လမ်းနဘေးက ယိုးဒယားစာကိုလွမ်း
လမ်းနဘေးက
ယိုးဒယားစာ (ဓါတ်ပုံ
မရငတ)
မနှစ်က ၂၀၁၄ ဒီဇင်ဘာ တလလုံးနဲ့ နှစ်သစ်ကူး အလွန်အထိ ရက်ပေါင်း
လေးဆယ်ကျော် ထိုင်းကို ရောက်နေခဲ့ပါတယ်၊ အခု တနှစ်ပြည့်ပါပြီ၊
စာစုများ မေခကိုလွမ်းတို့ ဘန်ကောက်သို့ ဘန်ကောက်မှာတို့ ကေအယ်လ် ကလန်းမှ
ကပါသို့ ဘီကေကေအစုန်အဆန် ဇင်းမယ်အစုန်အဆန် စတဲ့စာစုတွေကို မောင်ရင်ငတေ
မှတ်တမ်းတင် ရေးခဲ့ပါတယ်၊
တခြားရေးခဲ့ပြီး တပိုင်းတစအဆုံးမသတ်ဖြစ် ရပ်ထားခဲ့တာတွေလည်း ရှိပါတယ်၊
အဲဒီလို အတိုအစတွေထဲက ထိုင်းဘန်ကောက်နဲ့ ပတ်သက်ပြီး ဒီအချိန်မှာ
အလွမ်းဆုံးက လမ်းနဘေးက ယိုးဒယားစာ ဆိုင်ကလေးများပါ၊
အဲဒါကြောင့် ဒီ စာတွေကို အချောသတ် စုစည်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်
အစိတ်က စတင်ရင်းနှီးခဲ့ရတာတွေကို တနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ အလွမ်းရယ်
ဘယ်မပြေနိုင်ကြောင်း ရေးသားလိုက်ရပါတယ်၊
ထိုင်းနိုင်ငံမှာ
မောင်ရင်ငတေ ကြိုက်နှစ်သက်မိရဆုံးကတော့ ဈေးခပ်ပေါပေါ
ရောင်းချနေတဲ့ အငွေ့ တထောင်းထောင်းထနေတဲ့ စားသောက်ဆိုင်လေးများပါ၊
ဌာနေသမားများနဲ့ စားစရာဆိုင်ပေါများတဲ့ အရပ်ဒေသတွေက ရောက်လာကြတဲ့
သူတွေကတော့ အမှတ်တမဲ့ ထားနိုင်ပေမယ့် မောင်ရင်ငတေတို့လို့
ဆိုင်ရှားပါးတဲ့ အရပ်ဒေသ ဈေးကြီးတဲ့ အရပ်ဒေသက လာသူများအတွက်ကတော့
ထိုင်းဆိုင်များဟာ နေ့ရောညပါ ညဥ့်နက်သန်းခေါင်လွန်ချိန်အထိ
အလှူကြီးတခု ပေးနေသလိုသာပါ၊

ဘန်ကောက်လမ်းဘေးရဲ့
အသည်းနှလုံး စားသောက်ဆိုင်လေးများ
(ဓါတ်ပုံ မရငတ)
လမ်းဘေးစားစရာများက အရင်တုန်းကလည်း သက်သာသလို ဒီကနေ့ ကာလများအထိ
တိုင်လည်း သက်သာနေဆဲပါလို့ ထိုင်းတနိုင်ငံလုံးအနေနဲ့ ချုံပြောရင်ရနိုင်ပါသေးတယ်၊
ဒါပေမယ့် ဘန်ကောက် မြို့တော်ရဲ့ လမ်းမများပေါ်က ဆိုင်လေးတွေရဲ့ ဈေးနှုန်းကတော့
အရင် ဆယ်စုနှစ်များထက် စာရင် ဈေးနှစ်ဆကျော်နီးပါး တက်သွားတယ်လို့ ပြောရမှာပါ၊
ဘန်ကောက် မြို့ပြင်ရောက်လို့ နယ်ဘက်ကို ရောက်သွားရင်တော့ ဈေးနှုန်းတွေက
တဝက်လောက် လျော့သွားနိုင်ပါတယ်၊
ပြောမယုံ ကြုံဖူးမှသိဆိုသလို
ဘန်ကောက်မြို့တော်ကြီးရဲ့ အရသာတွေထဲမှာ ဒီလိုမျိုး
လမ်းဘေးက တွန်းလှည်းနဲ့ ရောင်းကြတဲ့ ခေါက်ဆွဲ ကြာဆံ သင်္ဘောသီး အပြုတ် အကြော်
အသုပ်ဆိုင်လေးတွေ ကတော့ ခရီးသွားကြသူ လူတော်တော်များများ အကြိုက်စာရင်းရဲ့
ထိပ်ဆုံး နေရာမှာ ပါပါလိမ့်မယ်၊
အဲဒီလို လမ်းဘေးဆိုင်သေးသေးလေးတွေကို ဘယ်လိုပုံစံမျိုး ရောင်ချခွင့် တရား
ဝင်လား မဝင်လား ခွင့်ပြုချက် ရထားသလား မရထားဘဲ ရောင်းချနေကြသလား
ကိုတော့ မောင်ရင်ငတေ သေချာ မသိ ပါဘူး၊
ဈေးနှုန်းကလည်းသက်သာ အရသာကလည်းကောင်း ဘယ်တိုင်းပြည် ဘယ်လိုလူမျိုးတွေရဲ့
စားသောက်ဖွယ်ရာတွေနဲ့မှကို မတူညီတဲ့ စိမ်းရွှေရွှေရနံ့ပေါင်းစုံနဲ့ ဘန်ကောက်မြို့ရဲ့ နေရာ
တိုင်းက လမ်းဘေး ပလက်ဖောင်းဆိုင်များကိုတော့ မောင်ရင်ငတေ အမြဲသတိရ နေရတာပါ၊
ဘယ်အစာမဆို စားတတ်ကြိုက်တတ်ပါတဲ့ မောင်ရင်ငတေရဲ့ ပါးစပ်မျိုးမှာတောင်မှ
ခံတွင်း အတွေ့ရဆုံးသော အစားတွေထဲမှာ ထိုင်းစာက ထိပ်ဆုံးနေရာမှာ ပါဝင်ပါတယ်၊

ဥရောပက
ယိုးဒယားစာ
(ဓါတ်ပုံ မရငတ)
သိပ်မကြာသေးခင်က ဥရောပ မြို့တော်ကြီး တချို့မှာ ဖွင့်ထားကြတဲ့ ထိုင်းအစားအစာ
ဆိုင်တွေကို သုံးလေးငါးရက်လောက် ဆက်တိုက်ဆိုသလိုပါ၊ မောင်ရင်ငတေ့ မိတ်ဆွေ၏
တချို့နဲ့ စားသောက်ကြဖို့ ရောက်ခဲ့ပါတယ်၊
ဆိုင်တော်တော်များများက လာရောက် စားသောက်ကြသူများနဲ့ ပြည့်လို့နေသလို
စားသောက်နေကြသူများကလည်း
မြိန်ရေယှက်ရေ စားသောက်နေကြတာကိုသာ
တွေ့မြင်ရပါတယ်၊ နေရာကလည်း မြို့လယ်ခေါင်အချက်အချာကျတဲ့ နေရာတွေမှာ
တည်ရှိတာပါ၊
ဆိုင်တွေရဲ့ ပြင်ဆင်ထားပုံတွေနဲ့ မီနူးတွေမှာ ရေးသားထာတဲ့
ပုံတွေကြည့်လိုက်ရတာကတော့ အပီအပြင် အမှန်အကန် ထိုင်းစာ
ရောင်းနေသလိုသာပါ၊ မှာမက်ပြီးလို့ စားကြည့်လိုက်တဲ့ အခါမှာတော့
ဘန်ကောက်မြို့က ဒီလိုလမ်းဘေးဆိုင် အရသာမျိုး မပြောပါနဲ့
ဖြစ်သလိုသာ ချက်တတ်တဲ့ ပါရီမြို့က ချက်ကြီးငတေရဲ့ (ထိုင်းစာ) လက်ရာကို
ခြေဖျား မမှီပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ၊

ဒါပေမယ့်ခင်ဗျာ၊ အဲဒီလို
ယိုးဒယားစာဆိုင်အတုတွေမှာ စားနေကြသူ အများစုထဲမှာ
အမှန်တကယ် အားရပါးရ စားနေသူများကိုလည်း တွေ့ခဲ့ရတာကြောင့်
အမှန်တကယ် အားရပါးရ စားနေသူများကိုလည်း တွေ့ခဲ့ရတာကြောင့်
သူတို့ တတွေဟာ ထိုင်းကို ဘန်ကောက်မြို့ကို တကယ် မရောက်ဖူးကြလို့ပါဘဲလား၊
ဒါမှမဟုတ် ဥရောပရောက် အာဆီယံက တရုတ်ချက်ကြီးတွေ ချက်ပြုတ်ကြတဲ့
ထိုင်း အစားအစာကိုသာ စားဖူးကြလို့လား မသိပါဘူး ခင်ဗျာ၊
မောင်ရင်ငတေတော့ အဲဒီလိုသူမျိုးတွေကို လက်တို့ပြောလိုက်ချင်တာက ထိုင်းကိုသွား
လမ်းဘေးမှာစားကြည့် အဲဒါမှသာ ထိုင်းစာစစ်စစ် စားသုံးရမယ် ဆိုတာကိုပါခင်ဗျား၊

ဥရောပရဲ့ ထိုင်းဆိုင်ယိုးဒယားဆိုင် ဆိုတာတွေက ဥရောပသားတွေ စားလို့ဖြစ်အောင်
အချိုကဲ ချက်ကြရင်းနဲ့ ထိုင်းအရသာပျောက်ပြီး တရုတ်အစာလို ချိုချဉ်ချက်တွေ
ချိုချဉ်ကြော်တွေသာ ဖြစ်လို့ လာနေကြောင်းပါ၊
ပြောမယ့်သာ ပြောရတာပါ၊ သူများ တကာ ကျွေးမယ်ဆိုရင်တော့
မောင်ရင်ငတေလည်း ငတ်ငတ်နဲ့ တွယ်ရတာပါပဲလေ၊
ကျောက်ဖုရားမြစ်ကမ်းနဘေးက
ဖျာခင်းထိုင်တဲ့ဆိုင် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ လွမ်းရတဲ့ ဘီကေကေရဲ့ကျောက်ဖုရားမြစ်နဘေးက ဆိုင်ကလေး
တဆိုင် ရှိပါတယ်၊ အမှန်တကယ် ထိုင်းစာစစ်စစ်တွေ စားချင်လှပါရင်တော့ အခုလိုမျိုး
ဘန်ကောက် ကျောက်ဖုရားမြစ် နဘေးက ဖျာဆိုင်လေးတွေမှာလည်း အရသာကောင်းကောင်း
စားရနိုင်ပါတယ်၊
ဒါမျိုးဆိုင်လေးတွေ ထိုင်ဖြစ်ဖို့ဆိုတာကလည်း ဘန်ကောက်ရောက်ဖူးသူတိုင်း
ထိုင်ဖြစ်ဖို့ မလွယ်ပါဘူး၊ အဲဒီဆိုင်လေးကို မောင်ရင်ငတေ ရောက်ခဲ့ဖူးရတာကတော့
ဗမာပြည်သား ကဗျာဆရာ တယောက်ကြောင့်ပါ၊
အဲဒီလို ဘဝသမား ကဗျာဆရာ နေထိုင်နေရာ ရပ်ကွက်က ကျောက်ဖုရားမြစ် နဘေးမှာပါ၊
မြစ်ကမ်း နဖူးမှာ ညနေခင်း ခြေခင်းလက်ခင်းသာယာတဲ့အချိန်
အပန်းဖြေလိုသူတွေအတွက် လျှောက်လမ်းလေးတွေ ရှိသလို အဲဒီလို
ဖျာခင်းထိုင် စားသောက်လို့ရတဲ့ ဆိုင်လေးတွေလည်း ရှိပါတယ်၊
ျမာင်ရင်ငတေနဲ့ ကဗျာဆရာကတော့ ပိုပြီးလွတ်လပ်လိုစိတ်ကြောင့်
ဖျာဆိုင်မှာထိုင်မစားဖြစ်ကြပါဘဲ မြစ်ကမ်းနဖူးရဲ့ ဘောင်ပေါ်မှာ
မှာစားဖြစ်ခဲ့ပါတယ်၊ ရခဲလှပါတဲ့ လူဘဝရဲ့ မေ့မရဘွယ်ရာ ညလေးတညပေါ့ ခင်ဗျာ၊
မှတ်မှတ်ရရ အဲဒီညက
ဂျန်နဝါရီ လေးရက် ပြာသိုလပြည့်ညဖြစ်လို့ လွတ်လွတ်
လပ်လပ် သာနေတဲ့ လရောင်အောက် မြစ်ကူးတံတားကြီးမှာ ထွန်းညှိထားတဲ့
အလင်းရောင်တွေကလည်း မြစ်ရေပြင်မှာ ရောယှက်လို့ လှပသာယာနေပါတယ်၊
မြစ်ရေပြင်ကို ဖြတ်သန်းလာတဲ့ လေပြေလေညှင်းကလည်း အေးမြမြနဲ့ဆိုတော့
မောင်ရင်ငတေတို့ နှစ်ယောက်လည်း ရင်ကိုနွေးစေဖို့ တခွက်တဖလားပေါ့ခင်ဗျ၊

မှတ်တမ်းတင်ဖို့ကလည်း
မမေ့မလျှော့ မှတ်တမ်းတင်ရသေးသပေါ့လေ၊ ဒီမှတ်တမ်းတွေက
ဒီအချိန် ဒီအခါမှာတော့ လွမ်းစရာဖြစ်လာသလို အလွမ်းဖြေစရာတခုလို့လည်း ပြောလို့ရပါပြီ၊
နောက်တကြိမ် တခါလောက်တော့ ဆုံခွင့်ရချင်ပါသေးတယ် ကဗျာဆရာကြီး ရေ၊
ဒီအချိန် ဒီအခါမှာတော့ လွမ်းစရာဖြစ်လာသလို အလွမ်းဖြေစရာတခုလို့လည်း ပြောလို့ရပါပြီ၊
နောက်တကြိမ် တခါလောက်တော့ ဆုံခွင့်ရချင်ပါသေးတယ် ကဗျာဆရာကြီး ရေ၊
ဘန်ကောက်
မြို့ပြင်က ဘူဖေးပင်လယ်စာ အဝစားဆိုင် (ဓါတ်ပုံ မရငတ)
အဲဒီ ကဗျာဆရာကြီးလိုက်ပို့လို့ ဘူဖေးပင်လယ်စာ အဝစားဆိုင် တဆိုင်ကို
ရောက်ခဲ့ရပါသေးတယ်၊ ဘန်ကောက် မြို့ပြင်စပ်စပ် တနေရာမှာပါ၊
သွားရေးလာရေး မခက်လှတဲ့ နေရာပေါ့၊
လမ်းဘေးဆိုင် ခပ်သေးသေး မဟုတ်ပါဘူး၊ ခြံကျယ်ဝန်းကျယ်မှာ စားပွဲဝိုင်းတွေနဲ့
အုပ်စုလိုက် လွတ်လပ်အေးဆေး စကားကြီး စကားကျယ်တွေ ပြောလို့ကောင်း
စားလို့ကောင်းတဲ့ နေရာမျိုးပေါ့၊
ဆဝါဒီ ခပ်တွေ ခတွေ ပြောစရာ မလိုပါဘူး၊ ရွှေစကား ပြောလို့ရပါတဲ့ ဆိုင်တဆိုင်ပါ၊
အဲဒီ ဆိုင်က ယိုးဒယားမလေးတွေက ရွှေစကား တကူးတက သင်ယူထားတာတော့
မဟုတ်ပါဘူး၊
မောင်ရင်ငတေတို့ရဲ့ ရွှေမလေးတွေက ဆဝါဒီခကို ကျွမ်းကျင်ပိုင်နိုင်စွာ
ပြောဆိုနိုင်နေကြတာပါ၊ ချီးကျူးစရာပါ ခင်ဗျာ၊
အိုင်အက်ဖ်အယ်လ် အိုင်အယ်လ်ဘီစီတို့လို ဘယ်ကျောင်း ဘယ်သင်တန်းမှ
မတက်ခဲ့ဖူးကြပါဘဲ ဘဝပေး တက္ကသိုလ်ရဲ့ လက်ချာတွေနဲ့ ယိုးဒယား
စကားပြော ဒီပလိုမာ ပိုင်ရှင်တွေပါ၊
ပင်လယ်စာတွေက လတ်ဆတ်သလို ကြိုက်ရာယူစား စနစ်ဆိုပေမယ့် အဲဒီခါတုန်းက
မောင်ရင်ငတေ သိပ်များများ မစားဖြစ်ခဲ့မိလို့ အခုမှ ပြန်တမ်းတနေမိတာပါ၊
ဈေးကလည်း အတော်သက်သာပါတယ်၊
ရွှေပြည်တော်က နိုင်ငံခြား စံချိန်မှီ အဆင့်မြင့်ဆိုင်များကဈေးထက်
မနှိုင်းယှဉ်နိုင်အောင် အများကြီး ချိုသာပါကြောင်း ပြောကြပါတယ်၊
မောင်ရင်ငတေတော့ ပြည်တော်ပြန်သူ မဟုတ်လို့ မသိပါဘူး သူများတွေ ပြောကြတာပါ၊
ဥရောပက ဆိုင်တွေမှာ ဘာမဟုတ်တဲ့ ခေါက်ဆွဲစွပ်ပြုတ် တပွဲကို ၇ ယူရို ထိုင်းဘတ်ငွေ
၂၈၀ လောက် ပေးစား နေရတဲ့ မောင်ရင်ငတေအတွက်ကတော့ မေ့မရနိုင်ခြင်းတွေက
ဗိုက်ဆာလာချိန်တိုင်းမှာလို့ ဆိုရရင် ကိုယ်ချင်းစာတတ်သူတိုင်းက မှားတယ်လို့
ပြောချင်ကြမှာ မဟုတ်ပါဘူး၊
ကဗျာဆရာကြီးရေ နောက်တခါတွေ့ကြရင် ထပ် သွားစားကြရအောင်ဗျာ၊
ပသူနမ်
၁၉ လမ်းရောက် တန်းစီတိုးစားနေကြသူများ (ဓါတ်ပုံ မရငတ)
ဘီကေကေခေါ် ခွန်ထိုင်းတို့ရဲ့ မြို့တော်ကြီးမှာ ဈေးခပ်ပေါပေါ စားကောင်းသောက်
ကောင်းလှပါတဲ့ ဆိုင်လေးတွေ ဆိုင်လေးတွေ နေရာတကာ လမ်းနဘေးမှာ အစီအရီ
တန်းစီလို့ ရှိနေတဲ့ နေရာမျိုးမှာ အဲဒီလိုမျိုး တန်းစီတိုးစားနေကြတာကို တွေ့ရပါတော့
မောင်ရင်ငတေ တော်တော် အံ့သြမိရပါတယ်၊
ရောင်းတာကလည်း ထူးထူးခြားခြားရယ်လို့ မမြင်မိပါဘူး၊ ခေါက်ဆွဲပြုတ် ဆိုင်တဆိုင်သာပါ၊
စားနေ ကြသူတွေ ကြည့်လိုက် ပြန်တော့လည်း တသက်လုံးလိုလို ခေါက်ဆွဲစားရင်း
မျက်နှာသစ် လာကြတဲ့ ဆွေမျိုးပေါက်ဖော်တတွေသာပါ၊
မောင်ရင်ငတေက စိတ်ဝင်စားလို့ အဲဒီဆိုင်ကို စားကြည့်မယ်ကြံပြီး အစဉ်ပြေတဲ့
မနက်တိုင်း သွားစောင့်ကြည့်တော့လည်း တန်းစီနေကြသူတွေဟာ မနေ့က
သူတွေသာ ဖြစ်နေမလား တွေးမိရပါတယ်၊ ရုပ်တွေကလည်းတူနေတာကိုး၊
သူတို့ဟာ ခေါက်ဆွဲတခွက်အတွက် ဒီလောက် စိတ်ရှည်ရှည် တန်းစီနေကြတာဆိုတော့
အဲဒီဆိုင်ဟာ တော်တန်ရုံထက်တော့ သာနေမှာ အမှန်ပါ၊ စင်ကာပူတွင် ဆိုင်ခွဲ လုံးဝ မရှိကြောင်း
ကြော်ငြာထားတာကိုလည်း တွေ့မြင်ရမှာပါ၊
ဒါပေမယ့် တန်းစီစားဖို့ အချိန်မပေးနိုင်လို့ မောင်ရင်ငတေ စားခွင့်မကြုံခဲ့ပါဘူး၊
အဲဒီဆိုင်က ဘီကေကေ မြို့တော်ကြီးရဲ့ အသည်းနှလုံး ပသူနမ်ဈေးနားက
လမ်းကြား ၁၉ လမ်းထဲမှာ ရှိပါတယ်၊
မောင်ရင်ငတေတို့ မဟာရန်ကုန် ရွှေမြို့တော်ကြီး ၁၉ လမ်းရဲ့ ညဥ့်ဦးယံဖီလင်များနဲ့ကတော့
တူနိုင် လိမ့်မယ် မထင်မိပါဘူး၊ ဒီမှာလည်း ညနေခင်း ညဥ့်ဦးယံဆိုင်များကတော့ သီးသန့်
ရှိတာပေါ့လေ၊
ပသူနမ်
၁၉ လမ်းရောက် တန်းစီတိုးစားနေကြသူများ (ဓါတ်ပုံ မရငတ)
ဘီကေကေ မြို့တော်ကြီးကို တနှစ်တနှစ် လာရောက်လည်ပတ်ကြပါတဲ့ လူဖြူ လူမည်း လူဝါ
လူညို အနောက်တိုင်းသား အရှေ့တိုင်းသားတွေ စုစုပေါင်း သန်း သုံးဆယ်လောက် ရှိပါတယ်၊
ဘီကေကေ မြို့တော်ကြီးကို တနှစ်တနှစ် လာရောက်လည်ပတ်ကြပါတဲ့ လူဖြူ လူမည်း လူဝါ
လူညို အနောက်တိုင်းသား အရှေ့တိုင်းသားတွေ စုစုပေါင်း သန်း သုံးဆယ်လောက် ရှိပါတယ်၊
အဲဒီထဲမှာမှ ၆၀ ရာခိုင်နှုန်းလောက်က တရုတ်ကြီး
အပါအဝင် အာဆီယံနဲ့ အရှေ့အာရှ
သားတွေပါ၊
အဲဒီ သန်းချီ နေတဲ့ တရုတ်နွယ်ဖွားတွေ ဘန်ကောက်လမ်းမကြီးများပေါ်မှာ နေ့စဉ်နဲ့
အမျှ တိုးဝှေ့နေတာကို တွေ့ရ မြင်ရတာက မဆန်းလှတဲ့ မြင်ကွင်းတွေလို့သာ ဆိုရပါမယ်၊
သားတွေပါ၊
အဲဒီ သန်းချီ နေတဲ့ တရုတ်နွယ်ဖွားတွေ ဘန်ကောက်လမ်းမကြီးများပေါ်မှာ နေ့စဉ်နဲ့
အမျှ တိုးဝှေ့နေတာကို တွေ့ရ မြင်ရတာက မဆန်းလှတဲ့ မြင်ကွင်းတွေလို့သာ ဆိုရပါမယ်၊
ဘီကေကေ
၁၉ လမ်း ဘိုင်ယုဒ်နဲ့ ဂျောင်ကျကျ မုန့်ဟင်းခါး (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ ဒီတခေါက် ဘန်ကောက်မြို့တော်ရောက်တော့ တည်းခိုဖြစ်တာက
ဘန်ကောက်မြို့ အချက်အချာ Water Gate အဓိပ္ပါယ်ရပါတဲ့ Pratu Nam ပသူနမ်
ဆိုတဲ့ ဈေးနားမှာ ဖြစ်နေတာမို့လို့ မိုးမျှော် Baiyoke Tower ဘိုင်ယုဒ်တာဝါ အဆောက်အဦး
နှစ်ခုအောက်က ပသူနမ်ဈေးဝန်းကျင်ကို နေ့စဉ်လိုလို ရောက်ခဲ့ပါတယ်၊
လေးဆယ့်လေးထပ် မြင့်တဲ့ မူလလက်ဟောင်း ဘိုင်ယုဒ်နဲ့ ရှစ်ဆယ့် ငါးထပ်မြင့်တဲ့
ဘိုင်ယုဒ်အမှတ်နှစ် မိုးမျှော် အဆောက်အဦး နှစ်ခုကြားမှာ ပြားပြားဝပ်နေတဲ့ ပသူနမ်
ဈေးကို မရောက်ဖူးရင် ဘန်ကောက် ရောက်တယ်လို့ မမည်ပါဘူး၊
အဲဒီ ဈေးဆိုင်တွေမှာ ရွှေပြည်သူ ရွှေပြည်သားတွေ ကြီးစိုးနေတယ်လို့ ပြောမယ်ဆိုရင်
မလွန်ပါဘူး၊ ဘယ်လောက်များများ ရှိနိုင်မလဲ ဆိုတာ ..... ဘယ်သူမှ မပြောနိုင်ပေမယ့်
သေချာတာကတော့ ဆိုင်လေးတဆိုင်ကို တယောက်နှုန်း အနည်းဆုံး ရှိနေတာပါ၊
အဲဒီလို ရွှေသူရွှေသားတွေ ရှိနေတော့ ပေါများလှတဲ့ ထိုင်းစာဆိုင်တွေကြား
ရွှေအစာဆိုင်လေးတွေ တဆိုင်တလေရှိနေတာကတော့ မထူးဆန်းပါဘူး၊
ဒါပေမယ့် ခမ်းခမ်းနားနား မတွေ့ရလေတော့ မောင်ရင်ငတေ စိတ်ထဲမှာ သိပ်တော့
ဘဝင်မကျမိပါဘူး၊ ဘာတတ်နိုင်မလဲလေ၊
ဘီကေကေ
၁၉ လမ်း ဘိုင်ယုဒ်နဲ့ ဂျောင်ကျကျ မုန့်ဟင်းခါး (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေ အဲဒီ နေရာနားကနေ မနက်တိုင်းလို ဖြတ်သန်းသွားဖြစ်ခဲ့တော့
အားပေးဖြစ်ပါတယ်၊ ဆိုင်လေးတွေက ထမင်းဆိုင် မုန့်ဟင်းခါးအသုပ်ဆိုင်
ကုန်စုံဆိုင်လေးတွေပါ၊
ပိုင်ဆိုင်မှုတွေ ဘာညာ တွေက ဘယ်လိုရှိတယ် ဆိုတာကိုတော့
မမေးမြန်းဖြစ်ခဲ့ပါဘူး၊ ရွှေစားသောက်ဆိုင်စစ်စစ်ကို မထိုင် ရတာ
အတော်ကြာပြီဆိုတော့ မဆိုးလှပါဘူး၊
ဆိုင်တည်ရာကတော့ ပသူနမ်ဈေးရဲ့ အစည်ကားဆုံး လမ်းတလမ်းလို့
ပြောရင်ရမယ် ၁၉ လမ်းရဲ့ ဂျောင်အကျဆုံး နေရာမှာ တည်ရှိပါတယ်၊
အဲဒါကြောင့် ဆိုင်ဖွင့်ထားသူ ကိုယ်တိုင်က ပေးခဲ့တာလား အားပေးကြတဲ့
စားသုံးသူတွေ ပေးခဲ့တာလား မသိနိုင်ပါဘူး၊
ဆိုင်အမည်ကိုက ဘန်ကောက် ၁၉ လမ်း ဂျောင်ကျကျ မုန့်ဟင်းခါး ဆိုင်ပါတဲ့၊
ဘယ်လိုပဲဖြစ် ဖြစ်ပါ၊
မောင်ရင်ငတေတို့လို ရွှေစာငတ်သူများကတော့ မနက်တိုင်းမှာ အားပေးနေကြတာကို
တွေ့ခဲ့ ရပါတယ်၊ တခြားသော ဘန်ကောက်ရွှေဆိုင်များကိုတော့ အကြောင်းမသင့်လို့
မရောက်ဖြစ်ခဲ့ပါဘူး၊
ခွန်ထိုင်းတွေရဲ့
နိစ္စဓူဝ စားစရာတွေ အများကြီးကြားထဲက တခုကိုသာ ရွေးပါဆိုရင်
မောင်ရင်ငတေ ရွေးပြချင်မိတာက Kuai-Tiao ကွေ့တယိုပါ၊ ထိုင်းရောက်ဖူးသူတိုင်း
စားဖူးကြမှာပါ၊
အခု နောက်ပိုင်း ရွှေပြည်တော်တဝှန်း ထိုင်းစာဆိုင်တွေအဖွင့်များလာတယ်ဆိုတော့
ရွှေသူရွှေသားတွေလည်း စားဖူး ကြသူ များမှာပါ၊ ထိုင်းတနိုင်ငံလုံးမှာတော့
လမ်းတိုင်း လမ်းထောင့်တိုင်းမှာ တွေ့မြင်ရမှာပါ၊

ချင်းမိုင်
အရှေ့မြောက်ကျုံးဒေါင့်က ကွေ့တယိုဆိုင် (ဓါတ်ပုံ မရငတ)
ခွန်ထိုင်းတို့ရဲ့ နာမည်ကျော် Kuai-Tiao ကွေ့တယို လို့ ခေါ်ကြတဲ့
မူလလက်ဟောင်း ခေါက်ဆွဲပြုတ် ဆိုင်ကလေး တဆိုင်ပါ၊
ဒီကနေ့မှာ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ကြီးဖြစ်နေပြီး အတိတ်တချိန် ကတော့
ဇင်းမယ်ဆိုပြီး မောင်ရင်ငတေတို့ ရွှေပြည်သားတွေ ခေါ်ဝေါ်ခဲ့ကြတဲ့
ချင်းမိုင်နေပြည်တော် ဟောင်းကြီးရဲ့ အရှေ့မြောက် ကျုံးဒေါင့်နားမှာ တည်ရှိပါတယ်၊
အဲဒီဆိုင်ကလေးကို မောင်ရင်ငတေ မမျှော်လင့်ဘဲ ရောက်သွားခဲ့ပြီး စားခဲ့ရတာပါ၊
သိပ်အကောင်းစားကြီးတော့ မဟုတ်ပါဘူး၊ စားပျော်ရုံ အဆင့်သာပါ၊
ဆိုင်အခင်းအကျင်း အပါအဝင် တခြား ဘာတခုမှလည်း အပိုဆာဒါး
မတွေ့ရှိရခဲ့သလို ခွန်ထိုင်းတို့ စားနေကျ မနက်စောစောစာ နယ်မြို့ တမြို့က
ဆိုင်တဆိုင်ပါ၊
ဆိုင်အနေအထားကသာ ဘာမှမဟုတ်လောက်ပေမယ့် ဆိုင်တည်ရှိရာ နေရာကတော့
မောင်ရင်ငတေတို့ရဲ့ မန်း ရတနာပုံ နေပြည်တော်ဟောင်းကြီးမှာဆိုရင်ဖြင့် ကျပ်အားဖြင့်
သိန်းပေါင်းသောင်းဂဏန်းလောက် ပေါက်ဈေး ရှိများ နေမလားလို့ တွေးမိရကြောင်းပါ ခင်ဗျာ၊
သဘောမနော ကောင်းလှပါတဲ့ ဆိုင်ရှင် အဖွားကြီးနဲ့ စကားစမည် ပြောခွင့်ရခဲ့ပေမယ့်
လေးငါးဆယ်ခွန်းလောက် ပြောအပြီးမှာတော့ သူ့စကားကိုယ်မသိ ကိုယ့်စကား
သူမသိနဲ့ ခြေတွေလက်တွေနဲ့သာ ပြောပြီးခဲ့ရပါတယ်၊
လိုက်ပို့ပေးတဲ့ မောင်ရင်ငတေရဲ့ ဇင်းမယ်ရောက် သူငယ်ချင်း တယောက်ကလည်း
ထူးမခြားနားပေမို့ ရှင်းလေ ရှုတ်လေပါ၊
ဆိုင်ရှင် အဖွားကြီးကတော့ လောကွတ်တွေ သိပ်ကောင်းပြီး မောင်ရင်ငတေတို့တွေ
နားမလည်မှန်း သိလေ ပိုပြီး ရှင်းပြလေနဲ့ နောက်ဆုံးမှာတော့ ဆိုင်ရဲ့တနေရာမှာ ထိုးထားတဲ့
အင်္ဂလိပ်စာနဲ့ မီနူးကဒ်ပြားကို ပြန်ရှာတွေ့ပြီး လက်ညိုးတထောက်ထောက်နဲ့ အခုစားတာဘာ
ဒါကဘာတွေဆိုပြီး ရှင်းပြနေလေရဲ့၊
ဆိုင်ရှင် အဖွားကြီး လောကွတ် စေတနာကောင်းပြီး ထည့်ပေးတဲ့ အထဲမှာ
ထူးထူးခြားခြား တွေ့ရတဲ့ အဖြူရောင် အတုံးကြီးက ဘာလဲမေးတော့ မုန်လာဥဖြူကြီးပါတဲ့၊
နားလည်လို့ မဟုတ်ပါဘူး၊ သေချာ ကြည့်လို့ သိတာပါ၊
မောင်ရင်ငတေ အရင် စားဖူးခဲ့တာတွေမှာ သတိမထားမိလို့များလား မသိပါဘူး၊
မုန်လာဥနဲ့ ကွေ့တယို အဲဒီတကြိမ် စားခဲ့ရဖူးတာပါ၊
အဲဒီလိုမျိုး တော အဖွားကြီးရဲ့ သဘောကောင်း တာမျိုးကတော့ ဒီကနေ့ခေတ်မှာ
သိပ်မတွေ့ရတော့တဲ့ ချစ်စရာ ဓလေ့ပါ၊
(Kuy Teav) (ก๋วยเตี๋ยว Kuai-Tiao) (Hủ Tiếu) (ဓါတ်ပုံ မရငတ)
အမှန်တကယ်အားဖြင့်တော့ Kuy Teav,Kuai-Tiao ဆိုတာ မူလလက်ဟောင်း
တရုတ်လူမျိုးတွေရဲ့ ဆန်ခေါက်ဆွဲပြုတ်ပါ၊
ဆန်ခေါက်ဆွဲ ညှပ်ခေါက်ဆွဲ ကြာဆံဖတ်တွေကို နန်းကြီး နန်းလတ် နန်သေး နန်းပြား
ပုံစံမျိုးစုံနဲ့ ကြက် ဝက် ဘဲ အမဲ ငါး အသားမျိုးစုံ (တကယ်တမ်းတော့ ရှိရာ
ရရာ ဈေးပေါရာ အသားတွေ အရွတ်တွေ ကလီဇာတွေ) ထည့်ပြုတ်နည်းသာပါ၊
တချို့တွေကလည်း အသားရယ်လို့ မဟုတ် အသားငါး ကြုံရာကို ဂျုံနဲ့လှိမ့် လုံးပြီး အသားလုံး
ငါးလုံးတွေ ထည့်စားကြပါတယ်၊ အရည်နဲ့ ကြိုက်ရင်အရည် အခြောက်ကြိုက်ရင်အခြောက်
ကြိုက်နှစ်သက်သလို တရွာတပုဒ်စမ်း စားကြတာ မျိုးပါ၊
ကမ္ဘောဒီးယား ခမာလူမျိုးတွေကတော့ Kuy Teav (K'tieu) ဆိုပြီး ခေါ်ကြတာမို့ ထိုင်းတွေရဲ့
အသံထွက်နဲ့ အတော်တူပါတယ်၊ တရုတ်ကနေ ကမ္ဘောဒီးယားကိုရောက် ကမ္ဘောဒီးယား
လူမျိုးတွေ က ထိုင်းမြေကို သယ်လာတယ်လို့ ဆိုကြပါတယ်၊
Sài Gòn ဆိုင်ဂုံခေါ်
Hồ Chí Minh ဟိုချီမင်းနယ်သား တောင်ဗီယက်နမ်တွေကတော့
Hủ Tiếu လို့ ခေါ်ကြပြီး မြောက်ဗီယက်နမ် Hà Nội ဟနွိုင်နယ်သားတွေရဲ့ အမဲသားအရွတ်ပြုတ်
Phở နဲ့ အလား သဏ္ဌာန် သိပ်မကွာလှပါဘူးတဲ့၊
ဗီယက်နမ်စစ်ပွဲ အပြီးမှာတော့ ရွှေ့ပြောင်းအခြေချ ဗီယက်နမ်တွေနဲ့အတူ Phở ခေါ်တဲ့
အမဲသားခေါက်ဆွဲပြုတ်ဆိုင်လေးတွေ အနောက်တိုင်းနိုင်ငံတွေမှာ ခေတ်စားလို့
လာခဲ့ပါတယ်၊ Hủ Tiếu အမည်ကတော့ အခေါ်ရခက်လို့လား မသိပါဘူး၊ Phở ကတော့
လူတိုင်းသိ ကြပါတဲ့ စားစရာတမျိုး ဖြစ်နေပါပြီ၊

ချင်းမိုင် အရှေ့မြောက်ကျုံးဒေါင့်က
ကွေ့တယိုဆိုင်
(ဓါတ်ပုံ မရငတ)
ကွေ့တယို ပြုလုပ်နည်းက ဘာမှခက်လှတယ် မဟုတ်ပါဘူး၊ နည်းနည်းပါးပါး
ချက်ချင်ပြုတ်ချင်ပါတဲ့ ဇကလေးရှိရင် ကိုယ်တိုင်စမ်းချက်ကြည့်လို့ ရပါတယ်၊
ပါဝင်ရမယ့် အစာပလာတွေကတော့ အဓိက ကွေ့တယိုဖတ် (တချို့တွေကတော့
ရေစိမ်ခေါက်ဆွဲဖတ်လို့ ပြောကြပါတယ်၊) ကိုယ်ကြိုက်ရာပေါ့၊
နောက်ပြီး အရိုးပြုတ်ရည် (ဓါတ်ပုံထဲကဆိုင်က အိုးထဲမှာတော့ အကန့်သုံးကန့်ခွဲထားပြီး
ကြက်ဝက် ငါး) သုံးမျိုးလို့ ပြောပါတယ်၊ အသားလုံး ငါးလုံးတွေရယ် ခပ်နီနီ
ဘဲကင်အသားကင်လိုမျိုးတွေရယ်နဲ့ ဖက်ထုတ်ကြော် ပါဝင်ပါမယ်၊ အရွက်တွေကတော့
ကြိုက်နှစ်သက်ရာပါ၊
တရုတ်နံနံ ကြက်သွန်မိတ် ဂေါ်ဖီရွက် ပဲပင်ပေါက် ကန်စွန်းညွန့် ပဲသီး ကြိုက်ရာပါ၊
စားပွဲပေါ်မှာတော့ ငရုတ်သီးမှုန့်နဲ့ တွဲရက်က ထိုင်းစတိုင်လ် မပါမဖြစ်ပါရမယ့် သကြားပါ၊
အဓိကကျမှုကတော့ အရိုးပြုတ်ရည် ကောင်းဖို့ပါလို့သာ မောင်ရင်ငတေ ထင်မြင်မိပါတယ်၊
Kuai-Tiao
ဆိုတဲ့စကားလုံးက တရုတ်စကား Tiáo-Kuài ကနေ လာတာပါလို့လည်း
ဆိုကြပါတယ်၊
ဆိုကြပါတယ်၊
အဲဒါနဲ့ မောင်ရင်ငတေလည်း ဘာသာပြန် လိုက်ရှာကြည့်လိုက်တော့ "Branch and Lump"
ဆိုပြီး တရုတ်တွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အသုံးအနှုံး ဖြစ်နေတာကို တွေ့ရပါတယ်၊
ဘယ်လို ဘယ်လိုလုပ် သက်ဆိုင်နေသလဲ ဆိုတာကိုတော့
စိတ်ရှုတ် ခေါင်းရှုတ်ခံပြီး မောင်ရင်ငတေ ဆက်မလေ့လာတော့ ပါဘူး၊
ခေါက်ဆွဲပြုတ်ဆိုတဲ့ အဓိပ္ပါယ်ရရင် ပြီးတာပါ မဟုတ်လား၊
Dry
Bami Haeng ခေါက်ဆွဲပြုတ် (ဓါတ်ပုံ
မရငတ)
မောင်ရင်ငတေရဲ့ အကြိုက်ကတော့ ဆန်ခေါက်ဆွဲနဲ့ လုပ်တဲ့ ကွေ့တယို မဟုတ်ပါဘဲ
ဂျုံခေါက်ဆွဲနဲ့ လုပ်တဲ့ Bami Haeng ခေါ် အရည်မပါ ခေါက်ဆွဲပြုတ် အခြောက်ပါ၊
ပုံမှန်အားဖြင့်တော့ ကွေ့တယို ဆိုင်တွေမှာ ပူးတွဲ ရောင်းပါတယ်၊
ဂျုံခေါက်ဆွဲ ကွေ့တယိုလို့ ပြောရင်ရမယ် ထင်ပါတယ်၊
အဲဒီ Kuai-Tiao နဲ့ အသံထွက်ကောစာလုံးပေါင်းဆင်တူ Char Koay Teow ဆိုတာ
ရှိပါသေးတယ်၊ မလေးရှား စင်ကာပူ အင်ဒိုနီးရှား ကျွန်းတွေကို ရောက်သွားရင်တော့
Char Koay Teow (Kwetiau Goreng) ဆန်နန်းပြားခေါက်ဆွဲကြော် ဖြစ်သွားပါပြီ၊
ပင်လယ်စာ ပဲပင်ပေါက် ကြက်သွန်မိတ်နဲ့ အစို ကြော်ထားတဲ့ ပီနန်မြို့ကကြော်တဲ့
Penang Char Koay Teow ဆိုတာကတော့ ဟောင်ကောင်မှာ နာမည်
အတော်ကြီးတယ် ဆိုပါတယ်၊ အခြေခံ လူတန်းစားတွေရဲ့ ပေါချောင်ကောင်း စားစရာတမျိုး
အဖြစ် နာမည်ကြီးပါတယ်၊
မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးမှာတော့ Char KwayTeow ဆိုတာက ဘိတ်
ကတ်ကျေးကိုက်နဲ့ တူတူပါတဲ့၊ ကြော်နည်းလှော်နည်းတွေက ခပ်ဆင်ဆင် သိပ်မကွာကြပါဘူး၊
ဘိတ်ကပ်ကျေးကိုက်မှာ
မပါမဖြစ်တဲ့ Coconut Vinegar ပအုန်းရည် ဆိုတာကို
ပြင်သစ်ပြည်ကြီးမှာ Paris Store ဆိုတဲ့ နာမည်ကြီး အာရှ အစားအစာရောင်းတဲ့
ဆိုင်တွေမှာ ဝယ်လို့ ရနိုင်ပါတယ်၊ အဲဒီ ပအုန်းရည်ကို ဖိလစ်ပိုင်ပြည်က ထုတ်လုပ်တာပါ၊
ပြင်သစ်ပြည်ကြီးမှာ Paris Store ဆိုတဲ့ နာမည်ကြီး အာရှ အစားအစာရောင်းတဲ့
ဆိုင်တွေမှာ ဝယ်လို့ ရနိုင်ပါတယ်၊ အဲဒီ ပအုန်းရည်ကို ဖိလစ်ပိုင်ပြည်က ထုတ်လုပ်တာပါ၊
ထိုင်းမှာတော့
Phat Si-Io (Pad See Ew) သို့မဟုတ် Rat Na ဆိုတာက Char KwayTeow
တမျိုး ဖြစ်ပါတယ်တဲ့၊ Pad Thai ဆိုတာကတော့ ဆန်နန်းပြားအကြီးနဲ့ ကြော်တာမဟုတ်ဘဲ
ဆန်ခေါက်ဆွဲ နန်းပြားအသေးနဲ့ ကြော်တာပါ၊ လူမျိုးစုံတော့ ခေါက်ဆွဲလည်း မျိုးစုံ
အကြော်ခံရတော့တာပါပဲ၊
တမျိုး ဖြစ်ပါတယ်တဲ့၊ Pad Thai ဆိုတာကတော့ ဆန်နန်းပြားအကြီးနဲ့ ကြော်တာမဟုတ်ဘဲ
ဆန်ခေါက်ဆွဲ နန်းပြားအသေးနဲ့ ကြော်တာပါ၊ လူမျိုးစုံတော့ ခေါက်ဆွဲလည်း မျိုးစုံ
အကြော်ခံရတော့တာပါပဲ၊
ထိုင်းမုန့်ဟင်းခါး
Kanomjeen Namya (ဓါတ်ပုံ
မရငတ)
ထိုင်းအစာတွေထဲမှာ မောင်ရင်ငတေအကြိုက်ဆုံးအစာ နောက်တခုကို ပြောလှည့်ပါ
ဆိုခဲ့ရင်တော့ ထိုင်းမုန့်ဟင်းခါးပါ၊ ခနုံကျင်း အမည်ရပါတဲ့ ထိုင်းမုန့်ဟင်းခါးကတော့
ထိုင်းရိုးရာ အစာစစ်စစ်တခုလို့ ပြောလို့ရကြောင်းပါ၊
အမျိုးမျိုးသော အသားစုံကိုစားလေ့ရှိကြတဲ့ ထိုင်းလူမျိုးတွေဟာ မုန့်ဟင်းခါးကို
ဝက်ကလီဇာတွေနဲ့ ချက်စားတာလည်း ရှိကြပါတယ်၊
မောင်ရင်ငတေကတော့ ငါးဆိုရင် ဘာငါးမဆို ကြိုက်နှစ်သက်သူပီပီ ငါးနဲ့ချက်တဲ့ ထိုင်း
မုန့်ဟင်းခါး ขนมจีนน้ำยา (Kanomjeen Namya) ကိုသာ စားလေ့ရှိပါတယ်၊ နေရာတကာမှာ
ရနိုင်ပါတယ်၊
ကုန်တိုက်ကြီးတွေက ဆိုင်တွေထက် သာမန်ဆိုင် ဈေးလေးတွေမှာ ရောင်းတဲ့ဆိုင်တွေက
ပိုစားကောင်းပါတယ်၊ ဒါပေမယ့် မောင်ရင်ငတေ အခုခေါက် ရောက်တော့ အကြိမ်တော်တော်
များများ နေရာအနှံ့ ဆိုင်ကြီးဆိုင်ငယ်ဘုရားပွဲဈေးမကျန် လိုက်စား ကြည့်မိပါတယ်၊
တဆိုင်စိတ်တိုင်းမကျ နောက်တဆိုင် စားကောင်းနိုးနိုး စားခဲ့တာမှာ ပြန်ချိန်ကိုသာ
ရောက်လို့လာပါတယ်၊ စားရတာအရင်လို စိတ်တိုင်းမကျခဲ့ကြောင်းပါ၊
အသက်တွေကြီးလာလို့ ဇီဇာ ကြောင်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဟိုအရင်
လမ်းပေါ် တွေ့ကရာဆိုင်မှာ စားရတာလောက် မကောင်းတာက အသေအချာအပြင်
သခွားသီး ပဲသီးကအစ အရင်လို အရသာမရှိတော့ကြောင်းပါ၊
ဇင်းမယ်မြို့က
Isan Food ကလီဇာ အကြွပ်ကြော် (ဓါတ်ပုံ မရငတ)
ထိုင်းကိုရောက်ရင် မစားမဖြစ် စားဖူးကြမှာကတော့ မြောက်ပိုင်းစာပါ၊ ထိုင်းနိုင်ငံ
အရှေ့မြောက်ပိုင်း မြောက်ပိုင်းနယ်များနဲ့ လာအိုနယ်များက တိုင်းရင်းသားတွေရဲ့
ရိုးရာဆိုင်လေးတွေပါ၊
Isan အီဆန် အစားအစာလို့ ခေါ်ပါတယ်၊ အီဆန် အစားအစာ Isan Food ဆိုတာကတော့
ထိုင်းနိုင်ငံမြောက်ပိုင်း အရှေ့မြောက်ပိုင်း လာအိုနယ်စပ်တလျှောက် အရှေ့ခြမ်း
ကမ္ဘောဒီးယာနယ်တကြော ဒေသတွေမှာ ဟိုး ရှေးနှစ်ပေါင်း များစွာကထဲက စားလာကြတဲ့
အစာလို့ ဆိုပါတယ်၊
နာမည်ကြီး ယိုးဒယားစာတွေ ဖြစ်ကြတဲ့ သင်္ဘောသီးထောင်းလို Tom Yum Kung ခေါ်
ပုဇွန်ချဉ်စပ်ဟင်းရည် အသားကင်ငါးကင် တွေပါ၊ ကောက်ညှင်းနဲ့ တွဲစားကြတာပါ၊
သိပ်ထူးခြားလှတယ်တော့ မဟုတ်ပါဘူး၊
အရသာကတော့ အနည်းငယ် ကွဲပြားပါတယ်၊ မောင်ရင်ငတေ့အနေနဲ့
ထူးခြားတယ်ထင်တာကတော့ ဈေးနှုန်းတွေက သက်သာပြီး ပွဲသေးလေးတွေနဲ့
နည်းနည်းနည်းနည်းချင်း အသားစုံအူစုံကို အမျိုးမျိုးစားလို့ရအောင် ရောင်းချပေးတာပါ၊
ထိုင်းနိုင်ငံတဝှမ်းမှာ အီဆန်ဆိုင်လေးတွေကို အလွယ်တကူ ရှာဖွေလို့ တွေ့ရှိနိုင် ပါတယ်၊
အထူးသဖြင့်တော့ ဘန်ကောက်မြို့လို မြို့ကြီးပြကြီးတွေရဲ့ လမ်းနဘေးတွေမှာ ညနေချမ်း
ဆိုင်ကလေးတွေအဖြစ် အတွေ့ရများပါတယ်၊
ဈေးနှုန်းကတော့ ဆိုင်အနေအထားပေါ်မှာ မူတည်ပြီး ရှိပေမယ့် ပုံမှန်အားဖြင့်တော့
ဈေးသက်သာတဲ့ ဆိုင်မျိုးလေးတွေပါ၊ အသား အမျိုးစုံ ဝမ်းတွင်းသား ကလီဇာမျိုးစုံကို
ချက်ပြုတ် ကြော်လှော်သုပ် အစုံရပါတယ်၊
ထူးခြားတယ် ပြောလို့ရနိုင်တာကတော့ ကလီဇာမျိုးစုံ အကြွပ်ကြော်ပါ၊
မောင်ရင်ငတေတို့ အားကစားသမားတွေရဲ့ အကြိုက် ခပ်ကြွပ်ကြွပ် ကြော်ထားတာပါ၊
ဇင်းမယ်မြို့မှာ စားခဲ့ရတဲ့ အီဆန်ဆိုင်က ကလီဇာ အကြွပ်ကြော်ကိုတော့ တသက်
မေ့မရနိုင်တဲ့ အစားအစာ တခုအဖြစ် သတ်မှတ်မိပါတယ်၊
ဘီကေကေ လမ်းဘေးက အီဆန်ဆိုင်မှာ အဲလို အကြွပ်ကြော်မျိုး မောင်ရင်ငတေ
ကြော်ခိုင်းကြည့်တာ ဘယ်လိုမှ စံချိန်မီ မကြော်နိုင်ပါဘူး၊
ဘီကေကေ
လမ်းနဘေးက မေ့မရတဲ့ Isan Food (ဓါတ်ပုံ မရငတ)
အဲဒီလိုဆိုင်မျိုးလေးတွေမှာ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆုံတွေ့ကြရင်း ဘဝ
အမောတွေကို အာလာပ သလာပ ပြောဆိုရင်း တနေ့တာကို ကျော်ဖြတ်ဖို့
အကောင်းဆုံးသော နေရာလေးတွေပါ၊
ညနေချမ်း နေစောင်းချိန် ရောက်ရင်ဖြင့် ဒီလိုနေရာလေးတွေကို
သတိတရ ဖြစ်မိရတာက ကျော်ဖြတ်ဖူးသူတွေ ခံစားနားလည်နိုင်လိမ့်မယ် ထင်ပါတယ်၊
အဲဒါလေးတွေက မောင်ရင်ငတေရဲ့ လွမ်းရိပ်ထဲက
အဓိကနေရာများသာ ဖြစ်နေပါလိမ့်ဆိုရင် လွန်ပါလိမ့်မလား၊
ဒါပေမယ့် လိုချင်တိုင်း ဖြစ်ချင်တိုင်း မရနိုင်တဲ့ မဖြစ်နိုင်တဲ့ လူလောကရဲ့ သဘာဝအတိုင်း
အဲဒါတွေနဲ့ ဝေးရာကို မပြန်မဖြစ် ပြန်လာရပါတယ်၊
ဒီ နေရာမှာလည်း မပြန်မဖြစ်တို့ မသွားမဖြစ်တို့ မလုပ်မဖြစ်တို့ ဆိုတဲ့ သဘောတရားတွေကို
စဉ်းစား၍ ကြည့်တော့ မောင်ရင်ငတေကို အတင်းတားသူမရှိ အတင်းပြန်ခိုင်းသူ မရှိပါဘူး၊
ဘယ်သူကခိုင်းမှန်း မသိ အခိုင်းခံရပြီး ပြန်လာခဲ့ရတာပါ၊
လူထက် မောင်ရင်ငတေ ကိုင်ထားတဲ့ စာရွက်တွေရဲ့ အလိုကျ အခိုင်းခံရတယ်လို့သာ
ထင်မြင်မိရင်း သယ်ဆောင်ရာ လေယာဉ်ကြီးကိုစီးပြီး ဝေဟင်ခရီး ပြန်နှင်ခဲ့ရပါပြီ၊
အဲဒီလိုနဲ့ မွေးရပ်မြေ မဟုတ်တဲ့ အခြေချနေထိုင်ရာ လိပ်စာရှိရာ အရပ်ကို ပြန်ရောက်ခဲ့ပါပြီ၊
ပါရီပြန်ရောက်လို့
တပတ်မပြည့်သေးခင်မှာဘဲ မောင်ရင်ငတေရဲ့ပါးစပ်က
ယိုးဒယားစာလေးတွေကို လွမ်းလို့ လာပါတော့တယ်၊
ယိုးဒယားစာလေးတွေကို လွမ်းလို့ လာပါတော့တယ်၊
ယိုးဒယား မြေကြီးပေါ်မှာ ရက်ပေါင်းလေးဆယ်ကျော် ရောက်ရှိနေခဲ့စဉ် ယိုးဒယားစာနဲ့
ဗမာစာတွေကို စားခဲ့ရတာ အီသလို ရှိသွားခဲ့ပေမယ့်လည်း ဒီဗိုက်က ဒီ
အစာတွေကို သိပ်မကြာခင်မှာဘဲ ပြန်တမ်းတမိတာက လွန်လွန်းတယ်လို့သာ ဆိုရတော့ပါမယ်၊
အစားအသောက် မီးလိုတောက်
ဆိုတဲ့ စကားက မောင်ရင်ငတေလို
ကောင်စားမျိုးကို ပြောကြတာလို့ ထင်မိပါတယ်၊
တောကိုရောက်ရင် တောင်ပေါ်က အစာကို စားချင်နေမိပြီး တောင်ရောက်ရင်တော့
တောစာလေးတွေကို လွမ်းနေမိတတ်တာမျိုးပါ၊
ကောင်စားမျိုးကို ပြောကြတာလို့ ထင်မိပါတယ်၊
တောကိုရောက်ရင် တောင်ပေါ်က အစာကို စားချင်နေမိပြီး တောင်ရောက်ရင်တော့
တောစာလေးတွေကို လွမ်းနေမိတတ်တာမျိုးပါ၊
ဓါတ်ဆရာလေးရဲ့
ဓါတ်စာဆိုင် (Photo YAN NAUNG MMK)
အဲသလို မောင်ရင်ငတေ့ ထိုင်းစာလွမ်းချင်းတွေကို ဖတ်ရလွန်းတော့ မိုးမခက
မောင်ရန်နောင်ဆိုတဲ့ ဓါတ်ဆရာလေးက ဓါတ်ပုံတပုံကို ပို့ရင်း ဒီလိုရေးလာပါတယ်၊
“အခု
၂၀၁၅ ခုနှစ်စမှာ ပဲကပ်ကြော်တခုကို ကျပ်တရာ ပေါက်ဈေးရှိနေတယ်” လို့ပါ၊
ခင်ဗျာ၊ မောင်ရင်ငတေ မဲဆောက်မှာ ဝယ်စားခဲ့တာ ပဲကပ်ကြော် တခုကိုမှ
ခင်ဗျာ၊ မောင်ရင်ငတေ မဲဆောက်မှာ ဝယ်စားခဲ့တာ ပဲကပ်ကြော် တခုကိုမှ
တဘတ်သာ ပေးစားခဲ့ရတာ ဆိုတော့
တဒေါ်လာကို အခု သုံးဆယ့်နှစ်ခု ရပါတယ်၊
အင်း
ပြည်တွင်းမှာ ပဲကပ်ကြော်ဈေး ပိုကြီးနေတာ အမှန် ဆိုရမယ် ကို Yan Naung ရေ . . ...
.
မောင်ရင်ငတေ
အဲသလိုသာ ပြန်ရေးနိုင်ခဲ့ပါတယ်၊ ဗိုက်က ညကြီးသန်းခေါင် ဆာလာတာကိုး၊
ထိုင်းနိုင်ငံလိုနေရာမျိုးမှာက
ညကြီးသန်းခေါင်ချိန်မှာ ဗိုက်ကထဆာလာလို့လည်း
ပြဿနာမရှိပါဘူး၊ ညလုံးပေါက် ဖွင့်တဲ့ဆိုင်တွေက အများအပြားပါ၊
ခက်တာက မောင်ရင်ငတေ ရောက်ရှိနေတဲ့ နေရာ ဒေသက ကိုယ်ဗိုက်ဆာချိန်ကို
ကန့်သတ်ထားသလိုပါ၊
သူတို့တွေ ကြိုက်နှစ်သက်လှစွာ စားသုံးကြ ပါတဲ့ ပေါင်မုန့်ချောင်း
ရှည်မျောမျောကြီးတွေတောင်မှ ကြိုတင်ဝယ်ထား ရပါတယ်၊
မောင်ရင်ငတေ တို့လို မနက်ကြီးလင်းခါနီးထိ မျက်လုံးကြောင်အိပ်မရတတ်တဲ့
သူတွေအတွက်ကတော့ ဘရိတ်ဖတ် စားစရာကတော့ ကော်ဖီကြမ်းခါးခါး တခွက်နဲ့
အာရှဆိုင်က ကြိုတင်ကာ ဝယ်ထားရတဲ့ ထိုင်းမာမား ခေါက်ဆွဲ သို့မဟုတ် ကြာဆံပြုတ်ပါ၊
ကြိုက်ခြင်းမကြိုက်ခြင်းက အဓိက မဟုတ်ပါဘဲနဲ့ ဆာလောင်မှု ကိုသာ ဖြေရှင်းတဲ့
အလွယ်နည်းလမ်းပါ၊
မနက်ကြီးအလင်းရောင် ကောင်းကောင်းမရသေးခင်မှာကို ဆာလောင်တတ်တဲ့
မောင်ရင်ငတေရဲ့ အကျင့်က အခု ဆယ်လေးငါးနှစ် တိုင်သည်ထိ ဖျောက်ဖျက်လို့
မရနိုင်သေးတာကြောင့် MAMA မာမားပြုတ်နဲ့သာ နှစ်ပါးသွားခဲ့ရတာပါ၊
လမ်းထိပ်က မုန့်ဟင်းခါး ခေါက်ဆွဲသုတ်နဲ့ အကြော်စုံ ဆိုတာမျိုးကို စားချင်ပါသော်လည်း .…. .
…. … .. ဘာတတ်နိုင်မှာလဲ၊

သန့်ရှင်းမှု အကြောင်းပြ
ကျန်းမာရေး အကြောင်းပြ ပျောက်ကွယ်ခဲ့ရတာလား ဒါမှမဟုတ်
စီးပွားရေး အရ လက်ဝါးကြီးအုပ် ချုပ်ကိုင်လိုသူတွေကြောင့်လား သို့တည်းမဟုတ်
ဘာအကြောင်းတွေကြောင့် . . . . . .. . . . . . . . . . . ……… …… . …. . …. .. .
. .. . . . . …. . …… မောင်ရင်ငတေလည်း မစဉ်းစားကြည့်လိုတော့ပါဘူး၊

ယိုးဒယားစာ လွမ်းရတာလေး ပျောက်သွားမှာ စိုးလွန်းလို့ပါ ခင်ဗျာ၊ ခဏ နားပါဦးမည်၊
အခြားအခြားသော ယိုးဒယားစာများကို
လွမ်းစရာလေးတွေ ရှိပါသေးတယ်၊ ပေရှည်မှာစိုး၍
ဒီနေရာမှာ မရေးတော့ပါဘူး၊ နောက်များမှ ကြုံသလို ရေးပါဦးမည်၊
ဒီနေရာမှာ မရေးတော့ပါဘူး၊ နောက်များမှ ကြုံသလို ရေးပါဦးမည်၊
မောင်ရင်ငတေ ၀၃၁၂၂၀၁၅
ဘီကေကေ တနှစ်ပြည့်တွင် အဆုံးသတ် ရေးသားပါတယ်၊
ဘီကေကေ တနှစ်ပြည့်တွင် အဆုံးသတ် ရေးသားပါတယ်၊
Aucun commentaire:
Enregistrer un commentaire