ငါ့ရင်ထဲမှာ ဧရာဝတီ
မြေထဲပင်လယ်ရေစီးသံ
Côte
d’Azur သို့မဟုတ် ပင်လယ်ရေပြာပြာ ကောင်းကင်ပြာပြာ (ဓါတ်ပုံ
မရငတ)
ဧရာဝတီရေ မင်းကို
တိုင်တည်ပြီး ငါ မရေးဖြစ်တာ ကြာပြီ၊ သတိမရလို့တော့ မဟုတ်ဘူးပေါ့ကွာ၊
အမျိုးမျိုးအထွေထွေသော
အကြောင်းတွေကြောင့်ပေါ့ကွာ၊ ၂၀၁၅ ခုနှစ်လယ်မှာ မင်းနဲ့ပတ်သက်တဲ့
အကြောင်းတွေကိုလည်း နေရာအနှံ့ပလူပျံနေအောင်
ကြားခဲ့ရသကွာ၊ စိတ်တော့မကောင်းဘူး၊ မင်း
အကြောင်းတွေနဲ့ လှူကြတန်းကြ
ကယ်ဆယ်ကြနဲ့ မကြာပါဘူးကွာ၊ အနီ … . ...... အနီမှအနီ ရဲရဲနီ မင်းလည်းနီ ငါလည်းနီ ခါတော်မီလည်းနီ
ဆိုပြီးတော့ အနီရောင်လှိုင်းတပိုးတွေကြား မျောလို့ပါသွား လိုက်ကျတာ မင်းကိုတောင် မေ့ထားလိုက်ကြတယ်
ထင်ပါရဲ့၊ ဟဲ ဟဲ … .. မင်းကတော့ ခပ်ပြုံးပြုံးနဲ့ လက်ပိုက်ကာသာ ကြည့်နေမယ်ဆိုတာ …..
ငါ မြင်ယောင်နေပါတယ်ကွာ၊ အေးလေ ဘာပြောပြော မင်းရင်ခွင် အနားမှာ နေကြသူတွေက မင်းကို ချစ်ကြသလို
… ….... မင်းကလည်း ချစ်တယ်ဆိုတာ ငါ ယုံပါတယ်၊ အေး ဒါတွေ ထားပါတော့ကွာ၊ ပြောကြတဲ့သူတွေလည်း
အများကြီးပါ၊
မင်းနဲ့ မင်းရင်ခွင်ထဲက
မင်းချစ်သူတွေကို စာနာ နားလည်ကြသူတွေလည်း အများကြီးပါကွာ၊
မင်းအကြောင်း ငါအမြဲ
နားစွင့်နေသလို ငါရောက်ခဲ့တဲ့ နေရာတိုင်းမှာလည်း မင်းနဲ့ တိုက်ဆိုင်လာရင်
မင်းကို သတိရနေမြဲဆိုတာကိုတော့
ယုံကြည်ပါကွာ၊ ဒါကြောင့် ငါ ခရီးသွားတိုင်း သွားတိုင်းမှာ မင်း အလွမ်းပြေ မြစ်နဘေး
ချောင်းနဘေး အရောက်ပြေးလို့ ကြည့်မိရတာ အမောပေါ့ကွာ၊
ပင်လယ်နဲ့ မြစ်ဆိုတာက
ငါတို့ ငယ်ငယ်ကတော့ အဝေးကြီး …. ဘာမှ မဆိုင်သလို ထင်ကြသူတွေ
တော်တော်များများ
ရှိခဲ့ကြလိမ့်မယ်၊ မင်းတို့လို မြစ်တွေ ချောင်းတွေဟာ ပင်လယ်တို့ သမုဒ္ဒရာတို့နဲ့ နောက်ဆုံးမှာတော့
ဆုံတွေ့ရမြဲ မဟုတ်လား၊ အဲဒီတုန်းက မြစ်ဝတို့ ချောင်းဝတို့ ဆိုတာက တော်ရုံနဲ့ ရောက်ဖူးကြဖို့
မလွယ်ဘူးလေ၊ သွားရေးလာရေး ခက်တာကိုး၊
ငါကတော့ ဥရောပမြေကို
ရောက်လာပြီး လူကြုံကောင်းတိုင်း ဟိုသွားဒီသွား သွားရင်းနဲ့ ချောင်းဝတို့ မြစ်ဝတို့ကို
ရောက်ဖြစ်ခဲ့တယ်ပေါ့၊ အဲဒီမှာ မြစ်ရေနဲ့ ပင်လယ်ရေက အမြဲယှဉ်တွဲ နေတယ်ဆိုတာကို သွားမြင်တာကွ၊
ဥရောပရဲ့ မြစ်တွေ ချောင်းတွေကလည်း ခပ်သေးသေးကိုး၊ ရေစီး ဆိုတာကလည်း မင်းတို့လို မဟုတ်ဘူးလေ၊
တချို့မြစ်ဝချောင်းဝတွေဆိုရင် ခပ်သေးသေးဆိုတော့ ပင်လယ် ဒီရေကျ ချိန်မှာသာ မြစ်ချောင်းရေတွေက
ပင်လယ်ထဲစီးဝင်နိုင်တာ၊ ပင်လယ်ဒီရေတက်ချိန် ဆိုလာရင်တော့ မြစ်ချောင်းရေက ပင်လယ်ထဲ ဘယ်လိုမှ
မစီးဝင်နိုင်တော့ဘူးပေါ့ကွာ၊ အဲဒါမျိုးကို ငါကထိုင်စောင့်ပြီး ကြည့်ရတာကို ဝါသနာပါတာကွာ၊
ဒီက လမ်းတွေကလည်း မြစ်စမြစ်ဆုံး တောက်လျှောက်ဆိုသလို ဖောက်ထားတာဆိုတော့ ငါသွားချင်တဲ့
နေရာတွေကိုမြစ်ဝတွေကို သွားရင်းလာရင်း ရောက်ဖြစ်ဖို့က လွယ်တာပေါ့ကွာ၊
Medi Terra (Terre du Milieu, Mer Méditerranée) (Mediterranean Sea) (Photo Google)
ဒီနှစ်ဒီတခေါက် ငါသွားဖြစ်ခဲ့တာ ရောက်ဖြစ်ခဲ့တာ ဥရောပမြေ အာဖရိကမြေနဲ့ ငါတို့ အာရှမြေအထိ
ဆက်စပ်နေတဲ့ Mer
Méditerranée လို့ ပြင်သစ်လိုခေါ်ကြတဲ့ မြေထဲပင်လယ်ဆိုတာကြီးဆီကို ပေါ့၊
Méditerranée
ဆိုတာကိုက လက်တင်လို
MediTerra (Mediterraneus) ကနေ ဆင်းသက်လာခဲ့
တာလို့ ဆိုထားတော့ကွာ ငါဒို့ရွှေဗမာလိုဆိုရင် မြေအထဲကပင်လယ်ပေါ့နော်၊ Méditerranée ဆိုပြီး
အဲဒီလို ကုန်းမြေကြီးတွေ ပိတ်လုပိတ်ခင် နီးပါး
မြေအထဲက ပင်လယ်
ဆိုတာတွေ ကိုယ်ပိုင် နာမည်
အမျိုးမျိုးနဲ့ အများကြီး ရှိပေမယ့်လည်း အဲဒီ ငါ အခု
ရောက်ခဲ့တဲ့ မြေအထဲက
ပင်လယ်ကြီးကိုတော့ အကြီးဆုံး အကျယ်ဆုံးမို့လို့လားတော့ မသိပါဘူး
. . …… … …. … သီးခြားအမည်နဲ့ မခေါ်ကြပါဘဲ Mer Méditerranée လို့ ခေါ်ကြတာ
ထင်ပါရဲ့ကွာ၊ ဒို့
ဗမာစာမှာတော့ ဗမာလို
ရေးကြတာကတော့ မြေထဲပင်လယ် ပေါ့၊ သူနဲ့ တဆက်တည်း နာမည်ကျော် Mer Noire (Black Sea) ပင်လယ်နက် ဆို
တာကိုတော့ မြေထဲပင်လယ်ဆိုပြီး ဘယ်သူမှမခေါ်ကြဘူးလေကွာ၊ တကယ်တော့ ပင်လယ်နက်က လည်း ကုန်းပိတ်လုနီးပါး ဖြစ်နေတဲ့ မြေအထဲက ပင်လယ်တခု မဟုတ်လား၊
အဲဒီ
မြေထဲပင်လယ်ထဲမှာ Corsica ကော်ဆီကာ Sardinia ဆာဒင်းနီးယား Sicily စစ္စလီ
Cyprus ဆိုက်ပရပ် Malta မော်လ်တာတို့လို နာမည်ကျော်ကြားတဲ့ ကျွန်းလေးတွေရယ် တခြားကျွန်းလေး တွေက
မြေပြန့်မဟုတ်ဘဲ တောင်တွေတောတွေ ထူထပ် သိပ်သည်းပါတယ် ဆိုကြပြီး အင်မတန်မှ လှပပါပေတယ်လို့
ကျော်ကြားတာပေါ့၊ ဂရိကျွန်းတွေကလည်း နာမည်ကျော်ပေါ့ကွာ၊ အဲဒီ ဂရိကျွန်း အများကြီးထဲကမှ
ငါသွားချင်မိနေတဲ့ ကျွန်းတကျွန်း ရှိတယ်ကွ၊ (ကျွန်းဆိုတာထက် ကျွန်းစုဆိုရင် ပို မှန်လိမ့်မယ်
ထင်တယ်၊ လေးကျွန်းပေါင်းမှ တကျွန်းကိုးကွ၊) Santorino ကျွန်းပေါ့ကွာ၊ ဒီတခေါက် မှာတော့
မရောက်ဖြစ်သေးပါဘူး၊ နောက်များမှပေါ့၊
၇ ကီလိုမီတာရှည်လျှားတဲ့ အနှစ် ၂၀၀ သက်တမ်းရှိ Promenade des
Anglais (ဓါတ်ပုံ မရငတ)
ဒီ မြေထဲပင်လယ်ကြီးရဲ့ ၂၅ နိုင်ငံသော ကမ်းရိုးတန်းနိုင်ငံတွေရဲ့ စုစုပေါင်း ကမ်းရိုးတန်းအရှည်က
ကီလိုမီတာပေါင်း လေးသောင်းခြောက်ထောင် မိုင်နဲ့ဆိုရင်တော့ သုံးသောင်းလောက် ရှိတာပေါ့ကွာ၊
လစ်ဗျားနဲ့ အီဂျစ်က ကီလိုမီတာ သုံးထောင်လောက်ရှိတဲ့ ကမ်းရိုးတန်းတလျှောက်ကလွဲလို့ ကျန်တဲ့ ကမ်းရိုးတန်းတွေက တောင်ခြေနဲ့ ပင်လယ်ရေက ထိစပ်နေသလို လို့
ဆိုတယ်ကွ၊ အခုတခေါက် ငါ ရောက်ခဲ့သွားခဲ့တာက ကီလိုမီတာ သုံးရာကျော်လောက်တော့ ရှိမယ်ထင်ပါရဲ့၊ ကမ်းရိုးတန်းအရှည်
စုစုပေါင်းက လေးသောင်းခွဲကျော်ဆိုတော့ ငါသွားခဲ့တဲ့ ကမ်းရိုးတန်းအရှည်က ဘာမှတော့မရှိပါဘူး၊
ဒါပေမယ့် ငါရောက်ခဲ့သမျှလေးတော့ မင်းကို ဖောက်သည်ချချင် မိရတာပေါ့ကွာ၊
ဒီနေရာမှာ ငါ တကယ်
ပြောချင်တာက အဲဒီ
မင်းတို့လို မြစ်ချောင်းတွေရဲ့ ရေစီးသံတွေကိုသာပါ၊
ပင်လယ်အော်သံကတော့ ငါ သိပ်မပြောချင်ပါဘူး၊ ဒါပေမယ့် အဲဒီ မြေထဲပင်လယ်ရဲ့ အပြာရောင်စုံ ရေပြင်ကြီးရဲ့ အရောင်စုံကတော့ကွာ . .. … … .. ငါ
တွေ့ဖူးခဲ့တဲ့ ဘယ်
ရေပြင်တွေရဲ့ အရောင်နဲ့မှ မတူတာကတော့ သေချာတယ် . .. ဟေ့၊
နေရာတိုင်းမှာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့ကွာ၊ ရေပြင်
အများစုကတော့ စိမ်းပြာကြည်လဲ့ နေတာကို
တွေ့ရတယ်ကွ၊ မြေထဲပင်လယ်ချင်းတောင်မှ မတူဘူး
ထင်တယ်၊
ဒီက ပြင်သစ်တွေကတော့ နည်းနည်းတော့ ကြီးကျယ်ရမှ ကြိုက်သလား မသိပါဘူးကွာ၊ သူတို့ရဲ့ မြေထဲပင်လယ်က
ကမ်းရိုးတန်းကို Côte d’Azur လို့ ခေါ်သကွ၊ Azur ဆိုတာ မိုးပြာရောင် ပင်လယ်ပြာရောင်ပေါ့ကွာ၊
မြစ်ရေစီးနဲ့
ပင်လယ်လှိုင်းတို့ တွေ့ဆုံရာ မြစ်ဝ Embouchure du Paillon (ဓါတ်ပုံ မရငတ)
အဲလို မြေထဲပင်လယ်ဆိုတာကြီးရဲ့
လှိုင်းပုတ်သံတွေကို ငါကြားလိုက်ရရင်း ဒီ မြေထဲပင်လယ်ထဲကို
ခပ်တိုးတိုး ခပ်သာသာ
စီးဆင်းနေကြတဲ့ မြစ်လို့ ခေါ်ဆိုကြတဲ့ ရေချောင်းလေးတွေရဲ့ ရေစီးသံလေး
တွေကိုလည်း ငါ နားထောင်ခဲ့ရတယ်ကွ၊
မြေထဲပင်လယ်ထဲကို
အဲဒီလို ကမ်းရိုးတန်းအရှည် မြောက်များစွာမှာမှ စီးဝင်တဲ့ မြစ်တွေချောင်းတွေ အရည်အတွက်က
အင်မတန်မှ နည်းပါးတယ် ဆိုတယ်ကွ၊ စုစုပေါင်းမှ ၆၉ မြစ် ရှိတယ် ဆိုတယ်ကွ၊
ကမ္ဘာ့ နာမည်ကြီး မြစ်
Nile နိုင်းမြစ်တော့ ရှိပါတယ်၊ နိုင်းမြစ်အပြင် နည်းနည်းကြီးကျယ်တဲ့ မြစ်တွေ ပြင်သစ်ရဲ့
Rhône စပိန်ရဲ့ Ebro အီတလီရဲ့ Po ဆိုတာတွေလည်း ရှိတော့ ရှိပါရဲ့၊ ဒါပေမယ့် အဲလို ရေချိုမြစ်တွေ
ရှားပါးတော့ ပင်လယ်ရေငန်တွေရဲ့ ဆားတွေက တောင်ပုံရာပုံ ဖြစ်လာရောပေါ့ကွာ၊ ဆားရေအိုင်ကြီးလို့တောင်
ခေါ်တဲ့သူက ခေါ်ကြပေါ့၊ အဲဒါကလည်း သူတို့အတွက် တဒုက္ခ ပေါ့ကွာ၊ အဲဒီလို မြစ်ကြီးကြီး လေးငါးခြောက်စင်းလောက်ကလွဲလို့
ကျန်တာကတော့ ခပ်သေးသေးတွေပေါ့၊
ဒီနေရာမှာ သူတို့ရဲ့
ရေးဗား ခေါ်တဲ့ မြစ်အကျယ်က မင်းတို့ ငါတို့ဆီက ချောင်းသာသာ တချို့ဆိုရင်
မြောင်းသာသာသာပေါ့
. … … .. .. . .. တချို့ဆိုရင်တော့ကွာ တကယ့်ကို ငါတို့ အညာက မိုးတွင်း မိုးသည်းသည်းရွာမှ
ချောင်းရေကျတတ်တဲ့ ချောင်းခြောက်သာသာ ရှိတယ်ဆိုတာကိုတော့ သတိပြု ရမယ်ပေါ့၊ တချို့ ငါတွေ့ခဲ့ရတဲ့
အဲ ချောင်းခြောက်တွေက ရေစီးသံ နားထောင်ဖို့ နေနေသာသာကွာ၊
တချို့ဆို စီးစရာ
ရေကို မရှိတာကွ၊
မင်း …. . . အောက်က
ပုံတွေကိုသာ ကြည့်တော့၊ ဘယ်အချိန်အခါတွေမှာ ရေရှိမလဲ မသိဘူးကွ၊
မြေထဲပင်လယ်
အဝင်ဝက ရေမရှိရှာတဲ့ ချောင်းခြောက် (ဓါတ်ပုံ မရငတ)
ငါ ရောက်သွားတဲ့ ရာသီကလည်း
စက်တင်ဘာလဆန်း နွေရာသီနှောင်းပိုင်း ဖြစ်နေတော့ ပိုဆိုးတာ ပေါ့ကွာ၊ ရထားလမ်းတွေ ကားလမ်းတွေက
ကမ်းရိုးတန်းနဲ့ ယှဉ်ပြီး ဖောက်ထားတာဆိုတော့ မြစ်ဝ တော်တော်များများကိုတော့ တွေ့ခဲ့ရတာပေါ့ကွာ၊
မြို့လယ်ခေါင်ကို
ဖြတ်စီးသွားတဲ့ နေရာတွေမှာ အဲဒီ မြစ်တွေ ချောင်းတွေ မြောင်းတွေ ပေါ်မှာ အဖုံး ဖုံးထားသလိုသာကွာ
…. ..… ငါတို့ ရန်ကုန်က မြို့ထဲလမ်းတွေမှာ မြောင်းဖုံးတွေ ဖုံးထားသလို ပေါ့၊ သူတို့က
အဲဒီ မြို့လယ်ကို ဖြတ်သွားတဲ့ မြစ်အပေါ်မှာ ပန်းခြံတွေ လမ်းတွေ အိမ်တွေ ဆောက်ထား လိုက်တော့
ချောင်းဆိုတာပျောက် မြောင်းဆိုတာပျောက်ပြီး မြေအောက်လှိုဏ်ခေါင်းတွေ လိုလို ဖြစ် ကုန်တာပေါ့၊
မိုးများများ ရွာရင်ရွာ ဒါမှမဟုတ် ဆောင်းကုန်လို့ တောင်ပေါ်က နှင်းတွေ အရည်ပျော် ကျချိန်ဆိုရင်
ရေနည်းနည်းပါးပါး (သူတို့အဆိုကတော့ ခပ်များများလို့ဆိုသကွ) စီးဆင်းတတ်တာက လွဲလို့ ကျန်တဲ့
အချိန်တွေမှာ ချောင်းခြောက်သာသာ တွေ့ရတာလေ၊ ငါ့ မျက်မြင်မို့ ပြောတာပါ၊
L'Embouchure du Paillon sous le Pont des Anges à Nice (ဓါတ်ပုံ မရငတ)
အပြာရောင်မျိုးစုံနဲ့ မြေထဲပင်လယ်က ကမ်းရိုးတန်း
Côte d’Azur ရဲ့ ပင်လယ်လှိုင်းနဲ့ ......
.. . …… မစီးတစီး မြစ်ရေစီးတို့ တွေ့ဆုံရာ Paillon မြစ်ဝ ..
.... … ..…. .. .. .. ရဲ့ သဘာဝ အလှတရားပေါ့၊ အပြာက ရောင်စုံမှ တကယ့်ကိုစုံပါတယ် ပြောလို့ရမယ်၊ ဒါပေမယ့် … အချိန်က ကြာကြာမရလို့ ဒီမျှ လောက်သာ မှတ်တမ်းတင်ခွင့် ရခဲ့တာကွ၊ ငါ့ရဲ့ မိုင်ဖုန်း အစုတ်လေးနဲ့ ရိုက်ကူး ရတာမို့လို့ မျက်စေ့ ရှုတ်ပြီး အစဉ်မပြေတာတွေ တွေ့မိရင်လည်း ခွင့်လွှတ်ပါ ခင်ဗျာသာ ပြောချင်တယ်ကွာ၊ ကြည့်မယ်
ဆိုရင်တော့ https://www.youtube.com/watch?v=UdT-PGhcJ9U&feature=youtu.be အဲဒီ နေရာကနေ ရိုက်ကူးခဲ့တာလေးကို ကြည့်နိုင်ကြောင်းပေါ့၊
အဲဒီ အပေါ်ကပုံကို ကြည့်
သူတို့ရဲ့ Paillon ဆိုတဲ့
မြစ်ဝ ပုံလေ၊
Nice မြို့လယ်မှာ ရှိတယ်ကွ၊
သူ့အရပ်သူနည်းနဲ့သူတော့ ဟုတ်နေတာလို့ ပြောရမယ် ထင်ပါတယ်ကွာ၊ မြို့တော်တော်များများမှာ အဲလို တွေ့ရတယ်လေ၊ အဲဒီ (မြောင်းဖုံးမဟုတ်ပါတဲ့) မြစ်ဖုံးကို ဖုံးဖို့ စီမံကိန်းစခဲ့တာကတော့ ၁၈၇၀ ခုနှစ်များဆီကလို့ စတင်ခဲ့တယ်လို့ ပြောကြတယ်ကွ၊ အဲဒီ မြစ်ဖုံးစီမံကိန်းတွေက တနေရာတည်းမှာ တမြို့တည်းမှာ မဟုတ်ဘူးနော်၊ တော်တော်များများမှာ ဖုံးဖြစ်ခဲ့ကြတာကွ၊ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ သူတို့
ဖုံးပစ်ကြတာ ဟုတ်နေပေမယ့် ငါတို့လိုအကောင်မျိုးတွေ အတွက်ကတော့ကွာ မြို့လယ်ခေါင် မှာ ပျောက်ချင်မလှ ပျောက်သွားတဲ့ မြစ်တွေ ချောင်းတွေကို လိုက်ရှာလိုက်ရတာ အမောပေါ့၊
နောက် စာတွေဖတ်ကြည့် ရောက်တဲ့နေရာ လိုက်ရှာကြည့်မှ သဘောပေါက်သွားပြီး မြစ်ချောင်းတွေ ပျောက်သွားတာက ဒီလိုကိုး ဒီအောက်ကို မြေလျှိုးရောက်သွားတာကိုး . . . . .…. အဲလို အဲလို
ပေါ့၊
အများအားဖြင့်တော့ မြို့တွင်းဖြတ် မြစ်တွေကို အဖုံးဖုံးပစ်ခဲ့ကြဟန် တူပါတယ်ကွာ၊ မြို့အပြင်က မြစ်တွေချောင်းတွေကတော့ လွတ်လွတ်လပ်လပ် သဘာဝအတိုင်း ရှိပါတယ်၊
အီတလီနယ်စပ်
Ventimiglia (Vintimille) မြို့က Roia (Roya) ဆိုတဲ့ မြစ်ဝ (ဓါတ်ပုံ မရငတ)
အဝေးနဲ့အနီး ပုံနှစ်ပိုင်းဆက်ပြီး ဖော်ပြလိုက်တာပါ၊ အပေါ်ပိုင်းက ခပ်တိမ်တိမ် ရေပြင်နဲ့ နည်းနည်း ဝေးဝေးက ရိုက်ထားတာဖြစ်ပြီး အောက်ပိုင်းကတော့ မြစ်ဝကို အနီးကပ်ဆွဲယူပြီး
ရိုက်ထားတာပါ၊
သူတို့တွေရဲ့ ပင်လယ်နဲ့ တွေ့ဆုံတဲ့ မြစ်ဝတွေချောင်းဝတွေ
ဆိုတာက အဲလိုကွ၊ အဲဒီလို နွေရာသီမှာ
ဆိုရင် ပင်လယ်အဝတွေမှာ အေးအေးလူလူ ငါးထိုင်မျှားလို့ရအောင်
သာယာတယ်ကွ၊ ရေစီးရေလာ
တွေကလည်း မကြမ်းတမ်းဘူးလေကွာ၊ သူတို့ရဲ့ သဘာဝကပေးတဲ့
အနေအထားတွေက မင်းတို့ဆီ ငါတို့ဆီမှာထက် ကောင်းနေတာလေ၊
အီတလီနယ်စပ်
Ventimiglia (Vintimille) မြို့က Roia (Roya) (ဓါတ်ပုံ မရငတ)
ငါကတော့ကွာ အဲဒီလို ရေ
ခပ်တိမ်တိမ်နဲ့ ခပ်ခြောက်ခြောက် ချောင်းခြောက်လိုလိုမျိုးတွေ တွေ့ရရင် မြင်ရရင် ငါတို့ ခပ်ငယ်ငယ်က သွားခဲ့လာခဲ့ဖူးတဲ့ အညာက ချောင်းခြောက်တွေကို မြင်ယောင်မိတာ ကတော့ အမှန်ပါကွာ၊ မီတာတထောင် ပေပေါင်း သုံးထောင်ကျော်လောက်
မြင့်မားတဲ့ တောင်တန်း တွေနဲ့ ကမ်းခြေရေပြင်ပြာပြာတွေရဲ့အကြားက အဲဒီလို ချောင်းခပ်ခြောက်ခြောက်တွေ
အလှတွေကို
လာရောက်ခံစား
ကြသူတွေက တနေ့တခြား များများလာတာကတော့ အမှန်ကွ၊ ဘယ်လောက်များ
များနေသလဲ
ဆိုတော့ ဒီကနေ့လက်ရှိ ကမ္ဘာ့ရဲ့ ခရီးသွား သန်း ၉၀၀ ကျော်ရဲ့ သုံးပုံတပုံကျော်က ဒီ နေရာကို
နှစ်စဉ်လာနေကြပါတယ်တဲ့ကွာ၊ လူတွေ အလာများအနေများတော့လည်း တဘက်ကနေ သဘာဝတရားတွေက အနည်းနဲ့အများ
ပျက်စီးတော့တာပေါ့ကွာ၊
နောက်တခုခက်နေတာက
အဲဒီ မြေထဲပင်လယ်ကြီးထဲကို တနှစ်တနှစ်မှာ သင်္ဘောကြီးငယ် အမျိုးစုံ နှစ်သိန်းကျော် နှစ်သိန်းခွဲလောက်
ဝင်ထွက်သွားလာ နေကြတယ်ဆိုတော့ မင်း တွက်ကြည့်ပေါ့ကွာ ဘယ်လိုလုပ် သဘာဝရဲ့ အလှတရားတွေကို
အရင်းအတိုင်း ကျန်အောင် ထိမ်းသိမ်းနိုင်ကြပါမလဲ၊
ဒီအရပ်ဒေသရဲ့
ကျန်ရှိနေသေးတဲ့ သဘာဝအလှတွေရယ် ကောင်းမွန်နေသေးတဲ့ ရာသီဥတုမျှတမှု
သမိုင်းစဉ်
တလျှောက်မှာ ထင်ရှားလှတဲ့ အရေးပါလှတဲ့ နေရာတွေက ဒီဒေသမှာ အများစု ရှိနေတာ ကြောင့်မို့လို့
တကမ္ဘာလုံး ခရီးသွားတွေရဲ့ သုံးပုံတပုံက ဒီဒေသဆီကိုသာ လာကြတယ် လာကြလိမ့် ဦးမယ် ဆိုတာကိုတော့
မင်း မယုံမရှိနဲ့ပေါ့ကွာ၊ ဒို့ မဟာ အရှေ့အာရှ တိုက်သားတွေရယ် အာဆီယံ နိုင်ငံသားတွေရဲ့
ခရီးသွားချင်စိတ်တွေ အများကြီးရှိနေတယ် ဆိုတာကို ဒီနေရာမှာ ကောင်းကောင်း တွေ့မြင်ရတယ်ကွ၊
ဘယ်လိုဖြစ်ဖြစ်ပေါ့ကွာ အဲဒီနေရာတွေရဲ့ သဘာဝက ပျက်စပြုနေပြီ ဆိုပေမယ့်
ငါတို့လို
မြို့ပြရဲ့ သားကောင်တွေ အတွက်ကတော့ သာယာတဲ့ လှပတဲ့ အေးချမ်းတဲ့ အပန်းဖြေချင် ဘွယ်ရာ
ကောင်းတဲ့ နေရာတွေ ဖြစ်နေဦးမှာကတော့ အသေအချာပေါ့ကွာ၊
မြေထဲပင်လယ်ရေစီးသံနဲ့ ခရီးသွားကြသူများ (ဓါတ်ပုံ မရငတ)
သူတို့လည်း
Mediterranean Sea Against Pollution (Barcelona Convention 1976) ဆိုပြီး သဘာဝကိုသဘာဝအတိုင်း
တည်ရှိနေအောင် ထိမ်းသိမ်းဖို့တွေ လုပ်ခဲ့ကြလုပ်နေဆဲတွေ
ရှိပါတယ်၊ ဒါပေမယ့် ဘယ်အတိုင်းအတာအထိ အောင်မြင်နေပြီလဲ နေခဲ့သလဲ ဆိုတာကိုတော့ သူတို့သာ
ပိုလို့
သိနိုင်ကြပေမပေါ့ကွာ၊
ကမ္ဘာကြီး တခုလုံးမှာ အကြောင်းကြောင်းသော အကြောင်းတွေကြောင့် ဖောက်ပြန် ပြောင်းလဲလာ နေသလို ဒီမြေထဲပင်လယ်ထဲမှာလည်း ငါးတွေအပင်တွေ နည်းပါလာတယ်ဆိုတယ်ကွ၊ အပူရှိန်တွေ
တိုးလာတာတော့ ကိုယ်တွေ့ပေါ့ကွာ၊ ပူလိုက်တာမှ တော်တော်ပူတယ်ပြောရင် ရနိုင်မယ်ထင်တယ်၊
ဒါတောင်
ငါတို့ ရောက်သွားတာ နွေရာသီ အကုန်ပိုင်း ဖြစ်နေပြီနော်၊ ဒီကြားထဲမှာ တောမီးလောင်မှု
ဆိုတာကြီးကလည်း
တကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် ဆက်တိုက်လို ဖြစ်နေတယ်ဆိုပဲကွ၊ ငါတောင်
ငါရောက်နေတဲ့
တရက်နှစ်ရက်နဲ့ မျက်မြင်ကြုံခဲ့ရသေးတယ်၊ အနီးကပ်သွားကြည့်ရတာတော့ ဘယ်
ဟုတ်ပါ့မလဲ၊
လှမ်းမြင်နေရတာပေါ့၊
မျက်မြင် တောထဲကမီး (ဓါတ်ပုံ
မရငတ)
အဲလို
ငါမြင်ခဲ့ရတာကို ** မျက်မြင် တောထဲကမီး** * ဆိုပြီး ငါ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ
ရေးခဲ့ သေးတယ်လေကွာ၊ အောက်ကအတိုင်းရေးခဲ့တာပေါ့၊
‘ရှို့မီးလား တောမီးလား သေချာတော့ မသိ၊ ရှို့မီးဖြစ်ဖို့ကတော့
များကြောင်း ဆိုကြပါတဲ့ မီး .. .. ပါ၊
အဲဒီလို အမည်မသိ
တောမီးလောင်နေတာ အခုရက်ပိုင်းလပိုင်းတွေမှာ အကြိမ်တော်တော်များနေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ
အာဏာပိုင်တွေက ထုတ်ဖော် ငြီးငြူ နေကြပါပြီ၊ ဒီလို မြို့ကြီးပြကြီးတွေနဲ့ အလှမ်းဝေးရာ
နယ်စွန်နယ်ဖျား နယ်စပ်ဒေသတွေရဲ့ လုံခြုံမှုက မောင်ရင်ငတေတို့ မွေးဖွားကြီးပြင်း ခဲ့ရာ
ဒေသတွေက လိုပါပဲလား …... ..... ဘယ်လိုပါလဲ . .... ..... တွေးမိရကြောင်းပါ၊ အခု မျက်မြင်ကိုယ်တွေ့
တွေ့မြင်မိခဲ့တာကတော့ .. ..... နေမွန်းတည့်ချိန်က စတင်ခဲ့တဲ့ အဲဒီ မီးဟာ ... …. …...
.... ညနေစောင်း ခြောက်နာရီကျော်အထိ အပြီးတိုင် မငြိမ်းသေးလို့ မီး ငြှိမ်းသတ်နေကြတဲ့
လေယာဉ်တွေ ရဟတ်ယာဉ်တွေကိုပါ တွေ့ခဲ့ရတာပါ၊’
သဘာဝကြီးက အဲလို ဖောက်ပြန်နေတယ် ဆိုပေမယ့် ထိန်းသိမ်းသူတွေက ထိန်းသိမ်း နေကြသလို
ငါတို့လိုကောင်တွေလို လာလည်ကြသူတွေကလည်း တနေ့တခြားများလို့သာ နေဆဲပါတဲ့ကွာ၊ အဲဒီ မှာ တခုတော့
ရှိသေးတယ်ကွ၊ မင်းလည်း ကြားဖူးမှာပေါ့၊ Casino ကာစီနို ဆိုတာလေကွာ၊ သိလား၊
ဟားဟ ငါ သိပါတယ်၊
မင်း စိတ်ဝင်စားလိမ့်မယ်ဆိုတာ၊ အဲ ကာစီနိုပေါ့၊ ကမ္ဘာမှာ နံပတ်ဝမ်း ပေါ့၊
Casino de
Monte-Carlo ခေါ်တာပေါ့၊ ပြင်သစ်တနိုင်ငံလုံးမှာ ကာစီနိုရုံ ၁၉၈ ရုံရှိပြီး မိုနာကိုမြို့ မှာ တော့ ကာစီနို လေးရုံ ရှိတယ်တဲ့ ကွ၊ အဲဒီ မွန်တီကာလို ကာစီနိုရုံကတော့ နာမည် ပိုကြီးတယ်ဆိုပဲ၊ ဘာလို့လဲ ဆိုတာတော့ ငါသေချာ မသိပါဘူးကွာ၊ ဒါပေမယ့် ငါတို့ငယ်ငယ်က ၁၉၈၀ ခုနှစ်ကျော်က ကြည့်ခဲ့ဖူးတဲ့ ဂျိမ်းစဘွန်းကား Jamais Plus Jamais (Never Say Never Again) ဆိုတာကို အဲဒီ ကာစီနိုရုံကြီးထဲမှာ ရိုက်ကူးခဲ့တာဆိုတော့ကာ ပေါ့သေးသေး မဟုတ်တာတော့ သေချာတာပေါ့ကွာ၊ ငါကတော့ ငယ်ငယ်က ကျောင်းသားဘဝထဲက ဖဲရိုက်ရင် လောင်းကစားလုပ်ရင် တခါဖူးမှ မနိုင်ခဲ့ဖူး ဘူးဆိုတော့ အဲဒါတွေကို ဝေးဝေးရှောင် ဖြစ်ခဲ့တာ ကြာပါပြီကွာ၊ ဒီအကြောင်းတွေကို နောင်တော့မှ သပ်သပ် ရေးဖို့ ကြိုးစားမယ်ကွာ၊ ရေးရမယ်ဆိုရင်
အများကြီးကွ၊ အေးဆေးစောင့်ဖတ်ပေါ့ကွာ၊
အဲဒါတွေကတော့ ဒီကနေ့ မြေထဲပင်လယ်ရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေပေါ့ကွာ၊
ငါ မြင်တွေ့ခဲ့ရသမျှ ဖတ်ဖူးခဲ့တာတွေနဲ့ ပေါင်းစပ်ပြီးတော့ ရေးလိုက်တာပေါ့၊ ပြည့်စုံမှာတော့ ဘယ် ဟုတ်မလဲလေ၊ ငါ ရေးပြချင်တဲ့ စကားလုံးတွေရဲ့ ဆယ်ရာနှုန်းလောက်တော့ ရေးချဖြစ်တယ် ထင်ရ တာပဲကွာ၊ လူတွေ
နားမလည်နိုင်တဲ့စကားလုံးတွေ ဖြစ်နေတယ်ဆိုရင်တော့ မင်းက ငါ့ကိုယ်စားသာ ရှင်းပြလိုက်ပေတော့ကွာ၊ မတတ်နိုင်တော့ဘူး၊ ငါလည်း ရေးချင်လို့သာ ရေးနေရတာ၊ မင်းကလွဲလို့ ငါရေးလိုက်တဲ့ စာတွေကို ဘယ်သူတွေများ ဖတ်ပါသလဲ ဆိုတာကို သိချင်သားကွ၊
ခရီးသွားခြင်းကို ငါပြောနေကျ ငါ့လေသံအတိုင်းသာ ပြောရမယ်ဆိုရင်တော့ အနုပညာမြောက်ပါတဲ့ နေရာတခုပေါ့ကွာ၊ ငါရထားစီးပြီးသွားခဲ့တဲ့ Cannes-Monaco-Menton-Ventimiglia-Genova ခရီး
စဉ်က တွေ့ကြုံ ခံစားခဲ့ရတာတွေကိုလည်း မြေထဲပင်လယ်ဆီသို့ အနုပညာမြောက်စွာ ခရီးသွားခြင်း
ဆိုပြီး အဆုံးသတ် ရေးဖြစ်အောင် ရေးဦးမယ်လို့ စိတ်ကူးထားတယ်ကွာ၊
ခုတော့
တော်သေးပြီကွာ၊ ကျန်းမာပါစေ . … …. ကျန်းမာပါ၏ . . … . ပေါ့ကွာ၊
(ပြီးခဲ့တဲ့
စက်တင်ဘာလဆန်းပိုင်းက သွားဖြစ်ခဲ့တဲ့ မြေထဲပင်လယ်ခရီးအကြောင်းတွေ တပိုင်းတစ ရေးထားတာတွေထဲက
အဆုံးသတ်ဖြစ်ခဲ့တဲ့ . . . … …… … ** မြေထဲပင်လယ်ရေစီးသံ
** * ပါ၊ အဆုံးသတ်မရသေးလို့ ကျန်ရှိနေပါသေးတဲ့ အပိုင်းအစ အတိုအစများကိုလည်း ပြန်လည်ပေါင်းစုပြီး
အချောသတ် ရေးရပါဦးမည်၊)
မောင်ရင်ငတေ
၁၆၁၁၂၀၁၅
Aucun commentaire:
Publier un commentaire