Libellés

dimanche 27 septembre 2015

** မဟာအာရှ အမြန်လမ်းမကြီးများ ** *



ခရီးသွားခြင်းအနုပညာ
မဟာအာရှ အမြန်လမ်းမကြီးများ



(ဒီ ပုံကတော့ မယ့်ဆောက်မြို့ကနေ တခ်မြို့သို့ သွားတဲ့လမ်းပိုင်းပါ၊ မနှစ်က ၂၀၁၄ ခုနှစ် နှစ်ကူးအပြီး မပြန်ချင်ပြန်ချင် ပြန်ခဲ့ရတဲ့ အပြန်ခရီး တရက် တလ ၂၀၁၅ က ရိုက်လာခဲ့တဲ့ ပုံပါ၊)


အာရှအမြန်လမ်းကြီးတွေ ဆိုတာက အရှေ့အာရှ နိုင်ငံတွေကနေ အနောက်ဥရောပ နိုင်ငံတွေအထိ ဖောက်လုပ်နေတဲ့ ဖောက်လုပ်နေဆဲ မော်တော်ကား လမ်းမကြီးတွေပါ၊ ဖောက်လုပ်နေတာကတော့ အများကြီးပါ၊ Asian Highway Network ရဲ့ အဓိကကျတဲ့ လမ်းမကြီး နှစ်လမ်းဖြစ်တဲ့ AH1 နဲ့ AH2 (Asian Highway) တို့ကတော့ ရွှေပြည်တော်ကြီးကို အရှေ့ကဝင် အနောက်ကထွက်လို့ ဖြတ်သန်း သွားမှာပါ၊ အဲဒီလို Great Asian Highway စီမံကိန်းလမ်းတွေက များပြားလွန်းလို့ မဟာရွှေပြည်ကို ဖြတ်သန်းသွားတဲ့ လမ်းမကြီးများရဲ့ အကြောင်းတွေကိုသာ အဓိကထား ရေးချင်မိပါတယ်၊ ဟိုအရင် မောင်ရင်ငတေ ရောက်ဖူးသွားလာဖူးတဲ့ လာအိုတို့ထိုင်းတို့ မလေးရှားတို့ကိုလည်း အဲဒီလမ်းတွေက ဖြတ်သန်းသွားတာ ဖြစ်တာမို့ ရောက်ခဲ့ဖူးတဲ့ လမ်းအကြောင်းတွေကို ရှာဖွေဖတ်ရှုရင်းနဲ့ ဒီစာတွေကို ရေးဖြစ်ခဲ့တာကလည်း တကြောင်းမို့လို့ပါ၊
ဗြိတိသျှ ခရီးသွားစာရေးဆရာ Richard Meredith ရဲ့ တိုကျိုကနေ အီစတန်ဘူလ်မြို့ကို ကိုယ်တိုင် ကားမောင်း သွားခဲ့တဲ့ ခရီးအကြောင်း ရေးသားထားတဲ့ Driven Together စာအုပ်အရကတော့ သူ ဟာ အာရှအမြန်လမ်းမ AH1 နဲ့ AH5 ကို အသုံးပြုပြီး ပထမဆုံး အစအဆုံးသွားဖူးသူ စာရင်းဝင်ခဲ့ရ ပါတယ်တဲ့၊ ၂၀၀၇ ခုနှစ်မှာ သူဟာ အဖော်ဖြစ်သူ အကူဒရိုင်ဘာ Phil Colley ဆိုသူနဲ့အတူ လန်ဒန် ကားကုမ္ပဏီ Aston Martin ကထုတ်လုပ်တဲ့ V8 Vantage မော်တ်ာကားကို မောင်းနှင်ပြီး မိုင်ပေါင်း တသောင်းကျော်ခရီးကို ၄၉ ရက်ကြာ သွားခဲ့ရတာပါ၊ မောင်ရင်ငတေလည်း အဲလို ခရီးတွေ သွားပြီး ကိုယ်ရေးချင်တာတွေ ရေးလိုက်ချင်ပါတယ်၊ ဒါပေမယ့် သူလို မျက်နှာဖြူ ဗြိတိသျှနိုင်ငံသားတောင်မှ
ခရီးတလျှောက် ဖြတ်သန်းခဲ့ရတဲ့ တရုတ်ပြည်တို့ ရုရှားခွဲထွက် နိုင်ငံဟောင်းတွေရယ် အရှေ့ဥရောပ
နိုင်ငံတွေရယ် အနောက်အာရှနိုင်ငံတွေရဲ့ နယ်စပ်မျဉ်းတွေကို ဖြတ်ကျော်ရာမှာ ပြဿနာတွေ မျိုးစုံ ကြုံတွေ့ခဲ့ရတာကြောင့် မောင်ရင်ငတေ ကိုင်ဆောင်ထားတဲ့ နိုင်ငံမဲ့ နိုင်ငံကူး စာအုပ်လေးနဲ့ကတော့
ဖြစ်နိုင်ဘွယ်ရာ မရှိပါဘူး၊ အဲ .. . ကိုယ်ပိုင်ဘတ်ဂျက်ကလည်း အနုတ်ပြနေတာက များတယ်လေ၊



ဒီအာရှအမြန်လမ်းမကြီးတွေရဲ့ စီမံကိန်းကိုစတင်ခဲ့တာကတော့ ၁၉၆၀ ခုနှစ်များဆီကဖြစ်ပြီး အရှေ့
အာရှကျားနိုင်ငံများဖြစ်တဲ့ ဂျပန် ကိုရီးယား ဟောင်ကောင် တိုင်ဝမ်နိုင်ငံများမှာ စတင် ဖောက်လုပ်ခဲ့ ကြတာပါ၊ ၈၀ ခုနှစ် နောက်ပိုင်းမှာတော့ အာရှကျားအသစ်များဖြစ်တဲ့ တရုတ်ပြည်မကြီးနဲ့ စင်ကာပူ မလေးရှား ထိုင်းနယ်မြေ တကြောမှာ ဆက်တိုက်ဆိုသလို တလမ်းပြီးတလမ်း ဖောက်လုပ်ခဲ့ကြတာ ကိုတော့ မောင်ရင်ငတေတို့ ကိုယ်တိုင်တွေ့မြင်ခဲ့ကြရပါတယ်၊ ထိုင်းနိုင်ငံမြောက်ဖျားစွန်းက ချင်းရိုင် ချင်းမိုင်နယ်ကနေ တောင်ဘက်ဖျားက မလေးကျွန်းစွယ် စင်ကာပူအထိ ဟိုင်းဝေးလမ်းမများပေါ်မှာ
မောင်ရင်ငတေတို့လို အလုပ်အကိုင် ရှာဖွေရင်း သွားလာဖူးကြတဲ့ ရွှေမဟာ လူငယ်တွေ များပြားစွာ ရှိခဲ့ပါတယ်၊ အမှတ်တမဲ့ သတိမထားကြလို့သာပါ၊
အဲဒီ လမ်းမကြီးတွေက လမ်းအူကြောင်း အသစ်တွေ ရှာဖွေဖောက်ထားတာ ရှိသလို မူရင်းရှိပြီးသား
လမ်းတွေကို ခြုံငုံပြီး တိုးချဲ့ဖောက်လုပ်ထားတာတွေလည်း ရှိပါတယ်၊ အလုံးစုံ မပြီးသေးလို့ ပြောဖို့ ကတော့ မလွယ်သေးပါဘူး၊ ဥပမာပြောရရင် ထိုင်းလိုနိုင်ငံမျိုးတွေက လမ်းတွေမှာ AH1,AH2 ဆိုပြီး လမ်းညွှန် ဆိုင်းဘုဒ်ပြာတွေကို တပ်ဆင် ညွှန်ပြထားတာတွေ ရှိနေပြီ ဖြစ်သလို တချို့ နေရာတွေက လမ်းမတွေကတော့ အဲဒီလို အပြာရောင်ဆိုင်းဘုဒ်တွေရှာမရပါဘဲ မူလလက်ဟောင်း လမ်းညွှန်ဘုဒ် အဖြူရောင်တွေသာ တွေ့နေရဆဲပါ၊
ခေတ်မှီ နိုင်လွန် ကတ္တရာလမ်းမ အသစ်ကြီးတွေနဲ့ မြို့ရှောင် လမ်းအူကြောင်း အသစ်တွေကို ရှာဖွေ ဖောက်လုပ်နေတယ် ဆိုပေမယ့်လည်း နိုင်ငံတနိုင်ငံကနေ တနိုင်ငံသို့အကူး ဝင်ပေါက် ထွက်ပေါက် ဆိုတာတွေက မူလလက်ဟောင်း အပေါက်တွေကသာ အဓိက ဖြစ်နေဆဲပါ၊ မဟာ ရွှေပြည်တော်ရဲ့ ဝင်ပေါက်တွေကလည်း မြဝတီ တာချီလိတ် မူဆယ် တမူး ဆိုတဲ့ အပေါက်ဟောင်းတွေသာပါ၊
၂၀၅၅၇ ကီလိုမီတာ မိုင်ပေါင်း တသောင်းနှစ်ထောင် ရှည်လျှားပါတဲ့ AH1 ခေါ်တဲ့ Asian Highway နံပါတ်တစ် အမြန်လမ်းမကြီးကတော့ အရှည်ဆုံးဖြစ်ပါတယ်၊ ဂျပန်နိုင်ငံတိုကျိုမြို့ကနေ စတင်ခဲ့တာ
အဲဒီ AH1 အမြန်လမ်းမကြီးရဲ့ အရေးပါဆုံး တနေရာဖြစ်တဲ့ ဂျပန်နဲ့ကိုရီးယားကို ပင်လယ်ကူးရမယ့် နေရာက Japan–Korea Undersea Tunnel ခေါ်ဆိုတဲ့ ရေအောက် ဥမင်လှိုဏ် တည်ဆောက်ရေး စီမံကိန်းကြီးက အခုထိတိုင်အောင် စာရွက်ပေါ်ကနေမတက်သေးပါဘူးတဲ့၊ ဒါပေမယ့် အာရှတိုက်ရဲ့
အကြီးမားဆုံး ကျားကြီး နှစ်ကောင်ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားတို့ရဲ့ လမ်းအခြေအနေတွေက ဟိုးအရင် ၁၉၉၀ ခုနှစ် ဝန်းကျင်မှာ ကတဲက အတော်ကို အဆင့်မြင့်မားနေပါပြီ၊ ၁၉၉၃ ခုနှစ်များက
မောင်ရင်ငတေ ဆိုလ်းမြို့တော်ရဲ့ဆင်ခြေဖုံးမှာ အလုပ်လုပ်စဉ် မန်နေဂျာနဲ့အတူ ကီလိုမီတာ တရာ ကျော်ကျော် နှစ်ရာလောက်ဝေးတဲ့ နေရာတွေကို ကုန်ပစ္စည်းတွေ လိုက်ပို့စဉ် တပတ်ကို တကြိမ်ခန့် သူတို့ရဲ့ အမြန်လမ်းတွေပေါ်မှာ သွားခဲ့လာခဲ့ဖူးပါတယ်၊ မန်နေဂျာကကားမောင်း မောင်ရင်ငတေက
ရှေ့ခန်းမှာဇိမ်နဲ့ လိုက်ခဲ့ရပေမယ့် ဖလင်ဈေးကြီး ကူးခက ဈေးကြီးလှတာကြောင့် အခုလို မှတ်တမ်း ပုံများ ကောင်းကောင်း မကျန်ရစ်ခဲ့ရခြင်း ဖြစ်ပါတယ်၊


ဒီ အမှတ်တစ် အာရှ အမြန်လမ်းကြီး ဖြတ်သန်းသွားမယ့် နိုင်ငံများက စီမံကိန်း စတင်ခဲ့ရာ နိုင်ငံများ ဖြစ်တဲ့ ဂျပန် တောင်ကိုရီးယားနဲ့ တရုတ်ပြည်မကြီးမှာက လမ်းပိုင်းဆိုင်ရာတွေ အတော်ကောင်း နေပြီဖြစ်ပေမယ့် ကြားထဲမှာ ကန့်လန့်ခံနေတဲ့ မြောက်ကိုရီးယား မြေပြင်ကို ဖြတ်သန်းသွားလာဖို့က
ထင်သလောက် လွယ်ကူမှု ရှိမလာသေးပါဘူး၊ နောင် နှစ်ပေါင်း များစွာထိလည်း မလွယ်သေးပါဘူး၊ ဂျပန် တောင်ကိုရီးယား ပင်လယ်ကူးဖို့တောင်မှ ဖြစ်မလာနိုင်သေးတော့ မြောက်ကိုရီးယားကိုရှောင် ဖောက်လုပ်ရမယ်ဖြစ်တဲ့ တောင်ကိုရီးယား တရုတ် ပင်လယ်ကူး ရေပေါ်ရေအောက် လမ်းဆိုတာက တော့ မောင်ရင်တေတို့ တသက် ဖြစ်လာနိုင်ဘွယ်ရာ မရှိပါဘူး၊ မောင်ရင်ငတေရဲ့ ထင်မြင်ချက်က မှန်မယ်မမှန်ဘူးဆိုတာ စောင့်ကြည့်ကြပါလို့သာ ရေးပါရစေ၊
ဆက်ရန်ရှိပါသေးတယ် . . ..... မောင်ရင်ငတေ ၂၅၀၉၂၀၁၅


jeudi 24 septembre 2015

** ရွက်ကြွေလွင့်ချိန် ** *



ရွက်ကြွေလွင့်ချိန် 


ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ဥရောပရဲ့ ဆောင်းဦးရာသီ Automne ရဲ့ အစဦးနေ့ပါ၊
ကျောင်းပိတ်ရက်တွေ ရုံးပိတ်ရက်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ သာယာမျှတတဲ့ ရာသီအတွင်းမှာ
ဟိုသွားဒီသွား သွားခဲ့ကြတဲ့ မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြတဲ့ နွေတနွေ ပြီးဆုံးခဲ့ပြန်တဲ့ နေ့တနေ့ပေါ့၊

အရွက်တွေကြွေတာကို သိပ်များများ မတွေ့ရသေးပေမယ့် စတင်လို့ တွေ့ရှိလာရတဲ့ အချိန်တွေပေါ့၊

မောင်ရင်ငတေတို့ရဲ့ မဟာအာရှမြေမှာဆိုရင်တော့ နွေဦးမှာ လေရူးတွေနဲ့အတူ ရွက်ကြွေတွေ
လွင့်ကြပေမယ့် ဥရောပဆိုတဲ့ နေရာမှာတော့ ဒီအချိန် ဆောင်းဦးပေါက် ဝင်ရောက်တဲ့အချိန်ကစလို့
စက်တင်ဘာ အောက်တိုဘာ ဆိုတာတွေက ရွက်ကြွေလွင့်တဲ့ အချိန်တွေပါ၊

မကြာခင်မှာ အအေးဓါတ်ရဲ့ ဖိစီးမှုတွေနဲ့အတူ တနေ့တာမှာ စိတ်ပျက်ဖွယ်ရာ အမှောင်ဖုံးလွှမ်းချိန် တွေက တစတစ ပိုလို့ပိုလို့ များပြားလာတော့မှာပါ၊ အဲဒီလို အမှောင်များချိန်တွေက မောင်ရင်ငတေ တို့လို အမှန်အကန် အားကစားသမားတွေတောင်မှ အတော်ကြီး ကြံကြံခိုင် ရင်ဆိုင်ရတာပါ၊

ဒီကာလဒီအချိန်တွေမှာ မောင်ရင်ငတေရဲ့သမိုင်းမှာ မောင်ရင်ငတေရဲ့ရင်ထဲမှာ ခံစားမိခဲ့ရတာတွေ ကတော့ သိပ်မရှိလှပါဘူး၊ ထူးထူးခြားခြား အမှတ်တရ ဖြစ်စေခဲ့တဲ့ စိတ်ခံစားမှုတခု ရှိခဲ့တာကတော့ Harvest Festival ဆိုတဲ့ ကောက်ရိတ်သိမ်း ပွဲတော်ကာလ ပြင်သစ်တွေရဲ့ Les Vendanges ခေါ် ဆိုကြပါတဲ့ စပျစ်ခူးပွဲတော်တွေပါ၊ ဒီနေရာမှာတော့ ဒီစပျစ်ခူးပွဲအကြောင်း ပေရှည်မှာစိုးလို့ ထည့်ပြီး မပြောချင်တော့ပါဘူး၊ အေးချမ်းတဲ့ ဆောင်းကာလတွေမှာ ဥရောပသားတွေဟာ နှစ်သစ်ကူးကာလ ခရစ်စမတ် ကာလတွေကလွဲလို့ တကုတ်ကုတ်နဲ့ အလုပ်လုပ်ရင်း အအေးဒဏ်တွေကို အံတုရင်ဆိုင် ကြရပါတဲ့ ကာလတွေပါ၊ အမှောင်ထုတွေ သိပ်သည်းစွာနဲ့ ဖုံးလွှမ်းလို့ လာတော့မယ့် ကာလတွေကို ရင်ဆိုင်နိုင်ဖို့ မောင်ရင်ငတေ ကြိုးစားပြင်ဆင်ရင်း ရွက်ကြွေတောတွေထဲမှာ လျှောက်လှမ်းပါဦးမယ်၊

ရွက်ကြွေတောတွေရဲ့ ကြွေလွင့်ရွက်ကြွေတွေရဲ့ အလှအပတွေကိုတော့ ခံစားရင်း မှတ်တမ်းတင်ဖြစ်ဖို့ ကြိုးစားပါဦးမယ်၊ 

မောင်ရင်ငတေ ၂၃၀၉၂၀၁၅

samedi 19 septembre 2015

ဘန်ကောက်သို့



နှစ်ဆယ်ကျော်အလွမ်း
ဘန်ကောက်သို့


ကျနော်သွားတော့မယ်ရန်ကုန်ရေ                                                      (Photo Google)
သြော် ……..။

ဘာလိုလိုနဲ့ ဘန်ကောက်မှာ ထိုင်းနိုင်ငံမှာ ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်နီးပါး ရှိနေပါပြီကောလား၊ စိတ်ထဲမှာထင်နေတာ မနေ့တနေ့ကလိုပါဘဲ၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလမှာ ရွှေပြည်တော်ကြီးဆီမှာ အပြောင်းအလဲမုန်တိုင်းကြီး တိုက်ခိုက်၍အပြီးသကာလ မောင်ရင်ငတေတို့ အသက်အရွယ် ၂၀ လူငယ် အများစုဟာ အကြောင်း အမျိုးမျိုးကြောင့် ရွှေပြည်တော်ကို စွန့်ခွာခဲ့ကြ ပါတယ်၊ တချို့တွေကလည်း မိမိတို့ ရပ်တည်ရာ ယုံကြည်ရာတွေကို လုပ်ကိုင်ဖို့ တိုင်းပြည်တွင်းမှာ အခြေနေမပေးတော့လို့ နယ်စပ်တွေကိုကျော်ဖြတ်ပြီး လက်နက်ကိုင်သူတွေလည်း ကိုင်ကြပါတယ်၊ တချို့တွေကလည်း တောတွင်းနိုင်ငံရေးနယ်ပယ်ကို ရွေးချယ်ရောက်ရှိလာပါတယ်၊ မောင်ရင်ငတေ တို့လို တချို့တွေကြတော့လည်း စစ်ရေးနိုင်ငံရေးနယ်ပယ်ကို ဝါသနာမပါကြသလို ပြည်တွင်းမှာက လုပ်ကိုင်နေထိုင်ကြဖို့ စိတ်ကုန်ခဲ့ကြတာကြောင့် ပြည်ပကိုစွန့်စား ထွက်လာကြပါတော့တယ်၊ တချို့ တချို့တွေကတော့ အဆက်အသွယ်ကောင်းနဲ့တွေ့ပြီး ငွေကြေးလည်းရှိ တတ်နိုင်ကြတော့ ဂျပန်လို နိုင်ငံမျိုးတွေကို တိုက်ရိုက် ရောက်ရှိသွားကြသလို တချို့တွေကြတော့လည်း အဲဒီအချိန် ကာလက  ခေတ်အစားဆုံးလို့ပြောရမဲ့ နိုင်ငံခြားသင်္ဘောသားပေါ်ကိုတန်းရောက်သွားသူတွေလည်း ရှိပါတယ်၊
တချို့တွေလည်း သင်္ဘောသားစီဒီစီစာအုပ်ရယ် ခရီးသွားစာအုပ်လေးတွေကိုကိုင်ပြီး ဘန်ကောက် ရောက်လာကြပါတယ်၊ မောင်ရင်ငတေတို့ကတော့ စီဒီစီလျှောက်တာတောင်မှ အလိမ်ကောင်းတဲ့ ပွဲစားနဲ့တွေ့ပြီး အချိန်ကုန်ငွေကုန် ဖြစ်နေတာရယ် ဆက်လက်ပြီးတော့ ရွှေပြည်တော်ကြီးမှာနေရင် ထောင်ကျကိန်း (အင်းစိန်ကော မိန်းမကော) ရှိနေတာကြောင့်ရယ် ဖားသားကြီးဖြစ်သူက ၁၉၈၈ အပြီးမှာတင်ဘဲ ကိုယ်ထက်စောပြီး ထွက်တော်မူ နန်းကခွာသွားနှင့်ပြီ ဖြစ်တာကြောင့်ရယ် အမေရဲ့ တချက်လွှတ် အမိန့်နဲ့ တကယ်ကတော့ ကိုယ်ကိုယ်တိုင်ကပါ သွားချင်လွန်းပြီ ဖြစ်တာကြောင့်ရယ် ခရီးသွားလာခွင့် စာအုပ်ကို အမြန်လုပ်ပြီးတော့ ထွက်ခွာလာခဲ့တာပါ၊ ရေခြားမြေခြား တိုင်းတပါးသို့
သွားဖို့ဆိုရင် နံပတ်တစ် ခရီးသွားခွင့်စာအုပ် လိုအပ်ပါတယ်၊ အဲဒီတုန်းက ပတ်စ်ပို့စ်ရုံးအဟောင်းက ပန်းဆိုးတန်းလမ်း အောက်ဘလောက်မှာလို့ ထင်ပါတယ်၊ အဲဒီအချိန်မှာ မောင်ရင်ငတေက မဟာ ရန်ကုန်မြို့ရဲ့ ပန်းဆိုးတန်း ဘားလမ်း လွစ္စစ်လမ်း ဗိုလ်အောင်ကျော်လမ်း ပလက်ဖောင်းဆားဗစ် တော်တော်များများရှိပြီး ဖြစ်နေပါပြီ၊ အလိမ်ခံခဲ့ရတာတွေတော့ နောက်ကြုံရင်ထည့်ရေးသွားပါမယ်၊ သင်္ဘောလိုင်း အထွက်ရိုက်တာထက် ရှိုးဂျော့စာအုပ်လုပ် ဘန်ကောက်ကို အရင်ရောက်အောင်သွား ဟိုကျမှ ကြည့်ကျက်လုပ်တာက ပိုမြန်တယ်ဆိုပြီး ကိုယ့်ရှေ့ကသွားသူတွေလည်း တော်တော်များ နေပါပြီ၊ ဒီတော့ကာ မောင်ရင်ငတေလည်း သိပ်ပြီးမစဉ်းစားတော့ပါဘဲနဲ့ ဘန်ကောက်ကို ထွက်ခွာ လာခဲ့ပါတယ်၊


နှုတ်ဆက်ခဲ့ပါတယ်ရန်ကုန်လေဆိပ်ရေ                                             (Photo Google)
အဲဒီလို နှစ်ပေါင်းနှစ်ဆယ်ကျော်အစိတ်မှာ တချို့တွေလည်း လူ့လောကကြီးကနေ ထွက်ခွာသွားကြ ပြီဖြစ်သလို တချို့တွေကလည်း လမ်းခုလတ်ကနေ ရွှေပြည်တော်ကြီးဆီကို ပြန်လည်လို့ ရောက်ရှိ ခိုဝင်သွားကြပြီး ဘဝတခု ရပ်တည်နေထိုင်ဖို့ကို ဆက်လက်ကြိုးစားနေကြဆဲပါ၊ မောင်ရင်ငတေတို့ ပုံစံမျိုးတွေနဲ့ ရွှေပြည်တော်ရဲ့ ဝေးရာမှာ ယက်ကန်ယက်ကန် ရုန်းကန်နေကြဆဲ သူမျိုးတွေလည်း အများအပြား ရှိလို့နေဆဲပါ၊ ဒီလို ရွှေပြည်တော်နဲ့ဝေးရာ အနောက်နိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မောင်ရင်ငတေတို့လို လက်လုပ်လက်စားတွေ အဖို့ကတော့ ပြန်ခွင့်ရှိခဲ့ရင်တောင်မှ တနှစ်တခေါက်
ဆိုသလို ပြန်နိုင်ဖို့ရာမလွယ်ကူလှပါဘူး၊ အဲဒါကြောင့် အဝေးကနေသာ မျှော်ကာလွမ်းရင်း တချိန်က ကျင်လည်ခဲ့ဖူးတဲ့ နေရာတွေအကြောင်း ဟိုတစဒီတစ ရောက်တတ်ရာရာ အတိုအစ ရေးထားမိတာ လေးတွေကို ပေါင်းစပ်ပြီး ဘန်ကောက်မြို့ကိုလွမ်းတဲ့ည အနေနဲ့ စုရုံးပြီး တင်ပြလိုက်ရခြင်းပါ၊


Myanma Airways Fokker F-28 – 4000                                          (Photo Google)
ထိုင်းနိုင်ငံဆိုတာကတော့ မောင်ရင်ငတေတို့ရွှေပြည်တော်သားတွေအတွက် ပထမဆုံးစတင်နင်းရာ နိုင်ငံခြားမြေပါဘဲ၊ ရန်ကုန်လို မန္တလေးလို ပြည်မနေသူ အများစုကို ပြောတာပါ၊ ချွင်းချက်အနေနဲ့က နယ်စပ်အနီးအနားမှာ နေထိုင်ကြသူတွေရယ် တိုင်းရင်းသားတွေရယ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် တောကျော်တောင်ကျော် ဖြတ်သန်းခဲ့ကြသူတချို့ရယ်ကတော့ နီးစပ်ရာပြည်ပနယ်တွေကို သွားဖူး ရောက်ဖူးကြပါတယ်၊ မောင်ရင်ငတေတို့လို ရွှေပြည်တော်ကြီးရဲ့အလယ်ပိုင်းမှာ နေကြသူ အများစု ကတော့ နယ်စပ်ရောက်ဖူးဖို့ နေနေသာသာ တချို့တွေများဆိုရင် ပြည်နယ်တွေဆိုရင် ဘုရားဖူးဖို့ သွားကြတဲ့ ကျိုက်ထီးရိုးတို့ အင်းလေးတောင်ကြီးတို့ ငပလီတို့ရှိရာ ပြည်နယ်တွေတောင်မှ မရောက် ဖူးကြသူတွေ အများကြီးပါ၊ မောင်ရင်ငတေတို့ ပြည်တွင်းမှာနေစဉ်က လေယာဉ်ပျံနဲ့ ခရီးသွားကျင့် သိပ်မရှိကြပါဘူး၊ နိုင်ငံခြားသွားသူကို လေဆိပ်လိုက်ပို့တဲ့ အလုပ်ကလည်း တခမ်းတနားပါ၊ မသွားမီ အပေါင်းအသင်းတွေနဲ့ နှုတ်ဆက်ပွဲလုပ် သောက်ကြစားကြတာလည်း အကြိမ်ကြိမ်ပါ၊ သွားတော့မှာ သွားရတော့မှာဆိုပြီး မသွားဖြစ်သေးလို့ နှုတ်ဆက်ပွဲလုပ် အကြောင်းပြ သောက်ကြစားကြခြင်းပါ၊


Don Mueang International Airport                                              (Photo UTT SG)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းမှာ စတင်တည်ဆောက်ခဲ့တဲ့ Don Mueang Airport ဒွန်းမောင်း (ဒွန်းမျူအန်းလို့ရေးမှ မှန်မယ်လို့ ထင်ပါတယ်) အင်တာနေရှင်နယ် လေဆိပ်ကြီးကို မြန်မာ့လေကြောင်းပိုင် အက်ဖ် ၂၈ ဖော်ကာဖရန့်ရှစ် လေယာဉ်ပျံကြီးနဲ့ ရောက်ရှိ လာတဲ့ နောင်တချိန်မှာ မောင်ရင်ငတေ အမည်တွင်လာမယ့် အလောင်းအလျှာကြီးကို ထိုင်းနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်နေပြီဖြစ်တဲ့ မောင်ရင်ငတေဖားသားကြီးနဲ့ သူ့ရဲ့မိတ်ဆွေများလာရောက်ကြိုဆို ခဲ့ကြပါတယ်၊ မောင်ရင်ငတေတို့ ဘန်ကောက်ကိုရောက်ခါစက ဒီလေဆိပ်ရဲ့ တာမီနယ် ၂ တောင်မှ မပြီးစီးတတ်သေးပါဘူး၊ အခုတော့ဒီလေဆိပ်ထက် ပိုကြီးကျယ်တဲ့ လေဆိပ်အသစ်ကြီးကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်၊ မောင်ရင်ငတေ ကျောင်းသားဘဝ တလျှောက်လုံး ခေတ်ကာလက အခြေအနေ မဆိုးဝါးသေးတော့ နိုင်ငံခြားဆိုတာကို လေ့လာချင်စူးစမ်းချင်စိတ်တွေ ရှိနေပေမဲ့လည်း အိပ်မက်ထဲမှာ ထည့်မက်တဲ့အဆင့် မရှိသေးပါဘူး၊ ၁၉၈၃-၈၄ ခုနှစ် နောက်ပိုင်း ရောက်လာတဲ့ အခါမှာမှ နိုင်ငံခြားဆိုတာကို စကားထဲ ထည့်ပြောကြတဲ့အဆင့် ရောက်လာခဲ့တာပါ၊ အခုလို တသက်တာ နေရမယ့်အရေးကို ဘယ်လိုလုပ် တွေးခဲ့ပါမလဲ၊ မောင်ရင်ငတေရဲ့ ခရီးစဉ်အစ
မှတ်မှတ်ရရ ရှိနေခဲ့ရတာကတော့ မြန်မာ့အဲယားဝေးရဲ့ ဖော်ကာဂျက်လေယာဉ်ကြီး စက်ချို့ယွင်းပြီး
ရန်ကုန်လေဆိပ်ကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်ဆင်းသက်ခဲ့ရခြင်းပါ၊ ပထမဆုံး နိုင်ငံခြားခရီး စတင်
ထွက်ခွာခဲ့ရလို့ ရင်မောနေရတာကို ကြောက်လန့်ခြင်းနဲ့ အစားထိုးခံခဲ့ရပါတယ်၊ ပထမတကြိမ်မှာ လေယာဉ်မောင်းချိန် နာရီဝက်လောက်အကြာမှာ မပြောမဆိုနဲ့ လေယာဉ်က လေဆိပ်ပြေးလမ်းမ တခုပေါ်ကို ဆင်းပါတယ်၊ မောင်ရင်ငတေတို့လည်း ဘန်ကောက်လေဆိပ်ကို ရောက်ပြီးလားဆိုပြီး ကြည့်လိုက်တော့ ဆိုင်းဘုတ်ကြီးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝါရောင်ကြီးကို တွေ့ရ ပါတယ်၊ ဒီတော့မှ လေယာဉ်မယ်တယောက်က စက်တခုချို့ယွင်းလို့ပါလို့ အေးတိအေးစက် အဖြေ ပေးပါတော့တယ်၊ အဲလိုနဲ့ လေဆိပ်ခန်းမထဲမှာ တနာရီလောက် ထိုင်စောင့်နေကြရပါတယ်၊ တချို့ ခရီးသွားတွေကတော့ ပိုင်ရာဆိုင်ရာကိုပြောပြီး သူတို့အိမ်တွေကို ဖုန်းဆက်အကြောင်းကြားနေကြ ပါတယ်၊ နောက်တော့ စက်ကောင်းသွားပါပြီဆိုပြီး လေယာဉ်ပေါ်ကို ပြန်တက်ကြပါတယ်၊ ဒီတခါက ပထမတခါလောက်တောင်မှ စီးရတာ မကြာလိုက်ဘူးလို့ထင်ပါတယ်၊ လေယာဉ်အမြီးပိုင်း အနားမှာ ထိုင်တဲ့ မောင်ရင်ငတေဘေးက လေယာဉ်မယ်တဦးရဲ့ လက်ထဲကပစ္စည်းတွေ ဂွမ်းဆိုပြီး ကျကွဲတာ နဲ့အတူ လေယာဉ်မှူးရဲ့ ကြေညာသံကို ကြားရတော့တာပါဘဲ၊ ခရီးသည်များခင်ဗျားဆိုပြီး ကျနော်တို့ လေယာဉ်ကြီး စက်ချို့ယွင်းသွားပါသဖြင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် ကြိုးစားနေပါ တယ်လို့ ပြောလိုက်သံပါ၊ လေယာဉ်ပေါ်မှာ ပါလာတဲ့သူတွေကို ငြိမ်ငြိမ်နေဖို့ ခါးပတ်ပတ်ထားဖို့ကို ပြောကြပေမဲ့လည်း မောင်ရင်ငတေ အပါအဝင် ကြောက်လန့်စိတ်တွေ ဝင်နေကြတဲ့ ခရီးသည်တွေ အားလုံးရဲ့ ဘုရားတသံငိုသံတွေနဲ့အတူ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပါပြီ၊ ဒါပေမဲ့ ဒါမျိုးတွေ ရိုးနေပြီ ဖြစ်ဟန်တူတဲ့ မြန်မာ့လေကြောင်းက လေယာဉ်မှူးကြီးကတော့ ကျွမ်းကျင်စွာနဲ့ ရန်ကုန်လေဆိပ်ကို ပြန်ဆင်းနိုင်ခဲ့ပါတယ်၊ ဒီဒုတိယအခေါက် ရန်ကုန်လေဆိပ်ရဲ့ ခန်းမဆောင်ထဲကို ပြန်ရောက်တဲ့အခါ မှာတော့ ခရီးသည်အားလုံးရဲ့ မျက်နှာတွေမှာ အပြုံးအပျော်တွေ မတွေ့ရတော့ပါဘူး လူဖြူသုံးလေး ယောက်ကတော့ ခေါင်းတခါခါနဲ့ ဖြစ်နေပါပြီ၊ သင်္ဘောသားနှစ်ယောက်ကတော့ ဘန်ကောက်ကနေ နောက်ထပ်ပြောင်းစီးရမဲ့ လေယာဉ်မမှီမှာကို ပြောနေကြပါပြီ၊ အဘွားကြီးတဦးနဲ့ခလေးသုံးယောက် အုပ်စုကတော့ သူတို့အိမ်ကို ဖုန်းဆက်ပြောနေကြပါပြီ၊ မောင်ရင်ငတေနဲ့ ဘန်ကောက်ကိုသွားမယ့် လူငယ်လူရွယ် သုံးလေးဦးကတော့ ဖြစ်သမျှအကြောင်း အကောင်းချည့်ဘဲပုံစံနဲ့သာပါ၊ မကြာခင်မှာ လေဆိပ်ဝန်ထမ်းတယောက် လာအပြောအရ မောင်ရင်ငတေတို့ ပထမ နှစ်ခေါက်စီးတဲ့ ဖော်ကာက အင်ဂျင်စက်တလုံးပျက်သွားလို့ သွားလို့မဖြစ်နိုင်တော့ကြောင်း မြစ်ကြီးနားက ဆိုက်ရောက်လာမယ့် ဖော်ကာရောက်လာရင် ပြောင်းစီးရမယ်ဖြစ်ကြောင်းပါ၊ အဲဒါနဲ့ မောင်ရင်ငတေလည်း စိတ်တူကြတဲ့ နှစ်ဦးနဲ့ အဖော်ညှိပြီး စိတ်ငြိမ်ဆေးအဖြစ် ဘီယာသွာပြီး သောက်ကြပါတော့တယ်၊ အချိန်က ညနေ ငါးနာရီလောက် ရှိနေပါပြီ၊ မြစ်ကြီးနားလေယာဉ်က အခုမှ စထွက်လာပြီ ပြောတာကိုး၊ ည ခုနှစ်နာရီ လောက်ကျတော့ လေယာဉ်ပေါ်ပြန်တက်ကြဖို့ ခေါ်ပါပြီ၊ မထူးဇာတ်ခင်းထားတဲ့ မောင်ရင်ငတေတို့ ကတော့ ရှေ့ဆုံးကပေါ့၊ လေယာဉ်ပေါ်မှာ ခရီးသည်က ဆယ်ဦးလောက်တော့ လျော့သွားပါတယ်၊ မောင်ရင်ငတေ ဘေးနားကထိုင်လာတဲ့ အဖြူတယောက်ကတော့ ပါမလာတော့ပါဘူး၊ အဲဒါနဲ့ သူ့ နေရာ ဘေးအစွန်မှာ ပြောင်းထိုင်လိုက်ပြီး မြစ်ကြီးနားကလာတဲ့ဖော်ကာရဲ့ ပြူတင်းတံခါးကို လက်နဲ့ ဆွဲတင်လိုက်တော့ ပြုတ်ပြီးပါလာပါတယ်၊ ပြူတင်းတံခါး ပတ်ပတ်လည်မှာလည်း ရေတွေသီးနေပြီး ဘန်ကောက်သွားတဲ့ ဖော်ကာထက်တောင် ပိုပြီး ဟောင်းနွမ်းတာကို တွေ့ရပါတယ်၊ အရင်ခါတွေက
သူများတကာ သွားတာတွေကို လိုက်ပို့စဉ်က ရန်ကုန်လေဆိပ်ရဲ့ အပေါ်ထပ်ဝရံတာ လိုက်ပို့တဲ့သူ တွေရဲ့ လက်ပြနှုတ်ဆက်ရာနေရာကနေ နှုတ်ဆက်ခဲ့စဉ်က အားကျခဲ့တဲ့စိတ်တွေ အခုတော့ မရှိနိုင် တော့ပါဘူး၊ တနေ့တည်းမှာ တတိယအကြိမ်မြောက် ရန်ကုန်လေဆိပ်ကနေ ဖော်ကာလေယာဉ်ပျံ ပျံတက်စဉ်မှာတော့ လက်ပြနှုတ်ဆက်ရာ ဝရံတာမှာ မှောင်မည်းနေပြီး နှုတ်ဆက်သူ တဦးတလေမှ မတွေ့ရှိရပါဘူး၊ ဒီတခါတော့ တကယ်ကိုနှုတ်ဆက်ခဲ့ပါတယ် ရန်ကုန်ရေ၊ မောင်ရင်ငတေရဲ့ ရန်ကုန် ဘန်ကောက် ပထမဆုံးခရီးစဉ်ဟာ အဲလိုနေ့လည်တနာရီက စတင်ထွက်ခွာလာခဲ့တာ ဘန်ကောက် ဒွန်းမောင်းလေဆိပ်ကို ည ၉ နာရီကျော် လောက်မှာ ချောချောမွေ့မွေ့ ရောက်ရှိသွားပါတော့တယ်၊ ဘန်ကောက်လေဆိပ် တော်တော်ဝေးဝေးတနေရာမှာ ဆိုက်ရောက်ခဲ့တဲ့ စီးနင်းခဲ့ရတဲ့ ဖော်ကာ ၂၈ လေယာဉ်ကြီးကို ဝမ်းသာဝမ်းနည်း နှုတ်ဆက်ခဲ့ပြီး မောင်ရင်ငတေလည်း ဘန်ကောက်လေဆိပ်ကြီး အထဲကို ဝင်ရောက်ခဲ့ပါတော့တယ်၊


ဘန်ကောက်အဝင်လမ်းနဲ့ ကြော်ငြာဆိုင်းဘုဒ်                                                (ဓါတ်ပုံ မရငတ)
ထိုင်းနိုင်ငံတဝှန်းမှာရော ဘန်ကောက်မြို့မှာရော ဘယ်လမ်းဘယ်နေရာဖြစ်ဖြစ် တွေ့မြင်ရမှာတွေ ကတော့ ရှုတ်ရှက်ခတ်နေတဲ့ ကားတွေရယ် ဆိုင်ကယ်တွေရယ် ဆိုင်းဘုတ်ကြီးတွေရယ် လမ်းဘေး ဝဲယာတလျှောက်မှာ အငွေ့တထောင်းထောင်းထနေတဲ့ စားသောက်ဆိုင်လေးတွေရယ်ကို တွေ့ရှိရ မှာပါ၊ လေယာဉ်စက်ပျက်လို့ ခပ်လန့်လန့် ဖြစ်ခဲ့တဲ့ မောင်ရင်ငတေရဲ့ စိတ်တွေဟာ ညမီးရောင်တွေ ထိန်ထိန်လင်းနေတဲ့ တောက်ပတဲ့ ဆိုင်တွေမျိုးစုံကိုကြည့်ပြီး မနေ့တနေ့က ရန်ကုန်မြို့ရဲ့မြေနီကုန်း
လမ်းဆုံက မီးရောင်မှိန်မှိန်အောက်က သူငယ်ချင်းတစု နှုတ်ဆက်ပွဲလုပ်ခဲ့တဲ့ ပျော်ပွဲစားရုံကလေးကို သတိရနေမိပြီး စဉ်းစားခန်း ဝင်နေမိရပါတယ်၊


ဘန်ကောက်လမ်းနဲ့ ရောင်စုံတက္ကစီ                                                   (ဓါတ်ပုံ မရငတ)
အထူးသဖြင့်တော့ ဘန်ကောက်မြို့ပေါ်မှာတော့ လေဆိပ်အထွက်မှာကိုဘဲ တွေ့ရမှာက အငှားကား တက္ကစီတွေပါဘဲ၊ မောင်ရင်ငတေတို့ အခုလက်ရှိ ရောက်ရှိနေတဲ့ အနောက်ဥရောပ နိုင်ငံတွေမှာက လမ်းမပေါ်မှာ ခရီးသည်ရှာနေတဲ့ တက္ကစီကားတွေကို တွေ့ရှိရဖို့ မလွယ်ကူပါဘူး၊ ပြင်သစ် ပါရီမှာက လေဆိပ်ကနေ မြို့ထဲကိုသွားကြတဲ့ ခရီးသည်အများစုဟာ အငှားကားကို သိပ်အသုံးမပြုကြပါဘူး၊ ရထားနဲ့ ဘတ်စကားကိုသာ အသုံးပြုသူပိုများပါတယ်၊ ဘန်ကောက်မှာတော့ လေဆိပ်ရောက်တာနဲ့
အဲယားကွန်းနဲ့ အငှားကားပေါ်မှာ ငြိမ့်ပြီးအတွေးပွား လိုက်နိုင်ပါတယ်၊ အဲဒါတောင်မှ အဲဒီခေတ်က ဘန်ကောက်တက္ကစီကားများဟာ မော်ဒယ်ခပ်နိမ့်နိမ့်ကားတွေသာပါ၊ ဘန်ကောက်မှာ ရောက်တဲ့ည
တညသာ အိပ်ရပါတယ်၊ ရောက်ရောက်ချင်း ပထမမှာ မောင်ရင်ငတေဖားသားကြီး အလုပ်လုပ်ရာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Nakhon Ratchasima သို့ Khorat ကုန်းမြင့်ဒေသရှိ Amphoe Sikhiu (Sikhio) အမည်ရ အမြန်လမ်းမကြီးဘေးက ရွာလေးတရွာမှာ လိုက်နေပါတယ်၊ အဲဒီဒေသမှာ ရှိတဲ့ ရေပေးဝေရေး စီမံကိန်းတခုမှာ မောင်ရင်ငတေရဲ့အဖေရယ် နောက်မြန်မာအင်ဂျင်နီယာ သုံးလေး ငါးဦးရယ် အတူတကွ အလုပ်လုပ်နေကြတာပါ၊ အဲဒီ Sikhiu ရွာကလေးကို တိုးချဲ့ဖြတ်သန်းဖောက် လုပ်နေဆဲ ကားလမ်းဘေးက ထမင်းဆိုင်တွေမှာ ညကြီးသန်းကောင် ထပြီးကြည့်ခဲ့ရဖူးတဲ့ ၁၉၉၀ ခု
အီတလီကမ္ဘာ့ဖလားပွဲကို ကြည့်ခဲ့ရတာတွေကိုလည်း အမှတ်ရမိနေဆဲပါ၊ ညစဉ်ညတိုင်းတိုင်းလိုလို ဘောလုံးပွဲကြည့်ရင်း မိတ်အင်ထိုင်းလန်း မယ့်ခေါင်ဝီစကီနဲ့ မြည်းခဲ့ရတဲ့ သင်္ဘောသီးနဲ့ ဇီးဖြူသီးကို ရောပြီးထောင်းတာတွေကိုလည်း ခုထိအောင် အမှတ်ရနေဆဲပါ၊ ဇီဒန်းတို့ရဲ့ ခေတ်မတိုင်မီ ပြင်သစ် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်မရဘဲ အုပ်စုခြေစစ်ပွဲမှာပြုတ်ပြီး ကျန်နေခဲ့တဲ့  အဲဒီအီတလီပွဲစဉ် တွေကို ကြည့်ပြီးတော့ ဥရောပကို ရင်မခုန်သေးခဲ့တာကတော့ အမှန်ပါဘဲ၊


ဟိုနားဒီနား ဟိုရပ်ဒီရပ် ကျေးလက်သွားတောကား                              (Photo UTT SG)
ဒီနယ်မြေဟာ ၁၄ ရာစုနှစ်လောက်က ခမာအင်ပါယာထဲမှာ ပါဝင်ခဲ့တဲ့နယ်မြေပါ၊ ၉၀ ခုနှစ်အချိန်က အဲဒီနယ်မြေမှာ Nakhon Ratchasima မြို့ဟာ ဖွင့်ဖြိုးတိုးတက်နေတဲ့ မြို့တမြို့ဆိုရပေမယ့် အဲဒီက နယ်သားတွေဟာ ခေတ်မှီမှီ ဝတ်တတ်စားတတ်တာ မတွေ့မိခဲ့ပါဘူး၊ မောင်ရင်ငတေ တွေ့ဖူးနေဖူးခဲ့
ကိုယ်တိုင်ကြိုက်နှစ်သက်ခဲ့တဲ့ ရွှေပြည်တော်မဟာရန်ကုန်သားတွေ အဆင့်မှီဖို့ မပြောပါနဲ့၊ မိတ္ထီလာ မန္တလေးကားလမ်းမပေါ်က ကူမဲလို လက်ညိုးထိုးလို ရွာသားတွေ အဆင့်မရှိပါဘူး၊ ဒါပေမဲ့သူတို့ဟာ လမ်းနဘေးကစားသေက်ဆိုင်ဆိုပေမဲ့ လျှပ်စစ်မီးထိန်ထိန်ညီး ဓါတ်စက်သံတညံညံနဲ့ ကမ္ဘာ့ဖလားပွဲ ကစားပုံတွေကို အိမ်တိုင်းလိုလိုမှာ ကြည့်နိုင်နေပါပြီ၊ မောင်ရင်ငတေ ယာယီနေခဲ့ရတဲ့ အိမ်မှာတော့ စလောင်းမရှိ ဘာမရှိဆိုတော့ ဆိုင်မှာထိုင် ဘီယာသောက်ပြီး အားပေးရခဲ့တာပေါ့လေ၊ အဲဒီရွာလေး ရှိရာကို အခုနေသွားမယ် ဆိုရင်တော့ ဘာမှမခက်ခဲတော့ပါဘူး၊ အရင်တုန်းကလည်း မခက်ခဲပါဘူး၊ အဲဒီရွာနားတဝိုက် ဟိုနားဒီနားကိုသွားတဲ့ကားတွေကတော့ ရွှေပြည်တော်ကြီးမှာ မောင်ရင်ငတေတို့
စီးခဲ့ဖူးတဲ့ နောက်ပွင့် ဒတ်စ်ဆန်းတို့ ဟိုက်လက်ကား တို့လိုပါ၊ ကွာခြားတာကတော့ ကုန်ပစ္စည်းတွေ
မတန်တဆ တင်ကြတာမျိုးလည်းမရှိ၊ စီးကြတဲ့ခရီးသွားကလည်း ကားပြည့်ကျပ်နေအောင် များပြား
နေတာလည်း မရှိ၊ စပယ်ယာလည်း မရှိ၊ ဟိုနားဒီနားသွားရင် နှစ်ဘတ် နည်းနည်းခရီးဝေးဝေးဆိုရင်
လေးငါးဘတ် ကိုယ်ဆင်းချင်တဲ့ နေရာရောက်ရင် ပါလာတဲ့ အကြွေစေ့နဲ့ ကားဘော်ဒီကို ဒေါင်ဒေါင် မြည်အောင် ခေါက်လိုက်ရင် ကားကကျွီကနဲ မြည်အောင် ရပ်လိုက်တဲ့အခါ ဆင်းသွားတဲ့သူက ကား ခေါင်းခန်းကို ပြေးလို့သွားပြီး ကျသင့်တဲ့ ကားခကို ပေးပြီးသွားရုံပါဘဲ၊ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကျပါဘဲနော်၊ အဲဒါမျိုးတွေက မောင်ရင်ငတေတို့ အခုလက်ရှိရောက်ရှိနေထိုင်နေတဲ့ အင်အားကြီး မဟာဥရောပနိုင်ငံက ဘယ်အရပ်မှာ မတွေ့ဖူးတဲ့မတွေ့နိုင်တဲ့ ယဉ်ကျေးမှုတမျိုးလို့သာ ထင်ပါတယ်၊



တရွာဝင်တရွာထွက် စရိတ်သက်သာ ထိုင်းဘတ်စ်ကားများ                       (Photo UTT SG)
အဲဒီ Sikhiu မြို့ကို ဘန်ကောက် Mochit ကားဂိတ်ကနေ ကီလိုမီတာ ၂၅၀ ခရီး သုံးနာရီသာသာ အမြန်ကားနဲ့ စီးလို့သွားရင် ရောက်ပါပြီ၊ ကားခကလည်း အခုထိတိုင်အောင် သက်သာပါသေးတယ်၊ ကီလိုမီတာ ၂၀၀ ကျော်တဲ့ ခရီးကို ဘတ် ၂၀၀နီးပါး ငါးယူရို သာသာ သာပေးရပါတယ်၊ အမြန်ကား အဲယားကွန်းကားနဲ့ပါ၊ ရထားနဲ့လည်း သွားလို့ရပါတယ်၊ ဟိုအရင်တုန်းကတော့ တရွာဝင် တရွာရပ် ဘတ်စကား အနီရောင်နဲ့ မောင်ရင်ငတေ သွားဖူးခဲ့ပါတယ်၊ ဈေးပိုသက်သာပါတယ်၊ အဲဒီတုန်းက လမ်းတွေကလည်း ပြင်နေချဲ့နေတုန်းဆိုတော့ကာ ရွာလမ်းတွေက ပတ်မောင်းတာတွေ ရှိခဲ့ပါတယ်၊ အဲလို ရွာလမ်းတွေကို ပတ်မောင်းတော့ မောင်ရင်ငတေလည်း ကိုယ်ကိုယ်တိုင် ခပ်ငယ်ငယ်ဘဝက စီးခဲ့ဖူးတဲ့ မိတ္ထီလာ မြင်းခြံလမ်းတို့ ပုဂံ ပုပ္ပါး ကျောက်ပန်းတောင်းလမ်းတို့ကို သွားသတိယမိပါတယ်၊ အဲဒီရွာဒေသတဝိုက်ဟာ ဟိုးအရင်တချိန်က ခမာတွေ ကြီးစိုးအုပ်ချုပ်သွားရာ နယ်မြေဖြစ်ခဲ့လို့ ခမာ လက်ကျန်တွေများရှိနေမလား မွန်နဲ့တူတာတွေများ တွေ့ရဦးမလားလို့တော့ စူးစမ်းမိခဲ့ပါသေးတယ်၊ ဒါပေမဲ့လို့ အဓိကကျတဲ့ ပြဿနာက မောင်ရင်ငတေကလည်း သူတို့ရဲ့ စကားကိုမတတ် သူတို့တွေ
ကလည်း ကိုယ့်စကားကိုမတတ် အဲဒီတော့ အင်္ဂလိပ်စကား အကျိုးအပျက်တွေနဲ့ လက်ဟန်ခြေဟန်
တွေကိုသာ အားကိုးခဲ့ရပါတယ်၊ သေချာတာတခုက အဲဒီ ဒေသသားတွေဟာ တော်တော်ကို ရိုးကြ အကြ ပါသေးတယ်၊ အဲဒီအချိန်ကပါ၊ အခုတော့ သူတို့လည်း လည်နေကြရောပေါ့နော်၊ အဲဒီတုန်းက အဲယားကွန်း အမြန်ကားတွေမှာ ခရီးတဝက်မှာ ရပ်နားရင် ဆန်ပြုတ်တိုက်တာတို့ ကားပေါ်မှာမုန့်တို့ အအေးတို့ ကျွေးတာတွေ ပါတတ်ပါတယ်၊ အခု ဥရောပရဲ့ ငါးနိုင်ငံကူးတဲ့ နာရီ ၂၀ နီးပါကြာအောင် မောင်းရတဲ့ ဘတ်စ်ကားကို မောင်ရင်ငတေ အရင်လပိုင်းကစီးခဲ့ရာမှာ ကားပေါ်မှာ ဘာအကျွေးမွေး တခုမှ မပါရှိပါဘူး၊ အဲဒီလို မပါရှိတဲ့အပြင် မနက်စောစော ကော်ဖီလေးတခွက် သောက်ဖို့ရာတောင် ကားက မရပ်ပေးပါဘူး၊ အဲလိုမရပ်မနား မောင်းနေပေမဲ့ ပြင်သစ်အဝင် မနက်ပိုင်း ကားလမ်းပိတ်ဆို့ နေချိန်နဲ့ တိုးခဲ့တဲ့အပြင် လမ်းပြင်နေတာရှိနေလို့ မနက် ၁၁ နာရီ ပါရီမြို့ကို ဝင်ရမှာကို ရောက်ရှိ ရမယ့် အချိန်ထက် နှစ်နာရီကျော်ကြာ နောက်ကျပြီးမှ ရောက်ခဲ့ပါတယ်၊ မနက်စောစောကတည်းက ဘာတခုမှ မစားမသောက်ရသေးတဲ့ ခရီးသည်တွေက ကားမောင်းသူကို ပြောပေမဲ့ ကားမောင်းသူ ဆရာသမားက သူ့အလုပ်ကိုသာ ပြီးစီးအောင် သူလုပ်သွားရင်း ခရီးသည်တွေကို ဂရုမစိုက်ခဲ့ပါဘူး၊ အဲဒါမျိုးတွေ ဒီကနေ့ အနောက်ဥရောပရဲ့ နိုင်ငံကြီးတွေမှာလည်း ခဏခဏ တွေ့ကြုံနေရပါပြီ၊ အဲဒါ တွေကြောင့် တခါတလေတော့လည်း တရွာဝင်တရွာထွက် ဟိုနားခဏရပ်ဒီနားခဏရပ် သူ့အရပ်က သူဒေသက ဒေသစာတွေကိုလည်း မြီးစမ်းနိုင်တဲ့ ကျေးလက်သွားတောကား စီးရခြင်းကိုလည်း အခု အချိန်မှာ ပြန်လည်လို့ လွမ်းမိနေရခြင်းပါ၊


မြို့အလယ် လမ်းနဘေးက အသီးထောင်း                                               (ဓါတ်ပုံ မရငတ)
ထိုင်းနိုင်ငံအကြောင်းပြောကြရင် ဘန်ကောက်မြို့အကြောင်းပြောကြရင် ဘန်ကောက်မြို့မှာ ဘာကို
သတိအရဆုံးလည်းလို့ မေးလာရင် လမ်းနဘေးက စားစရာ ဆိုင်လေးတွေကိုသာ ပြောရမှာပါ၊ ဒီကို ဥရောပကို ရောက်လာတဲ့ အခါမှာ ပိုလို့သတိရမိကြမှာပါ၊ ဘန်ကောက်မှာ နေ့နေ့ညည အချိန်မရွေး အလွယ်တကူ ဈေးသက်သက်သာသာနဲ့ စားလို့ရတဲ့ ဆိုင်ကလေးတွေ ပုံစံမျိုး ဒီမှာလုံးဝကိုမရှိပါဘူး၊ မောင်ရင်ငတေကလည်း အစားဆိုအစုံစားတတ်သူပါ၊ ထိုင်းဟင်းမျိုးစုံမှာ မပါမဖြစ်ဆိုသလို တွေ့ရှိရ မှာကတော့ ပင်စိမ်းရွက်လို အရွက်မျိုးစုံရယ် အုန်းနို့ရယ်ပါ၊ အဲဒါတွေမကြိုက်ရင်တော့ ထိုင်းအစာကို မကြိုက်တာနဲ့ အတူတူပါဘဲ၊ အခုအပေါ်ကပုံမှာလိုမျိုး ဆိုင်းထမ်းနဲ့လည်ပြီးရောင်းကြတဲ့ အသီးမျိုးစုံ အထောင်းသည်တွေကို ထိုင်းနိုင်ငံတလွှား လမ်းနဘေးမှာ ကုန်တိုက်တွေရှေ့မှာ နေရာတော်တော် များများမှာ တွေ့နေရဆဲပါ၊ ခေတ်တွေဘယ်လောက်ဘဲ တိုးတက်ပြောင်းလဲလာပါစေ လူကြီးလူငယ် ပျိုပျိုအိုအို ကျားကျားမမတိုင်း ဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဘယ်လိုပင် ထယ်ထယ်ဝါဝါနဲ့ သန့်သန့် ရှင်းလို့နေပါစေ ဒီလိုလမ်းဘေး အထမ်းသည်တွေရောင်းတာကမှ စားလို့ကောင်းတယ်ဆိုပြီး တန်းစီ တိုးစားနေကြဆဲပါ၊ မောင်ရင်ငတေလည်း ထိုင်းလူမျိုးစစ်စစ်ရောင်းတဲ့ လမ်းနဘေးက ဆိုင်ကလေး တွေမှာ အဲဒီလိုမျိုး သင်္ဘောသီး သရက်သီး သခွားသီး ဇီးဖြူသီး ဖန်ခါးသီး အသီးမျိုးစုံကို မပါမဖြစ် ခပ်စပ်စပ်ငရုတ်သီးနဲ့ ရောထောင်းထားတဲ့ အသီးထောင်းကို ရှာဖွေအားပေးလို့ စားချင်ပါသေးတယ်၊


တိုက်တွေကားတွေလူတွေဆိုင်တွေ ဓါတ်တိုင်တွေမီးကြိုးတွေ အဲဒါမှဘန်ကောက် (ဓါတ်ပုံ မရငတ)
မောင်ရင်ငတေတို့ ဘန်ကောက်ကို စလာတော့ တိုးလ်ရစ်ဗီဇာနဲ့ပါ၊ ပထမနှစ်လ နေပြီးရင် နောက် တလကို ဘတ်ငါးရာပေးပြီး သက်တမ်းတိုးလို့ရပါတယ်၊ ရက် ၉၀ ထိုင်းနိုင်ငံမှာနေလို့ရပါတယ်၊ ရက် ကိုးဆယ်ပြည့်ရင်တော့ စတေးရှောင်ရမှာပါ၊ စတေးရှောင်တယ်ဆိုတာက ထိုင်းနိုင်ငံရဲ့နီးစပ်ရာနိုင်ငံ နယ်စပ်တနေရာကိုထွက်ပြီး ဗီဇာသွားယူပြီး ထိုင်းနိုင်ငံအတွင်းမှာ ပြန်လည်နေထိုင်ချင်တဲ့သူတွေ အတွက် မလုပ်မနေရ လုပ်ကြရတာမျိုးပါ၊ ထိုင်းနိုင်ငံကို လည်ပတ်ရုံသာ လာလည်ကြတဲ့တိုးလ်းရစ်
ဆိုသူတွေ အတွက်ကတော့ Without Visa ခေါ် ဗီဇာမပါဘဲနဲ့ ဝင်ထွက်သွားလာလို့ရပါတယ်၊ လူဖြူ
တွေသာမက မောင်ရင်ငတေတို့ပါ အဲလိုဝင်ထွက်သွားလာလို့ရပါတယ်၊ အခုမှ တဖန်ပြန်လည်ပြီး အာဆီယံဗီဇာ ဘာညာပြန်ပြီး လုပ်နေကြတာပါ၊ အဲဒီခေတ်က မောင်ရင်ငတေတို့ရဲ့ ညစ်ထပ်ထပ် အနီရောင်စာအုပ်နဲ့ ထိုင်းတို့ မလေးရှားတို့ကို ဘာဗီဇာမှ မလိုအပ်ပါဘူး၊ သူတို့လူမျိုးတွေမှာလည်း ပိုက်ဆံပေးရင် ဂွင်သိရင် အားလုံးအိုကေပါတယ်၊ တိုင်ပတ်ရုံပတ်တယ်ခေါ်တဲ့ Without Visa မျိုးနဲ့ ထိုင်းနိုင်ငံမြေကြီးထဲကို ဒုတိယအကြိမ်ဝင်ဖို့ကို ပထမဦးစွာမှာတော့ မလေးရှားနယ်စပ်မှာ သွားလုပ် ကြတာ များပါတယ်၊ လာအိုနယ်စပ် ကမ္ဘောဒီယားနယ်စပ်တို့ကို ဘယ်သူမှ သိပ်မသွားချင်ကြပါဘူး၊ အဲဒီတုန်းကတည်းက မလေးရှားက ထိုင်းထက် ပိုမိုတိုးတက်ပြီး ပစ္စည်းတွေကလည်း ထိုင်းထက် ဈေးသက်သာပြီး ထိုင်းထက်ကွာလတီ ပိုပြီးတော့ ကောင်းပါတယ်၊ ဘန်ကောက်မြို့ကနေ Hat Yai ဟတ်ယိုင်အ်နယ်စပ်ဘော်ဒါလိုင်းနဲ့ မလေးရှားကို စတေးရှောင်သွားတဲ့ အကြောင်းတွေကို နောက် ပိုင်းမှာ တင်ပြဖို့ ရေးထားတဲ့ အတိုအစတွေကို စုဆောင်းလိုက်ပါအုံးမယ်၊


သာယာအေးချမ်း ထိုင်းကျေးလက်လမ်း                                                 (ဓါတ်ပုံ မရငတ)
အဲဒီအချိန်တုန်းက ဘန်ကောက်မှာ ရွှေပြည်တော်သားတွေအတွက် အတော်ကြီး အနေချောင်သေး
တယ်လို့ ဆိုရမှာပါ၊ မဲဆောက်လိုမယ်ဆိုင်လို နယ်စပ်မှာတော့ သိပ်အချောင်ကြီး မဟုတ်ပေမဲ့ ကျန်
ထိုင်းတနိုင်ငံလုံးကိုသွားရင် တော်ရုံတန်ရုံ ပတ်စပို့စ်အစစ်အဆေးမရှိပါဘူး၊ အဲလိုအစစ်အဆေးတွေ
ရှိတဲ့နေရာတွေမှာရော မရှိတဲ့နေရာတွေမှာရော မလေးရှားလို ကွာလာလမ်ပူလို အော်ပရာစီခံခဲ့ရ တာတွေကို ပြန်လည်ပြီး ချေးခြောက်ရေနှုးပြီး ပြောပြချင်ပါတယ်၊ ဒီကနေ့ မလေးရှားရောက်သူတွေ ရွှေပြည်တော်သားတွေထဲမှာ မောင်ရင်ငတေနဲ့ အရင်းနှီးဆုံး ညီအကိုတော်သူတွေ သူငယ်ချင်းတွေ ရှိနေဆဲပါ၊ သူတို့ရဲ့ လက်ရှိအမြင်ခံစားမှုတွေနဲ့ အတူမျှဝေပြီး အတိတ်ကအကြောင်းတွေကို ရေးချင် ပါသေးတယ်၊ ရေးနိုင်အောင် ကြိုးပမ်းပါအုံးမယ်၊


Made in Thailand Thousand Years Ago                                          (ဓါတ်ပုံ မရငတ)
ပြောစရာ ကျန်ရှိနေတာ တခုကတော့ ဘန်ကောက်ဆိုတဲ့ အခေါ်က ထိုင်းလူမျိုးတွေက ခေါ်ကြတာ မဟုတ်ပါဘူး၊ သူတို့စကားနဲ့ သူတို့ကတော့ Krung Thep လို့သာ ခေါ်ဝေါ်ကြတာပါ၊ အဲဒါတောင်မှ အတိုကောက် ခေါ်ကြတာပါတဲ့၊ မူရင်းအရှည်ကတော့ ရှည်လွန်းလို့ တချို့သော ထိုင်းတွေတောင်မှ မသိကြပါဘူးတဲ့ ခင်ဗျာ၊ Krung Thep အမည် အပြည့်အစုံကတော့ ဒီအတိုင်းပါဘဲ၊ "Krung Thep Mahanakhon Amon Rattanakosin Mahinthara Ayuthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchaniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit." ဟုတ်မဟုတ်ကိုတော့ စုံစမ်းမေးမြန်းပြီးသာ ကြည့်ကြပါဗျာ၊ ကမ္ဘာ့အရှည်ဆုံး မြို့အမည်ဖြစ်ပြီး သူတို့ရဲ့တရားဝင်ရုံးတွေမှာတောင် ရှည်လွန်းလို့ မသုံးစွဲကြပါဘူး၊
Krung Thep Maha Nakhon လို့တော့ ရုံးစာတွေမှာ သုံးကြပါတယ်တဲ့၊
(၂၀၀၇ ခုက ရိုက်ကူးခဲ့တဲ့ပုံများနဲ့ ရွှေပြည်ကြီးရဲ့ ပုံတွေကတော့ Google က ရှာဖွေထားတာပါ)
(ဒုတိယပိုင်း ဆက်ပါဦးမည်)                                               မောင်ရင်ငတေ ၁၂၁၁၂၀၁၃
http://moemaka.com/archives/265     နိုဝင်ဘာ ၁၄၊ ၂၀၁၃