Libellés

samedi 23 janvier 2016

** ပါရီ အီဖယ် လေဘာတီ ** *



ပါရီပုံရိပ်များ
ပါရီ အီဖယ် လေဘာတီ

La Tour Eiffel (1889)                                     (ဓါတ်ပုံ မရငတ)
အကယ်၍ သင်သည် ပါရီဆိုသော မြို့တော်ကြီးသို့ အလည် တခေါက် ရောက်လာခဲ့ပါပြီ ဆိုကြပါစို့၊ ဘာလုပ်ရမည်နည်း၊ သိပ်မစဉ်းစားပါနဲ့၊ ဆက်ဖတ်ကြည့်ပါက သင်သိလိုရာ အနည်းငယ်မျှ သိလာပါ လိမ့်မယ်၊ ခရီးသွား လမ်းညွှန် ဆိုတာအပြင် အခြေခံ သမိုင်း အချက်အလက်လေးတွေပါ သိရမှာပါ၊

ဒီစာစုမှာတော့ ပါရီမြို့လမ်းညွှန် ဆိုတာထက် ခေါင်းစဉ်တပ်ထားတဲ့ ** ပါရီ အီဖယ် လေဘာတီ ** ဆိုတဲ့အတိုင်း အီဖယ်ရဲ့ အကြောင်းတွေနဲ့ သူနဲ့ ပတ်သက်ရာ လေဘာတီ အကြောင်းကို   
ရှေးဦးမဆွ မောင်ရင်ငတေ ရေးချင်ပါတယ်၊  နောက် စာစုတွေမှာတော့ ပါရီမှာ ဘာတွေရှိတယ်ဆိုတာ ရေးမှာပါ၊

ပါရီမြို့ကြီးကို နားနားနေနေအနေနဲ့ လျှောက်လည်မယ် ဆိုရင်တော့ အနည်းဆုံး သုံးရက်ခန့် အချိန် ပေးရမှာ ဖြစ်ပါတယ်၊  

အကယ်၍သာ ပါရီမြို့ကို လည်ပတ်ဖို့တရက်တည်းသာ အချိန် ပေးနိုင်သူတွေ အတွက်ကတော့ မြန်မြန်ဆန်ဆန် အစီအစဉ်အနေနဲ့  အဓိက အရေးပါတဲ့ Tour Eiffel အီဖယ်တာဝါ   
Avenue des Champs-Élysées ရှောင်ဇေလီဇေ လမ်းမနဲ့ Arc de Triomphe အောင်မြင်ရေးမုခ်ဦး နောက် Musée du Louvre လုဗ်ရ်နန်းတော်ပြတိုက် Hôtel de Ville de Paris ပါရီမြို့တော်ခန်းမနဲ့ Cathédrale Notre-Dame de Paris နော့ထ်ရ်ဒမ်ဘုရားကျောင်းကြီး တို့ပါ၊  

အပင်ပန်းခံ၍ မာရသွန် လျှောက်နိုင်သူများ ဖြစ်ကြသည်ဆိုပါက Basilique du Sacré-Cœur de Montmartre တောင်ပေါ် ဘုရားကျောင်းစတဲ့ ပါရီမြို့ရဲ့ အဓိကအကျဆုံး အထင်ရှားဆုံး နေရာများကို 
ရောက်ရှိလို့  လည်ပတ် နိုင်မှာ ဖြစ်ပါတယ်၊ တနေရာကို ပျမ်းမျှခြင်း နှစ်နာရီနှုန်းနဲ့ နားချိန် နှစ်နာရီ ပေါင်းလိုက်ရင် စုစုပေါင်း ၁၂ နာရီခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်၊

ဒီနေရာတွေကို ရောက်ပြီးရင် ပါရီ ရောက်ပြီ ဆိုနိုင်ပါတယ်၊ အီဖယ်မျှော်စင်ပေါ်သို့ တက်ဖို့အချိန်မရှိပါဘူး၊ အကယ်၍ တက်ချင်ပါက အချိန်သုံးနာရီခန့် ပေးရမှာ ဖြစ်ပါတယ်ထို့အတူ ဗီးနပ်စ်ရုပ်တုနဲ့ မိုနာလီဇာ ပန်းချီကားရှိတဲ့ လုဗ်ရ်ပြတိုက်ထဲသို့ ဝင်ကြည့်လိုပါ ကလည်း အချိန်သုံးနာရီခန့် အနည်းဆုံးပေးရမှာပါ၊ ဒါဆိုရင် အထက်ဖော်ပြပါ နေရာများကို အပြည့် ရောက်ဖို့ မလွယ်တော့ပါဘူး၊ 

ပါရီမှာ အနည်းဆုံး သုံးရက်မျှလောက် အချိန်ရရင်တော့ ပထမရက်မှာ () အီဖယ်မျှော်စင်အပေါ်တက်မယ်() ရှောင်ဇေလီဇေလမ်းမကြီးနဲ့ အောင်မြင်ရေးမုဒ်ဦးသွားမယ်၊

ဒုတိယရက်မှာ () လုဗ်ရ်နန်းတော် ပြတိုက်ထဲဝင် မိုနာလီဇာပန်းချီကားနဲ့ ဗီးနပ်စ်ရုပ်တု ကြည့်မယ်၊ () မြို့တော်ခန်းမနဲ့ နော့ထ်ဒမ်ဘုရားကျောင်းကနေ စဲန်းမြစ်ကမ်း လမ်းလျှောက်လေညှင်းခံပါမယ်၊

အဲဒီနေရာမှာ တောင်ပေါ်ဘုရားကျောင်းကိုတော့ ပထမရက်နဲ့ ဒုတိယရက် ညနေပိုင်း အချိန်ရရင်ရ သလို သွားနိုင်ပါတယ်၊ တောင်ပေါ်ဘုရားကျောင်း တည်ရှိရာ Montmartre တောင်ကုန်း တဝိုက်က ပန်းချီ စာပေ အနုပညာ သမိုင်း ခံစားတတ်သူများ အတွက်ကတော့ သွားစရာတွေ ပေါများ လှပါတဲ့ နေရာတခုပါ၊

တတိယရက်မှာ () ပါရီမြို့ပြင်ရှိ Château de Versailles ဗားဆိုင်းနန်းတော်ပြတိုက် () Seine စဲန်းမြစ်အတွင်း သင်္ဘော တနာရီစီး သို့မဟုတ် နပိုလီယံ စစ်သမိုင်းပြတိုက် မြက်ခင်းပြင် ကျယ်ကြီးတလျှောက် ဇိမ်ခံလမ်းလျှောက် နိုင်ပါတယ်၊ ပြတိုက်တွေ ဝင်ကြည့်မယ် အီဖယ်တာဝါပေါ် တက်မယ် သင်္ဘောစီးမယ်ဆိုရင်တော့ ယူရိုငွေ ၁၀ နဲ့ ၁၅ ယူရိုကြား ပေးဝင်ရမှာ ဖြစ်ပါတယ်၊  

လုဗ်ရ် နန်းတော်ပြတိုက်အပါအဝင် ပြတိုက်တော်တော်များများက ပထမဦးဆုံးသော တနင်္ဂနွေနဲ့ ကြုံကြိုက် ခဲ့ရင်တော့ ဝင်ကြေးငွေ မပေးရပါဘဲ ဝင်ရောက်ကြည့်ရှုခွင့် ရနိုင်မှာဖြစ်ပြီး ဝင်လိုသူတွေ များပြားနိုင် သလို တန်းစီဝင်ရမယ့်အချိန် ပိုပြီးတော့ပေးရမှာပါ၊  

ပါရီမြို့တော်မှာ ဘာလုပ်ချင်လုပ်ချင် အမြဲလိုလို တန်းစီနေကြတာကို တွေ့မြင်ရမှာပါ၊ ရုံးတွေမှာတန်းစီ ဘူတာရုံမှာတန်းစီ စားသောက်ဆိုင်မှာတန်းစီ ဈေးဝယ်ရင်တန်းစီ ရုပ်ရှင်ရုံမှာတန်းစီ နောက်ဆုံး အိမ်သာဝင်ရန်လည်း တန်းစီ ရပါတယ်၊ 

အဲဒါတွေ ကြောင့်လည်း ပြင်သစ်လူမျိုးစစ်စစ်တွေ စိတ်ရှည်သည်းခံနိုင်လာကြတာ ဖြစ်ပါလိမ့်မယ်၊ သို့မဟုတ် စီးကရက်လေးဖွာပြီး စကားတွေပြောရင်း စိတ်တိုဖို့ကို မေ့ထားလိုက်တာ ဖစ်ကောင်း
ဖြစ်ပါလိမ့်မယ်၊ မသိချင်ယောင်ဆောင်ကျော်ခွ နေရာဝင်လုတဲ့ ခေတ်သစ်ပြင်သစ်တွေလည်း ရှိတော့ရှိတာပေါ့ဗျာ၊

မောင်ရင်ငတေ ဒီနေရာမှာ အဓိကရေးချင်တာက ပါရီရဲ့ အီဖယ်နဲ့ ပါရီမြို့သူ လေဘာတီအကြောင်း ပါ၊ အီဖယ်မျှော်စင် တည်ဆောက်ခဲ့သူ ဆိုတာအပြင် လေဘာတီရုပ်တု တည်ဆောက်ခြင်းသမိုင်းမှာ လည်း အဓိကနေရာက ပါဝင်ခဲ့သူ Alexandre Gustave Eiffel (၁၈၃၂-၁၉၂၃) ရဲ့ အကြောင်းပါ၊

အီဖယ်မျှော်စင်ကို တည်ဆောက်ခဲ့တဲ့ မွန်ဆီယာ အီဖယ်ကို ပြင်သစ်ပြည် Dijon မြို့မှာ မွေးဖွားခဲ့ပြီး အသက် ၉၁ နှစ်အရွယ် ပါရီမြို့တော်မှာ ကွယ်လွန်ခဲ့ပါတယ်၊   

အီဖယ်ရဲ့ ဂျာမန်လူမျိုးမိဘနှစ်ပါးဟာ ဂျာမဏီ ဘယ်လ်ဂျီယံ လူဇမ်ဘူး နယ်စပ်မှာရှိတဲ့ EIFEL Low Mountain Range ဒေသမှာ မွေးဖွား ကြီးပြင်း နေထိုင်ခဲ့ကြသူများ ဖြစ်ကြပြီး ၁၈၀၀ ပြည့်နှစ် ကျော်ကျော်လောက်မှာမှ ပြင်သစ်မြေထဲကို ရွေ့ပြောင်းအခြေစိုက် နေထိုင်ခဲ့ကြတာ
 ဖြစ်ပါတယ်၊ 

သူတို့ရဲ့ မျိုးရိုးနာမည်ကိုလည်း သူတို့ မွေးရပ် ဒေသကို အစွဲပြုပြီးတော့ EIFFEL လို့ ခေါ်တွင် စေခဲ့တာ ဖြစ်ပါတယ်၊

မာင်ရင်ငတေတို့ တိုင်းပြည် မှာတော့ ကလောင် အမည်နောက်က ကွင်းစကွင်းပိတ်နဲ့ မန္တလေးတို့ ပုတီးကုန်းတို့ အင်းဝတို့ ဆိုပြီး မွေးဖွားခဲ့ရာ နေထိုင်ခဲ့ရာ ဒေသ နယ်မြေတွေကို အမြတ်တနိုး ထည့်သုံးရင်း အမည်တူ ပြဿနာကို  ဖြေရှင်းကြတဲ့ သဘောမျိုးသာပါ၊ သူတို့ကတော့ မျိုးရိုးအမည် အဖြစ် အသုံးပြုတာပေါ့လေ၊

Alexandre Gustave Eiffel မွန်ဆီယာ အီဖယ်  (၁၈၃၂-၁၉၂၃)        (PhotoShop MYNT)

Landkreis VulkanEIFEL (Low Mountain Range,Western Germany)      (Photo Google)
ပြင်သစ်နယ်မြေထဲကို သူကောင်းဖြစ်ချင်လို့ တရွာသို့ ပြောင်းလာတဲ့ အီဖယ်တောင်တန်းဒေသသား မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ မောင်ရင်လေးအီဖယ်ဟာ နာမည်ကျော်ကြား လူသိများလွန်း လှတဲ့ မျှော်စင်ကြီးတခုကိုတည်ဆောက်ပြီး မျှော်စင်ကို သူ့တို့ရဲ့ မျိုးရိုးအမည်ပးလိုက်တဲ့ နောက်မှာတော့ မူလလက်ဟောင်း တောင်တန်း အီဖယ်ကနေ လူ အီဖယ် ဖြစ်ခဲ့ရာက မှတဆင့် နောက်ဆုံးမှာတော့
မျှာ်စင်အီဖယ် အဖြစ်နဲ့ ကမ္ဘာ့ပေါ်မှာ လူသိအများဆုံး အကျော်ကြားဆုံး အထင်ရှားဆုံး အမည်တခု ဖြစ်လာပါတော့တယ်၊ ပြင်သစ်ဆိုတာနဲ့ အီဖယ်အမည်က နပိုလီယံထက်တောင် ပိုသိကြပါတယ်တဲ့၊
အီဖယ်ဟာ Baccalauréats ခေါ် ပြင်သစ်အထက်တန်း အောင်ခဲ့စဉ်အခါက École Polytechnique ကျောင်းကိုတက်ဖို့ အဆင့်မမှီဟု သတ်မှတ်ခံခဲ့ရလို့ ဒုတိယအဆင့်သာရှိပါတဲ့ École Centrale des Arts et Manufactures ကျောင်းကိုသာ တက်ရောက်ပညာသင်ခွင့် ရခဲ့သူ တယောက်ပါ၊

ဒါပေမယ့် သူဟာ သံမဏိခေတ်မှာ သံမဏိနိုင်နင်းတဲ့ အင်ဂျင်နီယာတဦးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်၊ သံမဏိဂုံးတံတားတွေ သံထည်အဆောက်အဦးတွေ တည်ဆောက်တဲ့ မြို့ပြအင်ဂျင်နီယာ ပညာက မွန်ဆီယာအီဖယ်ရဲ့ မူရင်းအလုပ်ပညာလို့ ပြောနိုင်ပါတယ်၊  

ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့က မီးရထား ဘူတာရုံကြီးရယ် ပြင်သစ်ပြည်တောင်ပိုင်း ဘော်ဒိုးမြို့က La Passerelle Eiffel တံတား အပါအဝင် အခြား နိုင်ငံတွေ တော်တော်များများ အထူးသဖြင့်တော့ တောင်အမေရိကတိုက်က တံတားကြီးများ အဆောက်အဦးကြီးများ အများအပြားကိုလည်း ဦးဆောင်ပါဝင် တည်ဆောက်ခဲ့ ပါတယ်၊  

အီဖယ်ရဲ့ အထင်ပေါ် အကျော်ကြားဆုံး လက်ရာများကတော့ ပြင်သစ်တောင်ပိုင်း သံမဏိမီးရထား ဂုံးတံတား  ဖစ်တဲ့ Garabit Viaduct တံတား (၁၈၈၅) နယူးယောက် မြို့တော်က Statue of Liberty (၁၈၈၆) ပါရီမြို့တော်က Tour Eiffel (၁၈၈၉)  တို့အပြင် ပေါ်တူဂီနိုင်ငံပေါ်တိုမြို့က  Rio Douro ဒူရိုမြစ်ကူး သံမဏိခေတ်ဦးမှ Ponte de D. Maria Pia အမည်ရ တံတားကြီး ဖြစ်ပါတယ်၊ 

မောင်ရင်ငတေတို့ရဲ့ အာရှ အာဆီယံမြေမှာတော့ အီဖယ် လက်စွမ်းပြတည်ဆောက်ခဲ့တဲ့ တံတားတွေကို ဗီယက်နမ်ပြည်မှာ တွေ့မြင်နိုင်ပါတယ်၊ ဗီယက်နမ်ရဲ့ ရှေးမြို့ဟောင်းတမြို့ဖြစ်တဲ့ Hué မြို့ဟောင်းက Pont Trang Tien တံတားနဲ့ ဒီကနေ့ ဗီယက်နမ်တွေရဲ့မြို့တော် တခါတုန်းက မြောက်ဗီယက်နမ်တွေရဲ့မြို့တော် Hà Nội မှာ ရှိတဲ့ Pont Long Biên တံတားတွေပါ၊ 

၁၉၀၀ ခုနှစ် ဝန်းကျင်က တည်ဆောက်ခဲ့တာပါ၊ တောင်ဗီယက်နမ်တွေရဲ့ Hô-Chi-Minh-Ville ဆိုင်ဂုံမြို့တော်ဟောင်းမှာတော့ Poste Centrale de Saïgon စာတိုက်ကြီး အတွင်းသံထည် လက်ရာများကို မွန်ဆီယာအီဖယ် ပါဝင်ပြုလုပ်ခွင့် ရခဲ့တာပါ၊ Indochine Française ခေတ် ၁၈၉၁ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ဒီကနေ့မှာတော့ သမိုင်းဝင်ခဲ့ပါပြီ၊

Ponte de D. Maria Pia, Porto, Portugal (1877)                          (ဓါတ်ပုံ မရငတ)
အဲဒီ Ponte de D. Maria Pia သံမဏိဂုံးတံတားကြီးကို ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ် အသုံးပြုခဲ့ပြီး အီဖယ်နဲ့အတူ လက်ထောက်အဖြစ် ပါဝင်တည်ဆောက်ခဲ့သူကတော့ ဘာလင်မြို့သား ဂျာမန်လူမျိုး မြို့ပြအင်ဂျင်နီယာ Théophile Seyrig (1843-1923) ပါ၊ နောက်ထပ်၍လည်း Théophile Seyrig ဦးစီးတည်ဆောက်မှုတွေမှာ အီဖယ်အမည် မပါဝင်တော့ပေမယ့် အီဖယ်ရဲ့ အရိပ်တွေသာပါ၊

Ponte de D. Maria Pia တံတားကြီးကို အီဖယ်တို့ စတင်တည်ဆောက်ခဲ့တာ လာမယ့်ဂျန်နဝါရီလ ၂၀၁၆ ဆိုရင် နှစ်ပေါင်းတရာ့လေးဆယ် ရှိခဲ့ပါပြီ၊ စတင်ဖွင့်လှစ် အသုံးပြုခဲ့တာကတော့ ၁၈၇၇ ခုနှစ်
နိုဝင်ဘာလ လေးရက်နေ့ပါ၊  

၁၉၉၁ ခုနှစ်နောက်ပိုင်းမှာတော့ သူနဲ့ကပ်လျှက်မှာ ခေတ်မီတံတားကြီး တစင်း ထပ်မံ တည်ဆောက်ခဲ့ပြီးနောက် Maria Pia တံတား အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ပါတယ်၊ အသုံး
မဝင်တော့ပေမယ့်လို့ မဖျက်စီးခဲ့ပါဘူး၊  

အနှစ်တရာကျော်သက်တမ်းကွာဟတဲ့ တံတားဟောင်းကြီးနဲ့
တံတားသစ်ကြီးကို ဒူရို မြစ်ရေပြင်လယ်ကနေ မော့ကြည့် မြင်တွေ့ရတဲ့ အရသာကတော့ ဘာနဲ့မှကို
နှိုင်းယှဉ်လို့ မရနိုင်ဘူး မတူနိုင်ဘူးလို့သာ မောင်ရင်ငတေ ပြောချင်ပါတယ်၊ 

ဒီနေရာမှာ ပြောချင်တာ တခုရှိတာက ဒူရိုမြစ်ရဲ့သဘာဝအလှကို တံတားဟောင်းနဲ့တံတားသစ် သမိုင်းအလှက ဖြည့်စွက်လို့ ပေးနေတယ်လို့သာ မောင်ရင်ငတေ ထင်မြင်ယူဆမိရကြောင်းကိုပါ၊

Ponte Eiffel, Viana do Castelo, Portugal (1878)                            (Photo Google)
Maria Pia တံတားနဲ့ တပြိုင်နက်တည်းမှာလို မွန်ဆီယာ အီဖယ် တည်ဆောက်ခဲ့တဲ့ တံတားတစင်း ပေါ်တူဂီမှာ ရှိပါသေးတယ်၊ အဲဒီ Ponte Eiffel သို့မဟုတ် Ponte Rodo-Ferroviária de Viana do Castelo အစိမ်းရောင်တံတားကြီးကို ၁၈၇၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့တိုင် အသုံးပြုနေဆဲ အီဖယ်လက်ရာ တံတားဟောင်းကြီး တစင်း ဖြစ်ပါတယ်၊

မျှော်စင်အီဖယ် (၁၈၈၉) မတိုင်မီ မွန်ဆီယာအီဖယ် တည်ဆောက်ခဲ့တာတွေထဲက ပြင်သစ်ပြည်မှာ နာမည်ကျော်ကြားခဲ့တာ တခုကတော့ Viaduc de Garabit အနီရောင် တံတားကြီးပါ၊ အဲဒီ တံတား ဆီသို့သွားဖို့ရာက ခက်ခဲလှပါတယ် မဟုတ်သော်လည်းဘဲ တကူးတက သွားမှသာလျှင် ရောက်မှာမို့
မာင်ရင်ငတေ မရောက်ဖူးသေးပါဘူး၊ 

ဒါပေမယ့်လို့ မှတ်မှတ်ရရ ပြောရရင်တော့ မောင်ရင်ငတေရဲ့ ပြင်သစ်မြေကြီး နင်းအပြီး နှစ်ရက်မြောက်နေ့မှာ ပထမဦးဆုံးသော နားခိုရာမြေကို သွားခဲ့ရစဉ်တုန်း ကတော့ ဒီ တံတားကြီးပေါ်က ဖြတ်သန်းသွားခဲ့ဖူးပါတယ်၊ 

အဲဒီလို ဖြတ်သန်းခဲ့ရဖူးပေမယ့် ပြင်သစ် ဆောင်းနှောင်းရာသီ မနက်မိုးလင်းစဖြစ်နေတာမို့ တံတားကြီးနဲ့ မြစ်အလှကို သေချာစွာ မြင်တွေ့ခွင့် မရခဲ့ပါဘူး၊ 

ဒီကနေ့ထိတိုင်အောင်လည်း အဲဒီရထားလမ်းကို ထပ်မရောက်ဖြစ်တော့ပါဘူး၊ ငွေကြေး
အချိန် အစဉ်ပြေလို့ အခြေအနေပေးရင်တော့ အဲဒီအနီရောင်တံတားကြီးရဲ့ ခြေရင်း မြစ်ကမ်းနဖူးက ကဖေးဘာဆိုင်လေးမှာ ထိုင်ရင်း သဘာဝအလှကို ခံစားကြည့်ချင်ပါသေးတယ်၊

Viaduc de Garabit, France (1884)                    (Photo Google)
ဒီ Viaduc de Garabit အမည်ခေါ်တွင်တဲ့ ပြင်သစ်ပြည် တောင်ပိုင်းမှာ တည်ရှိတဲ့ ဂါရာဘီ သံမဏိ သံဘောင် တလမ်းသွား မီးရထားတံတားကြီးကို ပါရီမျှော်စင်ကြီး မတည်ဆောက်မီ လေးနှစ်စောပြီး အီဖယ်ဦးစီးပြီး တည်ဆောက်ခဲ့တာပါ၊

အဲဒီတံတားကြီးတွေနဲ့ ခေတ်ပြိုင် မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော် နောင်ချိုနဲ့ ကျောက်မဲအကြား မန္တလေး-လားရှိုး မီးရထား လမ်းမပေါ်မှာတော့ နာမည်ကျော် ဂုတ်ထိပ် တံတားကြီး တည်ရှိပါတယ်၊ 

အမေရိကန် ကုမ္မဏီတခုက အင်္ဂလိပ် နယ်ချဲ့တွေအတွက် တည်ဆောက်ပေးခဲ့တဲ့ ဂုတ်ထိပ်တံတား က ဂါရာဘီတံတားထက် ဆယ်လေးနှစ်ကျော်မျှသာနောက်ကျပြီး ၁၉၀၀ ပြည့်နှစ်မှာ တည်ဆောက် ပြီးခဲ့တာ ဖြစ်ပါတယ်၊ 

အီဖယ်ရဲ့ ဂါရာဘီ တံတားနီကြီးက ပေ ၄၀၀ မြင့်ပြီး ဂုတ်ထိပ်တံတားက ၃၃၅ ပေ မြင့်ပါတယ်၊ ၂၂၆၀ ပေ အရှည်ရှိပါတဲ့ ဂုတ်ထိပ်က ၁၈၅၄ ပေ ရှည်တဲ့ ဂါရာဘီတံတားထက် ပေ ၄၀၀ ပိုပြီး ရှည်လျှားပါတယ်၊ အင်္ဂလိပ် နယ်ချဲ့ခေတ်မှာ တည်ဆောက်ခဲ့တဲ့ ဂုတ်ထိပ်တံတားကြီးက အီဖယ်ခေတ်နှောင်းပိုင်းကာလ လွန်ခဲ့တဲ့နှစ်တရာကျော်က ရွှေပြည်တော်ကြီးမှာ တည်ဆောက်ခဲ့တဲ့ ခေတ်မီတံတားကြီး တစင်းအဖြစ် ဒီကနေ့တိုင် ဂုဏ်ယူစရာလို့သာ မှတ်ယူမိပါတယ်၊ 

အဲဒီလို သံမဏိ ဂုံးတံတားကြီးတွေ တည်ဆောက်ရင်း လူသိများလာတဲ့ အီဖယ်ကို ကမ္ဘာကျော်စေမယ့် အခွင့်အရေး တခု ပေးလာပါတယ်၊ အနှစ်တရာပြည့် ဘားစတီးအကျဉ်းထောင်ကို ဖျက်သိမ်းခဲ့တဲ့ အထိမ်းအမှတ် အဖြစ် Exposition Universelle de Paris 1889 ခေါ်တဲ့ World's Fair ပြပွဲကြီးကို ပါရီမြို့တော်မှာ လက်ခံ ကျင့်ပရာမှာ အီဖယ့်စိတ်ကြိုက် သံမဏိမျှော်စင်ကြီးတခု တည်ဆောက်ခွင့် ရခဲ့တာပါ၊ 

တိုတို ပြောရရင်တော့ ပါရီအိစ်စ်ပိုပြပွဲအတွက် ခေတ္တခဏပါဆိုပြီး တည်ဆောက်ခဲ့တဲ့ အဲဒီ အီဖယ်မျှော်စင် ကြီးဟာ အနှစ်တရာကျော်ကြာထိတိုင် တည်ရှိနေပြီး လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ၁၂၇ နှစ်တိုင် သက်တော်ရာကျော်ရှည်လာပါပြီ၊

ရဘေး လေဘေး မီးဘေး မင်းဘေး ကင်းဝေးပါတဲ့ ပါရီမြို့တော် ကြီးမှာ (အကယ်၍ တယ်ရိုရစ်ဘေးသာ ကင်းဝေးမယ် ဆိုပါက) နောက်ထပ်လည်း နှစ်ပေါင်းများစွာ တည်ရှိနေလိမ့် ဦးမယ်လို့ မောင်ရင်ငတေ အတပ် ပြောရဲပါတယ် ခင်ဗျာ၊

La Tour Eiffel သို့မဟုတ် La Dame de Fer အီဖယ်မျှော်စင် (၁၈၈၉)           (ဓါတ်ပုံ မရငတ)

အီဖယ်ရဲ့အီဖယ်အမည်နဲ့ အကျော်ကြားဆုံးကတော့ La Tour Eiffel သို့မဟုတ် La Dame de Fer အီဖယ်မျှော်စင်ပါ၊ အီဖယ်မျှော်စင် အပွားပေါင်း သောင်းခြောက်ထောင် ရှိပေမယ့် ဒီ အီဖယ်ကတော့ အီဖယ်လို့သာပါလို့ မှတ်ချက်ချကြ လူပြောများကြ ပါတယ်၊

အီဖယ် မျှော်စင်ကြီးကို ပြင်သစ်လို La Dame de Fer လို့ တင်စား ခေါ်ဝေါ်ကြ ရေးသားကြပါတယ်၊

La Dame de Fer ခေါ် The Iron Lady ဆိုတာက အင်္ဂလိပ် လူမျိုး အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း
မာဂရက်သက်ချာရဲ့ ရုပ်ရှင်ကားအမည် မဟုတ်ပါဘူး၊ 

La Dame de Fer ဆိုတာက မျှော်စင်ကြီးကို  သံမဏိအတိနဲ့ ဆောက်ထားတာမို့လို့ သံမဏိလေဒီလို့ တင်စား ခေါ်ကြဟန် တူပါတယ်၊  

ဒီနေရာမှာ အချက်တခုတွေ့မိတာက ပြင်သစ်တွေဟာ မျှော်စင်ကိုသာ သံမဏိလေဒီလို့ အမည်တပ်ပြီးခေါ်ဝေါ် ကြပေမယ့် မျှော်စင်ကြီးပထမထပ် ပတ်ပတ်လည်မှာ ဂုဏ်ပြုရေးထွင်းထားခဲ့တဲ့ ၁၉ ရာစုနှစ် ကာလ စောစောပိုင်းက ထင်ရှားခဲ့ကြတဲ့ ၇၂ ယောက်သော ပြင်သစ်လူမျိုး အင်ဂျင်နီယာနဲ့သိပ္ပံပညာရှင်များ စာရင်းမှာ အမျိုးကောင်းသမီး နာမည်တခုမှ မပါရှိပါဘူးတဲ့၊ 

စာရင်းဝင်နိုင်တဲ့ အမျိုးသမီး အနည်းဆုံး နှစ်ဦးတော့ ရှိပါသတဲ့၊ အဲဒီနှစ်ဦးထဲက တဦးကတော့ Elasticity Theory ကို တွေ့ရှိတီထွင်ခဲ့သူ ပါရီ မြို့သူ Marie-Sophie Germain (1776-1831) ဖြစ်ပါတယ်တဲ့၊

ဒါပေမယ့်လည်း သူမက အမျိုးသမီး တဦး ဖြစ်နေခဲ့လို့ အီဖယ် ဦးဆောင် ရွေးချယ်ခဲ့တဲ့ ၇၂ ယောက် စာရင်းကနေ ဖယ်ရှားခံခဲ့ရခြင်း ဖြစ် ပါတယ်တဲ့၊ အဲဒီခေတ်က လူသားအချင်းချင်း ခွဲခြားမှု တခုသာ ဖြစ်နိုင်ကြောင်းပါ၊

အီဖယ် ထရိုကာဒီယို လွတ်လပ်ရင်ပြင်             (ဓါတ်ပုံ မရငတ)
ပင်သစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ မောင်ရင်ငတေတို့ ဗမာလူမျိုး အားလုံးဟာ ပဲရစ်မြို့နဲ့ အီဖယ်တာဝါ ကိုသာ ပြေးလို့ မြင်လိုက်ပြီးသားပါ၊ အားလုံး သိလောက်အောင်လည်း အီဖယ်တာဝါဟာ ထူးခြားလှပါတယ်၊  
ထရိုကာဒီယို မေထရို ဘူတာ အတက် ဘယ်ဘက်ခြမ်းက ကွယ်နေတဲ့ အဆောက်အဦးကို ကျော်လိုက်တာနဲ့ ထရိုကာဒီယိုရင်ပြင်ပေါ်ကနေ အီဖယ်ကို လှမ်းမြင်တွေ့လိုက်ရတဲ့အခါမှာ လူတွေ အားလုံးရဲ့ အာမေဍိတ်အသံဟာာာ .. … …... .. ဟေးးးးးဆိုတာကို တညီတညွတ်တည်းလိုလို ကြားရမှာ ဖြစ်ပါတယ်၊ 

လိုက်ပို့ခဲ့ဖူးသမျှ ရောက်ခဲ့ဖူးသမျှ တခြားသော နေရာတွေမှာတော့ အဲလိုမျိုး ကြားရခဲလှပါတယ်၊ ကိုယ်ကိုယ်တိုင်လည်း အဲဒီကိုရောက်ရင် လွတ်လပ်စိတ်တွေ ဖြစ်ပေါ်ခံစားရပါ တယ်၊ မျှော်စင်ရဲ့မြင်ကွင်းကို အပေါ်စည်းက အတားဆီးမဲ့ တမျှော်တခေါ်မြင်တွေ့ခွင့် ရခြင်းကြောင့် ဖြစ်မှာပါ၊

အဲဒါကြောင့်လည်း မျှော်စင်တည်ဆောက်ပြီးကာလမှာ မူလကရှိခဲ့တဲ့ ထရိုကာဒီယိုရင်ပြင် အဆောက်ဦးဟောင်းကိုဖျက်ပြီး  အသေအချာ ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်နိုင်ပါတယ်၊

အရင် မောင်ရင်ငတေ ပါရီမြေရောက်ခါစ အချိန်တွေကဆို အားအားရှိ  ပျင်းပျင်းရှိ အချိန်တွေ ပိုနေသခိုက် အဲဒီ မျှော်စင်တဝိုက်နဲ့ စဲန်းမြစ်နဘေး တယောက်တည်းထိုင်လို့ လွမ်းချင်းတေးတွေ ဖွဲ့သီ နေခဲ့ရချိန်တွပေါ့၊ 

ဒီကနေ့ ကာလလို ဂျီတော့ခ်တွေ ချတ်တင်တွေ ဖဘတွေ ဗိုက်ဘာတွေ အင်တာနက်တွေ ခေတ်မှ မဟုတ်တာနော်၊ ကိုယ်ပိုင်အမည်းရောင် ခပ်ချာချာ ဟန်းဖုန်းလေးကလည်း ခေါ်သူမဲ့ဘဝနဲ့ တခါတခါ ဖုန်းမည်သံ ကြားလိုက်ရရင် ဝမ်းသာလို့ ထခုန်ခဲ့ရတဲ့ အချိန်လေးတွေပေါ့၊

၂၀၁၆ ဆောင်းတွင်း အီဖယ်                   (ဓါတ်ပုံ မရငတ)
လှေခါးအထစ်ပေါင်း ၁၆၆၅ ထစ်ရှိပြီး အထပ် ၈၀ တိုက်တလုံးအမြင့်နဲ့ ညီမျှလောက်ပါတဲ့ အမြင့်ပေ ၁၀၆၃ ရှိတဲ့ အီဖယ်တာဝါကို တည်ဆောက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း တရာနှစ်ဆယ့် ခွန်နှနှစ်တိုင် ရှိခဲ့ပါပြီ၊  

ဆောက်လုပ်စဉ်အခါက Exposition Universelle de Paris 1889 အတွက်ကို ရည်ရွယ်ပြီး  
ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် အခုအခါမှာတော့ ကမ္ဘာအရပ်ရပ်ကို သွားဖူးချင် ရောက်ဖူးချင်ကြတဲ့ သူတွေ အားလုံးအတွက် ပထမဆုံး ရောက်ဖူးချင်ကြတဲ့ အဓိက အဆောက်အဦးတခု ဖြစ်လာခဲ့ပါပြီ၊  

စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၈၈၉ ခုနှစ်ကနေ ဒီကနေ့အထိ ဒီမျှော်စင်ကြီးကို တက်ရောက်ခဲ့ဖူးသူ စုစုပေါင်း သန်း ၂၅၀ ကျော် ရှိခဲ့ပါပြီတဲ့၊ ခုနှစ်ပိုင်းတွေမှာတော့ တနှစ်ပျမ်းမျှ လူပေါင်း သန်း တက်ရောက် ခဲ့တာမှာ ၇၅ ရာခိုင်နှုန်းက နိုင်ငံခြားသား ကမ္ဘာလှည့်တွေ ဖြစ်ကြပါတယ်၊ 

မောင်ရင်ငတေ ကတော့ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ကြုံကြိုက်ရင် ကြုံကြိုက်သလို အပေါ်ထပ်ကိုရောက်အောင် တက်ဖြစ်ပါတယ်၊ ဒါပေမယ့် အပေါ်ကိုတက်ဖို့ရာက ပေးရမယ့် ငွေကြေးတန်ဖိုးက မနည်းတာကြောင့် မျှော်စင်ခြေရင်း မြက်ခင်းပြင်ပေါ်မှာ ထိုင်လို့ ကြိုတင်ဝယ်ယူလာခဲ့တဲ့ (ဈေးခပ်ပေါပေါ) ဘီယာဗူးကို ဖွင့်သောက်ရင်း မျှော်စင်ကြီး ထိပ်ဖျားက တိမ်တွေကို မြက်ခင်းပြင်ကနေ မော့ကြည့်ရတဲ့ အရသာကလည်း ဘီယာနဲ့ လိုက်ဘက် ကောင်းမွန်လှကြောင်းပါ ခင်ဗျာ၊ မောင်ရင်ငတေရဲ့ ဇိမ်ခံနည်းထဲက တနည်းပေါ့ဗျာ၊

အီဖယ် ဒုတိယထပ်မှ ပါရီအရှေ့ဆီသို့                  (ဓါတ်ပုံ မရငတ)

ဦးစီးဆောက်လုပ်ခဲ့တဲ့ မွန်စီယာအီဖယ်ကတော့ မျှော်စင်ကြီး ဆောက်လုပ်ခဲ့တဲ့အတွက် ဘာတွေကို ဘယ်လောက်များ အကျိုးအမြတ်ရခဲ့သလဲလို့ မသိနိုင်ပေမယ့် အီဖယ်တာဝါ မျှော်စင်ထိပ်ဖျားနားက အပေါ်ဆုံးထပ်ဆီသို့ နွေဦးရာသီ သို့မဟုတ် အားလပ်ရက်နွေ နေပူပူကြီးမှာ တယောက်တက်ခ ၁၄ ယူရိုပေးပြီး (အခု ၂၀၁၆ နှစ်ဆန်းမှာ ၁၇ ယူရို ဈေး ပေါက်နေပါပြီ၊) အပေါ်ဆုံးထိ တက်ရဖို့ အတွက်  
 မျှော်စင်ကြီး လေးဘက်လေးတန် တန်းစီတိုးလို့နေကြသူများဟာ မောင်ရင်ငတေတို့ ခပ်ငယ်ငယ်က ပြည်သူ့ဆိုင်တွေမှာ နို့ဆီသကြားထုပ်ဖို့ တန်းစီခဲ့ရသလိုလို့သာ ထင်ရောင် မြင်မိပါတယ်၊  

ပျမ်းမျှခြင်း လူတယောက်ကို တဆယ်ယူရို ဆယ်ယောက်တရာ တထောင်ကို တသောင်းနှုန်း လူ သန်းကျော် တက်ရောက်ခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ သန်း ၇၀ ကျော် ဝင်ငွေ ရရှိခဲ့ပါတယ်၊ အဲဒီမျှော်စင်ကို ခုအချိန်မှာ တည်ဆောက်မယ်ဆိုခဲ့ရင် ဒေါ်လာသန်း ၄၈၀ သာ ကုန်ကျမယ်လို့ ခန့်မှန်းကြပါတယ်၊  

ဒါပေမယ့်လို့ သန်းတထောင် နှစ်ထောင်မက အကုန်ကျခံ ဆောက်ပါမယ်ဆိုခဲ့ရင်လည်း ဒုတိယ တတိယ အီဖယ် အဖြစ်နဲ့သာ တည်ရှိပြီး မူလပထမဆိုတဲ့ တန်ဖိုးကိုတော့ မှီနိုင်မယ် မထင်ကြောင်းပါ၊  

အမေရိကန်တို့ ဂျပန်တို့ အခု နောက်ဆုံး ပေါက်ဖော်တို့ရဲ့ ပြည်ကြီးမှာ ပါရီရပ်ကွက် အီဖယ်ဆိုပြီး တည်ဆောက်လို့ နေကြပေမယ့် အပွားကတော့ အပွား အဆင့်မျှသာ ရှိမှာပါ၊ ရှေးဟောင်းတန်ဖိုး ပထမတန်ဖိုးတွေပါ၊ မျှော်စင် ဆေးအရောင်ကတော့ ခြောက်ကြိမ်တိုင်တိုင် ပြောင်းခဲ့တယ် ဆိုပေမယ့် မူလလက်ဟောင်း သံမဏိအရောင်ကနေ ထူးထူးခြားခြားကြီးပြောင်းလဲခြင်း မရှိခဲ့ပါဘဲ မူလအရောင် အညိုရောင်ကနေ သွေဖယ်မသွားပါဘဲ မူလပထမအရောင်နီးပါးအတိုင်း ရှိနေဆဲပါလို့  
တွေ့မှီခဲ့သူတွေက ပြောပါတယ်၊

သို့သော်လည်း မျှော်စင်ကြီးတခုလုံးကို ဆေးအရောင်ပြောင်းလဲ သုတ်ချင်သူတွေကလည်း သီးသန့် နီဖြူပြာ အုပ်စုတစုအဖြစ် ဒီကနေ့တိုင်အောင် ရှိနေပါသေးသတဲ့၊

Thomas Edison n Alexandre Gustave Eiffel, Aug 1889            (ဓါတ်ပုံ မရငတ)     

၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ အီဖယ် မျှော်စင် ဖွင့်လှစ်ပြီးလို့ မကြာခင်မှာ အမေရိကန်ပြည်သား တီထွင်မှု ပညာရှင်ကြီး Thomas Alva Edison အက်ဒီဆင် (၁၈၄၇-၁၉၃၁) တယောက် ပါရီ World Exposition ပြပွဲကြီးကို ရောက်လာပါတယ်၊ 

သူ တီထွင်ထားတာတွေကို ပြသဖို့ရယ်နဲ့ အီဖယ်တာဝါ အပေါ် တက်ကြည့်ချင်စိတ်နဲ့ လာခဲ့တာပါဆိုကြပါတယ်၊ အဲဒီ Exposition Universelle de Paris ပွဲ ကြီးက အဲဒီအချိန်က အကြီးကျယ်အခမ်းနားဆုံး ဖြစ်ခဲ့တာကလည်း သူတို့လိုတီထွင်သူတွေကြောင့် သာပါ၊ 

သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြတဲ့ နေရာကတော့ မျှော်စင်ထိပ်ဖျား တတိယထပ် မီတာ ၂၈၀ အမြင့်က အီဖယ်ရဲ့ရုံးခန်းကျဉ်းလေး အထဲမှာပါ၊ အယ်ဒီဆင် တီထွင်ခဲ့တဲ့ ဓါတ်ပုံရိုက်စက် မော်ဒယ်
အသစ်ကို အီဖယ်အား စမ်းသပ်ပြသခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်၊ 

အဲဒီအချိန်တုန်းက ဂျာမန်နွယ်ဖွား ပြင်သစ်ကြီး မွန်ဆီယာ အီဖယ် (၁၈၃၂-၁၉၂၃) က အသက် ၅၇ နှစ် ရှိနှင့်ပြီး အမေရိကန်ပြည်သား နယ်သာလန်နွယ်ဖွား မစ္စတာ အက်ဒီဆင်က ၄၂ နှစ် ရှိပါပြီ၊ ကမ္ဘာကျော်တွေ တွေ့ဆုံခဲ့တဲ့ သမိုင်းပါ၊ 

အီဖယ်မျှော်စင် (၁၈၈၉)                  (PhotoShop MYNT)

အီဖယ်မျှော်စင်ဟာ ၁၈၈၉ ခုနှစ် စတင်ဖွင့်လှစ်ချိန်ကစလို့ ၁၉၃၀ ခုနှစ်ထိ နှစ်ပေါင်း လေးဆယ်တိုင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပါတယ်၊  

အဲဒီ သောမတ်အက်ဒီဆင်လို ပုဂ္ဂိုလ်မျိုးတွေတောင် ရောက်ဖူးချင် တက်ဖူးချင်ခဲ့ပါတဲ့ အီဖယ်တာဝါကြီးက ကမ္ဘာကျော်နေတာ မထူးဆန်းလှပါဘူးလို့သာ မောင်ရင်ငတေ ပြောချင်ပါတယ်၊  

အဲဒါကြောင့် တစက္ကန့် နှစ်မီတာနှုန်းထားနဲ့ တက်လိုက်ဆင်းလိုက် သွားနေတဲ့ ဓါတ်လှေကားကြီးတွေကို မောင်ရင်ငတေ မြက်ခင်းပြင်ကနေ မော့ကြည်မိတိုင်း ကျေးဇူး
တင်နေမိတာက အီဖယ်ကိုတော့ မဟုတ်ပါဘူး၊ 

ဟစ်တလာကြီးကိုပါ၊ သူဖျက်စီးခွင့် မရလိုက်လို့သာ မောင်ရင်ငတေတို့ အီဖယ်မျှော်စင်ကြီးကို
တွ့ခွင့်ရခဲ့တာ မဟုတ်ပါလား၊
 
အဲဒီလိုသံမဏိခေတ်ဦးက တံတားကြီးတွေ အဆောက်အဦးကြီးတွေကို တည်ဆောက်ခဲ့ရာမှာ ပါဝင် လက်စွမ်းပြခွင့် ရခဲ့ပါတဲ့ မွန်ဆီယာအီဖယ်ရဲ့ နောက်ထပ် အကျော်ကြားဆုံးသော လက်ရာတခု ရှိပါ သေးတယ်၊  

အဲဒါကတော့ လေဘာတီ ရုပ်တုလို့ ဆိုလိုက်ရင် လူတိုင်းလို သိကြမှာပါ၊

Statue de la Liberté (1886)                  (ဓါတ်ပုံ မရငတ)

မွန်ဆီယာအီဖယ် ပါဝင်တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော်လက်ရာ အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်ကလက်ဆောင်ပေးခဲ့တဲ့ ၁၅၁ ပေ အမြင့်ရှိတဲ့ Statue de la Liberté လေဘာတီ ရုပ်ထုပါ၊ အမေရိကန်ပြည် နယူးယောက် မြို့မှာ ရှိပါတယ်၊ အဲဒီ လေဘာတီရဲ့ အတွင်းထဲက သံထည်ပိုင်း ဆိုင်ရာတွေကို အီဖယ်က တာဝန်ယူ တည်ဆောက်ခဲ့တာ ပါ၊ မူလပထမက အဲဒီ လေဘာတီရှိရာ ကမ်းခြေကို ရောက်ရှိလာသူတွေ လေဘာတီကို မြင်တွေ့ခွင့် ရသူတွေဟာ လွတ်လပ်ခြင်းတွေ အပြည့်အဝခံစားရမယ့် သင်္ကေတအဖြစ်ပါ၊ ကမ္ဘာ့လူသားအားလုံး အမေရိကမြေမှ ကြိုဆိုပါတယ်ဆိုတဲ့ သင်္ကေတတွေကို ကိုယ်စားပြုထားခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာတော့ အမေရိကဟာ စိမ်းကားတဲ့အသွင်ဆောင်လို့ လာနေပါပြီ၊ လေဘာတီ ရုပ်ထုကြီး ကတော့ နောက်ကျသားတွေကို သနားကြည့် ကြည့်တွေနဲ့ မင်းတို့ကွာ ဒီကိုလာတာ သိပ်နောက်ကျ သကိုးလို့ ပြောနေသလိုလို ငါလည်း စိတ်ကုန်နေပြီကွာ အိမ်ပြန်ချင်ပြီကွာလို့ ပြောနေသလိုလို ပါလို့  စာတပုဒ်မှာ မောင်ရင်ငတေ ဖတ်ခဲ့ဖူးပါတယ်၊ မောင်ရင်ငတေ လက်ရှိကိုင်ဆောင်ထားတဲ့ ပတ်စ်ပိုစ့် မဟုတ်တဲ့ ခရီးသွားလာခွင့် စာအုပ်ကလေးကတော့ မင်းကွာ ပိုက်ဆံတွေ အကုန်ခံပြီး သွားဖို့ လာဖို့ လုပ်မနေပါနဲ့ ငါ့ရင်ဘတ်ပေါ်မှာ ဘာတံဆိပ်မှ ထုစရာ မလိုဘဲနဲ့ မင်းသွားခွင့်ရထားတဲ့ နေရာတွေကို အရင်သာ သွားပါကွာတဲ့၊ သွားခွင့်ရထားတဲ့နေရာတွေ မင်းမှာအများကြီး ရှိနေတာပါတဲ့၊ မင်းသွားလို့ ရတာ မြန်မြန်လေး သွားထားကွတဲ့၊ ကြာရင်မင်းတို့သွားဖို့က တစတစပိုပြီး ခက်လာဖို့သာ ရှိပါသတဲ့ ဗျာ၊ မောင်ရင်ငတေလည်း ဘာကို ပြန်ပြောနိုင်မှာလဲ နော်၊ ဟုတ်ကဲ့ပါ ခင်ဗျာပေါ့၊

မောင်ရင်ငတေ ဆိုတဲ့ကောင်က နာမည်ကျော်ကြား လူသိများပြီး ထင်ရှားသူမှ မဟုတ်တာဆိုတော့ အမေရိကန် ဗီဇာရဖို့ မလွယ်ကူလှပါဘူး၊ ငွေကုန်မယ် စိတ်ရှုတ်မယ် နောက်ပြီး ရီဂျက်အထိခံရမယ်၊ ထိလည်း ထိပြီးပါပြီ၊ ကုန်တာလည်း ကုန်ခဲ့ပြီးပါပြီ၊ သူတို့ကလည်း စလို့လျှောက်မယ်ဆိုကတည်းက မရပါက ငွေပြန်အမ်းမည် မဟုတ်ပါဆိုတဲ့ မဟာ စည်းမျဉ်း စည်းကမ်းကြီးတွေနဲ့ ချည်ပြီးတုတ်ပြီးသာ အပိုင်ရိုက် ငွေကိုယူထားတာပါ၊ အရင်းရှင်စီးပွားရေးသမားတွေရဲ့ မဟာဗျူဟာမြောက်လှပါတဲ့ ဗီဇာ စီးပွားရေးပေါ့ဗျာ၊ အဲဒါတောင်မှ မောင်ရင်ငတေတို့လို သွားလည်ချင်တဲ့ကောင်တွေရော အခြေချ နေထိုင်ချင်တဲ့ မြောက်များစွာသောသူတွေဟာ ငွေပေးဖို့ တန်းစီနေတာ နေ့စဉ်နဲ့အမျှ ရှိနေဆဲပါဗျာ၊ မယုံမရှိပါနဲ့၊ သံရုံးဗီဇာဆက်ရှင်ကို သွားကြည့်နိုင်ပါတယ်၊ တနှစ်တနှစ်ကို အမေရိကန် အစိမ်းရောင် ကဒ်ပြားလျှောက်ဖို့ ပွဲစားတွေ ဧဂျင်စီတွေ ပုံစံမျိုးစုံနဲ့ သွေးဆောင် နေကြတာကိုလည်း အွန်လိုင်းမှာ လူတကာ သိပါတယ်၊ ဟဲဟဲ မောင်ရင်ငတေလည်း ဘယ်နေမလဲ ခေတ်မီသူတိုင်း အစိမ်းရောင်ကဒ် လျှောက်ဖူးသည်ထဲမှာ ပါခဲ့ဖူးတာပေါ့ဗျာ၊ အခုတော့ လာပါလာပါဖိတ်ခေါ်နေရင်တောင်မှ တော်ပါပြီ အမေရိကရယ်၊ ဆူရှီလည်း မလိပ်ရစေနဲ့တော့၊ ဟောဒီ ငါရဲ့ ပြင်သစ်မှာ အေးချမ်းစွာ နေပါရစေလို့၊


ပါရီလေဘာတီ                        (ဓါတ်ပုံ မရငတ)
အဲဒီလို နယူးယောက်မြို့သူကြီးလုံးလုံးဖြစ်သွားခဲ့တဲ့ မဒမ် လေဘာတီကြီးကို သွားရောက်လို့ မတွေ့
နိုင်ပေမယ့်လို့လည်း ပါရီမြို့လယ်တလျှောက် ဖြတ်သန်း စီးဆင်းသွာတဲ့ စဲန်းမြစ်ရဲ့ အလယ်ကျွန်းသူ မဒ်မွာဇယ် လေဘာတီလေးကိုတော့ မောင်ရင်ငတေ မကြာခဏဆိုသလို သွားရောက်တွေ့ဆုံနိုင်ခွင့် ရခဲ့ပါတယ်၊ အဲဒါနဲ့ဘဲ ကျေနပ်ပါတယ်လေ၊

နေတတ်ရင်လည်း ကျေနပ်စရာတွေသာ ပိုများလာလိမ့်မယ့် လောက မဟုတ်ပါလား၊


နယူးယောက်လေဘာတီ (၂၈ အောက်တိုဘာ ၁၈၈၆)                          (Photo Khincorail)
၁၈၈၅ ခု ဂျွန်လ ၁၇ ရက်နေ့မှာ လေဘာတီ ရုပ်တုကြီးက အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်၊ စိုက်ထူပြီးစီးလို့ ဖွင့်ပွဲ ပြုလုပ်ခဲ့တာက ၂၈ ရက် အောက်တိုဘာလ ၁၈၈၆ ခုနှစ်မှာ ဖြစ်ပါတယ်၊

မောင်ရင်ငတေ့ အကြမ်းဖျင်းမှတ်သားနည်းပညာအရ ဆိုရရင်တော့ အီဖယ်ထက် လေဘာတီရုပ်တု ကြီးက ၂ နှစ်ခွဲခန့် အသက်ကြီးပါတယ်၊

မဒ်မွာဇယ် လေဘာတီလေးတွေနဲ့ မဒမ် လေဘာတီကြီးရဲ့ အကြောင်းတွေကိုတော့ သီးခြားစီ ရေးမှ သာလျှင် ပြည့်စုံနိုင်မှာမို့လို့ သီးခြားရေးဖို့ ကျိုးစားပါမယ်၊

မိုးမခအွန်လိုင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာက ရေးသားခဲ့တဲ့ **ပါရီ အီဖယ် လေဘာတီ* ** စာစုလေးကို
လိုအပ်တာတွေ ပြန်လည် ဖြတ်ညှပ်ကပ်လုပ်ရင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့တာလေးတွေကို မွမ်းမံချယ်သလို့ ကောင်းသထက်ကောင်းအောင် ပြည့်စုံသထက်ပြည်စုံအောင် ကျိုးစားပေမယ့် နောက်ထပ်တခါ ထပ်
မံလို့ ဖြတ်ညှပ်ကပ်ဖြစ်ဦးမယ် ဆိုရင်လည်း ဖြတ်စရာ ညှပ်စရာ ကပ်စရာတွေ ထပ်မံပေါ်လာလိမ့်မယ် ဆိုတာကိုတော့ မယုံမရှိပါဘူးလေ၊ အဲဒီတော့လည်း ဖြတ် ညှပ် ကပ် လေ ဦး ပေါ့၊


သံမှိုရဗစ် အချက်ပေါင်း နှစ်သန်းခွဲနဲ့ အီဖယ်           (ဓါတ်ပုံ မရငတ)
အမှန်တကယ်ကတော့ ဒီစာစုဟာ မွန်ဆီယာအီဖယ်ရဲ့အကြောင်း မှတ်ဖွယ်ရာရာစာစု တချို့လို့သာ ပြောမယ်ဆိုလာခဲ့ပါရင်လည်း မမှားပေဘူးပေါ့ ခင်ဗျာ၊

http://moemaka.com/?p=28648          အောက်တိုဘာ ၃၁၊  ၂၀၁၂

အားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ် ခင်ဗျား၊
မောင်ရင်ငတေ ဖြတ်ညှပ်ကပ်၍ ဖြည့်စွက် မွမ်းမံတင်ဆက်ပါသည်၊
မောင်ရင်ငတေ ၂၂၀၁၂၀၁၆

Aucun commentaire:

Enregistrer un commentaire