Libellés

lundi 22 février 2016

** ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် (တစ်) * **

ခရီးမှတ်တမ်းပုံရိပ်များ 
ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် (တစ်)
 

** ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် (တစ်) * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Paris-Strasbourg-Augsburg-München (၂၀၁၄ ခုနှစ် ခြောက်လပိုင်း)
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) ၂၁၀၂၂၀၁၆


ပြီးခဲ့တဲ့ ရက်များက ** ပါရီ လီယွန် အာဗီညွှန် နိ့စ် * ** * ခရီးမှတ်တမ်းပုံရိပ်များ ** * သို့မဟုတ်
 မြေထဲပင်လယ်ဆီသို့ဆိုပြီး ၂၀၁၅ ခုနှစ် ကိုးလပိုင်းက သွားခဲ့တာတွေကို (ဖိုတိုစတိုရီ ဘိုင် မရငတ) အနေနဲ့ ရေးဖြစ်ခဲ့ပါတယ်၊ 

အဲဒီမှာ နိ့စ်မြို့ကနေပြီး မွန်တွန် ဂျီနိုဗာဆီသို့ မြေထဲပင်လယ်ရဲ့ ကမ်းခြေ အတိုင်း ရထားစီးသွားခဲ့တာကို ဒုတိယပိုင်း အနေနဲ့ ဆက်ရေးမယ်လို့ စဉ်းစားခဲ့ပေမယ့် မကြာခင်မှာ မောင်ရင်ငတေသွားဖို့ စီစဉ်နေတဲ့ ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူးနစ် ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်လို့နေရလို့ အရင်ပြီးခဲ့နှစ်တွေက သွားခဲ့ဖူးတဲ့ အဲဒီခရီးစဉ်တွေကို ပြန်လည်လို့ လေ့လာမိရင်း ကြားဖြတ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်၊


အများအားဖြင့် နေ့ဘက်ခရီးသွားရတာကို မောင်ရင်ငတေ နှစ်ချိုက်ပါတယ်၊ 
ပတ်ဝန်းကျင် သဘာဝ တောတောင်ရေမြေတွေကို မြင်တွေ့ခွင့် ရလို့ပါ၊ ညခရီး မဟုတ်ပါဘဲ
 နေ့ဘက်ခရီးတွေ သွားတိုင်းမှာ ဝါသနာကြောင့် မှတ်တမ်းပုံတွေ မနားမနေ ရိုက်ဖြစ်ပါတယ်၊ 

ဒီ ခရီးစဉ်မှာလည်း အခြေအနေပေးလို့ မှတ်တမ်းအတင်လွန်ပြီး ပုံက စုစုပေါင်း နှစ်ထောင်ကျော် ရှိခဲ့တာမို့လို့ စာကနည်းနည်း ပုံကများများ ဖြစ်နေတယ် ဆိုခဲ့ရင်တော့ ခွင့်လွှတ်စေချင်ပါတယ်၊

ဒီတခါ သွားဖြစ်ခဲ့တာက မီးရထားလမ်းက မဟုတ်ပါဘူး၊ ကားလမ်းကသွားဖြစ်ခဲ့တာပါ၊ 

ဘတ်စ်ကားနဲ့လည်း မဟုတ်ပါဘူး၊ မိတ်ဆွေတယောက် အလုပ်ကိစ္စရှိလို့ အဖော်ဧည့်မြှောင်အဖြစ် ပါသွားခဲ့ရတာ ဖြစ်ပါတယ်၊ 

ကားခေါင်းခန်းထဲကနေ ထိုင်လိုက်ဖြစ်တာရယ် လောလောနဲ့ သွားရတဲ့ခရီး မဟုတ်တာ ရယ်ကြောင့် စိတ်ကြိုက် မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်၊


လမ်းတွေကလည်းကောင်း အော်ဒီကားကြီးကလည်းကောင်းဆိုတော့ သူဋ္ဌေးတွေ စည်းစိမ်ရစ်တယ် ဆိုတာ ဒါမျိုးကြောင့် ဖြစ်ရမယ်လို့ ပြောဖြစ်ခဲ့ကြပါသေးတယ်၊ 

လမ်းဘေး ဝဲယာတလျှောက် တွေ့မြင် ရပါတဲ့ စိမ်းစိမ်းစိုစိုတွေ ဝါဝါထိန်ထိန်တွေရဲ့အလှကို ဇိမ်ခံကြည့်ရင်း စိတ်ကြိုက်တွေ့သမျှကော စိတ်မကြိုက်လည်း နှိပ်ကောင်းကောင်းနဲ့ ကင်မရာခလုပ်ကို အဆက်မပြတ် ဆိုသလို တချောက်ချောက် နှိပ်ရင်းနဲ့ လိုက်ပါလာခဲ့တာပါ၊

 သြော်ဘာပြောပြော ကိုယ်လုပ်ချင်တာ လုပ်နေရတယ် ထင်နေရင်ကို စိတ်ချမ်းသာနေတတ်တဲ့
 လောကလူသား မောင်ရင်ငတေပါ၊


ပါရီမြို့ ထွက်လိုက်တာနဲ့ ဟိုင်းဝေးလမ်းမပေါ် တက်မောင်းလာခဲ့ကြပါတယ်၊ 

အသွားခရီးကို မြန်မြန် ရောက်အောင် အမြန်လမ်းမကြီးတွေက ရွေးသွားပြီး အပြန်ခရီးစဉ်မှ
 တောကြိုတောင်ကြား ရွာလမ်းလေးတွေက ပြန်ကြမယ်လို့ တိုင်ပင်ပြီးသွားခဲ့ကြတာပါ၊ 

ကားပိုင်ရှင် မောင်ရင်ငတေရဲ့ မိတ်ဆွေကြီးကလည်း သဘောကောင်းသူမို့ မောင်ရင်ငတေ ပြောတဲ့အတိုင်း တအင်းအင်း ခေါင်းငြိမ့်ပါတယ်၊


ပါရီအထွက်မှာတော့ Autoroute A4 က တဘက်ကို လေးလမ်းသွားငါးလမ်းသွား လမ်းမကျယ်ကြီး တွေပါ၊ 
ပါရီ မက်ထရိုပိုလီတန်ကျော်ပြီး နောက်ပိုင်းမှာတော့ တဘက်ကို နှစ်လမ်းစီသာ ပါတော့တဲ့ အမြန်လမ်းမပါ၊ 

မြို့ဧရိယာ အပြင်ဘက်ကို ရောက်လာရင်တော့ အမြန်လမ်းမကြီးတွေက များသော အားဖြင့် အသွားအပြန်
 နှစ်လမ်းစီပါတဲ့ လေးလမ်းသွား လမ်းမကြီးတွေသာ ဖြစ်ပါတယ်၊

ပါရီ စထရပ်ဘူးရ် လမ်းမကို ပြင်သစ် ပြည်တွင်းအနေနဲ့ Autoroute A4 လို့ အမည်ပေးထားပေမယ့် ဥရောပ အမြန်လမ်းကွန်ယက်အနေနဲ့ Route Européenne E50 လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်၊   

အဲဒါကြောင့် အမြန်လမ်းမကြီးတွေရဲ့ လမ်းညွှန်သင်္ကေတတွေက ဥရောပနိုင်ငံတိုင်းလိုလိုမှာ
 နှစ်မျိုး နှစ်စား ဖြစ်နေတာကို တွေ့ရမှာပါ၊ 

E50 လမ်းမကြီးက ပြင်သစ်နယ်စပ်မြို့ စထရပ်ဘူးရ် မရောက်ခင် အရှေ့ဘက်စူးစူးသို့ ဦးတည်ဖောက်လုပ် 
ထားတာဖြစ်ပြီး ဂျာမဏီပြည်ကို ခါးလယ်က ကန့်လန့်ဖြတ် သွားရုံမျှမက ချက်နိုင်ငံ ပရာဟာမြို့ကတဆင့် ရုရှားပြည် အရှေ့တောင်ခြမ်းမှာမှ ဂိတ်ဆုံးမှာပါ၊

မောင်ရင်ငတေတို့သွားမယ့် မြူးနစ်ခေါ် ဘိုင်ယန်ပြည်နယ် မြို့တော် မြူန်ရှန်မြို့သို့ သွားရမယ့်လမ်း ကတော့ စထရပ်ဘူးရ်မြို့လွန်တာနဲ့ လမ်းခွဲထွက်ပြီး အရှေ့တောင်ဘက်ကို ဦးတည်သွားရမှာ ဖြစ်ပါ တယ်၊ 

ဒီစထရပ်ဘူးရ်မြို့ အမည်ကိုက လမ်းဆုံလမ်းခွ အဓိပ္ပါယ်သက်ရောက်ပါတယ်၊ မြောက်ဘက် သွားရင် လူဇမ်းဘူး ဘရူဇယ် ကိုလုံး ဖရန့်ဖွတ် ရောက်မှာဖြစ်ပြီး တောင်ဘက်စူးစူးကို ကွေ့ချိုးသွား ရင်တော့ ဆွစ်ဇာလန်ရဲ့ ဘာဆယ်တို့ ဇူးရစ်တို့ကို ရောက်သွားမှာပါ၊
 


ပါရီကနေ အရှေ့စူးစူး ဂျာမဏီကို သွားမယ်ဆိုရင် ပြင်သစ် Autoroute A4 အမြန် လမ်းမကြီးကနေ
သွားရမှာပါ၊ အတိုဆုံးနဲ့ အကောင်းဆုံးလမ်းမကြီးပါ၊ တထောင်ကိုးရာခွန်နှဆယ်လွန် နှစ်များကစပြီး
ဖောက်လုပ်ခဲ့တဲ့ ဒီအမြန်လမ်းမကြီးက ဂျာမဏီနယ်စပ် ရိုင်းမြစ်ကမ်းနဘေးက Strasbourg မြို့ထိ ၄၈၈ ကီလိုမီတာ ရှည်လျှားပါတယ်၊ 

ဒီလမ်းဆိုင်းဘုတ်ရဲ့ညွှန်ချက်အရ လီယွန်သို့ ကီလိုမီတာ ၄၉၀ ဆိုပေမယ့် လီယွန်သွားတဲ့ အမှန်လမ်းက Autoroute A6 ပါ၊ ဒီ A4 လမ်းကဆိုရင် သိပ်မကြာခင်မှာ လမ်းမကြီးကနေ တောင်ဘက် ချိုးကွေ့သွားပြီး A6 ကို ပြန်ဝင်ပြီး Dijon မြို့ဘက်ကတဆင့် လီယွန် မြို့သို့ ပြန်သွားရတာပါ၊


တကယ်တမ်း ပြောရရင် ဒီလိုအမြန်လမ်းမကြီးတွေမှာ ကားစီးရတာ မောင်ရင်ငတေ အင်မတန်မှကို
ငြီးငွေ့မိပါတယ်၊ မြို့မဖြတ် ရွာမဖြတ်နဲ့ နေပူပူ အချိန်ဆို ကတ္တရာလမ်းရဲ့ ရောင်ပြန်တံလျှပ် ဒါဏ်ကို ခံစားရတာ မသက်သာလှပါဘူး၊ 

အဲသလိုပါပဲ၊ ဆောင်းရာသီ မိုးရွာ မိုးအုံ့ပြန်တော့လည်း အုံ့မှိုင်းမိုင်း ကြားက အရိုးပြိုင်းပြိုင်းနဲ့ လမ်းနဘေးက အပင်တွေကြား ကတ္တာရာလမ်းမ မည်းမည်းကြီးက အလွန် တရာ ရုပ်ဆိုးလှသလို ပျင်းရိစရာ 
 ကောင်းလှပါတယ်၊ 

ဒါကြောင့်လည်း ခရီးသွားအများက ဒီခရီးလမ်း တွေမှာ အိပ်ပျော်အောင် အိပ်ကြတယ်ထင်ပါတယ်၊
 မောင်ရင်ငတေ အတွက်ကတော့ အခုခေတ်ရဲ့ ဖလင်မထည့်ရ ပုံမကူးရတဲ့ ကင်မရာ ဓါတ်ပုံရိုက်ကူးရေး စနစ်သစ်နဲ့ ကွန်ပြူတာ အင်တာနက်စနစ် တွေကြောင့် ခရီးသွားတိုင်း အပျင်းပြေရသလို ခရီးသွားခြင်းကို အနုပညာသဖွယ် ခံစားလာခဲ့ရမိတာ ဖြစ်နိုင်ပါတယ်၊


ခရီးသွားခြင်း ဆိုတာကလည်း မောင်ရင်ငတေ ဘဝခရီးမှာ နှစ်ကိုယ်တစိတ်လို ပြောရမလို ဖြစ်နေခဲ့ တာပါ၊ လူမှန်းသိစအရွယ်ကနေ ဒီကနေ့ထိ ခရီးသွားခြင်းတွေကို ကြုံဆုံခဲ့ရပါတယ်၊

မာင်ရင်ငတေ့ ဘဝမှာ ရွေးချယ်ခဲ့ခြင်း သိပ်မရှိသလို အရွေးခံဘဝနဲ့သာ ကျရာကြုံရာ နေလာခဲ့တာ များတာကြောင့် ခရီးသွားခြင်း ဆိုတာကြီးကလည်း သီးသီးသန့်သန့် ကိုယ်တိုင် မဖြစ်မနေ 
သွားခဲ့တာမျိုး မဟုတ်ရပါ၊
ကြိုတင်စီစဉ် လက်မှတ်ဝယ်တာမျိုး ဆိုပေမယ့် ဒီလမ်းကြောင်း အစဉ်မပြေ နောက်လမ်းကြောင်းကို သွားကြတာပေါ့ အတွေးမျိုးနဲ့တွေးလို့ သွားဖြစ်ခဲ့တာတွေချည်းပါ၊

ပင်သစ်ဆိုတဲ့ တိုင်းပြည်ကြီးဆီသို့ ရောက်လာခဲ့ပုံကိုက ဒီနားခဏ စိတ်ထားမျိုးနဲ့သာပါ၊

အဲ ခရီးသွားခြင်းစိတ်တွေ အမြစ်တွယ်လာခဲ့ရပုံကတော့ ဟိုးငယ်စဉ် လူမှန်းမသိတတ်ခင် ပေါက်စန အရွယ်လောက် အောက်ပြည်အောက်ရွာကနေ အဖိုးအဖွားများရှိရာ အညာသို့ ပြန်ခြင်းက စတင်လို့ သန္ဓေတည်လာခဲ့ခြင်း ဖြစ်ဟန်တူပါတယ်၊

မွေးရပ်မြေ ဟင်္သာတကနေ ဓနုဖြူ  . . ..… ဓနုဖြူမှတဆင့် အညာဆန် သင်္ဘောကြီးတွေစီးပြီး ပြည်
အောင်လံ ဆင်ပေါင်ဝဲ မကွေး ရေနံချောင်း ဧရာဝတီမြစ်ရိုး ခရီးတွေ၊

နာက်ပြီး ကုန်းလမ်းနဲ့ဆိုခဲ့ရင် ဟင်္သာတကနေ တဘက်ကမ်း သာရဝေါကူး သာရဝေါကမှတဆင့် ရထားနဲ့ လက်ပန်းတန်းလမ်းဆုံ နောက်တော့ ရန်ကုန် ပြည် ရထားကိုစောင့် ပြည်ထိစီးရပြီးတော့ ပြည်ရောက်မှ လိုင်း ဘတ်စ်ကားနဲ့ ရေနံချောင်းကို သွားခဲ့ရတာတွေက အတိတ်ငယ်စဉ် ဘဝရဲ့ မမေ့နိုင်စရာ အဓိက ဇာတ်ဝင်ခန်းတွေ ဖြစ်ခဲ့တယ်လို့ ဒီကနေ့ ခရီးသွားဖြစ်တိုင်း တွေးမိပါတယ်၊


ပြင်သစ်မြေပေါ်မှာ ခရီးသွားရင် ကားလမ်း ရထားလမ်းနဘေးမှာ မရိုးနိုင်အောင်တွေ့ရမယ့်
 မြင်ကွင်း တွေပါ၊ 

အဲဒီလို စိုက်ခင်းပြင်မျိုးစုံက တမင်သက်သက်များ ရှိုးပြလို့ရအောင် ဒီလို လမ်းနဘေးတွေမှာ
မစိုက်မနေရ စိုက်ခိုင်းထားစေသလားတော့ မောင်ရင်ငတေ မသိပါဘူး၊ 

ဒီမိုကရေစီဘိုးအေလို့ ကြွေးကြော်ကြသူ ကိုရွှေပြင်သစ်နိုင်ငံမှာလည်း ဒီမိုကရေစီ အထက်ကနေတဲ့ ပုဂ္ဂိုလ်ကြီး ရှိတယ်လို့တော့ မောင်ရင်ငတေ မကြားဖူးပါဘူး၊ 

စိုက်ခင်းတွေ လမ်းနဘေးမှာ များပြားလွန်းလှလို့ ရိုးရိုးတွေးမိတာပါ၊

တကယ်ပါ ခင်ဗျာ၊ မောင်ရင်ငတေ ရောက်ခဲ့သွားခဲ့ဖူးပါသော တခြားသော ဥရောပ နိုင်ငံကြီးတွေရဲ့ လမ်းနဘေးမှာ ဒီလောက်များပြားတဲ့ စိုက်ပျိုးခင်း အမယ်မျိုးစုံကို များသောအားဖြင့် မတွေ့ရှိမိပါဘူး၊ 

စက်ရုံ အလုပ်ရုံတွေကိုသော်လည်းကောင်း သဘာဝ အရိုင်းတောတွေကိုသော်လည်းကောင်း မြို့ပြ အိမ်ယာတွေကိုသော်လည်းကောင်း တွေ့ရှိရမှုများပြီး စိုက်ခင်း ပျိုးခင်းတွေကိုတော့ ရောညှပ်လို့သာ
 တွေ့ရမြင်ရလေ့ ရှိပါတယ်၊


တကယ်ဆိုရင်တော့ ဒီလိုနေရာ စိုက်ခင်းပြင်ကျယ်ကြီးတွေနားမှာ အေးအေးလူလူ အနားယူရင်းနဲ့ စိတ်ကူးစိတ်သန်း အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်လာအောင် အပန်းဖြေနေရင်း စိတ်ကြိုက် မှတ်တမ်းတင်ချင်မိရတာကတော့ မောင်ရင်ငတေ့ ရင်ထဲက ဆန္ဒတွေသာပါ၊ လက်တွေ့ လောကမှာ
ဖြစ်လာဖို့ကတော့ မလွယ်ပါဘူး၊ 

ဟိုအတွေးအခေါ်အတွေးအမြင်စာတွေ ရေးနေတဲ့ ဗမာပြည်ကျော် စာရေးဆရာကြီးတောင်မှ သူ့ကိုယ်သူ လမ်းပေါ်ကလူလို့ ပြောနေတော့ကာ .….. မောင်ရင်ငတေလို ကမြောက်ကချောက်ကောင်ကတော့ လမ်းပေါ်လမ်းဘေးမဟုတ် မြောင်းနှခမ်း တွယ်ကပ်နေရပါတဲ့ အကောင်မျိုးဆိုတော့ကာ ဘယ်ခရိုဏီ သူဋ္ဌေးကမှ စပွန်စာပေး ဒီလိုရိုက် ဒီလိုရေးပေးပါ တောင်းဆို ပါ့မလဲနော်၊

မာင်ရင်ငတေဆိုတဲ့ ကောင်ကလည်း ကိုယ်တိုင် ဈေးဝယ် ကိုယ့်ထမင်း ကိုယ်ချက်စား နေတဲ့ကောင် ဆိုတော့လည်း ဒီလိုကားကြုံကပ်စီးရင်း ကိုယ်လုပ်ချင်ရာလေးလုပ်ရရင် ကျေနပ်နေသူပါ ခင်ဗျာ၊ 

လမ်းပေါ်က ဓါတ်ပုံဆရာမဟုတ်လည်း မြောင်းဘောင်ပေါ်က ဓါတ်ပုံငတိလို့ခေါ်ချင်လည်း ရပါတယ်၊ ကျေနပ်ပါတယ်၊ လမ်းကြုံမယ်ဆိုရင်လည်း ခေါ်မယ်ဆိုက လိုက်ဖို့ ရယ်ဒီပါ ခင်ဗျာ၊


ဒီ Château-Thierry နယ်မြေကတော့ လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ်လောက်က မောင်ရင်ငတေရဲ့ စပျစ်သီးခူးရင်း ခေတ္တခဏ အခြေချ နေထိုင်ခဲ့တဲ့ နယ်မြေတခုပါ၊ မောင်ရင်ငတေအတွက် လွမ်းစရာ အမှတ်ရစရာ နယ်မြေလေးပေါ့၊ ပါရီမြို့ကနေ ကီလိုမီတာတရာ အကွာခန့်လောက်မှာတည်ရှိတာပါ၊

ပါရီအထွက် ရှန်ပိန်နယ်အဝင်က မြို့လေးတမြို့ ဖြစ်ပါတယ်၊ ကမ္ဘာစစ်တွေ ဖြစ်ခဲ့ရာ စစ်မြေပြင်တွေ ပြောရင် မမှားပါဘူး၊ ဟစ်တလာရဲ့ နာဇီတပ်တွေ ဒီလမ်းကြောင်း ဒီနေရာကနေ ဖြတ်သန်းသွားခဲ့တဲ့ အကြွင်း အကျန် သမိုင်းတွေ ရှိခဲ့တဲ့နေရာပါ၊ ရှန်ပိန်နယ်မဟုတ်ပေမယ့် ဒီမြို့လေး သိပ်မဝေးလှပါတဲ့ စပျစ်စိုက်ခင်း
တွေကတော့ ရှန်ပိန်ဧရိယာထဲ ရောက်သွားပါပြီ၊ 

ထိုင်း ကရင် နယ်စပ်က ဒီနယ်မြေကို ရောက်ရှိလာတဲ့ ကရင်တိုင်းရင်းသူတယောက်နဲ့ သိကျွမ်းပတ်သက်ပြီး
 မောင်ရင်ငတေ ဒီနယ်မြေမှာ သုံး လေးနှစ်လောက် အရောက်အပေါက် များခဲ့ပေမယ့် ခုတော့ 
သူလည်း ရေကြည်ရာ မြက်နုရာသို့ ပြောင်းသွားခဲ့ပြီမို့ မရောက်ဖြစ်တာ အတော်ကြာပါပြီလေ၊ 

ဒါပေမယ့် မောင်ရင်ငတေ ဘဝသမိုင်းမှာ လုပ်ခဲ့ဖူးသမျှ အလုပ်တွေထဲမှာ အချိန်တိုတိုနဲ့ ငွေများများရသလို စိတ်ကျေနပ်စွာ ခူးခဲ့ဖူးတဲ့ စပျစ်ခူး သမားတယောက်ရဲ့ နေ့ရက်တွေက ရင်ထဲမှာဒိုင်ယာရီမရေးဘဲ မှတ်မှတ်ထင်ထင် ကျန်ရစ်နေတာမို့ မောင်ရင်ငတေ့ ဘဝသမိုင်းမှာ အမှတ်တရတွေထဲက အမှတ်ရဆုံး
 နေ့ရက်တွေသာပါ၊

ရှေးလွန်ခဲ့တဲ့ နှစ်တော်တော်များများတုန်းကတော့ ဒီနယ်မြေက ရှန်ပိန်နယ်စားရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တယ် ဆိုပါတယ်၊ ခေတ်အလိုက် အုပ်ချုပ်ရေးနယ်နမိတ်တွေ ပြောင်းလဲသတ်မှတ်ကြရင်း ဒီကနေ့မှာတော့ ရှန်ပိန်နယ်အပြင်သို့ ရောက်ရှိနေပါပြီ၊


Reims မြို့နဲ့ Épernay မြို့များကတော့ ရှန်ပိန် ချက်လုပ်ရာ စပျစ်ခင်းတွေ မြောက်များစွာရှိတဲ့ ခရိုင် မြို့ကြီးတွေပါ၊ ဒါပေမယ့် စပျစ်စိုက်ပျိုးခင်းများကိုတော့ ဒီအမြန်လမ်းမကြီးဘေး တဘက်တချက်မှာ
 တွေ့မြင်ရမှာ မဟုတ်သလို စပျစ်ခူးတဲ့ချိန် စက်တင်ဘာမတိုင်မီ သြဂုတ်လကုန်ပိုင်းသွားမှသာ စပျစ် ရွက်စိမ်းတွေကြား စပျစ်သီး ဖြူဖြူစိမ်းစိမ်း နီနီညိုညို ရောင်စုံကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ၊

ဒီလမ်းမကြီးကနေ အတွင်းလမ်းထဲသို့ ဝင်သွားမယ်ဆိုရင်တော့ သိပ်မကြာခင်မှာ စပျစ်စိုက်ခင်းတွေ စပျစ်ဝိုင် ရှန်ပိန် ချက်လုပ်ရာ စက်ရုံတွေနဲ့အတူ သိုလှောင်ရာ မြေအောက် လှိုဏ်ခေါင်းတွေ ရှိရာကို
 ရောက်ရှိမှာပါ၊ အဲဒီနယ်မြေက ထွက်ရှိရာ စပတ်ကလင်ဝိုင် အမျိုးအစားတွေကိုမှသာလျှင် ရှန်ပိန်လို့ အမည်သညာ ပြုနိုင်ကြောင်းပါ၊ 

ဒီနယ်မြေ တလက်မကျော်တာနဲ့ကို ရှန်ပိန်အမည်ခံ၍ မရတော့တာ ဖြစ်တဲ့ အတွက်ကြောင့် စာရွက်ပေါ်က နယ်နမိတ်စည်း ရေးဆွဲခြင်းကို စီပွားရေးသမားတွေ အလေးထားကြတာ မှန်ကြပါပေတယ်လို့ ထင်မြင်မိ ရကြောင်းပါ၊

ရှန်ပိန်စပျစ် စိုက်ခင်းများ အများအပြားတည်ရှိရာ Épernay မြို့ရယ် ရှန်ပိန်လုပ်ငန်းရှင်များ စုဝေးရာ ရှန်ပိန်မြို့တော် Reims မြို့ သမိုင်းကြောင်းရယ် ပြင်သစ်ဘုရင် ရှစ်ဆယ်ရာခိုင်နှုန်းကျော် ဘိသိတ်ခံ အခမ်းအနားတွေကျင့်ပခဲ့ရာ Cathédrale Notre-Dame de Reims ဘုရားကျောင်းရယ် ဘုရင်တွေ
သာသနာပိုင်ဂိုဏ်းချုပ်တွေ ရှန်ပိန်သူဋ္ဌေးကြီးတွေရဲ့ ရှုတ်ထွေးပွေလီတဲ့ စီးပွားရေးရာ သမိုင်းရေးရာ အကြောင်းတွေကို ရေးဖို့ကတော့ မလွယ်တာမို့လို့ နောက်များ အေးဆေး အချိန်ရရင် ရေးပါဦးမယ်၊

အခုတော့ သူများ ကား ကပ်လိုက်ရမှာမို့ ရှေ့ခရီး ဆက် ချီတက် သွားလိုက်ပါဦးမယ်၊


ဆီထွက်သီးနှံ တမျိုးဖြစ်တဲ့ Colza ခေါ် ပန်းနှမ်းခင်းများကို မြင်တွေ့ရတဲ့ အလှကလည်း အံ့ချီးဘွယ်
ရာပါ၊ ကနေဒါ တရုတ်နဲ့ အိန္ဒိယပြည်တို့ပြီးရင် စတုတ္ထမြောက် အစိုက်ပျိုးဆုံး တိုင်းပြည်က
 ပြင်သစ် ဖြစ်ပါတယ်တဲ့၊ 

ဒါကြောင့်လည်း ပြင်သစ်တပြည်လုံး နေရာအနှံ့အပြားမှာ စိုက်ပျိုးကြတဲ့ ပန်းနှမ်းခင်းတွရဲ့ အဝါရောင် အလှကို နွေဦးရာသီ ခရီးသွားရင် ရထားလမ်းနဘေး ကားလမ်းနဘေးတွေမှာ တွေ့မြင်ရမှာက
 သေချာသလောက်ပါ၊

အဲဒီ Colza ပန်းနှမ်းဆီက တခြားသော မြေပဲဆီ နှမ်းဆီ နေကြာဆီ တို့ထက် ကိုလက်စထရောတွေ တခြားဘာတွေ နည်းသလားများသလားတော့ မောင်ရင်ငတေ သေချာမသိပေမယ့် ဈေးဝယ်နေကြ
 မောင်ရင်ငတေအတွက် ဈေးသက်သာတာကတော့ အမှန်ပေမို့ ပုံမှန်အားပေးနေကြ ဆီဖြစ်ပါတယ်၊


ပြင်သစ်ပြည်ရဲ့ စိုက်ပျိုးခင်းများအကြောင်း ဆိုလိုက်တာနဲ့ မောင်ရင်ငတေ့အကြိုက်ဆုံး ကမ္ဘာကျော်
 ဟော်လန် ပန်းချီဆရာကြီး ဗန်ဂိုး နောက်ဆုံးနေ့ရက်များမှာ ဆွဲသွားခဲ့သော ပန်းချီကားတချပ်ဖြစ်တဲ့ Champ de Blé aux Corbeaux (1890) အဝါရောင် ဂျုံခင်းများ ပန်းချီကားက တွဲပါလေ့ ရှိပါတယ်၊
ပြင်သစ်ဂျုံခင်းတွေရဲ့ အရေးပါမှုကို ဗန်ဂိုးရဲ့လက်ရာမြောက်ပန်းချီကားနဲ့ ဂုဏ်ပြုထားတာ ဖြစ်မှာပါ၊

ဂျုံခင်းတွေကိုတော့ ဒီခရီးလမ်းဘေးတလျှောက်မှာ သဲသဲကွဲကွဲ မတွေ့မိပါဘူး၊ ရာသီချိန်ခါနဲ့ မတိုက် ဆိုင်သေးလို့ အပင်ပေါက်ခါစ ခပ်သေးသေးခပ်စိမ်းစိမ်း အရွယ်ပေမို့လား ရင့်မှည့်ချိန်ရိပ်သိမ်းချိန်က လိုနေသေးလို့ပေလား မသိပါဘူး၊ မှတ်တမ်းတင်ဖို့ရှာတာ ရှာမတွေ့ခဲ့ပါဘူး၊ မောင်ရင်ငတေ မျက်စေ့
ရှန်းသွားခဲ့လို့ ကျော်သွားတာလည်းဖြစ်နိုင်ပါတယ်၊ 

လယ်နဲ့ယာ ကိုင်းနဲ့ကျွန်းတွေကို သေသေချာချာ ကွဲကွဲပြားပြား မသိတဲ့ မောင်ရင်ငတေမို့ 
ဂျုံခင်းဆိုရင် အဝါရောင်သာ ထင်နေမိရလို့ မမြင်လိုက်တာ လည်း ဖြစ်နိုင်ပါတယ်တဲ့၊ မောင်ရင်ငတေ့ ကားဆရာ မိတ်ဆွေရဲ့ အားပေးချက်ပါ၊

နန်စီတို့ လီယွန်တို့သွားတဲ့ ရထားလမ်းမှာတော့ နေရာတကာလိုလို ဂျုံခင်းဝါဝါတွေကို အများအပြား တွေ့ခဲ့ မှတ်တမ်းတင်ခဲ့ဖူးပေမယ့် ဒီနေရာမှာ အဲဒီပုံတွေကို မဖော်ပြတော့ပါဘူး၊

ဂျုံခင်းတွေ ပြောင်းခင်းတွေ မုယောစပါးခင်းတွေ ပန်းနှမ်းခင်းတွေ သကြားမုန်လာခင်းတွေ စပျစ်ခင်း တွေ အားလုံးရဲ့ စိုက်ပျိုးဧကတွေက ကမ္ဘာ့အများဆုံးတွေထဲမှာ ပါဝင်နေပြီး နိုင်ငံရဲ့ တဝက်ကျော်က စိုက်ပျိုးနိုင်တဲ့
 မြေများ ဖြစ်ပါတယ်တဲ့၊ 

အဲဒါကြောင့် မောင်ရင်ငတေကတော့ ပြင်သစ်ပြည်ကို စက်မှု နိုင်ငံဆိုတာထက် စိုက်ပျိုးရေးနိုင်ငံ အဖြစ်သာ ခရီးသွားဖြစ်တိုင်း မှတ်ချက်ချဖြစ်ပါတယ်၊


အမြန်လမ်းမကြီးတွေ တည်ဆောက်တဲ့ နေရာမှာ မရှိမဖြစ် မပါမဖြစ် ထည့်သွင်း တည်ဆောက်ကြရ မှာက အပြင်းမောင်းနေတဲ့ ကားတစီး ရုတ်တရက် တခုခုဖြစ်လို့ ထိုးရပ်ရန် နေရာတွေပါ၊ အဲဒီအပြင် အရေးပေါ်ေ
ခ်ါဆိုလို့ ရတဲ့ တယ်လီဖုန်းတိုင်တွေလည်း လိုအပ်ပါတယ်၊ 

အခုခေတ် လူတိုင်းလိုလိုမှာ လက်ကိုင်ဖုန်းကိုယ်စီ ရှိနေကြတဲ့ ဒီအင်တာနက် ခေတ်ကြီးမှာတော့ အရေးပေါ် ဖုန်းခေါ်ဖို့က ခက်ခဲ လှမယ် မထင်မိတော့ပါဘူး၊
 
မောင်ရင်ငတေ သွားခဲ့ဖူးတဲ့ ခရီးလမ်းတွေက မိုင်ပေါင်း ထောင်သောင်းမကတော့ပါဘူး၊ ကုသိုလ်ကံ
ပေးနေလို့လား မသိပါဘူး၊ အရေးပေါ် ပြဿနာဖြစ်ခြင်း မတော်တဆဖြစ်ခြင်းတွေ အတော်နည်းခဲ့ပါ
တယ်၊ တခါဖူးမျှ သွေးထွက်သံယို မကြုံဖူးသေးပါဘူးလို့ ပြောရင်တောင် ရနိုင်ပါတယ်၊ 

အသေးအဖွဲ ကားဘီးပေါက်လို့ မြောင်းထဲကိုထိုးကျတာမျိုး ရထားဘီးချော်လို့ လမ်းဘေး တစောင်း 
မှာက်တာမျိုး လေယာဉ်စက်မကောင်းလို့ နောက်ပြန်လှည့် ဆင်းရတာမျိုးလောက်က လွဲလို့ပေါ့လေ၊ 

ဥရောပလမ်းတွေပေါ်က အရေးပေါ်ဖုန်း သုံးရတာနဲ့တော့ ရင်မဆိုင်ဖူးသေးလို့ ဘယ်လို သုံးရမှန်း 
မသိပါဘူး၊


ခေတ္တကားရပ်နားရန်နဲ့ အနားယူရန် နေရာတွေပါ၊ စားသောက်ဆိုင်ကြီးတွေ အပါအဝင် လမ်းခရီးမှာ အရေးပေါ် လိုအပ်တာလေးတွေ ဝယ်ယူဖို့ ကားဆီဖြည့်ဖို့ အပိုပစ္စည်းတွေ ရောင်းချတဲ့ ရပ်နားစခန်း လေး  
တွေလည်း သူ့နေရာနဲ့သူရှိဖို့ လိုအပ်ပါတယ်၊

ဆိုင်ကြီး ကဏ္ဍားကြီးတွေ မရှိပါဘဲ အေးအေးလူလူနဲ့ အပေါ့အပါးသွား ကားလေဖြည့် လေပေါင်ချိန် အိမ်က အဆင်သင့်သယ်ယူလာကြတဲ့ ထမင်းထုတ်လေးတွေ ဖြေစားကြရင်း ဘီယာလေး တငုံနှစ်ငုံ မော့ရင်း အညောင်းပြေ အညာပြေ လေကောင်း လေသန့် ရှုရှိုက်ရင်း စိတ်အမောတွေပါ ဖြေဖျောက် နိုင်ဖို့
 နေရာတွေလည်း လိုအပ်ပါတယ်၊

မူလလက်ဟောင်း ဟိုနားဒီနားသွာတဲ့ ကျေးလက် လမ်းလေးတွေမှာတော့ လမ်းဘေး သင့်တော်ရာ
နေရာမှာ ကားထိုးရပ်ပြီး နားနေဖို့ လွယ်ပေမယ့် အဝေးပြေး အမြန်လမ်းမကြီးတွေမှာတော့ ဒီလိုမျိုး
ခဏနားဖို့ နေရာလေးတွေက တမင်ဖန်တီးပေးထားရတာပါ၊


မောင်ရင်ငတေကတော့ ငါးနာရီ ခြောက်နာရီ ခရီးလောက်ဆိုရင် ကိုယ့်ရိက္ခာနဲ့ ကိုယ် သွားတတ်တဲ့
အကောင်ဖြစ်လို့ အဲဒီလိုဆိုင်ကြီးကဏ္ဍားကြီးတွေ လူရှုတ်ရှုတ် ရှုတ်ရှုတ်နေရာတွေမှာ နားတာထက်
ဘာဆိုင်မှမရှိဘဲ နားအေးပါးအေး နေရာမှာသာ ဦးစားပေးနားချင်မိပါတယ်၊ ခရီးထွက်ခိုက် နားအေး ပါးအေး နေချင်တာကတော့ မြို့ကြီးပြကြီးသားတွေရဲ့ ဆန္ဒတခု ဖြစ်မှာပါ၊

ခရီးသွားရင်း တွေ့ကြုံခဲ့ရဖူးတဲ့ မောင်ရင်ငတေ တကယ်တမ်း တမ်းတမိတဲ့ လမ်းနဘေးဆိုင်ကလေး တွေ ရှိပါတယ်၊ ဒီကနေ့ ဥရောပ ကားလမ်းနဘေးမှာတော့ မတွေ့မကြုံရနိုင်တော့ပါဘူး၊ 

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က အညာနေ ပူပူအောက်မှာ သွားခဲ့နားခဲ့ဖူးတဲ့ အညာလမ်းနဘေးက ဆိုင်ခပ်သေးသေးလေးတွေကိုပါ၊ သာမန် ထမင်းဆိုင်အကြော်ဆိုင် ကစော်ဆိုင်လေးတွေကိုပါ၊ 

သတိရမိ ဆုံးကတော့ မောင်ရင်ငတေ့ ဖားသားကြီးနဲ့ မန္တလေးသွားတဲ့ အခါတိုင်းမှာ စားခဲ့ဖူးတဲ့ မြင်းခြံလမ်းခွဲ လက်ညိုးထိုးရွာက အကြော်ဆိုင်ပါ၊ လမ်းဆုံလမ်းခွမှာ ဆိုင်ဖွင့်လာရောင်းတဲ့ သာမန်အကြော်ဆိုင်ပါ၊

ဒါပေမယ့် ဆက်ဆံရေး ကောင်းမွန်သလို အကြော်ကလည်း ကောင်း လေကောင်း လေသန့်လည်းရ
ဘာတခုမှ ပြောစရာ မလိုပါဘူး၊ ဈေးသက်သာတာနဲ့ သန့်ရှင်းမှု အားနည်းတာကိုတော့ ဒီ နေရာမှာ
မောင်ရင်ငတေ ထည့်မပြောတော့ပါဘူး၊ 

ရှေ့မှာတော့ သန့်ရှင်း သပ်ရပ် လှပနေပြီး နောက်ကွယ်မှာ ပြဿနာပေါင်းစုံနဲ့ ဥရောပရဲ့ စားသောက်ဆိုင်တွေ အကြောင်း နောက်မှပြောပါမယ်၊ 

ဒီနေရာမှာ ခရီးသွားရင်း အတိတ်ကို လွမ်းမိတာကို ပြောချင်ဇောပါ၊

နောက် တနေရာကတော့ ကျောက်ပန်းတောင်းလမ်း လက်ပံပြားရွာက ကြက်ကြော်နဲ့ ထမင်းသုပ်ပါ၊
လက်ပံပြား ကြက်ကြော်ကတော့ လူသိများပြီးသားမို့လို့ရယ် အဲဒီအချိန်က ကြက်ပေါင်တချောင်းကို
 နှစ်ယောက်ပေါင်း ဝယ်မစားနိုင်လို့ရယ် မရေးတော့ပါဘူး၊ ထမင်းသုပ် အကြောင်းကို ပြောချင်တာပါ၊

ထမင်းသုပ်မှ တကယ့်ကိုထမင်းသုပ်ပါ၊ ထမင်းကို ကြက်ကြော်ဆီမွှေးမွှေးနဲ့ ငရုတ်ဆီရောမွှေနယ်ပြီး
 မြေပဲဆံကြော်နီနီ လေးငါးဆယ်စေ့လောက် ဖြူးပေးထားတာပါ၊ အဲဒါကိုက တကယ့် အရသာစစ်ပါ၊ 

ဒီကနေ့ ယူရိုပီယမ် အဖြူကောင်တွေ ပြောနေတဲ့ နေထရယ်တွေ ဖမ်းမင်းတွေ ဘိုင်အိုတွေ ထိုင်ငိုရမယ့် သဘာဝ အရသာ စစ်စစ်တွေပါ၊ အခုပြောတာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကပါ၊


ဒါပေမယ့် ဒီခရီးနားတဲ့ အချိန်မှာကတော့ မနေ့ညကအကျန် ထမင်းကြမ်းခဲကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စတိုင်နဲ့ ဖြစ်သလို လက်ပူတိုက် ကြော်လာခဲ့တာကို ဘီယာအေးအေးနဲ့ မျှောချရင်း အားရပါးရ လက်ညိုးထိုး အကြော်ကော လက်ပံပြားကြက်ကြော်ကော မပါသော်လည်း ပါလာသမျှ ကုန်အောင် စားနိုင်ခဲ့ပါတယ်၊ 

ပြန်မရနိုင်တော့တာတွေကို မရနိုင်မှန်း သိရဲ့နဲ့ တမ်းတနေမိခြင်းထက် အတိတ်ကို လွမ်းလို့ အတိတ်အကြောင်း စားမြုံ့ပြန်ရုံ လောက်သာပါ၊ 

ဥရောပ အမြန်လမ်းမကြီးပေါ်က အတိတ်ဝေဒနာဆိုပြီး လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် အလွမ်း ဇာတ်လမ်းကလေး တပုဒ်တော့ အားပေးသူရှိရင်ရေးပြချင်မိပါသေးတယ်၊ ထုတ်ဝေသူတော့ မမျှော်တော့ပါဘူး၊ အွန်လိုင်းပေါ်မှာ ရေးချင်တာလေးပါ၊ 
              

ခေတ္တနား ထမင်ကြမ်းခဲလေး စားအပြီး ပြန်အထွက်မှာတော့ အဲဒီ လူတအုပ်ကို တွေ့လိုက်ရပါတယ်၊
ဆိုင်ကယ်ကြီးတွေနဲ့ပါ၊ ဂျက်ကက်ကြီးတွေနဲ့ ဦးထုပ်ချွတ်သူချွတ် နေကြတော့ အခုမှနားကြမယ့်ပုံပါ၊

များသောအားဖြင့် သူတို့တတွေက ဆိုင်ကယ်ကိုယ်စီနဲ့ အပျော်ခရီးထွက်ကြတဲ့ တောဂေါ်လီတွေပါ၊

ဥရောပလမ်းမကြီးတွေပေါ်မှာ ဆိုင်ကယ်ဇိမ်ခံစီးသူတွေကို တွေ့ရလေ့ ရှိပါတယ်၊ များသောအားဖြင့် လူငယ်လူရွယ်တွေထက် ငါးဆယ်ကျော် ခြောက်ဆယ် အရွယ်တွေက ပိုလို့ များပါတယ်၊ 
ဆိုင်ကယ်ကြီးတွေ တချို့လည်း နောက်တွဲတွေနဲ့ တောလည်ထွက်ကြတာ များပါတယ်၊ တယောက်ချင်းထက် လေးငါးခြောက်ယောက် စုဖွဲ့ပြီး စီးကြတာမျိုးပါ၊ 

မိန်းမကြီးတွေလည်း ပါပါတယ်၊ ဆိုင်ကယ်စီးဦးထုပ် ကြီးတွေ ဆောင်းထားပြီး သားရေဘောင်းဘီတွေ ဂျာကင်တွေ ဂျင်းဘောင်းဘီထူထူထဲထဲတွေနဲ့မို့လို့ ရုတ်တရက်ကြည့်လိုက်ရင် ခပ်ငယ်ငယ် လူငယ်တွေ 
အလားပါ၊ သူတို့တွေဟာ အသက်ကြီးပေမယ့် မပျက်စီးကြသေးတဲ့ သန်သန်စွမ်းစွမ်း ဖိုးကြီးအို ဖွားကြီးအိုပေါက်စ အရွယ်တွေပါ၊ 


ဟိုး တခါတုန်းက ဂျာမဏီက လမ်းဘေး တနေရာမှာ မောင်ရင်ငတေနဲ့ ဆုံတွေ့ခဲ့ဖူးတဲ့ ဆိုင်ကယ်စီး ဘွားတော်ကြီးကို ကြုံလို့ စကားတခွန်းနှစ်ခွန်း မေးခဲ့ဖူးပါတယ်၊ 

သူမအသက် ဆယ့်ငါးနှစ်ကျော်စထဲက ဒီလိုဆိုင်ကယ် ကြီးတွေ စီးခဲ့ကြောင်း အခု အသက်ခြောက်ဆယ်
 တော်တော်ကျော်ခဲ့ပြီ ဖြစ်ကြောင်း လယ်တောမှာမွေး လယ်တောမှာ ကြီးပျင်းခဲ့သူတဦးဖြစ်ကြောင်း 
အခုသူ့မြေးမလေးတောင်မှ ကျောင်းပိတ်ထားလို့ သူမနဲ့အတူ ဒီ အုပ်စုထဲမှာ ပါဝင်လာခဲ့ကြောင်းပါ၊ 

မောင်ရင်ငတေ မမေးမိလိုက်တဲ့ မေးခွန်းကတော့ “အဖွား ဘုရားကျောင်းလေးဘာလေး မသွားဘူးလား” လို့ပါ ခင်ဗျား၊


အဲဒီလို ဆိုင်ကယ်သမား ဖိုးကြီးအိုဖွားကြီးအိုတွေတွေ့မိတော့ ကျောက်ပန်းတောင်သား သူငယ်ချင်း
ဟောင်းများကိုလည်း လွမ်းမိပါတယ်၊ မောင်ရင်ငတေ့ သူငယ်ချင်း ကျောက်ပန်းတောင်းသားများက
သူ့ခေတ် သူ့အခါက ဆိုင်ကယ်သူရဲများ ဖြစ်ချင်သူတွေ များပါတယ်၊ မြင်းခြံသား ညောင်ဦးသားများ မလှိုင် တောင်သာ ဆီမီးကန် ဝမ်းတွင်းသားများလည်း ပါပါတယ်၊

မန်ကျည်းပေါ်ချိန် ထန်းလျက်ပေါ်ချိန်မှာ ငွေရွှင်ကြသူတွေရဲ့ သားကောင်း ရတနာများ ဖြစ်ကြတာမို့ ရသမျှ ဘတ်ငွေတွေနဲ့ မြို့တက်  ဆိုင်ကယ် ဝယ်စီးကြသူတွေက မောင်ရင်ငတေ့ သူငယ်ချင်း ဖြစ်ခဲ့ ဖူးပါတယ်၊ ဒါပေမယ့် အဲဒီလို ဆိုင်ကယ်မျိုးကြီးတွေကို စိတ်ကူးယဉ်ရုံသာ ယဉ်နိုင်တဲ့သူတွေ များတဲ့ ခေတ်သာပါ၊ 

စိတ်ကူးယဉ်ရင်း ဆူပါကပ် ဖွတ်ချက်ဖွတ်ချက်လေးတွေနဲ့ လမ်းသလားကြရသူတွေပါ၊ အဲဒီတုန်းက ကွမ်းကလေးဝါးရင်း သူများဆိုင်ကယ်နောက်ကကပ်လိုက်စီးရင်း ကျောက်ပန်းတောင်း တောင်ဇင်း ပုပ္ပား တခွင် သွားခဲ့လာခဲ့ဖူးတာတွေကို အမှတ်ရမိရင်း ထည့်ရေးမိလိုက်တာပါ၊

အဲဒီ သူငယ်ချင်းများနဲ့ အဆက်အသွယ် မရှိတာတော့ ကြာခဲ့ပါပြီ၊ လောကကြီးမှာ မရှိသူတွေလည်း မရှိကြတော့ပါဘူး၊ နေကောင်းကျန်းမာသူများကတော့ ပါဝါမျက်မှန်လေးတွေ ကိုယ်စီနဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာသစ်တွေကို စမ်းတဝါးဝါး ပွတ်နေကြမလား မသိပါဘူး၊ မောင်ရင်ငတေ့ကို မှတ်မိသောသူ
ရှိခဲ့ပါက အကြောင်းကြား ဆက်သွယ်ကြပါဦးလို့ ပြောချင်ပါတယ်၊


အဲသလိုနဲ့ ဗိုက်လေးလေးနဲ့ ဆက်လက်မောင်းနှင်လာလိုက်ကြတာ မကြာခင်မှာဘဲ ခရီးတဝက်နီးပါး
ပြောရမယ့် ပြင်သစ်နယ်စပ်အနီး ရောက်လာပါပြီ၊ Autoroute A4 ဆိုပေမယ့်လို့ ဥရောပအမြန်လမ်း အရဆိုရင် E50 ကနေ E25 သို့ ချိုးကွေ့ ဝင်ခဲ့ပါပြီ၊ 

Route Européenne E25 က နယ်သာလန်နိုင်ငံ မြောက်ပင်လယ်ကမ်းခြေ Hoek van Holland ကနေ 
အီတလီရဲ့ မြေထဲပင်လယ်ကမ်းခြေ Genova မြို့ကို ဖြတ်သန်းရောက်ရှိ သွားတာကြောင့် ဥရောပ တိုက် မြောက်မှ တောင်သို့ ကန့်လန့်ဖြတ်ကြီးပါ၊ အဲဒါကြောင့် ဥရောပ အမြန်လမ်း E50 နဲ့ဆိုရင် ကြက်ခြေခတ်သဖွယ်ပါ၊

မောင်ရင်ငတေတို့ သွားမယ့်လမ်း E25 လမ်းဆုံပေါ်က Metz မြို့ ကနေ ကီလိုမီတာ တရာ့ ငါးဆယ်
 လောက် ဆက်မောင်းသွားရင် စထရပ်ဘူးရ် မြို့ကို ရောက်ပါပြီ၊ 

ဗိုက်လေးလေးနဲ့ တချက် ငိုက်သွား မိတာ သီချင်းသံက ခပ်ကျယ်ကျယ်ပေါ်လာလို့ မျက်လုံးပြန်ကျယ် လာပါတယ်၊ 

Metz မြို့က မြောက်ဘက်ကို တက်မယ်ဆိုရင်တော့ လူဇမ်ဘူးဆိုတဲ့ အေးချမ်းတိတ်ဆိတ် သာယာ လှပါပေသော သူဋ္ဌေး တိုင်းပြည်လေးကို ရောက်ပါတယ်၊ 

အရှေ့ဘက်တည့်တည့်ကတော့ ဂျာမဏီ ဖရန့်ဖွတ် မြို့ဆီသို့ပါ၊


နယ်စပ်ဒေသ ရောက်လာလို့ ထုံးစံအတိုင်း တောတွေတောင်တွေက ပိုထူထပ်လာပါတယ်၊ စိုက်ခင်း ပြင်ကျယ်တွေထက် အပင်တွေ ပိုအတွေ့များလာပါတယ်၊ 

ဒါပေမယ့် ဥရောပအနောက်ခြမ်းရဲ့ တော ဆိုတာက မြွေတွေ ဆင်တွေ ကျားတွေ ခြင်္သေ့တွေ ခိုအောင်းရာ
 တောမဟုတ်တာ ကြာခဲ့ပြီဆိုတော့ ခပ်လတ်လတ် အပင်တွေသာ များပါတယ်၊ 

လူတွေ စနစ်တကျ ပြန်လည်စိုက်ပျိုးထားတဲ့ တောအုပ် ပုံစံတွေသာ အတွေ့ရများပါတယ်၊ သဘာဝဆန်တဲ့ လူလုပ်တောတွေ များပါတယ်၊ 

ဒီ နယ်မြေက ဂျာမဏီရဲ့ နာမည်ကျော် Schwarzwald ခေါ် Black Forest အနက်ရောင် သစ်တော
နယ်မြေရဲ့ မြောက်ဘက်စွန်း ဒေသပါ၊ 

အနက်ရောင် သစ်တောရဲ့ အမြင့်ဆုံးသောအပိုင်း တည်ရှိရာ Feldberg တောင်တန်းကတော့ အသွားလမ်းကော အပြန်လမ်းနဲ့ပါ လမ်းကြော မသင့်တာမို့လို့ မြင် တွေ့နိုင်မယ့် နေရာလောက်ကနေ လမ်းရွေးပြီး အပြန်မှာ လှည့်ဝင်မယ် စဉ်းစား မှတ်ထားခဲ့ပါတယ်၊


Eurolines နဲ့ အခုနောက်ပေါ် Flixbus တို့လို လိုင်းပြေးတဲ့ ဘတ်စ်ကားကြီးတွေကတော့ ခရီးသည် အတင်အချပေါ်မှာ မူတည်ပြီးတော့ ဝင်ရောက် ရပ်နားတဲ့မြို့တွေ ကွာပါတယ်၊ 

အများအားဖြင့်တော့ Saarbrücken, Kaiserslautern, Mannheim မြို့လမ်းကြောင်းဘက်က
 သော်လည်းကောင်း သို့မဟုတ် Karlsruhe လမ်းကနေ သော်လည်းကောင်း ဂျာမဏီ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းသို့ သွားကြ တာများပါတယ်၊ 

Strasbourg-Kehl လမ်းကြောင်းကတော့ လိုင်းကားတွေ သိပ်မသုံးကြတဲ့လမ်းပါ၊ မောင်ရင်ငတေ တို့ကတော့ အပြန်မှာမှ လမ်းသင့်တာမို့ အဲဒီလမ်းက အသွားကို မသွားဖြစ်ခဲ့ပါဘူး၊


စထရပ်ဘူးရ်မြို့ကို အပြန်မှဝင်တော့မယ် စိတ်ကူးကြပြီး အမြန်လမ်းမ A4 မှတဆင့် A35 လမ်းမကို ဝင်ပြီး ဂျာမဏီရဲ့ Baden-Baden မြို့နားကနေ ပြင်သစ်ဂျာမန် နယ်နမိတ်စည်း ရိုင်းမြစ်ကို ဖြတ်ကူး ပါတယ်၊ 

ဇက်တွေဘာတွေနဲ့တော့ မဟုတ်ပါဘူး၊ သာမန်တံတားတခု သာသာကနေ ကူးတာပါ၊ ဘာ တခုမှ အတားအစီး မရှိပါတဲ့ ဝါးတားဂိတ်တွေ မရှိပါတဲ့ နယ်စပ်ဖြတ်ကျော်မှု တခုပါ၊ 

မောင်ရင်ငတေ အရမ်းသဘောကျမိပါတယ်၊ လူသားတယောက်ရဲ့ ရှေးရိုးရာ လွတ်လပ်စွာနဲ့ သွားလာခွင့်မျိုးကို ရရှိ တာမို့လို့ သဘောကျမိရခြင်းပါ၊ ဒါမျိုးအခွင့်အရေးတွေကို အမိအရ အသုံးချသူတွေလည်း ရှိကြမှာပါ၊ 

ဘယ်တတ်နိုင်ပါ့မလဲလေ၊ အများခံတော့ ကိုယ်ပါခံကြပေါ့ နော့၊ အဲဒီ ကြယ်ဝါတွေနဲ့ အပြာရောင် ယူရိုပီယမ် ယူနီယံ အလံဆိုင်းဘုတ်ကျော်ဖြတ်ပြီးတာနဲ့ ဂျာမဏီကို ရောက်ပါပြီ၊


ရောက်ပါပြီ၊ ရောက်ခဲ့ပါပြီ၊ ရောက်ချင်ခဲ့တဲ့ရိုင်းမြစ် နှစ်နိုင်ငံနယ်စပ်ကို ရောက်ခဲ့ပါပြီ၊ 

ရိုင်းမြစ်ကိုခွပြီး ဆောက်ထားတဲ့ တံတားပေါ်ကနေ ဟိုဘက်ဒီဘက် နယ်ခြားစည်းကို လွတ်လပ်စွာ ဖီလင် အပြည့်နဲ့ နှစ်ခေါက်သုံးခေါက်လောက်လျှောက် နောက်တော့ညောင်းလာရင် လူသူကင်းရှင်းတဲ့ ကမ်းနားလမ်း အတိုင်း ခပ်ဖြေးဖြေး ဆက်လျှောက်ရင်း ထိုင်လို့ကောင်းမယ့် နေရာကိုရှာပြီး ခဏတဖြုတ်ထိုင် အဲဒီ လို နယ်စပ်မျဉ်းတွေမှာ တခဏတာလေးဖြစ်ဖြစ် စိတ်ကြိုက် လွတ်လပ်စွာ လမ်းလျှောက်ချင်မိရတာ ကိုက မောင်ရင်ငတေရဲ့ ရင်တွင်းဖြစ် ရောဂါတခုလို အမြစ်တွယ်နေတာက ကြာခဲ့ပါပြီ၊ 

တခါတလေ အခုလို ကြုံတွေ့ခဲ့ရရင်တော့ မမေ့နိုင်စရာတွေထဲက တခု ဖြစ်ခဲ့ရ ပြန်ပြီပေါ့လေ၊ အဲဒီလို ဆုံချက်ပွိုင့် နှစ်နိုင်ငံ သုံးနိုင်ငံ ဆက်စပ်နေတဲ့ နေရာတွေကို လွတ်လပ်စွာ သွားပိုင်ခွင့်ရှိတာလည်း ဥရောပထဲမှာ အရှေ့ဥရောပ နယ်မြေမှာတော့ မရရှိနိုင်ပါဘူး၊ အနောက်ဥရောပ နယ်မြေ တချို့တွေမှာသာ ရရှိနိုင် တော့တဲ့ အခွင့်အရေးပါ၊ 

မြောက်ပိုင်းဥရောပ စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာတောင် ဟိုတလောက နယ်စပ်ဂိတ်တွေမှာ အလုပ်သွားအလုပ်ပြန် ဒေသခံတွေကိုတောင် အရင်လို လွတ်လပ်စွာ သွားလာ ခွင့် မပေးဘဲ စာရွက်စာတမ်းတွေ စစ်နေလို့ မကျေနပ်ကြတဲ့ သတင်းတွေ ဖတ်လိုက်ရပါသေးတယ်၊

လိုင်းဘတ်စ်ကားတွေနဲ့သွားရင် ပြင်သစ် ဘယ်လ်ဂျီယမ် ဂျာမဏီ စပိန် အီတလီတို့မှာ စစ်ဆေးတာ တွေ သိပ်မရှိလှပေမယ့် နယ်သာလန်သို့ အဝင်မှာတော့ အရင်ကထက်စာရင် ရှောင်တခင် ကားပေါ် တက်ပြီး ခရီးသွားစာအုပ်စစ်တာမျိုး ပိုများလာပါတယ်၊ 

ဒါပေမယ့်လည်းဘယ်လိုပင်စစ်စစ်ပါ၊ ခုန်ချဖို့ ကြိုတင်ကြံစည်လာသူတယောက် အတွက်ကတော့ စစ်လေဆေးလေ ပိုကြိုက်လေပါ၊ ပြန်အပို့ခံရဖို့ ရာခိုင်နှုန်းက အတော်ကို နည်းပါးလှတာကိုး၊ ကိုယ့်အိပ် ထဲမှာတော့ ပြစရာအထောက်အထား ဘာမှ ဘာတခုမှကိုမပါဖို့ လိုတာပေါ့နော်၊ 

အဲဒီလိုနဲ့ ဥရောပမှာ မောင်ရင်တေတို့လိုကောင်တွေများလှပါပြီ၊


ရိုင်းမြစ်က ပြင်သစ်နဲ့ ဂျာမဏီကို နှစ်ပိုင်းပိုင်းခြားထာတဲ့ သဘာဝနယ်စပ်စည်းပါ၊ မြစ်ကမ်းနဘေးမှာ အချိန်ရသခိုက်လေး တခဏထိုင်ရင်း မြစ်ခလယ် ပြင်သစ်ပိုင် ကြက်လျှာစွန်း ကျွန်းထိပ်လေးကိုငေး အတွေးပွားမိတာကိုရပ်ရင်း ရှေ့ခရီးဆက်ဖို့ပြင်ရပါတယ်၊ 

ဒီလိုနေရာမျိုးမှာ ခပ်ကြာကြာလေး အချိန်ပေးလို့ နေချင်ပေမယ့်လည်း သူများကား ကပ်လိုက်လာတဲ့ 
 မောင်ရင်ငတေအတွက် အခွင့်အရေးက ဒီမျှလောက်သာပါ၊ နောက်တခေါက်ဆိုတာကလည်း ဘယ်တော့ရယ် မသိနိုင်ပါ၊ 

နောက်တနေရာ ဆိုတာသာ ဖြစ်နိုင်ဖို့ ပိုများပါတယ်၊  ဥရောပဆိုတာက သွားမယ်ဆိုရင် သွားချင်စရာက အများသား မဟုတ်လား၊ 

မောင်ရင်ငတေရဲ့ ခဏခရီးတိုလေးတွေက သံသရာခရီးရှည်ကြီး မထွက်ရသေးခင်ထိ အသစ်တွေကို ရင်ခုန်ရင်း အတိတ်ဆိုတာကို ပြန်လွမ်းမိရင်း . . . . ….. .. …… …..  ပြန်လွမ်းမိရင်း၊
. . . . ... . .. .. .. .... . . .. .... ... .. . ...... .. . .... ....... 

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ခြောက်လပိုင်းက သွားခဲ့တဲ့ ** ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် *** Paris Strasbourg Augsburg München * ခရီးမှတ်တမ်းပုံရိပ်များ ** ပေရှည်သွားလို့ အပိုင်း (၁) အဖြစ် ဒီနေရာမှာ အဆုံးသတ်လိုက်ပါတယ်၊

အသွားအပြန် ကီလိုမီတာ တထောင့်ရှစ်ရာ ခရီးရဲ့ လေးပုံတပုံသာ ရှိပါသေးတယ်၊ အပိုင်း (၂) အဖြစ် ဂျာမဏီမြေ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် ဟိုင်းဝေးလမ်းဘက်က အကြောင်းတွေကို ဝါသနာအရ မှတ်တမ်းတင်ထားတာတွေနဲ့ တွဲပြီး တတ်နိုင်သမျှ ရေးပါဦးမည်၊

မောင်ရင်ငတေ ၂၅၀၂၂၀၁၆ 

** ပါရီ စထရပ်ဘူးရ် အောက်စ်ဘုခ် မြူန်ရှန် (၁) * ** * ခရီးမှတ်တမ်းပုံရိပ်များ ** *
Paris Strasbourg Augsburg München (၂၀၁၄ ခုနှစ် ခြောက်လပိုင်း) 
(ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ) မောင်ရင်ငတေ ၂၅၀၂၂၀၁၆