Libellés

Archives du blog

vendredi 17 juillet 2015

** အလက်ဇန္ဒားတံတား ** *



ပါရီပုံရိပ်များ
အလက်ဇန္ဒားတံတား (Pont Alexandre III)

Pont Alexandre III 

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပါရီမြို့ကို အပေါ်စီးက ရိုက်ကူးခဲ့တဲ့ ပုံတပုံပါ၊
အီဖယ်မျှော်စင်ရဲ့ မီတာ သုံးရာ အမြင့်ကနေ ရိုက်ခဲ့တာပါ၊
ဆောင်းဦးလယ် ကာလမို့ အရွက်တွေကြွေ မှုန်မှိုင်းမှိုင်း ပါရီပါ၊

(စိမ်းမြစ်) စဲန်းမြစ်ရဲ့ နာမည်ကျော် မြစ်ကူးတံတားတစင်းဖြစ်တဲ့ Pont Alexandre III ကို တွေ့ရမှာ
ဖြစ်ပါတယ်၊ 

 ပြင်သစ် ရုရှားပြည် ချစ်ကြည်ရေး အနေနဲ့ ရုရှား ဧကရာဇ် Alexandre III de Russie  (Алекса́ндр Алекса́ндрович Рома́нов) (1845-1894) က လက်ဆောင် ပေးခဲ့တဲ့ တံတားလို့ ဆိုပါတယ်၊


၁၉၀၀ ပြည့်နှစ် ဧပရယ်လ ၁၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ Pont Alexandre III    (ဓါတ်ပုံ မရငတ)


လှပဆဲ ခန့်ငြားဆဲ ၁၁၅ နှစ်သား Pont Alexandre III                            (ဓါတ်ပုံ မရငတ)

လှပခံ့ညားတဲ့ ရုရှားလက်ရာ တံတားလို့ အသိများကြပေမယ့် ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတွေ
Joseph Cassien-Bernard, Jean Résal, Amédée Alby တို့ကတော့ ပြင်သစ်ပြည်သားတွေပါ၊ 

တည်နေရာကတော့ ပါရီရဲ့ အချက်အချာနေရာမှာ ရှိတာမို့ ဧည့်အရောက်အပေါက်များတဲ့ နေရာ တခု ဖြစ်ပါတယ်၊

စဲန်းမြစ် ညာဘက်ကမ်းမှာ Petit Palais နဲ့ Grand Palais ပြပွဲကြီးတွေနဲ့ အမြဲစည်ကား နေတတ်တဲ့
အဆောက်အဦး နှစ်ခုကို တွေ့ရမှာပါ၊ 

အဲဒီ Petit Palais, Grand Palais အဆောက်အဦးနှစ်ခု တို့နဲ့အတူ ၁၉၀၀ ပြည့်နှစ် L’Exposition Universelle de Paris ပြပွဲကြီးမှာ တပြိုင်တည်း ဖွင့်လှစ်ခဲ့ တာပါ၊

 မြစ်ရဲ့ ဘယ်ဘက်ကမ်းမှာတော့ L'esplanade des Invalides မြက်ခင်းပြင်ကျယ်ကြီးရယ် စစ်သမိုင်းပြတိုက် ပြုလုပ်ထားတဲ့ Hôtel des Invalides အဆောက်အဦးရယ်  . .... 

အဲဒီနောက်မှာ တွေ့မြင်ရမယ့် ရွှေရောင် အမိုးခုံးကြီးကတော့ နပိုလီယံဘိုနာပတ်ရဲ့ ခေါင်းတလားကြီး ထားရှိရာပါ၊ 
Louis XIV တည်ဆောက်သွားတဲ့ ဒီ အဆောက်အဦးကြီးနဲ့ ရွှေရောင် (ဂုံး) ကြီး အကြောင်းကိုတော့
 နောက်များမှ သီးသန့် ဆက်လက်ရေးသားပါအုံးမယ်၊


၁၁၅ နှစ်သား Pont Alexandre III နဘေးမှာ အပန်းဖြေသူများ                   (ဓါတ်ပုံ မရငတ)

ဒီနှစ်ပိုင်းတွေမှာတော့ Pont Alexandre III တံတားဘေး စဲန်းလက်ဝဲကမ်းပါးမှာတော့ ဆိုရှယ်လစ် ပါတီရဲ့ မဲဆွယ်စည်းရုံးမှုလေလား မသိပါဘူး၊

 မောင်ရင်ငတေတို့လို အားကစားသမားတွေအကြိုက် စည်ဘီယာအရောင်းဆိုင်တွေ စဲန်းကမ်းနဘေး
 အေးအေးလူလူ အနားယူစရာနေရာတွေ ပေါများလို့ လာသလို 

ပါရီမြို့ရဲ့ ဒုတိယ နာမည်ပျက်ဆုံး အများသုံး သန့်စင်ခန်းတွေ ပေါများလာတာကို တွေ့ရှိရပါတယ်၊

 ဈေးတော့ ပေါတယ်လို့ မထင်ပါနဲ့၊ ဒါပေမယ့် စည်ဘီယာတခွက် ငါးဆယ် စင်တီလီတာကို တန်းစီပြီးတော့ ကိုးယူရို ပေးသောက်ရမှာပါ ခင်ဗျာ၊

ပြီးခဲ့တဲ့ လဆန်းက ပါရီရဲ့ သုံးဆယ့်ခြောက်ဒီဂရီ အပူလှိုင်း အောက်မှာ ပါရီမြို့တော် တဝှန်းမှာရှိတဲ့ ပန်းခြံကြီးများကို ညလုံးပေါက် ဖွင့်လှစ်ပေးခဲ့သလို အလက်ဇန္ဒား တံတားကြီးရဲ့ အနားက စဲန်းမြစ် နဘေးနဲ့ Invalides မြက်ခင်းပြင်ကျယ်ကြီး တခုလုံးမှာ အပူရှောင် လူသားတွေနဲ့ ပြည့်လျှံလို့ သွားခဲ့ ပါတယ်၊

 မောင်ရင်ငတေလည်း ပါရီ လာလည်သူများနဲ့ အပူရှောင်ရင်း ဒီ တံတားကြီးအောက် ထိုင်ဖို့ ရောက်ခဲ့ရာမှာ ဒီတံတားလေးဘက်လေးတန် ကော်လံတိုင်များရဲ့ထိပ်က ရွှေရောင်ပြောင်ဝင်းနေတဲ့ အရုပ်ကြီးများကို ကြည့်ရင်း ပန်းချီဆရာ ကဗျာဆရာများက သူတို့ရဲ့ ခံစားချက် အမြင်များကို ပြော သွားခဲ့တဲ့ စကားများကို တွဲလို့ စဉ်းစားမိရတာတွေ အများကြီးပါ၊


လှပဆဲ ခန့်ငြားဆဲ ၁၁၅ နှစ်သား Pont Alexandre III                            (ဓါတ်ပုံ မရငတ)


လှပဆဲ ခန့်ငြားဆဲ ၁၁၅ နှစ်သား Pont Alexandre III                            (ဓါတ်ပုံ မရငတ)

အဲဒီတံတားကြီးပေါ်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား အများအပြား ရှိခဲ့တဲ့အထဲမှာ မောင်ရင်ငတေတို့ရဲ့
 ကျောင်းသားဘဝက ထင်ရှားခဲ့တဲ့ ရုပ်ရှင်ကား တကား ရှိခဲ့ပါတယ်၊ 

ပါရီကို လာရောက်လည်ပတ်သူ မောင်ရင်ငတေရဲ့မိတ်ဆွေများက ပြောပြသွားခဲ့ကြတာပါ၊

 မောင်ရင်ငတေကတော့ အဲဒီကားများကို ရန်ကုန်မှာ ကျောင်းတက်နေစဉ်က ကြည့်ခဲ့ဖူးပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဒီကနေ့မှာတော့ အမှတ်မရတော့ပါဘူး၊ 

အင်္ဂလိပ်လူမျိုး ဇီးရိုးဇီးရိုးဆဲဗန်းမင်းသား Roger Moore ရောဂျာမိုး (၁၉၂၇-****) (ဒီကနေ့မှာဆိုရင်တော့  အသက် ၈၇ နှစ်ရှိနေပါပြီ) ရဲ့ နာမည်ကျော် ဂျိန်းစဘွန်းဇာတ်ကား Dangereusement vôtre (A View to a Kill) ရဲ့ ဇာတ်ဝင်ခန်းတွေက ပါရီအီဖယ်မျှော်စင် နောက်  အလက်ဇန္ဒား တံတားကိုရောက်ပြီး တံတားပေါ် ကနေ စဲန်းမြစ်တွင်းသွားတဲ့ အပျော်စီး Bateaux Mouches ဘုတ်ပေါ်ခုန်ချခန်းတွေရယ် ပါဝင်ပါတယ် ဆိုပါတယ်၊

 မောင်ရင်ငတေကတော့ ရုပ်ရှင်ကို မိနစ် ခြောက်ဆယ် ကိုးဆယ် ငြိမ်ပြီး မကြည့်နိုင်သူမို့ သေချာ မကြည့်ဖြစ်တာ ကြာပါပြီ၊

ဒီနေရာတွေက ပြင်သစ်ပြည်သူတွေရဲ့သမိုင်း ပြင်သစ်ဘုရင်တွေရဲ့သမိုင်းတွေကို ပြောပြနေသလို ပြင်သစ်ပြည် ပါရီမြို့သားတွေရော ပါရီမြို့ကို ဖြတ်သန်းသွားကြသူများအတွက်ပါ လွမ်းမော အမှတ်ရစရာ နေရာတွေပါ၊

မောင်ရင်ငတေ ၁၂၀၇၂၀၁၅

Aucun commentaire:

Enregistrer un commentaire