တောက်လျှောက်ဆိုသလို မနားတမ်း မှတ်တမ်းတင်ခဲ့မိတာ မို့လို့ ပုံတွေက များပြားလှပါတယ်၊ အဲဒီထဲက ကောင်းနိုးရာရာ ရွေးချယ်ပြီး မှတ်တမ်းတင်တာပါ၊

ဘာပြောပြော အေးချမ်းတဲ့ ရသတခုကို ခံစားမိလိုက်ရလို့ ဒီ စာမျက်နှာကို ဒီခရီးစဉ် မှတ်တမ်း ပုံရိပ် များနဲ့ စတင် ဖွင့်လှစ်လိုက်ပါတယ်၊

(မရငတ) ၁၂၀၂၂၀၁၆



** ပါရီ လီယွန် အာဗီညွှန် နိ့စ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Paris Lyon Avignon Nice သို့မဟုတ် မြေထဲပင်လယ်ဆီသို့ (၂၀၁၅ ခုနှစ် ကိုးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၁၃၀၂၂၀၁၆

 
ပါရီမြို့တော်က ရထားစထွက်လို့ နာရီဝက်ကျော်ကျော်လောက် ရှိလာရင် စိုက်ခင်းပြင်ကျယ်များကို တွေ့ရှိလို့ လာပါပြီ၊

ပါရီက စထွက်တော့ ရထားလမ်းက ပါရီရဲ့ အရှေ့တောင်ဘက်ဆီသို့ ဦးတည်ပြီးမောင်းနေတာပါ၊
ဥရောပရဲ့ မနက်ပိုင်းနေဟာ အုံ့ဆိုင်းဆိုင်း မိုးသားအောက်မှာ နေပူတယ် ဆိုယုံလောက် သာပါ၊



ပြင်သစ်နိုင်ငံ အလယ်ပိုင်းဒေသ တော်တော်များများဟာ မြင့်မားမတ်စောက်လှတဲ့ တောင်ကုန်းတွေ တောင်ထွဋ်တွေ သိပ်မရှိပေမယ့် နယ်သာလန်တို့ ဒိန်းမတ်တို့လို မြေပြန့်တွေလွင်ပြင်တွေချည်းတော့ မဟုတ်ပါဘူး၊


ဒီ LGV အမြန်ရထားလမ်းက မြို့ကြီးပြကြီးတွေကို မနီးမဝေးက ရှောင်ကွင်းဖောက်လုပ် ထားတာမို့ လို့ ပြောင်းခင်း ဂျုံခင်း ကြံခင်း တခြားသော စိုက်ခင်းတွေနဲ့ ရွာသေးသေး မြို့သေးသေးတွေကိုသာ ရထားလမ်း နဘေးမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်၊


ဥရောပ ထုံးစံအတိုင်း ဘုရားကျောင်း ခေါင်မိုး ချွန်ချွန်လေးတွေနဲ့ ကျေးတောရွာလေးတွေကို ရထား အမြန်နှုန်းကြောင့် ရိပ်ကနဲ ရိပ်ကနဲသာ အဝေးက လှမ်းမြင်တွေ့နေရခြင်းပါ၊ 

အိမ်ခေါင်မိုး အုတ်ကြွပ် နီနီ တထပ်တိုက်ပုလေးများကတော့ ဥရောပတောင်ပိုင်း လီယွန်နယ်ဘက်ရောက်လာခြင်း အထိမ်း အမှတ် သင်္ကေတတွေပါ၊


မောင်ရင်ငတေ စီးနင်းလာတာက ပါရီ လီယွန် အာဗီညွှန် နိစ့် iDTGV အမြန်ရထားပါ၊
ထူးခြားတာက iDTGV ရထား လက်မှတ်များကို ဘူတာရုံတွေမှာ မရောင်းဘဲ အင်တာနက်အွန်လိုင်း
ကသာ ရောင်းချပေးတာပါ၊ ပုံမှန် TGV အမြန်ရထားလက်မှတ်များထက်တော့ ဈေးနှုန်း အနည်းငယ် သက်သာပါတယ်၊

iDTGV နဲ့ TGV ဘာကွာပါသလဲ ဆိုရင်တော့ လက်မှတ်ရောင်းပုံကလွဲလို့ တခြား ဘာတခုမှ ကွာဟတာ မရှိဘူးထင်ပါတယ်၊ ရထားတွေလည်း ဒီရထားတွေပါ၊ အမြန်နှုန်းကလည်း ဒီ
အမြန်နှုန်းအတိုင်း မောင်းတာပါ၊ လက်မှတ်ဈေး သက်သာတော့ စီးသူပိုများတာတခုပါ၊

နောက်ထပ် တီဂျီဗွီ အမြန်ရထားတွေကိုပဲ အသုံးပြု ပြေးဆွဲနေတဲ့ Ouigo ဆိုတာ ရှိပါသေးတယ်၊
ဈေးနှုန်းက ပိုမို သက်သာပါတယ်၊ ဒါပေမယ့် အဓိကသတိထားရမှာက Ouigo ရထားထွက်တဲ့ရပ်တဲ့ ဘူတာတွေက မြို့လယ်ခေါင်တွေမှာ မဟုတ်ပါဘူး၊ Gare TGV လို့ခေါ်တဲ့ မြို့စွန်တော်တော်ကျတဲ့ နေရာတွေမှာပါ၊ ဘတ်ဂျက်အဲယားလိုင်းတွေလို ဘတ်ဂျက်ရထားလိုင်းလို့ ပြောရင်ရမှာပါ၊ 


အကြောင်းမသိဘဲ ဝယ်မိ ကြပြီး ရထားခလေယာဉ်ခထက် မြို့ထဲလာဖို့ တက္ကစီခ ထပ်ကုန်တာက ပိုများတတ်တာကြောင့် မိမိ
သွားလိုရာ တည်းခိုရာ နေထိုင်ရာနဲ့ ဘယ်လောက် ဝေးကွာပါသလဲဆိုတာကို ကြိုတင်လို့သတိထား တွက်ချက်ပြီးမှ  ဝယ်ရမှာ ဖြစ်ပါတယ်၊ ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးတတ်လို့ပါ၊ 



နှစ်နာရီခရီး အကြာမှာတော့ နာမည်ကျော် Rhône ရွန်မြစ်ကို ပထမအကြိမ် ဖြတ်ကျော်ခဲ့ပါပြီ၊

၈၁၂ ကီလိုမီတာ ရှည်လျှားတဲ့ အဲဒီ ရွန်မြစ်ဟာ ဆွစ်ဇာလန်ပြည် ရေခဲတောင်တွေပေါ်က စတင်ပြီး မြစ်ဖျားခံ စီးဆင်းလာတာပါ၊ 

သာယာလှပပါပေတယ် ဆိုတဲ့ နာမည်ကျော် ဂျီနီဗာ ရေကန်ကြီးကနေ တဆင့် ဒီနေရာကို ရောက်ရှိလာတာပါ၊ အဲဒီ ရွန်မြစ်နဲ့ Saône မြစ် တွေ့ဆုံဆည်းရာ မြစ်ဆုံကတော့ လီယွန်မြို့ရဲ့ အချက်အချာ မြို့လယ်ပါ၊



ပါရီက လီယွန်ကို ရထားနဲ့မသွားဘဲ ကားလမ်းကသွားချင်တယ် ဆိုရင်တော့ ပြင်သစ်ဟိုင်းဝေးလမ်း Autoroute A6 သို့မဟုတ် ဥရောပဟိုင်းဝေးလမ်း Europeanroute E15 အတိုင်းသွားရပါမယ်၊ အဲဒီ E15 လမ်းမကြီးဆိုတာက စကော့တလန် အင်္ဂလန် ပြင်သစ် စပိန် လေးနိုင်ငံကို ဆက်သွယ်ထားတဲ့ ကီလိုမီတာ သုံးထောင်ခြောက်ရာကျော်ရှည်လျှားတဲ့ လမ်းမကြီးပါ၊ 

ဒီ ပြင်သစ်ဟိုင်းဝေးလမ်း A6 ကို ပြင်သစ်တွေကတော့ Autoroute du Soleil (Highway of the Sun) ဆိုပြီး နာမည်လှလှ ပေးထား ပါတယ်၊ တနှစ်တာ ရက်များမှာ နေမမြင်ရတဲ့ရက်တွေ များပြားလှတဲ့ မြောက်ပိုင်းဒေသ ပါရီ လီယွန် နယ်တွေဆီကနေ နေသာလှတဲ့ တောင်ပိုင်းဒေသ မြေထဲပင်လယ်ဆီသို့ သွားရာလမ်းမို့လို့ ဒီအမည် ပေးထားကြဟန် တူပါတယ်၊

 
iDTGV အမြန်ရထားက ပြင်သစ်ပြည်ရဲ့ တတိယမြို့တော် Lyon လီယွန် ဘူတာမှာ မရပ်ပါဘူး၊ မြို့ အပြင်ဘက် ကီလိုမီတာနှစ်ဆယ်ခန့်အကွာမှာ LGV အမြန်ရထားလမ်းအတွက်ရည်ရွယ်ပြီး သီးသန့် အသစ်တည်ဆောက် ထားတဲ့ Lyon Saint-Exupéry TGV ဘူတာမှာသာ ခေတ္တခဏ ရပ်ပါတယ်၊



လီယွန်နယ်ကိုကျော်လာတော့ ရထားလမ်းက ရွန်မြစ်ကြောင်းအတိုင်း တောင်ဘက်ကို ဆက်လက် စုန်ဆင်းလာပါတယ်၊ ဒါပေမယ့် ရွန်မြစ်နဘေးမှာက မြို့တွေရွာတွေက အဆက်မပြတ်တာမို့ ဒီ LGV အမြန်ရထားလမ်းက မြို့တွေနဲ့ခွာပြီး ဖောက်ထားတာဖြစ်လို့ ရွန်မြစ်ကြောင်းနဲ့ ကီလိုမီတာ နှစ်ဆယ် သုံးဆယ်လောက် ဝေးပြီး ရွန်မြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ဖောက်လုပ်ထားတာပါ၊



ရထားပြူတင်းကနေ တော်လျှောက်မြင်တွေ့ရမှာကတော့ စက်ရုံ အလုပ်ရုံ မီးခိုးခေါင်းတိုင်တွေထက် အဝါရောင်နဲ့ အစိမ်းရောင်းတွေ ကြီးစိုးနေတဲ့ စိုက်ခင်းပျိုးခင်းတွေသာပါ၊


တကယ်တော့လည်း ပြင်သစ်နိုင်ငံကို စိုက်ပျိုးရေးနိုင်ငံ တနိုင်ငံလို့ သတ်မှတ်ရင် ရပါတယ်၊ တနိုင်ငံ လုံး မြေကြီးရဲ့ ၅၅ ရာနှုန်းက စိုက်ပျိုးမြေတွေ ဖြစ်ပြီး ဂျုံ ပြောင်း သကြား စပျစ် (ဝိုင်) ဆီထွက်သီးနှံ စတာတွေ အဓိကစိုက်ပျိုးကြသလို နွားစားကျက် မြက်ခင်းပြင်ကျယ်ကြီးတွေကိုလည်း နေရာအနှံ့မှာ တွေမြင်ရပါမယ်၊ 

စားကျက်မြေ ကောင်းသလို နွားမွေးမြူရေး လုပ်ငန်းကလည်း ကောင်းလှတာမို့လို့ နို့ထွက်ပစ္စည်း အထွက်နှုန်းက ကမ္ဘာ့ ထိပ်ဆုံးတန်းမှာ ရှိပါတယ်၊ 

ရှန်ပိန်နဲ့ ကော့ညှက်တို့ အပါအဝင် ဝိုင်ဖြူ နီ ပန်းရောင် ချက်လုပ်ဖို့အတွက် လိုအပ်ပါတဲ့ စပျစ်ပင်း စိုက်ခင်းတွေက တနိုင်ငံလုံးမှာလိုလို ဆိုပေမယ့် စပျစ်စိုက်ခင်းရာခိုင်နှုန်းက ပြင်သစ်တပြည်လုံး စိုက်ပျိုးမြေရဲ့ နှစ်ရာခိုင်နှုန်းသာသာ သာ ရှိတာကြောင့် စပျစ်ခင်းတွေကို နေရာတကာမှာ မတွေ့မြင်ရပါဘူး၊ 

စပျစ်ခင်းတွေ အများစု ကလည်း လူအင်အားကို အခုထက်ထိတိုင် အဓိကအားထား အသုံးပြုရတဲ့ အပင် အမျိုးအစား ဖြစ်နေလို့လား မသိပါဘူး၊ ရွာကလေးတွေအနီး တောင်ကုန်းဆင်ခြေလျှောတွေမှာသာ အတွေ့ရများတာပါ၊ 



ပြင်သစ်ပြည်ရဲ့ စပျစ်ခင်းတွေဟာ နာမည်ကျော်ပေမယ့် ဂျုံခင်းတွေလိုတော့ နေရာတကာမှာ တွေ့ရှိ ရမှာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်ရှိ ဂျုံခင်း အများစုက ပြင်သစ်မြေကြီးတွေမှာ စိုက်ပျိုးတယ် ဆိုပါတယ်၊

ပြောင်းခင်း မုယောစပါးခင်း ပန်းနှမ်းခင်းတွေ တခြား မောင်ရင်ငတေ အမည်မသိရှိတဲ့ သီးနှံစိုက်ခင်း တွေလည်း အများအပြား တွေ့မြင်ရပါတယ်၊



လီယွန်မြို့နဲ့ Avignon အာဗီညွှန်မြို့ထိ လမ်းတလျှောက်မှာတော့ ရထားလမ်း ဝဲယာ ဘေးနှစ်ဘက် စလုံးမှာ တောင်စဉ်တောင်တန်းတွေကို ခပ်ဝေးဝေးမှာ မှုန်ပြပြမြင်တွေ့ရလိုက် အနီးကပ်လာလိုက်နဲ့ မြင်တွေ့နေရ ပါတယ်၊ 

ရထားက မြောက်ကနေ တောင်ဘက်ကို ဦးတည်သွားနေပြီး မောင်ရင်ငတေ ထိုင်တာက ညာဘက်ခြမ်းမှာဖြစ်လို့ လှမ်းမြင်နေရတဲ့ တောင်တန်းတွေကတော့ Massif Central ရဲ့ တောင်တန်းတွေပါ၊

 ပြင်သစ်ပြည်ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပေမယ့်လည်း Massif des Alpes, Massif du Jura နဲ့  Massif des Pyrénées တို့ အကြားမှာ တည်ရှိနေတဲ့အတွက် Massif Central
လို ခေါ်ဆိုကြတယ် ထင်ပါတယ်၊ 


Puy de Sancy အမည်ခေါ်တွင်တဲ့ Massif Central ရဲ့ အမြင့်ဆုံး တောင်ထွဋ်ကတော့ ၁၈၈၅ မီတာ မြင့်ပေမယ့် ရထားပေါ်ကနေ မမြင်တွေ့လိုက်ရပါဘူး၊


Vienne မြို့နဲ့ အာဗီညွှန်မြို့အကြား ရွန်မြစ်ရိုး ဝဲယာတလျှောက်မှာတော့ ပြင်သစ်ရဲ့ နာမည်ကြီး ဝိုင် အမျိုးအစား တခုဖြစ်တဲ့ Côtes-du-Rhône ရဲ့ စပျစ်ခင်းများ ရှိတယ်ဆိုပြီး သိထားမိလို့ သတိထား ကြည့်ပေမယ့်လည်း ရထားလမ်းနဘေးမှာတော့ စပျစ်စိုက်ခင်းနဲ့ တူတာ ရှာမတွေ့ခဲ့ပါဘူး၊ 

ရွန်မြစ်ရိုး တလျှောက် သင်္ဘောနဲ့ စုန်ဆင်းမှသာ စပျစ်ခင်းတွေ တွေ့ရှိရနိုင်မယ် ထင်ပါတယ်၊ 


အာဗီညွှန်မြို့အနားကို နီးလာတော့ LGV အမြန်ရထားလမ်းက ရွန်မြစ် ကွေ့ကွေ့ကောက်ကောက်ကို လေးကြိမ်ခန့်မျှ ဖြတ်ကျော်တာမို့ ရွန်မြစ်က ရထားလမ်းရဲ့ ဘယ်ဘက်ကိုရောက်လိုက် ညာဘက်ကို ရောက်လိုက်နဲ့ပါ၊



အာဗီညွှန်မြို့ကိုကျော်လာရင်တော့ မောင်ရင်ငတေတို့ရဲ့ ပါရီ လီယွန် အာဗီညွှန် နိ့စ် ရထားလမ်းက
အရှေ့တောင်ဘက်စွန်းဆီ ဦးတည်၍ ခုတ်မောင်းသွားပါတယ်၊ 

ရွန်မြစ်ကြောင်းအတိုင်း အာဗီညွှန်ရဲ့ တောင်ဘက်ကို ဆက်သွားရင်တော့ ပြင်သစ်ရဲ့ ဒုတိယမြို့တော် မားဆေးလ်းကို မရောက်ခင် လမ်းတဝက်လောက်မှာ နာမည်ကျော် ဟော်လန်ပန်းချီဆရာကြီး ဗန်ဂိုး ပန်းချီကားတွေ ရေးဆွဲခဲ့ရာ Arles မြို့ တည်ရှိပါတယ်၊

၁၈၈၈ ခုနှစ်က ဗန်ဂိုး ရေးဆွဲခဲ့တဲ့ Nuit étoilée sur le Rhône (Starry Night over the Rhone) ပန်းချီကားထဲက ရွန်မြစ်ရဲ့ အပြာရောင် မြစ်ရေပြင်ကတော့ ရထားပေါ်က လျှပ်တပြက် မြင်တွေ့ခွင့် ရခဲ့တာတောင်မှ အတော်လေး စွဲမက်ဖွယ်ရာ ကောင်းလှပါတယ်၊


Nuit étoilée sur le Rhône (Starry Night over the Rhone) (1888)



အာဗီညွှန်မြို့က ပြင်သစ်အရှေ့တောင်ပိုင်းရဲ့ စပိန်နဲ့ အီတလီတို့သို့ ရထားလမ်းခွဲရာမြို့လို့ ပြောရင် ရနိုင်ပါတယ်၊ လမ်းဆုံလမ်းခွမြို့ဖြစ်သလို ပြင်သစ် စပိန် အီတလီပြည်တို့ရဲ့ ဟိုလီရောမန်အင်ပါယာ ခေတ် သမိုင်းမှတ်တမ်းတွေမှာ အဓိကဇာတ်ဆောင်နေရာက ပါဝင်ခဲ့တဲ့ ရှေးမြို့ဟောင်းတမြို့လည်း ဖြစ်ပါတယ်၊ 

အဲဒီ အာဗီညွှန် အနီးတဝိုက် ဒေသက သမိုင်းကြောင်းကြီးတဲ့ နယ်မြေဖြစ်တာမို့ တရက်
နှစ်ရက် အချိန်ပေးရုံနဲ့ မလုံလောက်လို့ မောင်ရင်ငတေ သွားမယ်ချိန်ရင်း မသွားဖြစ်သေးတဲ့ နေရာ တနေရာ ဖြစ်နေဆဲပါ၊ ဖြတ်သာသွားတယ် မနားရဖူးသေးတဲ့ နေရာဒေသပါ၊


အာဗီညွှန်မြို့အောက်ဘက်နားမှာ ရွန်မြစ်ထဲသို့ပေါင်းဆုံစီးဝင်တဲ့ Durance မြစ်ရိုးအတိုင်း ရထားက
အရှေ့ဆီသို့ ဦးတည်မောင်းပါတယ်၊ 

အရှေ့ဘက် ပြင်သစ် အဲလ်တောင်တန်းတွေဆီကနေ မြွေလိမ် မြွေကောက် စီးဆင်းလာတဲ့ Durance မြစ်ကခပ်သေးသေးမို့လို့ အာဗီညွှန် နိ့စ် ရထားလမ်းက လေး
ငါးကြိမ်မျှ တဝေါဝေါမြည်ပြီး မြစ်ကိုကျော်ဖြတ်ပါတယ်၊



အာဗီညွှန်မြို့ရဲ့ မြို့ပြင် အမြန်ရထားဘူတာက ထွက်ခွာလာပြီး  . . . . . . … …

သိပ်ကြာကြာ မမောင်းလိုက်ရပါဘူး၊ အာဗီညွှန်မှာ လမ်းခွဲသွားခဲ့တဲ့ ရထားလမ်းနှစ်ခုက မားဆေးလ် မြို့အနီးမှာ ပြန်ဆုံတွေ့ပါပြီ၊ ဒီ iDTGV အမြန်ရထားက မားဆေးလ်မြို့ ဘူတာမှာ ရပ်နားခြင်း မရှိဘဲ အရှေ့တောင်ဘက် မြေထဲပင်လယ်ရဲ့ Côte d'Azur ကမ်းခြေဆီသို့ ဆက်လက်ခုတ်မောင်းပါတယ်၊ 

အမြန်ရထားလမ်း သီးသန့်ဖောက်လုပ်ထားခြင်း မရှိသေးတာမို့လို့ မြို့လေးတွေ ရွာလေးတွေ တော ဘူတာလေးတွေကို ဖြတ်သန်းသွားရတော့ ရထား အမြန်နှုန်းက အတော်လျော့ကျ သွားပါပြီ၊






မားဆေးလ်မြို့ကြီးရဲ့အစွန်အဖျား ရထားလမ်းနဘေးက လူနေအိမ်ခြေများကို တွေ့မြင်လိုက်ရတော့ ဖျတ်ခနဲ မောင်ရင်ငတေ သတိရမိသွားတာတခု ရှိခဲ့ပါတယ်၊ အီတလီတွေ အာမေးနီးယန်းတွေ အပါ အဝင် မောင်ရင်ငတေတို့လို့ တတိယကမ္ဘာက ရွှေ့ပြောင်း အခြေစိုက်တွေ အများအပြား နေထိုင်ကြ တယ် ဆိုတာကိုပါ၊ အဲဒီ ရထားလမ်းနဘေးက အိမ်ကလေးတွေ ကြည့်ပြီး အတွေးပွားမိတာပါ၊


Marseille သို့မဟုတ် Massalía မြို့တော်ကြီး သက်တမ်းက ပါရီမြို့ထက် နှစ်ပေါင်းများစွာ စောခဲ့ပြီး ခရစ်တော်မပေါ်မီ ဘီစီ ခြောက်ရာစုကျော်ကာလထဲက သမိုင်းကြောင်းကြီးခဲ့သလို ဂရိလူမျိုးတွေရဲ့ ကိုလိုနီ ဘဝနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရတယ်လို့လည်း ဆိုကြပါတယ်၊ 

ဒါ့အပြင် အီဂျစ် ရောမ တူရကီ ဂျေရူဆလင်နဲ့ အာဖရိကန်မြောက်ပိုင်း ဒေသများရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း အဟောင်းတွေက
မားဆေးလ်ဆိပ်ကမ်းကနေဖြတ်ကျော်လို့ ဥရောပကုန်းမကြီးရဲ့မြောက်ပိုင်းဆီသို့ ရောက်ရှိခဲ့ပါတယ် ဆိုကြပါတယ်၊

မောင်ရင်ငတေတို့ခေတ် ဘောလုံးလောကမှာ နာမည်ကြီးသူများ ဖြစ်ကြတဲ့ အီတလီ နွယ်ဖွား Eric Cantona ကန်တိုနာ (၁၉၆၆-****) အယ်ဂျီရီးယားနွယ်ဖွား Zinedine Zidane ဇီဒန်း (၁၉၇၂-****) တို့ နှစ်ဦးကတော့ ရွှေ့ပြောင်း အခြေချ မားဆေးလ် မြို့ကြီးသား စစ်စစ်တွေရယ်ပါ၊

အဲဒီလို ကြီးကျယ်ခမ်းနားလှပါတဲ့ မားဆေးလ်မြို့တော် အကြောင်းကို နောက်များမှ ရေးပါဦးမယ်၊ 




  

Marseille မြို့အဝင် ပင်လယ်နဲ့အတော်နီးနီးမှာ  ရထားလမ်းက ဖောက်ထားတာဖြစ်လို့ မားဆေးလ် မြို့ရဲ့ နာမည်ကျော် မြေထဲပင်လယ်သွား ဇိမ်ခံသင်္ဘောကြီးတွေကို တွေ့လိုက်ရသလို မားဆေးလ်ရဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်က အေဒီဆယ့်ကိုးရာစု အလယ်ပိုင်းလက်ရာ Basilique Notre-Dame-de-la-Garde ဘုရားကျောင်းကြီးကိုလည်း ခပ်ဝေးဝေးမှာ မျက်စိတမှိတ် မြင်တွေ့ခွင့် ရခဲ့ပါတယ်၊


မားဆေးလ်နဲ့ Aix-en-Provence မြို့ကြားကနေ Nice နိ့စ်မြို့ထိ ရထားလမ်းနဘေးတဘက်တချက် မှာတော့ မောင်ရင်ငတေ တလမ်းလုံး သတိထားပြီးကြည့်လာတဲ့ တွေ့ချင်နေမိရပါတဲ့ Vignoble de Provence စပျစ်ခင်းတွေကို တော်တော်များများ တွေ့မြင် ရပါပြီ၊ 

ဒီဒေသရဲ့ ပူပြင်း ခြောက်သွေ့ပါတဲ့ စက်တင်ဘာကာလမှာ စပျစ်ခင်းတွေကြား စပျစ်သီးခူးနေကြသူများကို တွေ့လိုက်ရပြန်တော့ သူတို့ ခမျာ စပျစ်ရည် စေးကပ်ကပ်တွေနဲ့ ခူးရလက်ပေါက်ကပ်လှမှာကို မြင်ယောင်မိရပါတယ်၊ 

သူတို့တွေ ကတော့ မောင်ရင်ငတေလို တခါတလေ စပျစ်ခူးရလို့ ပျော်နေတာလား ဒါမှမဟုတ် ထမင်းတလုတ် စားရဖို့ အတွက်သာ စိတ်တင်းကြိုးစား ခူးနေကြတာလားကတော့ အဝေးကနေ ခန့်မှန်းဖို့ မလွယ်ကူ လှပါဘူး၊ 

စက်တင်ဘာဆိုတာက စပျစ်သီးခူးကြတဲ့ရာသီပါ၊ စပျစ်ရည်ကို ကြိုက်နှစ်သက်တဲ့ စပျစ်ခူး သမားတယောက် ဖြစ်ခဲ့ဖူးတဲ့ မောင်ရင်ငတေ့အတွက် စပျစ်ခင်းတွေ မြင်တွေ့ရင် မနေနိုင် မထိုင်နိုင် ဖြစ်တတ်တဲ့ ရောဂါတမျိုး စွဲကပ်နေတယ် ထင်မိပါတယ်၊ 

အကြောင်းအမျိုးမျိုးကြောင့် စပျစ်ခူးခွင့်ကို ထပ်မံ မကြုံကြိုက်ခဲ့ရတော့ပေမယ့်လို့ ခူးခွင့်ရရင် ခူးချင်မိနေပါသေးတယ်၊


Provence-Alpes-Côte d'Azur ဒေသက ထွက်ရှိတဲ့ ဝိုင်အမျိုးအစားကတော့ ဝိုင်အနီထက် ဝိုင်ဖြူ ဝိုင်ပန်းရောင်တွေ အထွက်များပါတယ်၊ Côtes du Rhône တို့လို ဝိုင်နီတွေ ထွက်ရှိပေမယ့် Vin de Cassis, Vins de Provence, Côtes-de-Provence တို့လို ဝိုင်ဖြူဝိုင်ပန်းရောင်တွေ အထွက်များတဲ့ နေရာဒေသပါ၊ 

ပူပြင်းတဲ့နေရောင်ခြည် ခြောက်သွေ့အေးမြတဲ့ မြေထဲပင်လယ်ရာသီဥတု အောက်မှာ တောင်တန်းတွေနားက ခပ်ပြန့်ပြန့်စပျစ်ခင်းတွေက ရထားလမ်းဘေး ကားလမ်းဘေးတလျှောက်မှာ လှပစွာတမျှော်တခေါ်ကြီး တွေ့ခဲ့ရပါတယ်၊ 

ဒီဒေသမှာ နှစ်စဉ် ဝိုင်ပုလင်း သန်းတရာ့ရှစ်ဆယ်နီးပါးမျှ ချက်လုပ်နေတာမှာ Vin Rosé ခေါ် ပန်းရောင်ဝိုင် ထုတ်လုပ်မှုက ရှစ်ဆယ်ရာနှုန်း ကျော်ပါတယ်တဲ့၊

ပြင်သစ် ပန်းရောင်ဝိုင် ဈေးကွက်ရဲ့ သုံးပုံတပုံကျော်ကိုလည်း အုပ်စီးထားသလို ကမ္ဘာ့ ဝိုင်ပန်းရောင် ဈေးကွက်ကိုလည်း ဦးဆောင်နေတဲ့ ဒေသပါ၊

ဒီ Provence ဒေသမှာ တည်ရှိတယ်ဆိုတဲ့ Lavande ခရမ်းရောင် ပန်းစိုက်ခင်းများရဲ့ အလှကတော့ နာမည်ကြီးလှပေမယ့် ရထားလမ်းဘေးနှစ်ဘက်မှာတော့ မတွေ့မြင်ခဲ့ပါဘူး၊ 

တနှစ်တာပတ်လည်မှာ ရက်ပေါင်း သုံးရာလောက် နေအလင်းရောင်ရတဲ့ဒေသ ဆိုတော့လည်း အဲဒီလို လှပတဲ့ ပန်းခင်းတွေ စိုက်ခင်းတွေနဲ့ စိမ်းလန်းစိုပြေနေတာကတော့ သဘာဝတရားကြီးက ပေးအပ်ထားတဲ့ အရာတွေလို့ သာ ပြောရမှာပါ၊ 

အဲဒီလို အခွင့်အရေးတွေကို ကောင်းကောင်းကြီး အသုံးချတတ်ပါတဲ့ လူသားတွေ ရှိဖို့ကတော့ လိုအပ်မှာပေါ့နော်၊



ရထားလမ်းနဘေးမှာ စပျစ်စိုက်ခင်းတွေကို အများအပြား တောက်လျှောက်ဆိုသလို တွေ့ရှိရတာက
Toulon မြို့ ဘူတာ ကျော်လာမှပါ၊ နာရီဝက်ကျော်ကျော် ရထားတရိပ်ရိပ် ပြေးနေတဲ့ကြားက တွေ့ရှိ ခဲ့ရတာပါ၊ 

စပျစ်ခင်းတွေက မြေပြင်ညီတွေမှာ စိုက်ထားတာပါ၊ ပုံမှန်အားဖြင့် တောင်စောင်းတွေမှာ စိုက်ထားတဲ့ စပျစ်စိုက်ခင်းတွေလောက်တော့ မောင်ရင်ငတေရဲ့မျက်စေ့ထဲမှာ မစွဲမက်လှပေမယ့်လို့ မလှပပါဘူးတော့
မပြောရက်သလို ပြောလို့လည်း မရပါဘူး၊ သူ့အလှနဲ့ သူပေါ့၊



Toulon မြို့အလွန်မှာ ရထားက မြောက်ဘက်ယွန်းယွန်းဆီသို့ ဦးတည်ပြီး မောင်းပါတယ်၊ ပင်လယ် ရေပြင်နဲ့ ဝေးပြီး တောင်တန်းတွေကြား စပျစ်ခင်းတွေကြားက ခုတ်မောင်းနေတာပါ၊ 

တနာရီသာသာ စပျစ်စိုက်ခင်းတွေကို အဆက်မပြတ် တွေ့မြင်ရပါတယ်၊ နောက်ရထားလမ်းက ညာဘက်ကို ချိုးကွေ့ လိုက်ပြီး အရှိန်လျော့ မောင်းပါတယ်၊ လူနေအိမ်ခြေ ခပ်စိတ်စိတ်တွေ့လာပြီး ဟော်တယ်တွေလည်း တလုံးပြီး တလုံး တွေ့လာရပါတယ်၊ အိမ်ကြီးအိမ်ကောင်းတွေ ပိုများများ တွေ့လာရတယ် ဆိုကြပါစို့၊

ပင်လယ်နဲ့ တောင်တန်းတွေ ထိစပ်မှုကပိုမိုနီးကပ်လာတာမို့ မော်တော်ကားလမ်းတွေနဲ့ ရထားလမ်း
တွေလည်း ပိုမိုနီးကပ်စွာ ယှဉ်လိုက် ခွကျော်လိုက်နဲ့ အပန်းဖြေကမ်းခြေဒေသကို ရောက်လုလာပါပြီ၊



Fréjus နဲ့ Saint-Raphaël မြို့လေးတွေအရောက်မှာတော့ ရထားလမ်းက ပင်လယ်ရေပြင်အနားသို့ အတော်လေးကို ချည်းကပ်လာပါပြီ၊ မြေထဲပင်လယ် ကမ်းခြေနဲ့ ပူးချည်ခွာချည် ယှဉ်ပြီး ဖောက်လုပ် ထားတာဖြစ်လို့ ပင်လယ်ရေပြင်ပြာပြာကို အနီးကပ်စတင် မြင်တွေ့ခွင့် ရကြပါပြီ၊ 

ခရီးသည် အများစု လည်း ခရီးဆုံး ရောက်တော့မှာဖြစ်လို့ မြေထဲပင်လယ် ရေပြင်ကြီးကိုကြည့်ပြီး အပြုံးမျက်နှာ ကိုယ်စီ တွေ့မြင်နေရပါပြီ၊ ပင်လယ်ပြာပြာ မိုးတိမ်ပြာပြာဒေသကို ရောက်လာနေပြီ မဟုတ်ပါလား၊

ရထားပြူတင်းကနေ လှမ်းမြင်နေရတဲ့ စပျစ်စိုက်ခင်းတွေ ပျောက်ကွယ်သွားအပြီး တခဏလေးမှာပဲ မြင်ကွင်းထဲမှာ ရေပြင်ကျယ်ပြာပြာကို မြင်တွေ့လိုက်ရတာမို့လို့ ရထားပေါ်ပါလာသူ အားလုံးလိုလိုပဲ လှုပ်လှုပ်ရွရွ ဖြစ်သွားကြတာကို မောင်ရင်ငတေ သတိထားမိလိုက်ပါတယ်၊ 



ပါလာကြတဲ့ တယ်လီဖုန်းတွေထုတ် ကင်မရာတွေထုတ် မှတ်တမ်းတင်ကြဖို့ ပြင်ဆင်နေကြပါတယ်၊ မြင်ကွင်းကလည်း လှလွန်းတာကိုး၊ ပင်လယ်နဲ့ သဲသောင်ပြင်ရယ် တောင်တန်းတွေရယ် အကြားက ရထားလမ်းကားလမ်း လူသွားလမ်းတွေ ယှဉ်တွဲဖောက်ထားတာကိုက မထူးပေမယ့် ဆန်းနေတာပါ၊

မြေထဲပင်လယ်ရဲ့ ရေပြင်ပြာပြာက နာမည်ကျော်ကြားသလောက် တကယ်ကို လှပပါပေတယ်၊
မောင်ရင်ငတေတို့ထက် တပတ်တရက် တမနက်စောလို့ ရောက်နှင့်နေကြသူများကတော့ ကမ်းခြေ တလျှောက် ပေါ့ပေါ့ပါးပါး အေးအေးလူလူ လမ်းလျှောက်နေကြသူများကလျှောက်လို့ သဲသောင်ပြင် ပေါ်မှာ နေပူစာလှုံနေကြသူများကလှုံလို့ ရေဆင်းစိမ်နေကြသူများကစိမ်လို့ မြေထဲပင်လယ်ရဲ့ချိုမြိန် လှပတဲ့ အရသာကို ခံစားနေကြတာကို တွေ့နေရပါပြီ၊



တဆက်တည်းမှာ ဆိုင်းဘုတ် တခုတွေ့လို့ မှတ်တမ်းတင်လိုက်ရပါသေးတယ်၊ Bouddha Beach ပါ တဲ့ ခင်ဗျား၊ 

တည်းခိုစရာနဲ့ စားသောက်ဆိုင် ကြော်ငြာ ထင်ပါရဲ့၊ မြေထဲပင်လယ် Côte d'Azur ရဲ့ နာမည်ကျော် လူသိများတဲ့ ဆိုင်တဆိုင်ပါတဲ့ ခင်ဗျာ၊


ဒီကမ်းခြေဒေသကတော့ မြို့လေးတွေရွာလေးတွေ တဆက်စပ်တည်းလို တည်ရှိနေတာပါ၊ 

လှပတဲ့ ကမ်းခြေ သာယာတဲ့ ရာသီဥတုကြောင့် ပိုက်ဆံရှိသူတွေ နာမည်ကျော်ကြားသူတွေ အိမ်တွေခြံတွေ ဝယ်ပြီး ရင်းနှီး မြုပ်နှံ နေထိုင်ကြသလို မောင်ရင်ငတေတို့လို သာမန်ခရီးသွား လာရောက်လည်ပတ် ကြသူတွေလည်း တနေ့တခြား များပြားလာတာမို့ ကားလမ်းရထားလမ်းတလျှောက် လူနေအိမ်တွေ ဈေးတွေဆိုင်တွေ တည်းခိုစရာ ဟော်တယ်ကြီးငယ်တွေနဲ့ ခရီးသွားလုပ်ငန်း အထွန်းကားဆုံး နေရာ ဖြစ်လာတာကတော့ ထူးဆန်းထွေလာ မဟုတ်ပါဘူး၊

အင်္ဂလိပ်တွေက French Riviera လို့ခေါ်ကြတဲ့ Côte d'Azur ကမ်းခြေမှာ အပန်းဖြေ သဲသောင်ပြင်
Beach ပေါင်း ထောင်ဂဏန်းမျှ ရှိနိုင်ပါတယ် ဆိုကြပါတယ်၊ 

ဘီလျှံနာကြီးများ ခရိုဏီသူဌေးကြီးများ
ထင်ရှားကျော်ကြားလို့ လူမြင်ကွင်း မလာချင်သူများအတွက် ရှယ်သီးသန့်သဲသောင်ပြင်များ ရှိသလို
မောင်ရင်ငတေတို့လို့ အာလူးကြော်တထုတ် ဘီယာတဗူးနဲ့ သူများတွေ ပျော်နေကြတာကို ထိုင်ငေး ဖို့ရန် လာသူတွေအတွက်လည်း သဲသောင်ပြင်တွေ ရှိပါတယ်၊ 

အဲ အထူးစပါယ်ရှယ်သဘာဝအတိုင်း
ကမ္ဘာဦးအစကလို လွတ်လွတ်လပ်လပ် လုံးတီးမှ ကြိုက်သူများအတွက်လည်း သီးသန့်ရှိပါတယ်၊




တချို့သော သဲသောင်ပြင်တွေက လေးငါးမိုင်မျှ ရှည်လျှားပြီး တချို့ကတော့ ပေလေးငါးရာလောက် ရှည်ပါတယ်၊ နာမည်ကျော် ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ပါဝင်ခဲ့တဲ့ သဲသောင်ပြင်များကတော့ ရုပ်ရှင်
ဇာတ်ဝင်ခန်းထဲကထက် လှပစွဲမက်ဖွယ်ပိုကောင်းပါတယ်ပြောရင် မလွန်လောက်ပါဘူး၊ 

တကယ်က မောင်ရင်ငတေကသာ ဒါမျိုး အတွေးပွား နေမိတာပါ၊ သူတို့တတွေ အဖြူကောင်တွေကတော့ ဒါမျိုး တွေးတာမျိုး လောက်တော့ ရိုးနေဟန် တူပါတယ်၊ သူတို့ လုပ်ချင်ရာ စိတ်အားသန်ရာ ဝါသနာပါရာ လုပ်ရရင်ပြီးရော ပုံသဏ္ဍန်တွေသာ မြင်ရပါတယ်၊ ဆတ်ဆတ်ထိမခံနိုင်သေးတဲ့ ကိုယ့်သဘာဝကိုယ်
ဒီနေရာမှာ  မြင်တွေ့ရမှာပါ၊

သချာတာတခုက အဲဒီ လုံးတီးဘိခ်ျ့တွေကို မောင်ရင်ငတေရောက်မှာ
မဟုတ်သလို မသွားချင်လို့မဟုတ်သလို မသွားချင်လို့ မရောက်တာလည်း မဟုတ်ပါဘူး၊ အကယ်၍ ဖိတ်ခေါ်သူများ ရှိခဲ့ပါက သွားရောက် လေ့လာချင်မိပါသေးတယ် ခင်ဗျား၊



အာဗီညွှန် မားဆေးလ်ဘက်မှာ မြင်တွေ့ခဲ့ရတဲ့ ဖြူဝါဝါအရောင် ကျောက်တောင်တွေရဲ့ အရောင်က
နီညိုညိုအရောင်တွေအဖြစ် ပြောင်းလဲပြီး တွေ့ရှိရပါတယ်၊

မာင်ရင်ငတေ အရင့်အရင် မြင်ဖူးခဲ့တာ
ပင်လယ်ကျောက်ဆောင် ကျောက်တောင်တွေ အများစုက ဒီလို နီနီညိုညိုရောင်တွေ မဟုတ်ဘူးဆို တာကတော့ သေချာလှပါတယ်၊ 

ဘူမိဗေဒကို နကန်းတလုံးမှနားမလည်တဲ့ မောင်ရင်ငတေအတွက်
ဘာလို့ ဝါတယ် ဖြူတယ် နီတယ် ညိုတယ်ဆိုတာ ခွဲခြား မသိပါဘူး၊ ကြည့်လို့ကောင်းတာ သိတာပါ၊



ဒီလိုနဲ့ ပင်လယ်ပြင်ကို အလုအယက် ကြည့်နေကြစဉ်မှာ မောင်ရင်ငတေတို့ စီးနင်းလာတဲ့ ရထားက အရှိန်ကို သိသိသာသာ လျှော့ချလိုက်သလို အသံချဲ့စက်ကနေ ဘာသာ သုံးလေးမျိုးနဲ့ ကြေညာသံ ထွက်ပေါ်လာပါတယ်၊

ကြညာချက်တွေကို နားလည်တာ မလည်တာ အပထား ခရီးသည်အားလုံး သဘောပေါက်လိုက်ကြတာက ခရီးဆုံး နိ့စ်ဘူတာ ရောက်ရှိပြီ ဆိုတာပါ၊ 

ဒီရထားရဲ့ တချို့သော တွဲ တွေကတော့ အီတလီနယ်စပ်မြို့ဖြစ်တဲ့ Vintimille ခေါ် Ventimiglia မြို့လေးဆီသို့ ဆက်လက်ပြီး ခရီးဆက်ချီတက် ရဦးမှာပါ၊

 မောင်ရင်ငတေတို့ စီးလာတဲ့ နောက်ပိုင်းတွဲတွေကတော့ ခရီးဆုံးပါပြီ၊


ပါရီ လီယွန် အာဗီညွှန် နိ့စ် ခရီးစဉ်ရဲ့ ဂိတ်ဆုံးဘူတာဖြစ်တဲ့ Gare de Nice-Ville ဘူတာက သိပ်ပြီး
ကြီးကြီးမားမားမဟုတ်ပေမယ့် တနှစ်ကို ခရီးသည် ရှစ်သန်းကျော်ဝင်ထွက်နေတဲ့ ဘူတာကြီးတခုပါ၊

ဒီဒေသရဲ့ နာမည်ကျော်ကြားမှုက လာရောက်လည်ပတ်ကြသူ ဘယ်လောက်များတယ် မများတယ် ဆိုတာနဲ့တင် လက်ခံရမှာပါ၊ 

Nice-Ville ဘူတာအပြင် သူနဲ့မနီးမဝေးက လူသိများလှတဲ့ဘူတာတွေ ဖြစ်တဲ့ Marseille-Saint-Charles ဆယ့်နှစ်သန်း Monaco-Monte-Carlo ငါးသန်းခွဲကျော် Toulon လေးသန်းခွဲ Cannes လေးသန်း Saint-Raphaël နှစ်သန်း  . .. …... အဲဒီလို တနှစ်တနှစ် ရောက်ရှိ လာကြတဲ့ ခရီးသည်တွေ အရေအတွက်ပါ၊ 

တခြားသောဒေသအတွင်း ဟိုနားသွားဒီနားသွား ရထား တွေနဲ့ ရောက်လာကြသူတွေ အများအပြား ကျန်ရှိပါသေးတယ်၊

                                                                                                     (Photo Google)
အဲဒါကြောင့်  . . . … .. …. . …... …...
ကမ္ဘာ့အရပ်ရပ်က ခရီးသွားကြသူတွေ တနှစ်ပတ်လည်မှာ သန်းရှစ်ဆယ်ကျော် လာရောက်တယ်ဆို ကြပါတဲ့ ပြင်သစ်ပြည်ကြီးရဲ့ တတိယလူဝင်လူထွက်အများဆုံး (ခရီးသည် ဆယ့်နှစ်သန်း) လေဆိပ် ကြီးအဖြစ် ဒီ Aéroport de Nice-Côte d'Azur လေဆိပ်က ရပ်တည်နေတာပါ ဆိုရင်လည်း အံ့သြ စရာ မဟုတ်ပါဘူး၊  

မားဆေးလ် လေဆိပ် ရေဆိပ် ကုန်းဆိပ်တွေကတဆင့် ဒီနယ်မြေကို ဝင်လာကြ သူများနဲ့ တခြားသော ဘူတာလေး လေဆိပ်လေးတွေကိုပါ ပေါင်းတွက်ကြည့်လိုက်မယ်ဆိုရင်တော့
ပြင်သစ်ပြည်ကို လာကြသူများရဲ့ တဝက်ကျော်ကျော်က ဒီနယ်မြေကို ရောက်လာကြပါတယ် ဆိုရင် မမှားနိုင်ပါဘူး၊  

ဒီ Côte d'Azur ကမ်းရိုးတန်း အပါအဝင် ကျန်တဲ့ စပိန် အီတလီ ဂရိနဲ့ ပြင်သစ်တို့ရဲ့
မြေထဲပင်လယ် ရေပြင်ပြာပြာဆီသို့ ရင်ခုန်ခြင်းများစွာနဲ့ ရောက်ရှိလာကြသူ အရေအတွက်ကတော့ အတိအကျ မှတ်တမ်းတင်ဖို့ရာ မလွယ်ကူလှတဲ့ ကိစ္စတခုသာပါ၊ 

မကြာသေးခင်က သတင်းထူးတခု အဖြစ် လူသိများခဲ့တဲ့ မြေထဲပင်လယ်ဖြတ် Boat People တွေရဲ့ ရင်ခုန်သံတွေနဲ့ကတော့ ဘယ်လို လုပ်တူနိုင်ပါ့မလဲလေ၊ 

သူတို့ကတော့ ပင်လယ်ပြာပြာ ရေပြာပြာကို မြင်မှမြင်ခဲ့ကြရဲ့လား မသိနိုင်ပါ၊


မောင်ရင်ငတေရဲ့ ကီလိုမီတာ ကိုးရာ့သုံးဆယ် ငါးနာရီခွဲကျော်ကြာ ရထားစီး ခရီးစဉ် မှတ်တမ်းတင် ရေးသားခြင်း ဤတွင် နိဂုံးချုပ် အဆုံးသတ် လိုက်ပါပြီ ခင်ဗျား၊ 

ဆက်လက်ပြီးတော့ ပြင်သစ်နယ်စပ် Menton ဘူတာကနေ ကိုးကီလိုမီတာသာသာဝေးတဲ့ အီတလီရဲ့ Ventimiglia ဘူတာကို တဆင့်ခံ ဖြတ်သန်းပြီး သွားခဲ့ရတဲ့ နိ့စ် မွန်တွန် ဂျီနိုဗာဆီသို့ မီးရထားဖြင့် ခရီးသွားခြင်း အနုပညာ မှတ်တမ်းနဲ့ တကွ တခြားတခြားသော ကုန်းကြောင်းလေကြောင်းရေကြောင်း သွားဖူးတာလေးတွေကို ရေးသား ဖြစ်ဖို့ ကြိုးစားပါဦးမယ် ခင်ဗျာ၊

မောင်ရင်ငတေ ၁၃၀၂၂၀၁၆
မောင်ရင်ငတေ ၂၀၀၂၂၀၁၆

                                                                   

ခရီးတခုအစ နံနက်ခင်းကို ပြန်လည်ခံစားခြင်းပါ၊
သတင်းတွေဖတ်တော့ အစာမကြေဘူး၊ ရင်ခံနေတယ်၊
နံနက်ခင်းလေးကတော့ မိုးတိမ်တွေကြားထဲ သူဟာသူ လှပလို့နေလေတယ်၊

အဲဒါနဲ့ သွားခဲဖူးတဲ့ ခရီးတခုရဲ့ စိမ်းလန်းစိုပြေတဲ့ ရှုမျှော်ခင်းတွေကို စိတ်ပြေလက်ပျောက်ပေါ့၊ ပြန် ကြည့်မိပါတယ်၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ကိုးလပိုင်းက သွားခဲ့တဲ့ ပြင်သစ်တောင်ပိုင်း ပါရီ လီယွန် နိစ့် ခရီးစဉ်က မှတ်တမ်းတင်ဖြစ်ခဲ့တဲ့ ပုံတွေပါ၊ 

တနာရီ ကီလိုမီတာ သုံးရာကျော်နှုန်း ဒုန်းစိုင်းပြေးနေတဲ့ တီဂျီဗွီရထားပေါ်ကနေ ရုတ်တရက်ရိုက်ချက်များ ဖြစ်တာကြောင့် ပုံတွေက သိပ်ကောင်းလှမှာတော့ မဟုတ်ပါဘူး၊ ငါးနာရီကျော်ကြာခရီးမှာ တောက်လျှောက်ဆိုသလို မနားတမ်း မှတ်တမ်းတင်ခဲ့မိတာ မို့လို့ ပုံတွေက များပြားလှပါတယ်၊ အဲဒီထဲက ကောင်းနိုးရာရာ ရွေးချယ်ပြီး မှတ်တမ်းတင်တာပါ၊

ဘာပြောပြော အေးချမ်းတဲ့ ရသတခုကို ခံစားမိလိုက်ရလို့ ဒီ စာမျက်နှာကို ဒီခရီးစဉ် မှတ်တမ်း ပုံရိပ် များနဲ့ စတင် ဖွင့်လှစ်လိုက်ပါတယ်၊

(မရငတ) ၁၂၀၂၂၀၁၆



** ပါရီ လီယွန် အာဗီညွှန် နိ့စ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Paris Lyon Avignon Nice သို့မဟုတ် မြေထဲပင်လယ်ဆီသို့ (၂၀၁၅ ခုနှစ် ကိုးလပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၁၃၀၂၂၀၁၆

Aucun commentaire:

Enregistrer un commentaire