ရွက်ကြွေလွင့်ချိန်
ဒီကနေ့ စက်တင်ဘာလ
၂၃ ရက်နေ့ ဥရောပရဲ့ ဆောင်းဦးရာသီ Automne ရဲ့ အစဦးနေ့ပါ၊
ကျောင်းပိတ်ရက်တွေ
ရုံးပိတ်ရက်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ သာယာမျှတတဲ့ ရာသီအတွင်းမှာ
ဟိုသွားဒီသွား သွားခဲ့ကြတဲ့
မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြတဲ့ နွေတနွေ ပြီးဆုံးခဲ့ပြန်တဲ့ နေ့တနေ့ပေါ့၊
အရွက်တွေကြွေတာကို
သိပ်များများ မတွေ့ရသေးပေမယ့် စတင်လို့ တွေ့ရှိလာရတဲ့ အချိန်တွေပေါ့၊
မောင်ရင်ငတေတို့ရဲ့
မဟာအာရှမြေမှာဆိုရင်တော့ နွေဦးမှာ လေရူးတွေနဲ့အတူ ရွက်ကြွေတွေ
လွင့်ကြပေမယ့် ဥရောပဆိုတဲ့
နေရာမှာတော့ ဒီအချိန် ဆောင်းဦးပေါက် ဝင်ရောက်တဲ့အချိန်ကစလို့
စက်တင်ဘာ အောက်တိုဘာ
ဆိုတာတွေက ရွက်ကြွေလွင့်တဲ့ အချိန်တွေပါ၊
မကြာခင်မှာ အအေးဓါတ်ရဲ့
ဖိစီးမှုတွေနဲ့အတူ တနေ့တာမှာ စိတ်ပျက်ဖွယ်ရာ အမှောင်ဖုံးလွှမ်းချိန် တွေက တစတစ ပိုလို့ပိုလို့
များပြားလာတော့မှာပါ၊ အဲဒီလို အမှောင်များချိန်တွေက မောင်ရင်ငတေ တို့လို အမှန်အကန်
အားကစားသမားတွေတောင်မှ အတော်ကြီး ကြံကြံခိုင် ရင်ဆိုင်ရတာပါ၊
ဒီကာလဒီအချိန်တွေမှာ
မောင်ရင်ငတေရဲ့သမိုင်းမှာ မောင်ရင်ငတေရဲ့ရင်ထဲမှာ ခံစားမိခဲ့ရတာတွေ ကတော့ သိပ်မရှိလှပါဘူး၊
ထူးထူးခြားခြား အမှတ်တရ ဖြစ်စေခဲ့တဲ့ စိတ်ခံစားမှုတခု ရှိခဲ့တာကတော့ Harvest Festival
ဆိုတဲ့ ကောက်ရိတ်သိမ်း ပွဲတော်ကာလ ပြင်သစ်တွေရဲ့ Les Vendanges ခေါ် ဆိုကြပါတဲ့ စပျစ်ခူးပွဲတော်တွေပါ၊
ဒီနေရာမှာတော့ ဒီစပျစ်ခူးပွဲအကြောင်း ပေရှည်မှာစိုးလို့ ထည့်ပြီး မပြောချင်တော့ပါဘူး၊
အေးချမ်းတဲ့ ဆောင်းကာလတွေမှာ ဥရောပသားတွေဟာ နှစ်သစ်ကူးကာလ ခရစ်စမတ် ကာလတွေကလွဲလို့
တကုတ်ကုတ်နဲ့ အလုပ်လုပ်ရင်း အအေးဒဏ်တွေကို အံတုရင်ဆိုင် ကြရပါတဲ့ ကာလတွေပါ၊ အမှောင်ထုတွေ
သိပ်သည်းစွာနဲ့ ဖုံးလွှမ်းလို့ လာတော့မယ့် ကာလတွေကို ရင်ဆိုင်နိုင်ဖို့ မောင်ရင်ငတေ
ကြိုးစားပြင်ဆင်ရင်း ရွက်ကြွေတောတွေထဲမှာ လျှောက်လှမ်းပါဦးမယ်၊
ရွက်ကြွေတောတွေရဲ့ ကြွေလွင့်ရွက်ကြွေတွေရဲ့ အလှအပတွေကိုတော့ ခံစားရင်း မှတ်တမ်းတင်ဖြစ်ဖို့ ကြိုးစားပါဦးမယ်၊
Aucun commentaire:
Publier un commentaire