ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း
(ရှုခင်းသစ် အွန်လိုင်းမှာ မနှစ်က ရေးခဲ့ဖေါ်ပြခဲ့တာ တနှစ်ပြည့်အဖြစ်)
ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း (ဓါတ်ပုံ မရငတ)
ပြီးခဲ့တဲ့ တပတ်က ဟိုရေးဒီရေး ဟိုဖတ်ဒီဖတ် လုပ်နေရာကနေ အရင် လေးငါးခြောက်နှစ်က စတင်ပြီး
ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ အတိုအစ ပေါက်တတ်ကရ ရေးထားခြစ်ထားတာတွေကို ပြန်ရှာရင်းဖွေရင်းနဲ့
အတိုအစတခုကို ပြန်ပြီး ဖတ်မိပါတယ်၊ ၂၀၁၁ စက်တင်ဘာ လပိုင်းလောက်က Facebook စာမျက်နှာများမှာ
အဲဒီအချိန်က Ma Lynn က စတင် ဖွဲ့စည်းခဲ့တဲ့ ၇၀၊၈၀၊၉၀ ခုနှစ် သီချင်းသည်များ အုပ်စုမှာ ရေးတင်ခဲ့မိတဲ့
ခင်ဝမ်းနှင့် ထိတွေ့ခြင်း ဆိုတာကိုပါ။
အဲဒါကို ပြန်ဖတ်မိခဲ့ပြီးနောက် ၇၀၊၈၀၊၉၀ ခုနှစ် သီချင်းသည်များရဲ့ စာမျက်နှာတွေမှာ ပြန်ရှာတာ ရှာလို့
မရတော့ပါဘူး၊ အဲဒါနဲ့အဲဒီစာတွေကို နည်းနည်းပါးပါး ပြင်စရာရှိတာပြင်ပြီး ခင်ဝမ်းအမှတ်တရ အနေနဲ့
မောင်ရင်ငတေရဲ့ Facebook စာမျက်နှာမှာ တင်လိုက်မိပါတယ်၊ အဲလိုတင်လိုက်ပြီးတော့မှ ရှုခင်းသစ်
အွန်လိုင်းမဂ္ဂဇင်းရဲ့ အယ်ဒီတာနဲ့ ဟိုအကြောင်းဒီအကြောင်း ပြောကြရင်း အဲဒီ ခင်ဝမ်းနှင့် ထိတွေ့ခြင်းကို
ရှုခင်းသစ်မှာ မမျှော်လင့်ပါဘဲ ဖော်ပြပါရှိလာပါတော့တယ်။

မောင်ရင်ငတေရဲ့ စာရေးနည်းက ပညာရှင်များလို အကြောင်းအရာတခု စာတပုဒ် တထိုင်တည်း
မရေးတတ်ပါဘူး၊ စိတ်ထဲမှာ တကြောင်းလောက် တပိုဒ်လောက် ပေါ်လာတာမျိုးတွေကို ရေးချထား

လိုက်ပါတယ်၊ ဒီအကြောင်း ဆက်ရေးလို့ မရရင် တခြားအကြောင်း ရောက်သွားပါတယ်၊ အဲဒီလို
ဟို စပ်စပ် ဒီ စပ်စပ် ရေးထားတာလေးတွေကို နောက်တော့မှ စိတ်ကူးပေါက်မှ ပြန်ဆက်စပ်ပြီး
ယူတာပါ၊ အရင် ကွန်ပြူတာခေတ် မတိုင်ခင်က ဆိုရင်တော့ ဒါမျိုးတွေက စာရွက်အပိုင်းအစတွေ
အဖြစ်ကနေ ပျောက်ပျက်သွားတာပါ၊ ကွန်ပြူတာ ကျေးဇူးကြောင့် ရေးပြီးသိမ်းဆည်းထားတာလေး
တွေကနေ စာတပုဒ် ဖြစ်လာပါတယ်၊ အဲလို ခင်ဝမ်းနဲ့ထိတွေ့ခြင်း ဒုတိယပိုင်းဆိုတာ ပေါ်လာတာပါ၊

ပထမပိုင်းမှာ ရေးခဲ့တဲ့ ရက်စွဲတွေအရ ထိတွေ့ခြင်း (၃) ပိုဒ် ရှိခဲ့တာမို့ အခု (၄) နဲ့ စထားပါတယ်။
ဒုတိယမြောက် ခင်ဝမ်းနှင့်ထိတွေ့ခြင်း (ဓါတ်ပုံ မရငတ)
ခင်ဝမ်းနှင့်ထိတွေ့ခြင်း (၄) ၀၁၀၆၂၀၁၄
ခင်ဝမ်းနှင့် ထိတွေ့ခြင်းအကြောင်း ရေးခဲ့မိတုန်းက ဘာရယ်မဟုတ် ရေးခဲ့မိတာပါ၊ စာရေးချင်စိတ်
ရှိနေစဉ်မှာ ကိုယ်ကြိုက်တဲ့သီချင်းတွေ ပြန်လည်နားထောင်နေခိုက်နဲ့ကြုံပြီး ကိုယ်ကြိုက်နှစ်သက်တဲ့
အဆိုတော်အကြောင်းကို ကိုယ်ရေးတတ်သလို ရေးခဲ့တာမျိုးပါ၊ ဒီထက်ပိုပြီး ရည်ရွယ်ချက်မရှိပါဘူး၊

တကယ်တော့ အဆိုတော် ခင်ဝမ်း အကြောင်းကို ရေးဖို့ရာမှာ ကိုယ်ကိုယ်တိုင်က အဲဒီ ခင်ဝမ်းကြီးနဲ့
နီးနီးကပ်ကပ် ထိတွေ့တာမျိုး မရှိခဲ့ဖူးတော့ သူ့အကြောင်း ဘာတခုမှ အသေးစိတ် သိတာ မရှိပါဘူး၊

ပြည်မြို့သား သူငယ်ချင်းတွေကြောင့်သာ ခင်ဝမ်းဆိုတဲ့ အဆိုတော်ကြီးနဲ့ သုံးလေးကြိမ် ဆုံဖူးတာ
မျိုးလောက်သာပါ၊ ဒါပေမယ့်လို့ သေချာခဲ့တာ တခုကတော့ ၁၉၈၀ ခုနှစ်များရဲ့ ခပ်စောစောပိုင်းမှာ
တခြားအောင်မြင် ကျော်ကြားနေတဲ့ ကော်ပီသီချင်းများ ဥပမာ ပလေးဘွိုင်သန်းနိုင်တို့ ဘိုဘိုဟန်တို့
စိုးပိုင်တို့ ကိုယ်ပိုင်သံစဉ် သီချင်းလိုင်းကဆိုရင် စိုင်းထီးဆိုင်တို့ မင်းအောင်တို့ ထက်စာရင် ခင်ဝမ်းရဲ့
ခြောက်ကပ်ကပ် တီးလုံးများနဲ့ သူ့ရဲ့အဲဒီအချိန်က (အဲဒီအချိန်ကနော်) လူအများ သိပ်မကြိုက်လှတဲ့
သိပ်လက်မခံတဲ့ အသံကို ဘာလို့မှန်းမသိ ကြိုက်နှစ်သက်နေမိတာပါ၊ ခင်ဝမ်းရဲ့ ထွက်ရှိသမျှ

အခွေတွေကို ဝယ်နိုင်အောင် ကြိုးစားမိတာကိုလည်း မှတ်မိနေပါတယ်။
အဲဒီအချိန်တုန်းက မောင်ရင်ငတေက ဆယ်တန်းကျောင်းသားဖြစ်စ၊ ဖလဲလ်တွေဘဲလ်တွေဝတ်ပြီး
လမ်းသရဲ ဆိုတာကြီးကို ရူးသွပ်နေချိန်၊ ဘီတဲလ်တို့ ဘီးဂျီးတို့နဲ့ ခေတ်မှီချင်ယောင်ဆောင်နေချိန်၊

နိုင်ငံတကာမှာ ဘာဖြစ်နေလဲ ဆိုတာကို ခေါင်းမြီးခြုံထဲကနေ အတင်းတိုးဝှေ့ထွက် ခေါင်းထောင်
ကြည့်ချင်နေချိန်၊ မြန်မာ့အသံ ဆိုတာကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေချိန်၊ အဲဒီအချိန်မှာ

တကယ်တော့ ဂျင်းဘောင်းဘီဝတ်ခြင်းကို နှစ်နှစ်ချိုက်ချိုက်စုံမက် လည်ပင်းနဲ့လက်ကောက်ဝတ်မှာ
ရောင်စုံပုတီးကြိုးတွေ ဆွဲချင်ပတ်ချင်နေသူ အဲဒီအချိန်က ခေတ်ပေါ်လူငယ် (လမ်းသရဲဆိုပြီး တချို့တွေက
သတ်မှတ်ထားခံရသူ) တယောက်ဟာ တိုင်းခြားဖြစ် နိုင်ငံခြားသံစဉ် ဝုန်းဒိုင်းဂွမ်းတွေထက်

ခင်ဝမ်းသီချင်းတွေကိုတော့ ပိုပြီး ညည်းနေချင်တာဟာ သဟဇာတ ဖြစ်မဖြစ် မသိနိုင်တဲ့ အရာပါ။
ကက်ဆက်ကာဗာ အဖုံးမှာတော့ “အိမ်မက်” လို့သာ ရေးထားတဲ့ အိပ်မက် အခွေ ၁၉၈၀ ခုနှစ်မှာ
ထွက်လာပါတယ်၊ ပါဝင်တဲ့ သီချင်း ၁၅ ပုဒ်လား ၁၆ ပုဒ်လားမသိ၊ ခေါင်းစဉ် အိပ်မက်သီချင်းက
မပါဝင်ပါဘူး၊ အဲဒါကလည်း အဲဒီအချိန် ကာလမှာတော့ သိပ်မတွေ့ဖူးသေးတဲ့ ထူးခြားမှု တခုပါ၊

ပြည်မှာဆောင်းတို့ ဧရာဝတီတို့ နှင်းဆီဖြူတို့ထက် အိပ်မက်အခွေထဲက မမချစ် သီချင်းကို ပိုပြီးတော့
နှစ်သက်မိပါတယ်၊ အသက်ကလည်း ငယ်သေးသကိုး၊ တချို့သော အသက်အားဖြင့် အနည်းငယ်ကြီးတဲ့
သူငယ်ချင်း တချို့ကတော့ မောင်ရင်ငတေ ခဏခဏဖွင့်ပြီး နားထောင်လွန်းလို့ (သူတို့တတွေပါ ရောပြီး
အလွတ်ရနေတဲ့ အိပ်မက်ထဲက စာသားတွေနဲ့) မောင်ရင်ငတေ့ကို စတတ် ကြပါတယ်၊ ကိုယ်ကလည်း
အဲဒီတုန်းက မမချစ်မှ မမချစ် ကိုး၊ ငယ်ငယ်တုန်းက မမချစ် ခင်ဗျား ကျောင်းခန်းထဲက လည်ပြန်ကြည့်နေ
တတ်တဲ့ မမချစ် ခင်ဗျား အခွင့်ရယ်သာခဲ့ရင် တခါတခေါက် လောက်တော့ ပြန်ဆုံချင်မိပါသေးတယ်
မမချစ်ရေ …… အတိတ်အကြောင်းကို ရိုးရိုးသားသား ပြန်ပြောင်းပြောဖို့ရယ်သာပါ၊ အခုချိန်ထိ အဲဒီ
ခင်ဝမ်းအသံ မမချစ်ကို ကြားမိရင်း သတိရနေဆဲပါ။

ဆယ်တန်း ဒုတိယနှစ်မှာတော့ မိတ္ထီလာကနေ စလေကို ကျောင်းသွားတက်ရပါတယ်၊ အိတ်ထဲမှာ
ကျော်ဟိန်းရဲ့ မျက်ရည်စက်များရယ် ခိုင်ထူးရဲ့သီချင်းတပုဒ်ရယ် ကိုခင်ဝမ်းများရယ် ပါသွားပါတယ်၊

စလေဆိုတာက ဧရာဝတီမြစ်ဘေးက အညာဒေသရဲ့ တောမြို့လေးတမြို့သာပါ၊ ကျောင်းကလည်း
အထကကျောင်း ဆိုပေမယ့် ဆယ်တန်းကျောင်းသားက လက်ချိုးရေရတာထက် နည်းနည်းသာ ပိုများပါတယ်၊
မောင်ရင်ငတေရဲ့ ဆယ်တန်းရပီတာ ခုံနံပတ်ကိုက ဖဎ ၂၆ သာပါ၊ အဲဒီတုန်းက စလေသားတွေ
ဘာကြိုက်ကြိုက် ကိုယ်ကြိုက်တာတွေကို သူတို့ကို ခဏခဏ ပြောခဲ့လွန်းလို့လား မသိပါဘူး၊
မောင်ရင်ငတေကြောင့် သူတို့တွေရဲ့ ပါးစပ်ထဲမှာ ခင်ဝမ်းရဲ့ သီချင်းသံစဉ် စာသားတွေ တော်တော်များများ
ရောက်သွားပါတယ်၊ မောင်ရင်ငတေရဲ့ အုပ်ထိမ်းသူ အဒေါ်နဲ့ ဦးလေးတောင်မှ ခင်ဝမ်းတို့ ကျော်ဟိန်းတို့နဲ့
တော်တော်ကို ရင်းနှီး သွားခဲ့ရတာပေါ့၊ ခင်ဝမ်းရဲ့ သီချင်းသံတွေ သီချင်း စာသားတွေ ဆိုတာက တကယ့်
တကယ် ဒီကနေ့အချိန်မှာ သေချာပြန်စဉ်းစားကြည့်တော့မှ မူးယစ် ဆေးဝါးထက် ပိုပြီးစွဲလန်းစေတတ်
တာကိုး၊ မူးယစ်ဆေးဝါးထက် ပိုပြီးစွဲလန်းသွားစေခဲ့တဲ့ ခင်ဝမ်းရဲ့ သီချင်းသံများက တော်ရုံနဲ့ ဖြတ်မရခဲ့တာ
ဒီကနေ့ထိတိုင်နဲ့ သေရာထိအောင် ပါသွားနိုင်ပါတယ်၊ အဲလိုပြောရရင် အလွန် မရှိနိုင်ပါဘူး၊ ဒီကနေ့ထိတိုင်
အောင် ခင်ဝမ်းရဲ့ အသံကြားလိုက်ရရင် နားထောင်မိလိုက်ရင် ဆက်တိုက်နားထောင်ချင်စိတ်က ရွာရန်
ရာနှုန်း ၁၀၀ ပြောရင်ရပါသေးတယ်။

ရွှေမန်းဆောင်ရှေ့ကအုတ်ခုံလေး (ရှားရှားပါးပါး အွန်လိုင်းပေါ်မှာ ရှာတွေ့ရတဲ့ ဓါတ်ပုံကို ဒီနေရာက ယူပါတယ်၊
http://linnmyatyaungsin.blogspot.fr/2012/04/blog-post_8057.html)

“မန္တလေး” လို့ အမည်ရတဲ့ သီချင်းတပုဒ်က ၁၉၈၂-၈၃ ခုနှစ် ရတနာဘုမ္မိနယ်မြေမှာ ကျောင်းတက်
နေခိုက်ကာလမှာ အကြိုက်ဆုံးသော သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်၊ အဲဒီတုန်းက မောင်ရင်ငတေ
တို့ရဲ့ဘဝက ကောလိပ်ကျောင်းသားလား တက္ကသိုလ်ကျောင်းသားလား ဘယ်လိုအမည်မျိုး တပ်လို့
တပ်ရမှန်း မသိနိုင်တဲ့ စကောစက မန္တလေးတက္ကသိုလ် ရတနာဘုမ္မိနယ်မြေက ကျောင်းသားဘဝ၊
မောင်ရင်ငတေကလည်း မဆီမဆိုင်ဆိုသလို ရွှေမန်းဆောင်ရှေ့ကို အမြဲလိုလို ရောက်နေတတ်တဲ့
အချိန်မဟုတ်လား၊ နေ့လည် အတန်းအားချိန်ဆိုရင် အချိန်ရရင် ရသလို စက်ဘီးလေးစီးပြီး
(အဲဒီတုန်းက စက်ဘီးစီးတယ်ဆိုတာ မန္တလေးရဲ့ သင်္ကေတပါ၊ ဆိုင်ကယ်ဆိုတာ ဝယ်စီးနိုင်သူ သိပ်
မရှိသေးပါဘူး၊ စက်ဘီးတစီးရှိရင် ရွာရိုးကိုးပေါက်သွား ပြီးပြည့်စုံတဲ့ လူငယ်ဘဝပါ၊) ရွှေမန်းဆောင်ရှိရာ
မိန်းထဲကို လစ်တတ်သလို ညနေစောင်း အိမ်ကနေ တခေါက် ပြန်ထွက်ပြီး ရွှေမန်းဆောင်နားမှာ တဝဲ
လည်လည် နေခဲ့တာပေါ့ ကိုခင်ဝမ်းရေ၊ ကိုခင်ဝမ်းကတော့ ဘယ်တုန်းကဘာကြောင့် ရွှေမန်းဆောင်သို့
ရောက်ခဲ့ပြီး ဖွဲ့နွဲ့ စပ်ဆိုခဲ့တာလည်းတော့ မသိပါဘူး၊ မောင်ရင်ငတေကတော့ အဲဒီ သီချင်းသံ တမာရွက်
ကလေးတွေ ပြန့်ကြဲနေတဲ့ ရွှေမန်းဆောင် အဝင်ပေါက်ကို သီချင်းသံ ကြားမိရတိုင်း လွမ်းနေရဆဲပါ
ကိုခင်ဝမ်းရေ။

ခင်ဝမ်းနှင့်ထိတွေ့ခြင်း (၅) ၃၀၀၆၂၀၁၄
ကျောင်းအဝင် ဆိုင်းဘုတ်တွေမှာ ဒေသကောလိပ်ကို ကောလိပ်ပြောင်း ရေးပြီးချိန် ကောလိပ် ပထမနှစ်
ဒုတိယနှစ်တွေမှာ ရာပြည့်ရဲ့ သတိမမူဂူမမြင်တို့ ခိုင်ထူးရဲ့သီချင်းတပုဒ်ပန်းတဆုပ်တို့ ဖိုးချိုရဲ့ ပိုင်စိုးမှု
ဧကရီတို့ ကိုယ်ပိုင်သံစဉ်များ လူငယ်များကြား ပိုပြီးတော့ ခေတ်စားလာပေမယ့် မောင်ရင်ငတေတို့ရဲ့
ဆရာကြီး ကိုခင်ဝမ်းကတော့ လူကြိုက်များမှု သိပ်မရှိလှသေးပါဘူး၊ ခင်မောင်တိုးကိုတော့ တော်တော်ကြိုက်
လာ နေကြပါပြီ၊ တကယ်တော့ မဟာဆန်သူ ခေတ်မှသာ ခင်မောင်တိုးက လူငယ်တွေကြားမှာ ဆရာကြီး
တဆူဖြစ် ဈေးကွက်မှာ ပေါက်သွားခဲ့တာပါ။
အဲဒီလို အဲဒီကာလက အအောင်မြင်ဆုံး အဆိုတော်တယောက် မဖြစ်ခဲ့တဲ့ ခင်ဝမ်းရဲ့ သီချင်းများက
ဒီကနေ့ ဒီဘက်ခေတ်မှာ ဘာကြောင့်များ ဒီလောက် တင်ကျန်နေခဲ့ရပါလိမ့်၊ သူ့ထက် နာမည် ပိုကြီး
ပိုထင်ရှားခဲ့တဲ့ အဲဒီခေတ်ကာလ စတိတ်ရှိုးတွေမှာ နာမည်အကြီးဆုံး ပွဲသိမ်းအဆိုတော် ဖြစ်ခဲ့တဲ့
ခိုင်ထူးတောင်မှ ဒီနေ့ကာလမှာ ခင်ဝမ်းလောက် လူပြောမများတော့ပါဘူး၊ ခိုင်ထူးရဲ့ သီချင်းများဟာ
မောင်ရင်ငတေ သိပ်ကြိုက်ခဲ့တဲ့ သီချင်းများထဲမှာ ပါပါတယ်၊ ခင်ဝမ်းထက် မပိုရင်တောင်မှ ခင်ဝမ်း
သီချင်းများလိုဘဲ ကြိုက်ခဲ့ပါတယ်၊ ခင်ဝမ်းလောက်တော့ ပြောစမှတ်တွင်အောင် ဒီနေ့ကာလများထိ
မောင်ရင်ငတေ့ ရင်ဘတ်ထဲ ဖီလင်ထဲ အလွမ်းထဲ ပါမလာခဲ့ဘူးလို့ ပြောရင်တော့ ရနိုင်ပါတယ်။

၁၉၈၃-၈၄ ခုနှစ်လောက်ရောက်တော့ စတီရီယို ကိုယ်ပိုင်သံစဉ် သီချင်းများ ခေတ်စားလာပြီလို့ ပြောရင်
ရပါပြီ၊ ကိုမောင်မောင်တို့ ကိုရဲလွင်တို့ ကိုနေဝင်းတို့ သီချင်းတွေနဲ့အတူ ခင်မောင်တိုးလည်း မဟာဆန်သူ
ဆိုပြီး ပိုနာမည်ကြီးလာပါပြီ၊ မွန်းအောင်ကတော့ သူ့ရဲ့ မာစတာပိစ် ၈/၈၂ အင်းလျားနဲ့ ပေါက်မြောက်
သွားခဲ့တဲ့အချိန် အဲဒီကာလပိုင်းတွေမှာ ကိုခင်ဝမ်းရဲ့ ညတို့ လိပ်ပြာလွင်ပြင်တို့ အခွေတွေလည်း
ထွက်ခဲ့ပါတယ်၊ ကိုင်ဇာတို့ စိုးလွင်လွင်တို့ ကြိုက်နှစ်သက်ကြသူတွေ လူငယ်တွေ ကြားထဲမှာ ခင်ဝမ်း
နာမည်လည်း ပိုလို့ ပိုလို့ အသိများလာပါပြီ။

အဲဒီ လိပ်ပြာလွင်ပြင်ထဲက “ကျော်ကြီး” အမည်ပေးထားတဲ့ သီချင်းဆိုရင် ရိုးရှင်းလှပြီး သူငယ်ချင်း
တယောက် အကြောင်းကို စပ်ဆိုခဲ့တာပါ၊ ကောင်းကင်နဲ့မြေကြီး သီချင်းကတော့ ခေါင်းစဉ်သာ မေ့ချင်ရင်
မေ့သွားနိုင်ပေမယ့် သီချင်းသံ ထွက်လာရင်တော့ လိုက်မဆိုလို့ မရတဲ့ သီချင်းတပုဒ်ပါ၊ အဲဒီ သီချင်းထဲက
ခွင့်မလွှတ်ပါနဲ့ ကောင်းကင်ရယ် မိုးတွေချုန်းလိမ့်မယ်ဆိုတဲ့ စာသားကတော့ မောင်ရင်ငတေ အခုထိ
တိုင်အောင် လိုက်ညည်းနေကြ စာသားတပိုဒ်ပေါ့။

ခက်တာက ခင်ဝမ်းသီချင်းတွေထဲမှာကော အခြားခေတ်ပြိုင် ကိုယ်ပိုင်သံစဉ် သီချင်းတွေထဲမှာကော
ဒီအချိန်မှာ ဘာအကြိုက်ဆုံးလဲ မေးလာခဲ့ရင်တော့ ဖြေဖို့ကတော့ မလွယ်ပါဘူး၊ ဒါပေမယ့် ခင်ဝမ်း
သီချင်းတွေရဲ့ စာသားတွေက အများအားဖြင့်တော့ အချစ်ခံစားမှုတွေလို့ ပြောချင်ရင် ပြောလို့ရနိုင်
ပေမယ့် သဘာဝကျတဲ့ ရိုးရိုးရှင်းရှင်း စာသားများကိုသာ သုံးနှုံးဖွဲ့ဆိုထားတာတွေပါ။

ခင်ဝမ်းသီချင်းများနဲ့ ခင်ဝမ်းအကြောင်းကတော့ နိဂုံးချုပ်ဖို့ မလွယ်ကူလှဘူးလို့ ထင်ပါတယ်၊ ငါးဆယ်ကျော်
ငါးဆယ်သား မောင်ရင်ငတေတို့ အရွယ်မှာ ငယ်စဉ်အကြောင်းတွေ ပြန်တွေး ပြန်ရေးရတာ အကောင်း
ဆုံး ကာလများလားတော့ မသိပါဘူး၊ မောင်ရင်ငတေတို့လို အဝေးလွင့် နေသူများအဖို့ ပိုဆိုးလိမ့်မယ်
ထင်ပါတယ်၊ အတိတ်အကြောင်းတွေဟာ နေ့စဉ်ဘဝမှာ အမြဲလို ကပ်ငြိတွယ်နေဆဲပါ၊ အချိန်ရလို့
သီချင်းဟောင်းများကို ပြန်နားထောင်မယ်လို့ ရည်ရွယ်လိုက်တိုင်း ရွေးချယ်လိုက်တိုင်းမှာ ဒီ ကိုခင်ဝမ်းရဲ့
သီချင်းတွေကိုသာ ထပ်ခါတလဲလဲ ရွေးနေမိတာကိုတော့ သက်ဆိုင်သူတွေ ခံစားတတ်သူတွေ နားလည်
သဘောတူကြလိမ့်မယ်လို့ ထင်ပါတယ်။

ခင်ဝမ်းရဲ့ သီချင်းများကိုနားထောင်မိရင် ခင်ဝမ်းတို့မြို့သား မောင်ရင်ငတေနဲ့ တေဖေါ်တေဘက်
သူငယ်ချင်းကြီး တယောက်ကို အမြဲ သတိယမိပါတယ်၊ သူ ပြောပြခဲ့လို့ ခင်ဝမ်းအကြောင်း သီချင်းတွေ
အကြောင်း တော်တော်များများ မောင်ရင်ငတေ သိခဲ့ရတာပါ၊ အဲဒီ မောင်ရင်ငတေရဲ့ ချစ်ဘော်ဒါကြီး
ရွှေဘိုဆောင် အပေါ်ဆုံးထပ်က အသည်းကွဲသမားအတွက် အမှတ်တရလွမ်းချင်း ကဗျာတပုဒ်ကို ပူးတွဲ
ဖော်ပြလိုက်ပါတယ်။

တခါက ကျင်လည်ကျက်စားဖူးခဲ့ရာ ရွှေဘိုဆောင် (Photo TKK RASU)
ရွှေဘိုဆောင်က
ရွှေအိုရောင်နေ့ရက်များ
ဇော်ကြီးရေ
ဒီည မင်းကိုလွမ်းတယ်
ပေဖူးလွှာ
အွန်လိုင်းပေါ်မှာ
ကဗျာတပုဒ်က
ပြောထားတာလေ
သူငယ်ချင်း
မိုးထဲလေထဲ ကျမကွဲစေနဲ့တဲ့၊
မင်းက
ကျကွဲခဲ့တာလား
ကျ
အကွဲ ခံခဲ့တာလား
ဘာဘဲဖြစ်ဖြစ်ကွာ
ဒီည ငါ မင်းကိုလွမ်းတယ်၊
နှစ်ဆယ်ကျော်ခါစက
ကျောင်းကပုံတွေ
လွန်ခဲ့တဲ့
အနှစ်သုံးဆယ်နီးပါးက ကျောင်းကပုံတွေ
ဒီကနေ့
ငါတွေ့ရင် ပထမဆုံး မင်းကိုလွမ်းတယ်၊
ရွှေဘိုဆောင်
အပေါ်ဆုံးထပ်ကနေ
မေခကို
မင်းရောက်လာတော့
မင်းနဲ့ငါ
ပုလင်းတူဗူးဆို့ ဖြစ်တယ်၊
တကယ်တော့
မင်းကပုလင်းပါ ရေအပြည့်ပါတဲ့ ပုလင်းပါ
ငါက
မင်းရဲ့ရေအပြည်နဲ့ပုလင်း ပုလင်းအပြည့်နဲ့ ရေပါခဲ့တာ
ဗူးဆို့ဖွင့်
ကပ်သောက်ခဲ့သူပါ၊
ငါ
သိခဲ့ပါတယ်
အဲဒီရေထဲ
အဆိပ်ခပ်ခံရတာ
ခေတ်ကြောင့်လား
စနစ်ကြောင့်လား
ကံကြမ္မာကြောင့်လား
မင်းကဘဲ မိုက်လုံးကြီးတာလား
ဒီ
လား တွေ အများကြီးထဲမှာ
ငါ့
အမှားရောပါခဲ့လား ငါ လိပ်ပြာ မသန့်ဘူးကွာ၊
မင်းဟာ
မင်းပြောခဲ့ဖူးသလို
ဘဝကို
တိုက်သွားခဲ့တာဘဲ
လိုတာရတဲ့
ဘဝမှာ ရနေတာတွေ မလိုခဲ့ရင်
အပိုဘဲဆိုတာ
မင်းအကြောင်း ငါကောင်းကောင်းသိခဲ့ပါတယ်၊
သူငယ်ချင်း
ဇော်ကြီး
မင်းအသည်းက
မင်းခိုင်းသလောက်
ဘယ်လိုလုပ်
ဆက်လျှောက်နိုင်တော့မလဲ၊
ဒါပေမယ့်
ဇော်ကြီးရေ မင်းရဲ့
ရွှေဘိုဆောင်က
ရွှေအိုရောင်နေ့ရက်များ
အပေါ်ဆုံးထပ်က
အသည်းကွဲသမားကို
ငါ
သတိရနေဆဲပါကွာ၊ ၊။။။။။။ ။ ။ ။ ။။ ။။
ဖိုးဇီးရိုး
၀၁၁၀၂၀၁၂
၁၉၇၉ ခုနှစ်က သီဆိုဖြန့်ချီခဲ့တဲ့ ပြည်မှာဆောင်း အခွေထဲက ရွှေဘိုဆောင် အပေါ်ဆုံးထပ်က အသည်းကွဲ
သမားရဲ့ ကောလိပ်နေ့ရက်များကိုတော့ မောင်ရင်ငတေတို့ရဲ့ ရွှေရောင်တောက်ပခဲ့တဲ့ ကျောင်းသားဘဝ
အမှတ်တရတွေထဲက ရာဇဝင်ထဲမှာ ဆွေးမြေ့သွားတဲ့ အမှတ်တရတခုအဖြစ် မရောက်စေလိုတာကတော့
မောင်ရင်ငတေရဲ့ ဆန္ဒအမှန်ပါ၊ ရွှေဘိုဆောင် အပါအဝင် “ရာဇူး” ဆိုတာကြီးကို နိုင်ငံတကာအဆင့် မြှင့်တင်
တာထက် မောင်ရင်ငတေတို့လို အောက်ဆုံးအလွှာက လူတန်းစားမရွေး ဖြတ်သန်းလျှောက်လှမ်းနိုင်တဲ့
နေရာတခု ဖြစ်စေချင်တာကတော့ မောင်ရင်ငတေ့ ဆန္ဒ ဖြစ်သလို ကိုခင်ဝမ်းသာ ရှိနေအုံးမယ် ဆိုလို့
ရှိရင် အဲဒီအတွက် နောက်ထပ် သီချင်းတပုဒ် ထပ်ဖြစ်လာလိမ့်မယ် ဆိုဖြစ်လိမ့်မယ်လို့ ယူဆမိကြောင်းပါ။

ခင်ဝမ်းရေးခဲ့တဲ့ စိတ္တဇပန်းချီစာအုပ် အကြောင်းတို့ ဆွဲခဲ့တဲ့ပန်းချီကားချပ်များ
အကြောင်းတို့က မောင်ရင်ငတေလည်း လိုက်လို့ သိပ် မမီတာကြောင့် ဒီနေရာမှာ ထည့်မရေးချင်ပါဘူး၊

ခင်ဝမ်းသီချင်းများ အကြောင်းကတော့ နောက်များမှာ နားထောင်ရင်း ရေးဖြစ်အုံးမလားတော့
မပြောနိုင် ပါဘူး၊ ရေးဖြစ်ခဲ့ရင်တော့ ဖော်ပြပေးမယ့်သူ ရှိရင်တော့ ခင်ဝမ်းနှင့် ထိတွေ့ခြင်း အပိုင်း (၆) တို့
အပိုင်း (၇) တို့ ရှိတန်ကောင်း ရှိလာနိုင်ပါသေးတယ်။
ဖတ်ရှုသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊
(ခင်ဝမ်းပုံများကို အင်တာနက်မှ ရှာဖွေရယူ၍ မရငတ ဖြတ်ညှပ်ကပ်ထားခြင်း ဖြစ်ပါတယ်)
မောင်ရင်ငတေ ၀၁၀၈၂၀၁၄
August 3, 2014
Aucun commentaire:
Publier un commentaire