Libellés

samedi 1 août 2015

** အိုရီဆွန်းရေလက်ကြားကူးတံတား ** *

ခရီးသွားခြင်း အနုပညာ (ပါရီ-ရှန်ဂန် အစုန်အဆန်) 
အိုရီဆွန်း ရေလက်ကြားကူးတံတား သို့မဟုတ် ဒိန်းမတ်မှ ဆွီဒင်မြေသို့  (Øresundsbron) 

ခရီးသွားခြင်း အနုပညာဆိုပြီး မောင်ရင်ငတေ ရောက်ရာပေါက်ရာ သွားခဲ့တာလေးတွေကို မှတ်တမ်းအဖြစ် ရေးသားခဲ့ပါတယ်၊ ရေးထားတာတွေ များများလာတော့ အပိုင်း အပိုင်းတွေ ခွဲဖြစ်ခဲ့ရာက အခုတော့ ခွဲထားတဲ့ အပိုင်းတွေလည်း တော်တော်များများ လာခဲ့ပါပြီ၊ အဲဒီအကြောင်းတွေ အားလုံးက * **** မြို့ရွာတောတောင်ရေမြေ * ** **** ** နဲ့ ပတ်သက်တာတွေ ဖြစ်ပြီး အားလုံးဟာ ခရီးသွားခြင်း အနုပညာတွေသာပါ၊ (ဖိုတိုစတိုရီ ဘိုင် ဗွိုင်ယဂျာ မရငတ)



Øresundsforbindelsen (Øresundsbron) (Le pont de l'Øresund) (Øresund Bridge)


ဆွီဒင်နိုင်ငံရဲ့ တောင်ဘက်စွန်းမှာတည်ရှိပြီး တတိယမြို့တော်ဖြစ်တဲ့ Malmö မြို့နဲ့ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် København ကိုပင်ဟေဂင်မြို့ကြားမှာ Øresund ရေလက်ကြားလို့ ခေါ်ဆိုတဲ့ ရေပြင်ကြီး ရှိပါတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာတုန်းကတော့ အဲဒီအိုရီဆွန်ရေလက်ကြားကို ကူးတို့လှေတွေ မော်တော်တွေ သင်္ဘောတွေနဲ့သာ ကူးချည်သန်းချည် လုပ်ခဲ့ကြရပေမယ့်လည်း ၂၀၀၀ ပြည့်နှစ်မှာ တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့တဲ့ Øresundsbron လို့ ခေါ်ကြတဲ့ ဒီတံတားကြီးကြောင့် ဆွီဒင်မြေကို အနောက်ဥရောပ ကုန်းမကြီးကနေ ကုန်းလမ်းခရီး တိုက်ရိုက်ပေါက်ခဲ့တယ်ဆိုရင် မမှားပါဘူး၊

ဒီတံတားကြီးပေါ်မှာ တနေ့ကို ကားအစီးရေ သုံးသောင်းခွဲကျော် ရထားစီးရေ ၁၅၀ ကျော်ဖြတ်သန်း သွားလာကြပြီး ခရီးသွားသူပေါင်းကတော့ တနှစ်ကို သန်း ၃၀ ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်၊ နေ့စဉ်နဲ့အမျှ ဟိုဘက်ကမ်းက ဒီဘက်ကမ်းကိုကူးပြီး (နှစ်နိုင်ငံကို) ကျောင်းသွား အလုပ်သွားကြသူ ခုနှစ်သောင်းကျော် ရှိပါတယ်တဲ့၊ အဲဒီဒေသမှာ နေတဲ့ လူဦးရေအရ ကြည့်မယ်ဆိုရင် တော်တော်ကို များတဲ့ ရာခိုင်နှုန်းပါ၊ ဒီတံတားကြီးရဲ့ ဘယ်ဘက်ကမ်းခြေမှာက လူဦးရေ နှစ်သန်းနီးပါရှိတဲ့ ဒိန်းမတ် နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင် မေထရိုပိုလီတန်နယ်မြေရှိပြီး ညာဘက်ကမ်းမှာတော့ ဆွီဒင်နိုင်ငံရဲ့ တတိယမြို့တော် မယ်မိုမြို့ရှိပြီး ငါးသိန်းကျော်သာ နေထိုင်ပါတယ်၊ ဒိန်းမတ် လူဦးရေက ငါးသန်းခွဲ သာရှိပြီး ဆွီဒင်မှာ ဆယ်သန်းနီးပါး ရှိပါတယ်၊ ဆွီဒင်ဟာ ဒိန်းမတ်ထက် ဆယ်ဆမက ကျယ်ပြောပြီး လူဦးရေ ထူထပ်သိပ်သည်းမှုကလည်း နည်းပါးလွန်းတော့ ဒီအိုရီဆွန်းတံတားကြီး တည်ဆောက်ပြီး နောက်ပိုင်းမှာ မြေဈေးသက်သာတဲ့ ဆွီဒင်ပြည် မယ်မိုနယ်မြေဘက်ကို ပြောင်းရွှေ့အခြေချ နေထိုင် သူတွေ ပိုများပြားလို့ လာပါတယ်တဲ့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ခံစားခွင့်တွေ ပိုလာအောင် ဆွီဒင်ဘက်က လုပ်ဆောင်နေပါတယ်၊ အခုထိတော့ တံတားကြီးကို နေ့စဉ် ဖြတ်သန်းသူတွေရဲ့ ၈၀ ရာနှုန်းကျော်က ဈေးသက်သာတဲ့ ဆွီဒင် နယ်မြေမှာ ခြံကျယ် ဝန်းကျယ်တွေနဲ့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေထိုင်လိုကြသူများ ဖြစ်ကြပါတယ်၊
 


Malmö-Köpenhavn via Öresundsbron (Le pont-tunnel de l'oresund)


သူတို့တွေဟာ အိုရီဆွန်တံတားကြီးကို နိစ္စဓူဝ သွားလိုက်ပြန်လိုက်ဖြတ်သန်းပြီး ဒိန်းမတ်ရဲ့မြို့တော် ကိုပင်ဟေဂင်ဆီသို့ အလုပ်တက် ကျောင်းတက် လုပ်နေကြရသူတွေပါ၊ နိုင်ငံခြားသား ခရီးသွားများ ကတော့ ၂၀ ရာနှုန်းသာရှိလို့ နည်းပါးလွန်းနေပါသေးတယ်၊ ဒေသဆိုင်ရာ တာဝန်ရှိသူများကတော့ ခရီးသွားတွေ ဒီထက်မြန်မြန် တိုးတက်များပြားလာအောင် ကြံဆောင်နေကြပါတယ်၊

မောင်ရင်ငတေကတော့ ပြီးခဲ့တဲ့ လေးငါးနှစ်လောက်က ကိုပင်ဟေဂင်ကို ရောက်ခိုက်မှာ ဆွီဒင်မြေ နင်းရရင်ပြီးရောဆိုပြီး မရောက်ရောက်အောင် နေ့ချင်းပြန်ခရီး သွားဖြစ်ခဲ့လို့ တံတားကြီးကို ဖြတ်ပြီး မယ်မိုမြေကို နင်းဖူးခဲ့ပါတယ်၊ ရထားနာရီဝက်ခန့် စီးရပြီး အသွားအပြန် ခရီးမှ ၁၅ ယူရိုလောက်သာ ပေးရပြီးတော့ မရောက်ဖူးတဲ့ နယ်မြေအသစ် နိုင်ငံအသစ် တခုကို ရောက်ဖူးရတယ်ဆိုတာကိုတော့ တန်တယ်လို့သာ မောင်ရင်ငတေကတော့ သတ်မှတ်လိုပါတယ်၊ နိုင်ငံတခုကို ခရီးသီးသန့်သွားမယ် ဆိုခဲ့ရင် ဗီဇာဖိုးကတင် သုံးလေးငါးဆယ် မဟုတ်ပါလား၊ ဒါတွေဟာ ရှန်ဂန်ရဲ့ အကျိုးကျေးဇူးပါ၊



ဥရောပဂျာမန်မြေမှ ဒိန်းမတ် ဆွီဒင် စကင်ဒီနေဗီးယားမြေဆီသို့


တကယ်တော့ ဒိန်းမတ်ပြည် တည်ရာက ဥရောပ ကုန်းမြေကြီး ဂျာမဏီနိုင်ငံကနေ မြောက်ဘက်သို့ တဆက်တည်း ထိုးထွက်နေတဲ့ ကျွန်းဆွယ်ကြီး ဖြစ်ပြီး အရှေ့ဘက်ခြမ်းက ဆွီဒင်မြေဘက်မှာတော့ အဓိက ကျွန်းမကြီး နှစ်ကျွန်းရှိပြီး အခြားသော ကျွန်းကြီးကျွန်းငယ် ကျွန်းသိမ်ကျွန်းမွှားကလေးတွေ အများအပြား ပေါင်းဖွဲ့ထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်၊ စုစုပေါင်းကျွန်း ၄၅၀ လောက်ရှိပြီး လူမနေ ကြတဲ့ ကျွန်းပေါင်းများစွာ ရှိနေဆဲပါ၊ တယောက်တည်းနေတဲ့ ကျွန်းကလေး တကျွန်းတောင်မှ ရှိနေ ပါတယ်လို့ ပြောကြပါတယ်၊

ကျွန်းစုနိုင်ငံဖြစ်တာနဲ့အညီ သိပ်မဝေးကွာလှတဲ့ တကျွန်းနဲ့တကျွန်း ကူးသန်းသွားလာရေးကို ယခင် ရှေးကာလကတော့ လှေတွေမော်တော်တွေနဲ့ ကူးတို့လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ရှိခဲ့ပေမယ့်
အခု ခေတ်အခါမှာတော့ အဓိကကျတဲ့ လမ်းကြောင်းတွေမှာ တံတားကြီးတွေ တည်ဆောက် အစား
ထိုးလာခဲ့ကြပါတယ်၊ ဒီတံတားကြီး ဖြစ်ပေါ်လာအောင် စိတ်ကူးအိပ်မက်ခဲ့ကြတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်ခန့်ကပါတဲ့၊

အဓိက ကျွန်းနယ်မြေသုံးခုအတွက် အဓိက တံတားကြီးသုံးစင်းကို တည်ဆောက်ခဲ့တာကတော့ ၂၀ ရာစု အကုန်ပိုင်း မှာမှပါ၊ အဲဒီ တံတားကြီး သုံးစင်း တည်ဆောက်ပြီးခဲ့လို့လည်း ဒိန်းမတ်ပြည်တွင်း အရှေ့ အနောက် ဆက်သွယ်ရေးရော အပါအဝင် ပြင်သစ် ဂျာမဏီတို့နဲ့ ဆွီဒင် နော်ဝေးတို့အတွက် ဆက်သွယ်သွားလာရေးမျာ ပိုမိုမြန်ဆန်လာအောင် အရေးပါလှတာပါ၊
 


Peberholm (The Artificial Island)


အိုရီဆွန်း ရေလက်ကြားကူး တံတားလို့သာ အလွယ်ပြောကြပေမယ့် အမှန်ကတော့ တံတားကြီးက ဆွီဒင်ဘက်အခြမ်းမှာသာရှိပြီး ဒိန်းမတ်ရေပြင်အရောက်မှာတော့ ကားလမ်းတွေ ရထားလမ်းတွေက ရေအောက်ကို ငုတ်လျှိုးလို့သွားပြီး တံတားကြီးကနေ ဥမင်လှိုဏ်ခေါင်းအဖြစ်သို့ ပြောင်းသွားတာပါ၊ မြေအောက်ဥမင် အရှည်က ၄၀၅၀ မီတာ ရှိပါတယ်၊

ဆွီဒင်မြေ မယ်မိုကမ်းခြေဘက်ကနေ နှစ်နိုင်ငံ ရေပိုင်နက်ကျော်သည်အထိ တံတားထိုး ဆက်သွယ် ထားပြီး တံတားရဲ့ အဆုံးမှာတော့ ကျွန်းအတုတခု တည်ဆောက်ကာ အဲဒီ ကျွန်းတုကနေ ဒိန်းမတ် ကမ်းခြေကို ပင်လယ်ရေအောက်မှာ ဥမင်လှိုဏ် တည်ဆောက်ပြီး ဆက်သွယ်ထားတာမို့ အိုရီဆွန်း ရေလက်ကြားကူး ဥမင်တံတားလို့သာခေါ်ကြမယ်ဆိုရင်တော့ ပိုပြီးမှန်ပါလိမ့်မယ်၊ အဲဒီ Peberholm ကျွန်းအတုလေးရဲ့ နဘေးကပ်လျက်နားက Saltholm ကျွန်းအစစ်ပေါ်မှာတော့ လူ ငါးယောက်သာ နေထိုင်ပါတယ်တဲ့၊

မောင်ရင်ငတေအနေနဲ့ အဲဒီ ဥမင်တံတားကြီးကို ဖြတ်သန်းသွားခဲ့တုန်းက ရထားစီးပြီး သွားခဲ့တာပါ၊ ရထားလမ်းက တံတားရဲ့အောက်ထပ်မှာ ရှိတာကြောင့် ပင်လယ်ရေလက်ကြားရဲ့ သဘာဝအလှကို
ဘယ်လိုမှ ခံစားလို့ မရခဲ့ပါဘူး၊ အကယ်၍ ကားနဲ့သာသွားမယ် ဆိုခဲ့ရင်တော့ ဘေးဘီဝဲယာကို ပိုပြီး မြင်တွေ့ရမှာ ဖြစ်ကြောင်းပါ၊ အဲဒါကြောင့် မောင်ရင်ငတေ ကိုယ်တိုင် အပေါ်စီးကနေ မြင်တွေ့ရမယ့် ရေလက်ကြားဖြတ် ဥမင်တံတားကြီးရယ် ကျွန်းအတု အစစ်တွေရယ်ကို သေသေချာချာ ဓါတ်ပုံရိုက် မှတ်တမ်းတင်နိုင်ခွင့် မရခဲ့ပါဘူး၊ မောင်ရင်ငတေ့ ဘဝကလည်း စိတ်ရှိသလောက် လူက ဘာအစွမ်း မှမရှိ၊ ကောင်းကင်ပုံရိုက် မှတ်တမ်းတင်ဖို့ ဟယ်လီကော်ပတာဆိုတာ မပြောပါနဲ့၊ ဆိုက်ကားတစင်း တောင်မှ ကိုယ်ပိုင်မရှိတာကြောင့် လိုချင်သမျှပုံတွေကို အင်တာနက် ဂူဂဲလ်ကနေသာ ရသလောက် ရှာဖွေ ဖြတ်ညှပ်ကပ် လိုက်ရကြောင်းပါ၊ မူရင်း ရိုက်ကူးကြသူများကို ကျေးဇူးတင်ကြောင်း ဒီနေရာမှ
ဝတ္တရားကျေ ပြောကြားလိုက်ပါတယ်၊
 


ဥရောပဂျာမန်မြေမှ ဒိန်းမတ် ဆွီဒင် စကင်ဒီနေဗီးယားမြေဆီသို့
အဲဒီ ပေပေါင်း နှစ်သောင်းငါးထောင်ကျော် (၇၈၄၅ မီတာ) ရှည်လျှားတဲ့ အိုရီဆွန်းရေလက်ကြားကူး တံတားကို တည်ဆောက်ခဲ့တဲ့နောက်ပိုင်းမှာ ပါရီ (ပြင်သစ်) ဘရူဇယ် (ဘယ်လ်ဂျီယံ) အမ်စတာဒမ်
(နယ်သာလန်) ဟမ်းဘတ် (ဂျာမဏီ) ကိုပင်ဟေဂင် (ဒိန်းမတ်) ကနေ အဲဒီတံတားကြီးကို ဖြတ်ပြီး Malmö နဲ့ Gøteborg (ဆွီဒင်) မှတဆင့် နော်ဝေးနိုင်ငံ အော်စလိုမြို့အထိ ဥရောပခုနှစ်နိုင်ငံ ခရီးကို တိုက်ရိုက် ကားလမ်း ရထားလမ်း ပေါက်ခဲ့တာ ဖြစ်ပါတယ်၊ ဒိန်းမတ်ပြည်ကို ကုန်းမြေခြင်း ဆက်စပ် နေတဲ့ တခုတည်းသော နိုင်ငံဖြစ်တဲ့ ဂျာမဏီကနေ သွားမှသာ ရောက်နိုင်မှာပါ၊ အခုချိန်ထိကတော့ ဥရောပ အနောက်ခြမ်းအရှေ့ခြမ်းကနေ ဒိန်းမတ် ဆွီဒင်စတဲ့ စကင်ဒီနေဗီးယားမြေဆီသို့ သွားဖို့ရာ တခုတည်းသော တောက်လျှောက်လမ်းမကြီးရဲ့ အရေးပါတဲ့တံတားအဖြစ်ကော ဗိသုကာပညာအရ လှပသလို ခန့်ညားပါတဲ့ တံတားတခုအဖြစ် တည်ရှိနေဆဲပါ၊ အိုရီဆွန်ရေလက်ကြားနဲ့ ဘောလ်တစ် ပင်လယ်ရဲ့သာယာလှပတဲ့ စိတ်အေးချမ်းသာစရာ ရှုမျှော်ခင်းတွေကိုလည်း တွေ့မြင်ခွင့်ရမှာကြောင့် နောက်တခေါက်လောက် ထပ်သွားဖို့ မောင်ရင်ငတေ စိတ်ကူးနေမိကြောင်းပါ ခင်ဗျား၊

မောင်ရင်ငတေ ၃၀၁၀၂၀၁၄



 




https://www.facebook.com/1465564890338682/photos/a.1583124981916005.1073741839.1465564890338682/1584124031816100/?type=3&theater

Aucun commentaire:

Enregistrer un commentaire