ဆောင်းမနက်
ဆောင်းမနက် 05:47 (ဓါတ်ပုံ မရငတ)
ဆောင်းမနက်
ညက ခပ်စောစော သန်းခေါင်ယံမတိုင်ခင်မှာ
စအိပ်ပျော်ခဲ့သဖြင့် တခါအိပ်လျှင် ခြောက်နာရီခန့်သာ
အိပ်တတ်သည့် အကျင့်ကြောင့် ထင်သည်၊
ဒီကနေ့မနက် မောင်ရင်ငတေ အိပ်ယာက ခပ်စောစော
နိုးလာခဲ့သည်၊ အမှောင်ထုထဲကနေ ထားနေကျ လက်ကိုင်ဖုန်းကို
စမ်းရှာရင်း အချိန်ကြည့်မိသည်။
နာရီ ဂဏန်းတွေက 05:47
...….. ….. ခြောက်နာရီ မထိုးတတ်သေး .. . .. .... .. . . . ... …. .. . .
ပြူတင်းပေါက်ဘက် လှည့်ကြည့်လိုက်တော့
အမှောင်ထုက ကြီးစိုးနေဆဲ၊ လိုက်ကာကြားက တိုးဝင်
လာသည့် လမ်းမီး နီကျင်ကျင် အရောင်ကို
မှုန်ပြပြလေး မြင်နေရသည်။
တနင်္ဂနွေနေ့ရဲ့ မနက်စောစော
ခြောက်နာရီခန့်သာ ရှိသေးသဖြင့် တလောကလုံး အိပ်မောကျတုန်း
တိတ်ဆိတ်နေတုန်းဖြစ်သည်၊ ငှက်ကလေးတကောင်၏
ခပ်စူးစူးအသံကို တချက်တချက် ကြားနေရ
သည်မှလွဲ၍ တခြား ဘာအသံတခုတလေမှ မကြားရသေးသည့်အချိန်
ဖြစ်သည်၊ ဥရောပဒေသမို့လို့
လမ်းထိပ်က အသံချက်စက်သံ လော်စပီကာအသံတွေကိုလည်း မကြားရတာဖြစ်မည်၊
မကြားရတာ
ကြာခဲ့ပြီမို့လို့ မသိစိတ်ထဲက သို့မဟုတ် နားထဲက တောင်းဆိုချင်နေတာလည်း ဖြစ်ချင်ဖြစ်မည်။
အေးစိမ့်နေသဖြင့်
အနီးရှိစောင်ကို ဆွဲကာ ခြုံမိလိုက်သည်၊ အအေးက ချက်ချင်းလျော့၍ မသွားပေ၊
၁၅ နှစ်တာ အတွေ့အကြုံများအရ
ဒီတနှစ်ဆောင်းက ပိုမိုအေးလိမ့်မည် ဖြစ်ကြောင်းကို သိနေသလို
ခံစားရသည်၊ ဒီတနွေလုံးမှာလည်း
နေအပူရှိန်က သုံးဆယ်ကျော်လေးဆယ်ဒီဂရီ တောက်လျှောက်
ဆိုသလို ပူပြင်းခဲ့သည်၊ ဒါကြောင့်မို့လည်းဖြစ်မည်
ထင်သည်၊ အအေးဓါတ်တွေက ဒီအောက်တိုဘာ
မကုန်ခင်မှာကို ပြလို့လာလေပြီ၊ ဒီတဆောင်း မြန်မြန်
ကုန်ပါစေ ဆုတောင်းကြသူတွေ ခပ်များများရှိ
လာလိမ့်မည်၊ အသက်တွေ မြန်မြန်မကြီးစေဖို့
အတွက်ကိုတော့ ဒီတဆောင်းကို အေးချင်အေးပါစေ၊
မြန်မြန် မကုန်ပါစေနဲ့လို့ ဆုတောင်းနေကြသူများလည်း
ရှိကောင်းရှိနိုင်ပါသည်။
ဆောင်းမနက် 05:47 (ဓါတ်ပုံ မရငတ)
နိုဝင်ဘာလနှောင်းရက်ပိုင်း
ရောက်လာသည်နှင့်အမျှ ဥရောပဆောင်းက သိသိသာသာကြီး ပို၍ပို၍
တစတစ အေးစက်လာသည်၊
ထိုအေးစက်လာမှုတွေနဲ့အတူ အမှောင်ထုတွေရဲ့သိပ်သည်းမှုတွေက
ပိုမိုများပြားလာသည်၊
အမှောင်ထုတွေက တနေ့တာရဲ့ အချိန်နာရီ တော်တော်များများကို ပိုင်စိုးလာ
နေလေပြီ၊ အချိန်တွေ
ကျုံ့သွားသလို ခံစားမိရသည့်ရာသီ ဖြစ်လေသည်၊ အချိန်တွေ ကျုံ့ကျုံ့သွား
လေတော့ ကိုယ့်အတွက်
လက်ကျန်အချိန်တွေ နည်းနည်းလာတာကို မြန်မြန်လာစေတယ်လို့ ထင်
နေမိသေးသည်၊ နောက်ထပ်၍ရက်ပေါင်း
၃၆၅၀၊ နှစ်ပြန်စာလောက်တော့ နေရလိမ့်ဦးမည် ထင်နေ
မိတာကတော့ အမှန်ပင် ဖြစ်လေသည်၊ ကုန်ဆုံးခဲ့သည့်
ရက်ပေါင်း တသောင်းနဲ့ကိုးထောင်လောက်
ကတော့ အစားပြန် မရနိုင်တော့ပြီ၊
ဘာတခုမှ မှတ်မှတ်ရရ မကျန်ခဲ့တာကလည်း အသေအချာပင်။
ဆောင်းမနက် (ဓါတ်ပုံ မရငတ)
လွန်ခဲ့သည့်တနှစ်က
မနက်လင်းအားကြီး လေးနာရီ အမှောင်ထုကြီးအောက်မှာ ချမ်းချမ်းစီးစီးထပြီး
အလုပ်သွားခဲ့ရတာ အမှတ်ရနေသည်၊
အိမ်ကနေ အလုပ်အသွားလမ်းက သင်္ချိုင်းကုန်းနှစ်ခုကြားမှာ
မို့လို့ ခပ်သုတ်သုတ်လေး သွားဖြစ်ခဲ့တာကိုလည်း အမှတ်ရမိနေပါသေးသည်၊ လွန်ခဲ့သည့် နှစ်ပေါင်း
သုံးဆယ့်ငါးနှစ် ဆောင်းတညမှာ နှစ်ကူးကြို ညလုံးပေါက်နီးပါး အတူစက်ဘီးစီးခဲ့ကြတဲ့ မရှိတော့တဲ့
သူငယ်ချင်းများကိုလည်း ထူးထူးခြားခြား သတိတရ ရှိလိုက်မိသည်။
မို့လို့ ခပ်သုတ်သုတ်လေး သွားဖြစ်ခဲ့တာကိုလည်း အမှတ်ရမိနေပါသေးသည်၊ လွန်ခဲ့သည့် နှစ်ပေါင်း
သုံးဆယ့်ငါးနှစ် ဆောင်းတညမှာ နှစ်ကူးကြို ညလုံးပေါက်နီးပါး အတူစက်ဘီးစီးခဲ့ကြတဲ့ မရှိတော့တဲ့
သူငယ်ချင်းများကိုလည်း ထူးထူးခြားခြား သတိတရ ရှိလိုက်မိသည်။
ဥရောပဆောင်းက ငယ်စဉ်တုန်းက
ကြုံခဲ့ဖူးတဲ့ ဆောင်းတွေထက် အေးစက်တာကတော့ အမှန်ပင်
ဖြစ်သည်၊ အမှောင်ထု ပိုသိပ်သည်း ပိုကြာရှည်တာလည်း အမှန်ပင် ဖြစ်သည်၊ ကိုယ်ရွေးချယ်ခဲ့မိတဲ့
ဒီလမ်း ဒီခရီး ဆုံးခန်းတိုင်အောင် လျှောက်ရမှာကလည်း ကိုယ်ကိုယ်တိုင်သာ ဖြစ်မည်။
ဖြစ်သည်၊ အမှောင်ထု ပိုသိပ်သည်း ပိုကြာရှည်တာလည်း အမှန်ပင် ဖြစ်သည်၊ ကိုယ်ရွေးချယ်ခဲ့မိတဲ့
ဒီလမ်း ဒီခရီး ဆုံးခန်းတိုင်အောင် လျှောက်ရမှာကလည်း ကိုယ်ကိုယ်တိုင်သာ ဖြစ်မည်။
ရုတ်တရက် ဝူးကနဲ မောင်းထွက်သွားတဲ့
ကားတစင်းရဲ့စက်အသံ ကြားလိုက်မိရတော့ အတွေးပျက်
သွားသည်၊ ဒါနဲ့ …
…. နာရီ ကြည့်လိုက်တော့ 07:13 … ... အမှောင်ထုကတော့ သိပ်သည်းနေဆဲ။
ဒီလို ဆောင်းရဲ့အအေး
ဆောင်းရဲ့အမှောင်
ကြိုက်သည် မကြိုက်သည်
ဘယ်လို ဖြစ်ပါစေ။
မောင်ရင်ငတေ ရင်ဆိုင်ရ
ပေဦးမည်၊
မောင်ရင်ငတေ ရင်ဆိုင်နိုင်ဖို့
ကြိုးစားရပေဦးမည်။
မနှစ်က ၂၀၁၄ ခုနှစ်တုန်းက
ရေးထားတာလေးကို ပြန်လည်
အချောသပ် ရေးလိုက်တာပါ။
မောင်ရင်ငတေ ၁၆၁၀၂၀၁၅
http://moemaka.com/archives/47971 ဒီဇင်ဘာ ၄၊ ၂၀၁၅
ဆောင်းမနက်
အတွေးစတစ
ဆောင်းမနက်
Aucun commentaire:
Publier un commentaire