Libellés

Archives du blog

lundi 23 novembre 2015

** စဲန်းဆေကွာနို ဒီအိုနီးဇီးယမ် လူသားများ ** *



ဘဝထဲကလူသား
စဲန်းဆေကွာနို ဒီအိုနီးဇီးယမ် လူသားများ
အပိုင်း (၁)


Seine-Saint-Denis နယ်မြေက လှမ်းမြင်ရပါတဲ့ မှုန်ပျပျ ပါရီ                        (ဓါတ်ပုံ မရငတ)
အခုတလော သတင်းမီဒီယာလောကမှာ ပါရီမြို့တော်ရဲ့အကြောင်းနဲ့အတူ လူသိများပြီး နာမည်ကြီး လို့လာတဲ့ မြို့လေးတမြို့ ရှိပါတယ်၊ ပါရီမြို့တော် မြောက်ဘက်ကပ်ရက်က Saint-Denis လို့ခေါ်တဲ့ ဆင်ခြေဖုံး မြို့လေးတမြို့ ဖြစ်ပါတယ်၊ အဲဒီ မြို့လေးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေကို မောင်ရင်ငတေ မှတ်သားထားတာလေးတွေ ရှိပါတယ်၊ အပြည့်အစုံတော့ မဟုတ်ပါဘူး၊ ရေးပြီးသ လောက်ကို တင်ပြလိုက်ပါတယ်၊

Île-de-France သို့မဟုတ် လာမယ့် ဂျန်နဝါရီလ တရက်နေ့ ၂၀၁၆ ခုနှစ်မှာ Métropole du Grand Paris ဆိုပြီးပြောင်းလဲဖွဲ့စည်းတော့မယ် ပါရီမြို့တော်မေထရိုပိုလီတန်ဧရိယာထဲမှာ Paris အပါအဝင်
Yvelines, Essonne, Hauts-de-Seine, Seine-Saint-Denis, Seine-et-Marne, Val-de-Marne, Val-d'Oise, စုစုပေါင်းခရိုင် ရှစ်ခရိုင် ရှိပါတယ်၊ အဲဒီ ရှစ်ခရိုင်ထဲမှာမှ မောင်ရင်ငတေနေတဲ့ Val-de-Marne နဲ့ Seine-Saint-Denis ကလူသိများပါတယ်၊ Seine-Saint-Denis ကတော့ ပို၍ပို၍ နာမည်  ကြီးတယ် ပြောရပါမယ်၊ Seine-Saint-Denis ခရိုင် စာတိုက်သေတ္တာ နံပတ်က ၉၃ နဲ့ အစ ပြုတာမို့ ကိုးဆယ့်သုံးခရိုင်သားများ သို့မဟုတ် Seine-Saint-Denis ခရိုင်ရဲ့ အမည်ကို အစွဲပြုပြီး Séquano-
Dionysiens စဲန်းဆေကွာနို ဒီအိုနီးဇီးယမ် ဆိုပြီးတော့ စာတွေထဲမှာ အသုံးပြုခေါ်ဝေါ်ကြတာ တွေ့ရ
ပါတယ်၊ တကယ်တမ်း နေထိုင်ကြသူများက အဲဒီလို ကိုယ့်ကိုကိုယ် ခေါ်ဝေါ်ကြတာကိုတော့ တခါမှ
မောင်ရင်ငတေ မကြားမိဖူးပါဘူး၊

ဧရိယာ ၂၃၆ စတုရန်းကီလိုမီတာ အတွင်းမှာ လူဦးရေစုစုပေါင်း တသန်းခွဲကျော် နေထိုင်ကြပါတယ် ဆိုတာကြောင့် 7,590 hab./km2  နှုန်းထားရှိတာကြောင့် လူဦးရေ ထူထပ်များပြားလွန်းတယ် ဆိုနိုင် ပါတယ်၊ ဒါက တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းပါ၊ အဲဒီလို စာရင်းမဝင်သောသူများ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး၊ ဗီဇာမလို ခေတ္တခဏရောက်ရှိ နေထိုင်နေသော သူများလည်း အများအပြားရှိနေမှာကလည်း အသေအချာပါ၊ မောင်ရင်ငတေနေတဲ့ Val-de-Marne ခရိုင်နဲ့က အချက်အလက်တွေ သိပ်ကွာခြားတယ်လို့ မဟုတ်ပေမယ့် နေထိုင်ကြတဲ့ လူတွေကတော့ နည်းနည်း ကွာခြားတယ်လို့ ပြောနိုင်ပါတယ်၊ မောင်ရင်ငတေရဲ့ နေထိုင်ရာက ပါရီမြို့ ၁၃ ရပ်ကွက် တရုတ်တန်းနဲ့ နီးသလို ပြည်ကြီးနွယ် ဆွေမျိုးပေါက်ဖော်တွေ ပိုလို့အနေများပါတယ်၊ Seine-Saint-Denis ကတော့ အရှေ့အလယ်ပိုင်း အာရပ်နွယ်ဖွားတွေ အာဖရိကန်တွေ ပိုအနေများပါတယ်၊


Département de la Seine-Saint-Denis
Seine-Saint-Denis ခရိုင်က မြို့တော် ပါရီရဲ့ မြောက်ဘက် အရှေ့မြောက်ဘက်နဲ့ အရှေ့ဘက်ခြမ်း
တွေမှာ တည်ရှိပြီး Arrondissement ခေါ်တဲ့ မြို့နယ်ခွဲ စုစုပေါင်း လေးဆယ် ရှိပါတယ်၊ မြို့တော်က
Bobigny ဖြစ်ပြီး Saint-Denis, La Courneuve, Aubervilliers, Montreuil တို့က လူသိများသလို
လူနေထူထပ်လှပါတယ်၊ လူနေများပြားတာနဲ့အမျှ ရွှေ့ပြောင်းအခြေချသူတွေ များပြားတဲ့ မြို့တွေပါ၊

Seine-Saint-Denis ခရိုင်အတွင်းမှာ ပြင်သစ်ပြည် ပါရီမြို့ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ Aéroport de
Paris-Charles-de-Gaulle (CDG) လေဆိပ်ကြီးတည်ရှိသလို ၁၉၉၈ ခုနှစ်က စတင်ပြီးဖွင့်လှစ်ခဲ့တဲ့
ပွဲကြည့်ပရိသတ် ရှစ်သောင်းကျော်ဆန့်တဲ့ Stade de France ပြင်သစ် နိုင်ငံတော် အားကစားကွင်း တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်၊ Basilique de Saint-Denis အမည်ရ ဘုရားကျောင်းကတော့ ပြင်သစ်ဘုရင် တော်ဝင်မျိုးနွယ်တွေရဲ့ သင်္ချိုင်းဂူတွေ ထားရှိရာနေရာပါ၊

အဲဒီ Séquano-Dionysiens စဲန်းဆေကွာနို ဒီအိုနီးဇီးယမ်တွေရဲ့ သုံးဆယ် ရာနှုန်းနီးပါက နိုင်ငံခြား သားတွေပါ၊ နိုင်ငံခြားသားဆိုတာက မောင်ရင်ငတေတို့လို ပြင်သစ်နိုင်ငံသား မဟုတ်သေးသောသူ နေထိုင်ခွင့် ဆယ်နှစ်ကဒ်ပြား ကိုင်ဆောင်ထားကြသူများပါ၊ တချို့တွေလည်း တနှစ်ကဒ်သုံးနှစ်ကဒ် ကိုင်ဆောင်ထားကြသူများ ရှိပါတယ်၊ ပြင်သစ်နိုင်ငံသားတွေနဲ့ တန်းတူဆိုသလို အလုပ်လုပ်ကိုင်ခွင့် လည်ရှိကြပြီး စာသင်ကြားခွင့်ရှိကြတဲ့ Permanent Residence တွေကို ခေါ်တာပါ၊ ထောက်ပံ့ကြေး တွေအပြင် ပင်စင်ထိပါ ခံစားခွင့်ရရှိကြသူတွေပေါ့၊ ဒီနိုင်ငံတွေမှာက ဝန်ထမ်းဆိုတာ အစိုးရဝန်ထမ်း ဘာညာခွဲထားတာ မရှိပါဘူး၊ သက်ဆိုင်ရာမှာ တရားဝင်ကြေညာပြီးအခွန်ဆောင်ပြီး အလုပ်လုပ်သူ အမှိုက်ပဲကောက်ကောက် တံပြက်စည်းလှည်းလှည်း ဆိုက်ကားနင်းနင်း ပါရဂူတွေ စစ်ဗိုလ်ချုပ်တွေ မခွဲခြားပါဘူး . . …. ဘယ်သူမဆို ဆောင်ထားသမျှ အခွန်အခတွေပေါ် မူတည်ပြီး ပင်စင်အထိတိုင် ခံစားခွင့် ရကြပါတယ်၊ အဲဒီလို အကြောင်းတွေ ကြောင့်လည်း မောင်ရင်ငတေတို့လို ဇာတိချက်ကြွေ
မွေးရပ်မြေကို စွန့်ခွာလာသူတွေ ပိုလို့ပိုလို့ များပြားလာခဲ့တာ ဖြစ်မှာပါ၊ အခုတော့ များပြားလွန်းမက များပြားလာလွန်းတော့ ပြင်သစ်ပြည်ကြီးလည်း ဆင်းရဲလို့ လာနေပါပြီ၊

အဲလိုလူမျိုးတွေ အများအပြား နေထိုင်ရာ တနေရာက Seine-Saint-Denis ပါ၊
အဲဒီမှာ ပြင်သစ်နိုင်ငံသား Nationalité Française ဆိုသူတွေထဲက အများအပြားကလည်း ပြင်သစ်
ပြည်ပေါက် ပြင်သစ်လူမျိုး ယူရိုပီယမ်လူမျိုးတွေ မဟုတ်ကြပါဘူး၊ အဓိကခွဲခြား အပြောများတာက
ပြင်သစ်လူမျိုးပြင်သစ်မွေးဖွားသူများ ယူရိုပီယမ်ယူနီယံနိုင်ငံသားများ အရှေ့အလယ်ပိုင်းအာရပ်များ
အာဖရိကန်များ အာရှတိုက်သားများနဲ့ အခြား ကျန်နိုင်ငံသားများ ဆိုပြီးတော့ပါ၊ ပြင်သစ်နိုင်ငံသား
ဖြစ်နေကြသူတွေအထဲမှာလည်း ပြင်သစ်ပြည်ဖွား မဟုတ်ပါဘဲ ပြည်ပမှာမွေးဖွားလာကြသူတွေရယ် ပြင်သစ်ပြည်တွင်း မွေးဖွားခဲ့သူတွေ ဖြစ်ပေမယ့် မိဘ နှစ်ယောက်စလုံး သို့မဟုတ် မိဘ နှစ်ယောက် အနက် တယောက်ယောက်က ပြည်ပနိုင်ငံတွေမှာမွေးဖွားခဲ့သူ ပြည်ပနိုင်ငံသားတွေရဲ့ ရာခိုင်နှုန်းက တဝက်ကျော်မက လေးပုံသုံးပုံမျှ ရှိနိုင်မယ် ထင်ပါတယ်၊ မောင်ရင်ငတေတို့ ပါရီရွှေမြို့တော်ရောက် ရွှေပြည်ဖွားတွေလည်း တော်တော်များများက အဲဒီ အပိုင်းမှာ မှီတင်းနေထိုင်ကြသူများပါ၊

ဆက်ရန်ရှိပါသေးတယ်၊
မောင်ရင်ငတေ ၁၉၁၁၂၀၁၅


စဲန်းဆေကွာနို ဒီအိုနီးဇီးယမ် လူသားများ
အပိုင်း (၂)


မောင်ရင်ငတေ ဖြတ်သန်းခဲ့ဖူးတဲ့ Seine-Saint-Denis                   (ဓါတ်ပုံ မရငတ)
ပထမပိုင်းမှာ ရေးထားတာက Seine-Saint-Denis နယ်မြေအကြောင်းပါ၊
အဲဒီမှာမှာ ဆက်လက်ပြီးဆက်စပ်ရသမျှ ဒီ Seine-Saint-Denis နယ်မြေကို ဖြတ်သန်းသွားခဲ့ကြတဲ့ မောင်ရင်ငတေတို့လို  စဲန်းဆေကွာနို ဒီအိုနီးဇီးယမ် ဖြစ်ခဲ့ဖူးသူ ဘဝထဲကလူသားများ အကြောင်းကို
တပါးတည်း ရေးပြချင်မိပါတယ်၊ ဒီလူတွေရဲ့ အရေအတွက်က မနည်းတော့ပါဘူး၊ ပြင်သစ်စစ်စစ်လို့ ဆိုကြသူတွေ ဘယ်လိုပင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြင်သစ်ရဲ့သမိုင်းရာဇဝင်တွေထဲ ပါဝင်လာမယ့် ဇာတ်ကောင်တွေသာပါ၊ ကိုယ်ရေးတဲ့သမိုင်း ကောင်းဖို့ကတော့ တယောက်ချင်းစီမှာ တာဝန်ရှိကြပါတယ်၊ မောင်ရင်ငတေလည်း ကိုယ့်သမိုင်းကိုယ် လှတပတလေးဖြစ်အောင် ရေးပြချင်
မိသူ တယောက်သာပါ၊ သူများရေးရင် မကောင်းတာများမှာမို့ ကိုယ့်သမိုင်း ကိုယ်ရေးလိုက်ပါတယ်၊

Les Courtilles, Saint-Denis, La Courneuve, Bobigny, Noisy-le-Sec ကို ဆက်သွယ် ဖောက် ထားတဲ့ ပါရီမေထရိုပိုလီတန် ဧရိယာအတွင်းက ပထမဆုံးသော ခေတ်သစ်မြေပေါ်သွား Tramway T1 ရှိပါတယ်၊ အဲဒီ တီဝမ်း ထရန်းဝေးလမ်းတလျှောက် ဘေးတဘက်တချက်မှာက အစည်ကားဆုံး ဖြစ်သလို လူနေထူထပ်မှုကလည်း များပြားလှတဲ့နေရာပါ၊ Le Bourget သို့သွားတဲ့ La Courneuve လမ်းဆုံကတော့ ဆိုင်ခန်းကနားတွေနဲ့ အစည်ကားဆုံး နေရာလို့ ထင်မိပါရဲ့၊ အယ်ဂျီးရီးယားကိုများ ရောက်သွားလေသလား မော်ရိုကိုရောက်သွားလေသလားပါ၊ပြင်သစ်စကားပြောကြတဲ့ မောရိတာနီ (Mauritanie) ဆီနီဂေါ မာလီ ဂီနေး (Guinée) နီဂျေး (Niger) ဘူကီနာ ဖာဆို အိုင်ဗရီ ကို့စ် (Côte d'Ivoire) တိုဂို ဘီနင် ကင်မရွန်း ချဒ် (Tchad) ဂါဘွန် ကွန်ဂို  အာဖရိကန်လူမျိုးပေါင်းစုံကို တွေ့ရှိရ နိုင်သလို မောင်ရင်ငတေတို့ ရွှေပြည်ကြီးအနောက်ဘက်ခြမ်းက ရပ်ဆွေရပ်မျိုးဘင်္ဂလားလူမျိုးများနဲ့ အိန္ဒိယတိုက်သားများကိုလည်း တွေ့ရှိရမှာပါ၊ အဲဒီလို မောင်ရင်ငတေပြောတာကို မယုံလေရင်တော့ ပါရီကိုများ အလည်အပတ်ရောက်လာခဲ့ရင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ ကြည့်ကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်၊ အခုနှစ်ပိုင်းတွေမှာ ရွှေပြည်တော်သား အတော်တော်များများလည်း ပါရီမြို့တော်ကြီးကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရောက်လာတတ်ကြတယ် မဟုတ်ပါလား၊

အဲဒီလို အသွေးအရောင်မတူ နောက်ခံသမိုင်း မတူသူ လူမျိုးစုံ မှီတင်းနေထိုင်ကြရာ နေရာဆိုတော့ ပြဿနာပေါင်းစုံ ရှိနေမှာကတော့ ပြောစရာလိုမယ် မထင်မိပါဘူး၊ လက်ယာစွန်း ပြင်သစ်မှ ပြင်သစ် ဖြစ်နေသူတွေ နေရှင်နယ်လစ်ဇင်တွေ မုန်းတီးရာ နေရာတနေရာ ဖြစ်တာနဲ့အညီ ဒီနယ်မြေတဝှန်းရှိ
ပြည်သူဆန္ဒခံယူပွဲတွေမှာ အောင်ပွဲခံလေ့ရှိတာကတော့ ကွန်မြူနစ်ပါတီ ပြင်သစ်နဲ့ ဆိုရှယ်လစ်ပါတီ
အမတ်တွေ ကိုယ်စားလှယ်တွေသာပါ၊ ပြင်သစ် အမျိုးသားရေးဝါဒီတွေ မလွှမ်းမိုးနိုင်တဲ့ နယ်မြေဖြစ်  တာကြောင့်လည်း တခြားသောအစွန်းရောက်သမားတွေခိုအောင်းနိုင်ကြတာက မထူးဆန်းလှပါဘူး၊
အဲဒါကြောင့်လည်း ပါရီမြို့တော် အနီးတဝိုက်မှာ စီကနဲ စီကနဲ အသံကြားတာနဲ့ ကူညီချင်လှပါသော ပြည်သူ့ရဲများ ရောက်သွားလေ့ ရှိတတ်ကြတာက အဲဒီနေရာက ပထမဆုံးသာပါ၊


မောင်ရင်ငတေ ဖြတ်သန်းခဲ့ဖူးတဲ့ Seine-Saint-Denis                   (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေကတော့ အဲဒီနယ်မြေမှာ နှစ်ထောင့်သုံး နှစ်ထောင့်လေး ခုနှစ်များဆီက ကျင်လည်ခဲ့ ဖူးပါတယ်၊ အခုတိုင်အောင်လည်း မိတ်ဆွေသူငယ်ချင်းများရှိလို့ မကြာခဏ ရောက်ရှိရာ နယ်မြေပါ၊ အဲဒီနယ်မြေတွင်းမှာ အိမ်ခန်းတခန်းမှာ မိသားစုများသာ သီးသန့်နေထိုင်ကြသူများရှိသလို နီးစပ်ရာ လူမျိုးတူ ဘာသာတူ နိုင်ငံတူသူများကို ဖျာတချပ်ခေါင်းအုံးတလုံးနဲ့ ကျောတနေရာစာခင်းဖို့လောက် တတ်နိုင်ကြတဲ့ ဆွေမရှိ မျိုးမရှိ အသိမိတ်ဆွေ ရင်းနှီးသူများ မရှိပါဘဲ ပွဲစားတွေရဲ့ ကောင်းမှုကြောင့် ပါရီရွှေမြို့တော်ကို ရောက်ရှိလာသူများရဲ့ ပထမ ကွန်းခိုနားရာ တည်းခိုရိပ်သာလေးတွေ ရှိပါတယ်၊ မောင်ရင်ငတေလည်း ညအိပ်ရုံ ကျောတခင်းစာကို တလတာအတွက် ယူရိုတရာသာသာ ပေးပြီးနေ ခဲ့ဖူးပါတယ်၊ တကယ်ကို ညအိပ်ရုံသာပါ၊ အိပ်ခန်းတခန်း ဧည့်ခန်းတခန်းသာပါတဲ့ တိုက်ခန်းတခုမှာ လူ ဆယ့်နှစ်ယောက်မက အတူနေခဲ့ကြရတာပါ၊ အမြဲနေထိုင်ကြသူ အိမ်ရှင်နဲ့ သူ့ရဲ့ ညီအကိုများက အိပ်ခန်းထဲမှာ နေကြပြီး မောင်ရင်ငတေတို့လို ခေတ္တခဏယာယီ ခိုလှုံကြသူများက ဧည့်ခန်းကိုပိတ် ဖွဲ့စည်းထားတဲ့ အိပ်ခန်းထဲမှာ နှစ်ထပ်ကုတင် သုံးလုံးနဲ့ လူခြောက်ဦး နေခဲ့ကြရတာပါ၊ အဲဒီလိုအပြင် ရံဖန်ရံခါ အရေးပေါ် ရောက်လာပြီး သုံးပွင့်ဆိုင် ကုတင်သုံးလုံးရဲ့အလယ် ကြမ်းပြင်မှာ လာရောက်ခို နားကြသူများ ရှိတတ်ကြပါသေးတယ်၊ မောင်ရင်ငတေတို့က အဲဒီအချိန် အလုပ်ပုံမှန် မရှိသေးပါဘူး၊
အဲဒီလို အိပ်စရာတောင်မှ မောင်ရင်ငတေ ကိုယ်ပိုင်အစွမ်းအစနဲ့ ရခဲ့တာ မဟုတ်ပါဘူး၊ သူငယ်ချင်း တယောက်နဲ့ကပ်ပြီးမှ နေခွင့်ရခဲ့တာပါ၊ အခန်းမှာ ကျန်လေးယောက်က အလုပ်အကိုင်ရှိကြပါတယ်၊ သူတို့တတွေက နေထိုင်ခွင့် စာရွက်ရှိရှိမရှိရှိ သူတို့လူမျိုး သူတို့စကား ပြောတဲ့သူတွေ အများအပြား ရှိကြတာကြောင့်မို့ ရောက်ပြီး မကြာခင် အလုပ်ရလွယ်ကြပါတယ်၊ အဲဒီတော့ အခန်းထဲမှာ နေ့ဆိုင်း သမားများက ညဘက်အိပ် ညဆိုင်းသမားများက နေ့ဘက် အိပ်ကြတာမို့ အိပ်သူမပြတ် ရှိနေတာပါ၊
ပိုင်ရှင်နဲ့ ညီအကိုများက ဗမာ့အရေးနဲ့ နေထိုင်ခွင့်ရထားကြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘရူးဝါးခေါ် ဗုဒ္ဒဘာသာဝင်တွေပါ၊ နေ့ဆိုင်းညဆိုင်း အလုပ်ဆင်းကြသူတွေကြားမှာ သူတို့စကား တလုံး တပါဒမှ မပြောတတ်တဲ့ မောင်ရင်ငတေအတွက် အိပ်မက်ဆိုးတောင် မမက်နိုင်ခဲ့တဲ့ ညတွေကို ဖြတ်သန်းခဲ့ရ ပါတယ်ဆိုရင် လွန်တယ် မထင်လိုက်ကြပါနဲ့ ခင်ဗျား၊  နှစ်ဆယ့်လေးနာရီ အမှောင်ချထားတဲ့ အခန်း မှာ မနက်ဆို မီးမဖွင့် ညဆိုလည်း မီးမဖွင့်ရဲဘဲ တိတ်တိတ်လေး အိပ်တန်းတက်ခဲ့ အိပ်တန်းဆင်းခဲ့ရ ပါတဲ့ ကာလများပါ၊ မှတ်တမ်းတင်ဖို့ ပစ္စည်းကရိယာ ကိုယ်ပိုင်မရှိခဲ့တာမို့ မှတ်တမ်း မှတ်ရာတွေ မရှိ ခဲ့ပါဘူး၊  အခုတော့ လွမ်းတောင်လွမ်းမိ ရပါသေးတယ်၊

ဆက်ရန်ရှိပါသေးတယ်၊
မောင်ရင်ငတေ ၂၂၁၁၂၀၁၅

Aucun commentaire:

Enregistrer un commentaire