Libellés

Archives du blog

dimanche 4 octobre 2015

** အသည်းနီ * **


အသည်းနီ


အသည်းနီ
အဲဒီ ဓါးသွား ခပ်မြမြပေါ်မှာ တင်ထားတဲ့ အသည်းတွေ
ပါးပါးလှီးထုတ်လိုက်ဖို့ကို ဝန်မလေးလိုက်ပါနဲ့ ကိုယ့်လူ၊
အသည်းရဲ့ အငွေ့သက်တွေက မင်းရဲ့သံမဏိ ဆိုပါတဲ့
အဲဒီ ဓါးသွားကို တုံးသထက်ပိုပြီး တုံးလို့သွားအောင်လို့
တမဟုတ်ချင်း မဟုတ်ရင်တောင် တမြေ့မြေ့နဲ့ ဆွေးမြေ့
သွားစေမှာ အမှန်ပါကိုယ်လူ၊ လူရွေးမမှားစေနဲ့၊ ပြိုင်ဖက်
မမှားစေနဲ့၊ ပြိုင်မြင်းတွေလို တာထွက်ကောင်းပါစေကွာ၊
လောကဆိုတာရဲ့ နောက်မှာ သောကတွေ မောဟတွေ
မိုးဦးလေဦး မှိုတက်သလို ဗလပွ ကျန်တတ်တယ် ဆိုတာ
မင်းလည်း သိနေမှာပါ၊ ကမ္ဘာဦး အစရဲ့ အာဒမ်နဲ့ ဧဝက
တကယ်တော့ ခပ်ဝါးဝါး ကျန်ခဲ့ပါပြီ၊ ပုံပြင်ထဲက မေခလာ
လာကယ်ဖို့လည်း မာလ်တီဗီဇာ လျှောက်နေဆဲလေကွာ၊
ခေတ်တွေ စနစ်တွေက တရက်ပြီးတရက် ပြောင်းနေတာ
လေကွာ၊ အသည်းတွေ ဆိုတာလည်း ဒီကနေ့မှာ နီနီရဲရဲ
မနက်ဖန် ဆိုရင်တော့ အခြေအနေကြည့် ပြောင်းချင်ရင်
ပြောင်းနိုင်ကြတာ အသေအချာပေါ့ မဟုတ်လား၊ မနေ့က
ခေါင်းဝှက် မဖြတ်ရဲကြခဲ့တဲ့ လမ်း ....…. အောင်မလေးကွာ
ခုများတော့ ရင်ကော့ကော့ ဂေါင်းမော့မော့နဲ့ နီနေလိုက်ကြ၊
ပြက္ခဒိန်စာမျက်နှာတွေဟာ အလကားထားတာ မဟုတ်ဘူး၊
မှတ်စရာရှိရင်မှတ်တယ်၊ အဲ ကျပ်မပြည့်သူလည်း မှတ်တယ်၊
ဗူးသီးခရမ်းသီးလည်း မှတ်တယ်၊ မူးပြီးရမ်းလည်း မှတ်တယ်၊
ခြေလှမ်းကျဲလည်း မှတ်တယ်၊ မနီရဲနီရဲတဲ့ အသည်းကိုလည်း
မှတ်တယ်၊ မင်းရဲ့အသည်း တကယ်နီနီရဲဖို့က ဘယ်ဘုရားမှ
ဆုမတောင်းနဲ့လေ၊ တကယ် နီဖို့ မင်းရဲ့အသည်းထဲမှာကိုက
နီမှ နီမှ၊ နီမှ ဖြစ်မှာလေ၊

ဇက်အီးအာအို ၂၉၀၉၂၀၁၂

Aucun commentaire:

Enregistrer un commentaire