Libellés

Archives du blog

samedi 28 novembre 2015

** ပါရီမြို့မှာ တညနေ (An Evening In Paris) * **


ပါရီပုံရိပ်များ
ပါရီမြို့မှာ တညနေ (An Evening In Paris)

An Evening In Paris 1967                  (Photo MN Google)        


ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေက ပါရီမြို့ပေါ်က နာမည်ကျော် နေရာတွေ အတော်များပါတယ်၊
ဒီနေရာကတော့ ဒီကနေ့ မောင်ရင်ငတေတို့ခေတ်တိုင်အောင် ဒီပုံစံအတိုင်း မပြောင်းလဲသေးပါဘူး၊
ပါရီမြို့ရဲ့ Montmartre သို့မဟုတ် Mons Martyrum သို့မဟုတ်  Mont des Martyrs တောင်ကုန်း ပေါ်က Basilique du Sacré-Cœur ဘုရားကျောင်းအတက် မြက်ခင်းပြင်မှာပါ၊
 
ပြီးခဲ့တဲ့ ပိတ်ရက်တရက်က မောင်ရင်ငတေတို့ ဆုံမိကြရင်း ပြောခဲ့တာလေးတွေကို မှတ်တမ်းတင်မိ တာပါ၊ 
ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး ပြောလို့ရနိုင်တဲ့ အကြောင်းအရာ တခုပါ၊ 
တိုက်ဆိုင်ခဲ့ဖူး သူတွေကတော့ ခံစားနားလည်နိုင်လိမ့်မယ် ထင်မိပါတယ်၊

မောင်ရင်ငတေ လူမှန်းမသိ ရုပ်ရှင်မကြည့်ဖူးခင် ၇၀ လွန်ခုနှစ်များက ရွှေပြည်တော်ရဲ့ ရုပ်ရှင်ရုံတွေ
အများစုမှာ လူကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ ရွှေရုပ်ရှင်လောက အကြောင်းတွေကို မောင်ရင်ငတေ တို့တတွေ ပြောဖြစ်ခဲ့ကြပါတယ်၊

တကယ်တော့ မောင်ရင်ငတေက နားထောင်ရုံသာ တချက်တချက် တတ်ယောင်ကား ဝင်လုပ်ရုံပါ၊ 

မီလည်းမမီ လိုက်သလို ရုပ်ရှင်ဆိုတာကြီးကို သိပ်မက်မက်မောမော မကြည့်ဖြစ်တာ ငယ်ငယ်လေး ကတည်းကပါ၊ 

အဲဒီမှာပြောရင်းနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးက ရုပ်ရှင်ရုံ တွေအကြောင်း အဲဒီရုံတွေမှာ ပြသခဲ့ပါတဲ့
 ဘောလီဝုဒ် ရုပ်ရှင်လောကက ရုပ်ရှင်တွေ အကြောင်းကို အဲဒီအချိန်က ရုံမန်နေဂျာဘဝနဲ့ကော
 နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဒါရိုက်တာတဦး ရဲ့ တူသားအနေနဲ့ကော သူကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့သူ တဦးလည်းဖြစ်သူ ကာတွန်းဆရာက သူပြောနေကြလေသံ အာဘောင်အာရင်း သန်သန်နဲ့ ပြောခဲ့တာတွေကို အခု မောင်ရင်ငတေက ပြန်လည် ဖောက်သည်ချချင်တာပါ၊

 မောင်ရင်ငတေ မမီလိုက်တဲ့ သူတို့ ခေတ်က အကြောင်းတွေပေါ့၊ 
ပြောကြတာတွေကတော့ အများကြီးပါ၊ အဲဒီမှာမှ မောင်ရင်ငတေနဲ့ သက်ဆိုင်ပတ်သက်ပါတဲ့ ပါရီနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရုပ်ရှင်ကားလေးတကားကို မှတ်တမ်းပြုချင်တာပါ၊

An Evening In Paris လို့ အမည်ရပါတဲ့ကားပါ၊  
နာမည်ကျော်မင်းသားကြီး Shammi Kapoor ရယ် မောင်ရင်ငတေတို့ခေတ် လူငယ်တွေ 
(တကယ်တော့ လူကြီးတွေ ပိုများမယ်ထင်ပါတယ်) အကြိုက် များခဲ့တဲ့ မင်းသမီး Sharmila Tagore တို့ ပါဝင်ခဲ့တဲ့ ဇာတ်ကားပါ၊

၁၉၆၇ ခုနှစ်က ရိုက်ကူးခဲ့ပြီး ရွှေမြို့တော်ကြီးမှာတော့ ၇၀ ခုနှစ်နှောင်းပိုင်းမှာ ပြသခဲ့တာကို ကြည့်ဖူး ခဲ့ကြတဲ့ ကာတွန်းဆရာနဲ့ ကာတွန်းဆရာရဲ့ မိတ်ဆွေ ပြည်မြို့ ရုပ်ရှင်ရုံတွေကြားမှာ ကြီးပြင်းလာသူ
 နှစ်ဦးက အတိတ်ဇာတ်ကြောင်းပြန်ပြောဆိုခဲ့ကြပါတယ်၊

 မောင်ရင်ငတေကတော့ အဲဒီဇာတ်ကားကို ဘယ်အချိန်ကဆိုတာ မမှတ်မိတော့သလို ရွှေမန်းမြို့က ရုံတရုံရုံမှာလား ထီလာမြို့ မျိုးမြင့်ရုံမှာလား ရွှေဗဟိုလ် ရုံမှာလား ဘယ်ရုံမှာမှန်းမသိ ဘယ်သူနဲ့မှန်းမသိ ရှစ်ဆယ်လွန် နှစ်များမှာ ကြည့်ဖူးခဲ့တာ မသေချာပါဘူးလေ၊ 

လှပတဲ့ ဥရောပရဲ့ ရှုခင်းတွေ ပါရီရဲ့ ရှုခင်းတွေနဲ့ ဆွဲဆောင်ထားခဲ့တာကိုတော့ အမှတ်ရမိသလိုပါ၊ 

ကာတွန်းဆရာနဲ့ သူ့မိတ်ဆွေတွေကလည်း သူတို့အတွေးနဲ့ သူတို့ပြောကြသလို မောင်ရင်ငတေကလည်း ကိုယ့်အတွေးနဲ့ကိုယ် သတိရမိတာတွေပါ၊

အိန္ဒိယရဲ့ နာမည်ကျော် ကလကတ္တားမြို့သား ဘင်္ဂါလီ ကဝိစာဆို ရာဘင်န္ဒြာနတ်သ် တဂိုး (၁၈၆၁-၁၉၄၁) ရဲ့ မြစ်တော်သူ မင်သမီး ရှမီလာ တဂိုး (၁၉၄၆-****) နဲ့ မင်းသားကြီး ရှာမီကပူး (၁၉၃၁-၂၀၁၁) တို့ ပါရီမြို့ လမ်းမတွေပေါ်မှာ သီချင်းနောက်ခံ သရုပ်ဖော် ထားတာတွေကို ပြန်တွေ့ရတော့ အဲဒီခေတ် အဲဒီခါ 
လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ပါရီကို ဒီကနေ့ ပါရီအတိုင်းနီးပါး တွေ့ရသလို အိန္ဒိယ ဘောလီဝုဒ် ရုပ်ရှင်ကားတွေက အဲဒီခေတ်ကတင် အဲလိုရိုက်ခဲ့တာတွေ တွေ့ရတာ အံ့သြစရာပါ၊



ဒီဇာတ်ကားမှာ မင်းသမီး ရှမီလာတဂိုးရဲ့ ဘီကနီဝတ် သရုပ်ဆောင်ချက်ကတော့ အိန္ဒိယပြည်တခွင်
ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်ခဲ့ရသလို တခြားနာမည်ကြီး မင်းသမီများကလည်း အတုမြင်ပြီး အတတ်သင် လာခဲ့ကြပါတယ်တဲ့၊

တကားလုံးကတော့ ဘာဇာတ်လမ်းမှ မရှိသလိုပါ၊ ဇာတ်ဝင် သီချင်းများဖြစ်တဲ့ Raat Ke Humsafar အဆိုတော်ကြီး စိုးပိုင် ပြန်လည်သီဆိုခဲ့ပါတဲ့ နာမည်ကြီး အချစ်ဟောင်းရဲ့ လက်ထပ်မင်္ဂလာ သီချင်း အပါအဝင် တခြားသီချင်းများစွာကို နားထောင်ရင်း . . . .. …. .. . . .. . . .. . . .. . . . .. ….. ….


မင်သမီး ရှမီလာတဂိုးရဲ့ နာမည်ကြီး Aradhana ကို ဗမာမှုပြုခဲ့တဲ့ ဇာတ်ကားကို ရထားနဲ့ ကားလမ်း အပြိုင်ရှိတဲ့နေရာမှာ ဘယ်လိုဘယ်ပုံ ရိုက်ကူးခဲ့တဲ့ ကိုယ်တွေ့တွေကိုတော့ ကိုယ်တိုင်သာ ရေးချင်မိ ပါကြောင်း ကာတွန်းဆရာက ပြောပြနေတာကြောင့် ခံစားဖတ်ရှုဖို့ စောင့်မျှော်နေမိရင်း .. . . .. . ….

မောင်ရင်ငတေရဲ့ ထီလာမြေက ကျောင်းနေဖက် သူငယ်ချင်းနဲ့ တူတဲ့ ဘောလီဝုဒ်စတား Amitabh Bachchan (၁၉၄၂-****) အကြောင်းလည်း တိုက်ဆိုင်လာရင် နားထောင်ချင်မိပါသေးတယ်၊

ပြောမိကြတာတွေ အများကြီး ရှိပေမယ့်  .. ..  ဒီလောက်နဲ့သာ . . . . ……

မောင်ရင်ငတေ ၀၃၀၉၂၀၁၅

Montmartre သို့မဟုတ် Mons Martyrum သို့မဟုတ်  Mont des Martyrs    (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေ ၁၇၀၁၂၀၁

 
An Evening In Paris 1967 . .. ... ... နှစ်ပေါင်း ငါးဆယ်နီးပါး .. ... ...... ဒါပေမယ့် ပြောင်းလဲခြင်း ဘာတခုမှ မရှိတဲ့ လှေကား မြက်ခင်းပြင် . . . . ..

မောင်ရင်ငတေ ၂၀၇၂၀၁

vendredi 27 novembre 2015

** ပါရီမြေကိုစနင်းသူများ သို့မဟုတ် ပြင်သစ်ပြည်သို့ ပထမဝင်ပေါက် ** *



ခရီးသွားခြင်းအနုပညာ (ပြင်သစ်ဆိုတာ)
ပါရီမြေကိုစနင်းသူများ သို့မဟုတ် ပြင်သစ်ပြည်သို့ ပထမဝင်ပေါက်



Bienvenue à Paris                                                                          (ဓါတ်ပုံ မရငတ)
နိုင်ငံတကာက ဘယ်တိုင်းပြည်ကဖြစ်ဖြစ် ဘာလူမျိုး ဖြစ်ဖြစ်ပါ၊ ပြင်သစ်ဆိုတာရယ် ပါရီဆိုတာရယ် ပြောလိုက် ကြားလိုက်ရရုံနဲ့  လူတိုင်းအားလုံးနီးပါး စိတ်ဝင်တစား ရှိကြတာပါ၊ အခုခေတ် ကာလမှာ လမ်းပန်းဆက်သွယ်ရေး သတင်းဆက်သွယ်ရေးတွေ လွယ်ကူလျှင်မြန်လာတာရယ်ကြောင့် လူတွေ အားလုံးက ခရီးသွားလာခြင်းကို ပိုမိုစိတ်ဝင်စားလာကြပါတယ်၊ အရင့်အရင်ခေတ်တုန်းကဆိုရင်ဖြင့် အထူးသဖြင့် မောင်ရင်ငတေတို့ရွာမှာဆိုရင် မြို့တက်ဘုရားဖူးတာလောက် ရှိခဲ့တာပါ၊ အခုခေတ်က ခရီးသွားတယ်ဆိုတာ Marco Polo မာကိုပိုလို (၁၂၅၄-၁၃၂၄) Cristoforo Colombo(Columbus) ခရစ္စတိုဖာ ကိုလံဘတ် (၁၄၅၁-၁၅၀၆) Vasco da Gama ဗာစကို ဒဂါမား (၁၄၆၀/၆၉-၁၅၂၄) တို့ ခေတ်ကလို ကုန်းကြောင်း ရေကြောင်းခရီးတွေနဲ့ စွန့်စွန့်စားစား အချိန်ကုန် လူပင်ပန်းပြီးမှ ရောက်ရ ပေါက်ရတဲ့ ခေတ်မျိုးတွေလည်း မဟုတ်တော့ဘူးလေ၊

ဝေးကွာလှတဲ့ ကုန်းမြေကြီးတွေကို ဝေဟင်ခရီးနဲ့ ဆွဲခြုံ့နိုင်ခဲ့ပါပြီ၊ မဟုတ်ပါလား၊ ကမ္ဘာ့အရှေ့ဖျားနဲ့ အနောက်ဖျား မိုင် တသောင်းကျော်ကို ဆယ့်လေး ငါးနာရီ လေယာဉ်စီးပြီး သွားရုံနဲ့ ရောက်နိုင်ပါပြီ၊ အဲဒီလို ခရီးတွေသွားလာကြတဲ့အခါ ကမ္ဘာအရပ်ရပ် နေရာဒေသ တော်တော်များများကို ရောက်ရင် ဒေသဆိုင်ရာဘာသာစကားတွေရယ် နောက်ပြီးတော့မသုံးမဖြစ် လူအတော်များများနားလည်ကြတဲ့ အင်္ဂလိပ်စကားကို ကြားခံ အသုံးပြုနိုင်ကြပါတယ်၊ အဲဒီအခါမှာ အနောက်ဥရောပနိုင်ငံကြီးများဆိုတဲ့ အရပ်ဒေသတွေ ပြင်သစ်တို့ အီတလီစပိန်တို့ ဂျာမဏီတို့ ရောက်ရင်ဖြင့်တော့ အင်္ဂလိပ်စာ အင်္ဂလိပ် စကားကို လိုလိုလားလား အသုံးပြုလိုခြင်း မရှိလှပါဘူး၊ အဲဒီအထဲမှာမှ မောင်ရင်ငတေတို့ ရောက်ရှိ နေထိုင်နေတဲ့ ကိုရွှေပြင်သစ်လူမျိုးတွေက အဆိုးဆုံးလို့ ထင်ပါတယ်၊ အင်္ဂလိပ်စကားကို ပြောတတ် ရင်တောင်မှ မပြောချင်ကြပါတဲ့ လူမျိုးပါ၊ အခုခေတ်မွေး ပြင်သစ်လူငယ်တချို့ကတော့ အသုံးပြုလာ ကြပါပြီ၊ နောက်ပေါက် လူငယ် အများစုဆိုတာက အရှေ့အလယ်ပိုင်းသားတွေ အာရပ်နွယ်ဖွားတွေ အာဖရိကန်တွေ အာရှတိုက်သားတွေ လက်တင်နွယ်ဖွားတွေ ဖြစ်နေကြတာ မဟုတ်ပါလား၊


ပါရီ နံပတ်တစ်လေဆိပ် L'Aéroport de Paris-Charles-de-Gaulle (CDG)      (Photo Google)
ပါရီမြို့တော်ကြီးမှာ အဓိကအသုံးပြုနေတဲ့လေဆိပ်ကြီး L'Aéroport de Paris-Charles-de-Gaulle ရှားလ်ဒဂိုးရ် ပါရီလေဆိပ် နဲ့ L'Aéroport de Paris-Orly အော်လီ ပါရီလေဆိပ်ရယ် နှစ်ခု ရှိပါတယ်၊  နောက်ပြီး ပါရီမြို့ရဲ့မြောက်ဘက် ကီလိုမီတာ ၇၀ လောက်ဝေးတဲ့ L'Aéroport de Beauvais-Tillé ဘိုးဗေးလေဆိပ် ခပ်သေးသေးလေးလည်း ရှိပါသေးတယ်၊ ဘယ် လေဆိပ်ကို ဆိုက်ရောက်လာလာ ပထမဆုံး ရင်ဆိုင်ရမှာကတော့ ပြင်သစ်စာနဲ့ စကားပြောပါပဲ၊ ပြင်သစ်လို Bonjour ဘွန်ရှူး**ဆိုတဲ့ ကောင်းသောနေ့ပါဆိုတဲ့ နှုတ်ဆက်စကားရဲ့ နောက်ကွယ်မှာ ပါလာမယ့် စကားတွေက အင်္ဂလိပ်လို ပြောတာတောင်မှ အမည်နာမ အခေါ်အဝေါ်တွေကိုတော့ ဘယ်လိုမှ နားမလည်နိုင်လောက်အောင် ပါ၊ မောင်ရင်ငတေတို့ရဲ့ ကိုယ်တွေ့ပါ၊ ဒီကနေ့ထက်ထိ တိုင်အောင်လည်း နားမလည်နိုင်သေးသော အခေါ်အဝေါ်တွေ အများကြီးပါ၊ အင်္ဂလိပ်လို ချားလ်းဒီဂေါလ်လို့ အသံထွက်တဲ့ လေဆိပ် အမည်ကို ပြင်သစ်လို ရှားလ်ဒဂိုးရ်လို့ အသံထွက်ရပါတယ်၊ ပြင်သစ် အသံထွက်တွေကို မြန်မာ အက္ခရာတွေနဲ့ တကယ်တမ်း ချ ရေးကြည့်တဲ့ အခါမှ ပြောရတာထက်တောင် ပိုခက်ခဲတာကို တွေ့ရပါတယ်၊
ကဲ ထားပါတော့၊ ဒီနေရာမှာ ရေးမယ့်အကြောင်းကို ဆက်ပါမယ်၊ ပါရီမြေကိုစနင်းသူများ သို့မဟုတ် ပြင်သစ်ပြည်သို့ အဓိက ဝင်ပေါက်ရဲ့ အကြောင်းကို ဆက်ပါ့မယ်၊




L'Aéroport de Paris-Charles-de-Gaulle Terminal 1                           (Photo Google)
ရှားလ်ဒဂိုးရ် ပါရီလေဆိပ်ကို အတိုကောက်အနေနဲ့က Roissy CDG လို့လည်း ခေါ်ကြပါသေးတယ်၊ ပါရီမြို့ရဲ့ မြောက်ဘက် ၂၅ ကီလိုမီတာကွာဝေးတဲ့ အဲဒီ လေဆိပ်ကြီးက ဒုတိယကမ္ဘာစစ် အတွင်းနဲ့ စစ်အပြီးမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး သမတကြီးရှားလ်ဒဂိုးရ် (၁၈၉၀ - ၁၉၇၀) ကို ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာပါ၊ ၁၉၆၆ ခုနှစ်က စတင်ဖွင့်ခဲ့တဲ့ ဒီလေဆိပ်ကြီးဟာ တနှစ်ကိုခရီးသည် သန်းပေါင်း ၆၀ ကျော် အဝင်အထွက်နဲ့ လေယာဉ် အဆင်းအတက်ပေါင်း ၆ သိန်း နီးပါးရှိပါတယ်၊ ဒီ လေဆိပ်မှာ အဆောက်အဦး Terminal စုစုပေါင်းသုံးခုရှိပြီး တာမီနယ် ၁ နဲ့ ၂ ကိုသာ အသုံးများပြီး ၃ ကတော့ ကိုယ်ပိုင်လေယာဉ်တွေအတွက်နဲ့ Charter Flight တွေအတွက် အသုံးပြုပါတယ်၊

စက်ဝိုင်းပုံရှိတဲ့ တာမီနယ် ၁ မှာ အဓိက လေကြောင်းလိုင်းတွေ ဖြစ်တဲ့ Asiana Airlines, Malaysia Airlines, Singapore Airlines, Thai Airways International, All Nippon Airways, Air China,  Qatar Airway, Lufthansa, Scandinavian Airline, United Airlines, US Airways လေကြောင်း လိုင်းတွေ ဆင်းသက် ရပ်နားပြီး ၂၀၀၄ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တဲ့ တာမီနယ် ၂ မှာတော့ Korean Air, Japan Airlines, Cathay Pacific, Emirates, KLM, British Airways, American Airlines, Delta AirLines, EasyJet နဲ့ အထူးသဖြင့်တော့ အိမ်ရှင်လိုင်းဖြစ်တဲ့ Air France လေကြောင်းလိုင်း
တို့ ဆင်းသက်ရပ်နားကြပါတယ်၊ အခြားလူသိနည်းပါးတဲ့ လိုင်းတွေလည်း ရှိပါသေးတယ်၊




ဒီ အင်တာနက်စာမျက်နှာမှာ ပါရီလေဆိပ်တွေနဲ့ ပတ်သက်တဲ့ မြေပုံတချို့ကို ကူးယူနိုင်ပါတယ်၊
ရှားလ်ဒဂိုးရ်လေဆိပ်ကို ရောက်ရှိလာပြီးနောက် လာရောက်ကြိုဆိုသူမရှိခဲ့ရင် ကိုယ့်အားကိုယ်ကိုးရ တော့မယ် ဆိုရင်တော့ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်၊ လာရောက်ကြိုဆိုရမယ့်သူ ပါရီမြို့ ပေါ်မှာနေထိုင်သူလို့ပြောလို့ရတဲ့ မောင်ရင်ငတေတို့ကိုတောင်မှ ကြိုတင်မပြောထားရင် ချက်ချင်းဆို သလို လာရောက်ခေါ်ယူဖို့ရာ အတော်ခက်ခဲပါတယ်၊ ပါရီ တောင်ဘက်ဖျားမှာ နေထိုင်တဲ့သူတွေက ပါရီ မြောက်ဖျား ရှားလ်ဒဂိုးရ် လေဆိပ်ကို ရထားနဲ့လာဖို့ အနည်းဆုံးအချိန် တနာရီကျော် ကြာမှာပါ၊ ရှားလ်ဒဂိုးရ် လေဆိပ်က ပါရီမြို့လယ်ကို တက္ကစီငှားရင် ပျမ်းမျှခြင်း ယူရို ၅၀ အထက်မှာ ရှိပါတယ်၊ တော်တော်များများ တိုးလ်ရစ်တွေကတော့ ပါရီ တက္ကစီတွေကို အသုံးပြုကြတာကို တွေ့ရခဲပါတယ်၊ ဘာလို့လဲလို့တော့ မေး မကြည့်ဖူးကြောင်းပါ၊ တက္ကစီမောင်း ဆရာတွေရဲ့ လှဲ့ပတ်မောင်းတဲ့ ရန်ကိုပဲ ကြောက်ကြလို့လား ဒါမှမဟုတ် မြို့အဝင်ကားတွေ ပိတ်ဆို့တာကိုကြာမှာ ကြောက်ကြလို့လားတော့ မသိပါဘူး၊ သယ်လာတဲ့ခရီးဆောင်အိတ်ကြီးတွေကို ကိုယ်တိုင်ဆွဲကြပြီး ရထားတွေကို တိုးခွေ့စီးကြ တာများပါတယ်၊ မောင်ရင်ငတေတို့လည်းမြို့ထဲမှာ နေ့ခင်းကြောင်တောင် အငှားကားစီးပြီး သွားကြ တာမျိုး တခါမှမရှိဖူးပါဘူး၊ ငှားချင်တိုင်းလည်း တွေ့ကရာနေရာမှာတား ငှားလို့ရတာမဟုတ်ဘူးလေ၊ ကားတွေကလည်း ခရီးသည်များ ရလေမလားလို့ ပတ်မောင်းနေတာမျိုးလည်းမရှိ၊ သူဂိတ်ထိုးရမယ့် နေရာမှာ ထိုးရပ်စောင့်ကြတာ များပါတယ်၊ အများအားဖြင့်တော့ ဘူတာရုံကြီးတွေ မြို့ပြင်အထွက် ဂိတ်တွေနဲ့ လူစည်ကားရာနေရာတွေမှာသာ အငှားကားတွေ များများ ရှိတတ်ပါတယ်၊


RoissyBus (Paris-Opéra - l'Aéroport Paris-Charles de Gaulle)             (ဓါတ်ပုံ မရငတ)
အဲယားပို့တ်ကိုသွားတဲ့ ဘတ်စ်ကားလိုင်းတခုကတော့ RoissyBus ဘတ်စ်ကားလိုင်းပါ၊ ရှားလ်ဒဂိုးရ် လေဆိပ်နဲ့ ပါရီမြို့လယ် တနေရာမှာရှိတဲ့ ၁၈၇၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Opéra Garnier ဆိုတဲ့ အော်ပရာက ဇာတ်ရုံကြီး တည်ရှိရာ Opéra မေထရိုဘူတာကို ဆက်သွယ်ပေးထားတဲ့ ဘတ်စ်ကား လိုင်းပါ၊ ကားခကတော့ ၁၁ ယူရို ကျသင့်ပြီး လေဆိပ်သို့ မောင်းချိန်က မိနစ် ၇၀ ခန့် ကြာမှာပါ၊ 


Les Cars Air France Airport Bus လေဆိပ်သွား ဘတ်စ်ကားလိုင်း         (Photo Google)
Les Cars Air France ခေါ်တဲ့ လေဆိပ်ဘတ်စ်ကားကို စီးမယ်ဆိုရင်တော့ ၁၀ ယူရိုပေးရမှာ ဖစ်ပြီး ရှားလ်ဒဂိုးရ်နဲ့ အော်လီ လေဆိပ်ကြီးနှစ်ခု နောက်ပြီး ပါရီမြို့ရဲ့ အဓိကအချက်အချာ ရှောင်ဇေလီဇေ မုဒ်ဦး Gare de Paris-Montparnasse မောင့်ပါးနပ် ဘူတာရုံကြီး Paris-Gare de Lyon လီယွန် ဘူတာရုံကြီးတွေကို ဆက်သွယ်ပေးထားတာပါ၊ အများစု ခရီးသည်တွေနဲ့ ပါရီမှာ နေထိုင်ကြသူတွေ အသုံးများကြတာကတော့ RER ခေါ်တဲ့ ရထားစီးပြီး ပါရီကို သွားကြတာပါ၊ အဲယားပို့တ် ဘတ်စ်ကို စီးမယ်ဆိုခဲ့ရင်လည်း ပါရီမြို့ထဲ ရောက်တာနဲ့ မိမိသွားလိုရာကို မြေအောက်ရထား ထပ်စီးကြရမှာပါ၊ တယောက်တည်းသမားအနေနဲ့ တက္ကစီငှားခ ယူရို ၅၀ ကျော် ၆၀ ဆိုတာ ဈေးကြီး လွန်းလှပါတယ်၊ ဥရောပမြို့ တမြို့နဲ့တမြို့ လေယာဉ်စီးခက ယူရို ၁၀၀ မကျော်ဘဲ ကားငှားခက ၅၀ ကျော်ဆိုတော့ ဘယ်သူမှတန်တယ်လို့ မထင်ကြပါဘူး၊ ဥရောပမြို့တွေ မြို့ကြီးကြီးသေးသေး မြိုလယ်တွေဟာ ဟိုး ရှေးရှေးက လမ်းတွေ မြို့ကွက်တွေအတိုင်း အခုထိတိုင် ထိမ်းသိမ်းထားတာလို့ မြို့လယ်ကျဉ်းကျဉ်း လမ်းကျဉ်းကျဉ်းတွေမှာ ကားရပ်ဖို့နေရာ အရမ်း ရှားရုံမျှသာမက ကားရပ်နားခ ဈေးကြီးတာကြောင့် မြို့လယ်ကို ကားနဲ့လာချင်သူ နည်းလွန်းလှပါတယ်၊ တော်ရုံကားတစီး ယူရို ထောင်ကျော်မျှ ပေးရုံနဲ့ ဝယ်စီးလို့ ရပေမယ့်လည်း ကားအတွက် အခွန်အခက တလသုံးလေးငါးရာ ဆိုတော့ကာ ဘယ်သူမှ မလိုအပ်ဘဲနဲ့တော့ ကားဝယ်မထားကြပါဘူး၊ ဒါကြောင့် ရထားစီးသူများတာ ထင်ပါတယ်၊


Shuttle Rail သို့မဟုတ် CDGVAL                                                   (Photo Google)
CDGVAL Shuttle Rail ဆိုတာက ရှားလ်ဒဂိုးရ်လေဆိပ်ရဲ့ တာမီနယ်သုံးခုကို ဆက်သွယ်ထားတဲ့ ရထားလိုင်း အတိုလေးပါ၊ လက်မှတ်ဝယ်စရာမလိုဘဲ အလကားစီးလို့ ရပါတယ်၊ ရထားကိုစီးပြီး ပါရီ မြို့ထဲကိုသွားမယ်ဆိုရင်တော့ RER B ဆိုတာကို ရှာရမှာ ဖြစ်ပါတယ်၊ လေယာဉ်နဲ့ တာမီနယ် ကို ဆိုက်ရောက်လာသူတွေက CDGVAL နဲ့ တာမီနယ် ရှိ RER B ဘူတာရှိရာ သွားရောက်ပြီး စီးရမှာ ဖြစ်ပါတယ်၊ သတိပြုရမှာက တာမီနယ် ကို T 3 လို့ ရေးသလို မူလ ပထမအခေါ် T 9 လို့လည်း ခေါ်ကြတဲ့အပြင် Roissy Pôle လို့လည်း ခေါ်ကြပါသေးတယ်၊ တာမီနယ် မှာတော့ ခရီးဝေးသွား ဘူတာရုံ La Gare CDG 2 TGV နဲ့ ပါရီသွားတဲ့ဘူတာ RER B ဂိတ်စ ဘူတာ ရှိပါတယ်၊ ရထားခက ယူရို ၁၀ ခန့် ပေးရမှာဖြစ်ပြီး ပါရီမြို့ထဲက ကိုယ်တည်းခိုနေထိုင်မယ့်နေရာနဲ့ အနီးဆုံးဘူတာရှိရာကို အဲဒီ လက်မှတ်နဲ့ မြေအောက်မေထရိုရထားတွေ ဆက်လက်ပြောင်းစီးသွားလို့ ရပါတယ်၊


RER Line B                                                                                (ဓါတ်ပုံ မရငတ)
Île-de-France ခေါ်တဲ့ ပါရီမေထရိုပိုလီတန် နယ်မြေကြီးမှာ တရားဝင် စာရင်းများအရ လူဦးရေ ၁၂ သန်းကျော် နေထိုင်တာပါ၊ Réseau Express Régional ခေါ် RER ရထားလိုင်းများဟာ ပါရီမြို့ရဲ့ မေထရိုပိုလီတန် နယ်မြေ ဆင်ခြေဖုံးဆီသို့ ပြေးဆွဲနေတဲ့ ရထားလိုင်းများ ဖြစ်ပါတယ်၊ အေ ဘီ စီ ဒီ အီး ဆိုပြီး ငါးလိုင်း ရှိပါတယ်၊ မြေအောက်မေထရို ရထားလိုင်းများကတော့ လိုင်းရှည်က ၁၄ လိုင်းနဲ့ လိုင်းတို လိုင်း စုစုပေါင်း ၁၆ လိုင်းရှိပြီး လိုင်းအမည်တွေကိုတော့ နံပတ်စဉ်တွေနဲ့ သတ်မှတ်ထား ပါတယ်၊ များပြားလွန်းတဲ့ မြို့တော်တွင်း နေထိုင်သူတွေနဲ့ မြို့တော်ကို လာရောက် လည်ပတ်ကြသူ တွေကြောင့် ပါရီမြို့ မြေအောက်ဘူတာရုံတွေဟာ အမြဲတမ်းလို ရှုတ်ယှက်ခတ် စည်ကားနေတာကို တွေ့မြင် ရမှာပါ၊ ပုံမှန်အားဖြင့် နိစ္စဓူဝ မြို့ထဲကနေ ရုံးပြန် ကျောင်းပြန် ဈေးပြန် အလုပ်ပြန် မောမော ပန်းပန်းနဲ့လည်း အဲဒီ မြေအောက်ရထားတွေကိုသာအသုံးပြုပြီး သွားကြပြန်ကြရတာ မြို့သူမြို့သား အားလုံးလိုလိုပါ၊ အဲဒါကြောင့် ပြင်သစ်ရဲ့စကားမှာ Métro-Boulot-Dodo မေထရို-ဘူးလို-ဒိုဒို ဆိုပြီး အရပ်သုံးစကားလား ဘာလားတော့ သေချာမသိပါဘူး ပြောလေ့ပြောထ ရှိကြပါတယ်၊ တနေ့တနေ့ မေထရို အသွားအပြန်စီး-အလုပ်လုပ်-အိပ်၊ အိပ်တာမှ မေထရိုပေါ်မှာ တရေးတမောရအောင် အိပ် နိုင်ကြပါတယ်၊ တချို့တွေများ အလုပ်လုပ်ချိန် သုံးလေးနာရီ အတွက်ကို အိမ်ကနေ အလုပ် အသွား အပြန် ရထားစီးကားစီးရတဲ့ အချိန်က သုံးနာရီလောက် ကြာတတ်တာမို့ အဲဒီစကား ပေါ်လို့လာတာ ဖြစ်နိုင်ပါတယ်၊ မအိပ်နိုင်သူများကတော့ စာဖတ်သီချင်းနာထောင်ပေါ့၊ အခုခေတ်မှာတော့ ဖုံးတလုံး
အသုံးပြု အချိန်ဖြုန်းတဲ့ မြေအောက်ရထား ယဉ်ကျေးမှုခေတ် ဖြစ်လို့လာနေပါပြီ၊


RER B La Gare de Paris-Nord                                                        (ဓါတ်ပုံ မရငတ)
RER B ကတော့ မြောက်ဘက်ရှိ ရှားလ်ဒဂိုးရ်လေဆိပ်နှင့် တောင်ဘက်ရှိ အော်လီလေဆိပ် နှစ်ခုကို ပါရီမြို့လယ်နဲ့ ဆက်သွယ်ပေးထားတဲ့ အဓိကရထားလိုင်း ဖြစ်ပါတယ်၊ အဓိကဆိုသည့် အတိုင်းပင် ပြဿနာတွေ ဗလပွနဲ့ ရထားလိုင်းလည်း ဖြစ်ပါတယ်၊ မကြာခဏ ဆိုသလိုပါ၊ မီးရထားဝန်ထမ်းတွေ ရထားတွေရပ် ဆန္ဒပြကြလို့ ဘူတာစင်္ကြန်တွေမှာ ခရီးသွားတွေ ဒင်းကြမ်းပြည့်ပြီး တောင်ပြေးလိုက် မြောက်ပြေးလိုက် ဖြစ်နေတာကို တွေ့နေရမြဲပါ၊ လေဆိပ်ကနေ အာအီးအာ ဘီ ရထားကို စီးလာရင် ပါရီမြို့တွင်း မေထရိုမြေအောက် ရထားလိုင်းတွေကို ပြောင်းစီးလို့ရမယ့် မြေအောက်ဘူတာကြီးတွေ က Gare du Nord, Châtelet-Les-Halles, Saint-Michel, Port-Royal, Denfert-Rochereau, Cité universitaire တို့ ဖြစ်ပါတယ်၊ အဲဒီရထားလိုင်းဟာ လေဆိပ်ကနေ ပါရီမြို့ကို သီးသန့်သွားတဲ့ ရထားလိုင်းမဟုတ်လို့ ပါရီမရောက်ခင် ကြားဘူတာအသေးလေးတွေမှာ ရပ်နားပါသေးတယ်၊ ပါရီရဲ့ ပထမဆုံး ဘူတာကတော့ ခရီးဝေးသွား ဘူတာကြီး ၇ ခု ထဲမှာ အကြီးဆုံးတခု ဖြစ်တဲ့ La Gare de Paris-Nord ဖြစ်ပါတယ်၊ အဲဒီမြေအောက် Gare du Nord ဘူတာမှာ မေထရို လိုင်းနံပတ် ၂-၄ နဲ့ ၅ သုံးလိုင်းရယ် RER B-D-E သုံးလိုင်းရယ် တွေ့ဆုံတဲ့ ဘူတာကြီးပါ၊ အဲဒီ ဘူတာကြီးနဲ့ အနီးအနားက ရပ်ကွက်တွေဟာ ပြင်သစ်ပြည်ရောက် အာဖရိကန်တွေအာရပ်နွယ်ဖွားတွေ အင်ဒီးယန်းဆရီလင်္ကာ တမီလ်တွေရဲ့ ဈေးဆိုင်တန်းတွေရှိရာ ရပ်ကွက် နေရာဖြစ်လို့ ဘူတာကြီးဝန်းကျင် တခုလုံးမှာ သူတို့ လူမျိုးတွေရဲ့ အော်ဟစ်စကားပြောသံ ခလေးငိုသံမျိုးစုံနဲ့ လွှမ်းမိုးလို့နေပါတယ်၊

ပြင်သစ်ဆိုတဲ့ တိုင်းပြည်ကလည်း နေ့စဉ်ဆိုသလို တနေရာမဟုတ်တနေရာမှာ ဆန္ဒပြ နေကြတာပါ၊ ဆန္ဒမပြတဲ့နေ့မရှိဘူးနဲ့ တူပါတယ်၊ ပါရီမြို့ရဲ့ မြေအောက်ရထားလိုင်းများဟာ အနည်းဆုံးပျမ်းမျှခြင်း     အနှစ်တရာကျော်ဝန်းကျင် ရှိနေတာဖြစ်ပြီး အထွေထွေအကြပ်အတည်းများကလည်း များပြားလှစွာ ရှိနေတာကြောင့် ဘယ်လိုပင် ပြင်ဆင်ခြင်းတွေ လုပ်လုပ်ပါ၊ မြေအောက်ရထား ဘူတာတွေကတော့ ဟောင်းနွမ်းမှုရဲ့ ဇရာကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပါဘူး၊ အဟောင်း ဆိုတာတွေကို ထိမ်းသိမ်းထားရ တာကို ကျင့်သားရနေလို့ များလားတော့ မသိပါဘူးခင်ဗျား၊ ဥရောပတခွင် ကျဆင်းနေတဲ့ စီးပွားရေး အကျပ်အတည်းများကြောင့်အပြင် ကိုလိုနီဟောင်း တိုင်းပြည်များမှ ရောက်လာ နေထိုင်ကြသောသူ များနဲ့ နိုင်ငံတကာမှ ရွှေ့ပြောင်းအခြေစိုက် လာသူများရဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေကို ထမ်းထားရတာ တွေကလည်း များပြားလွန်းလှပြီး မနိုင်ဝန်ပိနေပါပြီ၊ ပြင်သစ်လူမျိုးဆိုသူများရဲ့ မူလဓလေ့စရိုက်များ အရ ဝေဖန်လေကန် ငြင်းခုံရခြင်းတွေကို ကြိုက်နှစ်သက်သူတွေက ခုခေတ်တိုင် များပြားစွာရှိနေဆဲ ဖြစ်ပြီး ဘာလုပ်လုပ် အထ နှေးတတ်တာကလည်း အရိုးစွဲနေတဲ့ စရိုက်ပါ၊ ဒါကြောင့် အဟောင်းတွေ ကြားမှာ နေထိုင်ရခြင်းကို ပျော်မွေ့နေတတ်သူများ ဖြစ်တာမို့ ပျက်လို့ပြင်လည်း ခပ်နှေးနှေး ဆန္ဒပြပါ ကလည်း ခပ်အေးအေးနဲ့ နေတတ်ကျေနပ် နေကြသူများလို့ ပြောရင် မှားလိမ့်မယ် မထင်ပါဘူး၊


La Gare de Paris-Nord                                                                (ဓါတ်ပုံ မရငတ)
၁၈၄၆ ခုနှစ်က စတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ အဲဒီ Paris-Nord ဘူတာကြီးကနေတဆင့် La Société Nationale des Chemins de Fer Français ခေါ် ပြင်သစ်မီးရထားဌာန SNCF ကနေပြေးဆွဲနေတဲ့ TGV (Train à Grande Vitesse) အမြန်ရထားစီးပြီး ပြင်သစ်ပြည်မြောက်ပိုင်း Haute-Normandie အထက်နော်မန်ဒီဒေသ၊ Picardie ပီကာဒီဒေသ၊ အင်္ဂလိပ်ရေလက်ကြားက Channel Tunnel ရှိရာ Nord-Pas-de-Calais ကာလေဒေသတွေကို သွားနိုင်ပါတယ်၊ ဘယ်လ်ဂျီယံ နယ်သာလန် အင်္ဂလန် ဂျာမဏီ တို့ကိုလည်း ဒီဘူတာကြီးကနေ သွားနိုင်ပါတယ်၊ နာမည်ကျော် ယူရိုစတားစီးပြီး လန်ဒန်ကို သွားနိုင်သလို Thalys ခေါ် အနီရောင် TGV ရထားတွေစီးပြီး ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရူဆဲလ် နယ်သာလန်မြို့တော် အမ်စတာဒမ်နဲ့ ရော့တာဒမ် ဂျာမဏီရဲ့ ကိုလုံးမြို့တွေကို သွားနိုင်တာကြောင့် ဒီဘူတာကြီးကို အသုံးပြုဖြတ်သန်းသွားတဲ့ ပြည်တွင်းပြည်ပခရီးသည်ဦးရေဟာ တနှစ်ကိုသန်းပေါင်း ၂၀၀ ကျော်လောက် ရှိနေတာပါ၊ ဥရောပရဲ့ အများဆုံးနဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံး ခရီးသည် ဖြတ်သန်း သွားလာမှုပါတဲ့ ခင်ဗျာ၊ တနေ့ တနေ့ကို ရထား စင်္ကြန် ၄၄ ခု ကနေ အမြန်ရထားစင်းရေ (အမြန်ရထား) ၁၅၀၀ ကျော် ဝင်ထွက်ဆိုက်ကပ် သွားလာနေတဲ့ ဘူတာရုံကြီးတခု ဖြစ်ပါတယ်၊ 



La Gare de Châtelet-Les Halles                                                   (ဓါတ်ပုံ မရငတ)
Châtelet-Les-Halles ရှထ်တလေ-လေဟောလ်ဆိုတဲ့ မြေအောက် ဘူတာရုံကြီးကတော့ ပါရီမြို့ရဲ့ အလယ်ခေါင်အကျဆုံး အကြီးဆုံး ပါရီမေထရိုပိုလီတန် နယ်မြေအတွင်းသွား ရထားလိုင်းတွေဆုံရာ  ဘူတာကြီး ဖြစ်ပါတယ်၊ RER ခေါ် ပါရီ ဆင်ခြေဖုံးသွား ရထားလိုင်း အေ ဘီ ဒီ သုံးလိုင်းရယ် Métro မေထရိုလိုင်း တစ် လေး ခုနှစ်နဲ့ ဆယ့်လေးရယ် စုစုပေါင်းလိုင်းခုနှစ်လိုင်း ပေါင်းဆုံတွေ့ရာ မြို့တော် တွင်းသွား ဘူတာကြီးဖြစ်ပြီး လူငယ်အများစု ဆုံတွေ့ကြရာ Forum des Halles အမည်ရ ရှော့ပင် စန်တာကြီး တခုနဲ့လည်း တဆက်တည်းလို တည်ရှိနေတာဖြစ်လို့ အမြဲလိုလို ခရီးသွားလာသူတွေနဲ့ ပြည့်နှက်နေတဲ့ ဘူတာကြီး တခုပါ၊ CDG လေဆိပ်ကနေ ဒီဘူတာသို့ ရောက်ပြီး အဝါရောင် အမှတ် ၁ မေထရို လိုင်းကို ပြောင်းစီးရင် ပါရီမြို့ရဲ့ အဓိကနေရာ တော်တော်များများကို ရောက်နိုင်ပါတယ်၊ အဲဒီ Châtelet မေထရိုကနေ ပါရီမြို့ အနောက်ဘက်ခြမ်းက La Défense လာဒေဖောင့်စ် ဘက်ကို သွားမယ် ဆိုရင်တော့ နာမည်ကျော် လုဗ်ရ်ပြတိုက်ရှိရာ Palais Royal-Musée du Louvre ဘူတာ၊ အမေရိကန် အင်္ဂလန် သံရုံးတွေရှိရာ ကွန်းကောဒ် ကျောက်တိုင် ရင်ပြင်အနီးက Concorde ဘူတာ၊ ရှောင်ဇေလီဇေ လမ်းမကြီးနဲ့ အောင်မြင်ရေးမုဒ်ဦးကြီးရှိရာ Charles de Gaulle-Étoile စတဲ့ ဘူတာ တွေကို ဖြတ်သန်းသွားပြီး ခရီးဆုံးဘူတာ La Défense ကတော့ ပြင်သစ်ပြည် အပြည်ပြည်ဆိုင်ရာ ရုံးသစ်ကြီးတွေနဲ့ နောက်ဆုံးပေါ် အထပ်မြင့် မိုးမျှော် တိုက်အသစ်ကြီးတွေ တည်ရှိရာ နေရာပါ၊ ပါရီ အရှေ့ခြမ်းဘက်ကို Châtelet ဘူတာကနေ စလို့စီးကြမယ်ဆိုခဲ့ရင်တော့ ပါရီမြို့တော်ဝန် ရုံးစိုက်ရာ မြို့တော်ခန်းမဘူတာ Hôtel de Ville၊ ဘာစတီးအကျဉ်းထောင်ဟောင်းကြီး ရှိခဲ့ရာ အခုခေတ်တော့ လူငယ်တွေ ညလုံးပေါက် ကျက်စားကြရာ နိုက်ကလပ်တွေနဲ့ ဘားတွေ တည်ရှိတဲ့ Bastille ဘူတာ၊ နောက်တဘူတာကတော့ ပါရီမြို့ရဲ့ အကြီးဆုံးဘူတာကြီးဖြစ်တဲ့ Paris-Gare de Lyon ပါရီ ဂါးရ် ဒ လီယွန်ဘူတာ ဖြစ်ပါတယ်၊ ပြင်သစ်တောင်ပိုင်း Lyon လီယွန်မြို့ မှတဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ဇူးရစ်မြို့များကို သွာရောက်နိုင်ပြီး လီယွန်ကနေ Marseille မားဆေးလ်ကမှတဆင့် မြေထဲပင်လယ် ကမ်းခြေတွေက အီတလီနဲ့ စပိန်မြေတွေကို ရောက်နိုင်ပါတယ်၊ မေထရိုအမှတ်တစ်လိုင်းရဲ့ ဂိတ်ဆုံး ဘူတာကတော့ ၁၆ ရာစု ၁၇ ရာစုခေတ်တွေက ပြင်သစ်ဘုရင့် မိသားစုတွေ နေထိုင်ခဲ့ရာ နန်းတော် ရဲတိုက်အဟောင်းတခု ဖြစ်တဲ့ Château de Vincennes ဘူတာ ဖြစ်ပါတယ်


Paris Métro Map
ဒီမေထရို နံပတ်တစ်လိုင်းဟာ ပါရီမြို့ရဲ့ အဓိက အရေးပါတဲ့နေရာတွေကို ဖြတ်သန်းသွားတာဖြစ်လို့ နိုင်ငံခြားခရီးသွားသူတွေ များပြားသလို ဖြတ်သန်းသွားတဲ့ ရပ်ကွက်တွေကလည်း ငွေကြေးချမ်းသာ သူတွေ နေတာများပါတယ်၊ ရထားတွဲတွေက သန့်ရှင်းသလို ရထားတွဲတွေကလည်း သိပ် မကြာခင် ကာလကမှ စတင် အသုံးပြုခဲ့တဲ့ တွဲအသစ်တွေ ဖြစ်ပြီး ရထားကလည်း နောက်ဆုံးပေါ် မောင်းသူမဲ့ ရထားများ ဖြစ်ပါတယ်၊ တချို့ရထားလိုင်းတွေမှာတော့ မထင်မှတ်လောက်အောင်ပဲ ညစ်ပတ်ပေရေ နေတတ်ပါတယ်၊ ပါရီမြို့က မြေအောက်ရထားဘူတာတွေရဲ့ အဓိက ပြဿနာတခုကတော့ လှေခါး အတက်အဆင်းတွေ များပြားလှတာပါ၊ အတက်နေရာတွေမှာ စက်လှေကားတွေ ရှိတတ်ပေမယ့်လို့ အဆင်းနေရာ တော်တော်များများမှာ စက်လှေကားက မရှိတတ်ပါဘူး၊ စက်လှေကားတွေကလည်း မကြာခဏဆိုသလို ဆန္ဒပြပြီးရပ်နေတတ်တာပါ၊ အဲဒါကြောင့်မို့လို့ ဘန်ကောက်တို့ စင်္ကာပူတို့မှာလို တက္ကစီလေး ဖတ်ကနဲ ငှားပြီး သွားတတ်လာတတ်တဲ့ စတိုင်လ်နဲ့ မလိုင်နဲ့ နံကထိုင် စည်းထားတတ် ကြပါတဲ့ ကိုရွှေ မြန်မာများ ပါရီ မြေအောက် စက်လှေကားတွေမှာ ကိုးယိုးကားယားတွေ ဖြစ်ကြတာ မကြာခဏ ဆိုသလိုကို တွေရကြုံရဖူးကြောင်းပါ ခင်ဗျာ၊ ခရီးဆောင်အိတ်ကြီးတွေမှာ ဘီးပါပြီးတော့ ဆွဲယူသွားလို့ ရပါတဲ့ ခိုင်ခိုင်ခန့်ခန့် အကြမ်းခံ ရေစိမ်ခံ အိတ်တွေ ဖြစ်ဖို့လည်း အရေးကြီးလှပါတယ်၊ နောက်တခုကတော့ ကိုရွှေတိုးလ်ရစ်ဆိုသူများကို ကျားအလစ်ချောင်းသလို ချောင်းနေတတ်တဲ့ ပါရီ မြေပေါ် မြေအောက် နာမည်ကျော် Pick-Pocket များပါ၊ မဟာရန်ကုန် ဘတ်စ်ကားလိုင်းများပေါ်က ကိုရွှေခါးတို့လို ပညာသားနဲ့ နှိုက်တာမျိုးမဟုတ်ဘဲ အုပ်စုလိုက်ဗြောင်အလစ်သုတ်ပြီး ပြေးတာမျိုးပါ၊ သူတို့တတွေဟာ အများအားဖြင့်တော့ အရှေ့ဥရောပ ဘက်ကနေ ခေတ်ပျက်ပြီး ရောက်လာကြတဲ့ ဂျစ်ပစီ မျိုးနွယ်ဝင် လူငယ်လေးတွေပါ၊ မိန်းခလေး ငယ်ငယ် လှလှလေးတွေလည်း ပါပါတယ်၊


စက်လှေကားမဲ့ မြေအောက်လှေကားများ                                             (ဓါတ်ပုံ မရငတ)
အဲဒါဆိုရင်တော့ ပါရီမြေကို စနင်းသူများအတွက် ပြင်သစ်ပြည်သို့ အဓိက ဝင်ပေါက်ကြီးနဲ့ ပါရီမြေရဲ့ အကြောင်း အနည်းငယ်တော့ သိရှိသွားနိုင်ပါပြီ၊ ပါရီမြို့ကို ဝင်ရောက်နိုင်တဲ့ တခြားဝင်ပေါက်တွေနဲ့ ပါရီမြို့တွင်းက အကြောင်းတွေကိုတော့ နောက်များမှ ဆက်ပါအုံးမယ်၊ အဓိကကတော့ မရောက်ဖူး သေးတဲ့ နယ်မြေဒေသတခုကို သွားမယ်ဆိုရင် ကိုယ်တိုင် ကြိုတင်လေ့လာထားတာ အကောင်းဆုံး ပါ၊ အသိမိတ်ဆွေတွေ ရှိနေပေသော်လည်း သူတို့ကသူတို့နေထိုင်ရာ ဝန်းကျင်ရဲ့အကြောင်းတွေကို အလုပ်မအားလို့ဖြစ်ဖြစ် စိတ်မဝင်စားလို့ဘဲဖြစ်ဖြစ် သိချင်မှ သိကြမှာပါ၊ ဒီကနေ့ အင်တာနက်ခေတ် ရှာဖွေလေ့လာ ဖတ်ရှုကြမယ်ဆိုရင် ကိုယ်သွားချင်တဲ့ဒေသနဲ့ ဆိုင်ရာအကြောင်းတွေကို လွယ်လွယ် ကူကူ လေ့လာသိရှိနိုင်ပါတယ်၊ ခရီးသွားခြင်းကို စိတ်ဝင်စားကြသူများ အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ခရီးတခုသွားခြင်းကို အနုပညာကဲ့သို ခံစားနိုင်ကြပါစေကြောင်း၊


စက်လှေကားမဲ့ မြေအောက်လှေကားများ                                             (ဓါတ်ပုံ မရငတ)
  
မောင်ရင်ငတေ ၂၇၀၂၂၀၁၃
http://moemaka.com/?p=32709             မတ်လ ၂၊ ၂၀၁၃